← Chapters

အခန်း ၄၂

Vol. 5 Ch. 42

အခန်း ၄၂

Vol. 5 Ch. 42

အခန်း(၄၂)

စူးရှတက်ကြွပြီး နုနယ်ပျော့ပျောင်းတဲ့ အသံချိုချိုလေးတစ်ခုက အဝေးဆီမှနေ၍ တဖြည်းဖြည်း ချဉ်းကပ်လာခဲ့သည်။

ရွှယ်နင်သည် ငေးမောနေရာမှ ချက်ချင်း သတိပြန်ဝင်လာခဲ့ပြီး၊ ဇရပ်ဆောင်အတွင်းသို့ လျှောက်လှမ်းဝင်ရောက်လာသည့် မိန်းကလေးငယ်ကို ငေးစိုက်ကြည့်နေမိရာမှ တုန်လှုပ်ချောက်ချားသွားရပြန်သည်။

"ဘာလဲ... ငါတို့နှစ်ယောက် မတွေ့ဖြစ်ကြတာ နှစ်အနည်းငယ်ပဲ ရှိသေးတာကို ငါ့ကို မေ့သွားပြီပေါ့လေ။"

ထိုမိန်းကလေး၏ လှပသော မျက်နှာလေးက အနည်းငယ် နီမြန်းနေပြီး၊ သူမ၏ မေးစေ့ချွန်ချွန်လေးကို ဖြူဖွေးတဲ့ သားမွေးလည်ကော်လာအတွင်းသို့ နစ်မြုပ်ထားသည်။ ထူထဲသည့် မျက်ခုံးအစုံနှင့် ဝိုင်းစက်လှပသော မျက်ဝန်းကြီးများက အသက်ဝင်တောက်ပနေပြီး၊ သေသေချာချာ အကဲခတ်ကြည့်လျှင် သူမ၏ရုပ်ရည်က ဝေ့ကျန့်လန်နှင့် ခပ်ဖျော့ဖျော့ ဆင်တူနေသည့် အစိတ်အပိုင်းအချို့ ရှိနေတာကို တွေ့ရလိမ့်မည်။

သူမက.. ဝေ့ကျန့်လန်၏ ညီမ ဝေ့ကျန့်ယန်ပင်။

ရွှယ်နင်သည် ရုတ်တရက် နှုတ်ခမ်းလေးဟသွားခဲ့ပြီး၊ သူမ၏ မျက်ဝန်းများလည်း ပူနွေးလာခဲ့သည်။

ဝေ့ကျန့်ယန်တစ်ယောက် အံ့ဩသွားပြီး၊ သူမ၏လက်ကို အလျင်အမြန် ဆွဲကိုင်လိုက်ရင်း ပြောလိုက်သည်။

"နင်ကလည်း ဘာဖြစ်လို့ ငိုတော့မယ့် မျက်နှာကြီးနဲ့ ကြည့်နေရတာလဲ။ ငါလည်း နင့်ကို အနိုင်မကျင့်ရပါဘဲနဲ့။ အကယ်၍ နင် တစ်ယောက်ယောက်ကို အပြစ်တင်ချင်တယ်ဆိုရင်တော့... နင့်ရဲ့ နှလုံးသားမရှိတဲ့ အစ်ကိုကြီးကိုသာ သွားပြီး အပြစ်တင်လိုက်စမ်းပါ။ နင့်အတွက် ဒီလောက် ပျော်စရာကောင်းတဲ့ နေ့ထူးနေ့မြတ်ကြီးမှာ တခြားလူတွေအများကြီးရဲ့ ရှေ့မှာ နင့်ကို ဒီလောက်တောင် အရှက်ခွဲရတယ်လို့။ ကဲပါ... မငိုပါနဲ့တော့ နင်နင်လေးရယ်။ လာ... ငါ နင့်မျက်ရည်တွေကို သုတ်ပေးမယ်။"

ပြင်းထန်သော ကြေကွဲဝမ်းနည်းမှုလှိုင်းလုံးကြီးတစ်ခုက ရွှယ်နင်၏ နှလုံးသားကို ရိုက်ခတ်သွားသည်။ သူမက ဝေ့ကျန့်ယန်အား တင်းကျပ်စွာ ဆွဲဖက်လိုက်မိပြီး၊ ရှိုက်ကြီးတငင် အသံဖြင့် ပြောလိုက်သည်။

