အခန်း ၅၃
Vol. 6 Ch. 53
အခန်း (၅၃)။ ॥ သူမ တစ်မျိုးကြီး ဖြစ်နေတယ်
ထိုစကားသံ ဆုံးသွားသည်နှင့်တပြိုင်နက် အရပ်မြင့်မြင့် ထွားကျိုင်းတဲ့ လူရိပ်တစ်ရိပ်သည် ရှေ့သို့ လှမ်းလာခဲ့ပြီး သူမ၏ ဘေးနားတွင် လာရပ်လိုက်သည်။
လတ်ဆတ်သန့်စင်ပြီး စိတ်ကြည်လင်ဖွယ်ကောင်းတဲ့ ထင်းရှူးရနံ့သင်းသင်းက လေထဲ ပျံလွင့်လာသည်။
ရွှယ်နင်သည် သူမ၏ ဘေးတွင် မတ်တပ်ရပ်နေသော အမျိုးသားအား လှည့်ကြည့်လိုက်၏။
"သခင်လေးလီ... ရှင် ဘေးဘက်တံခါးဝမှာ ကျွန်မကို စောင့်နေတာ မဟုတ်ဘူးလား"
လီချန်ချဲ့သည် စုကျန်းကို ဆက်ကြည့်မနေတော့ဘဲ သူ့အကြည့်များကို ရွှယ်နင်ဆီ ပြောင်းရွှေ့လိုက်သည်။
"ကျွန်တော် နည်းနည်း နောက်ကျသွားလို့ပါ။ ဒီနေရာမှာ သခင်မလေးနဲ့ လာဆုံလိမ့်မယ်လို့ မျှော်လင့်မထားခဲ့မိဘူး"
ရွှယ်နင်၏ နှုတ်ခမ်းလေးက အထက်သို့ အနည်းငယ် ကွေးတက်သွားသည်။
"ဒါဆိုရင်လည်း ကျွန်မတို့ မြန်မြန် သွားကြရအောင်လေ"
ထိုအမျိုးသားသည် သူမနှင့် သင့်တော်သော အကွာအဝေးတစ်ခုကို ထိန်းသိမ်းထားသော်လည်း... စုကျန်း၏ အကြည့်များကို ကာဆီးပေးနိုင်ရန်အတွက် သူမ ရှေ့မှာ ပါးနပ်စွာဖြင့် နေရာယူ မတ်တပ်ရပ်ပေးထားသည်။
"ကောင်းပြီ"
သူတို့နှစ်ယောက်က ဘေးမှာ တခြားလူတွေမရှိတဲ့အတိုင်း စကားပြောနေကြပြီး စင်္ကြံလမ်းပေါ်ရှိ စုကျန်းနှင့် မင်းသမီး ရှို့နင်းကို လုံးဝ လျစ်လျူရှုထားခဲ့ကြသည်။
လေထုတစ်ခုလုံးက အလွန်အမင်း နေရခက်စရာ ကောင်းလှသော်လည်း ရွှယ်နင်ဘက်ကတော့ မည်သည့် ရှင်းလင်းချက်မျိုးကိုမျှ ပေးအပ်ရန် စိတ်ကူးမရှိပေ။
ထိုအချိန်ကျမှသာ စုကျန်းသည် သူ သူမအပေါ် နောက်တစ်ကြိမ် ထပ်ပြီး အထင်လွဲခဲ့မိပြန်ပြီဖြစ်ကြောင်း ချက်ချင်း သဘောပေါက်သွားသည်။
သူ့မျက်မှောင်များ တင်းကျပ်စွာ တွန့်ကွေးသွားပြီး နက်ရှိုင်းသော မျက်ဝန်းများကလည်း ကျဉ်းမြောင်းသွားသည်။
"မင်း ဘယ်သွားမလို့လဲ"
သူ့လေသံထဲမှာ သူကိုယ်တိုင်တောင် သတိမထားမိတဲ့ အေးစက်သည့် ဒေါသအငွေ့အသက်များ ရှိနေသည်။
ရှဲ့နင်းထန်က ဇဝေဇဝါဖြစ်ဟန်ဖြင့် မေးလာခဲ့သည်။
"အားနင်... ညီမလေးက ဒီသခင်လေးလီနဲ့အတူ အိမ်တော်ပြင်ပကို ထွက်သွားမလို့လား။ သူက မနေ့ကမှ နယ်စားမင်းအိမ်တော်ကို ရောက်လာတဲ့ အပြင်လူတစ်ယောက်လေ။ သခင်မလေးတစ်ယောက်အနေနဲ့... ကိုယ့်ရဲ့ ဂုဏ်သိက္ခာနဲ့ နာမည်ပျက်မှာကို ဒီထက်မက ပိုပြီးတော့ သတိထားသင့်တာ မဟုတ်ဘူးလား?"
