← Chapters

အခန်း ၄၅

Vol. 5 Ch. 45

အခန်း ၄၅

Vol. 5 Ch. 45

အခန်း ၄၅ - မီး

ရွှယ်နင် ထွက်သွားသည်နှင့်တစ်ပြိုင်နက် စုရှီး၏မျက်နှာမှာ ချက်ချင်းပင် အုံ့မှိုင်းသွားသည်။

"ငါ ဒီနေ့ အလုပ်ရှုပ်နေတာ နင်မြင်သားပဲ။ ငါ့မှာ အချိန်မရှိဘူးလို့ပဲ သွားပြီးတော့ အကြောင်းပြန်လိုက်စမ်း။"

လန်ရှန့်သည် သူမ၏ နှုတ်ခမ်းကို ကိုက်လိုက်မိရင်း အသံကို ပိုမိုနှိမ့်ချလိုက်သည်။

"ဒါပေမဲ့ သခင်မလေး..."

စုရှီးသည် နားထောင်လေလေ သူမ၏ မျက်ခုံးများ ပိုမိုတွန့်ချိုးလာလေလေ ဖြစ်သည်။

ဒါပေမဲ့လည်း သူမ ဒီနေ့အတွက် ကြိုတင်ပြင်ဆင်ထားတဲ့ စီမံကိန်းကြီးကို မေ့လျော့နေခဲ့ခြင်း မရှိချေ။ သူမက စိတ်မပါလက်မပါ အမူအရာဖြင့်သာ ပြောလိုက်သည်။

"ကောင်းပြီလေ... နင် အရင်သွားနှင့်လိုက်တော့။ ငါ ခဏနေရင် ဆင်ခြေတစ်ခုခုပေးပြီး ထွက်လာခဲ့မယ်။"

"ဟုတ်ကဲ့"

လန်ရှန့်သည် ရိုသေစွာဖြင့် ပြန်လည်ဆုတ်ခွာသွားခဲ့သည်။

ရွှယ်နင်သည် သခင်မကြီးရှဲ့၏အနားမှ လှည့်ထွက်လာခဲ့ပြီးနောက် သူမနေရာသို့ ပြန်ရောက်လာသည်။

ထိုအချိန်တွင် ပေါင်ချန်လည်း အပြင်ဘက်မှ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ကာ သူမ၏ ခန္ဓာကိုယ်ထက်တွင် အပြင်ဘက်မှ အေးစက်သော ဆီးနှင်းအရှိန်အဝါအချို့ သယ်ဆောင်လာခဲ့လျက်၊ ရွှယ်နင်၏ နောက်ကွယ်တွင် တိတ်တဆိတ် လာရပ်နေခဲ့သည်။

စုရှီးသည် ရွှယ်နင်နှင့်အတူ အဓိပ္ပာယ်မရှိသော စကားများကို အဖော်စပ်၍ လျှောက်ပြောနေခဲ့ပြီး... ရွှယ်နင်ကတော့ ဘာတစ်ခုမှ ပြန်လည်ငြင်းဆန်ခြင်းမရှိဘဲ ငြိမ်သက်စွာ နားထောင်နေရင်း၊ နောက်ဆုံးတွင် သူမ၏ ရှေ့ရှိ ဝိုင်ခွက်ကို အသာအယာမလိုက်ကာ ငုံ့၍ တစ်ငုံလောက် ခပ်ဖျော့ဖျော့ သောက်လိုက်တော့သည်။

ထိုခဏ၌ စုရှီး၏ မျက်ဝန်းများအတွင်း၌ ကောက်ကျစ်သော အရိပ်အယောင်တစ်ခုက ချက်ချင်းပင် ဖြတ်သန်းဝင်းလက်သွား၏။

"ဒီဆီးသီးဝိုင်က အရသာ တကယ်ကို ချိုမြိန်လွန်းတယ်နော်။ညီမလေး... နင် နောက်ထပ် နည်းနည်းလောက် ထပ်ပြီးတော့ မသောက်ချင်ဘူးလား။"

ရွှယ်နင်သည် ခွက်အတွင်းရှိ ဝိုင်များကို အကုန်သောက်လိုက်ပြီးနောက် ခပ်ဖွဖွလေး ပြုံးပြလိုက်သည်။

"အစ်မကြီးရော... အတူတူ ထပ်ပြီးတော့ မသောက်ချင်ဘူးလား။"

