← Chapters

အခန်း ၄၇

Vol. 5 Ch. 47

အခန်း ၄၇

Vol. 5 Ch. 47

အခန်း (၄၇)။ ။ ကာမစိတ်ကြွဆေး

သခင်မကြီးရှဲ့သည် ဝမ်ရှိုခန်းမဆောင်၏ တံခါးမကြီးများအားလုံးကို ပိတ်ထားရန် အမိန့်ပေးလိုက်သည်။ အဓိကမိသားစုဝင်များမှလွဲ၍ ကျန်ရှိနေတဲ့သူအားလုံးကို အပြင်သို့ မောင်းထုတ်လိုက်၏။

ထိုနေရာတွင် ကျန်ရစ်ခဲ့သော အစေခံမိန်းကလေးများနှင့် အသက်ကြီးပိုင်းအစေခံများပင်လျှင် သက်ဦးဆံပိုင် ကျွန်ဝန်ခံချက်ကတိစာချုပ် လက်မှတ်ရေးထိုးထားကြသူများသာ ဖြစ်သည်။

ဤအခိုက်အတန့်တွင် လေပြင်းနှင့်အတူ နှင်းမှုန်နုနုတို့ ဝေ့ဝဲတိုက်ခတ်လာပြီး စိမ့်အေးလှသော အအေးဓာတ်ကို ဆောင်ကြဉ်းလာခဲ့သည်။ ဝမ်ရှိုခန်းမဆောင်အတွင်းရှိ လေထုက တင်းမာငြိမ်သက်နေပြီး အပ်တစ်ချောင်းကျသံကိုပင် ကြားရလုနီးပါး တိတ်ဆိတ်လျက်ရှိ၏။

လျိုရှီသည် အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့လွန်းသဖြင့် မေ့လဲလုနီးပါး ဖြစ်နေပြီ။ အခု သူမက ဖြူဖျော့နေတဲ့ မျက်နှာဖြင့် ကုလားထိုင်ပေါ်တွင် တုန်တုန်ရီရီ ထိုင်နေပြီး သူမရဲ့သမီးအရင်းကိုတောင် လှည့်မကြည့်ရဲပေ။

စုရှီးသည် ရေအေးဖြင့် အကြိမ်အတော်ကြာ ပက်ဖျန်းခံရပြီးနောက်မှသာ စိတ်အနည်းငယ် ပြန်လည်ကြည်လင်လာကာ ကြမ်းပြင်ပေါ်တွင် လှဲနေသည်။

မြင်းဇောင်းထိန်း ကုယွမ်ရှန်းကိုလည်း ကြိုးတုပ်ကာ အတွင်းခန်းမဆောင်ထဲ ခေါ်ဆောင်လာခဲ့ပြီး စုရှီးနှင့်အတူ ဒူးထောက်စေခဲ့သည်။

"ဒါတွေအကုန်လုံးက အကြီးဆုံးသခင်မလေးကြောင့်ပါ... အကြီးဆုံးသခင်မလေးက ကျွန်တော့်ကို မြူဆွယ်ခဲ့တာ... ကျွန်တော် အဲ့ဒီနေရာကို သွားဖို့ လုံးဝရည်ရွယ်ချက်မရှိခဲ့ပါဘူး... သူ(မ)သာ မဟုတ်ခဲ့ရင်... ကျွန်တော် စိတ်ကိုထိန်းနိုင်စွမ်း ဆုံးရှုံးသွားမှာမဟုတ်သလို၊ လူအများကြီးအရှေ့မှာ အခုလို အရှက်ကွဲမယ့် ရုပ်ပျက်ဆင်းပျက် ကိစ္စမျိုးကိုလည်း လုပ်မိမှာမဟုတ်ပါဘူး!"

