အခန်း ၅၇
Vol. 6 Ch. 57
အခန်း (၅၇ )။ ။နောက်ကျရင်လည်း သူမက ငါ့ဇနီး ဖြစ်လာမှာပဲ
“ကျွန်မအပေါ် သခင်လေး တာဝန်ယူလိမ့်မယ်လို့ တစ်ခါမှ မမျှော်လင့်ထားခဲ့ပါဘူး... ဒါကို တကယ်ပဲ စိတ်ထဲ ထည့်မထားပါနဲ့နော်”
လီချန်ချဲ့က မျက်ခုံးတစ်ဖက်ကို အသာအယာ ပင့်လိုက်ပြီး ရှေ့သို့ အနည်းငယ် ကိုင်းညွတ်လာသည်။
စင်္ကြံလမ်းရှိ ဖယောင်းတိုင်မီးရောင်အောက်တွင် ကျောက်စိမ်းကဲ့သို့ ချောမောသော ထိုမျက်နှာက ပိုမိုတောက်ပနေ၏။
ရွှယ်နင်က အလိုလိုနေရင်း ခေါင်းလေးမော့ကာ အနီးကပ် မြင်တွေ့နေရသည့် ချောမောတဲ့ မျက်နှာကို ငေးကြည့်နေမိသည်။
နက်ရှိုင်းပြီး ရှည်လျားလှသော မက်မွန်ပွင့် မျက်ဝန်းများက တည်ငြိမ်အေးဆေးနေသယောင် ရှိသော်လည်း အတွင်း၌မူ ပြင်းထန်သော ရေစီးကြောင်းများကို ဖုံးကွယ်ထားပုံရသည်။
ထိုအမျိုးသား၏ နှုတ်ခမ်းအစုံက အနည်းငယ် ကွေးညွတ်သွားပြီး ထူးခြားစွာ အေးစက်ပြီး ဆွဲဆောင်မှုရှိသော အပြုံးတစ်ခု ပေါ်လာသည်။
“မင်း ငါ့ကို ထိတွေ့ခဲ့တာပဲ။ မင်းကပဲ ငါ့အပေါ် တာဝန်ယူသင့်တာ မဟုတ်ဘူးလား”
သူမဆီကို အရှိန်ဖြင့် တိုးဝှေ့လာသော ပူနွေးသည့် ထွက်သက်ဝင်သက်များကြောင့် ရွှယ်နင် ခဏလောက် အသက်ရှူရပ်မတတ် ဖြစ်သွားသည်။
သူမက မသိစိတ်ကနေ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိသော်လည်း ခါးကနေ ဆွဲဖက်ခြင်း ခံလိုက်ရသည်။
“သခင်လေး... ရှင်—”
“အလောတကြီး ငြင်းဖို့ မလိုပါဘူး။ မင်း စဉ်းစားဖို့ ငါ အချိန်ပေးပါ့မယ်”
ပြောပြောဆိုဆိုနှင့်ပင် ထိုအမျိုးသားက အားစိုက်ကာ သူမ၏ ခါးလေးကို လက်မောင်းနှင့် သိမ်းဖက်ပြီး ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်တော့သည်။
အမျိုးသားတစ်ယောက်၏ နွေးထွေးတဲ့ရင်ခွင်ကို ခံစားလိုက်ရသဖြင့် ရွှယ်နင်က အလိုလို ရုန်းထွက်ရန် ကြိုးစားမိသည်။
သို့သော် လီချန်ချဲ့က သူမကို အခွင့်အရေး မပေးခဲ့ချေ။ သူ့အကြည့်များတွင် ထူးထူးခြားခြား ခံစားချက်မျိုး ဖော်ပြမနေပေမယ့် အေးစက်နေတဲ့ ထိုမျက်ဝန်းများက သူမတစ်ကိုယ်လုံးကို ရုန်းမထွက်နိုင်အောင် ဖွဲ့နှောင်ထားသည့် ပိုက်ကွန်အတိုင်းပင်။
“မင်းမှာ တခြားစိုးရိမ်စရာတွေ ရှိတယ်ဆိုရင်လည်း ငါ့ကို ပွင့်ပွင့်လင်းလင်း ပြောနိုင်ပါတယ်။ လာမယ့်နှစ် နွေဦးတော်ဝင်စာမေးပွဲ ပြီးတာနဲ့ ငါ လူလွှတ်ပြီး စေ့စပ်ကြောင်းလမ်းဖို့ ကမ်းလှမ်းမယ်။ တကယ်လို့ မင်းက ငါ့ရဲ့ စရိုက်လက္ခဏာကို မယုံကြည်ဘူးဆိုရင်လည်း အမှန်တရားကို သိရအောင် မင်းရဲ့ ဝမ်းကွဲအစ်ကိုဆီ စာရေးပြီး စုံစမ်းကြည့်လို့ ရတယ်”
ရွှယ်နင်က စိုးရိမ်တကြီးဖြင့် အသက်ကို အောင့်ထားမိပြီး သူမကို ဖက်ထားသည့်သူကို မျက်တောင်တဖျတ်ဖျတ် ခတ်ရင်း ကြည့်နေမိသည်။
ဒီလိုမျက်နှာမျိုးနှင့် ထိပ်တိုက်တွေ့ရတဲ့အခါ ဘယ်သူမဆို စိတ်မလှုပ်ရှားမိရန် ခက်ခဲလိမ့်မည်။
ဒါ့အပြင် သူက အရင်ဘဝတုန်းကလည်း သူမရဲ့ အသက်ကို ကယ်တင်ပေးခဲ့ဖူးသူ မဟုတ်လား။
ဒါပေမဲ့ သူမမှာ နောက်ထပ်တစ်ကြိမ် ကံစမ်းရဲသည့် သတ္တိမျိုး မရှိတော့ချေ။
စိတ်ရှုပ်ထွေးပြီး ပျာယာခတ်နေသည့်ကြားမှ သူမ အကြိမ်အနည်းငယ် ရုန်းကန်လိုက်ပြီး အလျင်အမြန်ပင် အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။
“အာ... ပေါင်ချန် ပြန်လာပြီပဲ!”
