အခန်း ၅၆
Vol. 6 Ch. 56
အခန်း (၅၆)။ ။သူ့ကို တာဝန်ယူခြင်း
ယန်ရှီက ချက်ချင်းပင် ပြောလိုက်သည်။
“ဘာလို့ မရရမှာလဲ။ အခုချက်ချင်းပဲ နယ်စားမင်းအိမ်တော်ဆီ လူလွှတ်ပြီး သတင်းပို့ခိုင်းလိုက်မယ်။ သမီး ဒီနေ့ ဒီမှာပဲ နေလိုက်ပါ၊ ဆယ်ရက်ဖြစ်ဖြစ်၊ လဝက်ဖြစ်ဖြစ် နေရင်တောင် အဆင်ပြေတယ်”
ရွှယ်နင်က ကျေးဇူးတင်လိုက်သည်။
“ကျေးဇူးတင်ပါတယ် အဒေါ်"
“အရူးလေး၊ ငါ့ကို ဘာလို့ ဒီလောက်တောင် အားနာနေရတာလဲ။ သမီး ငါ့ဆီလာပြီး တည်းတာကိုပဲ ငါက ဝမ်းသာမဆုံးဖြစ်နေရတာ။ သမီး သုံးဖို့လိုမယ့် နေ့စဉ်သုံးပစ္စည်းတွေကို အခုပဲ လူတွေကို ချက်ချင်း ပြင်ဆင်ခိုင်းလိုက်မယ်”
ရွှယ်နင်က သူမအပေါ် ဘာကြောင့် ရုတ်တရက်ကြီး ချစ်ခင်ပြလာတာလဲဆိုတာကို ယန်ရှီ နားမလည်သော်လည်း စိတ်ထဲတွင်တော့ နွေးထွေးကြည်နူးမှုကို ခံစားလိုက်ရသည်။ လုမိသားစုထဲမှာ တစ်သက်လုံးနီးပါး အထီးကျန်ပြီး ခါးသီးတဲ့ ဘဝကို ဖြတ်သန်းခဲ့ရသမျှ နောက်ဆုံးတော့ သူမကို နားလည်ပေးမယ့်သူတစ်ယောက် ရှိလာခဲ့ပြီ မဟုတ်လား။
ဒီနှစ်တွေတစ်လျှောက်လုံး သူမ အလိုချင်ဆုံးအရာက ကြင်နာတတ်တဲ့ သမီးလေးတစ်ယောက်ပင်။
အခု ရွှယ်နင်က သူမနဲ့ ရင်းနှီးကျွမ်းဝင်လာတာကြောင့် သူမ ဘာလုပ်ရမှန်းမသိအောင် ပျော်ရွှင်နေတော့သည်။ သမီးပျိုလေးများ သုံးလေ့ရှိသည့် ပစ္စည်းများကို သွားရောက်ဝယ်ယူရန် အိမ်တော်ထိန်းကို အလျင်အမြန်ပင် ဆင့်ခေါ်လိုက်၏။ ခဏအတွင်းမှာပင် တစ်ချိန်က အလွတ်အတိုင်း ရှိနေခဲ့တဲ့ မှန်တင်ခုံထက်၌ အလှကုန်များ ပြည့်နှက်သွားလေသည်။
ညနေခင်းတွင် ယန်ရှီက လီချန်ချဲ့ကို ဧည့်ခံကျွေးမွေးရန်အတွက် စားပွဲအပြည့် ဟင်းပွဲအမြောက်အမြားကို ကိုယ်တိုင်ကိုယ်ကျ ချက်ပြုတ်သည်။
ရွှယ်နင်က အပြင်ထွက်၍ စားသောက်ရန် အင်အားမရှိတာကြောင့် သူမအခန်းထဲမှာပဲ နေပြီး ဆန်ပြုတ်ပူပူလေးကိုသာ သောက်လိုက်သည်။
ယန်ရှီနှင့် နာရီဝက်နီးပါး စကားပြောဆိုပြီးနောက်တွင်သူမ စိတ်အေးလက်အေး နားနားနေနေ ရှိသွားတော့၏။ လည်ပင်းခု ခေါင်းအုံးကို မှီထားရင်းနှင့် သူမ မျက်လုံးများ လေးလံလာခဲ့သည်။
ပေါင်ချန်က မီးလင်းဖိုထဲသို့ မီးသွေးများ ပြန်ထည့်လိုက်သဖြင့် အခန်းထဲတွင် နွေးထွေးမှုများ ပျံ့လွင့်လာသည်။
တစ်နေ့တာလုံး အလုပ်ရှုပ်ပြီးနောက်တွင်မှ သခင်နှင့် အစေခံ နှစ်ယောက်သား ရင်ဖွင့်စကား ပြောဆိုရန် အခွင့်အရေး ရရှိတော့သည်။
“သခင်မလေး... ပြောပါဦး၊ အဲဒီလောက် ပြင်းထန်တဲ့ ဆေးဒဏ်ကို ဘယ်လိုဖြစ်ပြီး မိသွားရတာလဲဟင်”
ရွှယ်နင်က မျက်လုံးကို တစ်ဝက်ခန့် မှိတ်ထားရင်း ခဏလောက် စဉ်းစားကာ ပြောလိုက်သည်။
“စုရှီးရဲ့ လက်ထဲက လက်ကိုင်ပဝါကြောင့် ဖြစ်နိုင်တယ်... ဒါပေမဲ့ ပြောရတော့ ခက်တာပဲ...”