ဤစကားများကို ကြားပြီးနောက် သခင်မကြီးရှဲ့၏ အိုမင်းရင့်ရော်နေသော မျက်နှာတစ်ခုလုံးမှာ ဒေါသကြောင့် နီမြန်းသွားပြီး ၎င်း၏ပါးကို ပြင်းထန်စွာ ရိုက်နှက်ရန် အမိန့်ပေးလိုက်သည်။

ပြင်းထန်သော ပါးရိုက်သံ တစ်ဒါဇင်ကျော် ထွက်ပေါ်လာပြီးနောက် ကုယွမ်ရှန်း၏ မျက်နှာမှာ ကြည့်မကောင်းလောက်အောင် ဖူးယောင်သွားသည်။

သို့သော်လည်း သူ၏နက်မှောင်သော မျက်ဝန်းများတွင် အရှုံးမပေးလိုတဲ့ ခေါင်းမာမှုများ ရိပ်သန်းနေဆဲပင်။

ရွှယ်နင် ရောက်ရှိလာချိန်တွင် မင်ယွဲ့ဆောင်ကနေ အပြေးအလွှား ရောက်ရှိလာတဲ့ စုကျန်းနှင့် မတော်တဆ ဆုံသွားသည်။

ထိုအမျိုးသားက သူမကို အေးစက်တဲ့ အကြည့်တစ်ချက် ပေးလိုက်ပြီး ခံစားချက်ကင်းမဲ့တဲ့ မျက်နှာအမူအရာဖြင့် လိုက်ကာကို ပင့်မြှောက်ကာ အတွင်းခန်းထဲသို့ လှမ်းဝင်သွားလေသည်။

ရွှယ်နင်သည် တိတ်တဆိတ် အသက်ကို အောင့်ထားရင်း သူ့နောက်ကနေ သတိကြီးစွာဖြင့် လိုက်ဝင်ခဲ့သည်။

အခန်းတွင်းရှိ လေထုမှာ အလွန်တင်းမာလျက်ရှိပြီး အစေခံမိန်းကလေးများနှင့် အသက်ကြီးပိုင်းအစေခံများလည်း အသက်တောင် ပြင်းပြင်းမရှူရဲကြဘဲ အသံတစ်ချက်မှ မထွက်ရဲကြချေ။

စုကျန်းက ရှေ့သို့ လှမ်းတက်လာသည်။

"အဘွား"

သခင်မကြီးရှဲ့၏ မျက်ဝန်းများမှာ နီမြန်းနေပြီး ရင်ဘတ်ကလည်း ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။

"ကျန်းအာ... မင်း ရောက်လာတာ အချိန်ကိုက်ပဲ။ ဒီနေ့ဖြစ်တဲ့ မိသားစုကိစ္စကို မင်းပဲ ဆုံးဖြတ်ချက်ချလိုက်တော့"

စုရှီးသည် တစ်ကိုယ်လုံး ရွှဲရွှဲစိုလျက် ကြမ်းပြင်ပေါ်တွင် ငေးမောစွာဖြင့် ပျော့ခွေနေသည်။

ရွှယ်နင်သည် သူမ၏ တည်ရှိမှုကို အတတ်နိုင်ဆုံး ဖျောက်ဖျက်ထားရန် ကြိုးစားရင်း အဝေးဆုံး ထောင့်စွန်းတစ်နေရာတွင် မျက်လွှာချကာ ရပ်နေခဲ့၏။

စုရှီး စိတ်ဝေဝါး တွေဝေနေတဲ့ အခြေအနေကို မြင်တဲ့အခါ စုကျန်းက သမားတော်ကို ချက်ချင်းခေါ်ရန် လူတစ်ယောက်ကို အမိန့်ပေးလိုက်သည်။

စုရှီးသည် ပြင်းထန်တဲ့ ကာမစိတ်ကြွဆေး ခတ်ခံထားရကြောင်း သိလိုက်ရတဲ့အခါ သခင်မကြီးရှဲ့ တစ်ကိုယ်လုံး တုန်ရီသွားသည်။

"စုံစမ်းစမ်း... သေချာနှံ့စပ်အောင် စုံစမ်းကြစမ်း! နယ်စားမင်းရဲ့ အိမ်တော်ထဲမှာ လူတစ်ယောက်ကို ဆေးခတ်ဖို့အထိ ဘယ်သူက သတ္တိတွေ ရှိနေရတာလဲ... အဲ့ဒီလူယုတ်မာရဲ့ သတ္တိက တကယ်ကို မသေးလှပါလား!"

