← Chapters

အခန်း ၄၀

Vol. 4 Ch. 40

အခန်း ၄၀

Vol. 4 Ch. 40

အခန်း (၄၀) - သူပြန်လာပြီ

သူမသည် ငွေနီရောင် ဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး၊ သူမ၏ဆံပင်များကို ကျော့ရှင်းလှပတဲ့ ဆံထုံးတစ်ခုအဖြစ် ထုံးဖွဲ့ထားသည်။

ဆံထုံးထက်တွင် ဆင်မြန်းထားသည့် ဆံထိုးများနှင့် ပိုးပန်းပွင့်လေးများက သူမ၏ ကြွေထည်လို ဖြူစင်ဝင်းပနေသည့် ရင်သပ်ရှုမောဖွယ် မျက်နှာလေးကို ပိုမိုပံ့ပိုးပေးနေသကဲ့သို့ ရှိသည်။

အတိတ်ကာလတုန်းက လုမျိုးနွယ်စုသည် တုန်းကျင်းမြို့တော်တစ်ခွင်တွင် မီးအိမ်ထွန်းရှာလျှင်ပင် တူညီတာမျိုး ရှာမတွေ့နိုင်လောက်အောင် ရှားပါးတဲ့ အလှပိုင်ရှင်တစ်ဦးကို မွေးထုတ်ပေးခဲ့ဖူးသည်။ အခုတော့ သူမရဲ့သမီးငယ်လေးက မိခင်ဖြစ်သူထက်ပင် ပိုမိုနုပျိုလှပလာခဲ့ရာ... တကယ်ကို ရင်သပ်ရှုမောဖွယ်ကောင်းပြီး ဝင်းလက်တောက်ပနေတဲ့ အလှနတ်သမီးလေးတစ်ပါးအတိုင်းပင်။

ပွဲတက်လာကြတဲ့ သခင်မကြီးများနှင့် သခင်မလေးများသာမက၊ ထိုင်ခုံများတွင် ဝင်ထိုင်နေကြသည့် လူငယ်သခင်လေးများ၏ မျက်ဝန်းထဲတွင်လည်း အံ့ဩမှင်သက်သွားကြသည့် အရိပ်အယောင်များ ထင်ဟပ်သွားသည်။

ကျန်းကျစ်ယွီသည် ခဏလောက် ဆွံ့အသွားပြီး၊ ရွှယ်နင်ရဲ့ အလှတရားက စုမန် မြှောက်ပင့်ပြောဆိုခဲ့တာထက်ပင် ပိုမိုလွန်ကဲနေလိမ့်မယ်လို့ ထင်မထားခဲ့မိချေ။

အကယ်၍သာ ဒီခေတ်က ၂၁ ရာစုသာ ဖြစ်ခဲ့မယ်ဆိုရင်၊ သူမရဲ့ ရုပ်ရည်သွင်ပြင်က အနုပညာလောကထဲကို အိုင်ဒေါတစ်ဦးအဖြစ် ချက်ချင်း ပွဲဦးထွက်နိုင်လောက်သည့် အနေအထားမျိုး ဖြစ်သည်။

ဒါပေမဲ့ ဒီလောက် လှပလွန်းတာကို စုမန်ရဲ့အစ်ကို စုကျန်းက သူမကို တစ်ချက်ကလေးမျှပင် လှည့်မကြည့်ဘဲ ငြင်းပယ်ခဲ့သည်။

ဒီ စုရှီဇီ ဆိုတဲ့လူက ဘယ်လောက်တောင် ထူးခြားထက်မြက်နေလို့လဲ။ သူက တကယ်ပဲ လူတိုင်းကို အထင်သေးလောက်အောင်အထိ မောက်မာလွန်းနေတာလား။

