အခန်း ၃၆
Vol. 4 Ch. 36
အခန်း ၃၆ - မေးမြန်းခြင်း
"နင့်လို ကောင်မလေးက ဒီလောက်တောင် အကြံအစည် ကြီးလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး။"
ပန်းနံရံကို ကွေ့ပတ်လာပြီးနောက် လခြမ်းတံခါးဆီမှ စုရှီး ထွက်ပေါ်လာခဲ့သည်။
သူမ၏နောက်တွင် မြေခွေးသားရေဝတ်ရုံကို လွှမ်းခြုံထားသည့် ကိုယ်ရံတော်အစေခံမလေး လန်ရှန့် တစ်ယောက်သာ ပါလာသည်။ သခင်ရော အစေခံပါ နှစ်ယောက်စလုံး၏ မျက်နှာပေါ်တွင် မောက်မာယုတ်မာတဲ့ အမူအရာများ အထင်းသား ပေါ်လွင်နေ၏။
ရွှယ်နင်သည် စိတ်ကို တည်ငြိမ်အောင်ထားလိုက်ပြီး အသက်ပြင်းပြင်းရှူကာ ခပ်ဖျော့ဖျော့ ပြုံးပြလိုက်သည်။
"အစ်မကြီး၊ ဘယ်လိုလုပ်ပြီး ဒီဘက်ကနေ ထွက်လာရတာလဲ။"
စုရှီးသည် ရွှယ်နင်ကို လမ်းပိတ်ဟန့်တားရန် တမင်သက်သက် လမ်းလွှဲကာ လာခဲ့ခြင်းဖြစ်သည်။ သူမရဲ့ ညီမ စုချင်းနှင့် အရမ်းရင်းနှီးတဲ့သူဖြစ်တာကြောင့် ဒီနေ့ ရွှယ်နင်က စုချင်းကို တိတ်တဆိတ် ဒုက္ခပေးခဲ့တာကို သူမ ဘယ်လိုလုပ် မမြင်ဘဲ နေမှာလဲ။
"သခင်မလေးရွှယ်မှာ ဒီလိုနည်းလမ်းတွေနဲ့ ကောက်ကျစ်တဲ့ဉာဏ်တွေ ရှိနေမှန်း အရင်က ငါ ဘယ်လိုလုပ် သတိမထားမိခဲ့ပါလိမ့်။"
ရွှယ်နင်က မတုန်မလှုပ်ဘဲ ခပ်ဟဟ ပြုံးလိုက်သည်။
"အစ်မကြီး ဘာတွေပြောနေတာလဲ။"
စုရှီးက သူမကို အထင်သေးဟန်ဖြင့် စိုက်ကြည့်လိုက်သည်။
"အဲဒီအပေါင်ဆိုင်က ဆေးဆိုင်ဘေးမှာ ရှိတာမှ မဟုတ်တာ။ နင်က ကျောက်စိမ်းဖြူဗုဒ္ဓရုပ်ပွားတော်ကို အမှတ်မထင် တွေ့ခဲ့တာမဟုတ်ဘူး... အဲဒီကို တမင်သက်သက် သွားခဲ့တာ မဟုတ်လား။"
ရွှယ်နင်က အံ့ဩသွားဟန် ဆောင်လိုက်သည်။
"အစ်မကြီး၊ အဲဒီအပေါင်ဆိုင်က ဘယ်မှာရှိတယ်ဆိုတာ အစ်မကြီးက ဘယ်လိုလုပ် သိနေရတာလဲ။ ဒါမှမဟုတ် အစ်မကြီးလည်း စတုတ္ထအစ်မလိုမျိုး—"
"ပေါက်ကရတွေ!"