စုကျန်းက မြင်းဇောင်းထိန်းကို ကြည့်လိုက်သည်။

"ဒီနေ့ ဘာဖြစ်ခဲ့လဲဆိုတာ အစအဆုံး အသေးစိတ် ပြန်ပြောစမ်း"

ကုယွမ်ရှန်းက ကပျာကယာဖြင့် ပြောလိုက်သည်။

"ဒီနေ့မှာ အကြီးဆုံးသခင်မလေးက ကျွန်တော့်ကို လာရှာဖို့ လူလွှတ်ခဲ့ပါတယ်... ကျွန်တော်တို့ မဆုံဖြစ်တာ ကြာပြီဖြစ်တဲ့အတွက် ဒီနေ့ အိမ်တော်ထဲမှာ လူတွေစည်ကားနေတာကို အခွင့်ကောင်းယူပြီး တိတ်တဆိတ် ချစ်ကြည်နူးစရာ နေရာတစ်ခု ရှာချင်တယ်လို့ ပြောခဲ့ပါတယ်..."

ဒီစကားကို ကြားလိုက်ရတဲ့အခါ သခင်မကြီးရှဲ့နှင့် လျိုရှီတို့သည် စိတ်ထဲမှာ မအီမသာ ဖြစ်သွားကြပြီး သူတို့၏ မျက်နှာအမူအရာများမှာလည်း တစ်စထက်တစ်စ ပိုမိုခက်ထန်လာခဲ့သည်။

ဒါပေမဲ့ အခုအချိန်က စုရှီးနှင့် ကုယွမ်ရှန်းတို့၏ အတိတ်က ကိစ္စများကို အပြစ်တင်နေရမည့် အချိန်မဟုတ်ပေ။ နယ်စားမင်းအိမ်တော်၏ မိသားစုဝင်တစ်ဦးကို ဆေးခတ်ခဲ့တဲ့ နောက်ကွယ်က လက်သည်တရားခံကို ရှာဖွေရမည့် အချိန်သာ ဖြစ်၏။

စုကျန်း၏ မျက်နှာမှာ အေးစက်နေဆဲဖြစ်ပြီး ကုယွမ်ရှန်းအား ဆက်ပြောရန် အချက်ပြလိုက်သည်။

"ကျွန်တော် မြင်းတွေကို ရေဆေးလို့ပြီးတော့ တကယ်ပဲ အကြီးဆုံးသခင်မလေး လမ်းလျှောက်လာတာကို မြင်လိုက်ရတယ်။ ဒါပေမဲ့ ဒီနေ့မှာတော့ သူ(မ)က ထူးထူးခြားခြား ပိုပြီးတော့ စိတ်ကြွနေခဲ့တာ။ ကျွန်တော်က သူ(မ)ကို ဘေးနားက တဲလေးထဲ ဆွဲခေါ်သွားဖို့ ကြိုးစားသေးပေမဲ့ သူ(မ)မှာ အားအင်တစ်ခုမှ မရှိဘဲ ကျွန်တော်လည်း ရွှေ့လို့မရခဲ့ဘူး။ အဲ့ဒါနဲ့ မြင်းဇောင်းထဲမှာဆိုရင် ပိုပြီးတော့ စိတ်လှုပ်ရှားဖို့ကောင်းမယ်လို့ တွေးမိတာနဲ့ သူ(မ)ရဲ့ဆန္ဒအတိုင်းပဲ လိုက်လျောပေးလိုက်မိတာပါ..."

စုကျန်းက မေးလိုက်၏။

"မင်းကိုလာရှာတဲ့လူက ဘယ်သူလဲ"

ကုယွမ်ရှန်းက ပြန်ဖြေသည်။

"လန်ရှန့်ပါ"

စုကျန်းက "ဘယ်သူက လန်ရှန့်လဲဆိုတာ လက်ညှိုးထိုးပြစမ်း" ဟု အမိန့်ပေးလိုက်သည်။

ကုယွမ်ရှန်း၏ မျက်နှာမှာ ကြည့်မကောင်းအောင် ဖူးယောင်နေပြီး မျက်ဝန်းများကလည်း နီမြန်းကာ မို့အစ်နေခဲ့ပြီ ဖြစ်သည်။ သူက မျက်လုံးတစ်ဖက်ကို မှေး၍ အစေခံမိန်းကလေးများ တန်းစီရပ်နေသည့်ဘက်သို့ ဝေဝေဝါးဝါး ကြည့်လိုက်ရာ အစေခံမလေး၏ စကတ်ပေါ်တွင် ချည်နှောင်ထားသော ရောင်စုံပုတီးစေ့များကိုသာ ခွဲခြား၍ မြင်နိုင်တော့သည်။