"ယန်ယန်... နင့်ကို ဒီဘဝမှာ ပြန်တွေ့ရတာ တကယ်ကို ဝမ်းသာလွန်းလို့ပါ။"

ဝေ့ကျန့်ယန်က သူမ၏ မေးစေ့လေးကို ရွှယ်နင်၏ ပုခုံးထက်သို့ တင်ထားလိုက်ရင်း၊ ပြုံးလျက် ညည်းတွားသည်။

"နင်ကိုယ်တိုင်ကပဲ နယ်စားမင်းအိမ်တော်ထဲကနေ အပြင်မထွက်ဘဲ အောင်းနေတာလေ။ မဟုတ်ရင် ဝေ့မိသားစုအိမ်တော်ကို နင် ကြိုက်တဲ့အချိန် လာလည်လို့ရတာပဲကို။ အခုတော့ ဘာဖြစ်လို့ ငါတို့နှစ်ယောက်က သေကွဲနဲ့ရှင်ကွဲ ကွဲကွာသွားခဲ့သလိုမျိုး အသည်းအသန် ငိုနေရတာလဲ။"

သေကွဲနဲ့ရှင်ကွဲ ကွဲကွာသွားခဲ့ရတာနဲ့ အတိအကျတူတူပဲ မဟုတ်လား။

ရွှယ်နင်၏ စိတ်ထဲမှာ ဗြောင်းဆန်အောင် ခံစားလိုက်ရပြီး၊ ဝေ့ကျန့်ယန်၏ မျက်နှာလေးကို နောက်ထပ် အကြိမ်အနည်းငယ်မျှ ထပ်ကြည့်လိုက်သည်။

သူမရဲ့ အရင်ဘဝတုန်းက... ဝေ့ကျန့်ယန်က သူမရဲ့ တစ်ဦးတည်းသော အရင်းနှီးဆုံး သူငယ်ချင်းအရင်းကြီး ဖြစ်သည်။

သူမ စုကျန်းနှင့် လက်ထပ်ပြီးနောက်တွင်၊ ဝေ့မိသားစုသည်လည်း စုမိသားစု၏ ဆွေမျိုးသားချင်းများ ဖြစ်လာခဲ့သည်။

တစ်နှစ်အတွင်းမှာပင် ဝေ့ကျန့်ယန်သည် စုယွီနှင့် လက်ထပ်ခဲ့ပြီး၊သူမတို့နှစ်ယောက်လုံး ရွှမ်းယီနယ်စားမင်းအိမ်တော်၏ ချွေးမများ ဖြစ်လာခဲ့ကြ၏။

စုမိသားစုဝင် အားလုံးကရွှယ်နင်ကို စုကျန်းနှင့် လက်ထပ်နိုင်ရန်အတွက် အောက်တန်းကျတဲ့ နည်းလမ်းများကို အသုံးပြုခဲ့တယ်ဆိုကာ အထင်သေး ရွံရှာခဲ့ကြပြီး၊ နောက်ပိုင်းတွင်လည်း 'ချောင်ကျင်' နှင့် ပတ်သက်သည့် အရှုပ်တော်ပုံကြောင့် သူမ၏ ဂုဏ်သိက္ခာ တစ်စစီ ပျက်စီးဆုံးရှုံးခဲ့ရသည်။

ထိုအချိန်တုန်းက ဘယ်သူတစ်ဦးတစ်ယောက်မှ သူမရဲ့အနားကို ချဉ်းကပ်ရန် သို့မဟုတ် စကားပြောရန်ပင် အလိုမရှိခဲ့ကြချေ။ဝေ့ကျန့်ယန် တစ်ဦးတည်းမှလွဲ၍။

သူမအတွက် အလွန်အမင်း နာကျင်စရာကောင်းပြီး ခံရခက်တဲ့ ထိုမှောင်မိုက်သည့် နေ့ရက်များအတွင်း၊ ဝေ့ကျန့်ယန်တစ်ယောက်သာ သူမအပေါ် ကြင်နာစွာဖြင့် စကားအနည်းငယ် ပြောပေးရန် ဆန္ဒရှိခဲ့သည်။

