← Chapters

အခန်း ၅၁

Vol. 6 Ch. 51

အခန်း ၅၁

Vol. 6 Ch. 51

အခန်း (၅၁)။ ။ မိမိကိုယ်မိမိ လေးစားခြင်း

ရွှယ်နင်သည် မခံမရပ်နိုင်လောက်အောင် ပူလောင်နေပြီး စိတ်မတည်မငြိမ် ဖြစ်နေသည်။ ဒီအချိန်မှာ စုကျန်း၏ ထိတွေ့မှုတိုင်းက သူမအတွက် အသက်အန္တရာယ်ကိုတောင် ခြိမ်းခြောက်နိုင်လောက်သည့် ဆွဲဆောင်မှုမျိုး ဖြစ်နေ၏။

"မဖျား—"

"ကိုယ့်ကိုကိုယ် အတင်းအကျပ် မလုပ်စမ်းပါနဲ့။ မင်းကို စစ်ဆေးပေးဖို့ သမားတော်တစ်ယောက် ခေါ်ပေးရမလား"

"မလို... မလိုပါဘူး!"

ရွှယ်နင်သည် ထိတ်လန့်တကြားဖြင့် သူ့လက်ကို တွန်းဖယ်လိုက်ပြီး အသက်ရှူသံများ ပိုမိုပြတ်တောင်းလာရင်း နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွားသည်။

စုကျန်းက မျက်မှောင်ကြုတ်လိုက်မိပြီး ရွှယ်နင်၏ တစ်ခုခု မူမမှန်ဖြစ်နေတာကို ရိပ်မိသွားသည်။

သူက ရှေ့တိုးလာကာ သူမကို သူ့ရင်ခွင်ထဲ ပွေ့ချီလိုက်ပြီး ပူလောင်နေတဲ့ မီးသွေးခဲတစ်တုံးကို ပွေ့ပိုက်ထားရသည့်အတိုင်း ခံစားလိုက်ရသည်။

မျက်မှောင်ကြုတ်လျက် သူက မေးလိုက်၏။

"မင်း ဘာလို့ ဒီလောက်တောင် ကိုယ်တွေ ပူနေရတာလဲ"

ရွှယ်နင်၏ တစ်ကိုယ်လုံး တောင့်တင်းသွားပြီး ပါးပြင်လေးများ နီမြန်းသွားသည်။ သူမ၏ လက်ဖဝါးများက ထိုအမျိုးသားရဲ့ ရင်ဘတ်အင်္ကျီစများကို တင်းကျပ်စွာ ဆုပ်ကိုင်ထားမိပြီး တစ်ကိုယ်လုံးလည်း တင်းပြည့်နေတဲ့ လေးကြိုးတစ်ချောင်းကဲ့သို့ တောင့်တင်းနေသည်။

သူမရဲ့ အသိတရားများက တဖြည်းဖြည်းနှင့် ပိုမိုဝေဝါးလာတယ်လို့ ခံစားနေရပြီး မထိန်းချုပ်နိုင်ဘဲ ပူလောင်နေတဲ့ ပါးပြင်ကို ထိုအမျိုးသား၏ ရင်ဘတ်‌ပေါ်မှာ ဖိထားလိုက်သည်။

အဲ့လို ပြုလုပ်လိုက်မှသာ သူမ စိတ်ထဲအနည်းငယ် ပိုသက်သာရာရသွားသည်။

ဒါပေမဲ့လည်း ဒီလူက စုကျန်းလေ။ သူမ အခုလိုမျိုး မပြုမူသင့်ဘူး... တကယ် မပြုမူသင့်ဘူး။

ထို့ကြောင့် သူမသည် သူမရဲ့ပါးပြင်ကို သူ့ရင်ဘတ်ကနေ အမြန်ဆုံး ခွာလိုက်ပြီး ခန္ဓာကိုယ်က ပို၍ပင် တောင့်တင်းသွားတော့သည်။