"သူ(မ)ပါပဲ"

လန်ရှန့်သည် ဆွံ့အသွားပြီး ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်စွာဖြင့် ဒူးထောက်ချလိုက်သည်။

"ကျွန်မ မလုပ်ပါဘူး! ကျွန်မ ထင်းယွီဆောင်ဘေးကနေ ဖြတ်လျှောက်သွားတုန်း ကုယွမ်ရှန်းက ကျွန်မကို အတင်းဆွဲခေါ်သွားတာပါ။ သူက ဒီနေ့ အိမ်တော်ကို သခင်လေးတွေ အများကြီး လာလည်ကြတယ်ဆိုတော့ အဲ့ဒီထဲမှာ အကြီးဆုံးသခင်မလေးနဲ့ လက်ထပ်မယ့်သူ သေချာပေါက် ပါလိမ့်မယ်တဲ့။ ပြီးတော့ သူက ဒီနေ့ အကြီးဆုံးသခင်မလေးနဲ့ မတွေ့ရရင် သခင်မလေးနဲ့ ဖြစ်ခဲ့တဲ့ ဇာတ်လမ်းကို သခင်မကြီးဆီ အကုန်ဖွင့်ပြောပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တာပါ။ ကျွန်မလည်း တခြားနည်းလမ်းမရှိလို့ အကြီးဆုံးသခင်မလေးဆီ သွားပြီး သဘောထား တောင်းခံခဲ့ရတာပါ!"

"မင်း လိမ်နေတာ! မင်းကိုယ်တိုင်ပဲ ငါ့ကိုလာပြောတာမဟုတ်ဘူးလား... အကြီးဆုံးသခင်မလေးက စေ့စပ်တော့မှာမို့ မကြာခင် လက်ထပ်ရတော့မယ်၊ ငါ့ကို တကယ်ပဲ သူ(မ)နဲ့ အတူတူရှိချင်လား ဆိုပြီး လာမေးခဲ့တာလေ!"

"ကျွန်မ တကယ် မပြောခဲ့ဘူး... ရှင် ကျွန်မကို မဟုတ်တာတွေ စွပ်စွဲနေတာ!"

"ငါ့လို မြင်းဇောင်းထိန်း သက်သက်ပဲရှိတဲ့လူက မင်းကို ဘာလို့ မဟုတ်တာ စွပ်စွဲရမှာလဲ"

"သခင်မကြီး... ဒုတိယသခင်မ.. ကျွန်မ တကယ်ပဲ မတရား အစွပ်စွဲခံရတာပါ!"

သူတို့နှစ်ဦးက တစ်ယောက်တစ်လှည့် အပြန်အလှန် ငြင်းခုံနေကြပြီး ဘယ်သူကမှ အပြစ်ကို ဝန်မခံကြချေ။

လန်ရှန့်၏ ထိတ်လန့်တကြား ရှိုက်ကြီးတငင် ငိုကြွေးသံများကြားထဲမှ ရွှယ်နင်က တည်ငြိမ်ပြတ်သားစွာဖြင့် ကြားဖြတ်ပြောလိုက်သည်။

"အဲ့ဒီ ဝိုင်ကြောင့်များ ဖြစ်နိုင်မလားဟင်"

ဝိုင်အကြောင်းကို ထည့်ပြောလိုက်သည်နှင့် လျိုရှီက ဖြည့်ပြောလာသည်။

"ဟုတ်တယ်၊ ဟုတ်တယ်! ဒီနေ့ အားနင်နဲ့ အားရှီးတို့က ဘေးချင်းယှဉ် ထိုင်နေခဲ့ကြတာ။ သေချာပေါက် အဲ့ဒီဝိုင်ထဲမှာ တစ်ခုခု လုပ်ထားတာပဲ ဖြစ်ရမယ်!"

