← Chapters

အခန်း ၄၃

Vol. 5 Ch. 43

အခန်း ၄၃

Vol. 5 Ch. 43

အခန်း (၄၃) - မြှားပစ်ကစားပွဲအတွက် အသင်းဖွဲ့ခြင်း

"သူလား... နင်က သူ့ကိုတောင် မသိဘူးပေါ့လေ။"

ဝေ့ကျန့်ယန်၏ မျက်ဝန်းများ တောက်ပသွားပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"သူက လက်ရှိ မြို့တော်မှာ ရေပန်းအအစားဆုံး စာပေပါရမီရှင်ပေါ့၊ နောက်နှစ် နွေဦးရာသီ တော်ဝင်စာမေးပွဲမှာ ပထမဆုရဖို့ နာမည်အကြီးဆုံးသူလေ... သခင်လေးလော်-လော်ဝမ်ကျွင်းတဲ့။"

ရွှယ်နင် မျက်တောင်ခတ်ရင်း ငေးသွားသည်။ ဪ... သူက ဒီလူကိုး။

သူမ လော်ဝမ်ကျွင်းကို သေချာပေါက် မှတ်မိတယ်။

သူ့ရဲ့ မိသားစုနောက်ခံက သာမန်ပဲဖြစ်ပြီး၊ ပျက်စီးဆင်းရဲသွားတဲ့ မျိုးရိုးကနေ အိမ်တော်ကို တစ်ယောက်တည်း ဦးဆောင်ထားနေတဲ့ သားတစ်ယောက် ဖြစ်ပေမဲ့... ဒီအမျိုးသားကတော့ တကယ့်ကို ပါရမီထူးခြားသူ ဖြစ်၏။ သူက စာပေပညာရပ်များတွင် ထူးချွန်ပြီး၊ နောင်တွင် တော်ဝင်စာမေးပွဲကို ကျင်ရှီဘွဲ့ဖြင့် သဘာဝအတိုင်း အောင်မြင်ခဲ့သည်။ ထို့အပြင် သူ၏ ချောမောခန့်ညားသော ရုပ်ရည်ကြောင့်... ဧကရာဇ်မင်းမြတ်ကိုယ်တိုင်က သူ့ကို 'ထန်ဟွာလန်' အဖြစ် ကိုယ်တိုင် ခန့်အပ်ခြင်း ခံခဲ့ရသဖြင့်၊ ကာလတစ်ခုအထိ ကြီးကျယ်ခမ်းနားတဲ့ ဂုဏ်သရေတို့ကို အပြည့်အဝ ခံစားခဲ့ရသည်။

ဒါပေမဲ့ ကံဆိုးစွာနဲ့ပဲ... သူ ဘယ်နှစ်မှာ'ထန်ဟွာလန်' ဖြစ်လာခဲ့လဲဆိုတာကို သူမ ဘယ်လိုမှ သေသေချာချာ မမှတ်မိတော့ချေ။

ဒါပေမဲ့လည်း—

သူ့ရဲ့ မိသားစုက လူဦးရေနည်းပါးပြီး၊ မိဘနှစ်ပါးစလုံးက စောစီးစွာ ကွယ်လွန်သွားခဲ့ကြသဖြင့် သူ့ဘေးနားတွင် အိုမင်းရင့်ရော်နေသော အဖွားအိုတစ်ဦးသာ ကျန်ရှိတော့သည်။ သူ့မှာ မောင်နှမအရင်းအချာဟူ၍လည်း မရှိချေ။ သူမရဲ့ အရင်ဘဝတုန်းကလည်း... သူက တခြားအမျိုးသမီးများနှင့် ရှုပ်ထွေးပတ်သက်သည့် အရှုပ်တော်ပုံများ လုံးဝမရှိခဲ့ဘဲ၊ စာပေလေ့လာမှုကိုသာ စူးစိုက်လုပ်ဆောင်ခဲ့သူ ဖြစ်၏။ နောင်တွင် သူက လီချန်ချဲ့၏ လက်အောက်၌ အရာရှိတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး... စင်ကြယ်သန့်ရှင်းကာ စာရိတ္တကောင်းမွန်သည့်အပြင်၊ အတိတ်က အချစ်ရေးအရှုပ်အရှင်းများလည်း ကင်းရှင်းသည့် လူကြီးလူကောင်းတစ်ဦး ဖြစ်သည်။