စုရှီးက ဖြတ်ပြောလိုက်သည်။ သူမ၏ မျက်နှာပေါ်တွင် ခဏလောက် ပျာယာခတ်သွားသည့်အရိပ်အယောင် ပေါ်လာပြီးနောက် ဆက်ပြောသည်။
"စကားလမ်းကြောင်း မလွှဲနဲ့။ နင်က စတုတ္ထညီမလေးနားမှာ သူလျှိုတွေ ထားထားတာလား။"
ရွှယ်နင်က အပြစ်ကင်းစင်သည့် အမူအရာကို ဖန်တီးလိုက်သည်။ သူမ၏ မျက်ရည်ဝဲနေသည့် ဗာဒံစေ့ပုံစံ မျက်လုံးများက ကန့်လန့်ကာ ချထားသကဲ့သို့ မှုန်ဝါးသွားသည်။
"အစ်မကြီး၊ ကျွန်မမှာ သစ္စာရှိတဲ့ အစေခံဆိုလို့ ပေါင်ချန် တစ်ယောက်ပဲ ရှိတာပါ။ တခြား ဘယ်အစေခံတွေ၊ မာမားတွေကို ကျွန်မက အမိန့်ပေးနိုင်မှာလဲ။ ကျောက်စိမ်းဖြူဗုဒ္ဓရုပ်ပွားတော်ကိစ္စက တကယ်ကို တိုက်တိုက်ဆိုင်ဆိုင် အမှတ်မထင် တွေ့ခဲ့တာပါ။ အစ်မကြီး မယုံရင်လည်း နေပါတော့။ အားနင် စာဖတ်ဖို့ အခန်းထဲပဲ ပြန်တော့မယ်။"
"မသွားနဲ့ဦး—"
စုရှီးသည် ရွှယ်နင်၏ လက်မောင်းကို လှမ်းဆွဲလိုက်ပြီး သူမကို(ရွှယ်နင်) ခဏလောက် အကဲခတ်ကာ သူမ၏ မျက်လုံးထဲမှ နာကြည်းမုန်းတီးမှု အရိပ်အယောင်ကို ကျွမ်းကျင်စွာ ဖုံးကွယ်လိုက်သည်။
စုချင်းက ဘိုးဘွားခန်းမဆောင်မှာ ဒူးထောက်ခိုင်းတဲ့ ပြစ်ဒဏ်ကို ခံနေရတယ်။ အစ်မတစ်ယောက်အနေနဲ့ သူမက ညီမဖြစ်သူအတွက် ဘယ်လိုလုပ် ကလဲ့စားမချေဘဲ နေနိုင်မှာလဲ။
သူမက ရန်လိုသည့်အမူအရာကနေ ယဉ်ကျေးသိမ်မွေ့သည့် အမူအရာသို့ ချက်ချင်းပြောင်းလဲလိုက်ပြီး ချိုသာစွာ ပြုံးလိုက်သည်။
"ညီမလေးရယ်၊ အစ်မက စကားနည်းနည်းပါးပါး ပြောလိုက်မိတာကို ဘာလို့ ဒေါသထွက်နေရတာလဲ။"
ရွှယ်နင် ခြေလှမ်းတန့်သွား၏။
"အစ်မကြီးက စတုတ္ထအစ်မဘက်ကနေ ရပ်တည်ပေးတယ်ဆိုတာကို အားနင် နားလည်ပါတယ်။"
စုရှီးက ချော့မော့ပြောဆိုသည်။
"ညီမလေးက ဘာတွေပြောနေတာလဲ။ အစ်မက နောင်ဆိုရင် ပိုပြီး သတိထားတတ်ဖို့ သတိပေးရုံလေးပါ။ ဘာပဲဖြစ်ဖြစ်၊ အစ်မက နင့်ရဲ့ ဝမ်းကွဲအစ်ကိုနဲ့ လက်ထပ်လိုက်ရင် တို့တွေက ဆွေမျိုးတွေ ဖြစ်သွားကြမှာပဲလေ။ ပြီးတော့ နင်က အစ်မကို ယောင်းမလို့ ခေါ်ရတော့မှာ။"
