အခန်း ၄၄
Vol. 5 Ch. 44
အခန်း(၄၄)
စုရှီးသည် သခင်လေးကျိုးနှင့် အသင်းဖွဲ့လိုက်ပြီး၊ စုမန်က သခင်လေးလီနှင့် တစ်သင်းတည်း ဝင်လိုက်သည်။
ဝေ့ကျန့်လန်နှင့် ကျန်းကျစ်ယွီ နှစ်ဦးတည်းသာလျှင် ဤကစားပွဲတွင် ဝင်ရောက်ဆော့ကစားခြင်း မရှိကြပေ။
စာပေရော သိုင်းပညာပါ နှစ်ရပ်စလုံးတွင် ထူးချွန်တဲ့ စုကျန်းအတွက်... ဒီလိုမြှားပစ်ကစားနည်းမျိုးက ကလေး ကစားစရာမျှသာ ဖြစ်၏။
သူက အေးအေးလူလူပင် လက်ကိုတစ်ချက်ဝှေ့၍ မြှားကို ပစ်လွှတ်လိုက်ရာ... စတင်လိုက်သည်နှင့်တစ်ပြိုင်နက် နှစ်မှတ်ကို ချက်ချင်း ရရှိသွားခဲ့သည်။
ထို့နောက်တွင်လည်း သူသည် မြှားတံများကို ဆက်တိုက်ဆိုသလို တည့်တည့်မတ်မတ် ပစ်သွင်းနိုင်ခဲ့ပြီး၊ နောက်ဆုံးတွင် မြှားတံကို အိုးအတွင်း၌ ဒေါင်လိုက်စိုက်ဝင်စေကာ ဆယ်မှတ်ကိုပါ ထပ်မံရယူသွားပြန်သည်။
ဘေးပတ်ဝန်းကျင်ရှိ လူတိုင်းက စုကျန်း၏ အံ့မခန်း ထူးချွန်တဲ့ မြှားပစ်အရည်အချင်းကို ကြည့်ရှုရင်း တအံ့တဩ ချီးမွမ်းကြပြီး၊ တစ်ပြိုင်နက်တည်းမှာပင် လက်ခုပ်တီးကာ အားပေးကြ၏။
စုကျန်းသည် သူ့နှုတ်ခမ်းထောင့်ကို ခပ်ဖျော့ဖျော့ ကွေးညွတ်လိုက်ရင်း... ရွှယ်နင်ဆီက မျှော်လင့်တကြီးဖြင့် သူ့အပေါ် အထင်ကြီးလေးစားပြီး အားကျနေမည့် မျက်နှာပေးမျိုးကို မြင်တွေ့ရလိမ့်မည်ဟု ထင်မှတ်ကာ ခေါင်းကို လှည့်ကြည့်လိုက်သည်။
သို့သော် မထင်မှတ်ဘဲ... ရွှယ်နင်က ဒီလောက် ခမ်းနားတဲ့ မြှားပစ်ကွင်းပြင်ဆီ လုံးဝအာရုံစိုက်မနေခဲ့ချေ။
သူမက အခြားတစ်ဖက်သို့ ကျောခိုင်းထားပြီး၊ လော်ဝမ်ကျွင်းနှင့် အကြောင်းအရာတစ်ခုခုကို စိတ်ဝင်တစား တိုးတိုးလေး စကားစမြည် ပြောဆိုနေသည်။
စကားဝိုင်းမှာ ပျော်စရာအချက်သို့ ရောက်ရှိသွားသည့်အတိုင်း... သူမ၏ နှုတ်ခမ်းထောင့်လေးများကလည်း အနည်းငယ် မြင့်တက်ကာ ချိုသာစွာ ပြုံးနေခဲ့သည်။
စုကျန်း၏ မျက်နှာတစ်ခုလုံး ချက်ချင်းပင် အေးစက်တင်းမာသွားပြီး၊ မြှားပစ်ကစားပွဲအပေါ် စိတ်ဝင်စားမှု လည်း ရုတ်တရက် ပျောက်ဆုံးသွားသည်။
သူက လက်ထဲတွင် ကျန်ရှိနေသေးသော မြှားတံများကို ရှဲ့နင်းထန်၏ လက်ထဲသို့ ဆတ်ခနဲ ကမ်းပေးလိုက်သည်။