သို့သော် နှမြောစရာကောင်းတာက... ရွှယ်နင် တုန်းကျင်းမှ ထွက်ခွာမသွားရသေးခင် အချိန်ကတည်းက၊ ဝေ့ကျန့်ယန်သည် စုယွီ၏ ရက်စက်စွာ နှိပ်စက်ညှင်းပန်းမှုများကြောင့် သေဆုံးသွားခဲ့ရပြီ ဖြစ်သည်။

စုမိသားစုမှ အမျိုးသားများက တကယ်ကို မကောင်းဆိုးဝါးများသာ ဖြစ်ကြ၏။ စုယွီသည် အိမ်ထောင်မပြုမီ အချိန်ကတည်းကပင် သူ အသက်ထက်ချစ်ရတဲ့ အမျိုးသမီးတစ်ဦး ရှိနေခဲ့ပြီးသား ဖြစ်သည်။ သူ ချစ်ရသူနှင့် လက်ထပ်ခွင့်မရတာကြောင့် သူ့စိတ်ထဲက ဒေါသနှင့် နာကျည်းမှု အားလုံးကို ဝေ့ကျန့်ယန်အပေါ်ပဲ အငြိုးအာဃာတဖြင့် ပုံအော၍ နှိပ်စက်တော့သည်။ စုကျန်း၏ အေးစက်ကင်းကွာမှုနှင့် နှိုင်းယှဉ်လျှင်... စုယွီသည် တကယ့်ကို ရက်စက်ကြမ်းကြုတ်သော မကောင်းဆိုးဝါး မိစ္ဆာတစ်ကောင်ပင်။

ရွှယ်နင် ဝေ့ကျန့်ယန်ကို တွေ့ရသည့် အကြိမ်တိုင်းတွင်၊ သူမရဲ့ ခန္ဓာကိုယ်မှာ ထင်ကျန်နေခဲ့တဲ့ ဒဏ်ရာအမှတ်အသားများက မချိမဆံ့ ကြည့်ရက်စရာ မရှိအောင်အထိ ခြောက်ခြားဖွယ် ကောင်းလွန်းသည်။

သုံးနှစ်တာ မင်္ဂလာသက်တမ်းအတွင်းမှာပင်၊ ဝေ့ကျန့်ယန်သည် ကိုယ်ဝန် (၅) ကြိမ်တိုင်တိုင် ပျက်ကျခဲ့၏။

နောက်ဆုံးတစ်ကြိမ်တွင်... သမီးလေးကို လွယ်ထားရပြီး လစေ့ရက်စေ့မွေးဖွားနိုင်ခဲ့သော်လည်း၊ မီးဖွားနေစဉ်အတွင်း သွေးလွန်ကာ အသက်ဆုံးရှုံးသွားခဲ့သည်။

ထိုအချိန်တွင်... စုယွီသည် လီဟွာလမ်းကြားရှိ သူ၏ လျှို့ဝှက်မယားငယ် မီးဖွားခြင်း အခမ်းအနားကို သွားရောက်၍ ပျော်ရွှင်စွာ အဖော်ပြုပေးနေခဲ့တာဖြစ်သည်။

မယားငယ်ရဲ့ သားက ငိုကြွေးသံ ကျယ်လောင်စွာဖြင့် ဒီလောကထဲ ရောက်ရှိလာချိန်တွင်... ရွှမ်းယီနယ်စားမင်းအိမ်တော်မှ ငိုကြွေးသံများကတော့ တုန်းကျင်းမြို့တော်တစ်ခွင်လုံးသို့ ပျံ့နှံ့သွားခဲ့သည်။

ဝေ့ကျန့်ယန်သည် စုယွီ၏ အိပ်ခန်းအတွင်း၌ပင် အဝတ်အစားများ ဖရိုဖရဲဖြစ်ကာ အသက်ပျောက်သွားခဲ့ရပြီး၊ သူမရဲ့ ကလေးလည်း အဖတ်မတင်ဘဲ သေဆုံးသွားခဲ့သည်။