စုရှီးက နှုတ်ခမ်းကို ကွေးညွတ်လိုက်၏။

"ကောင်းပြီလေ... ငါ နင်နဲ့အတူတူ အဖော်လုပ်ပြီး သောက်ပေးပါ့မယ်။"

ဝိုင် (၃) ခွက်မျှ သောက်သုံးပြီးနောက်တွင် ရွှယ်နင်သည် ဆက်လက်သောက်သုံးခြင်း မပြုတော့ချေ။ သူမက အနည်းငယ် ခေါင်းမူးလာသလို ခံစားရတာကြောင့် ခဏလောက် အနားယူရန်အတွက် အခန်းတစ်ခန်းကို သွားရောက်ရှာဖွေချင်ကြောင်း ပြောကာ နေရာမှ ထလာခဲ့သည်။ သခင်မကျန်းက စိုးရိမ်သွားပြီး ပေါင်ချန်ကို အနားသို့ လှမ်းခေါ်ကာ သူမရဲ့ သခင်မလေးကို သေသေချာချာ ပြုစုစောင့်ရှောက်ရန် မှာလိုက်သည်။

ပေါင်ချန်က ပြုံးလိုက်၏။

"သခင်မကြီး လုံးဝစိတ်မပူပါနဲ့။ ကျွန်မ သခင်မလေးကို ဘေးနားတင်ရှိတဲ့ ထင်းယွီဆောင်ထဲမှာ ခဏလောက် သွားပြီးတော့ အနားယူဖို့ ကူညီပေးလိုက်ပါ့မယ်။"

စုရှီးသည် သခင်မတုန်းထံသို့ အဓိပ္ပာယ်ပါပါဖြင့် အလျင်အမြန် မျက်ရိပ်ပြလိုက်သည်။ အခြေအနေကို ချက်ချင်းနားလည်သွားတဲ့ သခင်မတုန်းလည်း ဘေးပတ်ဝန်းကျင်ရှိ လူများ သတိမထားမိစေဘဲ နေရာကနေ တိတ်တဆိတ် ထရပ်လိုက်သည်။

ရွှယ်နင်သည် မျက်နှာစာအကာကို ပတ်၍ လျှောက်လှမ်းသွားခဲ့ပြီး... သူမ၏ နားထင်များကို လက်ချောင်းများဖြင့် ဖိနှိပ်ထားရင်း ဘေးဘက်တံခါးငယ်မှတစ်ဆင့် အပြင်သို့ လှမ်းထွက်ခဲ့သည်။

လိုက်ကာ၏ အပြင်ဘက်အခြမ်းတွင် စုကျန်း၏ အကြည့်သည် ရွှယ်နင် ထွက်ခွာသွားသော ကျောပြင်လှလှလေးထံသို့ တိုက်ရိုက် ကျရောက်နေခဲ့သည်။ သူ၏ ရှည်လျားထူထဲသော မျက်တောင်များက အနည်းငယ် နိမ့်ဆင်းသွားခဲ့ပြီး၊ သူ့မျက်ဝန်းများထဲမှာ ဖြစ်ပေါ်နေတဲ့ မတင်မကျ စိတ်မသက်မသာ ဒေါသစိတ်များကို တမင်တကာ ဖုံးကွယ်ထားလိုက်၏။

"မော့ပိုင်—"

"ကျွန်တော်မျိုး ရှိပါတယ်"

စုကျန်း နေရာမှ ထရပ်လိုက်သည်။

"ရုံးတော်ကို ပြန်ကြမယ်။"

မော့ပိုင်က ကမန်းကတန်းပင် ပြန်ဖြေလိုက်သည်။

"ဟုတ်ကဲ့ပါ။"

သခင်နှင့် အစေခံနှစ်ဦးစလုံး ခန်းမဆောင်အတွင်းပိုင်းမှ လျှောက်လှမ်းထွက်လာခဲ့ကြချိန်.. အရှေ့ဘက် ညာဘက်ထောင့်ရှိ တံခါးဝလေး၏ အလွန်တွင် ငွေနီရောင်ရှိသော ဂါဝန်အင်္ကျီအနားသတ်လေးတစ်ခုက ရုတ်တရက် ကွယ်ပျောက်သွားခဲ့တာကို မြင်တွေ့လိုက်ရသည်။