ရှဲ့နင်းထန်က ဘာကိုမှ သတိမထားမိဘဲ... ဝမ်းမြောက်ဝမ်းသာဖြင့် မြှားတံများကို လှမ်းယူလိုက်သည်။ သူမလည်း မြှားပစ်ကစားနည်းတွင် အတော်ပင် ကျွမ်းကျင်သူတစ်ဦးဖြစ်တာကြောင့် ထူးချွန်တဲ့ ပြတ်သားမှုများဖြင့် မြှားတံအချို့ကို ဆက်တိုက်ပစ်သွင်းလိုက်ပြီး သူမတို့အသင်းအတွက် နောက်ထပ် ဆယ်မှတ်ကို ထပ်မံဖြည့်ပေးလိုက်ပြန်သည်။
"ညီမလေးအားနင်... နင့်အလှည့်ရောက်ပြီနော်။"
စုရှီးသည် ရွှယ်နင်အား မြှားတံများကို ကမ်းပေးလိုက်ရင်း၊ သူမ အရှက်ကွဲမည့် ပြကွက်ကြီးကို မျှော်လင့်စောင့်စားနေသည့် အမူအရာဖြင့် ပြောလိုက်၏။
"နင်သာ ဒီမြှားတံတွေကို တခြားလူတွေဆီ ရောက်အောင် လျှောက်မပစ်မိဘူးဆိုရင်ပဲ.. နင့်အတွက် အနိုင်ရတယ်လို့ သတ်မှတ်ရတော့မှာပဲ။"
ရွှယ်နင်သည် မည်သည့်ခံစားချက်မျှမရှိသော မျက်နှာသေဖြင့် မြှားတံများကို လက်ခံလိုက်ပြီး၊ ၎င်းတို့ထဲမှ အချို့ကို လော်ဝမ်ကျွင်းထံသို့ ကမ်းပေးလိုက်ရင်း ပြုံးကာ ပြောလိုက်သည်။
"သခင်လေးလော်... စိတ်မလှုပ်ရှားပါနဲ့။ကျွန်မတို့တွေ ပျော်ပျော်ပါးပါး ဆော့ကစားဖို့ကိုပဲ အဓိက အာရုံစိုက်ကြရအောင်။"
လော်ဝမ်ကျွင်းက ညင်သာစွာ ခေါင်းငြိမ့်ပြရင်း... ပထမဆုံးအလှည့်အဖြစ် မြှားကို စတင်ပစ်လွှတ်လိုက်သည်။ သို့သော်လည်း မြှားတံ (၅) စင်းအနက် (၁) စင်းသာ အိုးထဲသို့ ဝင်ရောက်သွားခဲ့သဖြင့်၊ သူက ဒီကစားနည်းမှာ တကယ်ကို အရည်အချင်းမရှိ ညံ့ဖျင်းကြောင်း သက်သေပြလိုက်သလို ဖြစ်သွားသည်။
စုကျန်းသည် လော်ဝမ်ကျွင်း၏ ရှက်ရွံ့ကာ နီမြန်းနေသော ချောမောသည့် မျက်နှာကို အေးစက်စွာ စိုက်ကြည့်နေရင်း... ရွှယ်နင်က ဘာဖြစ်လို့ ဒီလိုအသုံးမကျတဲ့လူမျိုးကိုမှ တကူးတက ရွေးချယ်ခဲ့တာလဲဆိုတာကို ဘယ်လိုမှ နားမလည်နိုင်ဘဲ ရှိနေသည်။
သူမက သူ့ကို မနှစ်သက်ဘူးဆိုဦးတော့... အနည်းဆုံးတော့ သူမက သူ့အရှိန်အဝါ အကာအကွယ်အောက်မှာ ခိုလှုံနေနိုင်သေးတယ် မဟုတ်လား။
ဘယ်လိုပဲဖြစ်ဖြစ် သူက သူမရဲ့အစ်ကိုကြီး ဖြစ်တယ်။ အချိန်တန်လျှင် သူမအား အခြားလူများက လှောင်ပြောင်အနိုင်ကျင့်ခြင်း မပြုနိုင်ရန်အတွက် သူက သဘာဝအတိုင်း ကာကွယ်စောင့်ရှောက်ပေးမည်သာ ဖြစ်၏။
အခုတော့... သူမကိုယ်တိုင်ကပဲ ဒီလိုမျိုး အသုံးမကျတဲ့ အသင်းဖော်ကို ရွေးချယ်ခဲ့တာဖြစ်လို့ ၎င်းက သူမကိုယ်တိုင် ရှာခဲ့တဲ့ ဒုက္ခပဲ။
သူမက သူ့ရဲ့ အကာအကွယ်အောက်မှာ နေထိုင်ရတာက ဘယ်လောက်အထိ စိတ်ချလုံခြုံမှုရှိလဲဆိုတာကို နားလည်သဘောပေါက်သွားစေရန်... အပြင်ဘက်တွင် အနည်းငယ် ဒုက္ခရောက်ပြီး နာကျင်မှုကို မြည်းစမ်းကြည့်သင့်တယ်။
