← Chapters

အခန်း ၃၇

Vol. 4 Ch. 37

အခန်း ၃၇

Vol. 4 Ch. 37

အခန်း ၃၇ - နေ့ထူးနေ့မြတ်

အစေခံမလေးက လက်ကိုင်ပဝါကို ကိုင်ရင်း ဘာလုပ်ရမှန်းမသိဘဲ ဘေးတွင် ရပ်နေသည်။ သခင်မတုန်းက ထိုမိန်းကလေးကို ထွက်သွားရန် လက်ရိပ်ပြလိုက်ပြီးနောက် သမီးဖြစ်သူ၏ ဘေးတွင် ဝင်ထိုင်လိုက်၏။

သွေးစွန်းနေတဲ့ ဂါဝန်စကို ကြည့်မိချိန်တွင် သူမ၏ နှလုံးသားတစ်ခုလုံး နာကျင်ကြေကွဲသွားသည်။

စုချင်း၏ မျက်လုံးများက ငိုလွန်းသဖြင့် ဖူးရောင်နေသည်။

"အမေ... သမီး အရမ်းနာတယ်..."

သခင်မတုန်းသည် ဂါဝန်အနားစကို မ လိုက်ပြီး ထိတ်လန့်ဖွယ်ရာ ဒဏ်ရာကို လှမ်းကြည့်ကာ နာကြည်းမှုအပြည့်ဖြင့် ပြောလိုက်သည်။

"အဲဒီအဘွားကြီးက တကယ်ကို ရက်စက်လွန်းတယ်။ နင်က ဘာပဲဖြစ်ဖြစ် စုမိသားစုရဲ့ တရားဝင်မြေးမ အရင်းခေါက်ခေါက်ပဲလေ။ နင့်ကို မသန်မစွမ်းဖြစ်သွားမှာကို သူ(မ) မကြောက်ဘူးလား။"

စုချင်းက နှုတ်ခမ်းကို တင်းတင်းကိုက်လိုက်ပြီး စိတ်ထဲတွင် ပို၍ ခံပြင်းဝမ်းနည်းကာ ဒေါသထွက်လာသည်။

ဒီနေ့ နေ့ခင်းပိုင်းက ရွှယ်နင် လမ်းကြောင်းလွှဲပြီး သူမကို ထောင်ချောက်ဆင်ခဲ့ပုံကို ပြန်တွေးမိတဲ့အခါ ဒေါသလှိုင်းလုံးများက သူမရင်ထဲတွင် ဝုန်းဒိုင်းကြဲသွားသည်။

"ရွှယ်နင်သာ မရှိရင် သမီး ဒီလိုမျိုး အရိုက်ခံရမှာ မဟုတ်ဘူး အမေ။ သမီးအတွက် အမေ ကလဲ့စားချေပေးရမယ်။"

သခင်မတုန်းက သက်ပြင်းချလိုက်သည်။

"ငိုပဲ မငိုနေနဲ့။ နင့်ဘက်က ဘာတွေမှားသွားလဲဆိုတာကိုလည်း ပြန်စဉ်းစားဦး။"

စုချင်းက နောင်တရရိုးထုံးစံမရှိဘဲ မေးစေ့ကို ပင့်လိုက်ကာ-

"သမီးက ဘာမှားလို့လဲ။ ဒါတွေအကုန်လုံးက သခင်မကျန်းနဲ့ ရွှယ်နင်တို့ကြောင့် ဖြစ်ရတာ။ အဲဒီ စုန်းမနှစ်ကောင်စလုံးက အတူတူပဲ... ရွံစရာကောင်းပြီး ကောက်ကျစ်လွန်းတယ်"

စုချင်း၏ မျက်လုံးထဲတွင် ဒေါသမီးလျှံများ တောက်လောင်နေပြီး တွေးမိလေလေ ပို၍ ပြင်းထန်လာလေလေ ဖြစ်သည်။