လူတိုင်း၏ စူးစိုက်အကဲခတ်နေကြတဲ့ အကြည့်များစွာနှင့် ရင်ဆိုင်နေရသော်လည်း၊ ရွှယ်နင်သည် တုန်လှုပ်ခြင်းမရှိဘဲ တည်ငြိမ်နေသည်။ သူမက ဘယ်လိုကြောက်ရွံ့တုန်လှုပ်မှု အရိပ်အယောင်မှမပြဘဲ ကျော့ရှင်းစွာဖြင့် သခင်မကျန်းနှင့် နယ်စားမင်းစုတို့၏ ရှေ့သို့ လျှောက်လှမ်းသွားခဲ့သည်။

အထိန်းတော်စုန့်က လက်ဖက်ရည်လင်ဗန်းကို ကိုင်ဆောင်ထားသည့် အစေခံမလေးနှစ်ယောက်ကို ဦးဆောင်ကာ ရှေ့တိုးလာသည်။

ရွှယ်နင်သည် လက်ဖက်ရည်ခွက်ကို လှမ်းယူလိုက်ပြီး ပထမဆုံးအနေဖြင့် သခင်မကြီးရှဲ့ထံသို့ ဦးချ ဆက်သလိုက်သည်။ သူမက ဝတ်ပြုဖျာအုံးပေါ်တွင် ဒူးထောက်ကာ ဂါရဝပြုဦးချလိုက်ရင်း ခပ်တိုးတိုး ခေါ်လိုက်၏။

"အဘွား"

မိန်းကလေးငယ်သည် ဘယ်လိုကြောက်ရွံ့မှုကိုမှ မပြဘဲ အစစအရာရာ စနစ်တကျနှင့် တည်ငြိမ်လွန်းသည်။ သခင်မကြီးရှဲ့သည် အံ့ဩသွားဟန်ဖြင့် ရွှယ်နင်ကို ခဏလောက် သေသေချာချာ စိုက်ကြည့်လိုက်ပြီးနောက်၊ လက်ဖက်ရည်ခွက်ကို လှမ်းယူကာ တစ်ငုံသောက်လိုက်သည်။ ထို့နောက် အသက်ရှည်အဆောင်လက်ဖွဲ့ကို ယူဆောင်လာရန် အမိန့်ပေးလိုက်သည်။

"နောင်ဆိုရင် စုမိသားစုရဲ့ သမီးတစ်ယောက်အနေနဲ့... နူးညံ့သိမ်မွေ့ရမယ်၊ သီလသမာဓိရှိရမယ်၊ ပြီးတော့ ဝီရိယရှိရမယ်ဆိုတာကို သတိရပါ။ သခင်မလေးတစ်ယောက်ရဲ့ တာဝန်ဝတ္တရားတွေကို ကျေပွန်အောင် ထမ်းဆောင်ပါ။"

"အားနင် နားလည်ပါပြီ။ ကျေးဇူးတင်ပါတယ် အဘွား။"

ထိုသို့ပြောပြီးနောက်၊ သူမက အဆောင်လက်ဖွဲ့လက်ဆောင်ကို လှမ်းယူရန် ပေါင်ယွီအား အချက်ပြလိုက်သည်။

နောက်တစ်ဆင့်အနေဖြင့်၊ သူမက နောက်ထပ် လက်ဖက်ရည်တစ်ခွက်ကို လှမ်းယူကာ နယ်စားမင်းစုဆီ ညင်သာစွာ ဆက်သလိုက်ရင်း နှုတ်ဆက်လိုက်၏။

"အဖေ။"

နယ်စားမင်းစုသည် သူမအပေါ် ထူးထူးခြားခြား ချစ်ခင်မြတ်နိုးခြင်းမရှိပေမယ့် အိမ်တော်မှာ နောက်ထပ် သခင်မလေးတစ်ယောက် တိုးလာမည့်ကိစ္စကိုတော့ ငြင်းပယ်ခြင်းမရှိချေ။ သူက လက်ကိုမြှောက်ကာ လက်ဖက်ရည်ကို သောက်လိုက်ပြီးနောက် ဆုလာဘ်လက်ဆောင်တစ်ခုကို ပေးအပ်ခဲ့သည်။