စုကျန်းသည် သူမရဲ့ သေးငယ်တဲ့ လှုပ်ရှားမှုလေးများကို သတိပြုမိလိုက်ပေမယ့် သူ့စိတ်ထဲမှာ လှုပ်ခတ်သွားတဲ့ ခံစားချက်ကိုတော့ သူကိုယ်တိုင် အမည်မဖော်တတ်ခဲ့ချေ။

သူ့ရင်ခွင်ထဲက ခန္ဓာကိုယ်လေးဟာ ဂွမ်းစကဲ့သို့ နူးညံ့အိစက်နေပြီး ဆွဲဆောင်မှုရှိတဲ့ ရနံ့ချိုချိုလေးများလည်း ထွက်ပေါ်နေသည်။

သူ့ဘက်က ကြည့်မယ်ဆိုရင် ထိုမိန်းကလေးငယ်၏ ပါးပြင်နှစ်ဖက်က အလွန်အမင်း နီမြန်းနေသည်။

သူက အားအင်အပြည့်ရှိတဲ့ လူပျိုယောကျာ်းတစ်ပင်။ လွန်ခဲ့တဲ့ နှစ်များစွာအတွင်း သူက လူပျိုဘဝကို ထိန်းသိမ်းရင်း မိန်းမများနှင့် ဝေးဝေးမှာ နေထိုင်ခဲ့သော်လည်း... သာမန်လူသားတို့၏ အာရုံခံစားမှု ဆန္ဒများကနေ လုံးဝ ကင်းလွတ်နိုင်ခြင်း မရှိချေ—ဘယ်လိုပဲဖြစ်စေ ရွှယ်နင်ရဲ့ ရုပ်ရည်က တောက်ပဆွဲဆောင်မှုရှိပြီး အလွန်အမင်း လှပလွန်းတယ် မဟုတ်လား။

သူ့ခန္ဓာကိုယ်အတွင်းမှ တစ်စုံတစ်ရာ ပြောင်းလဲလာခြင်းကို ခံစားလိုက်ရချိန်တွင် စုကျန်း မျက်ခုံးများ ပိုမိုတွန့်ကွေးသွား၏။

"ရွှယ်နင်... မင်း ဒါကို ရည်ရွယ်ချက်ရှိရှိ လုပ်နေတာလား"

ထိုအမျိုးသား၏ စကားလုံးများက သူမရဲ့ခေါင်းပေါ် ရေအေးတစ်ပုံးဖြင့် ပက်ဖျန်းလိုက်သလို ဖြစ်သွားခဲ့ပြီး စိတ်ထဲမှာ ချဉ်တက်လာတဲ့ နာကျင်မှု နိုးထလာသည်။

ရွှယ်နင်သည် ချက်ချင်းဆိုသလို သူမရဲ့ခေါင်းကို မော့လိုက်ပြီး သူ့ရင်ခွင်ထဲကနေ ရုန်းထွက်ရန် ကြိုးပမ်းတော့သည်။

သူမက ခြေလှမ်းများကို တည်ငြိမ်အောင် မရပ်နိုင်ပေမယ့် ချွေးစိုနေတဲ့ ခန္ဓာကိုယ်ကို အားယူကာ ကုလားထိုင်ဆီသို့ သွားကာ ဝင်ထိုင်လိုက်၏။

"လက်ဆောင်ကို ညီမ လက်ခံလိုက်ပါပြီ။ အစ်ကိုကြီး ပြန်ပါတော့... ညီမ အနားယူချင်လို့ပါ..."