မင်းသမီး ရှို့နင်း၏ စကားလုံးများသည် ရွှယ်နင်၏ ယခု အပြုအမူများအပေါ် စုကျန်း၏ ရင်ထဲမှ မနှစ်မြို့မှုများကို ပိုပြင်းထန်လာစေသည်။
သူက ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး ရွှယ်နင်၏ ထူထဲသော ဝတ်ရုံလက်စများ၏ ကြားမှနေ၍ သူမ၏ ပူလောင်နေတဲ့ လက်မောင်းလေးကို အတင်းလှမ်း၍ ဆွဲကိုင်ကာ မျက်မှောင်ကို တင်းတင်းကျပ်ကျပ် တွန့်ကွေးထားသည်။
"ရှို့နင်း ပြောလိုက်တဲ့ စကားကို မင်း နားမလည်ဘူးလား"
ထိုအမျိုးသား၏ ဆုပ်ကိုင်ထားမှုက အလွန်အမင်း အင်အားပါတာကြောင့် တစ်ကိုယ်လုံး အားမရှိတဲ့ ရွှယ်နင်အနေဖြင့် ဘယ်လိုမှ ရုန်းထွက်၍ မရနိုင်ခဲ့ပေ။
သူမက ခေါင်းကို ဖြည်းဖြည်းချင်း လှည့်လိုက်ရင်း ထိုအမျိုးသား၏ မှုံမှိုင်းနေသော အကြည့်များနှင့် အကြည့်ချင်း ထိပ်တိုက် ဆုံတွေ့လိုက်သည်။ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ သူမက တိုးညင်းစွာ ခပ်ဖွဖွ ရယ်မောလိုက်၏။
"သခင်လေးလီက အားနင်ရဲ့ ဝမ်းကွဲအစ်ကိုနဲ့ ရင်းနှီးတဲ့ မိတ်ဆွေတစ်ယောက်ပါ။ အားနင်တို့က နယ်စားမင်းအိမ်တော်က အစေခံအချို့ကို ခေါ်ပြီး ဝီလိုလမ်းကြားက လုမိသားစုအိမ်တော်ဆီကို ဆွေမျိုးတွေဆီ သွားလည်ပတ်ဖို့ သွားကြမလို့။ ဒီကိစ္စကို အမေကိုယ်တိုင်လည်း ခွင့်ပြုပေးပြီးသားပါ။ အစ်ကိုကြီးက ဒါနဲ့ပတ်သက်ပြီး တစ်ခုခု မသင့်တော်တာမျိုး တွေ့နေလို့လား"
"မင်းက သခင်မလေးတစ်ယောက်—"
" သခင်မလေးတစ်ယောက်က စိတ်ဖြူစင်စွာနဲ့ မိတ်ဆွေ သူငယ်ချင်း မဖွဲ့ရဘူးလို့ ဥပဒေ ရှိနေလို့လား"
"မင်း—"
"အစ်ကိုကြီး... ညီမကို လွှတ်ပေးပါဦး။ ညီမတို့ အိမ်တော်ပြင်ပကို ထွက်ဖို့အတွက် တကယ်ကို အချိန်မရှိတော့လို့ပါ၊ ဒီနေရာမှာ အစ်ကိုကြီးနဲ့အတူ အချိန်ဖြုန်းနေဖို့ မအားပါဘူး"
စုကျန်း၏ မျက်နှာတစ်ခုလုံး နက်မှောင်သွားပြီးမှ နောက်ဆုံး၌ ရွှယ်နင်၏ လက်မောင်းကို ဆတ်ခနဲ လွှတ်ပေးလိုက်သည်။
ရွှယ်နင်သည် နက်မှောင်သော သူမ၏ ဗာဒံစေ့ပုံစံ မျက်ဝန်းများကို ပင့်တင်လိုက်ရင်း မျက်ခုံးကလေးများကို အနည်းငယ် ကွေးညွတ်ကာ ပြုံးပြလိုက်သည်။
"အစ်ကိုကြီး... မင်းသမီးနဲ့အတူ ပျော်ပျော်ရွှင်ရွှင် အချိန်ဖြုန်းပါဦးနော်။ အားနင်ကတော့ အဖော်မလုပ်ပေးနိုင်တော့ဘူး"
ထိုသို့ ပြောလိုက်ပြီးနောက်တွင်မှ သူမက လီချန်ချဲ့ဘက်သို့ လှည့်ကာ -