နောက်ဆုံးတွင် သခင်မကျန်း၏ အလှည့်သို့ ရောက်ရှိလာသည်။

လက်ဖက်ရည်ခွက်က သူမရဲ့လက်ထဲ မရောက်ရှိသေးခင်မှာပင်၊ သခင်မကျန်း၏ မျက်ဝန်းများက အလိုအလျောက် နီမြန်းလာသည်။

ရွှယ်နင်က သူမရဲ့ ချယ်ရီသီးလို နှုတ်ခမ်းအစုံကို ကွေးညွတ်လိုက်ရင်း၊ ချိုမြိန်တဲ့ အပြုံးလေးတစ်ခုနှင့်အတူ ရိုးသားစွာ ခေါ်ဆိုလိုက်သည်။

"အမေ။"

တခြားသူများကိုတော့ "အဘွား" နှင့် "အဖေ" ဟု တရားဝင် စည်းစနစ်တကျသာ ခေါ်ဆိုခဲ့သော်လည်း၊ သခင်မကျန်း တစ်ဦးတည်းကိုသာ ရင်ထဲမှလာတဲ့ လှိုက်လှိုက်လှဲလှဲနှင့် နွေးထွေးသည့် "အမေ" ဆိုတဲ့ အသုံးအနှုန်းကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။

သခင်မကျန်းက မိန်းကလေးငယ်ရဲ့ စိတ်ထဲက အဓိပ္ပာယ်ကို ဘယ်လိုလုပ် နားမလည်ဘဲ နေမှာလဲ။

သူမက လက်ဖက်ရည်ခွက်ကို လှမ်းယူကာ တစ်ငုံသောက်လိုက်ပြီးနောက်၊ ရွှယ်နင်၏ လက်ထဲသို့ ထူထဲတဲ့ အနီရောင်စာအိတ် (အန်ပေါင်း)ကို ထည့်ပေးလိုက်သည်။

ရွှယ်နင်က ညင်သာတဲ့အပြုံးဖြင့် လက်ခံရယူလိုက်ပြီး၊ ထိုင်ခုံမှ ထကာ ဘေးတစ်ဖက်သို့ ခပ်ဖွဖွ လျှောက်လှမ်းသွားသည်။

နောက်တစ်ဆင့်သည် မိသားစုဝင်စာရင်းတွင် အမည်သွင်းရမည့် အခမ်းအနား ဖြစ်၏။

မော့မော့ယဲ့သည် နယ်စားမင်းအိမ်တော်၏ မိသားစုဝင်စာရင်း မှတ်တမ်းစာအုပ်ကို သေချာကိုင်ဆောင်ကာ ထွက်လာသည်။

"ခဏစောင့်ဦး—"

အေးစက်ပြတ်သားတဲ့ အသံတစ်ခုက တံခါးအပြင်ဘက်ကနေ ရုတ်တရက် ဟိန်းထွက်လာခဲ့သည်။

ခန်းမအတွင်းရှိ လူတိုင်း အံ့ဩတုန်လှုပ်သွားကြပြီး၊ အဝင်ဝတံခါးမကြီးဆီသို့ ပြိုင်တူ မျက်နှာလှည့်၍ ကြည့်လိုက်ကြသည်။

ရွှယ်နင်လည်း လူအုပ်ကြီး၏ အကြည့်များနောက်သို့ လိုက်ပါရင်း လှည့်ကြည့်လိုက်မိသည်။ တံခါးလိုက်ကာကို သွယ်လျပြီး ကျောက်စိမ်းပမာ ဖြူဝင်းသော လက်တစ်ဖက်က ဖွင့်လိုက်သည်။

ဆီးနှင်းမှုန်များနှင့်အတူ အေးစက်စက် လေပြင်းတစ်ချက်က အခန်းထဲ တိုးဝှေ့ဝင်ရောက်လာခဲ့သည်။ မကြာခင်မှာပင် လိုက်ကာနောက်ကွယ်မှနေ၍ ဝတ်ရုံနက်ကို ဝတ်ဆင်ထားသည့် အရပ်မြင့်မြင့်၊ ကိုယ်ဟန်မတ်မတ်နှင့် အမျိုးသားတစ်ဦး ထွက်ပေါ်လာသည်။