"ယောင်းမ" ဆိုသည့် စကားလုံးကို ကြားလိုက်ရချိန်တွင် ရွှယ်နင်၏ အပြုံးများ အနည်းငယ် မှေးမှိန်သွားသည်။ သူမရဲ့ ကြည်လင်အေးစက်နေတဲ့ မျက်လုံးများက စုရှီး၏ ပြုံးနေသည့် မျက်လုံးများနှင့် ဆုံတွေ့သွားသည်။
သူမ အဲ့ဒီမျက်နှာဖုံးကို ထိုးဖောက်ပြီး ထိုယုတ်မာဆိုးညစ်တဲ့ နှလုံးသားရဲ့ အမှောင်ထုထဲထိ မြင်နိုင်စွမ်းရှိချင်မိတယ်။
သို့သော် စုရှီးသည် စုချင်းထက်ပင် ဟန်ဆောင်ကောင်းသူဖြစ်ပြီး... အဆတစ်ရာမက ပို၍ အဆိပ်ပြင်းသည်။
ရွှယ်နင်၏ အကဲခတ်နေမှုကို သတိမထားမိတဲ့ စုရှီးက ဆက်လက်၍ မျက်နှာချိုသွေးကာ မေးလိုက်သည်။
"အားနင်၊ မကြာသေးခင်က နင့်ရဲ့ ဝမ်းကွဲအစ်ကိုဆီက မြို့တော်ကို စာတွေဘာတွေ ပို့သေးလား။"
ရွှယ်နင်က ပြန်ဖြေလိုက်သည်။
"မပို့ပါဘူး။"
စုရှီးက ထပ်၍ အတင်းမေးလိုက်သည်။
"နင်က သူ့ရဲ့ ဝမ်းကွဲညီမပဲလေ။ နင့်ရဲ့ အသိအမှတ်ပြုပွဲလို အရေးကြီးတဲ့ပွဲမျိုးဆိုတော့ သူ သေချာပေါက် ပြန်လာမှာမလား။"
ရွှယ်နင် ခပ်တိုးတိုး ရယ်မောလိုက်၏။
"ဖြစ်နိုင်ပါတယ်။ ဝမ်းကွဲအစ်ကိုနဲ့ မတွေ့ရတာ နှစ်တွေအများကြီး ကြာခဲ့ပြီလေ။ ကျွန်မကို သူ့ရဲ့ ဝမ်းကွဲညီမအဖြစ် မှတ်မိပါသေးရဲ့လားတောင် မသိဘူး။"
စုရှီးက ရွှယ်နင်အား တမင်သက်သက် ရင်းနှီးဟန်ပြလိုက်သည်။
"ငါတို့တွေအကုန်လုံးက မိသားစုဝင်တွေပဲလေ။ သူက နင့်ကို ဘယ်လိုလုပ် မမှတ်မိဘဲ နေမှာလဲ။"
သူမနဲ့ စုချင်း ကြိုတင်တိုင်ပင်ထားခဲ့ကြပြီးပြီ။ ပထမဆုံး ရွှယ်နင်ကို ငြိမ်နေအောင် အရင်ထိန်းထားမယ်။အဲ့ဒီနောက် အသိအမှတ်ပြုပွဲကျမှ သူမကို ကောင်းကောင်းကြီး ဒုက္ခပေးကြမယ်လို့ သဘောတူထားခဲ့ကြသည်။
သူမ၏ အပြုံးက ပို၍ချိုမြိန်သွားပြီး မျက်လုံးများထဲတွင် ရိုးသားမှုများ ပြည့်လျှံနေဟန် ဆောင်လိုက်သည်။
"ညီမလေးရယ်... အချိန်ကျလာရင် နင့်ရဲ့အစ်မနဲ့ ဝမ်းကွဲအစ်ကိုကို ကူညီပေးရမယ်နော်။"
ရွှယ်နင်သည် စုရှီး၏ ပြားချပ်နေတဲ့ ဝမ်းဗိုက်ဆီ အကြည့်တစ်ချက် ဝေ့ဝဲလိုက်ပြီးနောက် အပြစ်ကင်းစင်သည့် အပြုံးလေးတစ်ခုကို ဖြည်းညင်းစွာ ဖန်တီးလိုက်သည်။
"သေချာတာပေါ့။"
...