ဘေးပတ်ဝန်းကျင်ရှိ လူအုပ်ကြီးထံမှ တိုးတိုးတိတ်တိတ် ဝေဖန်သံများနှင့် လှောင်ပြောင်ရယ်မောသံများက တဖြည်းဖြည်း ထွက်ပေါ်လာခဲ့သည်။
ရွှယ်နင်က သူ့ကြောင့် အရှက်ခွဲ ခံနေရတယ်လို့ တွေးမိတာကြောင့် လော်ဝမ်ကျွင်း၏ နားရွက်များမှာ ပိုမိုနီမြန်းလာခဲ့ရပြီး၊ သူမ၏ဘေးနားသို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာလာခဲ့ရင်း တောင်းပန်လိုက်သည်။
"သခင်မလေးရွှယ်... ကျွန်တော့်ကြောင့် တကယ်ကို အားနာပါတယ်။"
ရွှယ်နင်က တည်ငြိမ်ပေါ့ပါးသော အပြုံးလေးတစ်ခုဖြင့် ပြန်ဖြေလိုက်သည်။
"အားနာစရာ ဘာမှမရှိပါဘူး သခင်လေးလော်ရယ်။ ဒါက ကစားပွဲသက်သက်ပဲကို"
စကားဆုံးသည်နှင့်တစ်ပြိုင်နက်... သူမသည် အရှေ့သို့ ခြေလှမ်းတစ်လှမ်း တိုးလိုက်ပြီး၊ အိုး၏ မတ်မတ်ပွင့်နေသော နှုတ်ခမ်းဝဆီသို့ သေသေချာချာ အာရုံစိုက်ကာ ချိန်ရွယ်လိုက်သည်။
စုရှီးသည် သူမ၏ ရယ်ချင်စိတ်ကို ဘယ်လိုမှ ထိန်းချုပ်မထားနိုင်တော့ချေ။
"ညီမကောင်းလေး... ပစ်တဲ့အခါ သေသေချာချာလေး ဂရုစိုက်ပြီး ပစ်ဦးနော်။ အနည်းဆုံးတော့ တစ်စင်းလောက် ဝင်အောင် ကြိုးစားကြည့်စမ်းပါ။"
ရွှယ်နင်သည် မည်သည့်လှုပ်ခတ်မှုမျှမရှိဘဲ အေးချမ်းတည်ငြိမ်သော အမူအရာဖြင့် သူမ၏ လက်ဖဝါးနုနုလေးကို အသာအယာ မြှောက်လိုက်ပြီး၊ ကိုင်ဆောင်ထားသော မြှားတံကို တည်ငြိမ်ပြတ်သားစွာဖြင့် ဝှေ့ယမ်းပစ်လွှတ်လိုက်သည်။
တိုက်ခတ်လာတဲ့ လေညင်းတစ်ခုက ငှက်မွေးမြှားတံလေးကို သယ်ဆောင်သွားခဲ့ပြီး... မြှားဦးချွန်လေးသည် လေထုကို ဖြတ်သန်းကာ လေချွန်သံတိုးတိုးလေး ထွက်ပေါ်စေလျက်၊ အိုး၏ ဘေးဘက် 'နားကွင်း' အတွင်းသို့ တည့်တည့်မတ်မတ် စိုက်ဝင်သွားခဲ့၏။
"ဒါ... ဒါက အိုးရဲ့ နားကွင်းထဲကို ကွက်တိစိုက်ဝင်သွားတဲ့ 'နားကွင်းပစ်ချက်' မဟုတ်လား။"
စုရှီးတစ်ယောက် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားသည်။
သူမ၏ အံ့ဩတုန်လှုပ်မှုများ မပျောက်ကွယ်သေးခင်မှာပင်... ရွှယ်နင်သည် သူမ၏ ဗာဒံစေ့ပုံသဏ္ဌာန် မျက်ဝန်းများကို အနည်းငယ်ကျဉ်းမြောင်းလိုက်ပြီး၊ လက်နှစ်ဖက်ဖြင့် မြှားတံနှစ်စင်းကို တစ်ပြိုင်နက်တည်း ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်သည်။