ထိုသတင်းဆိုးကို ကြားရလျှင်ရွှယ်နင်သည် သွေးရူးတန်းရူးဖြင့် ပြေးလွှားလာခဲ့သော်လည်း... သူမ မြင်တွေ့လိုက်ရတာက ဖြူလျော်ပြီး သွေးဆုတ်နေတဲ့ မျက်နှာလေးဖြင့် ကုတင်ဘေးမှာ မသက်မသာ တွဲလောင်းကျနေသည့် ဝေ့ကျန့်ယန်၏ အလောင်းကိုသာ ဖြစ်သည်။ သူမ( ဝေ့ကျန်ယန်)က တကယ့်ကို ပိန်ချုံးပြီး သနားစရာ ကောင်းလွန်းသည်။

ဝေ့ကျန့်ယန်၏ ကြေကွဲဝမ်းနည်းစရာကောင်းတဲ့ အရင်ဘဝ ဇာတ်သိမ်းကို တွေးမိရင်း... ရွှယ်နင်သည် သူမ၏လက်ကို ပိုမို၍ တင်းကျပ်စွာ ဆုပ်ကိုင်လိုက်မိသည်။

လက်ရှိတွင် ဝေ့ကျန့်ယန်သည် လက်မထပ်ရသေးတဲ့ အပျိုစင်မိန်းကလေးငယ်တစ်ဦးသာ ရှိသေးသည်။ ရွှယ်နင်က ရုတ်တရက် ဒီလောက်အထိ သံယောဇဉ်ကြီးပြနေတာကို မြင်တော့ သူမက ရွှယ်နင်တစ်ယောက် နယ်စားမင်းအိမ်တော်ထဲမှာ မတရားမှုတစ်ခုခုကို ခံစားလိုက်ရတယ်လို့ပဲ ထင်သွားသည်။

"နင်နင်... နင်က လှတဲ့သူဆိုပေမဲ့ ငိုနေရင်တော့ တကယ်ကြည့်ရဆိုးတယ်။ ဒီနေ့က နယ်စားမင်းအိမ်တော်မှာ နင်က အဓိကဇာတ်လိုက်မင်းသမီးပဲလေ။ ဟိုလူတွေ နင့်ကို လှောင်ပြောင်တာမျိုး မခံစမ်းပါနဲ့။"

ရွှယ်နင်သည် မျက်ရည်များကြားမှပင် အတင်းအကြပ် ပြုံးလိုက်ရင်း၊ သူမရှေ့၌ အသက်ရှင်လျက် အသက်ရှူနေဆဲဖြစ်တဲ့ ဝေ့ကျန့်ယန်ကို စိုက်ကြည့်ကာ ဖော်ပြရခက်တဲ့ ပျော်ရွှင်မှုကို ခံစားလိုက်ရသည်။

"နင် ဒီနေ့ လာလိမ့်မယ်လို့ ငါ တကယ်မထင်ထားမိဘူး။"

ဝေ့ကျန့်ယန်က ရယ်မောလိုက်သည်။

"နင့်အတွက် ဒီလောက် ကောင်းမွန်လှတဲ့ နေ့ထူးနေ့မြတ်ကြီးမှာ ငါက ဘာဖြစ်လို့ မလာဘဲ နေရမှာလဲ။"

ရွှယ်နင်က မျက်ခုံးတစ်ချက် ပင့်လိုက်မိသည်

"ဒီနေ့က ဘာများ ထူးထူးခြားခြား ကောင်းမွန်နေလို့လဲ။"