ဒါကိုကြည့်ရင်... သူက တကယ့်ကို ယောက်ျားကောင်းတစ်ယောက် ဖြစ်လာရန်အတွက် အလွန်အမင်း သင့်တော်တဲ့ ရွေးချယ်စရာ တစ်ဦးပင်။

အချစ်ဆိုတဲ့အရာက... သူမအတွက်တော့ နောက်ဆိုရင် လုံးဝအရေးပါတော့မှာ မဟုတ်ဘူး။

အဓိက အရေးကြီးတာက... ဇနီးမောင်နှံနှစ်ဦး၏ မိသားစုနောက်ခံ အဆင့်အတန်းချင်း ကိုက်ညီမှုရှိရန်နှင့်၊ သူ့ဘက်မှ မိသားစုမှာ လူဦးရေနည်းပါးပြီး ရှုပ်ထွေးမှုများ ကင်းဝေးနေရန်သာ ဖြစ်သည်။

ဒီလို မိသားစုမျိုးထဲ လက်ထပ်ဝင်ရောက်ပြီးနောက်တွင်... လင်မယားအချင်းချင်း သံယောဇဉ် မရှိခဲ့လျှင်ပင်၊ သူမ၏ အရင်ဘဝကလိုမျိုး အကျဉ်းချခံရပြီး အရှင်လတ်လတ် မီးရှို့သတ်ခံရမည့် ဘေးဆိုးမျိုးနှင့် ဘယ်တော့မှ ကြုံတွေ့ရတော့မည် မဟုတ်ချေ။

ရွှယ်နင် တွေးမိလေလေ၊ စိတ်ထဲ၌ ပို၍ ကျေနပ်အားရမိလေလေ ဖြစ်သည်။ သူမက ပထမဆုံးအဆင့်အဖြစ် သူ့ရဲ့ လတ်တလောအခြေအနေကို သေသေချာချာ စုံစမ်းထောက်လှမ်းပြီးမှသာ၊ သခင်မကျန်းနှင့် ဤကိစ္စကို ဆွေးနွေးတိုင်ပင်ရန် လိုအပ်လိမ့်မည်။

"ယန်ယန်... ငါတို့တွေလည်း ဟိုဘက်ကို သွားပြီးတော့ သွားကြည့်ရအောင်။"

ဝေ့ကျန့်ယန် စူးစမ်းလိုစိတ် ဖြစ်သွားသည်။

"နင်ပဲ အစက အဲဒီလို လူစည်ကားပြီး ဆူညံတဲ့နေရာတွေကို မသွားချင်ဘူးဆို။"

ရွှယ်နင်က အဝေးသို့ လှမ်းကြည့်လိုက်ရာ... မထင်မှတ်ဘဲ အဝေးတစ်နေရာမှ လော်ဝမ်ကျွင်းနှင့် အကြည့်ချင်း တည့်တည့်မတ်မတ် ဆုံသွားသည်။

ထိုလူငယ်သခင်လေး၏ အကြည့်မှာ ဖြူစင်တောက်ပနေပြီး၊ သူက ရွှယ်နင်နှင့် အကြည့်ချင်းဆုံသည်နှင့်တစ်ပြိုင်နက် ရှက်ကိုးရှက်ကန်းဖြင့် မျက်ဝန်းများကို အလျင်အမြန် လွှဲဖယ်သွားသည်။

ရွှယ်နင်၏ နှုတ်ခမ်းထောင့်တွင် အပြုံးနုနုလေးတစ်ခု ဖြစ်ပေါ်လာ၏။

"အခုတော့... ငါ စိတ်ဝင်စားသွားပြီလေ။"

သူမသည် ဝေ့ကျန့်ယန်အား ဆွဲခေါ်ကာ လူအုပ်ကြီးအတွင်းသို့ တိုးဝှေ့ဝင်ရောက်သွားခဲ့ချိန်တွင်... လူတိုင်းက ပြိုင်ပွဲတစ်ခုအတွက် အသင်းဖွဲ့ရန် ဆူညံစွာ အော်ဟစ်တောင်းဆိုနေကြခြင်းဖြစ်ပြီး၊ အနိုင်ရရှိသည့်အသင်းအတွက် ဆုလာဘ်များလည်း ပြင်ဆင်ပေးထားကြောင်း သိလိုက်ရသည်။