ထိုအချိန်က သူမ ထူးဆန်းတဲ့ရနံ့တစ်ခုကိုသာ ရရှိခဲ့သဖြင့် နှာခေါင်းကို အလျင်အမြန် ပိတ်လိုက်ခြင်း ဖြစ်သည်။
ထိုနောက် သူမက မုန့်အနည်းငယ်နှင့် မက်မွန်ပွင့်ဝိုင် တစ်ခွက်ကိုသာ သောက်ခဲ့ပြီး အခြားဘာကိုမှ မသုံးဆောင်ခဲ့ချေ။
ကံကောင်းတာ သူမက 'ရမ္မက်နှောင်ကြိုးအမွှေးတိုင်' ဆေးဒဏ်ကို ခံခဲ့ရသော်လည်း ကြီးမားတဲ့အမှားမျိုး မကျူးလွန်မိခဲ့ခြင်းပင်။
ဒီဘဝမှာ သူမအတွက်တော့ အဲ့ဒါကပဲ ကြီးမားတဲ့ ကံကောင်းခြင်း ဖြစ်ပေသည်။
ပေါင်ချန်လည်း သူမရဲ့သခင်မလေး ဘေးအန္တရာယ်မှ လွတ်မြောက်လာခြင်းက နောင်တွင် ကံကောင်းခြင်းများ ဆောင်ကြဉ်းပေးလိမ့်မည်ဟု သက်ပြင်းချရင်း ပြောလိုက်သည်။ သူမက ခုတင်ဘေးတွင် မှီနေရင်း ခေါင်းလေး စောင်းကာ ပြုံးပြီးတော့ စနောက်လိုက်သည်။
“သခင်မလေး... စောစောက ရထားလုံးထဲမှာ ကျွန်မ ဘယ်လောက်တောင် ထိတ်လန့်သွားလဲ မသိဘူး။ သခင်မလေးက... ဘယ်လိုဖြစ်ပြီး သူ့ကို နမ်းရဲရတာလဲဟင်။ ကံကောင်းလို့ သခင်လေးလီက ဘာမှမပြောတာ... ဒီလိုကြည့်မယ်ဆိုရင် သခင်လေးလီက တကယ့်ကို လူကောင်းတစ်ယောက်ပဲ။ အခြားသူသာဆိုရင် ဒီလိုအခြေအနေမျိုးမှာ ဘာတွေလုပ်မိဦးမလဲ မသိဘူး။ ဒါပေမဲ့ သခင်လေးလီရဲ့ အေးစက်ပြီး စောင့်စည်းတတ်တဲ့ ပုံစံကို ကြည့်ရတာ ရမ္မက်နောက် လိုက်မယ့်သူမျိုးတော့ မဟုတ်ဘူးပဲ။ သခင်မလေးလို အလှနတ်ဘုရားမလေးနဲ့ ထိပ်တိုက်တွေ့တာတောင် ဘာစိတ်မှ မလှုပ်ရှားဘူးလေ။ သူ့မှာ တစ်ခုခုများ... မပြောကောင်းမဆိုကောင်း ရောဂါအခံ ရှိနေတာလား မသိဘူးနော်”
ရွှယ်နင်က ရထားလုံးထဲတွင် ဖြစ်ပျက်ခဲ့သမျှကို မေ့ပစ်ရန် အပြင်းအထန် ကြိုးစားနေခဲ့ခြင်း ဖြစ်သည်။
ပေါင်ချန်က ထိုအကြောင်းကို စကားစလိုက်သည်နှင့် သူမ၏ မျက်နှာတစ်ခုလုံး နီမြန်းသွား၏။
“ပေါက်ကရတွေ မပြောနဲ့စမ်း”
ပေါင်ချန်က ပါးစပ်ကို ပိတ်၍ တခိခိ ရယ်မောလိုက်သည်။
“ကျွန်မက အလကား ပြောကြည့်တာပါ၊ သခင်လေးလီကိုတော့ မသိစေရပါဘူး”
ရွှယ်နင်က ရှက်သွေးဖြန်းနေတဲ့ မျက်နှာဖြင့် စဉ်းစားရင်း ပြောလိုက်သည်။