"ဒီနေ့ အနွေးအခန်းထဲမှာ ရွှယ်နင် ပြုံးနေတာကို သမီး တွေ့လိုက်တယ်။ သူ(မ) သမီးကို လှောင်ပြုံး ပြုံးပြနေတာ။"

သခင်မတုန်းက စိတ်မရှည်စွာဖြင့် ငေါက်လိုက်သည်။

"နင်က ဘာပဲဖြစ်ဖြစ် မြို့စားအိမ်တော်ရဲ့ တရားဝင် သမီးပျိုတစ်ယောက်ပဲ။ ဘာဖြစ်လို့ အပြင်လူတစ်ယောက်နဲ့ အမြဲတမ်း ရန်ဖြစ်နေရတာလဲ။ သူ(မ)လည်း အသက်ကြီးလာပြီဆိုတော့ မကြာခင် အိမ်ထောင်ကျပြီး ထွက်သွားရတော့မှာ။ အနည်းဆုံးတော့ နင်တို့က အတူတူ ကြီးပြင်းလာကြတာပဲလေ။ သူ(မ) နေရာကောင်းရသွားရင် နောင်တစ်ချိန် နင့်ကို ပြန်ကူညီနိုင်လိမ့်မယ်။ နောင်ရေးအတွက် လမ်းစချန်ထားရမယ်ဆိုတဲ့ အခြေခံသဘောတရားကို နင် မသိဘူးလား။"

စုချင်းက ညီအစ်မအချင်းချင်း ရိုင်းပင်းကူညီရမယ့် အရေးကြီးပုံကို နားမလည်တာ မဟုတ်ပေ။ ဒါပေမဲ့ သူမက ငယ်ငယ်ကတည်းက ရွှယ်နင်ကို မုန်းတီးခဲ့တာ ဖြစ်သည်။

ငယ်ငယ်တုန်းက ရွှယ်နင်သည် အရုပ်လေးတစ်ရုပ်လို ချစ်စရာကောင်းပြီး နူးညံ့သိမ်မွေ့ကာ အေးဆေးတဲ့ စရိုက်ရှိသူဖြစ်တာကြောင့် သခင်မကျန်း၏ အသည်းစွဲ အချစ်တော် ဖြစ်ခဲ့သည်။

သူမက ရှီဇီ နှင့် စုချင်းရဲ့ တတိယအစ်ကိုတို့အနားမှာ အရှက်မရှိ ကပ်တွယ်နေတတ်ပြီး ယောကျာ်းတွေမရှိလျှင် မရှင်သန်နိုင်တဲ့ မြေခွေးမတစ်ကောင်လို ပြုမူနေထိုင်ခဲ့သည်။

စုချင်းက သူမထက် ပိုလှနေတဲ့ ရွှယ်နင်ကို မနာလိုဖြစ်မိသလို၊ သူမရဲ့ မောင်နှမ အစ်ကိုများရဲ့ ဂရုစိုက်မှုကို တစ်ယောက်တည်း သိမ်းပိုက်ထားတဲ့အတွက်လည်း နာကြည်းခဲ့သည်။

အသက်ကြီးလာသည်နှင့်အမျှ သူမ စိုးရိမ်ပူပန်မှုများ ပိုများလာသည်။ အကယ်၍ ရွှယ်နင်သာ သူမထက် ပိုကောင်းမွန်တဲ့ အိမ်ထောင်ဖက်ကို ရရှိသွားပါက... သူမ ရွှယ်နင်ရှေ့မှာ ဘယ်လိုလုပ် ခေါင်းမော့နိုင်တော့မှာလဲ။

ထိုသို့ တွေးမိသည်နှင့် သူမရဲ့မျက်နှာ ပျက်သွားပြီး ပျာပျာသလဲ ဖြစ်သွားသည်။

"အမေ... ဒီတစ်ခေါက် အိမ်တော်ကို သခင်လေးဝေ့လာလိမ့်မယ်။ အကယ်၍ ရွှယ်နင်က ဝေ့ရှီဇီလို လူမျိုးနဲ့ လက်ထပ်သွားရင် အမေ တကယ်ပဲ စိတ်အေးလက်အေး နေနိုင်မှာလား"