ရွှယ်နင်က နှုတ်ခမ်းကို အနည်းငယ် စေ့လိုက်ပြီး တိုးညင်းစွာ ပြောလိုက်၏။

"ဒါပေမဲ့... သမီးလည်း အဲ့ဒီဝိုင်ကို သောက်ခဲ့တာပဲလေ"

ဒါပေမဲ့လည်း သူမကတော့ တစ်စုံတစ်ရာ ထူးခြားမှုမရှိဘဲ ပုံမှန်အတိုင်း ရှိနေခဲ့တယ်။

လျိုရှီ၏ မျက်နှာမှာ ဖြူလျော်သွားပြီး ပြောလက်စ စကားလုံးများလည်း လည်ချောင်းဝတွင် တစ်ဆို့သွားသည်။

စုကျန်းက ရွှယ်နင်ကို တစ်ချက် ဝှေ့ကြည့်လိုက်ပြီး သူ့မျက်ခုံး အနည်းငယ် ပင့်တက်သွားသည်။

"ဝိုင်ခွက်တွေကို ယူခဲ့ကြစမ်း"

အစေခံတစ်ဦးက အမိန့်ကို နာခံကာ ရွှယ်နင်နှင့် စုရှီးတို့ သောက်သုံးခဲ့သည့် ဝိုင်ခွက်များကို အမြန်ဆုံး သွားရောက်ယူဆောင်လာခဲ့၏။

အသက်ကြီးပိုင်း သမားတော်ကြီးက သေချာစွာ စစ်ဆေးပြီးနောက် "ရမ္မက်နှောင်ကြိုး အမွှေးတိုင်" ဟု လူသိများသော ကာမစိတ်ကြွဆေးကို စုရှီး၏ ဝိုင်ခွက်တွင် ကြိုတင်သုတ်လိမ်းထားကြောင်း အတည်ပြုပေးခဲ့သည်။

မက်မွန်ပွင့်ဝိုင် သီးသန့်ကတော့ ဘာဆေးမှ ခတ်ထားခြင်းမရှိတာကြောင့် ရွှယ်နင် ဘာမှမဖြစ်ဘဲ ဘေးကင်းနေခဲ့ခြင်းပင်။

"ရမ္မက်နှောင်ကြိုး အမွှေးတိုင်" ဆိုတဲ့ အမည်ကို ကြားလိုက်ရချိန်တွင် သခင်မတုန်း၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားပြီး တစ်ကိုယ်လုံး တုန်လှုပ်ချောက်ချားသွားသည်။

စုကျန်းက အေးစက်စွာ ရယ်မောလိုက်၏။

"ဒီလိုပစ္စည်းမျိုးက အလွယ်တကူ ရနိုင်တာမျိုး မဟုတ်ဘူး။ တုန်းကျင်းမြို့တော်တစ်ခုလုံးမှာ ရမ္မက်နှောင်ကြိုး အမွှေးတိုင်တွေကို တိတ်တဆိတ် အရောင်းအဝယ်လုပ်တဲ့ ပြည့်တန်ဆာအိမ် သုံးခုထက်မပိုဘူး။ သေချာ စုံစမ်းစစ်ဆေးလိုက်ရင် နယ်စားမင်းအိမ်တော်ထဲကို ဒီဆေးတွေ ဘယ်သူ ယူလာလဲဆိုတာ အလွယ်တကူပဲ သိရလိမ့်မယ်"

သခင်မတုန်းသည် သူမ၏အင်္ကျီလက်ကို လက်ချောင်းများဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး မျက်နှာတစ်ခုလုံးလည်း ပြာနှမ်းလိုက်၊ ဖြူလျော်လိုက်ဖြင့် အရောင်အမျိုးမျိုး ပြောင်းလဲနေတော့သည်။

စုကျန်း၏ တည်ငြိမ်အေးစက်သော အကြည့်တို့က အခန်းတွင်းရှိ လူတိုင်းအပေါ် ဖြတ်သန်းသွားပြီးနောက် နောက်ဆုံးတွင် စူးစမ်းလိုတဲ့ အဓိပ္ပာယ်များဖြင့် ရွှယ်နင်ဆီ ကျရောက်သွားသည်။