နီရဲတဲ့ လိုက်ကာကြီး ပြန်လည်ကျဆင်းသွားချိန်တွင် ထိုအမျိုးသား၏ နတ်ဘုရားတစ်ပါးလို ထုဆစ်ထားသည့် ခန့်ညားထက်မြက်သော မျက်နှာသွင်ပြင်က ပိုမိုထင်ရှားပေါ်လွင်လာခဲ့သည်။

ထိုအမျိုးသားက အသက် နှစ်ဆယ်ကျော်ခန့်ပဲ ရှိဦးမှာဖြစ်ပြီး အဝေးတစ်နေရာကနေ ခရီးနှင်လာခဲ့ပုံရသည်။ သူက အပြင်ဘက်မှ အအေးဓာတ်များကို သယ်ဆောင်လာရင်း ခန်းမဆောင်ကြီးအတွင်းသို့ တစ်လှမ်းချင်း လျှောက်လှမ်းဝင်ရောက်လာခဲ့သည်။

ခန်းမဆောင်အတွင်းရှိ လင်းထိန်နေတဲ့ မီးရောင်အောက်တွင် သူ့ရဲ့အလွန်အမင်း ချောမောတဲ့ ရုပ်ရည်သွင်ပြင်က အေးစက်ခြင်း၊ မြင့်မြတ်ခြင်းတို့နှင့်အတူ အနှိုင်းမဲ့အလှတရားတစ်ခုကဲ့သို့ တောက်ပနေသည်။

ဓားလိုမျိုး ထက်မြက်တဲ့ မျက်ခုံးအစုံနှင့် ကြယ်တာရာကဲ့သို့ တောက်ပသော မျက်ဝန်းများကို ပိုင်ဆိုင်ထားပြီး၊ သူ့ဆီကနေ အေးစက်တည်ငြိမ်ပေမယ့်‌ အရှိန်အဝါကြီးမားတဲ့ ခန့်ညားထည်ဝါမှုတို့က လွှမ်းမိုးနေခဲ့သည်။

ဝတ်ရုံနက်ကြီးကို လွှမ်းခြုံထားသည့် ထိုအမျိုးသားက ခန်းမဆောင်၏ အရှေ့ဘက်သို့ လျှောက်လှမ်းလာပြီး မတ်မတ်ရပ်လိုက်ကာ သခင်မကြီးရှဲ့နှင့် စုဇနီးမောင်နှံတို့ကို စနစ်တကျ ဂါရဝပြု နှုတ်ဆက်လိုက်သည်။

"ကျွန်တော်က လီချန်ချဲ့ပါ။ ကျွန်တော့်ရဲ့ မိတ်ဆွေ လုစစ်လင် ကိုယ်စား... ရွှယ်နင် စုမိသားစုရဲ့ သမီးအဖြစ် တရားဝင် မွေးစားခံရတဲ့ အသိအမှတ်ပြုပွဲအတွက် လာဂုဏ်ပြုတာပါ"

ကျန်းကျစ်ယွီ၏ မျက်ဝန်းများမှာ ချက်ချင်းဆိုသလို တောက်ပသွားခဲ့ပြီး ထိုမြင်ကွင်းကြောင့် မိန်းမောလုနီးပါး ဖြစ်သွားသည်။

အချိန်ခဏလောက် ခန်းမဆောင်အတွင်းရှိ လူအားလုံး ဆွံ့အသွားခဲ့ကြပြီး ဘယ်သူမှ တုံ့ပြန်ခြင်း မပြုနိုင်ခဲ့ကြချေ။

ဘာကြောင့်လဲဆိုတော့ ထိုအမျိုးသား ဝတ်ဆင်ထားတဲ့ အဝတ်အစားများက ထူးထူးခြားခြား ဆန်းပြားကြီးကျယ်ခြင်း မရှိပေမယ့် သူ့ဆီကနေ ထွက်ပေါ်နေတဲ့ အရှိန်အဝါက အလွန်ထက်မြက်ပြတ်သားပြီး... မြင့်မြတ်တဲ့ အထက်တန်းလွှာတို့ရဲ့ အာဏာရှိတဲ့တည်ရှိမှုကို ဆောင်ကျဉ်းနေသည်။