စုချင်းသည် ဘိုးဘွားခန်းမဆောင်တွင် ဒူးထောက်ရန် အပြစ်ပေးခံရပြီးနောက် ထိုညတွင်ပင် မိသားစုစည်းကမ်းဖြင့် အရေးယူခြင်း ခံခဲ့ရသည်။
ရွှယ်နင်သည် သူမရဲ့အခန်းထဲမှာ တိတ်ဆိတ်စွာ စာရေးလေ့ကျင့်နေရင်း ဘိုးဘွားခန်းမဆောင်ဘက်မှ သနားစရာ ငိုကြွေးသံများကို ကြားနေရသည်။
သခင်မကြီးရှဲ့သည် အလွန်တင်းကျပ်တဲ့ စည်းကမ်းများဖြင့် အုပ်ချုပ်သူဖြစ်သည်။
စုချင်းက နယ်စားမင်းအိမ်တော်ရဲ့ သခင်မလေးတစ်ပါး ဖြစ်ပါလျက်နှင့် အတွင်းပိုင်းမှ ငွေကြေးများကို အလွဲသုံးစားလုပ်ရုံသာမက အိမ်တော်မှ တန်ဖိုးကြီးပစ္စည်းများကိုပါ အပေါင်ဆိုင်တွင် သွားရောက်ပေါင်နှံခဲ့သည်။ အကယ်၍ ဒီသတင်းသာ အပြင်ဘက် ပေါက်ကြားသွားပါက နယ်စားမင်းအိမ်တော်ကို အရှက်ကွဲစေရုံသာမက သခင်မကြီး၏ သည်းခံနိုင်စွမ်းကိုလည်း ကျော်လွန်သွားစေမည် ဖြစ်၏။
တတိယသခင်စုသည် အသုံးမကျတဲ့ သူရဲဘောကြောင်သူ တစ်ယောက်ဖြစ်ပြီး တတိယအိမ်တော်ခွဲတွင် ပုန်းအောင်းနေကာ သူ့သမီးအတွက် ရှေ့ထွက်ရပ်တည်ပေးရန် ဆန္ဒမရှိပေ။
သခင်မတုန်းသည် ပုံမှန်အားဖြင့် တည်ငြိမ်အေးဆေးဟန် ရှိသော်လည်း တကယ့်ပြဿနာနှင့် ရင်ဆိုင်ရချိန်တွင် ဘာလုပ်ရမလဲဆိုတာကို မသိဘဲ ဖြစ်နေတာကြောင့် ဒီနေ့ည တတိယအိမ်တော်ခွဲတစ်ခုလုံး ပရမ်းပတာ ဖြစ်နေတော့သည်။
"ဒီ စတုတ္ထသခင်မလေးက ကျွန်မတို့ သခင်မလေးကို အမြဲတမ်း အနိုင်ကျင့်ခဲ့တာ။ အခုတော့ သူ(မ) ခံရမယ့်အချိန် ရောက်ပြီပေါ့။"
ပေါင်ချန်က မှင်သွေးနေရင်း စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
"သခင်မလေး၊ သတင်းတွေ ထပ်သွားစုံစမ်းဖို့ ကျွန်မကို ခဏစောင့်ဦးနော်"
ရွှယ်နင်က ခပ်ဖွဖွ ပြုံးလိုက်သည်။
"ကောင်းပြီလေ။"
သိပ်မကြာမီမှာပင် ပေါင်ချန် ပြန်ရောက်လာပြီး သူမ၏ ဆံပင်ပေါ်မှ နှင်းပွင့်များကို ခါချလိုက်သည်။ သူမကိုယ်ပေါ်မှ အအေးဓာတ်များ အခန်းတွင်းရှိ သခင်မလေးဆီ ကူးစက်သွားမှာကို စိုးရိမ်တာကြောင့် တံခါးဝရှိ မီးဖိုဘေးတွင် ခန္ဓာကိုယ်ကို နွေးအောင်အရင်လုပ်လိုက်ပြီးမှ အပြုံးကြီးတစ်ခုနှင့်အတူ အခန်းထဲသို့ ဝင်လာခဲ့သည်။
"ဘိုးဘွားခန်းမဆောင် အပြင်ဘက်မှာ လူတွေ အများကြီးပဲ။ တတိယအိမ်တော်ခွဲက အစေခံတွေရော မာမားတွေရော အကုန်ရှိတယ်။ သခင်မတုန်းနဲ့ တတိယသခင်တို့က အပေါက်ဝမှာ ဒူးထောက်ပြီး စုချင်းအတွက် တောင်းပန်ပေးနေကြတယ်။ နှင်းတွေ ဒီလောက်တောင် ကျနေတာကို သခင်မကြီးက နည်းနည်းလေးတောင် ညှာတာမှုမရှိဘူး။ တတိယသခင်ဆို ခြေထောက်တွေတောင် တုန်နေပြီ။ တကယ်ကို သွေးအေးတဲ့ မိခင်ပဲ။"