ရွှယ်နင် ရောက်လာတာကို မြင်လျှင်... စုရှီးသည် တခြားလူတွေ သတိမထားမိမှာကို စိုးရိမ်နေသည့်အတိုင်း အလျင်အမြန်ပင် ကျယ်လောင်စွာ ပြောလိုက်၏။

"ဒီနေ့မှာ... ညီမလေးအားနင်က အိမ်တော်ရဲ့ အဓိကဇာတ်လိုက်မင်းသမီးပဲလေ။ သူ(မ) သေချာပေါက် ဝင်ကစားရမယ်။"

ဘေးပတ်ဝန်းကျင်ရှိ လူတိုင်းလည်း... တိုက်ခတ်နေသော လေနှင့် ဆီးနှင်းများအလယ်တွင် နတ်သမီးတစ်ပါးအတိုင်း နုပျိုဝင်းပပြီး လှပလွန်းနေသည့် ရွှယ်နင်၏ ပါးပြင်နီနီလေးများကို မြင်တွေ့ကြရသဖြင့်၊ သူမအား ကစားပွဲတွင် ဝင်ရောက်ပူးပေါင်းရန်အတွက် သဘာဝအတိုင်း ဝိုင်းဝန်းတောင်းဆိုကြတော့သည်။

ရွှယ်နင်သည် ဘေးမှနေ၍ အပန်းဖြေကြည့်ရှုရန်သာ အလိုရှိခဲ့ခြင်းဖြစ်ပြီး၊ သူမကိုယ်တိုင် လူအများ၏ အာရုံစိုက်ရာ ဗဟိုချက်အဖြစ်သို့ မရောက်ရှိချင်ခဲ့ချေ။

ဒါ့အပြင်... သူမက ဒီလို မြှားပစ်ကစားနည်းမျိုးမှာ ဘယ်တုန်းကမှ ထူးထူးခြားခြား ကျွမ်းကျင်ခဲ့ဖူးသူ မဟုတ်ဘူး။

စုရှီးသည် ရွှယ်နင် ဒီကစားနည်းမှာ ဘယ်လောက်အထိ အရည်အချင်းမရှိ ညံ့ဖျင်းလဲဆိုတာကို ကောင်းကောင်းကြီး သိထားသဖြင့်... အခုကိစ္စမှာ အထက်တန်းလွှာများနှင့် အရာရှိကြီးများ၏ ရှေ့တွင် ရွှယ်နင်အား တမင်တကာ အရှက်ခွဲရန် ကြံစည်နေခြင်းသာ ဖြစ်သည်။

သို့သော်လည်း စုရှီးက သူမအား လွယ်လွယ်နှင့် လွှတ်ပေးရန် ငြင်းဆန်ခဲ့သည်။

"ညီမကောင်းလေးရယ်... လူတိုင်းရဲ့ ပျော်ရွှင်စရာ ကစားပွဲလေးကို စိတ်ပျက်အောင် မလုပ်ပါနဲ့။"

ရွှယ်နင်က သူမအား အဓိပ္ပာယ်ပါပါဖြင့် စိုက်ကြည့်လိုက်သော်လည်း... စုရှီးကတော့ ရွှယ်နင်၏ အကျိုးစီးပွားကိုသာ ရိုးသားစွာ တွေးတောပေးနေသည့်အတိုင်း အပြစ်ကင်းစင်တဲ့ အပြုံးဖြင့် ပြန်ပြုံးပြနေခဲ့သည်။

"မင်းလည်း ဒီအထိတောင် ရောက်နေပြီပဲ...ဘာလို့ လူတိုင်းနဲ့အတူတူ တစ်ပွဲလောက် ဝင်ပြီး မကစားတာလဲ"