ဒါပေမဲ့လည်း နတ်ဘုရားတစ်ပါးလို ခန့်ညားလွန်းတဲ့ သူ့မျက်နှာကို သေသေချာချာ အကဲခတ်မိချိန်မှာတော့... အားလုံးအတွက် မရင်းနှီးသလို ခံစားရသည်။

အနည်းဆုံးတော့ ဒီ တုန်းကျင်းမြို့တော်မှာ 'လီချန်ချဲ့' ဆိုတဲ့ နာမည်ကို ဘယ်သူမှ မကြားဖူးကြပေ။

သခင်မကျန်းသည် အံ့ဩတုန်လှုပ်သွားသလို ဝမ်းသာအားရလည်း ဖြစ်သွားခဲ့ပြီး၊ ချက်ချင်းပင် ပြုံးလိုက်ရင်း ပြေလိုက်သည်။

"ဒီတော့ မင်းက လုမိသားစုက လွှတ်လိုက်တဲ့သူပေါ့လေ။ ဒါနဲ့... သခင်လေးလုရော ဘယ်မှာလဲ။"

လီချန်ချဲ့က ပြန်လည်ဖြေကြားခဲ့သည်။

"သူက လတ်တလောမှာ တခြားကိစ္စတွေနဲ့ မအားမလပ်ဖြစ်နေလို့... သူ့ကိုယ်စား လာဂုဏ်ပြုပေးဖို့ ကျွန်တော့်ကို ယုံယုံကြည်ကြည် အပ်ခဲ့တာပါ။"

သခင်မကျန်းက ခဏလောက် ဝေခွဲမရဖြစ်သွားသည်။

"ဪ... ဒါဆိုရင် သခင်လေးလီမှာ လုမိသားစုရဲ့ အထောက်အထား တစ်ခုခု ပါလာသေးလား"

လီချန်ချဲ့က ကျောက်စိမ်းဆွဲပြားတစ်ခုကို ပေါ့ပေါ့ပါးပါး ထုတ်ယူလိုက်သည်။

"ဒါက လုစစ်လင်ရဲ့ ကိုယ်ပိုင်ကျောက်စိမ်းဆွဲပြားပါပဲ။ သခင်မကျန်း စစ်ဆေးကြည့်နိုင်ပါတယ်"

ကျောက်စိမ်းဆွဲပြားကို သေသေချာချာ စစ်ဆေးပြီးနောက်၊ သခင်မကျန်းက ဆွဲပြားကို ပြန်ပေးလိုက်ပြီး ယဉ်ကျေးပျူငှာတဲ့ အပြုံးဖြင့် ပြောလိုက်သည်။

"အစေခံတို့... သခင်လေးလီအတွက် ထိုင်ခုံတစ်လုံး ယူလာပေးလိုက်ပါဦး"

အစေခံမလေးတစ်ဦးက ကုလားထိုင်တစ်လုံးကို ယူဆောင်လာပြီး ခန်းမဆောင်၏ အရှေ့ဆုံးတန်းတွင် ချထားပေးခဲ့သည်။

သို့သော်လည်း လီချန်ချဲ့က ချက်ချင်းဝင်ထိုင်ရန် အလောတကြီးမရှိခဲ့ပေ။ ထိုအစား... သူက ရွှယ်နင်၏ ရှေ့သို့ တိုက်ရိုက်လျှောက်သွားခဲ့ပြီး၊ သူ့အင်္ကျီလက်အောက်မှ စာတစ်စောင်ကို ထုတ်ယူလိုက်သည်။

"သခင်မလေးရွှယ်... ဒါက အစ်ကိုလု ပေးခိုင်းလိုက်တဲ့ စာပါ"