စုကျန်းက သူမကို တစ်ချက် ဝှေ့ကြည့်လိုက်သည်။

"မင်း သမားတော် တကယ်မလိုဘူးဆိုတာ သေချာလား"

ရွှယ်နင်က အလွန်အမင်း နာကျင်ခံရခက်နေခဲ့သည်။ အရင်ဘဝတုန်းက ကြုံတွေ့ခဲ့ရတဲ့ သနားစရာကောင်းတဲ့ သူမရဲ့ ကံကြမ္မာဆိုးကို ပြန်တွေးမိချိန်တွင် ရင်ဘတ်ပေါ်မှာ ကြီးမားတဲ့ ကျောက်တုံးကြီးတစ်ခု ဖိနှိပ်ထားသလို ခံစားလိုက်ရ၏။

သူမကို စိုက်ကြည့်နေတဲ့ စုကျန်း၏ အကြည့်များကို ငေးကြည့်လိုက်ချိန်တွင်—

အေးစက်စိမ်းကားပြီး ဝေးကွာသည့်အပြင်... အထင်သေးခြင်းနှင့် ရှုံ့ချခြင်း အရိပ်အယောင်များ အနည်းငယ် ရောယှက်နေခဲ့သည်။

သူ့စိတ်ထဲမှာ ဒီနေ့ည သူမ ပြုမူသမျှ အရာအားလုံးက သူ့ကို မြူဆွယ်ဖြားယောင်းဖို့ ကြိုးစားနေတာပဲလို့ ထင်နေတယ်ဆိုတာ သူမ ကောင်းကောင်း သိလိုက်ပြီ။

ဒါပေမဲ့လည်း ကောင်းကင်ဘုံ သက်သေရှိတယ်။သူမ အသစ်တစ်ဖန် ပြန်မွေးဖွားလာခဲ့တဲ့ အချိန်ကတည်းက သူနဲ့ ပြန်ပတ်သက်မယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုး စိတ်ထဲမှာ လုံးဝ မွေးမြူထားခဲ့ခြင်း မရှိဘူး။

"မလိုပါဘူး။ ညီမ နည်းနည်း အနားယူလိုက်ရင် အဆင်ပြေသွားမှာပါ။ အခုလို စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်ကိုကြီး"

သူမသည် သူ့အား "အစ်ကိုကြီး" ဟု အလွန်အမင်း လွယ်ကူချောမွေ့စွာဖြင့် တစ်ခွန်းပြီးတစ်ခွန်း ခေါ်ဆိုနေခဲ့ခြင်း ဖြစ်သည်။

စုကျန်းက နှာခေါင်းတစ်ချက် ရှုံ့ကာ လှောင်ပြုံးပြုံးလိုက်ပေမယ့် သူမ၏ သေးငယ်တဲ့ အကွက်ဆင်မှုများကို ဗြောင်ကျကျ ဖွင့်ချခြင်း မပြုခဲ့ပေ။

"မင်းက ငါ့ရဲ့ စေတနာကို အသိအမှတ်မပြုဘဲ ငြင်းနေမှတော့... မင်းရဲ့ အစ်ကိုတစ်ယောက်အနေနဲ့ ငါ့ကို ရက်စက်တယ်လို့ နောက်နောင် အပြစ်မတင်နဲ့တော့။ သေသေချာချာ အနားယူလိုက်ဦး။ အကယ်၍ တစ်ခုခုဖြစ်လာရင် ပေါင်ချန်ကို မင်ယွဲ့ဆောင်ဆီ လွှတ်ပြီး ငါ့ကို လာရှာခိုင်းလိုက်။ မင်းရဲ့ အစ်ကိုတစ်ယောက်အနေနဲ့ ငါ မင်းအပေါ် မတရား ပြုမူမှာမဟုတ်ပါဘူး"

ရွှယ်နင်က ဘာစကားမှ ပြန်မတုံ့ပြန်ခဲ့ပေ။ သူမမှာ ပြောဆိုရန် အားအင် တကယ်ပဲ ကျန်ရှိမနေတော့ခြင်း ဖြစ်သည်။

ထိုအမျိုးသားက သူ့အင်္ကျီလက်စများကို ခါထုတ်လိုက်ရင်း အထက်စီးဆန်တဲ့ အကြည့်ဖြင့် သူမအား ငုံ့ကြည့်လေသည်။

သူက တံခါးဝသို့ ရောက်ရှိသွားချိန်တွင်မှ တစ်စုံတစ်ရာကို သတိရသွားဟန်ဖြင့် နောက်သို့ ပြန်လှည့်လာခဲ့၏။