ဝေ့ကျန့်ယန်က သဘောကျစွာ ရယ်မောရင်း ပြောလိုက်၏။

"နင် စုရှီဇီကို လက်ထပ်ချင်နေတယ်ဆိုတာကို ငါ ကြားဖူးတာ ကြာပြီ။ အခုတော့ နင်က သူ့ရဲ့ ညီမလေး ဖြစ်သွားပြီဆိုတော့... နောင်တစ်ချိန်ကျရင် တခြားကောင်းမွန်တဲ့ ဖူးစာဖက်ယောကျာ်းတစ်ယောက်ကို စိတ်ကြိုက် ရွေးချယ်ခွင့် ရသွားတာပေါ့ မဟုတ်ဘူးလား။ အချိန်တန်ရင် အာဏာရှိပြီး အရည်အချင်းရှိတဲ့ ယောက်ျားကောင်းတစ်ယောက်ကို ရွေးချယ်ပြီး... နင့်ကို သေသေချာချာ ကျောထောက်နောက်ခံပြုပေးခိုင်းရမယ်။ အဲဒီအခါကျရင် နင့်ရဲ့ ငရဲမင်းလို အမြဲတမ်း မျက်နှာသေနဲ့နေတဲ့ အစ်ကိုကြီးကိုတောင် ပြန်ပြီး အနိုင်ကျင့်ခိုင်းလို့ရတာပေါ့။"

ရွှယ်နင်၏ နှလုံးသား အနည်းငယ် တုန်လှုပ်သွားပြီး၊ ဖော်ပြရခက်သော ခါးသီးမှုတစ်ရပ်က သူမ၏ လည်ချောင်းဝတွင် တစ်ဆို့သွားသည်။

သူမက စုကျန်းကို နာကျင်အောင် သို့မဟုတ် ဒုက္ခရောက်အောင် ပြုလုပ်ဖို့အတွက် ဘယ်တုန်းကမှ စိတ်မကူးခဲ့ဖူးချေ။

သူက သူမကို တုန်းကျင်းမြို့တော်ကနေ မောင်းထုတ်ခဲ့ပြီး၊ အိမ်တော်ဟောင်းထဲမှာ ငါးနှစ်တိုင်တိုင် ပိတ်လှောင်ကာ... နောက်ဆုံးတွင် သဘာဝအတိုင်းမဟုတ်ဘဲ သေဆုံးစေခဲ့တယ်ဆိုပေမယ့်ပေါ့။

ဒါပေမဲ့လည်း သေသေချာချာ တွက်ချက်ကြည့်မယ်ဆိုရင်... ၎င်းမှာ သူမကိုယ်တိုင်ရဲ့ လောဘကြောင့်ပဲ ဖြစ်တယ်။ ကောင်းကင်ထက်မှာ မြင့်မားစွာ ချိတ်ဆွဲထားတဲ့ လမင်းကြီးကို ဆွတ်ခူးဖို့အတွက် အတင်းအကြပ် ကြိုးစားခဲ့မိတာ မဟုတ်လား။

သူမက အရှက်တရားကင်းမဲ့စွာနဲ့ သူ့ကို ဆေးခတ်ခဲ့ပြီး၊ သူမရဲ့ခန္ဓာကိုယ်ကို ထိတွေ့စေခဲ့တဲ့အပြင်... သူ အသက်ထက်ချစ်ရတဲ့ မင်းသမီးရှို့နင်းနှင့်ပါ လွဲချော်သွားစေခဲ့တယ်။

ဒါကြောင့်... သူမက စုကျန်းအပေါ် ကလဲ့စားချေဖို့ ဘယ်တုန်းကမှ မတွေးခဲ့ဘူး။

သူမ အလိုရှိတာက... သူနဲ့ ဝေးဝေးမှာသာ နေထိုင်ပြီး၊ သူ့ကို ဘယ်တော့မှ လက်မထပ်ရန်သာ ဖြစ်၏။

သူမက ခပ်ဖွဖွလေး ရယ်မောလိုက်ရင်း သူမဘာသာ တိုးတိုးလေး ရေရွတ်လိုက်သည်။

"နင် ပြောတာ မှန်တယ်၊ ငါ တကယ့်ကို တစ်ယောက်ယောက်ကို လက်ထပ်ဖို့ လိုအပ်တယ်"

ဝေ့ကျန့်ယန်က စနောက်လိုသော အပြုံးဖြင့် ပြုံးလိုက်ရင်း၊ ရွှယ်နင်၏လက်ကို ဆွဲကာ အရှေ့ဘက်သို့ ညွှန်ပြလိုက်သည်။

"ဟိုမှာ ကြည့်စမ်း။"