သခင်မတုန်း အံ့ဩသွားသည်။

"နင်ပြောတာ ဝေ့ကျန့်လန်လား။"

စုချင်းက နှုတ်ခမ်းကို ကိုက်လိုက်ရင်း မျက်ရည်များ ဝဲလာသည်။

"သူမဟုတ်ရင် ဘယ်သူရှိဦးမှာလဲ။ အမေ့ရဲ့ သမီးအရင်းတောင် ဝေ့မိသားစုလို ဂုဏ်သရေရှိ အသိုင်းအဝိုင်းထဲကို မဝင်နိုင်ဘူး။ ရွှယ်နင်က ဘာဂုဏ်ပုဒ်ရှိလို့လဲ။ သခင်မကျန်းက အိမ်တော်သခင်မဖြစ်လို့ အစစအရာရာ စီစဉ်ပေးရုံနဲ့တင်လား။ ရွှယ်မိသားစုမှာ သမီးတစ်ယောက်ပဲ ကျန်တော့တာ... မင်္ဂလာတင်တောင်းဖို့ အသွင်းပစ္စည်းတောင် ရှာနိုင်မှာမဟုတ်ဘူး။ သူတို့က နယ်စားမင်းအိမ်တော်ဆီကနေတောင် မျှော်လင့်နေကြဦးမှာ။ အမေ... သူ(မ) နေရာကောင်း ရသွားတာကို အမေ တကယ်ပဲ ကြည့်နေချင်တာလား။"

စုချင်း၏ စကားများက သခင်မတုန်းကို သတိဝင်သွားစေသည်။

သူမမှာ သားတစ်ယောက်နှင့် သမီးတစ်ယောက် ရှိပေမယ့် ဘယ်သူမှ ပင်မအိမ်တော်ကြီးက ကလေးများလောက် ထူးချွန်ထက်မြက်ခြင်း မရှိကြချေ။

မိခင်တစ်ယောက်အနေဖြင့် သူမက သူမရဲ့ သမီးအရင်း နောင်ရေးအတွက်ပဲ သဘာဝအတိုင်း ဦးစားပေး စီစဉ်ရမှာ ဖြစ်သည်။

မိန်းကလေးများအားလုံး အသက်အရွယ်ချင်း သိပ်မကွာကြချေ။ ရွှယ်နင်လည်း အိမ်ထောင်ပြုရမည်ဖြစ်သလို၊ စုချင်းလည်း အိမ်ထောင်ပြုရမည်သာ ဖြစ်သည်။

စုချင်းက တရားဝင်ဇနီးမှ မွေးဖွားတဲ့ သမီးအရင်းဖြစ်တာကြောင့် သင့်တော်တဲ့ အဆင့်အတန်း အခြေအနေ မရှိသည့် ရွှယ်နင်ထက် သေချာပေါက် ပိုမြင့်မြတ်တဲ့နေရာကို လက်ထပ်ရွေးချယ်နိုင်ရမယ်။

သခင်မတုန်းသည် စိတ်ကို ပြန်လည်တည်ငြိမ်အောင် ထားလိုက်ပြီး မျက်လုံးများကို မှေးလိုက်သည်။

"ကြည့်ရတာတော့... ဒီ အသိအမှတ်ပြုပွဲက ဒီအတိုင်း ချောချောမွေ့မွေ့ ပြီးသွားလို့ မဖြစ်နိုင်ဘူးပဲ။"

"အမေ... နောက်ဆုံးတော့ သမီးပြောတာကို နားလည်သွားပြီပေါ့လေ။"

စုချင်း စိတ်လှုပ်ရှားသွားသော်လည်း လှုပ်ရှားမှုကြောင့် ဒဏ်ရာကို သွားထိမိသဖြင့် စူးစူးရှရှ နာကျင်သွားရသည်။ သူမက ညည်းညူရင်း တင်ပါးကို လှမ်းကိုင်လိုက်သည်။