“သူက မြင့်မြတ်တဲ့ စရိုက်ရှိတဲ့ လူကြီးလူကောင်းတစ်ယောက်ပဲ၊ ဖြောင့်မတ်ပြီး သူ့ကိုယ်သူ စောင့်စည်းနိုင်တယ်။ ငါတို့က လူကြီးလူကောင်းတစ်ယောက်ရဲ့ စိတ်ဓာတ်ကို မကောင်းတဲ့စိတ်နဲ့ မနှိုင်းယှဉ်သင့်ဘူး”
ပေါင်ချန်က မျက်တောင်လေး ခတ်ကာ စနောက်လိုက်၏။
“ဒီလိုကြည့်ရင်... သခင်မလေးက သခင်လေးလီကို တော်တော်လေး လေးစားအားကျနေတာပေါ့ ဟုတ်လား”
ရွှယ်နင် ဘယ်လောက်ပဲ သတ္တိရှိပါစေဦးတော့... အရင်က အခြားလူကို ဒီလောက်အထိ တက်ကြွစွာ ဦးဆောင်၍ နမ်းဖူးခြင်း မရှိခဲ့ချေ။
အခု သူမရဲ့ ပါးပြင်နှစ်ဖက်က ပူထူနေပြီး ရင်ထဲမှာလည်း မီးတောက်တစ်ခု လောင်မြိုက်နေသလို ခံစားနေရသည်။
“တော်စမ်း... နင်ကတော့ ပေါက်ကရတွေ လျှောက်ပြောနေပြန်ပြီ။ ငါ အိမ်ထောင်ပြုဖြစ်မယ်ဆိုရင်တောင် သူ့ကိုတော့ လက်ထပ်လို့ ဖြစ်မှာမဟုတ်ဘူး။ သူက မြင့်မားတဲ့ တောင်ထိပ်ပေါ်က ဆီးနှင်းတွေလိုပဲ... သာမန်လူတွေ လက်လှမ်းမမီနိုင်တဲ့အရာမျိုး”
ပေါင်ချန်က မကျေနပ်သလို နှုတ်ခမ်းစူလိုက်သည်။
“ကျွန်မအမြင်ကို ပြောရရင်တော့ သခင်မလေးရဲ့ အတုမရှိတဲ့ အလှနဲ့ဆိုရင် ဘယ်သူနဲ့မဆို ထိုက်တန်ပါတယ်”
ရွှယ်နင်က သက်ပြင်းချကာ မတတ်သာသလို ပြုံးလိုက်၏။
“ကဲပါ... နင်ကတော့ ငါ့ကို ပျော်အောင် ပြောတတ်လွန်းတယ်”
တံခါးအပြင်ဘက်တွင် ဆီးနှင်းများက တဖွဲဖွဲနှင့် ကြည်လင်စွာ ကျဆင်းနေသော်လည်း အခန်းတွင်း၌ နွေးထွေးမှုများ လွှမ်းခြုံလျက် ရှိနေသည်။
သူမသခင်မလေး၏ နီမြန်းနေတဲ့ မျက်နှာကို ကြည့်ရင်း ပေါင်ချန်က ၎င်းကို အလားအလာကောင်းတစ်ခုဟု ခံစားမိသည်။
ဘာပဲဖြစ်ဖြစ် သခင်မလေးက ရှီဇီအပေါ် နှစ်ပေါင်းများစွာ တမ်းတမ်းစွဲ ချစ်ခင်ခဲ့ရပေမယ့် မည်သည့်တုံ့ပြန်မှုမျှ မရရှိခဲ့ပေ။
အခု ရှီဇီက မင်းသမီး ရှို့နင်းနှင့်အတူ အမြဲမပြတ်သွားလာနေတာကို တွေ့နေရပြီး သူတို့နှစ်ဦး၏ ဆက်ဆံရေးကလည်း ပိုမိုနီးစပ်လာရာ မကြာမီပင် သူတို့၏ လက်ထပ်ပွဲကို အတည်ပြုကြတော့မည့် ပုံပေါ်သည်။ မူလက သခင်မလေး ရင်ကွဲကျန်ရစ်မှာကို သူမ စိုးရိမ်ခဲ့သော်လည်း အခုတော့ အခြေအနေက ကောင်းမွန်သွားခဲ့ပြီ... သခင်မလေးက အနာဂတ်အိမ်ထောင်ရေးကို စတင်စဉ်းစားလာပြီဖြစ်လို့ အစေခံတစ်ယောက်အနေဖြင့် သူမ မပျော်ရွှင်ဘဲ မနေနိုင်တော့ချေ။