"သခင်လေးလီ... ကျွန်မတို့ အချိန်မဖြုန်းမိအောင် အမြန်ဆုံး သွားကြရအောင်"
စုကျန်း၏ နှုတ်ခမ်းထောင့်တွင် အေးစက်စက် လှောင်ပြုံးတစ်ခုက စွဲကျန်ရစ်ခဲ့ပြီး သူ့မျက်ဝန်းများကလည်း ကြောက်မက်ဖွယ်ကောင်းလောက်အောင် အေးစက်ထိတ်လန့်စရာ ကောင်းနေသည်။
သူက ရွှယ်နင်တစ်ယောက် တကယ်ပဲ အရွယ်ရောက်လာခဲ့ပြီး... သူ့ကို ဒေါသထွက်လာစေရန်အတွက် တခြား ယောကျာ်းတွေကိုတောင် ဘယ်လို အသုံးချရမလဲဆိုတာကို ကောင်းကောင်း တတ်မြောက်သွားလိမ့်မည်ဟု ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့မိပေ။
ဒါပေမဲ့ နှမြောစရာကောင်းတာကတော့... သူမ ဘယ်သူနဲ့ ရှိနေလဲဆိုတာ သူက လုံးဝ ဂရုမစိုက်ဘူး။
အကယ်၍ သူမကိုယ်တိုင်က ဂုဏ်သိက္ခာနှင့် အရှက်တရားကို တန်ဖိုးမထားမှတော့... သူက ဘာဖြစ်လို့ သူမအတွက် ကိုယ်စား စိုးရိမ်ပူပန်ပေးနေရဦးမှာလဲ။
လီချန်ချဲ့သည် စုကျန်းအား မျက်နှာအမူအရာမရှိဘဲ တစ်ချက်မျှသာ ကြည့်လိုက်ပြီး ရွှယ်နင်၏ ခြေလှမ်းများ၏ နောက်သို့ တိတ်တဆိတ် လိုက်ပါသွားတော့သည်။
သူတို့နှစ်ယောက်က ဘေးဘက်တံခါးဝမှနေ၍ တစ်ဦးနောက်တစ်ဦး တိတ်တဆိတ် ထွက်လာခဲ့ကြပြီး ထိုနေရာတွင် သခင်မကျန်းက မြင်းဇောင်းမှတစ်ဆင့် ကြိုတင်ပြင်ဆင်ပေးထားသော နယ်စားမင်းအိမ်တော်၏ မြင်းရထားတစ်စီးက အသင့်စောင့်ကြိုနေသည်။
ရွှယ်နင်သည် မြင်းရထားပေါ်သို့ အရင်တက်လိုက်ပြီးနောက်တွင်မှ အရပ်အမောင်း မြင့်မားထွားကျိုင်းတဲ့ လီချန်ချဲ့ သူ့ခြေလှမ်းကျဲကြီးများဖြင့် နောက်ကနေ လိုက်တက်လာခဲ့၏။
စုကျန်းသည် တံခါးဝတွင် မတ်တပ်ရပ်ကျန်ခဲ့ရင်း ထိုကြီးမားသော မြင်းရထားကြီး တရွေ့ရွေ့နှင့် ထွက်ခွာသွားတာကို စိုက်ကြည့်နေမိသည်။ သူကိုယ်တိုင်ပင် အဓိပ္ပာယ်ဖွင့်ဆိုရန် ခက်ခဲတဲ့ ထူးဆန်းသည့် ခံစားချက်လှိုင်းလုံးကြီးတစ်ခုက သူ့မျက်ဝန်းများထဲမှာ ပြင်းထန်စွာ လှုပ်ခတ်သွားသည်။
ထိုခံစားချက်ထဲတွင် စိတ်မသက်မသာဖြစ်မှုများ၊ ရွံရှာစက်ဆုပ်မှုများ ရောနေခဲ့သော်လည်း အများစုက မထိန်းချုပ်နိုင်လောက်အောင် ပြင်းထန်တဲ့ ဒေါသသာ ဖြစ်သည်။
ထို့အပြင် ပြောမပြတတ်လောက်အောင် ထူးဆန်းသည့် တွန်းအားတစ်ခု—လူတစ်ယောက်ကို သတ်ပစ်ချင်စိတ်ပေါက်လာသည့် သွေးဆာမှုတစ်ခုကလည်း ရင်ထဲ၌ တိုးဝှေ့လာခဲ့၏။
"ရှီဇီ...?"