ထိုအခါမှသာ လီချန်ချဲ့က သူမကို လွှတ်ပေးလိုက်ပြီး နက်ရှိုင်းတဲ့ အကြည့်တစ်ချက် ပေးသွားသည်။
“ငါ အရင်ပြန်တော့မယ်။ ကောင်းကောင်း အနားယူလိုက်ဦး”
ရွှယ်နင်က စိတ်ထဲကနေ တိတ်တဆိတ် သက်ပြင်းချနိုင်ခဲ့သော်လည်း ရင်ဘတ်ထဲက နှလုံးသားကတော့ တဒိန်းဒိန်းနှင့် ဆက်လက် ခုန်လှုပ်နေဆဲပင်။
ထိုအမျိုးသားက ဘေးတံခါးမှတစ်ဆင့် ထွက်ခွာသွားရာ သူ၏ အရပ်ရှည်ပြီး ဖြောင့်စင်းတဲ့ ကျောပြင်ကြီးက မှောင်မိုက်သော အရိပ်များထဲသို့ တဖြည်းဖြည်း တိုးဝင်ပျောက်ကွယ်သွားသည်။
ဤဘက်ဆီမှ အသံများ ကြားလိုက်ရသကဲ့သို့ ရှိသဖြင့် ပေါင်ချန်က ရေချိုးခန်းဘက်မှ အပြေးအလွှား ရောက်လာသည်။
“သခင်မလေး... အပြင်မှာ တစ်ယောက်ယောက် ရှိနေတာလား”
ရွှယ်နင်က လန်ထန်မီးအိမ်အောက်တွင် ရပ်နေရင်း တောက်လောင်မတတ် နီမြန်းနေတဲ့ ပါးပြင်နှစ်ဖက်ကို လက်ဖဝါးဖြင့် အုပ်ကာ သက်ပြင်းအသာချလိုက်သည်။
“မ... မရှိပါဘူး။ အခန်းထဲမှာ အရမ်းပူလို့... လေကောင်းလေသန့် ရအောင် အပြင်ထွက်လာတာ...”
အထိန်းတော်အိုကြီးတစ်ယောက်လို စိုးရိမ်တတ်သည့် ပေါင်ချန်က သူမ၏ ဝတ်ရုံကို သေချာ ပြန်ပြင်ပေးသည်။
“အပြင်မှာ တော်တော်ချမ်းတာကို။ အခန်းထဲပဲ ပြန်ဝင်ရအောင်ပါ သခင်မလေးရယ်”
ရွှယ်နင်က ခေါင်းကို အနည်းငယ် စောင်းကာ လီချန်ချဲ့ ထွက်ခွာသွားသည့် ဘက်သို့ လှမ်းကြည့်လိုက်မိသည်။ သူမ စိတ်ထဲမှာ ရေပူစမ်းတစ်ခုထဲ စိမ်ထားရသကဲ့သို့... နွေးထွေးကာ၊ သက်တောင့်သက်သာရှိပြီး ထူးခြားစွာပင် စိတ်အေးချမ်းမှုကို ခံစားလိုက်ရသည်။
...
'နတ်သက်ကြွေ စံအိမ်တော်' ၏ ဝင်းထဲမှ ထွက်လာခဲ့ပြီးနောက်...