"ဒါကြောင့် ဒီတစ်ခေါက် အသိအမှတ်ပြုပွဲမှာ ရွှယ်နင် ပြိုလဲသွားအောင် သမီးတို့ နည်းလမ်းတစ်ခုခု စဉ်းစားရမယ်။ အဲဒီကျရင် တုန်းကျင်းမှာရှိတဲ့ ဘယ်အသိုင်းအဝိုင်းက မိသားစုတွေကများ သူ(မ)ကို လက်ထပ်ရဲဦးမလဲဆိုတာ ကြည့်ကြသေးတာပေါ့"

သခင်မတုန်းသည် ဘာမှမပြောဘဲ နှုတ်ဆိတ်နေသော်လည်း စိတ်ထဲတွင် တွေးတောကြံစည်နေသည်။ မိန်းကလေးငယ်တစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးပစ်ဖို့ဆိုတာ သူမအတွက် သိပ်ပြီး ခက်ခဲတဲ့အလုပ် မဟုတ်ပေ။

ညဉ့်နက်လာသည်နှင့်အမျှ အအေးဒဏ်က ပိုမိုပြင်းထန်လာပြီး ပြတင်းပေါက်အပြင်ဘက်တွင် နှင်းပွင့်များ တဖွဲဖွဲ လွင့်ပျံနေသည်။

စုချင်းက သခင်မတုန်း၏လက်ကို ဆွဲလိုက်ပြီး လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးပြလိုက်သည်

"အမေ... အစ်မကြီးလည်း ဝိုင်းကူလိမ့်မယ်။ သမီး သူ(မ)နဲ့ ကြိုတိုင်ပင်ထားပြီးသား။"

...

ငါးရက်လွန်မြောက်ပြီးနောက်၊ရွှမ်းယီနယ်စားမင်း၏ မွေးစားသမီးအတွက် အသိအမှတ်ပြုပွဲ နေ့ထူးနေ့မြတ်သို့ ရောက်ရှိလာခဲ့သည်။

နယ်စားမင်းအိမ်တော်တွင် ကြီးကျယ်ခမ်းနားသည့် တည်ခင်းဧည့်ခံပွဲကြီးကို ကျင်းပပြီး ဧည့်သည်တော်များကို ကျယ်ကျယ်ပြန့်ပြန့် ဖိတ်ကြားထားသည်။

ထင်ရှားကျော်ကြားတဲ့ အထက်တန်းလွှာ မိသားစုအားလုံးနီးပါး ဖိတ်စာများ လက်ခံရရှိခဲ့ကြပြီး တက်ရောက်လာခဲ့ကြသည်။

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ရွှယ်မိသားစုသည် စစ်ပွဲအတွင်း ကျဆုံးပျက်စီးခဲ့ရပြီး၊ သခင်မရွှယ်ပင်လျှင် နယ်စပ်ဒေသ၌ သူမ၏ ခင်ပွန်းနှင့်အတူ အသက်ပေးခဲ့ရသည်။

ထိုအချိန်က ပြိုလဲလုနီးပါးဖြစ်နေတဲ့ ရွှယ်စစ်သေနာပတိချုပ်အိမ်တော်တွင် အားကိုးရာမဲ့ ရုန်းကန်နေရတဲ့ မိဘမဲ့မိန်းကလေးငယ်တစ်ဦးသာ ကျန်ရစ်ခဲ့ရာ၊ သခင်မကျန်းက သူမအား ရွှမ်းယီနယ်စားမင်းအိမ်တော်သို့ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။

ရက်တွက်ကြည့်မယ်ဆိုပါက ထိုကလေးမလေးက အခုဆိုရင် အသက် ဆယ့်ခြောက်နှစ်အရွယ် ရောက်ရှိနေပြီ။