စုကျန်း၏ ခြေလှမ်းများ ရပ်တန့်သွားပြီး ခန္ဓာကိုယ်ကို ငြိမ်သက်စွာ မတ်တပ်ရပ်ထားမိစဉ်မှာပင်၊ သူ့စိတ်ကူးထဲ၌ အလွန်အမင်း ထူးဆန်းသော်လည်း ဆွဲဆောင်မှုအပြည့်ရှိသော ပုံရိပ်တစ်ခုက ရုတ်ချည်းဆိုသလို ဖြတ်သန်းလှုပ်ခတ်သွားသည်။

၎င်းမှာ... အမျိုးသမီးတစ်ဦး၏ နူးညံ့ချောမွေ့သော အသားအရေဖြစ်ပြီး၊ ညှို့ယူဖမ်းစားနိုင်လောက်သည့် ရှက်သွေးများဖြင့် နီမြန်းနေခဲ့သည်။

သူမ၏ နှုတ်ခမ်းဖျားမှနေ၍ အောင့်အည်းမျိုသိပ်ထားရသည့် ညည်းတွားသံတိုးတိုးလေးများနှင့်အတူ... သူ၏ နားနားသို့ ကပ်ကာ တိုးညင်းစွာ အသက်ရှူနေသည်။

ထူးဆန်းတာက... ထိုအမျိုးသမီး၏ မျက်နှာကိုတော့ ဘယ်လိုမှ သေသေချာချာ မမြင်တွေ့ရဘဲ၊ စီးဆင်းနေတဲ့ ရေတံခွန်ကြီးတစ်ခုအတိုင်း နက်မှောင်လှပလွန်းသည့် ဆံနွယ်ရှည်ကြီးများကသာ... သူ၏ ဆံပင်များနှင့်အတူ ရောယှက်နေခဲ့ခြင်း ဖြစ်သည်။

သူ့သခင်က နေရာကနေ လုံးဝမရွေ့ဘဲ ငြိမ်သက်နေတာကို မြင်လျှင်၊ မော့ပိုင်က ကြားဖြတ်၍ မေးလိုက်သည်။

"ရှီဇီ... တစ်ခုခု အဆင်မပြေတာမျိုး ရှိလို့လား။"

စုကျန်းသည် စိတ်ကူးယဉ်မှုများထဲမှနေ၍ လက်တွေ့ဘဝသို့ ချက်ချင်း ရုတ်တရက် ပြန်နိုးထလာပြီး၊ သူ့မျက်နှာက ချက်ချင်းပင် ပြန်လည်၍ အေးစက်တင်းမာသွားသည်။

"ဘာမှမဟုတ်ဘူး။ ငါတို့တွေ စာကြည့်ခန်းကိုပဲ သွားကြမယ်"

မော့ပိုင် - "..."

ရုံးတော်ကို ပြန်ဦးမှာ မဟုတ်ပြန်ဘူးပေါ့လေ။

ရှီဇီ.. ဒီနေ့ တကယ်ပဲ ဘာတွေ ဖြစ်နေတာလဲ။

သခင်မတုန်းသည် ယုံကြည်စိတ်ချရသော အစေခံမိန်းကလေးတစ်ဦးနှင့်အတူ ထင်းယွီဆောင်ဆီသို့ အလျင်အမြန်ပင် ပြေးလွှားလာခဲ့ကြသည်။

ရွှယ်နင်နှင့် ပေါင်ချန်တို့ အခန်းထဲ ဝင်သွားတာကို မြင်တွေ့လိုက်ရတဲ့အချိန် သူမ၏ မျက်ဝန်းများက ကောက်ကျစ်သော အရိပ်အယောင်များဖြင့် ပြည့်နှက်သွား၏။

"သခင်မကြီး... ကျွန်မ ရှာခိုင်းထားတဲ့လူ ရောက်နေပါပြီ"

သခင်မတုန်းသည် မှောင်မှိုင်းနေသော စင်္ကြံလမ်းဘက်သို့ လှမ်းကြည့်လိုက်တဲ့အခါ ဆေးသုတ်ထားသော တိုင်လုံးကြီးတစ်လုံး၏ ဘေးတွင် မတ်တပ်ရပ်နေသည့် မျက်နှာပြားပြား၊ ခန္ဓာကိုယ်ထွားကြိုင်းတောင့်တင်းသော အသက်လတ်ပိုင်း အမျိုးသားတစ်ဦးကို လှမ်းမြင်လိုက်ရသည်။

သခင်မတုန်းက နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း ၎င်းအမျိုးသားအား အထင်သေးစွာ ပြောလိုက်သည်။