"ရွှယ်နင်... ဒီနေ့ မိသားစုဝင်အဖြစ် အသိအမှတ်ပြုတဲ့ တရားဝင်ဂါရဝပြုပွဲ ပြီးသွားတာနဲ့ မင်းက ငါ့ရဲ့ တရားဝင် ညီမလေး ဖြစ်သွားပြီ။ မင်းက ဂုဏ်သရေရှိတဲ့ သခင်မလေးတစ်ယောက်ပဲ... ကိုယ့်ကိုကိုယ် လေးစားမှု ရှိစမ်းပါ"

ထိုအမျိုးသား၏ လေသံက ပေါ့ပါးသော်လည်း အေးစက်တဲ့ အငွေ့အသက်များ စိမ့်ဝင်နေသည်။

သူ့စကားလုံးများက အပေါ်ယံကြည့်လျှင် သာမန်ပဲလို့ ထင်ရပေမယ့် ရွှယ်နင်ရဲ့ နှလုံးသားတည့်တည့်ကို ထိုးစိုက်လိုက်တဲ့ ထက်ရှသော ဓားတစ်စင်းကဲ့သို့ ပြင်းထန်လွန်း၏။

ရွှယ်နင်၏ မျက်နှာလေးက ချက်ချင်း သွေးဆုတ်ကာ ဖြူလျော်သွားခဲ့ပြီး သူမ၏ လက်ချောင်းများကိုလည်း တင်းကျပ်စွာ ဆုပ်ကိုင်ထားမိသည်။

သူမက ဝေဝါးနေတဲ့ မျက်ဝန်းများကို ပင့်တင်လိုက်ရာ ထိုမျက်ဝန်းထဲတွင် နာကျင်မှုများနှင့် ဝေခွဲမရဖြစ်မှုများဖြင့် ပြည့်နှက်နေသည်။

"အစ်ကိုကြီး... ဘာပြောလိုက်တာလဲ"

"အချို့စကားတွေကိုတော့... မင်းရဲ့ အစ်ကိုတစ်ယောက်အနေနဲ့ ဒီလောက်နဲ့ပဲ ရပ်ထားလိုက်တော့မယ်"

ရွှယ်နင်သည် အော်ဟစ်ရယ်မောပစ်လိုက်ချင်သော်လည်း သူမကိုယ်သူမ အတင်းအကျပ် ထိန်းချုပ်ထားရသည်။

ပြင်းထန်တဲ့ "ရမ္မက်နှောင်ကြိုး အမွှေးတိုင်" ဆေးအာနိသင်အောက်တွင် သူမမှာ ကျန်ရှိနေတဲ့ အသိတရားက အလွန်အမင်း နည်းပါးလွန်းနေပြီ။

ဒါပေမဲ့လည်း သူမက အံတင်းတင်းကြိတ်ထားမိရင်း စုကျန်း၏အနားသို့ ခြေတစ်လှမ်းမှ မတိုးကပ်မိစေရန် ဇွတ်အတင်း အားတင်းထားသည်။

ထို သေးငယ်တဲ့ အခန်းမကြီးအတွင်း၌ လေထုတစ်ခုလုံးမှာ ရုတ်ချည်းဆိုသလို ရေခဲမှတ်အထိ အေးစက်သွားခဲ့သည်။

သူမဘက်က တိတ်ဆိတ်နေတာကို မြင်ရတဲ့အခါ စုကျန်းသည် သူ့သတိပေးစကားကြောင့် ထိုမိန်းကလေးငယ် အရှက်ရသွားပြီလို့ မှတ်ယူလိုက်သည်။

"ငါ သွားတော့မယ်။ သေသေချာချာ အနားယူလိုက်ဦး"

သို့သော် သူ လှည့်ထွက်သွားခါနီး အချိန်တွင်မှ ရွှယ်နင်သည် ရုတ်တရက် ဦးခေါင်းကို မော့ကြည့်လိုက်ကာ -

"စုကျန်း!"