စုကျန်းသည် ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိဘဲ လူအုပ်ကြားထဲတွင် ပေါ်လာသည်။ သူက ပေါ့ပါးသွက်လက်တဲ့ သိုင်းဝတ်စုံသို့ လဲလှယ်ဝတ်ဆင်ထားပြီး၊ အပြင်ဘက်တွင် ရွှေရောင်တိမ်တိုက်ပန်းပွင့်ပုံစံများ ပန်းထိုးထားသည့် လက်င်္ကျီပွ ဝတ်ရုံကြီးကို ထပ်မံလွှားခြုံထားကာ သူ့မျက်နှာကို ကျောက်စိမ်းပမာ အပြစ်ပြောစရာမရှိအောင် ခန့်ညားစေပြီး၊ သူ၏ ခန္ဓာကိုယ်အချိုးအစားကိုလည်း ပို၍ အရပ်မြင့်ကာ ထည်ဝါသွားစေသည်။

ဒါပေမဲ့လည်း... သူ့ဆီကနေ ထွက်ပေါ်လာတဲ့ အပြစ်တင်စကားသံကတော့ ကျရောက်နေသည့် လေစိမ်းနှင့် ဆီးနှင်းများထက်ပင် ပိုအေးစက်သည်။

တစ်ခဏချင်းမှာပင်... အနည်းငယ် စည်ကားစပြုနေပြီဖြစ်သော ဆီးနှင်းဥယျာဉ်သည် ရေခဲတုံးကြီးတစ်ခု အတင်းအကြပ် အချခံလိုက်ရသည့်အတိုင်း ရုတ်တရက် အေးခဲငြိမ်သက်သွားသည်။

တရားရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးဖြစ်တဲ့ စုကျန်းသည် ရာဇဝတ်ကောင်ပေါင်းများစွာကို ကိုယ်တိုင် စစ်ဆေးမေးမြန်းခဲ့ဖူးသူဖြစ်တာကြောင့် သူ့ခန္ဓာကိုယ်ထက်တွင် ခန့်မှန်းရခက်သော မှောင်မိုက်ခြင်းနှင့် ပြတ်သားတင်းမာတဲ့ အရှိန်အဝါတို့က သဘာဝအတိုင်း ရှိနေခဲ့သည်။

ဒီလို တင်းကျပ်တဲ့လေထုကို ရဲရဲဝံ့ဝံ့ ဖြိုခွဲရဲတာက မင်းသမီး ရှို့နင်း၏ တက်ကြွလန်းဆန်းသော အသံချိုချိုလေးတစ်ခုသာ ရှိသည်။

"ရှီဇီအစ်ကို.. ဘာဖြစ်လို့ ရုတ်တရက်ကြီး ရောက်လာရတာလဲ။ ကျွန်မတို့နဲ့အတူတူ ဝင်ပြီး ကစားမလို့လား။ ကျွန်မတို့လည်း အခုပဲ အသင်းဖွဲ့ပြီး မြှားပစ်ကစားကြတော့မလို့။"

လူအချို့ကလည်း သဘောကျစွာ ရယ်မောရင်း ကြားဖြတ် ပြောလိုက်ကြသည်။

"သခင်မလေးရွှယ်ကတော့ သေချာပေါက် ဝင်ကစားရမှာပေါ့။ လာကြပါ... လူတိုင်းပဲ၊ အခုကတည်းက ကိုယ်သဘောကျတဲ့ အသင်းဖော်တွေကို စိတ်ကြိုက် ရွေးလိုက်ကြစမ်းပါ။"

ရွှယ်နင်သည် လူအုပ်ကြီး၏ ဝိုင်းတွန်းပို့မှုကြောင့် အရှေ့ဘက်သို့ ရောက်ရှိသွားပြီး၊ အရှိန်မထိန်းနိုင်ဘဲ စုကျန်း၏ ရင်ခွင်ထဲသို့ ယိုင်တိယိုင်ထိုး လဲကျလုနီးပါး ဖြစ်သွားသည်။

စုကျန်း မျက်မှောင်ကြုတ်ရန်ပင် အချိန်မရလိုက်ခင်မှာပင်... ခြေလှမ်းမမြဲဘဲ ယိမ်းထိုးသွားခဲ့တဲ့ ထိုမိန်းကလေးငယ်က ဘေးဘက်ကို အသာလေး တိမ်းစောင်းကာ လဲကျတာကနေ ရှောင်လွှဲသွားတာကို တွေ့လိုက်ရသည်။