ဤအသိအမှတ်ပြုပွဲက ရွှယ်နင်ကို မွေးစားသမီးအဖြစ် တရားဝင် သတ်မှတ်ရုံသက်သက်သာ မဟုတ်ဘဲ၊ ထိပ်တန်းမျိုးနွယ် အသိုင်းအဝိုင်းရှေ့သို့ သူမ ပထမဆုံးအကြိမ် တရားဝင် ပွဲထွက်လာခြင်းလည်း ဖြစ်တယ်ဆိုတာကို လူတိုင်း အထင်အရှား သိကြသည်။

ထို့ကြောင့် အိမ်ထောင်ဖက်ပြုရန် သင့်တော်တဲ့ သားပျိုများရှိသည့် မိသားစုများသည် ရွှမ်းယီနယ်စားမင်းအိမ်တော်က ရွှယ်မိသားစုမှ သမီးငယ်ကို ဘယ်လိုပြုစုပျိုးထောင်ခဲ့လဲဆိုတာကို အကဲခတ်ရန် ကိုယ်စီရည်ရွယ်ချက်များဖြင့် တက်ရောက်လာခဲ့ကြ၏။

အကယ်၍ သူမကို စနစ်တကျ ကောင်းကောင်းမွန်မွန် ပျိုးထောင်ထားတယ်ဆိုပါက လူတိုင်းရဲ့ စိတ်ကူးအကြံအစည်များက ပိုမိုတက်ကြွလာလိမ့်မည်။

ဘာပဲဖြစ်ဖြစ်၊ ရွှယ်နင်ကို အသိအမှတ်ပြုပြီးသည်နှင့် သူမကို သခင်မကျန်း၏ အမည်အောက်တွင် ထည့်သွင်းမှာဖြစ်လို့ နယ်စားမင်းအိမ်တော်ရဲ့ တရားဝင် သမီးပျိုတစ်ဦး ဖြစ်လာမှာ မဟုတ်လား။

ထို့အပြင် စုရှီဇီလည်း ယခုအခါ ဧကရာဇ်၏ အလေးပေးချီးမြှောက်ခြင်းကို ခံနေရသူ ဖြစ်သည်။

သူ့ ညီမနှင့် လက်ထပ်တာက စုနယ်စားမင်းအိမ်တော်နှင့် ပိုမိုရင်းနှီး အခြေခိုင်စေမှာ ဖြစ်သည်။

အရုဏ်မတက်မီကတည်းက နယ်စားမင်းအိမ်တော်၏ ဝင်းခြံလေးခုလုံးတွင် လှပတဲ့ မီးအိမ်များကို ချိတ်ဆွဲထားပြီး ဖြစ်သည်။

လေ့ကျင့်ထားတဲ့ အစေခံများသည် စင်္ကြံရှည်များတစ်လျှောက် ဘာဆူညံသံမှ မထွက်စေဘဲ တိတ်ဆိတ်ငြိမ်သက်စွာ သွားလာလှုပ်ရှားနေကြပြီး၊ ရှေးကျ၍ ဂုဏ်သရေရှိတဲ့ ဤမိသားစုကြီး၏ စည်းစနစ်နှင့် ယဉ်ကျေးမှုကို ပြသနေကြသည်။

ပြတင်းပေါက်အပြင်ဘက်တွင်မူ လေနှင့်နှင်းများက ဆက်လက် တိုက်ခတ်နေဆဲ ဖြစ်သည်။ ပေါင်ချန် အခန်းထဲသို့ မဝင်လာခင်မှာပင် ရွှယ်နင်က နိုးနှင့်နေခဲ့ပြီ။

သူမ မျက်လုံးများကို ဖွင့်လိုက်ပြီး၊ ခေါင်းရင်းထက်ရှိ သစ်ကိုင်းပေါ်တွင် နားနေသည့် စာကလေးပုံစံများ ချည်ထိုးထားတဲ့ စိမ်းဖျော့ရောင် ခြင်ထောင်မျက်နှာကြက်ကို ကြည့်ကာ ခဏမျှ ငေးမောတွေးတောနေမိသည်။