စုကျန်းက မျက်မှောင်ကြုတ်လိုက်သည်။
"အင်း....."
မင်းသမီး ရှို့နင်းသည် သူ စိုက်ကြည့်နေတဲ့ လမ်းကြောင်းဆီသို့ စူးစမ်းလိုစိတ်ဖြင့် ကြည့်ကာ-
"အစ်ကိုကြီး ဘာကို အဲ့လောက်တောင် စိုက်ကြည့်နေရတာလဲဟင်"
စုကျန်းသည် သူ့အကြည့်များကို ချက်ချင်း ပြန်ရုပ်သိမ်းလိုက်ပြီး မျက်နှာတွင် မည်သည့်စိတ်လှုပ်ရှားမှု အမူအရာမျှ မပြပေ။
"ဘာမှမဟုတ်ပါဘူး"
တကယ်တမ်းတွင်မူ မင်းသမီး ရှို့နင်းသည် လီချန်ချဲ့အား တကယ်ပင် ခန့်ညားချောမောတယ်လို့ ထင်သည်။ ထိုအမျိုးသား၏ အငွေ့အသက်များက စုကျန်းထက်တောင် ပိုအေးစက်ပေမယ့်ပေါ့။ သူ ပြုံးလိုက်တဲ့ အခါတိုင်း ထိုအပြုံး၏ နွေးထွေးမှုက မျက်ဝန်းဆီ ရောက်ရှိသွားခြင်း မရှိဘဲ အေးစက်စက်နှင့် ကင်းကွာလွန်းတဲ့ ခံစားချက်မျိုးကိုသာ ပေးစွမ်းတတ်သည်။ ဒီလိုအမူအရာမျိုးက မိန်းကလေးငယ်များ၏ ရင်ကို လှုပ်ခတ်စေနိုင်စွမ်း ရှိပေမယ့် စုကျန်းဘက်ကို လှည့်ကြည့်လိုက်တဲ့အခါ သူ၏ နှိုင်းယှဉ်ဖွယ်မရှိလောက်အောင် ပြည့်စုံတဲ့ ရုပ်ရည်ကြောင့် သူမ၏ ရင်ခုန်သံများမှာ အနည်းငယ်မျှ မြန်ဆန်လာခဲ့ရပြန်သည်။
"ရှီဇီ... အစ်ကို့ ကြည့်ရတာ သိပ်ပြီး ပျော်နေပုံမရဘူးနော်။ ရှို့နင်းကပဲ အစ်ကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်မိလို့လားဟင်"
"မဟုတ်ဘူး"
"ဒါဆိုရင် ဘာဖြစ်လို့ ဒီလောက်တောင် စိတ်အလိုမကျတဲ့ မျက်နှာကြီး ဖြစ်နေရတာလဲ"
"မင်းနဲ့ ဘာမှမဆိုင်ပါဘူး"
"ဒါဆိုရင်... ရွှယ်နင်ကြောင့်မလို့လားဟင်"
စုကျန်းသည် မည်သည့်စကားကိုမျှ ပြန်လည်ဖြေကြားခြင်း မရှိတော့ဘဲ တိတ်ဆိတ်စွာဖြင့် မြင်းရထားပေါ်သို့သာ တက်ရောက်သွားသည်။
မင်းသမီး ရှို့နင်းလည်း သူ့နောက်ကို အလောတကြီး လိုက်တက်ခဲ့ရင်း သူမ၏ မျက်ဝန်းထဲတွင် ပါးနပ်တဲ့ အရိပ်အယောင်တစ်ခု ဝင်းလက်သွားခဲ့သည်။
"ဒါပေမဲ့ ညီမ သတိထားမိတာတော့... ရွှယ်နင်က သခင်လေးလီရဲ့ ရှေ့မှာ တကယ့်ကို ရှက်နေတဲ့ ပုံစံမျိုး ဖြစ်နေတာပဲ။ ညီမ ထင်တာတော့... သူ(မ) အဲ့ဒီသခင်လေးကို သေချာပေါက် သဘောကျနေတာ နေမှာပါ"
"သဘောကျနေတာ ဟုတ်လား..."