ဝေ့ကျန့်လန်သည် သူမ၏ အင်္ကျီလက်စပေါ်မှနေ၍ သူမအား လဲမကျသွားစေရန် သေသေချာချာ လှမ်း၍ ကူညီပေးလိုက်ခြင်း ဖြစ်သည်။

ထိုမိန်းကလေးငယ်ကလည်း မတ်မတ်ပြန်ရပ်လိုက်ရင်း၊ ဝေ့ကျန့်လန်အား အသံတိုးတိုးလေးဖြင့် ကျေးဇူးတင်စကား ပြောလိုက်သည်။

စုကျန်း၏ မျက်ခုံးများက အနည်းငယ် ပိုမိုတွန့်ချိုးသွားခဲ့ပြီး... သူ၏ အကြည့်သည် ဝေ့ကျန့်လန်က ရွှယ်နင်အပေါ် စိုးရိမ်တကြီး ကြည့်နေတဲ့ မျက်ဝန်းများနှင့် ရွှယ်နင်အား ထိန်းပေးထားသည့် လက်ဖဝါးဆီသို့ တည့်တည့်မတ်မတ် ကျရောက်သွား၏။

"ရွှယ်နင်... ဒီနားကို လာခဲ့။"

ရွှယ်နင် နှုတ်ခမ်းလေးကို တင်းတင်းစေ့လိုက်မိပြီး ခြေလှမ်းတစ်လှမ်းမှ မရွေ့ဘဲ နေခဲ့သည်။

"အစ်ကိုကြီး... အားနင် ဘာမှမဖြစ်ပါဘူး။"

စုကျန်းသည် သူမ၏အနားသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာခဲ့ပြီး... သူ့မျက်နှာပြင်မှာ မည်သည့်ခံစားချက်မျှ မရှိဘဲ အေးစက်နေဆဲဖြစ်သော်လည်း၊ သူမရဲ့ ပုခုံးမှာ တင်နေသည့် ဆီးနှင်းပွင့်လေးများကို ကိုယ်တိုင်ကိုယ်ကျ အသာလေး ဖယ်ရှားပေးလိုက်သည်။

"ဒီလောက်တောင် ဂရုမစိုက်တတ်တာ... လမ်းကိုတောင် သေသေချာချာ မတ်မတ်ရပ်အောင် မလျှောက်နိုင်ဘဲနဲ့၊ မင်း တခြားဘာကိုများ ကောင်းကောင်းမွန်မွန် လုပ်နိုင်ဦးမှာလဲ။"

မိမိကိုယ်ကို အပြစ်တင်စိတ်များဖြင့် ပြည့်နှက်နေရတဲ့အပြင်... ရွှယ်နင်လည်း မျက်မှောင်ကြုတ်မိလိုက်ပြီး၊ စုကျန်းက ဒီနေ့ ဘာဖြစ်လို့ ဒီလောက်အထိ ထူးဆန်းတဲ့ အမူအရာများကို ပြသနေရတာလဲဆိုတာကို ဘယ်လိုမှ နားမလည်နိုင်ဘဲ ဖြစ်နေသည်။

"အားနင် နောင်ခါကျရင် ပိုပြီးတော့ ဂရုစိုက်ပါ့မယ်။"

စုကျန်းက ခပ်ဖျော့ဖျော့ "ဟင်း" ဟု တစ်ချက်ဆိုလိုက်ရင်း... "စကြစို့" ဟု အမိန့်ပေးလိုက်သည်။

လူအချို့က ကြားဖြတ်၍ အကြံပြုလာကြသည်။

"ဒါဆိုရင်တော့... ငါတို့တွေ သခင်မလေးရွှယ်ကိုပဲ အရင်ဆုံး အသင်းဖော် စိတ်ကြိုက် ရွေးချယ်ခွင့် ပေးလိုက်ကြရင် မကောင်းဘူးလား။"

ဘေးပတ်ဝန်းကျင်ရှိ လူတိုင်းကလည်း သဘောတူသည်။

"အဲဒါ တကယ်ကို ကောင်းတဲ့ အစီအစဉ်ပဲ။"

ရွှယ်နင် နှုတ်ခမ်းများကို တင်းတင်းစေ့ထားမိ၏။ ဝေ့ကျန့်လန်သည် သူမ၏ ရှေ့မလှမ်းမကမ်းတွင် မတ်မတ်ရပ်နေခဲ့ပြီး... သူ၏ တည်ငြိမ်အေးချမ်းသော မျက်ဝန်းများက သူမထံသို့သာ စိုက်ကြည့်နေခဲ့သည်။