စုကျန်းသည် သူ့ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ သူမကို လှည့်ကြည့်လိုက်သည်။

ကုလားထိုင်ပေါ်တွင် ထိုင်နေတဲ့ မိန်းကလေးငယ်၏ မျက်ဝန်းအိမ်တစ်ခုလုံး နီမြန်းနေပြီး မျက်တောင်တစ်ချက် ခတ်လိုက်ရုံမျှဖြင့် ဝိုင်းစက်နေသော မျက်ရည်စများမှာ လိမ့်ဆင်းလာတော့မည့်အတိုင်း အခြေအနေ ဖြစ်နေသည်။

သို့သော်လည်း သူမ မငိုခဲ့ပေ။ သူမက ဖြူလျော်ပြီး ခေါင်းမာတဲ့ မျက်နှာအမူအရာဖြင့် သူ့ကို ကြည့်ကာ ပြောလိုက်သည်။

"ကျွန်မက ရှင့်ရဲ့ ညီမ ဖြစ်လာခဲ့ပြီ... ရှင် အခုထိ နားမလည်သေးဘူးလား"

စုကျန််းက မျက်မှောင်ကြုတ်လိုက်သည်။

"ဘာကို နားလည်ရမှာလဲ"

ရွှယ်နင်သည် သူမ၏ သွားများကို ကြိတ်ထားမိရင်း -

"ကျွန်မ ရှင့်ကို ဘယ်တော့မှ လက်ထပ်မှာ မဟုတ်ဘူး!"

စုကျန်းက နှာခေါင်းတစ်ချက် ရှုံ့ကာ လှောင်ပြုံးပြုံးလိုက်ပြီး ရွှယ်နင်၏ ဒေါသတကြီး ပြောဆိုချက်များကို အရေးတယူ စဉ်းစားခြင်းမရှိပေ။

"ကောင်းပြီ... ငါ နားလည်တယ်။ ငါကိုယ်တိုင်လည်း မင်းကို လက်ထပ်ဖို့ စိတ်ကူးတစ်ချက်မှ မရှိခဲ့ပါဘူး။ မင်းရဲ့ အစ်ကိုတစ်ယောက်အနေနဲ့ မင်းအတွက် အလားအလာရှိမယ့် အိမ်ထောင်ရေးကိုတော့ ငါ သေသေချာချာ စိတ်ထဲမှာ မှတ်ထားပေးပါ့မယ်"

ထိုအမျိုးသားသည် အခန်းပြင်သို့ အရှိန်ဖြင့် လှမ်းထွက်သွားခဲ့ပြီး သူ ဆွဲပင့်လိုက်တဲ့ လိုက်ကာစများ၏ ကြားမှနေ၍ အေးစက်တဲ့ လေပြင်းတစ်ချက် တိုးဝှေ့ဝင်ရောက်လာသည်။

ဒီခံစားချက်က ဂွမ်းစတစ်ခုကို လက်သီးဖြင့် ထိုးနှက်လိုက်ရသကဲ့သို့... အားအင်ချည်းနဲ့ပြီး အလူးအလဲ လမ်းပျောက်နေရတဲ့ သဘောပင်။

ရွှယ်နင်သည် တောင့်တင်းထားခဲ့ရတဲ့ ခန္ဓာကိုယ်ကို အားလျှော့ချလိုက်ပြီး ကြမ်းပြင်ပေါ်သို့ ခွေခနဲ လဲပြိုကျသွားခဲ့ကာ မျက်ရည်များ တိတ်တဆိတ် စီးကျလာသည်။

အခန်းထဲမှ ထူးဆန်းတဲ့ လှုပ်ရှားသံများကို ကြားလိုက်ရသဖြင့် ပေါင်ချန်သည် အခန်းထဲသို့ အလောတကြီး ပြေးဝင်လာခဲ့၏။ သူမရဲ့ သခင်မလေး ချွေးစေးများဖြင့် ရွှဲနစ်နေတာကို မြင်တွေ့လိုက်ရချိန်တွင် သူမက ပိုမိုပျာယာခတ်သွားသည်။