အရင်ဘဝတုန်းက ဒီလိုအသိအမှတ်ပြုပွဲမျိုး မရှိခဲ့တာကြောင့် ဒီနေ့ သူမ ဘယ်အရာတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာကို သူမကိုယ်တိုင်လည်း မသိဘူး။

ဘယ်လိုပဲဖြစ်ဖြစ်.. သူမ ရှေ့ကို ရောက်ရှိလာမယ့် စိန်ခေါ်မှုမှန်သမျှကိုပဲ အကောင်းဆုံး ရင်ဆိုင်ကျော်ဖြတ်သွားမယ်လို့ စိတ်ပိုင်းဖြတ်လိုက်တယ်။

ကံကောင်းထောက်မစွာဖြင့် စုချင်းသည် ဘိုးဘွားခန်းမဆောင်တွင် ပိတ်လှောင်ခံထားရပြီး၊ ဝမ်းကွဲအစ်ကိုကလည်း ယခုတစ်ခေါက် မြို့တော်သို့ ပြန်မလာနိုင်သေးချေ။

ဒါပေမဲ့ စုရှီးကရော... ဒီအသိအမှတ်ပြုပွဲမှာ စုရှီးက မကောင်းတဲ့အကြံအစည်တွေ ကြံစည်ဦးမှာလား။

သူမ သေချာမသိနိုင်ဘူး... ဘာပဲဖြစ်ဖြစ် စုရှီးက အမြဲတမ်း အစ်မကောင်းတစ်ယောက်အဖြစ် ဟန်ဆောင်တဲ့နေရာမှာ အတော်ဆုံး မဟုတ်လား။

သို့သော် ဒီလို ကြီးကျယ်ခမ်းနားတဲ့ ပွဲကြီးတွင် သူမအနေဖြင့် အခွင့်အရေးကို အခြားသူလက်ထဲ ပုံမအပ်နိုင်ချေ။ အချိန်ပြည့် နိုးနိုးကြားကြားရှိနေရမှာဖြစ်ပြီး၊ လိုအပ်ပါက သူမဘက်ကနေ ဦးဦးဖျားဖျား လှုပ်ရှားတတ်ရန် သင်ယူရမည်။

သိပ်မကြာမီမှာပင် ပေါင်ချန်သည် အပြင်ဘက်မှနေ၍ တံခါးကို ခပ်ဖွဖွ ခေါက်လိုက်၏။

"သခင်မလေး၊ နိုးပြီလား။"

ရွှယ်နင်က ခပ်တိုးတိုး "အင်း" ဟု ပြန်ထူးလိုက်ရင်း ကုတင်ပေါ်မှ ထထိုင်လိုက်သည်။

"ဝင်ခဲ့တော့။"

ပေါင်ချန်သည် ရေဇလုံများ သယ်ဆောင်လာသော ဆံပင်နှစ်ဖက်စုထုံးထားသည့် အစေခံမလေးနှစ်ယောက်နှင့်အတူ အခန်းထဲသို့ ဝင်လာခဲ့သည်။