တခြား လူငယ်သခင်လေးများကလည်း... သူမက ဘယ်သူ့ကို ပထမဆုံးအသင်းဖော်အဖြစ် ရွေးချယ်မလဲဆိုတာကို စူးစမ်းလိုစိတ်များဖြင့် စိတ်ဝင်တစား ဝိုင်းဝန်းကြည့်ရှုနေကြသည်။

စုကျန်းသည် ရွှယ်နင်၏ ဘေးနားတွင် မတ်မတ်ရပ်နေခဲ့ပြီး... သူ၏ နှုတ်ခမ်းထောင့်တွင် မာနထောင်လွှားတဲ့ အပြုံးတစ်ခုက သဘာဝအတိုင်း ကွေးညွတ်နေခဲ့သည်။

ရွှယ်နင်က သူကလွဲပြီး တခြားဘယ်သူ့ကို ရွေးချယ်မှာလဲ?

ရွှယ်နင်၏ အကြည့်သည် ခန်းမအတွင်းရှိ လူငယ်သခင်လေးအားလုံးကို တစ်ယောက်ပြီးတစ်ယောက် ဖြတ်ကျော်၍ အကဲခတ်ကြည့်ရှုလိုက်ပြီးနောက်... နောက်ဆုံးတွင် လူအုပ်ကြီး၏ နောက်ဘက်အကျဆုံးနေရာတွင် အေးအေးလူလူ ရပ်နေခဲ့သည့် လော်ဝမ်ကျွင်းဆီ တည့်တည့်မတ်မတ် ကျရောက်သွားသည်။

သူမက အသံချိုချိုလေးဖြင့် တိုးတိုးလေး မေးလိုက်သည်။

"သခင်လေးလော်... ကျွန်မနဲ့အတူတူ တစ်သင်းတည်း ဝင်ကစားပေးဖို့ ဆန္ဒရှိပါသလား"

သူမ၏ စကားလုံးများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက်... ဘေးပတ်ဝန်းကျင်ရှိ လူအုပ်ကြီးတစ်ခုလုံး ဆွံ့အသွားကြပြီး အံ့ဩတုန်လှုပ်သွားကြတော့သည်။

ဝေ့ကျန့်ယန်လည်း ဇဝေဇဝါဖြစ်သွားတဲ့ အမူအရာဖြင့် ရွှယ်နင်၏ မျက်နှာလေးကို အလျင်အမြန် ကြည့်လိုက်ပြီးမှ... သူမရဲ့ အစ်ကိုအရင်း ဝေ့ကျန့်လန်ကို လှမ်း၍ ကြည့်မိပြန်သည်။

နင်နင်ဘာတွေ လျှောက်လုပ်နေတာလဲ။ ဘာဖြစ်လို့ ကိုယ်နဲ့ ရင်းနှီးပြီးသားဖြစ်တဲ့သူတွေကို မရွေးချယ်ဘဲ... ဒီနေရာမှာ အခြေအနေအဆိုးဆုံးနဲ့ အဆင်းရဲဆုံးဖြစ်တဲ့ လော်ဝမ်ကျွင်းကိုမှ တကူးတက ရွေးချယ်နေရတာလဲ။

သူ့ရဲ့ စိတ်ခံစားချက်များကို အပြင်ဘက် ထုတ်ပြလေ့မရှိသည့် စုကျန်းပင်လျှင်... ထိုအချိန်၌ သူ့မျက်နှာထားက မည်းမှောင်နေသည်။

လော်ဝမ်ကျွင်းလည်း ရွှယ်နင်က သူ့ကို ရွေးချယ်လိမ့်မည်ဟု ဘယ်တုန်းကမှ ထင်မှတ်မထားခဲ့ချေ။

ဘေးပတ်ဝန်းကျင်ရှိ လူအုပ်ကြီးက ဘေးဘက်သို့ အလိုအလျောက် ဖယ်ရှားပေးလိုက်ကြသဖြင့်၊ သူ့အတွက် လျှောက်လှမ်းရန် လမ်းတစ်ကြောင်း ပေါ်ထွက်လာခဲ့သည်။