စုမန်၏ မျက်ဝန်းများသည် အံ့ဩလွန်းတာကြောင့် တောက်ပသွား၏။
"အားနင်... အိုးရဲ့ နားကွင်းနှစ်ဖက်စလုံးထဲကို ကွက်တိစိုက်ဝင်သွားတဲ့ 'နားကွင်းနှစ်ဖက်ပစ်ချက်' ပါလား။ နင် ဘယ်တုန်းက မြှားပစ်တာကို သင်လိုက်တာလဲ။"
ရွှယ်နင်၏ နှုတ်ခမ်းထောင့်တွင် ခပ်ဖျော့ဖျော့ အပြုံးလေးတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး၊ သူမက လော်ဝမ်ကျွင်းဘက်သို့ မျက်နှာမူကာ ပြောလိုက်သည်။
"သခင်လေးလော်... စိတ်မပူပါနဲ့။အားနင်က ရှုံးသွားတဲ့အမှတ်တွေကို ရှင့်အတွက် ပြန်ပြီး အနိုင်ယူပေးပါ့မယ်။"
စကားဆုံးသည်နှင့်တစ်ပြိုင်နက်... သူမ ပစ်လွှတ်လိုက်သော မြှားတံများမှာ အိုးအတွင်းသို့ ဒေါင်လိုက် ကွက်တိ စိုက်ဝင်သွားခဲ့သည်။
အခု... စုရှီး ဆက်၍ မရယ်မောနိုင်တော့သလို၊ ကျန်းကျစ်ယွီပင်လျှင် အံ့ဩသွားသည့် အမူအရာကို ဖုံးကွယ်မထားနိုင်တော့ချေ။
စုကျန်းလည်း သူ၏ ဓားကဲ့သို့ ထက်မြက်သော မျက်ခုံးများကို တွန့်ချိုးလိုက်မိပြီး၊ ရွှယ်နင်အား နက်ရှိုင်းစွာဖြင့် သေသေချာချာ စိုက်ကြည့်နေတော့သည်။
ရွှယ်နင်က လူအုပ်ကြီးထံမှ ထွက်ပေါ်လာသော အမျိုးမျိုးသော အကြည့်များကို ဘာတစ်ခုမှ အာရုံမစိုက်ခဲ့ချေ။ သူမက အနိုင်ရရှိတဲ့ ဆုလာဘ်များထဲမှ စုတ်တံ၊ မှင်တောင့်၊ စာရေးစက္ကူနှင့် မှင်ကျောက်ပြားတို့ကိုသာ လက်ထဲသို့ ယူဆောင်လိုက်ပြီး၊ လော်ဝမ်ကျွင်းထံသို့ လှမ်း၍ ကမ်းပေးလိုက်သည်။
"ဒါက သခင်လေးလော်တွက် အားနင်ရဲ့ ကျေးဇူးတင်တဲ့ လက်ဆောင်ပါ"
လော်ဝမ်ကျွင်းက ဤဆုနှင့် မထိုက်တန်ဟု ခံစားလိုက်ရသည်။
"ဒါ... ဒါက... ကျွန်တော်က ဘာမှလည်း ထည့်ပြီး မကူညီပေးနိုင်ခဲ့ဘဲနဲ့..."
ရွှယ်နင်က နူးညံ့စွာ ပြုံးလိုက်၏။
"အားနင်အပေါ် စိတ်ထဲမထားဘဲ... အတူတူ အသင်းဖွဲ့ဖို့ ရွေးချယ်ပေးခဲ့တဲ့အတွက် သခင်လေးလော်ကို တကယ်ပဲ ကျေးဇူးတင်ပါတယ်"
လော်ဝမ်ကျွင်း ခေါင်းမော့ကြည့်လိုက်တဲ့အခါ... သူ၏ ချောမောသော မျက်နှာပြင်ထက်၌ လူငယ်လေးတစ်ဦး၏ ရှက်သွေးဖြန်းကာ နီမြန်းနေသည့် အမူအရာတို့က အထင်အရှား ပေါ်ထွက်နေခဲ့သည်။
"သခင်မလေးရွှယ်... ဒါဆိုရင်လည်း—"
ရွှယ်နင်က နှုတ်ခမ်းလေးကို စေ့ကာ ခပ်ဖျော့ဖျော့ ပြုံးပြလိုက်သည်။
"ကျေးဇူးပြုပြီး လက်ခံပေးပါ သခင်လေးလော်။"