"ခဏနေရင် အထဲကို ဝင်သွားလိုက်... အဲဒီဘေးက အစေခံမကို သတိလစ်သွားအောင် အရင်ဆုံး ရိုက်ချပစ်၊ ပြီးရင်တော့ ငါညွှန်ကြားထားတဲ့အတိုင်း ဆက်ပြီး လုပ်တော့။ ဒီကိစ္စသာ အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးသွားမယ်ဆိုရင်... နင်က ငွေကြေးအမြောက်အမြား ရရှိမှာတင်မကဘူး၊ အိမ်ကိုပါ ဇနီးအဖြစ်နဲ့ ခေါ်သွားဖို့အတွက် နုပျိုချောမွေ့လှပလွန်းတဲ့ မိန်းကလေးတစ်ယောက်ကိုပါ အပိုင်ရဦးမှာ။ ဒါကြောင့် ဘာအမှားအယွင်းမှ နည်းနည်းတောင် မရှိစေရဘူး... နားလည်လား။"

ထိုအမျိုးသားက ရုန့်ရင်းကြမ်းတမ်းသော အပြုံးကြီးဖြင့် ကာမစိတ်များ ထကြွနေကာ ပြုံးပြလိုက်သည်။

"သခင်မကြီး လုံးဝစိတ်မပူပါနဲ့"

စကားဆုံးသည်နှင့်တစ်ပြိုင်နက်... သူက အခန်းတံခါးကို အသာအယာ တွန်းဖွင့်လိုက်ပြီး အတွင်းထဲ တိတ်တဆိတ် လှမ်းဝင်သွားတော့သည်။

သခင်မတုန်းက အနားသို့ အရမ်းတိုးကပ်မသွားရဲပေ။ အဝေးတစ်နေရာမှနေ၍ သူမ နားစွင့်နေခဲ့ရာ... အခန်းတွင်းမှနေ၍ တစ်စုံတစ်ယောက်၏ အသက်ရှူသံ တန့်သွားသလိုမျိုး ညည်းတွားသံတိုးတိုးလေးတစ်ခု ထွက်ပေါ်လာခဲ့ပြီး၊ ထို့နောက်တွင် ရွှယ်နင်၏ သနားစရာကောင်းသော ရှိုက်ကြီးတငင် ငိုကြွေးသံတိုးတိုးလေးကို ကြားလိုက်ရသည်။

ထိုအသံက တကယ့်ကို သနားစရာကောင်းလွန်း၏။ ဘယ်လိုပဲဖြစ်ဖြစ် သူမက သခင်မကျန်းရဲ့ လက်ပေါ်မှာ အလိုလိုက်အကြိုက်ဆောင်ကာ တန်ဖိုးထား ပျိုးထောင်ခြင်းခံခဲ့ရတဲ့ သခင်မလေးတစ်‌ယောက် မဟုတ်လား။ အခုလို ကြမ်းတမ်းတဲ့ ယောကျာ်းတစ်ယောက်ရဲ့ ဖိနှိပ်ချုပ်ချယ်မှုအောက်မှာ ရှိနေရတာက သူမအတွက် ဘယ်လိုမှ ခံနိုင်ရည်ရှိမည် မဟုတ်ချေ။ ထို့အပြင် ပြင်းထန်တဲ့ ကာမစိတ်ကြွဆေးရဲ့ အရှိန်ကြောင့်လည်း ဒီနေ့တော့ ရွှယ်နင်တစ်ယောက် ထိုယောကျာ်းရဲ့ လက်ထဲမှာ အရှက်တကွဲ အကျိုးနည်းဖြင့် အဆုံးစွန်အထိ ကာမအရသာကို ငြင်းဆန်မရဘဲ မြည်းစမ်းနေရတော့မယ် မဟုတ်လား။

သခင်မတုန်းက အမိန့်ပေးလိုက်သည်။

"ချိုးယွဲ့... နင် အခန်းတံခါးဝအနားမှာ နောက်ထပ် မီးတစ်ချက် သွားပြီးတော့ ရှို့လိုက်စမ်း။"

ချိုးယွဲ့က ချက်ချင်း ပြန်ဖြေလိုက်သည်။

"ဟုတ်ကဲ့"

စိတ်တိုင်းကျ ကျေနပ်အားရသွားတဲ့ သခင်မတုန်းသည် သူမ၏ နှုတ်ခမ်းများကို ကွေးညွတ်ကာ ကောက်ကျစ်စွာ ပြုံးလိုက်ရင်း... ထင်းယွီဆောင်၏ ဘေးနားမှနေ၍ လှည့်ထွက်ခဲ့တော့သည်။