ရွှယ်နင်သည် သတ္တိမွေးလိုက်ရင်း အရှေ့သို့ ခြေလှမ်းတစ်လှမ်း တိုးလိုက်ပြီး၊ တောက်ပနူးညံ့သော အပြုံးလေးတစ်ခုဖြင့် ပြောလိုက်သည်။

"နင်နင်က သခင်လေးလော်ကိုပဲ ရွေးချယ်ချင်တာပါ။ ကျွန်မနဲ့ အသင်းအတူတူ ဖွဲ့ပေးဖို့ ဆန္ဒရှိပါသလား"

လော်ဝမ်ကျွင်း ခဏတာ တွန့်ဆုတ်သွားသည်။

"ကျွန်တော်က..."

ရွှယ်နင်က သူ့အား အတင်းအကြပ် မတိုက်တွန်းချင်ပေ။

"တကယ်လို့ သခင်လေးလော်ဘက်က ဆန္ဒမရှိဘူးဆိုရင်လည်း... အားနင်ကို တိုက်ရိုက် ပွင့်ပွင့်လင်းလင်း ပြောနိုင်ပါတယ်။"

လော်ဝမ်ကျွင်းသည် ဂုဏ်ယူဝမ်းမြောက်ခြင်းနှင့်အတူ ပျာပျာသလဲ ဖြစ်သွားပြီး၊ အလျင်အမြန်ပင် လက်နှစ်ဖက်ကို ဆုပ်၍ အရိုအသေပေးရင်း ပြောလိုက်သည်။

"ကျွန်တော် ဝမ်းမြောက်စွာနဲ့ လက်ခံပါတယ်။"

ရွှယ်နင်၏ အပြုံးများ ပိုမိုနက်ရှိုင်းသွားပြီး၊ သူမက သူ့ဆီ တန်းတန်းမတ်မတ် လျှောက်သွားကာ ဘေးနားတွင် ဝင်ရပ်လိုက်သည်။

သူမ ပြန်လှည့်ကြည့်လိုက်သည့် အချိန်တွင်... ကျရောက်နေသည့် လေစိမ်းနှင့် ဆီးနှင်းများထက်ပင် ပိုမို၍ အေးစက်ခက်ထန်နေသော စုကျန်း၏ မျက်ဝန်းများနှင့် တိုက်ရိုက် ဆုံသွားခဲ့ပြန်သည်။

အရင်ဘဝတုန်းကဆိုရင်... သူမ အကြောက်ရွံ့ဆုံးအရာက သူ့ရဲ့ဘာခံစားချက်မှမရှိ၊ အေးစက်ကင်းကွာတဲ့ ထိုအကြည့်မျိုး ဖြစ်သည်။

ဒါပေမဲ့လည်း အခုဘဝမှာ.. သူမက သူ့ညီမလေးပဲ ဖြစ်တယ်။ သူမက ဘာကိုများ ထပ်ပြီး ကြောက်ရွံ့နေရဦးမှာလဲ။

ရွှယ်နင်သည် ခေါင်းလေးကို အနည်းငယ် စောင်းလိုက်ရင်း၊ မျက်ဝန်းလေးများ လခြမ်းကွေးပုံသဏ္ဌာန် ဖြစ်သွားသည်အထိ ပြုံးပြလိုက်ပြီး ပြောလိုက်သည်။

"အစ်ကိုကြီး.. အားနင်ရဲ့ ရွေးချယ်မှုက တစ်စုံတစ်ခု မသင့်တော်တာမျိုး ရှိလို့လားဟင်။"

ရွှယ်နင်ကို အခြားယောကျာ်းတစ်ယောက်ရဲ့ ဘေးမှာ ရင်းရင်းနှီးနှီး မတ်တပ်ရပ်နေတာကို မြင်ရတဲ့အချိန် စုကျန်းက သူ ဒေါသထွက်မနေတာကို ထူးဆန်းစွာ သတိပြုမိလိုက်သည်။ သူက ဒေါသထွက်မည့်အစား၊ နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း အထင်သေးရွံရှာသော အပြုံးဖြင့်သာ တုံ့ပြန်လိုက်သည်။

"မသင့်တော်တာမျိုး လုံးဝမရှိပါဘူး။"