လီချန်ချဲ့သည် အရပ်အလွန်မြင့်မားပြီး အနက်ရင့်ရောင် ဝတ်စုံကို ဝတ်ဆင်ထားတာကြောင့် ပိုပြီးထက်မြက်ကာ အရှိန်အဝါကြီးမားနေပုံရသည်။

ရွှယ်နင်က သူမရဲ့ဦးခေါင်းကို မော့လိုက်ပြီး... သူမအတွက် ရင်းနှီးနေသလို ရှိပေမယ့် တစ်ဖက်တွင်လည်း စိမ်းသက်နေဆဲဖြစ်တဲ့ ဒီချောမောခန့်ညားတဲ့ မျက်နှာပြင်ကို ငေးစိုက်ကြည့်နေမိကာ သူမရဲ့နှလုံးသားလေးက အနည်းငယ် တုန်လှုပ်ချောက်ချားသွားသည်။

ထိုအမျိုးသား၏ ပါးလွှာတဲ့နှုတ်ခမ်းအစုံက ဆွဲဆောင်မှုရှိစွာဖြင့် အပေါ်သို့ ကွေးညွတ်လျက် ပြုံးနေခဲ့သော်လည်း၊ ထိုအပြုံးက သူ့မျက်ဝန်းများဆီသို့ ကူးစက်ခြင်းမရှိဘဲ အေးစက်လျက်သာ ရှိနေသည်။ သူ့ဆီကနေ ဝေးကွာလွန်းတဲ့ သီးသန့်ဆန်မှု အရိပ်အယောင်တစ်ခုကို ခပ်ဖျော့ဖျော့ ခံစားနေရ၏။

သူက ချဉ်းကပ်ရန် အလွန်ခက်ခဲပုံရပြီး... အရင်အချိန်တုန်းက သူမကို ကယ်ပေးခဲ့တဲ့အချိန်ကထက်ပင် ပို၍အေးစက်တည်ငြိမ်နေသလို ရှိသည်။

ဒါပေမဲ့လည်း ရွှယ်နင်က စာအိတ်ကို လှမ်းယူလိုက်စဉ်မှာပင်၊ ဝိုင်းစက်နေတဲ့ သူမ၏မျက်ဝန်းများက နီမြန်းလာခဲ့ပြီး၊ သူ့ကို အတော်ကြာအောင် စိုက်ကြည့်နေမိပြီးမှသာ ခပ်ဖွဖွလေး ပြုံးပြလိုက်သည်။

"ကျေးဇူးတင်ပါတယ် သခင်လေးလီ။"

လီချန်ချဲ့သည် ထိုမိန်းကလေးငယ်ရဲ့ မျက်ဝန်းများတွင် ဘာကြောင့် မျက်ရည်များ ဝဲတက်လာရတာလဲဆိုတာကို နားမလည်နိုင်ခဲ့ချေ။ သူက မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး "အင်း" ဟု ခပ်တိုးတိုးသာ အသံပြုကာ အေးအေးလူလူပင် ပြောလိုက်သည်။

"ကိစ္စမရှိပါဘူး။ ကျေးဇူးပြုပြီး ဆက်လုပ်ကြပါ။"

သူက မည်သူမည်ဝါမှန်းမသိတဲ့ အပြင်လူတစ်ယောက်ပဲ ဖြစ်ပေမယ့် သူ့ရဲ့အပြောအဆို လေသံထဲတွင် နာခံရမည့်စွမ်းအားတို့ ကိန်းအောင်းနေခဲ့သည်။

သခင်မကျန်းလည်း ထိုအခါမှ သတိပြန်ဝင်လာသည်။

"မွေးစားခြင်း အခမ်းအနားကို ဆက်လက်ကျင်းပစေ"

လီချန်ချဲ့သည် ရွှယ်နင်၏ ကြွေထည်လိုမျိုး ဖြူစင်ဝင်းပနေတဲ့ မျက်နှာလေးပေါ် အကြည့်တစ်ချက် ပစ်လွှတ်လိုက်ပြီးမှသာ... သူ့ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။

နယ်စားမင်းစုကိုယ်တိုင် ရွှယ်နင်၏အမည်ကို မိသားစုဝင်စာရင်းထဲသို့ ကိုယ်တိုင်ကိုယ်ကျ ရေးသွင်းပေးခဲ့သည်။