ထင်းယွီဆောင်သည် ယီဟယ်ခန်းမဆောင်နှင့် အလွန်အမင်း ကွာဝေးလှခြင်းမရှိချေ။ ဘယ်ဘက်သို့ လီဝက်ခန့် လျှောက်လှမ်းလိုက်လျှင်... အိမ်တော်၏ မြင်းဇောင်းကြီး ရှိသည်။

ထိုပတ်ဝန်းကျင်တစ်ခုလုံးက မှောင်မည်းအုံ့မှိုင်းနေခဲ့ပြီး ဘာအကြောင်းကြောင့်ရယ်မသိ၊ သခင်မတုန်းက ထိုဘက်သို့ အလိုလို လှမ်းကြည့်မိလိုက်တဲ့အချိန် မှောင်မိုက်သော အမှောင်ထုအလယ်တွင် လူရိပ်အချို့ လှုပ်ရှားသွားခဲ့သလိုမျိုး ထူးဆန်းစွာ ခံစားလိုက်ရသည်။

ဒါပေမဲ့လည်း... လက်ရှိအချိန်မှာ ရွှယ်နင်ရဲ့ အရှက်ခွဲမယ့်ကိစ္စက ပိုအရေးကြီးပြီး အရေးပေါ်နေခဲ့သည်။

သူမက ခန်းမဆောင်အတွင်းရှိ လူအားလုံးကို ဒီထင်းယွီဇရပ်ဆောင်ဆီ အမြန်ဆုံး လှည့်ဖြားခေါ်ဆောင်လာပြီး... ဒီခမ်းနားတဲ့ ပွဲကြည့်ပြကွက်ကြီးကို ကိုယ်တိုင်ကိုယ်ကျ မျက်ဝါးထင်ထင် သက်သေအဖြစ် မြင်တွေ့အောင် ဖန်တီးရမယ်။

ယီဟယ်ခန်းမဆောင်အတွင်းသို့ ပြန်လည်ရောက်ရှိလာခဲ့ချိန်၌... ဂုဏ်သရေရှိ သခင်မကြီးများနှင့် သခင်မလေးအများစုမှာ နေ့လယ်စာ သုံးဆောင်လို့ ပြီးစီးသွားကြပြီဖြစ်လို့၊ ၎င်းတို့သည် အုပ်စုငယ်လေးများအသီးသီး ဖွဲ့ကြရင်း ပျော်ရွှင်စွာ စကားစမြည် ပြောဆိုနေကြသည်။

အိမ်တော်အတွင်း၌ ပုံမှန်အားဖြင့် ဘယ်သူမှ ဂရုမစိုက်ဘဲ အရှိန်အဝါမရှိသည့် သခင်မတုန်းသည်... စည်ကားသိုက်မြိုက်နေသော ခန်းမဆောင်ကြီးကို တစ်ချက်မျှ လှမ်း၍ အကဲခတ်လိုက်ပြီးနောက်၊ သခင်မကြီးရှဲ့ရှိရာဆီသို့ စိုးရိမ်တကြီးဖြင့် အော်ဟစ်ကာ ပြေးလွှားသွားသည်။

"သခင်မကြီး... ဒုက္ခရောက်တော့မယ်။ အပြင်ဘက်မှာ... အပြင်ဘက်မှာ မီးလောင်နေပါပြီ။"

ခန်းမဆောင်အတွင်းရှိ လူတိုင်း ထိတ်လန့်တုန်လှုပ်သွားကြ၏။

"ဘာ... ဘာပြောလိုက်တာလဲ။"

သခင်မတုန်းသည် အလွန်အမင်း စိုးရိမ်ပူပန်နေသည့် အမူအရာမျိုးကို တမင်ဖန်တီးလိုက်ရင်း ပြောလိုက်သည်။

"ကျွန်မ ခုနတင်ပဲ ကိုယ်လက်သန့်စင်ဖို့ အပြင်ကို ခဏထွက်သွားခဲ့တာပါ။ အပြန်လမ်းကျတော့... ထင်းယွီဆောင်ရဲ့ ဘေးနားကနေ ဖြတ်ပြီး လျှောက်လာခဲ့မိတယ်။ အဲဒီအချိန်မှာ... အခန်းအထဲကနေ ရဲရဲတောက်နေတဲ့ မီးလျှံတွေနဲ့အတူ ဖြူဖွေးနေတဲ့ မီးခိုးလုံးကြီးတွေ အလိပ်လိုက် ထွက်နေတာကို ကိုယ်တိုင် မြင်ခဲ့တာပါ။ ဒါ တကယ်ကို မီးလောင်နေတာ ဖြစ်ရမယ် သခင်မကြီး။ အခြေအနေကို သွားပြီးတော့ အမြန်ဆုံး ကြည့်ပေးပါဦး။"