ရွှယ်နင်သည် သူမ၏ လက်ညှိုးညွှန်ရာနောက်သို့ လိုက်ကြည့်လိုက်ရာ... မြေခွေးသားမွေး ဝတ်ရုံကြီးကို ဝတ်ဆင်ထားသည့် ဝေ့ကျန့်လန်သည် မြှားပစ်ကစားနေကြတဲ့ လူငယ်သခင်လေးများအုပ်စုကြားတွင် ဘယ်အချိန်ကတည်းက ရောက်ရှိနေမှန်းမသိဘဲ ရပ်နေတာကို တွေ့လိုက်ရသည်။

ထိုလူငယ်သခင်လေးက ကျောက်စိမ်းလို နူးညံ့သိမ်မွေ့ပြီး၊ ဖြူစင်ရိုးသားတဲ့ ရည်မှန်းချက်များနှင့် အကျင့်စာရိတ္တကောင်းမွန်မှုကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။

သူက ပေါ့ပေါ့ပါးပါး မြှားကို ပစ်လွှတ်လိုက်ပြီး... မြှားတံမှာ အိုးအတွင်းသို့ တည့်တည့်မတ်မတ် စိုက်ဝင်သွားကာ ဘေးပတ်ဝန်းကျင်ရှိ လူအုပ်ကြီးဆီမှ ပိုမိုကျယ်လောင်တဲ့ အားပေးချီးမွမ်းသံများကို ထွက်ပေါ်လာစေသည်။

ဝေ့ကျန့်ယန်က စနောက်လိုသော မျက်နှာပေးဖြင့် တိုးတိုးလေး ကပ်ပြောသည်။

"ကဲ... ဘယ်လိုလဲ။ ငါ့အစ်ကိုက အရင်ကထက် ပိုပြီးတော့တောင် ချောမောခန့်ညားလာတယ် မဟုတ်လား။"

ရွှယ်နင် မျက်တောင်ခတ်ရင်း ငေးမောသွားမိသည်။

အရင်ဘဝတုန်းက ဝေ့ကျန့်ယန်သည် သူမကို ယောင်းမအဖြစ် တော်စပ်ချင်လွန်းသဖြင့် မပြည့်ဝခဲ့သော ထိုဆန္ဒအတွက် အကြိမ်ကြိမ်အဖန်ဖန် နှမြောတသ ဖြစ်ခဲ့ဖူးတယ် မဟုတ်လား။

ဝေ့ကျန့်ယန်က စကားကို ဆက်လိုက်သည်။

"အခု နင်က နယ်စားမင်းအိမ်တော်ရဲ့ ဂုဏ်သရေရှိ သခင်မလေးတစ်ယောက် ဖြစ်သွားပြီဆိုတော့... နောင်တစ်ချိန် ငါတို့ဝေ့မိသားစုထဲကို လက်ထပ်ဝင်ရောက်ဖို့ ပိုပြီးတော့တောင် အဆင်ပြေသွားတာပေါ့။ ဒါနဲ့... နင် တကယ်ပဲ ငါ့အစ်ကိုလို ယောကျာ်းမျိုးကို သဘောမကျဘူးလား။ သူက ယဉ်ကျေးနူးညံ့ပြီး လူကြီးလူကောင်းဆန်တယ်လေ၊ အနည်းဆုံးတော့ နင့်ရဲ့အစ်ကိုကြီးထက်စာရင် စကားပြောတာ ပိုပြီး နားဝင်ချိုသေးတယ်။"

ရွှယ်နင် မတတ်နိုင်သလိုမျိုး သက်ပြင်းချရင်း ခပ်ဖွဖွလေး ပြုံးလိုက်မိသည်။

"ယန်ယန်ရယ်... ငါ့ကို လျှောက်ပြီး မစပါနဲ့တော့။"

ဝေ့ကျန့်ယန်သည် နောက်ပြောင်နေသည့် အမူအရာကို ရုတ်သိမ်းလိုက်ပြီး၊ ရွှယ်နင်၏ ဖြူစင်ဝင်းပနေသည့် လက်ကလေးကို စိုးရိမ်တကြီးဖြင့် ဆုပ်ကိုင်ကာ လေးနက်စွာ ပြောလာသည်။