"ရွှယ်" ဆိုတဲ့ ရိုးရှင်းသည့် စာလုံးတစ်လုံးမှာ... ထမ်းပိုးထားရသည့် အလေးချိန် တန်ဖိုးက ကြီးမားလွန်း၏။

ထို့ကြောင့် ရွှယ်နင်၏ မျိုးရိုးအမည်မှာ ပြောင်းလဲခြင်းမရှိခဲ့ဘဲ၊ သူမ၏ မူလအမည်ရင်းကိုသာ ဆက်လက်အသုံးပြုခွင့် ရရှိခဲ့သည်။

သို့သော်လည်း သူမ၏အမည် အရှေ့တွင်မူ "မွေးစားသမီး" ဆိုတဲ့ စာလုံးများကို အထင်အရှား ရေးထိုးလိုက်ကြသည်။

ထို့အပြင် နယ်စားမင်းစုသည် သူမရဲ့ နာမည်ကို သခင်မကျန်း၏ အမည်အောက်တွင် ထည့်သွင်းပေးခဲ့သည်။

ဤနည်းအားဖြင့်... သူမက သခင်မကျန်း၏ စောင့်ရှောက်မှုအောက်ရှိ နယ်စားမင်းအိမ်တော်၏ တရားဝင် သမီးရင်းတစ်ဦး ဖြစ်လာခဲ့သည်။

"တကယ့်ကို ဝမ်းမြောက်စရာကောင်းတဲ့ နေ့ထူးနေ့မြတ်ပါပဲ။"

"သမီးကောင်းတစ်ယောက် ရရှိခဲ့တဲ့အတွက် နယ်စားမင်းစုနဲ့ သခင်မကျန်းတို့ကို ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားလိုပါတယ်။"

"နောင်ဆိုရင် သခင်မလေးရွှယ်က မြို့စားအိမ်တော်ရဲ့ တရားဝင် သမီး ဖြစ်သွားပြီ။ လူတိုင်း သူ(မ)ကို သေသေချာချာ ဂရုစိုက် စောင့်ရှောက်ကြရမယ်နော်။"

ခန်းမဆောင်အတွင်းရှိ လူတိုင်းက ရွှယ်နင်အား ဝိုင်းဝန်းဂုဏ်ပြုစကား ဆိုကြပြီး၊ ၎င်းတို့၏ စကားသံများက ခန်းမတစ်ခုလုံးကို သက်ဝင်လှုပ်ရှားပြီး စည်ကားသိုက်မြိုက်သွားစေသည်။

ကွက်တိ ထိုအချိန်၌ပင်... စုကျန်းသည် လိုက်ကာတပ်ဆင်ထားတဲ့ တံခါးမကြီး၏ အပြင်ဘက်တွင် ရပ်နေခဲ့သည်။ သူ့ရဲ့လက်များကို စုစည်းထားပြီး၊ သူ့ရဲ့ ချောမောတဲ့ မျက်နှာကတော့ မှင်ရည်ကဲ့သို့ပင် မည်းမှောင်နေသည်။

အပြင်ဘက်တွင် အေးစက်စက် လေပြင်းများက တဝူးဝူး တိုက်ခတ်နေပြီး၊ ဆီးနှင်းများကလည်း တဖွဲဖွဲ ကျဆင်းနေဆဲပင်။

ထူထဲတဲ့ နှင်းပွင့်အချို့က သူ့ဦးခေါင်းထက်ရှိ ရွှေခတ်သရဖူပေါ်၌ ကပ်ငြိနေကြသည်။

အခု ခန်းမဆောင်အတွင်းကနေ ထွက်ပေါ်လာတဲ့ ရယ်မောပျော်ရွှင်သံများကို ကြားရတာ.. သူ့နားထဲမှာ ဘယ်လိုမှ နားမခံသာအောင်အထိ ကသိကအောက် ဖြစ်နေရတယ်။