လော်ဝမ်ကျွင်း၏ ရင်ထဲမှာ ရင်ခုန်လှိုင်းထသံများ ဖြစ်ပေါ်သွားပြီး... ကျရောက်နေသည့် ဆီးနှင်းမြူမှုန်များအလယ်တွင် သူ၏ ချောမောတဲ့ မျက်နှာပြင်က အနည်းငယ် ပိုနီမြန်းသွားသည်။
"ဒါဆိုရင်တော့... ကျွန်တော် ဝမ်းမြောက်ဝမ်းသာနဲ့ပဲ ရိုရိုသေသေ လက်ခံလိုက်ပါ့မယ်။"
မြှားပစ်ကစားပွဲအတွင်းရှိ ရွှယ်နင်၏ ထူးချွန်သော အရည်အချင်းက လူတိုင်းကို တကယ့်ကို အံ့အားသင့်စေခဲ့သည်။
အထက်တန်းလွှာ သခင်မလေးအများအပြားက သူမရဲ့ဘေးနားသို့ ဝိုင်းဝန်းစုရုံးလာခဲ့ကြပြီး၊ မြှားပစ်ကစားနည်း၏ လျှို့ဝှက်ချက် နည်းစနစ်များကို မေးမြန်းစုံစမ်းကြတော့သည်။
ရွှယ်နင်က ခပ်ဖွဖွလေး ရယ်မောလိုက်ရင်း ပြောလိုက်သည်။
"ဘယ်လို လျှို့ဝှက်ချက်မှ မရှိပါဘူး... ဒါက အကြိမ်ကြိမ်အဖန်ဖန် လေ့ကျင့်မှုကြောင့် ရလာတဲ့ အသားကျမှု သက်သက်ပါပဲ။"
ယုံကျိုးရှိ အိမ်တော်ဟောင်းအတွင်း၌ ငါးနှစ်တိုင်တိုင် ပိတ်လှောင်ခံထားရစဉ်က... နေ့ရောညပါ အဖော်မရှိ၊ လုပ်စရာ အလုပ်ဟူ၍လည်း မရှိခဲ့သဖြင့်၊ သူမက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက စုကျန်း၏ အမူအရာကို စိတ်ထဲမှနေ၍ အတုခိုးကာ၊ ကြေးအိုးတစ်လုံးထဲသို့ သစ်သားတံလေးများကို အပျင်းပြေ ပစ်ထည့်နေခဲ့ခြင်း ဖြစ်သည်။ အစပိုင်းတွင် သူမလည်း ပစ်မှတ်ကို လုံးဝမထိမှန်ခဲ့ချေ။ သို့သော်လည်း တစ်နှစ်ပြီးတစ်နှစ်၊ နှစ်နှစ်၊ သုံးနှစ်၊ ငါးနှစ်တိုင်တိုင်... နှစ်ရှည်လများ အကြိမ်ကြိမ် လေ့ကျင့်ပစ်လွှတ်ပြီးနောက်တွင်မူ၊ နောက်ဆုံး၌ သူမသည် မျက်စိမှိတ်ထားလျှင်ပင် မြှားတံကို အိုးထဲသို့ ကွက်တိဝင်အောင် ပစ်သွင်းနိုင်သည့် အဆင့်သို့ ရောက်ရှိသွားခဲ့၏။
စုကျန်းသည် ထိုမိန်းကလေးငယ်၏ ကင်းကွာပြီး အေးစက်လွန်းတဲ့ မျက်နှာပေးကို စိုက်ကြည့်နေရင်း... သူ့မျက်ဝန်းများ အနည်းငယ် တုန်လှုပ်သွားသော်လည်း၊ ဘာစကားတစ်ခွန်းမှ မပြောပေ။
စိတ်မသက်မသာ ဖြစ်ရသည့် မတင်မကျ ဒေါသစိတ်အချို့က သူ့စိတ်ထဲမှာ အစပျိုးလာတာကြောင့် သူက လှည့်ထွက်ခဲ့ပြီး ရေကန်ဘေးရှိ ဇရပ်ဆောင်ကြီးအတွင်းသို့ အလျင်အမြန် လှမ်းဝင်သွားခဲ့သည်။
မင်းသမီး ရှို့နင်းကလည်း သူ့နောက်သို့ ချက်ချင်းပင် လိုက်လာခဲ့သည်။
"ရှီဇီ... ဘာဖြစ်လို့ ဒီနေရာကို တစ်ယောက်တည်း ရောက်လာရတာလဲဟင်။ အပြင်ဘက်မှာ ဆူညံလွန်းလို့လား။"