"သခင်မလေး... ဘာတွေ ဖြစ်ကုန်တာလဲ။ ဘာဖြစ်လို့ ရှီဇီက အခုတင်ပဲ လာသွားရတာလဲ"

ပိုးထည်သေတ္တာသည် သူမ၏ ခြေရင်းတွင် လဲကျနေခဲ့ပြီး အထဲမှ တောက်ပသော တောင်ပင်လယ် ပုလဲလုံးကြီးတစ်လုံး ထွက်ပေါ်နေသည်။

ရွှယ်နင်သည် နီမြန်းနေတဲ့ မျက်ခွံများကို အားမရှိစွာဖြင့် ပင့်တင်လိုက်ပြီး ထိုပုလဲလုံးကြီးကို တစ်ချက်သာ ဝေဝါးစွာ စိုက်ကြည့်လိုက်သည်။

"ပေါင်ချန်... ငါ့ကို ရေချိုးခန်းထဲ တွဲခေါ်သွားပေးပါဦး..."

သူမရဲ့ ပူလောင်နေတဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို အေးစိမ့်တဲ့ ရေအေးကန်ထဲသို့ နှစ်မြှုပ်လိုက်ပြီးသည့် နောက်တွင်မှသာ... ရင်ထဲမှ မတည်မငြိမ်ဖြစ်နေသော ရမ္မက်မီးတောက်က အနည်းငယ် ငြိမ်းအေးသွားတော့သည်။

ရွှယ်နင်၏ ပါးပြင်နှစ်ဖက်မှာ နီမြန်းနေဆဲဖြစ်ပြီး အသိဉာဏ်များ ရှုပ်ထွေးနောက်ကျိနေကာ ရှေ့မှာရှိတဲ့ ပန်းပုလက်ရာများဖြင့် မွမ်းမံထားသော ပြတင်းပေါက်ကိုသာ မိန်းမောတွေဝေစွာ စိုက်ကြည့်နေမိသည်။

စုကျန်း၏ လှောင်ပြောင်သရော်ထားတဲ့ စကားလုံးများက သူမရဲ့ နားထဲ ဆက်လက်၍ ပဲ့တင်ထပ်နေဆဲဖြစ်ပြီး... သူမက အခု အသက်အရွယ်တစ်ခုသို့ ရောက်ရှိလာခဲ့ပြီဖြစ်ရာ အခုလိုမျိုး ရွှမ်းယီနယ်စားမင်းအိမ်တော်မှာ ဆက်နေထိုင်သွားရန် မဖြစ်နိုင်တော့ကြောင်းကို ပြန်သတိပေးနေသည့်အတိုင်း ခံစားလိုက်ရသည်။

သူမ အမြန်ဆုံး လက်ထပ်ဖို့ လိုအပ်နေပြီ... အဲ့ဒါမှသာ သူက သူမဟာ သူ့ရဲ့မြင့်မားတဲ့ သစ်ကိုင်းပေါ်ကို ဖက်တွယ်လာလိမ့်မည်ဟု ထင်မှတ်ကာ စိတ်မအေး ဖြစ်နေသည့် ကိစ္စရပ်များ ဘေးဖယ်သွားလိမ့်မည်။

ရက်စွဲများကို ရေတွက်ကြည့်မည်ဆိုလျှင်... စုကျန်းသည် အခု အသက်နှစ်ဆယ်ဝန်းကျင်ခန့်သာ ရှိသေး၏။ ယခုနှစ်ကုန်ပိုင်းတွင် ကြီးမားတဲ့ အမှုအခင်းအချို့ကို ကောင်းစွာ ကိုင်တွယ်ဖြေရှင်းပြီးနောက်တွင်မူ... သူက လာမယ့်နှစ် နွေဦးရာသီ တော်ဝင်စာမေးပွဲကြီး မတိုင်မီတွင် နန်းတွင်းအတွင်းဝန်ရုံးအဖွဲ့ ဆီသို့ ရာထူးတိုးမြှင့်ခြင်း ခံရလိမ့်မည်။ ထို့နောက် လက်ရှိ နန်းတွင်းအမတ်ချုပ်ကြီး သခင်ရန်၏ တပည့်ရင်းတစ်ဦး ဖြစ်လာခဲ့ပြီး ဧကရာဇ်၏ အထူးမျက်သာပေးခြင်းကို ခံရကာ နန်းတွင်းမှာ ထင်ရှားကျော်ကြားလာတော့မည် ဖြစ်သည်။