သခင်မကြီးရှဲ့၏ အိုမင်းရင့်ရော်သော မျက်နှာပြင်မှာ ချက်ချင်းပင် ဖြူလျော်သွားပြီး... ဘေးနားရှိ လူများ၏ ဖေးမကူညီမှုဖြင့် နေရာမှ ထရပ်လိုက်ရင်း အော်ဟစ်လိုက်သည်။

"မြန်မြန်... လူတွေအမြန်လွှတ်ပြီး မီးကို သွားငြှိမ်းကြစမ်း။"

သခင်မကျန်းကလည်း လူတိုင်းကို တည်တည်ငြိမ်ငြိမ်ရှိကြရန် အလျင်အမြန်ပင် ဝိုင်းဝန်းဖျောင်းဖျလိုက်ပြီး... အိမ်တော်၏ လုံခြုံရေးအစောင့်များကိုလည်း ရေပုံးများယူဆောင်ကာ မီးသတ်ရန်အတွက် ချက်ချင်း အမိန့်ပေးလိုက်သည်။

နယ်စားမင်းအိမ်တော်အတွင်း၌ မီးလောင်မှုဖြစ်ပွားခြင်းအပေါ် လူအများအပြားက စိုးရိမ်ပူပန်သွားကြသည်။ အပြင်ဘက်မှာ ဆီးနှင်းများ ကျနေပေမယ့် အဆောက်အအုံများအားလုံးက သစ်သားများဖြင့်သာ ဆောက်လုပ်ထားခြင်းဖြစ်တာကြောင့်၊ မီးတစ်ကြိမ်လောင်ကျွမ်းလျှင် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲအကျိုးဆက်က ခန့်မှန်းရခက်လောက်အောင် ကြီးမားသည်။

လူအုပ်ကြီးတစ်ခုလုံးမှာ သခင်မကြီးရှဲ့၏နောက်သို့ ထပ်ချပ်မကွာ လိုက်လာခဲ့ကြပြီး ထင်းယွီဆောင်ရှိရာသို အလုအယက် ပြေးလွှားလာကြသည်။

အပြင်ဘက်ရှိ အမျိုးသားဧည့်သည်တော်များလည်း နေရာကနေ ထရပ်လိုက်ကြပြီး မီးသတ်ရန်အတွက် ရေပုံးများကိုယ်စီဖြင့် ဝိုင်းဝန်းကူညီရန် ပြင်ဆင်ကြတော့သည်။

လူအုပ်ကြီး ထင်းယွီဆောင်သို့ ရောက်ရှိလာချိန်၌ သခင်မတုန်းက အရှေ့ဆုံးမှနေ၍ လမ်းပြခေါ်ဆောင်လာခဲ့ခြင်း ဖြစ်၏။

စိုးရိမ်ပူပန်စရာ အခြေအနေများကို မြင်လျှင် စုမန်က ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသည့်အတိုင်း စိုးရိမ်တကြီးဖြင့် ပြောလာသည်။

"အမေ... သွားပါပြီ၊ နင်နင်က အထဲမှာ အနားယူနေတုန်းပဲ"

သခင်မကျန်း နှုတ်ခမ်းများကို တင်းတင်းစေ့လိုက်မိပြီး ခြေလှမ်းများကို ပိုပြီးသွက်လက်မြန်ဆန်အောင် အရှိန်မြှင့်လိုက်သည်။

ဒါပေမဲ့လည်း... သခင်မတုန်းက အားလုံးရဲ့ အရှေ့ဆုံးနေရာမှာပဲ အမြဲတမ်းရှိနေခဲ့ပြီး၊ အပြေးအလွှား လျှောက်လှမ်းလာခဲ့သည်။ သူမက ထင်းယွီဆောင်၏ အရှေ့သို့ ရောက်သည်နှင့်တစ်ပြိုင်နက် အခန်းတံခါးကို ဝုန်းခနဲ တွန်းဖွင့်လိုက်ပြီး အတွင်းထဲကို အလျင်အမြန် ပြေးဝင်သွားသည်။