စုကျန်းသည် သူ့ရှေ့မှာရှိတဲ့ ထိုအမျိုးသမီး၏ နုနယ်ပြီး ဆွဲဆောင်မှုရှိသော မျက်နှာကို စိုက်ကြည့်လိုက်မှသာ... သူ့စိတ်ထဲက ပရမ်းပတာဖြစ်နေမှုများက အနည်းငယ် ပြန်လည်တည်ငြိမ်သွားသည်။
သူက ရွှယ်နင်နှင့် ပတ်သက်ပြီး ဘာဖြစ်လို့ ဒီလောက်အထိ အဓိပ္ပာယ်မရှိဘဲ ဒေါသထွက်နေရတာလဲ။
သူ့ရှေ့မှာ ရှိနေတဲ့ မိန်းကလေးကပဲ သူ သေချာပေါက် လက်ထပ်ပြီး အိမ်တော်ထဲကို သခင်မအဖြစ် ခေါ်ဆောင်လာရမယ့် သတို့သမီးလောင်းဖြစ်တယ်။
"ဘာမှမဟုတ်ပါဘူး။ ငါ ခဏလောက် အနားယူချင်လို့ပါ။"
"ဒါဆိုရင်တော့... ရှို့နင်းကပဲ ရှီဇီရဲ့ ဘေးနားမှာ အဖော်ပြုပေးပါ့မယ်။"
"ကောင်းပြီ။"
လီချန်ချဲ့သည် စင်္ကြံရှည်ကြီး၏ အစွန်းတစ်နေရာတွင် ကြော့ရှင်းစွာ ရပ်နေခဲ့ပြီး... သူ၏ နက်မှောင်သော 'မက်မွန်ပွင့် မျက်ဝန်းများ' က ရွှယ်နင်၏ လှုပ်ရှားမှုများကို အဝေးမှနေ၍ ခပ်ဖျော့ဖျော့ အာရုံစိုက် စိုက်ကြည့်နေခဲ့တာကိုတော့ ဘယ်သူကမှ သတိမထားမိခဲ့ကြချေ။
အသိအမှတ်ပြုပွဲ အခမ်းအနားကို ယီဟယ်ခန်းမဆောင်အတွင်း၌ ကျင်းပခဲ့သည်။ လူတိုင်းလည်း သူတို့တို့ စိတ်တိုင်းကျ ပျော်ရွှင်လို့ ပြီးဆုံးသွားကြသည့် အချိန်တွင် အသက်ကြီး အမျိုးသမီးအရာရှိတစ်ဦး ရောက်ရှိလာပြီး၊ နေ့လယ်စာ သုံးဆောင်ရန်အတွက် ခန်းမဆောင်ကြီး၏ ဘေးဘက်အဆောင်ခန်းများဆီသို့ လူတိုင်းကို လှမ်း၍ ဖိတ်ကြားလိုက်သည်။
စုရှီးသည် လမ်းလျှောက်လာစဉ်တစ်လျှောက်လုံး ရင်ထဲမှာ မနာလိုဝန်တိုမှု ဒေါသစိတ်များဖြင့် တောက်လောင်နေခဲ့ပြီး... သူမရဲ့ မှောင်မိုက်တဲ့ မျက်ဝန်းများက ရွှယ်နင်၏ သွယ်လျတဲ့ လမင်းပမာ ခါးသိမ်သိမ်လေးထံသို့သာ စိုက်ကြည့်နေခဲ့သည်။
လှပဆန်းပြားပြီး အရောင်အသွေး စုံလင်တဲ့ ဒီလူ့လောကကြီးထဲမှာ ရွှယ်နင်က တကယ့်ကို အဖြူစင်ဆုံးနှင့် အနုပညာဆန်ဆုံး တန်ဖိုးရှိ ရတနာတစ်ပါးအတိုင်းပင်။
ဒီနေ့မှ များစွာသော ဂုဏ်သရေရှိ သခင်လေးများနှင့် မင်းသားများအကြား... ရွှယ်နင်ရဲ့အပေါ် ဘယ်လောက်အထိ တိတ်တဆိတ် စူးစိုက်ငေးမောနေခဲ့ကြတဲ့ မျက်ဝန်းပေါင်းများစွာ ရှိနေခဲ့တာကို ဘယ်သူ သိနိုင်မှာလဲ။
အမျိုးသမီးများ၏ ဆွဲဆောင်မှုအပေါ် ဘယ်တုန်းကမှ စိတ်ဝင်စားမှု မရှိခဲ့ဖူးသော ဝေ့ကျန့်လန်ပင်... ရွှယ်နင်ဆီ မသိမသာ မျက်တောင်မခတ်ဘဲ အကြိမ်အနည်းငယ်မျှ လှမ်း၍ ငေးမောကြည့်ခဲ့မိသေးသည်။