ရွှယ်နင်သည် စာတစ်မျက်နှာ ရေးဆွဲပြီးစီးသွားရာ ဆန်စက္ကူအသစ်တစ်ရွက်ကို ဖြန့်ခင်းလိုက်သည်။
"စုချင်း ငိုနေတုန်းပဲလား။"
ပေါင်ချန်က ရယ်မောလိုက်သည်။
"ဒီလောက် အရိုက်ခံရမှတော့ ဘယ်လိုလုပ် မငိုဘဲ နေမလဲ။ တစ်ခါတစ်လေ အဖေ့ကိုတလိုက်၊ အမေ့ကိုတလိုက်နဲ့ ငိုနေတာ။ ပြီးတော့လည်း အဘွားကို အော်ခေါ်နေသေးတယ်။ သခင်မကြီးရဲ့ မျက်နှာကလည်း ကြည့်လို့တောင် မရလောက်အောင် ဆိုးရွားနေတာပဲ။"
ရွှယ်နင်၏ နှုတ်ခမ်းထောင့်တွင် အပြုံးဖျော့ဖျော့လေးတစ်ခု တွယ်ကပ်နေသော်လည်း မည်သည့်မှတ်ချက်မှ မပေးခဲ့ပေ။
ဒါက မိသားစုစည်းကမ်းအရ အပြစ်ပေးခံရရုံသက်သက်ပဲ ရှိသေးတယ်။ ဒါက အစပဲ ရှိပါသေးတယ်။
ရှေ့မှာ အချိန်တွေ အများကြီး ရှိပါသေးတယ်။ သူမနဲ့ စုချင်းကြားက ရန်ငြိုးရန်စတွေကို ရှင်းလင်းဖို့ အချိန်တွေက အလိုအလျောက် ပေါများလွန်းတယ်။
ပေါင်ချန်က ဆက်ပြောပြန်သည်။
"ဒါပေမဲ့ ဒီလောက်ညဉ့်နက်နေပြီကို သခင်မကျန်းလည်း သခင်မကြီးဘေးမှာ ရှိနေတုန်းပဲ။"
စုတ်တံကို ကိုင်ထားသည့် ရွှယ်နင်၏လက်မှာ တစ်ချက် တန့်သွား၏။
"အမေလည်း အဲဒီမှာ ရှိနေတာလား။"
ပေါင်ချန်က အားကျအတုယူဟန်ဖြင့် သက်ပြင်းချလိုက်သည်။
"သခင်မကျန်းကတော့ ကျွန်မမြင်ဖူးသမျှထဲမှာ တာဝန်အသိဆုံး အိမ်တော်သခင်မပဲ။ အခုထိတောင် စုချင်းအတွက် ဝိုင်းပြီး တောင်းပန်ပေးဖို့ စဉ်းစားနေသေးတာ။"
ရွှယ်နင် မျက်မှောင်ကြုတ်လိုက်သည်။
"ဒါမျိုး ဆက်ဖြစ်လို့မဖြစ်ဘူး။"
ပေါင်ချန်က နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။
"ဟုတ်တယ်။ သခင်မကျန်းက စိတ်ထားကောင်းပြီး နူးညံ့လွန်းတာ။ ဒါကို သခင်မတုန်းကတော့ သခင်မကျန်းကပဲ သူ(မ)သမီးကို လုပ်ကြံတယ်ဆိုပြီး အတင်းစွပ်စွဲနေတုန်းပဲ။ စတုတ္ထသခင်မလေး လမ်းမှားရောက်သွားရတာက သခင်မကျန်းက တတိယအိမ်တော်ခွဲကို လစဉ်သုံးငွေ နည်းနည်းပဲ ခွဲတမ်းချပေးလို့ပါဆိုပြီး ပြောနေသေးတာ။ သခင်မကျန်းက အမျှတဆုံးနဲ့ အလိုရမ္မက် အကင်းဆုံးသူဆိုတာကို သူ(မ) တစ်ခါမှ ထည့်မစဉ်းစားဘူး။ တတိယအိမ်တော်ခွဲနဲ့ ဒုတိယအိမ်တော်ခွဲတွေရဲ့ စားဝတ်နေရေး အသုံးစရိတ်တွေက အဓိကအိမ်တော်ကြီးနဲ့ အတူတူပဲ မဟုတ်ဘူးလား။ ဒါ့အပြင် တတိယသခင်ကလည်း တစ်ပြားမှ ရှာတာမဟုတ်ဘူး။ အိမ်တော်ရဲ့ ဘုံရန်ပုံငွေဆိုတာ နယ်စားမင်းကြီးနဲ့ ရှီဇီတို့ရဲ့ လစာတွေ၊ ပြီးတော့ စုမိသားစုရဲ့ ဆိုင်တွေ၊ ခြံမြေတွေကနေပဲ ရတာ။ တတိယသခင်နဲ့ သခင်မတုန်းတို့ကတော့ စားလိုက်သောက်လိုက် ပျော်ပါးလိုက်ပဲ သိပြီး... အခုကျတော့ အရှက်မရှိ ပြစ်တင်ဝေဖန်ရဲသေးတယ်"