ထို့နောက်... သူလည်း မင်းသမီး ရှို့နင်းကို အသင်းဖော်အဖြစ် ချက်ချင်း ရွေးချယ်လိုက်၏။

ရွှယ်နင်သည် စိတ်ထဲမှကနေ သက်ပြင်းတစ်ချက်ကို တိုးတိုးလေး ချလိုက်ပြီး၊ စုကျန်း၏ မျက်နှာပေးကို ဆက်လက်၍ အာရုံမစိုက်တော့ဘဲ... လော်ဝမ်ကျွင်းဘက်သို့ လှည့်ကာ အေးအေးဆေးဆေး စကားစမြည် ပြောနေတော့သည်။

"သခင်လေးလော်... မြှားပစ်ကစားနည်းကို ကောင်းကောင်း ဆော့တတ်ရဲ့လား။"

လော်ဝမ်ကျွင်းသည် ယဉ်ကျေးနူးညံ့ပြီး၊ စာပေတတ်ပညာရှင် လူကြီးလူကောင်းတစ်ဦး၏ အရှိန်အဝါကို အပြည့်အဝ ဖော်ပြနေသည်။

"နည်းနည်းတော့ ဆော့တတ်ပါတယ်၊ ဒါပေမဲ့ အရည်အချင်းကတော့ သိပ်ပြီး မရှိပါဘူး။ သခင်မလေးရွှယ်ကို အနိုင်မရအောင် ဆွဲချမိမှာကိုပဲ တကယ် စိုးရိမ်မိပါတယ်။"

ရွှယ်နင်က နူးညံ့စွာ ပြုံးလိုက်သည်။

"ကိစ္စမရှိပါဘူးရယ။ ကျွန်မလည်း အရင်တုန်းက သခင်လေးလိုပဲ အဆင့်တူတူပါပဲ။"

ရွှယ်နင်သည် ချဉ်းကပ်ရလွယ်ကူပြီး သူမ၏ အပြုံးများကလည်း နွေးထွေးတာကို မြင်တွေ့ရလျှင်၊ လော်ဝမ်ကျွင်းက ပြောလာသည်။

"ကျွန်တော့်ကြောင့် သခင်မလေး စိတ်ပျက်သွားရမှာကို တကယ် စိုးရိမ်မိတာပါ။"

ရွှယ်နင်လည်း လော်ဝမ်ကျွင်း၏ ပွင့်လင်းရိုးသားတဲ့ စရိုက်ကို သဘောကျသည်။

"တကယ်ပဲ ဘာမှမဖြစ်ပါဘူး။ ကျွန်မက ဆုလာဘ်ကို အဓိက စိတ်ထဲထားတာမဟုတ်ဘဲ... လူတိုင်းနဲ့အတူတူ ပျော်ပျော်ပါးပါး စည်စည်ကားကား ကစားချင်ရုံသက်သက်ပါ။"

လော်ဝမ်ကျွင်းသည် ရွှယ်နင်အား အခြားအထက်တန်းလွှာမျိုးရိုးမှ မောက်မာသည့် သခင်မလေးများနှင့် လုံးဝမတူဘဲ ကွဲပြားခြားနားနေတယ်လို့ အမြဲတမ်း ခံစားရသည်။ အခု သူမရဲ့တိုးညင်းနူးညံ့သော စကားသံများကို ကိုယ်တိုင် ကြားလိုက်ရသဖြင့်၊ သူ့စိတ်ထဲမှာ အတိုင်းထက်အလွန် စိတ်အေးချမ်းမှုကို ခံစားလိုက်ရသည်။ ထို့အပြင်... သူမ၏ မိသားစုဝင်အားလုံး ကွယ်လွန်သွားခဲ့ကြပြီဖြစ်ရာ၊ သူမက အခြားလူများ၏ အိမ်တော်တွင် သူများမျက်နှာ ကြည့်လျက် အချိန်အကြာကြီး မှီခိုနေထိုင်ခဲ့ရတယ်ဆိုတဲ့ အကြောင်းကို ပြန်ကြားရချိန်၌... သူ့စိတ်ထဲမှာ သူမအပေါ် သနားကြင်နာမှုတို့ လှုပ်ခတ်သွားသည်။

All Chapters