ထိုအချိန်ကျမှသာ... စုရှီးသည် စုချင်းက ရွှယ်နင်အပေါ် ဘာဖြစ်လို့ ဒီလောက်အထိ မနာလိုဖြစ်နေခဲ့ရတာလဲဆိုသည့် အကြောင်းအရင်းကို ရုတ်တရက် နားလည်သဘောပေါက်သွား၏။
အချို့ လူတွေဟာ သူတို့ဘက်က ဘာတစ်ခုမှ ထူးထူးခြားခြား ပြုလုပ်ရန် မလိုအပ်ဘဲ... သူတို့ရှေ့မှာ ပေါ်လာရုံသက်သက်မျှဖြင့်ပင်၊ တစ်ဖက်လူ၏ ရင်ထဲ၌ မနာလိုခြင်း၊ အားကျခြင်းနှင့် မုန်းတီးရွံရှာခြင်း ခံစားချက်တို့ကို ဘယ်လိုမှ အောင့်အည်းမထားနိုင်အောင် ဖန်တီးနိုင်စွမ်းရှိကြပေသည်။
ရွှယ်နင် ခန်းမဆောင်အတွင်းသို့ လှမ်းဝင်လိုက်သည်နှင့်တစ်ပြိုင်နက်... စုရှီးသည် သူမ၏မျက်နှာထက်မှ မနာလိုမှုများကို ချက်ချင်းဖျောက်ကာ သံယောဇဉ်ကြီးမားတဲ့ အမူအရာသို့ ချက်ချင်းပြောင်းလဲလိုက်ပြီး၊ အရှေ့သို့ လှမ်းတိုး၍ ရွှယ်နင်၏ လက်ကလေးကို ဆွဲကာ သူမရဲ့ ဘေးနားတွင် ဝင်ထိုင်စေသည်။
"မန်မန်က သူ(မ)ရဲ့ ဝမ်းကွဲနဲ့ ရင်းနှီးတာဆိုတော့... ညီမလေးအားနင်၊ နင်က ငါ့ဘေးမှာပဲ လာပြီး ထိုင်ပါလား။"
ရွှယ်နင်ကလည်း ငြင်းဆန်ခြင်းမရှိဘဲ ဘေးနားတွင် ဝင်ထိုင်လိုက်သည်။
သခင်မတုန်းသည် အပြင်ဘက်မှနေ၍ ပျာပျာသလဲ ပြေးလွှားဝင်ရောက်လာခဲ့ပြီး သခင်မကြီးရှဲ့ကို အရိုအသေပေးလိုက်ပြီးနောက်၊ စိုးရိမ်တကြီးဖြင့် ၎င်းတို့၏ စားပွဲဝိုင်းတွင် ဝင်နေရာယူလိုက်သည်။
ရွှယ်နင်က သခင်မတုန်းနှင့် စုရှီးတို့နှစ်ဦးအကြား တိတ်တဆိတ် အဓိပ္ပာယ်ပါပါ မျက်ရိပ်ပြနေကြတာကို ဘာမှမသိလေဟန်ဖြင့် တမင်တကာပင် မျက်ကွယ်ပြုထားလိုက်၏။
စုရှီးသည် သူမ၏အနားသို့ တမင်တကာ တိုးကပ်လာခဲ့ပြီး ခန္ဓာကိုယ်ကို ကိုင်းညွတ်လိုက်သည့် အချိန်၌၊ အလွန်အမင်း ထူးဆန်းပြီး သိသာသော မွှေးရနံ့တစ်မျိုးက လေထဲမှနေ၍ ပျံ့လွင့်လာသည်။
ရွှယ်နင်သည် သူမ၏ လက်ကိုင်ပဝါလေးကို အသာအယာ ညှစ်ထားမိရင်း၊ သူမ၏ နှာခေါင်းကို အနည်းငယ် လှမ်း၍ ပိတ်ထားလိုက်သော်လည်း... နှာခေါင်းဝတွင်မူ အနည်းငယ် ယားယံသလိုမျိုး ခံစားလိုက်ရသည်။
စုရှီးက ပြုံးလိုက်ရင်း... သူမ၏ရှေ့တွင် ချထားသော ဝိုင်ခွက်ကို မသိမသာ ခိုး၍ ကြည့်လိုက်သည်။
နောက်ခဏနေရင် သူမက ဒီသေးငယ်တဲ့အရာကို အသုံးချပြီး ရွှယ်နင်ကို လူအများရှေ့မှာ အရှက်ကွဲအောင် ပြုလုပ်တော့မှာ ဖြစ်လို့ မည်သည့်အမှားအယွင်း အနည်းငယ်မျှပင် မရှိစေရချေ။
"သခင်မလေး..."