ညဉ့်နက်လာပြီဖြစ်၍ ပေါင်ချန်က မေးလိုက်သည်။
“သခင်မလေး... ရေချိုးမလားဟင်”
ရွှယ်နင်သည် တစ်ကိုယ်လုံး ချွေးရွှဲနေပြီး အရိုးအဆစ်များကလည်း နာကျင်ကိုက်ခဲနေဆဲဖြစ်ကာ ခေါင်းထဲတွင်လည်း အဖျားရှိန်ကြောင့် အုံခဲနေခဲ့သည်။
ကံကောင်းတာ အရင်ဘဝက ယုံကျိုးရှိ စံအိမ်ဟောင်းတွင် ရှိစဉ်အခါက ဒီလိုမျိုး ခဏခဏ ဖျားနာလေ့ရှိသဖြင့် ယခုဒဏ်ကို ခံနိုင်ရည် ရှိနေခြင်းပင်။
“အင်း... ချိုးမယ်”
“ဒါဆို ရေနွေး သွားပြင်လိုက်ပါ့မယ်”
“ကောင်းပြီ”
ပေါင်ချန် ထွက်သွားပြီးနောက် အခန်းတွင်း၌ တိတ်ဆိတ်မှုက လွှမ်းမိုးသွားသည်။
ရွှယ်နင်က ခဏလောက် လှဲလျောင်းအိပ်စက်ရန် ကြံရွယ်နေစဉ်မှာပင် တံခါးအပြင်ဘက်မှ လီချန်ချဲ့၏ နက်ရှိုင်းသော အသံကို ရုတ်တရက် ကြားလိုက်ရသည်။
သူမ၏ မျက်လုံးများ ချက်ချင်း ပွင့်လာ၏။
“သခင်လေးလီ... တစ်ခုခု လိုအပ်လို့လားဟင်”
ထိုအမျိုးသား၏ အရပ်မြင့်မြင့် ခန္ဓာကိုယ်အချိုးအစားက တံခါးအပြင်ဘက်တွင် ရပ်နေပြီး ဆွဲဆောင်မှုရှိသော အသံဖြင့်-
“မင်း အခြေအနေ ဘယ်လိုရှိလဲ လာကြည့်တာပါ"
ရွှယ်နင်က သူမ သက်သာသွားပြီဖြစ်ကြောင်း ပြောချင်သော်လည်း အပြင်ဘက်က လူက ထွက်ခွာသွားမည့် အရိပ်အယောင် မပြချေ။
“မင်းကို ပြောစရာ စကား ရှိတယ်”
ရထားလုံးထဲမှာ သူ့အပေါ် သူမပြုမူခဲ့မိတာများကို ပြန်အမှတ်ရမိကာ သူမ၏ မျက်နှာတစ်ခုလုံး ပူရှိန်းသွားသည်။
“ခဏလောက် စောင့်ပေးပါဦး၊ သခင်လေး”
ပြောပြီးနောက် သူမ ထကာ ထူထဲသော ဝါဂွမ်းခံအကျီကို လဲလှယ်ဝတ်ဆင်ပြီး ဝတ်ရုံရှည်ကြီးဖြင့် သူမကိုယ်ကို လုံခြုံစွာ လွှမ်းခြုံလိုက်ပြီးမှ တံခါးကို ဖွင့်လိုက်သည်။
လီချန်ချဲ့ လှည့်ကြည့်လိုက်တဲ့အခါ သူ့နောက်မှာ ရပ်နေတဲ့ မိန်းမပျိုလေးကို မြင်လိုက်ရသည်။