ထို့နောက် ကုတင်ကန့်လန့်ကာကို မ ကာ ရွှေချိတ်တွင် ချိတ်ဆွဲလိုက်သည်။

ကုတင်ထက်တွင် ထိုင်နေတဲ့ မိန်းကလေးငယ်မှာ မကြာသေးခင်ကမှ နိုးရုံသာရှိသေးသဖြင့် သူမရဲ့အသားအရေက ကြွေထည်လို ဖြူစင်ဝင်းပနေပြီး ပါးပြင်နှစ်ဖက်က မက်မွန်ပန်းပွင့်ကဲ့သို့ ပန်းရောင်သန်းကာ ဖူးမြန်းနေသည်။ ဗာဒံစေ့ပုံစံ မျက်ဝန်းအစုံနှင့် လက်ဖဝါးခန့်သာရှိတဲ့ သူမ၏ နုနယ်လှပသည့် မျက်နှာလေးက ရင်သပ်ရှုမောဖွယ် ကောင်းလှသည်။ သူမက အဖြူရောင် အတွင်းခံအင်္ကျီတစ်ထည်တည်းကိုသာ ဝတ်ဆင်ထားသော်လည်း အနည်းငယ် ပေါ်လွင်နေတဲ့ ခါးလေးက လက်တစ်ဆုပ်စာမျှသာ ရှိပုံရသည်။ နုပျိုဖွံ့ထွားစပြုနေသည့် ရင်အစုံမှာလည်း မို့မောက်တင်းရင်းနေပြီး၊ စိမ်းဖျော့ရောင် ပန်းထိုးရင်စည်းအောက်မှ ဝိုင်းစက်အိထွက်နေတဲ့ အလှတရားတို့က လှုပ်ရှားမှုတိုင်းတွင် အနည်းငယ် တုန်ခါနေကာ ကြည့်ရသူကို ရင်ခုန်စိတ်လှုပ်ရှားစေပြီး ပါးပြင်ကို နီမြန်းသွားစေလောက်သည်။

ပေါင်ချန်သည် ရွှယ်နင်၏အနားတွင် ခစားလာခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ ဤရုပ်ရည်သွင်ပြင်ကို အကြိမ်ကြိမ် မြင်ဖူးခဲ့သော်လည်း၊ နေ့ရက်တိုင်းတွင် သူမသခင်မလေးရဲ့ ညှို့ဓာတ်ပြင်းသည့် အလှတရားကြောင့် ငေးမော အံ့ဩရစမြဲ ဖြစ်သည်။

သူမ၏ ပါးပြင်လေးများ နွေးခနဲ ဖြစ်သွားပြီး ရွှယ်နင်ကို အမြန်ပင် တွဲထူပေးလိုက်သည်။

"ဒီနေ့က သခင်မလေးအတွက် သိပ်ကို အရေးကြီးတဲ့ နေ့ထူးနေ့မြတ်ပဲ။ ခဏနေရင် ကျွန်မ သခင်မလေးရဲ့ ဆံပင်ကို အလှဆုံး ဆံထုံးလေး ထုံးပေးမယ်နော်။"

ယခုအခါ ပေါင်ချန်၏ ဆံပင်ပြင်ဆင်မှု အတတ်ပညာမှာ ပိုမိုကျွမ်းကျင် ပြောင်မြောက်လာခဲ့ပြီ ဖြစ်သည်။

ရွှယ်နင် မျက်နှာသစ်လိုက်ပြီးနောက် ဖန်တီးပြင်ဆင်ခြင်းမရှိတဲ့ မျက်နှာအလှဖြင့် ကြေးမှန်ရှေ့တွင် ဝင်ထိုင်လိုက်သည်။

မှန်ထဲမှ ပန်းပွင့်တစ်ပွင့်လို နုပျိုလှပနေတဲ့ သူမရဲ့မျက်နှာလေးကို စိုက်ကြည့်ရင်း၊ ယုံကျိုးရှိ အိမ်ဟောင်းတွင် ပိန်ချုံးနွမ်းလျပြီး ဖျားနာနေခဲ့ရတဲ့ အတိတ်က ပုံရိပ်ကို ပြန်လည်အမှတ်ရမိရာ... ယခုနှင့် ထိုစဉ်က အခြေအနေမှာ အခြားဘဝကို ကူးပြောင်းသွားသလို ခံစားလိုက်ရသည်။

ကံကောင်းထောက်မစွာဖြင့် ကောင်းကင်ဘုံက သနားညှာတာပြီး သူမကို ဒုတိယအကြိမ်မြောက် အသက်ရှင်သန်ခွင့် အခွင့်အရေး ပေးသနားခဲ့သည်။

ဒီတစ်ကြိမ်တော့... ကောင်းကင်ဘုံရဲ့ စောင်မကြည့်ရှုမှုကို သူမ လုံးဝ အချည်းနှီး အဖြစ်ခံတော့မှာ မဟုတ်ဘူး။

All Chapters