ရွှယ်နင်သည် သူမကိုယ်သူမ အပြစ်ကင်းစင်တယ်လို့ ယုံကြည်ချက်ရှိတာကြောင့် သူ့အကြည့်ကို ကြောက်ရွံ့ခြင်းမရှိပေမယ့် အင်္ကျီလက်ထဲမှာ ဝှက်ထားတဲ့ သူမရဲ့လက်ချောင်းလေးများကတော့ စိတ်လှုပ်ရှားမှုကြောင့် အလိုအလျောက် တွန့်ကွေးသွား၏။

သူမရဲ့ကံကြမ္မာဆိုးကို ပြောင်းလဲပစ်ရန်နှင့် စုကျန်း၏ စောင့်ကြည့်နေတဲ့ မျက်လုံးများအောက်တွင် လှုပ်ရှားရုန်းကန်ရတာ လွယ်ကူတာမဟုတ်ပေ။

စုကျန်းက သူ့အကြည့်ကို အနည်းငယ် ပြန်လည်ရုပ်သိမ်းလိုက်သည်။

"အဘွား... ကျွန်တော်တို့ စုံစမ်းစစ်ဆေးမှုကို ဆက်လုပ်ကြမလား"

ဒီနေ့မှာ အလွန်အမင်း ဒေါသထွက်နေတဲ့ သခင်မကြီးရှဲ့က နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း -

"သေချာတာပေါ့... တခြားလူတွေရဲ့ လှည့်စားတာကိုမခံရအောင် ငါတို့ သေချာနှံ့စပ်အောင် စုံစမ်းရမယ်"

စုကျန်းက ပြန်ဖြေလိုက်သည်။

"ကောင်းပါပြီ"

ထို့နောက် သူသည် မော့ပိုင်အား သူ့တံဆိပ်ပြားကို ယူဆောင်၍ အပြင်သို့ ထွက်ခွာသွားရန် အမိန့်ပေးလိုက်တော့သည်။

သခင်မတုန်း၏ နှုတ်ခမ်းများ တုန်ရီနေပြီး တစ်ခုခု ပြောချင်ပေမယ့် ဘာပြောရမှန်းမသိ ဖြစ်နေသည့်အတိုင်း ဖွင့်လိုက်ပိတ်လိုက် ဖြစ်နေသည်။

စုရှီးက တဖြည်းဖြည်းနှင့် သတိပြန်လည်လာခဲ့ပြီ ဖြစ်သည်။ သူမကိုယ်တိုင် မသိလိုက်ဘဲ "ရမ္မက်နှောင်ကြိုး အမွှေးတိုင်" ဆေးခတ်ခံခဲ့ရကြောင်းနှင့် မြင်းဇောင်းထဲတွင် ကုယွမ်ရှန်းနှင့် ဖောက်ပြန်နေစဉ် လက်ပူးလက်ကြပ် အဖမ်းခံခဲ့ရကြောင်း သိသွားတဲ့အချိန် သူမ အရှက်တရားကြောင့် ရူးသွပ်မတတ် ဖြစ်သွားတော့သည်။ သူမက နှုတ်ခမ်းကို ပြင်းထန်စွာ ကိုက်ခဲထားရင်း မျက်နှာတစ်ခုလုံး နီမြန်းလျက် ဒေါသတကြီး အော်ဟစ်လိုက်သည်။

"အဘွား... ရွှယ်နင်က သမီးကို လုပ်ကြံတာ! သူ(မ)ပဲ... သေချာပေါက် သူ(မ)ပဲ ဖြစ်ရမယ်!"