တကယ်ကို ပါးနပ်ပြီး အကွက်စုံတဲ့ ရွှယ်နင်ပဲ။

သူမက တကယ်ကြီး ဒီဇာတ်လမ်းကို ဒီလောက်အထိ အစွမ်းကုန် ကပြသွားနိုင်ခဲ့တာပဲ။

သူမ နောင်တစ်ချိန်မှာ နောင်တရမိမှာကို တကယ်ပဲ မကြောက်ဘူးလား။

နှမြောစရာကောင်းတာက... သူကတော့ သူမရဲ့ အိမ်တွင်းရေး ကလိမ်ကကျစ် လှည့်ကွက်ငယ်လေးတွေကို ဘယ်တော့မှ အာရုံစိုက်နေမှာ မဟုတ်ဘူး။

ထိုအမျိုးသားသည် သူ၏နက်မှောင်ပြီး ရှည်လျားသည့် ဖီးနစ်မျက်ဝန်းကို အနည်းငယ် မှေးလိုက်ရင်း၊ နှုတ်ခမ်းထောင့်တွင် သရော်ပြုံးတစ်ခုကို ပြုံးကာ ယီဟယ်ခန်းမဆောင်အတွင်းသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်ရောက်လာခဲ့သည်။

အလွန်ချောမောတဲ့ နောက်ထပ် အမျိုးသားတစ်ဦး ခန်းမထဲ ဝင်ရောက်လာပြန်ပြီ။

လက်မထပ်ရသေးတဲ့ သခင်မလေးများ၏ မျက်ဝန်းများက ထပ်မံ၍ လင်းလက်တောက်ပသွားကြပြန်ပြီး၊ ၎င်းတို့၏ အကြည့်များက လီချန်ချဲ့ထံသို့ တစ်ချက်ဝဲသွားပြီးမှသာ စုကျန်းထံ၌ အဆုံးသတ် ရပ်တန့်သွားကြသည်။

ထိုအမျိုးသားနှစ်ယောက်လုံးက အနှိုင်းမဲ့ ချောမောကြသူများ ဖြစ်သည်။ စုကျန်းတွင် ထက်မြက်ပြီး သုံးဖက်မြင် ပေါ်လွင်ထင်ရှားတဲ့ မျက်နှာသွင်ပြင်ရှိကာ ပိုမို၍ အေးစက်ခက်ထန်သည့် အရှိန်အဝါ ရှိသည်။ တစ်ဖက်တွင်မူ လီချန်ချဲ့၏ မျက်ခုံးနှင့် မျက်ဝန်းများက ပန်းချီကားတစ်ချပ်ကဲ့သို့ပင် ဆွဲဆောင်မှုရှိပြီး သူ၏အရှိန်အဝါက ပိုမိုတည်ငြိမ်ရင့်ကျက်သည်။

နှမြောစရာကောင်းတာကတော့ လီချန်ချဲ့က ကောင်းမွန်တဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားပေမယ့် သူ့နောက်ခံမျိုးရိုးက ရှင်းလင်းပြတ်သားခြင်းမရှိသည့်အပြင် ရိုးရှင်းတဲ့ ဝတ်စုံကိုသာ ဝတ်ဆင်ထားသဖြင့်... စုကျန်း ပိုင်ဆိုင်ထားသလိုမျိုး မြင့်မြတ်သည့် ဂုဏ်သရေရှိ အထက်တန်းလွှာ အရှိန်အဝါမျိုး မရှိခြင်းပင်။

သခင်မကျန်းက စိတ်သက်သာရာရစွာဖြင့် ပြောလိုက်သည်။

"ကျန်းအာ... နင် နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ။ ဒီနေ့က နင့်ညီမလေးရဲ့ မင်္ဂလာနေ့ထူးနေ့မြတ်ပဲလေ။ နင်က သူ(မ)ရဲ့ အစ်ကိုကြီးတစ်ယောက်အနေနဲ့... ဒီနေရာမှာ ဘယ်လိုလုပ် ရှိမနေလို့ ဖြစ်မှာလဲ။”

All Chapters