"နင်နင်... ငါ တကယ်ပြောနေတာ။ ဒီနေ့က တကယ့်ကို အခွင့်အရေးကောင်းပဲ။ နင့်ရဲ့ အနာဂတ်အိမ်ထောင်ရေးအတွက် နင်ကိုယ်တိုင် ကြိုတင်စီမံထားရမယ်။ ငါ့အစ်ကိုမဟုတ်ဘူးဆိုရင်တောင်... ဒီလောက်အများကြီးရှိတဲ့ လူငယ်သခင်လေးတွေထဲက နင်သဘောကျမယ့်သူတချို့ကို ကိုယ်တိုင် ရွေးချယ်ထားမှ ဖြစ်မယ်။ ဒါမှသာ နယ်စားမင်းအိမ်တော်က နင့်ရဲ့အိမ်ထောင်ရေးကို စိတ်ကြိုက်ခြယ်လှယ်ပြီး နင်မချစ်မနှစ်သက်တဲ့သူနဲ့ အတင်းအကြပ် ပေးစားတာမျိုးကို ရှောင်လွှဲနိုင်မှာ။"

"ငါတို့လို မိန်းကလေးတွေရဲ့ အိမ်ထောင်ရေးက ငါတို့သဘောအတိုင်း အလုံးစုံ မဖြစ်နိုင်ဘူးဆိုပေမဲ့... အနည်းဆုံးတော့ ငါတို့အပေါ် နားလည်ပေးနိုင်ပြီး ပေါင်းသင်းရလွယ်ကူမယ့် ယောက်ျားကောင်းမျိုး ရအောင်တော့ ငါတို့ဘက်က အစွမ်းကုန် ကြိုးစားသင့်တယ်လေ။"

"နင့်ရဲ့ အစ်ကိုကြီးလို လူမျိုးဆိုရင်တော့... ငါကတော့ သေရဲရင်သေလိုက်မယ်၊ ဘယ်တော့မှ လက်မထပ်ရဲဘူး။"

ရွှယ်နင်၏ စိတ်ထဲ၌ အနည်းငယ် တုန်လှုပ်သွားသည်။ သူမက သခင်မကျန်းက သူမအပေါ် အလွန်အမင်း ကောင်းမွန်တာကိုပဲ သိခဲ့ပြီး... သခင်မကျန်း၏အထက်တွင် ဩဇာအာဏာကြီးမားတဲ့ သခင်မကြီးရှဲ့ ရှိနေသေးတာကိုတော့ ခဏတာ မေ့လျော့နေခဲ့မိသည်။

အကယ်၍ သခင်မကြီးရှဲ့သာ သူမရဲ့အိမ်ထောင်ရေးကိစ္စမှာ ဝင်ရောက်စွက်ဖက်လာခဲ့မယ်ဆိုပါက... သခင်မကျန်းပင်လျှင် တားဆီးနိုင်စွမ်း ရှိလိမ့်မည်မဟုတ်ပေ။

တကယ်၍ အဲ့လိုသာ ဖြစ်လာခဲ့လျှင်... သူမဘက်ကပဲ အရင်ဆုံး လှုပ်ရှားမှ ဖြစ်မယ်။

ဒါပေမဲ့လည်း... သူမရှေ့တွင် ဆော့ကစားနေကြသော ထိုလူငယ်သခင်လေးများကို သူမ တစ်ယောက်ပြီးတစ်ယောက် အကဲခတ်ကြည့်ရှုလိုက်သည်။

သူမ၏ အကြည့်က ဝေ့ကျန့်လန်ထံသို့သာ သဘာဝအတိုင်း ကျရောက်သွားခဲ့သည်။

သူက တကယ့်ကို ထူးချွန်ထက်မြက်လွန်းပြီး ရုပ်ရည်သွင်ပြင်ကလည်း အနှိုင်းမဲ့ ပထမတန်းစား ဖြစ်သည်။ ထိုအထက်တန်းလွှာ သခင်လေးများအုပ်စုကြားတွင်ပင်... သူက အလွန်အမင်း ထင်ရှားပေါ်လွင်နေသည့် ရှားပါး ပါရမီရှင်တစ်ဦးအတိုင်းပင်။