စုကျန်း၏ မျက်မှောင်များ နောက်တစ်ကြိမ် ထပ်မံ၍ တင်းကျပ်စွာ တွန့်ကွေးသွားပြန်သည်။
ရှဲ့နင်းထန်က ပြုံးလိုက်၏။
"ဟုတ်တာပေါ့၊ သခင်မကျန်းက ရွှယ်နင်အတွက် ရုပ်ချောတဲ့ ခင်ပွန်းတစ်ယောက် ရှာပေးဖို့ ပြင်ဆင်နေတယ်လို့ ညီမ ကြားခဲ့ရတယ်။ မနေ့က အိမ်တော်ကို လာလည်ခဲ့ကြတဲ့ အထက်တန်းလွှာသခင်လေးအချို့လည်း သခင်မရဲ့ စာရင်းထဲမှာ ပါတယ်လေ။ ဒါပေမဲ့ သခင်မကျန်းက ရွှယ်နင်ကို သူ(မ)ကိုယ်တိုင် သဘောကျတဲ့သူ... သူ(မ)ချစ်တဲ့သူကို စိတ်ကြိုက်ရွေးချယ်ခွင့် ပေးထားတာတဲ့။ သူ(မ)က အမြဲတမ်း တိတ်တဆိတ်ပဲနေတတ်ပြီး မိတ်ဆွေဖွဲ့ရခက်တဲ့သူလို့ ကြားဖူးပေမယ့်... အခုတော့ သခင်လေးလီနဲ့အတူ ရှိနေဖို့ သူ(မ)ဘာသာ အစပျိုး လှုပ်ရှားခဲ့တယ်လေ။ ဒါက သဘောကျတာမဟုတ်ရင်... ဘာဖြစ်နိုင်ဦးမှာမလို့လဲ"
စုကျန်း၏ မျက်မှောင်တွန့်ကွေးမှုက ပိုမိုနက်ရှိုင်းသွားပြီး... ပြောပြ၍မရနိုင်သော လေးလံထုံထိုင်းမှုကြီးတစ်ခုက သူ့ရင်ဘတ်ထဲမှာ အခြေချသွားပြီ။
သူ၏ နှလုံးသားတည့်တည့်ဆီမှနေ၍ စူးခနဲ နာကျင်မှုတစ်ခု ဖြတ်သန်းသွားခဲ့သော်လည်း... ထိုခံစားချက်မှာ အလွန်အမင်း မြန်ဆန်လွန်းသဖြင့် သူကိုယ်တိုင်ပင် သတိမထားမိလိုက်ပေ။
သူက ရွှယ်နင်ဆိုတဲ့ နာမည်ကို ထပ်မကြားချင်တော့တာကြောင့် စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။
"သူ(မ)အကြောင်းကို ထပ်ပြီး မပြောနဲ့တော့"
ထိုအမျိုးသား၏ ရွှယ်နင်အပေါ် ထိန်းချုပ်မရလောက်အောင် ဖြစ်ပေါ်နေတဲ့ ရွံရှာမုန်းတီးမှုများကို မြင်တွေ့လိုက်ရချိန်တွင် ရှဲ့နင်းထန်သည် လိမ်မာသိတတ်ဟန်ဖြင့် ပြုံးလိုက်၏။
"ကောင်းပါပြီ... ဒါဆိုရင်လည်း သူ(မ)အကြောင်းကို ထပ်မပြောတော့ပါဘူး။ အဲ့ဒီအစား ဒီနေ့ မနက်စာကို ဘယ်နေရာမှာ သွားစားကြမလဲဆိုတာပဲ ဆွေးနွေးကြရအောင်လေ။ တုန်းကျင်းမြို့တော်ထဲမှာ အရသာရှိတဲ့ အစားအစာတွေ အများကြီး ရှိတာပဲဆို။ရှီဇီ... ညီမတို့တွေ ဖန့်လော်ကို သွားကြရင်ရော ဘယ်လိုလဲဟင်"
စုကျန်းသည် တရားရေးဝန်ကြီးဌာန၌ ကြီးမားသော အမှုအခင်းများကို ကိုင်တွယ်ဖြေရှင်းနေရသဖြင့် အားလပ်ချိန် ဟူ၍ လုံးဝမရှိသလောက်ပင် ဖြစ်သည်။ သူ အခုလိုမျိုး တခြားလူတစ်ယောက်အား လိုက်အဖော်ပြုပေးရန်အတွက် အချိန်ဖဲ့ပေးနိုင်တာက အလွန်ရှားပါး၏။
ရှဲ့နင်းထန်က သူ့ရဲ့ ပထမဆုံး ခြွင်းချက်ပင်။
...