ဟိုးတစ်ချိန်တုန်းက ရွှယ်နင် ဆေးမိပြီး ကုတင်ပေါ်မှာ အဖမ်းခံခဲ့ရစဉ်ကလည်း ဘယ်သူကမှ သူမဘက်ကနေ ရပ်တည်ပြီး ကာကွယ်ပေးမယ့်သူ မရှိခဲ့တာကြောင့် အခုလိုပဲ ရူးသွပ်မတတ် အော်ဟစ်ငိုယိုခဲ့ဖူးတယ်။

ဒါပေမဲ့ အဲ့ဒီအချိန်တုန်းက စုရှီး၊ စုချင်း၊ သခင်မတုန်း ဒါမှမဟုတ် လျိုရှီ... သူတို့ထဲက ဘယ်တစ်ယောက်ကများ သူမအတွက် ဆင်ခြေတစ်ခွန်းလောက် ကာကွယ်ပြောဆိုပေးခဲ့လို့လဲ။

ရွှယ်နင်သည် မျက်ဝန်းများကို မှိတ်ထားလိုက်ပြီး သူမစိတ်ထဲက ကလဲ့စားချေနိုင်ခဲ့တဲ့ ကျေနပ်မှုကို အားတင်း၍ ဖိနှိပ်ထားရင်း အပြစ်ကင်းစင်ဟန်ဖြင့် ပြောလိုက်သည်။

"ညီမက ဘာလို့ အစ်မကြီးကို လုပ်ကြံရမှာလဲဟင်... ပြီးတော့ 'ရမ္မက်နှောင်ကြိုး အမွှေးတိုင်' ဆိုတာက ဘာလဲ... အားနင် တကယ်ပဲ မသိပါဘူး"

ဒေါသကြောင့် အသိဉာဏ်ကင်းမဲ့နေတဲ့ စုရှီးသည် ရှေ့သို့ အပြေးအလွှား တိုးဝင်လာပြီး ရွှယ်နင်၏ အင်္ကျီလည်ပင်းစကို ဆွဲကိုင်ကာ အော်ဟစ်တော့သည်။

"နင်ပဲ... သေချာပေါက် နင်ပဲ ဖြစ်ရမယ်!"

ရွှယ်နင်သည် ဘာခံစားချက်မှမရှိသကဲ့သို့ တည်ငြိမ်နေပြီး စုရှီး၏မျက်နှာချင်းဆိုင်တွင် သူမ၏နှုတ်ခမ်းထောင့်စွန်းကို အဓိပ္ပာယ်ပါပါ အနည်းငယ် ကွေးညွတ်၍ ပြုံးပြလိုက်၏။

စုရှီး၏ မျက်နှာတွင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားပြီ... ဒီလောက်ဆိုရင် နားလည်မှုလွဲစရာ ဘာကျန်ဦးမှာလဲ။

သူမက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားသည်။

"ရွှယ်နင်... နင် တကယ်ကို ရက်စက်လွန်းတယ်!"

ဘေးပတ်ဝန်းကျင်မှ လူများ၏ စောင့်ကြည့်နေသောအကြည့်အောက်တွင် ရွှယ်နင်၏စိတ်ထဲက ကျေနပ်မှုလှိုင်းလုံးများ ထကြွနေသော်လည်း မျက်နှာမှာတော့ နာကျင်ခံရခက်ဟန်ဖြင့် မျက်မှောင်ကြုတ်ပြလိုက်သည်။

"ညီမက အစ်မကြီးအပေါ် မတရားတာတစ်ခုခု လုပ်ခဲ့ဖူးသလားဆိုတာကို အစ်ကိုကြီးကိုယ်တိုင် သေချာပေါက် စုံစမ်းစစ်ဆေးပေးပါလိမ့်မယ်"

စုရှီးသည် နာကျည်းချက်များဖြင့် ရင်ပူလောင်နေရပြီး ရွှယ်နင်၏ဝိုင်ခွက်ထဲမှာ ရှိနေသင့်တဲ့ ရမ္မက်နှောင်ကြိုးအမွှေးတိုင်ဆေးက သူမရဲ့ခွက်ထဲ ဘယ်လိုလုပ် ရောက်ရှိသွားလဲဆိုတာကို လုံးဝ စဉ်းစားမရနိုင်ဘဲ ဖြစ်နေသည်။

သူမက သူမရဲ့ခေါင်းကို လက်ဖြင့် ပြင်းထန်စွာ ထုရိုက်နေမိသော်လည်း ဝေဝါးထုံထိုင်းနေသော ဦးနှောက်က မည်သည့်အဖြေကိုမျှ ရှာမတွေ့နိုင်ခဲ့ချေ။

All Chapters