ခန်းမဆောင်ကြီးအတွင်း၌ ဂုဏ်သရေရှိ ဧည့်သည်တော်များဖြင့် ပြည့်နှက်နေပြီး အမျိုးသားများနှင့် အမျိုးသမီးများအကြားကို လှပသော မျက်နှာစာကာအချို့ဖြင့် အပြင်ဘက်နှင့် အတွင်းဘက်ဟူ၍ သေသေချာချာ ပိုင်းခြားထား၏။
အမျိုးသမီးများသည် အတွင်းဘက်အခြမ်းတွင် ထိုင်ကြရင်း ပျော်ရွှင်စွာ ရယ်မောစကားပြောနေကြပြီး... ၎င်းတို့၏ အာရုံစိုက်မှုအားလုံးက အိမ်တော်၏ အကြီးအကဲ သခင်မကြီးရှဲ့ထံသို့သာ ကျရောက်နေခဲ့ကြသည်။
လန်ရှန့်သည် ကိုယ်ကို ကိုင်းညွတ်လိုက်ရင်း စုရှီး၏အနားသို့ တိတ်တဆိတ် ချဉ်းကပ်လာသည်။ သူမသည် စုရှီး၏ဘေးနားရှိ ရွှယ်နင်အား တစ်ချက်မျှ လှမ်း၍ အကဲခတ်ကြည့်လိုက်ပြီးနောက်... သူမသခင်မ၏ နားနားသို့ ကပ်ကာ အသံတိုးတိုးလေးဖြင့် စကားအချို့ကို ကမန်းကတန်း တိုးတိုးလေး ကပ်ပြောလိုက်သည်။
ရွှယ်နင်သည် သူမ၏ မျက်ဝန်းများကို နှိမ့်ချထားလိုက်ရင်း နှုတ်ခမ်းကို စေ့ထားပြီး သူမရှေ့ရှိ ဝိုင်ခွက်ကို လက်ချောင်းများဖြင့် အသာအယာ မလိုက်ကာ၊ ဘေးနားရှိ အစေခံမိန်းကလေးအား သူမနှင့် စုရှီးတို့နှစ်ဦးစလုံး၏ ခွက်များအတွင်းသို့ ဆီးသီးပန်းပွင့်ဝိုင်ကို အပြည့်ထည့်ပေးရန် အချက်ပြလိုက်သည်။
စုရှီး မျက်မှောင်ကြုတ်သွား၏။
"နင် ဘာပြောလိုက်တာလဲ။"
လန်ရှန့်က စိုးရိမ်တကြီးဖြင့် တိုးတိုးလေး ပြောသည်။
"သခင်မလေး... ခဏနေရင် ကိုယ်တိုင်ပဲ သွားကြည့်လိုက်ပါ။ ကျွန်မ တကယ်ပဲ ဘာမှ လုပ်လို့မရတော့လို့ပါ။"
စုရှီးရဲ့စိတ်ထဲ ထူးဆန်းတဲ့ခံစားချက်တစ်ခု ဖြစ်ပေါ်သွားပေမယ့် ရွှယ်နင်က ကွက်တိထိုအချိန်၌ ရုတ်တရက် ကြားဖြတ်၍ ပြောလာသည်။
"အစ်မကြီး... အားနင် အဘွားဆီကို သွားပြီး စကားနည်းနည်းလောက် သွားပြောဦးမယ်နော်။ ပြီးရင် ချက်ချင်း ပြန်လာခဲ့ပါ့မယ်။"
စုရှီးသည် ရွှယ်နင် သူမတို့၏ စကားများကို ကြားသွားမှာ စိုးရိမ်နေခဲ့တာကြောင့် အလျင်အမြန်ပင် တောက်ပစွာ ပြုံးပြလိုက်ရင်း ပြောလိုက်သည်။
"ကောင်းပြီ... ငါ နင်ပြန်လာတာကို ဒီမှာပဲ စောင့်နေမယ်။"
ရွှယ်နင်က ခေါင်းလေးကို အသာအယာ ညိတ်ပြလိုက်ရင်း သခင်မကြီးရှဲ့ဆီသို့ လျှောက်လှမ်းသွားသည်။ ယနေ့တွင် လူဦးရေ အလွန်အမင်း များပြားတာကြောင့် ခန်းမဆောင်အတွင်းပိုင်းမှာ အလွန်ပင် စည်ကားဆူညံနေခဲ့ရာ... စုရှီး၏ ဘေးပတ်ဝန်းကျင်၌ ဖြစ်ပေါ်နေသော လှုပ်ခတ်မှုငယ်လေးကို မည်သူတစ်ဦးတစ်ယောက်မျှ စိတ်ဝင်တစား အာရုံစိုက်နေကြလိမ့်မည် မဟုတ်ချေ။