ရွှယ်နင်သည် မြင်းရထားပေါ်သို့ တက်ရောက်လိုက်သည်နှင့်တပြိုင်နက် သူမကိုယ်သူမ အတင်းအကျပ် ထိန်းချုပ်ထားဖို့ အတော်လေး ခက်ခဲလာသည်။
သူမ၏ တစ်ကိုယ်လုံးတွင် ချွေးစေးများဖြင့် ရွှဲနစ်နေပြီး ပါးပြင်နှစ်ဖက်ကလည်း မီးတောက်ကဲ့သို့ ပူလောင်နေကာ... ခြေလက်များမှာ အားမရှိတော့ဘဲ အသိတရားတစ်ခုလုံး ဝေဝါးလာတော့သည်။
ပေါင်ချန်၏ လက်မောင်းတွေထဲမှာ ကွေးဝင်ထားရင်း သူမက သနားစရာကောင်းတဲ့ လေလွင့်ကြောင်ပေါက်လေးတစ်ကောင်လိုမျိုး တုန်ယင်နေ၏။
လီချန်ချဲ့၏ မျက်နှာအမူအရာသည် ခက်ထန်အေးစက်သွားပြီး သူ၏ လက်ဖဝါးဖြင့် သူမရဲ့ ဖျားနာပူလောင်နေတဲ့ နဖူးပြင်ကို ဖိကပ်စမ်းသပ်လိုက်သည်။
"သူ(မ) ဘာဖြစ်တာလဲ"
ပေါင်ချန်က မျက်နှာတစ်ခုလုံး စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။
"ကျွန်မလည်း သေသေချာချာ မသိဘူး... မနေ့ညက သခင်မလေးရဲ့ တစ်ကိုယ်လုံး မီးလိုပူပြီး ဖျားနေခဲ့တာ... အဲ့ဒါနဲ့ ညသန်းခေါင်အထိ ရေအေးကန်ထဲမှာ အကြာကြီး စိမ်နေခဲ့တာ။ ဒီမနက် နိုးလာတော့လည်း ဒီအတိုင်းပဲ ဖြစ်နေတော့တာပါပဲ..."
"ရေအေးထဲမှာ စိမ်တယ် ဟုတ်လား..."
"ဟုတ်တယ်... သခင်မလေးရဲ့ ခန္ဓာကိုယ်က ဒဏ်မခံနိုင်မှာစိုးလို့ အအေးမိတာတွေ ပြယ်သွားအောင် ကျွန်မလည်း ဂျင်းလက်ဖက်ရည်နဲ့ ဆေးတွေ အတင်းတိုက်ခဲ့ပါသေးတယ်။ ဒါပေမဲ့... သခင်မလေးက အအေးမိသွားပြီး အဖျားတွေ အပြင်းအထန် တက်လာခဲ့တာပဲ။ ပြီးတော့ နယ်စားမင်းအိမ်တော်ထဲက ဘယ်သူ့ကိုမှလည်း အပြင်ထွက်ပြီး သမားတော် သွားပင့်ခွင့် မပြုခဲ့ဘူး..."