လာမယ့်နှစ်တွင် သခင်ရန်သည် ပြင်းထန်တဲ့ ရောဂါဝေဒနာကြောင့် ရုတ်တရက် ကွယ်လွန်သွားလိမ့်မည်။

ထိုအခါ စုကျန်းသည် သာ့ယုံမင်းဆက်၏ သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး နန်းတွင်းအမတ်ချုပ်ကြီး ဖြစ်လာခဲ့တော့သည်။

အရင်ဘဝတုန်းက လူတိုင်းက သူမကို အသက်နှစ်ဆယ်မပြည့်မီမှာပင် အမတ်ချုပ်ကတော် ဖြစ်လာခဲ့တာကြောင့် အလွန်အမင်း မနာလို ဝန်တိုဖြစ်ခဲ့ကြဖူးသည်။ လူတွေ ထိုအကြောင်းကို ပြောဆိုသည့် အခါတိုင်း၌... စုကျန်းနှင့် လက်ထပ်ခွင့်ရတာဟာ သူမအတွက် အတိုင်းအဆမရှိ ကြီးမားတဲ့ ဂုဏ်ဒြပ်တစ်ခု ဖြစ်တယ်လို့ ပြောကြ၏။

ဒါပေမဲ့လည်း သူမကို နည်းနည်းလေးတောင် ချစ်ခင်မြတ်နိုးခြင်း မရှိတဲ့ ယောကျာ်းတစ်ယောက်နှင့် လက်ထပ်ခဲ့ရသည့် ရင်တွင်းနာကျင်မှုနှင့် ညှဉ်းပန်းနှိပ်စက်ခံရမှုတွေကို ဘယ်သူကများ နားလည်ပေးနိုင်ခဲ့လဲ။

ရွှယ်နင်သည် ခဏလောက် မိန်းမောတွေဝေနေမိပြီး ရင်ထဲမှ တောက်လောင်နေသော ရမ္မက်မီးတောက်က ရေအေးများကြောင့် နောက်ဆုံးတော့ ငြိမ်းအေးသွားခဲ့ပြီဟု ထင်မှတ်ရသည်။

သူမသည် တစ်ကိုယ်လုံး တုန်ရီလျက် အရိုးကွဲမတတ် အေးစက်တဲ့ ရေကန်ထဲမှနေ၍ အားယူကာ ပြန်ရုန်းထွက်ခဲ့ရပြီး ဦးခေါင်းတစ်ခုလုံးလည်း နောက်ကျိမူးဝေနေသည်။

ခက်ခဲပင်ပန်းစွာဖြင့် အဝတ်အစားများကို လဲလှယ်ဝတ်ဆင်ပြီး အခန်းထဲသို့ ပြန်လည်ရောက်ရှိလာချိန်တွင် ကုတင်ပေါ် လှဲလိုက်သည်နှင့် ဦးခေါင်းတစ်ခုလုံး ကွဲအက်မတတ် ပြင်းထန်စွာ ကိုက်ခဲလာခဲ့သည်။

ပေါင်ချန်က ပူနွေးတဲ့ ဂျင်းလက်ဖက်ရည်ကို ဖျော်စပ်ပေးပြီး ခန္ဓာကိုယ်အတွင်းမှ အအေးမိတာတွေ ပျောက်သွားစေရန် အဖျားပျောက်ဆေးများ ပြင်ဆင်၍ တိုက်ကျွေးသည်။