ရွှယ်နင် နှုတ်ဆိတ်သွားပြီး သခင်မတုန်း၏ အရှက်မဲ့ပုံကို အမြင်သစ်တစ်ခုဖြင့် ပိုမိုနားလည်သွားခဲ့သည်။
တစ်ဖက်တွင်လည်း သခင်မကျန်း၏ အလျှော့ပေးတတ်မှုနှင့် အသေးစိတ်လွန်းတဲ့ စရိုက်အပေါ် စိတ်ပျက်လက်ပျက် ဖြစ်မိ၏။
သခင်မကျန်းက သီလသမာဓိရှိပြီး စိတ်ထားကောင်းသူ ဖြစ်ပေမယ့်၊ သူမက ပို၍ စိတ်ကောင်းလေလေ... တခြားသူများက သူမကို အနိုင်ကျင့်ရလွယ်တဲ့ ပျော့ညံ့တဲ့အရာတစ်ခုလို ပို၍ သတ်မှတ်လေလေ ဖြစ်သည်။
နယ်စားမင်းက လီယွမ်တွင် ကိုယ်လုပ်တော်နျဲ့နှင့်အတူ ပျော်ပါးနေချိန်တွင်၊ သူမ တစ်ယောက်တည်းသာ သခင်မကြီး၏ ရှေ့၌ ပင်ပန်းနွမ်းနယ်နေရသည်။ သူတို့နှစ်ယောက်စလုံးက အမျိုးသမီးချင်း အတူတူပဲကို... သူမက ဘာဖြစ်လို့ ဒီလောက်တောင် ဆင်းရဲဒုက္ခခံနေရတာလဲ။
ရဲရင့်တဲ့အကြံအစည်တစ်ခုက ရွှယ်နင်၏စိတ်ထဲတွင် ဝေဝါးစွာ ပုံဖော်လာခဲ့သည်။ ... သခင်မကျန်းသာ သဘောတူပါ့မလားဟု သူမ တွေးမိ၏။
"သခင်မလေး၊ ကျွန်မတို့ စောစောနားကြမလား။ နောက်ထပ် ရက်အနည်းငယ်ကြာရင် သခင်မလေးရဲ့ အသိအမှတ်ပြုပွဲ ရှိတယ်လေ။ ဩဇာရှိတဲ့ မိသားစုတွေက သခင်မလေးတွေ တက်ရောက်ကြမှာဆိုတော့ ကျွန်မတို့ အနားယူဖို့ လိုအပ်တယ်။"
ရွှယ်နင် ခေါင်းညိတ်ပြလိုက်ပြီး စုတ်တံကို ချကာ လက်ဆေးပြီးနောက် ရေချိုးဝတ်လဲရန် ရေချိုးခန်းသို့ ဝင်ခဲ့သည်။
...
စုမိသားစု၏ ဘိုးဘွားခန်းမဆောင်တွင်မူ ဆူညံပွက်လောရိုက်သံများသည် သန်းခေါင်ကျော်သည့်တိုင်အောင် ကြာမြင့်ခဲ့ပြီးမှ နောက်ဆုံးတွင် ငြိမ်သက်သွားခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် သခင်မကြီးရှဲ့လည်း နောက်ဆုံးတွင် စိတ်ပြေသွားခဲ့ပြီး သခင်မတုန်းအား အစေခံများကို ခေါ်ကာ ဘိုးဘွားခန်းမဆောင်အတွင်းသို့ ဝင်ရောက်စောင့်ရှောက်ခွင့် ပေးခဲ့သည့်အပြင် စုချင်းကို ကုသပေးရန် သမားတော်ကိုလည်း ခေါ်ခိုင်းလိုက်သည်။
စုချင်းသည် ထူထဲတဲ့ ဝတ်ပြုဆုတောင်း ဖျာအုံးပေါ်တွင် တစ်ယောက်တည်း မှောက်လျက် လဲလျောင်းနေပြီး သူမ၏ တင်ပါးများမှာလည်း ပြင်းထန်စွာ နာကျင်နေသည်။