ရွှယ်နင်၏ မျက်စိရှေ့တွင် နီမြန်းသော မြူခိုးငွေ့များဖြင့် ဖုံးလွှမ်းနေပြီး မြင်းရထား၏ အတွင်းပိုင်း မြင်ကွင်းများကိုတောင် သေသေချာချာ ရှင်းလင်းစွာ မမြင်တွေ့နိုင်တော့ချေ။
သူမ ကြားနေရတာက ပေါင်ချန်၏ ရှိုက်ကြီးတငင် ငိုရှိုက်သံတိုးတိုးနှင့် ဆီးနှင်းများ ဖုံးလွှမ်းနေသော မြေပြင်ထက်တွင် မြင်းရထားဘီးများ တရွေ့ရွေ့ လှည့်ပတ်သွားနေသည့် အသံများသာ ဖြစ်သည်။
မြင်းရထားသည် စည်ကားသိုက်မြိုက်သော ချန်နင်းလမ်းမကြီးအတွင်းသို့ ရောက်လာခဲ့ချိန်တွင် လမ်းဘေးဝဲယာရှိ သာမန်အရပ်သူအရပ်သားများ၏ ဆူညံအော်ဟစ် စကားပြောဆိုသံများက သူတို့အား ဝန်းရံလာခဲ့တော့၏။
ထိုအချိန်တွင်ပင် သူမရဲ့ဘေးနားမှာ ထိုင်နေတဲ့ အမျိုးသားဆီကနေ သူမအား မခံမရပ်နိုင်လောက်အောင် ဆွဲဆောင်နေသည့် ယောကျာ်းတစ်ယောက်ရဲ့ အငွေ့အသက်များ ထွက်ပေါ်နေသည်။
သူမက စိတ်မထိန်းနိုင်ဘဲ သူ့အပေါ် ခုန်အုပ်မိသွားမှာကို အရမ်းစိုးရိမ်တာကြောင့် သူမ၏ လက်သီးနှစ်ဖက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ထားသည်။
အခြေအနေများကို ပိုဆိုးရွားစေတာက ထိုအမျိုးသားသည် သူမ၏ ခန္ဓာကိုယ် အခြေအနေကို အနည်းငယ်မျှ ရိပ်မိခြင်း မရှိသေးချေ။ သူ၏ အေးစက်သော လက်ဖဝါးပြင်ကို သူမ၏ နဖူးထက်တွင် ဖိကပ်ထားဆဲဖြစ်ပြီး သူ၏ နွေးထွေးကာ ပါးလွှာသော နှုတ်ခမ်းများက လှုပ်ရှားလျက်... သူမ နားမလည်နိုင်တဲ့ စကားလုံးများကို တတွတ်တွတ် ပြောနေသည်။
သူမ မျက်ခုံးပင့်၍ ကြည့်လိုက်တဲ့ အခါတိုင်း... သူ၏ ထင်ရှားသော လည်စလုပ်နှင့် ကော်လာစကြားမှ ပေါ်ထွက်နေသည့် သွယ်လျတဲ့ လည်တိုင်ကို မြင်တွေ့နေရ၏။
လီချန်ချဲ့သည် သဘာဝတရားကြီးက အထူးတလည် ဖန်တီးပေးထားသည့်အတိုင်း ထူးခြားပြောင်မြောက်သော ခန့်ညားထည်ဝါမှုကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။သူ၏ မျက်နှာသွင်ပြင်များက စူးရှထင်ရှားပြီး နှုတ်ခမ်းလွှာများက ပါးလွှာလျက် တောက်ပသောအသွင်ဖြင့် လှပစွာ ပုံဖော်ထားသကဲ့သို့ ရှိနေကာ... ခိုင်မာပြတ်သားသော မေးရိုးတန်းများနှင့် အချိုးကျကျ ဆက်စပ်နေခဲ့သည်။ သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုချင်းစီတိုင်းက အခုလိုအချိန်မျိုးမှာ သူမအတွက် အသက်ရှူရပ်မတတ် သေလောက်အောင် ဆွဲဆောင်မှုရှိလွန်းနေတယ်။
အကယ်၍ အခြေအနေတွေက ဒီလိုသာ ဆက်ဖြစ်နေမယ်ဆိုရင် သူမ သေချာပေါက် ကြီးမားတဲ့ အမှားတစ်ခုကို ကျူးလွန်မိတော့မယ်ဆိုတာ သူမကိုယ်တိုင် ကောင်းကောင်း နားလည်ထားတယ်။