သူက တကယ့်ကို ခင်ပွန်းသည်ကောင်းတစ်ယောက် ဖြစ်လာနိုင်ရန်အတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်တာ မှန်ပေမယ့်... သူ့မိသားစုနောက်ခံမျိုးရိုးက မြင့်မြတ်ဖြူစင်လွန်းတာကြောင့် သာမန်မိန်းကလေးတစ်ဦးအနေဖြင့် သူနှင့် ထိုက်တန်ရန် ခက်ခဲလွန်းသည်။

ဒါ့အပြင် အရင်ဘဝတုန်းက သူမ ကြားဖူးခဲ့တာ... ဝေ့ကျန့်လန်မှာလည်း သူ့ရင်ထဲမှာ မေ့မရနိုင်တဲ့၊ ဆွတ်ခူးခွင့်မရခဲ့တဲ့ လရောင်ဖြူ(အချစ်ဦး)တစ်ဦး ရှိနေခဲ့တယ်တဲ့။ အဲ့ဒီအမျိုးသမီးအတွက်ကြောင့်ပဲ... သူက တစ်သက်လုံး အိမ်ထောင်မပြုဘဲ လူပျိုကြီးဘဝဖြင့်သာ ဖြူစင်စွာ ဖြတ်သန်းခဲ့ပြီး အလွန်အမင်း သစ္စာရှိကာ အချစ်ကြီးတဲ့ အမျိုးသားတစ်ဦး ဖြစ်ခဲ့သည်။

ဒီလို တွေးကြည့်မယ်ဆိုရင်.. သူလည်း စုကျန်းနှင့် သိပ်ပြီး ကွာခြားတာတော့ မဟုတ်ပေ။

သူကလည်း သူမ လက်ထပ်ဖို့အတွက် မစွန့်စားရဲတဲ့ အမျိုးသားတစ်ဦးပင်။

(T/N-သူ့အချစ်ဦးက နင်ပါဟယ်)

ဒါ့အပြင်... သူမက သူ့ကို အစ်ကိုအရင်းတစ်ယောက်လိုပဲ သဘောထားတာဖြစ်လို့ သူမက အဲ့လို အချစ်စိတ်မျိုးကို ဘယ်လိုလုပ် မွေးမြူရဲပါ့မလဲ။

ဒီလိုတွေးမိရင်း... သူမ၏ အကြည့်ကို ဝတ်စုံပြာ ဝတ်ဆင်ထားသည့် အခြားလူငယ်သခင်လေးတစ်ဦးထံသို့ လွှဲပြောင်းလိုက်သည်။

ထိုအမျိုးသားတွင် နုနယ်သေသပ်တဲ့ မျက်နှာသွင်ပြင်ရှိပြီး၊ စင်ကြယ်ချောမောကာ နူးညံ့ပျော့ပျောင်းသော မျက်ဝန်း၊ မြင့်မားသော နှာတံနှင့် ပြည့်စုံသော နှုတ်ခမ်းလွှာတို့ကို ပိုင်ဆိုင်ထားသည်။ ပထမဆုံးအမြင်မှာတင်... သူက ပေါင်းသင်းရလွယ်ကူမည့်သူတစ်ဦးဟု ထင်မှတ်ရပြီး၊ သူ၏ ဝတ်စားဆင်ယင်မှုကို ကြည့်ခြင်းအားဖြင့်လည်း အလွန်အမင်း ချမ်းသာကြွယ်ဝတဲ့ မိသားစုမှ ဆင်းသက်လာသူ မဟုတ်ကြောင်း သိသာသည်။

ဘယ်လိုပဲဖြစ်ဖြစ်... သူမ ဒီဘဝကို ပြန်လည်မွေးဖွားလာခဲ့တာ ဆယ်စုနှစ်တစ်ခုကျော်ပင် ကြာမြင့်ခဲ့ပြီ။

သူမ ထိုအမျိုးသားကို ကြည့်ရတာ တစ်နေရာရာမှာ ရင်းနှီးဖူးသလိုမျိုး ခံစားနေရပေမယ့်.. သူက ဘယ်သူလဲဆိုတာကိုတော့ ဘယ်လိုမှ စဉ်းစားမရနိုင်ဘဲ ဖြစ်နေသည်။

"ယန်ယန်... ဟိုဝတ်စုံပြာနဲ့ သခင်လေးက ဘယ်သူလဲဆိုတာ နင် သိလား။”

All Chapters