"အားလုံးပဲ... မြန်မြန်လာပြီး မီးငြှိမ်းပေးကြပါဦး။ နင်နင်က အထဲမှာ အနားယူနေတာပါ။"

သခင်မတုန်း၏ စကားလုံးများ ထွက်ပေါ်လို့ ပြီးဆုံးသွားသည်နှင့် ဘေးနားရှိ မှောင်မှိုင်းနေသော စင်္ကြံလမ်းငယ်လေးထဲကနေ တိုးညင်းနူးညံ့တဲ့ အမျိုးသမီးငယ်တစ်ဦး၏ စကားသံလေးတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

"အဒေါ်... ဘယ်နေရာမှာ မီးလောင်လို့လဲဟင်။"

ထိုအသံကို ကြားလိုက်ရချိန်၌ သခင်မတုန်းတစ်ယောက် မှင်သက်သွားပြီး နေရာမှာတင် ကျောက်ရုပ်ပမာ အေးခဲသွားသည်။

သူမရဲ့‌‌နောက်ကနေ ထပ်ချပ်မကွာ လိုက်ပါလာခဲ့ကြတဲ့ လူအုပ်ကြီးတစ်ခုလုံးလည်း... အံ့ဩတုန်လှုပ်သွားကြ၏။

ဘာကြောင့်လဲဆိုတော့ သူတို့ မျှော်လင့်ထားခဲ့တဲ့ ပြင်းထန်တဲ့ မီးတောက်မီးလျှံများကို ဘယ်နေရာတွင်မှ လုံးဝမြင်တွေ့ရခြင်း မရှိတာကြောင့် ဖြစ်သည်။

၎င်းအစား... ရွှယ်နင်သည် ဝတ်ရုံပွကြီးကို ခန္ဓာကိုယ်ထက်တွင် လွှားခြုံထားလျက် စင်္ကြံလမ်းအတွင်းမှနေ၍ ဖြည်းဖြည်းလေး လျှောက်လှမ်းထွက်လာခဲ့ပြီး... ဖြူစင်နုနယ်တဲ့ မျက်နှာပြင်လေးကို ပေါ်လွင်စေခဲ့သည်။

ကျောက်စိမ်းပမာ ဝင်းပနေသော ထိုမျက်နှာလေးထက်တွင်.. ကာမစိတ်ကြွဆေး၏ အရှိန်အဝါကြောင့် ရီဝေယိမ်းယိုင်နေရမည့် အရိပ်အယောင်မျိုး လုံးဝမရှိဘဲ၊ အပြစ်ကင်းစင်ပြီး ဇဝေဇဝါဖြစ်နေသည့် အမူအရာမျိုးသာ အထင်အရှား ပေါ်ထွက်နေသည်။

သူမက ဘာမှမသိနားမလည်လေဟန်ဖြင့် မေးမြန်းလိုက်၏။

"ဒီမှာ ဘာမီးမှလည်း မလောင်ဘဲနဲ့ဟာကို။"

သခင်မကြီးရှဲ့သည် သူမ၏ မျက်ဝန်းများကို ကျဉ်းမြောင်းလိုက်ရင်း သခင်မတုန်းအား စိုက်ကြည့်လိုက်သည်။

"တကယ်ပဲ ဘာတွေ ဖြစ်နေတာလဲ။"

သခင်မတုန်း၏ မျက်နှာတစ်ခုလုံး သွေးဆုတ်ဖြူလျော်သွားပြီး နှုတ်ခမ်းများ တုန်တုန်ရင်ရင် ဖြစ်လာသည်။

"ကျွန်မ... ကျွန်မ အကြည့်မှားသွားတာ နေမှာပါ... ခုနတင်ပဲ... ဒီအထဲကနေ ရဲရဲတောက်နေတဲ့ မီးအရိပ်အယောင်ကို တကယ် မြင်ခဲ့ရတာပါ။ သခင်မကြီး... အဆင်ပြေမယ်ဆိုရင်တော့ လူအချို့ကို အခန်းထဲအထိ သွားစစ်ဆေးခိုင်းလိုက်ရင် မကောင်းဘူးလား။ ဒီနေ့က လူတွေ အရမ်းများတာဆိုတော့... ရာဇဝတ်ကောင် သူခိုးတစ်ယောက်ယောက် တိတ်တိတ်လေး ခိုးဝင်လာတာမျိုးလည်း ဖြစ်နိုင်တယ်"