သူမ၏ နက်မှောင်သော ဆံနွယ်များက ဖရိုဖရဲ ကျဆင်းနေပြီး ပန်းနုရောင် ဆံပင်ချည်ကြိုးလေးက နားထင်ဘေးတွင် တွဲလောင်းကျနေသည်။ ပါးပြင်နှစ်ဖက်ကမူ ပန်းသွေးရောင် သန်းလျက် နီမြန်းနေပြီး နှာခေါင်းလေးကလည်း ချမ်းစိမ့်စိမ့် ရာသီဥတုကြောင့် နီရဲနေသည်။ လက်ဖဝါးခန့်သာ ရှိသော သူမ၏ မျက်နှာလေးထက်တွင် အနည်းငယ် ပွင့်ဟနေသော နှုတ်ခမ်းနီနီလေးက ပန်းချီကားတစ်ချပ်ကဲ့သို့ သိမ်မွေ့လှပနေ၏။ သူမ၏ အရည်လဲ့နေသော မျက်ဝန်းများတွင် သနားစရာကောင်းလောက်အောင် နုနယ် အားနည်းသည့် အရိပ်အယောင်များ ယှက်သန်းနေသဖြင့် မြင်ရသူတိုင်း၏ ရင်ထဲတွင် ကြင်နာယုယလိုစိတ်များ တားမနိုင်ဆီးမရ ပေါ်ပေါက်လာစေတော့သည်။
ရွှယ်နင်က သူမ၏ နူးညံ့တဲ့ မျက်ဝန်းများကို ပင့်ကာ စိတ်ရှုပ်ထွေးနေသည့် အရိပ်အယောင်များဖြင့် သူ့ကို ကြည့်လိုက်သည်။
“သခင်လေး... အချိန်က တော်တော် ညဉ့်နက်နေပြီပဲ..”
မှောင်မိုက်တဲ့ ညဉ့်ဦးယံအချိန်၌ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက် သီးသန့် တွေ့ဆုံခြင်းက မသင့်တော်ဘူးဆိုတာ သူမ ပြောချင်နေခြင်း ဖြစ်သည်။
သို့သော် လီချန်ချဲ့က ထိုကဲ့သို့သော ထုံးတမ်းစဉ်လာများကို ဂရုစိုက်ပုံမပေါ်ချေ။ သူက လက်ဖဝါးပေါ်ရှိ ကတ္တီပါသေတ္တာလေးကို သူမဆီ ကမ်းပေးလိုက်၏။
“ဒါက သန့်စင်တဲ့ အဆိပ်ဖြေဆေးလုံးပဲ။ မအိပ်ခင် သောက်လိုက်ပါ၊ မင်း အများကြီး သက်သာသွားလိမ့်မယ်”
ရွှယ်နင်က သူ့ကို ကြောင်တောင်တောင်လေး ငေးကြည့်နေမိသည်။
“သခင်လေး... ဒီနေ့မှာတင် ကျွန်မကို အများကြီး ကူညီပေးခဲ့ပြီးပြီပဲ။ ဒီလောက် အဖိုးတန်တဲ့အရာကို ကျွန်မ မယူသင့်ပါဘူး”
လီချန်ချဲ့၏ အကြည့်များက ပိုမိုနက်ရှိုင်းသွားကာ သူမကို တည်ငြိမ်စွာ စိုက်ကြည့်နေပြီးနောက် လေးနက်တဲ့ လေသံဖြင့် ပြောလိုက်သည်။
“ဒီနေ့ ဖြစ်ပျက်ခဲ့သမျှအတွက် ငါ တာဝန်ယူပါ့မယ်”
ထိုစကားကို ကြားလိုက်ရတဲ့အခါ ရွှယ်နင်၏ မျက်နှာတစ်ခုလုံး ချက်ချင်းပင် နီရဲသွားတော့သည်။