ဆေးသောက်ပြီးနောက်တွင် သူမက ဝေဝါးနောက်ကျိတဲ့ အိပ်စက်ခြင်းကမ္ဘာထဲသို့ ကျဆင်းသွားခဲ့ပြီး... အိပ်မက်ထဲမှာ အရင်ဘဝတုန်းက ကြုံတွေ့ခဲ့ရတဲ့ ရှုပ်ထွေးဆိုးရွားသည့် ကမောက်ကမ ဖြစ်ရပ်ဆိုးကြီးများ ပြန်လည်ပေါ်လာသည်။

စုမိသားစုဝင် တစ်ယောက်ချင်းစီတိုင်းက ရွံရှာစက်ဆုပ်ဖွယ်ကောင်းပြီး ယုတ်မာတဲ့ မျက်နှာအမူအရာများဖြင့် သူမကို ဝန်းရံထားကြ၏။

ထို့အပြင် သူမနှင့် စုကျန်းတို့ ဆေးခတ်ထားသော ဝိုင်ရည်ကြောင့် အတူတူ လုံးထွေးပတ်သက်ခဲ့ရသည့် ထိုနေ့ညကိုလည်း သူမ အိပ်မက် မက်ခဲ့သေးသည်။

သူမ၏ နူးညံ့အိစက်တဲ့ ခန္ဓာကိုယ်ဟာ မြင်းရထားတစ်စီးဖြင့် ကြိတ်ခြေဖျက်ဆီးခြင်း ခံလိုက်ရသည့်အတိုင်း ပြင်းထန်စွာ နာကျင်နေခဲ့ရ၏။ ကိစ္စရပ်များ ပြီးဆုံးသွားသည့်တိုင်အောင် ခန္ဓာကိုယ်အောက်ပိုင်းဆီမှ နာကျင်မှု ဝေဒနာသည် ရက်ပေါင်းများစွာတိုင်အောင် စွဲကျန်ရစ်ခဲ့သည်။ သို့သော် ထိုအမျိုးသားသည် သူမအပေါ်မှာ ဘယ်တုန်းကမှ ဂရုစိုက်မှု ပြသခဲ့ခြင်း မရှိချေ။

သူ သူမဆီ လှည့်ကြည့်တဲ့ အကြည့်တိုင်းတွင်လည်း အထင်သေးခြင်းနှင့် ရွံရှာမုန်းတီးခြင်း အရိပ်အယောင်များဖြင့်သာ ပြည့်နှက်နေခဲ့သည်။

တစ်စထက်တစ်စနှင့် အိပ်မက်ထဲမှ မြင်ကွင်းများမှာ ပြင်းထန်စွာ ပြောင်းလဲ လှုပ်ခတ်သွားခဲ့ပြန်သည်။

စင်္ကြံလမ်းတစ်လျှောက်တွင် ချိတ်ဆွဲထားသော ဖြူဖျော့ဖျော့ မီးအိမ်ကြီးများသည် ချီယွင်ဆောင်အတွင်း၌ လွင့်မျောနေသည့် တောက်ပသော မင်္ဂလာဆောင်ဝတ်ရုံနီကြီးကို ထင်ရှားစွာ လင်းလက်စေခဲ့၏။

အနီရောင်တစ်ခု၊ အဖြူရောင်တစ်ခု—အလွန်အမင်း ထင်ရှားစူးရှသော်လည်း တပြိုင်နက်တည်းမှာပင် အစွမ်းကုန် ခြောက်သွေ့ အထီးကျန်လွန်းသည်။

သခင်မကျန်း ကွယ်လွန်သွားခဲ့ပြီ။ စုကျန်းက သူမကို သတ်ပစ်တော့မယ့်အတိုင်း သူမရဲ့ လည်ပင်းကို ပြင်းထန်စွာ ညှစ်ထားခဲ့၏။

သူက အံတင်းတင်းကြိတ်ထားရင်း အေးစက်နေတဲ့ လေသံဖြင့် သူမကို ကျိန်ဆဲနေခဲ့ပြီး ဂြိုလ်ဆိုးမ ဟု ခေါ်လိုက်သည်။

All Chapters