ရွှယ်နင်သည် ကွင်းပြင်ထဲသို့ ဖြည်းညင်းစွာ လျှောက်လှမ်းဝင်လာခဲ့သည်။

"အဒေါ်ကတော့ တကယ်ပဲ နောက်ပြောင်တတ်တာပဲ။ ကျွန်မ ဒီနေရာမှာ အေးအေးလူလူ အနားယူနေတာကို... ဘယ်လိုလုပ်ပြီး သူခိုးက ခိုးဝင်လာနိုင်မှာလဲဟင်။"

သခင်မကြီးရှဲ့က ဒေါသတကြီးဖြင့် ကြိမ်းမောင်းလိုက်သည်။

"သခင်မတုန်း... နင်ကတော့ တဖြည်းဖြည်းနဲ့ ပိုပြီးတော့ အသိတရားမဲ့လာပြီပဲ။ ဒီလောက်အထိ အသေးအဖွဲ အမှားအယွင်းတစ်ခုကို... အခမ်းအနားကြီးတစ်ခုလုံး ပျက်စီးမတတ် ဆူညံအောင် လုပ်ရဲတယ်ပေါ့လေ။ နင် ငါတို့ နယ်စားမင်းအိမ်တော်ရဲ့ သိက္ခာကို လူတွေကြားမှာ အရှက်ကွဲအောင် တမင်တကာ လုပ်ချင်နေတာလား။"

သခင်မကြီးရှဲ့၏ ကြိမ်းမောင်းခြင်းကို ခံလိုက်ရတာကြောင့် သခင်မတုန်းသည် ခေါင်းမော့လိုက်မိရင်း ရွှယ်နင်ကို မယုံကြည်နိုင်စွာ လှမ်းပြီးအကဲခတ်ကြည့်မိပြန်သည်။

သူမရဲ့ခန္ဓာကိုယ်မှာ ဘယ်လိုဆေးအရှိန်မျိုးမှ မရှိတာကို မြင်ရတော့ သခင်မတုန်း၏ စိတ်ထဲမှာ ဇဝေဇဝါဖြစ်ခြင်းနှင့်အတူ သံသယစိတ်များဖြင့် ပြည့်နှက်သွားသည်။

သူမက ဆင်ခြေတစ်ခုခုကို အလျင်အမြန် စဉ်းစားရန် ကြိုးစားနေဆဲမှာပင် ပေါင်ချန်သည် အပြင်ဘက် တံခါးဝမှနေ၍ အထိတ်တလန့်ဖြင့် အပြေးအလွှား ဝင်လာပြန်၏။

"သခင်မကြီး... အပြင်ဘက်မှာ တကယ်ပဲ မီးလောင်နေတာပါ၊ ဒါပေမဲ့ ဒီနေရာမှာ လောင်နေတာ မဟုတ်ပါဘူး။"

သခင်မကြီးရှဲ့သည် စိတ်ရှည်နိုင်စွမ်း အားလုံး ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

"ဒါဆိုရင် ဘယ်နေရာမှာ လောင်နေတာလဲ။"

ပေါင်ချန်သည် မောဟိုက်လွန်းတာကြောင့် အသက်ကို လုရှူနေရပြီး စကားကို သေသေချာချာ မပြောနိုင်သေးခင်မှာပင်... အပြင်ဘက်ရှိ လူအုပ်ကြီးထံမှနေ၍ အော်ဟစ်ဆူညံသံများ ထွက်ပေါ်လာတော့သည်။

"လူတွေ... အမြန်လာကြပါဦး။ မြင်းဇောင်းဘက်မှာ မီးလောင်နေလို့... သွားပြီးတော့ ဝိုင်းငြှိမ်းပေးကြပါဦး။"

သခင်မကြီးရှဲ့၏ မျက်နှာက ချက်ချင်းပင် မည်းနက်သွားပြီး... သူမက လှည့်ထွက်သွားကာ မြင်းဇောင်းရှိရာဘက်ဆီသို့ အလျင်အမြန် ဦးတည်လျှောက်လှမ်းသွားသည်။

ရွှယ်နင်သည် လူအုပ်ကြီး၏ နောက်ဆုံးအကျဆုံးနေရာတွင် အေးအေးဆေးဆေး လိုက်သွားပြီး သူမ၏ နှုတ်ခမ်းထောင့်တွင် မသိမသာ အောင်နိုင်တဲ့ အပြုံးလေးတစ်ခုက ကွေးညွတ်ပေါ်လွင်နေသည်။

All Chapters