လီချန်ချဲ့က သူမကို သဘောကျနေလို့ဟု သူမ မထင်မိချေ။ ရထားလုံးထဲမှာ သူမ ပြုမူခဲ့မိတဲ့ အတင့်ရဲသည့် လုပ်ရပ်များကြောင့်သာ သူက တာဝန်ယူရန် ကမ်းလှမ်းနေခြင်း ဖြစ်လိမ့်မည်။
ဒါ့အပြင် အရင်ဘဝတုန်းက သူ့မှာ အရမ်းချစ်မြတ်နိုးရတဲ့ ကွယ်လွန်သူ ဇနီးသည်တစ်ဦး ရှိခဲ့ဖူးကြောင်းလည်း သူမ ကြားဖူးထားသည်။
အခု သူက အသက်နှစ်ဆယ်ဝန်းကျင်သာ ရှိသေးတာကြောင့် စိတ်ထဲမှာ ရည်ရွယ်ထားသူ တစ်ယောက်ယောက် ရှိနေလောက်ပြီ။
သူမက သူ့ရဲ့ ကောင်းမွန်တဲ့ အိမ်ထောင်ရေး အလားအလာကို မဖျက်ဆီးပစ်နိုင်ချေ။
ဘယ်လိုပဲဖြစ်ဖြစ် သူမက သူမရဲ့ဖြူစင်မှုကို အသုံးချပြီး သူ့ကို အကျပ်ကိုင်ရန် ဘယ်တုန်းကမှ မကြံရွယ်ခဲ့ဖူးပါ။ သူမက အလျင်အမြန်ပင် ပျာပျာသလဲ ရှင်းပြသည်။
“မဟုတ်တာ... မလိုပါဘူး... ကျွန်မတို့ကြားမှာ ဘာမှမဖြစ်ခဲ့ပါဘူး... ပြီးတော့ ဘယ်သူမှလည်း မမြင်လိုက်ပါဘူး... ပေါင်ချန်ကလည်း ဒါကို လျှို့ဝှက်ထားမှာပါ။ သခင်လေးလီ... ဒီနေ့ ဘာမှမဖြစ်ခဲ့သလိုပဲ သဘောထားလိုက်ပါနော်...”
အထက်တန်းလွှာမိသားစုမှ မိန်းမပျိုလေးတစ်ယောက်အတွက် သိက္ခာသည် အရာအားလုံးပင်။ လီချန်ချဲ့သည် ရွှယ်နင်က သူ့စေတနာကို ဒီလိုမျိုး ငြင်းပယ်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
သူ့မျက်ဝန်းများက ပို၍ နက်ရှိုင်းသွားကာ သူမထံသို့ ခြေတစ်လှမ်း တိုးကပ်လာပြီး သူမ၏ နာမည်ကို ခေါ်လိုက်သည်။
“ရွှယ်နင်...”
ထိုအမျိုးသားက အရပ်မြင့်ပြီး ခန့်ညားချောမောသည်။ ရွှယ်နင်က ခေါင်းမော့ကြည့်လိုက်တဲ့အခါ သူ့ဆီက ဖြာထွက်နေတဲ့ အေးစက်ပြီး အရှိန်အဝါကြီးမားသည့် ဖိအားကို ခံစားလိုက်ရကာ သူ့လည်ပင်းထက်ရှိ အပြန်အလှန် ယှက်သန်းနေသော အနီရောင် အမှတ်အသားများကိုလည်း ဖျတ်ခနဲ မြင်လိုက်ရသည်။ သူမ စိတ်ထဲမှာ အနည်းငယ် တင်းကြပ်သွားပြီး နားရွက်များနှင့် ပါးပြင်များ ပူထူနီမြန်းလာခဲ့သည်။
ထိုအမှတ်အသားများကို သူ့အရေပြားပေါ် အားရပါးရ ကိုက်ခဲခဲ့သူက သူမကိုယ်တိုင် ဖြစ်နေပါစေဦးတော့။
သူမက လီချန်ချဲ့နှင့် အတူရှိနေရလိမ့်မည်ဟု တကယ်ကို စိတ်ကူးတောင် မယဉ်ဖူးခဲ့ပေ။