ဖူရှန်းက သူ့သခင်၏ ခြေလှမ်းများနောက်သို့ အမှီလိုက်ရန် အပြေးအလွှား လိုက်လာခဲ့ရသည်။
လုမိသားစု စံအိမ်တော်၏ စင်္ကြံလမ်းများက အဆုံးမရှိနိုင်တော့သကဲ့သို့ ရှည်လျား၏။
“သခင်လေး... အခြေအနေ ဘယ်လိုလဲ”
အပြာရောင် ဝတ်ရုံနှင့် ညိုမှိုင်းသော ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည့် ထိုအမျိုးသားက ဆီးနှင်းများ ဖုံးလွှမ်းနေတဲ့ စင်္ကြံလမ်းအတိုင်း ဖြည်းညှင်းစွာ လျှောက်လှမ်းနေသည်။
သူ၏ မျက်နှာသွင်ပြင်က ထူးခြားစွာ ချောမောခန့်ညားနေပြီး နှုတ်ခမ်းများကလည်း အနည်းငယ် ကွေးညွတ်နေသည်။
“ဘာ အခြေအနေကို ပြောတာလဲ”
အတွင်းဆောင်မှ မိန်းမပျိုတစ်ဦး ရမ္မက်ဆွဲဆောင်ဆေး မိသွားခြင်းက သာမန်ကိစ္စရပ် မဟုတ်ပေ။
ရထားလုံးပေါ်မှ ဆင်းကတည်းက သူက သူ့သခင်၏ လည်ပင်းထက်ရှိ အနီရောင်အမှတ်အသားများကို သတိပြုမိခဲ့သည်။
ထိုကဲ့သို့သော ကိစ္စရပ်များတွင် အတွေ့အကြုံမရှိသော်လည်း စျေးကွက်ထဲ၌ ပျံ့နှံ့နေသော ပုံပါစာအုပ်အချို့ကို တိတ်တဆိတ် ဖတ်ရှုဖူးသဖြင့် ထိုအမှတ်အသားများက ဘာကို ဆိုလိုကြောင်း သူ သဘာဝကျကျပင် နားလည်ထား၏။
ဒါ့အပြင် သခင်လေးကိုယ်တိုင်က သခင်မလေးရွှယ်ကို ပွေ့ချီပြီး လုမိသားစုအိမ်တော်ထဲ ဝင်လာခဲ့တာ မဟုတ်လား။
ဒီအရာက... နေမင်းကြီး အနောက်ဘက်က ထွက်သလို အလွန်အမင်း ရှားပါးတဲ့ အံ့ဖွယ်ထူးဆန်းမှုတစ်ခုပင်။
ဘာကြောင့်လဲဆိုတော့ ဒီနှစ်တွေတစ်လျှောက်လုံး သခင်လေးရဲ့ ဘေးနားမှာ မည်သည့်အမျိုးသမီးမျှ ရှိမနေခဲ့ဖူးတာကြောင့် ဖြစ်သည်။
မိသားစုက အကြီးဆုံး တရားဝင်မြေးဦးဖြစ်သည့် သူ့အတွက် လှပတဲ့ အစေခံမိန်းကလေးများကို ပြင်ဆင်ပေးခဲ့သော်လည်း သခင်လေးက တစ်ချက်ပင် လှည့်မကြည့်ဘဲ မောင်းထုတ်ခဲ့သည်။
ဒီနှစ်တွေအတွင်း ဟဲကျန့်ရှိ ရေတွက်မရနိုင်တဲ့ အလှလေးများစွာက လီမိသားစုထဲသို့ ဝင်ရောက်ကာ သခင်လေးနှင့် လက်ထပ်ခွင့်ရရန် အိပ်မက်မက်ခဲ့ကြသည်။
ဒါပေမဲ့ သူတို့ရဲ့ သခင်လေးက အဲ့ဒီမိန်းမပျိုလေးတွေကို ဒုတိယအကြိမ် ဘယ်တုန်းက ကြည့်ဖူးခဲ့လို့လဲ။
သံမဏိသစ်ပင်အိုကြီးကဲ့သို့ အေးစက်တဲ့ သူ့သခင်မှာ နောက်ဆုံးတော့ အချစ်ပန်းပွင့်ဝေဆာလာပြီဟု တွေးမိကာ ဖူရှန်းက စိတ်လှုပ်ရှားစွာဖြင့် အားတက်သရော မေးလိုက်သည်။
“သခင်လေးက သခင်မလေးရွှယ်ကို တကယ် လက်ထပ်တော့မှာလား”
လီချန်ချဲ့က မျက်ခုံးတစ်ဖက်ကို ပင့်လိုက်သည်။
“သူ(မ)ကပဲ လက်မခံဘဲ ငြင်းနေတာလို့ ပြောရင် ပိုမှန်လိမ့်မယ်”
“ဗျာ...”
သူ့သခင်က မိန်းကလေးတစ်ယောက်၏ ငြင်းပယ်ခြင်းကို ခံလိုက်ရလိမ့်မည်ဟု ဖူရှန်း လုံးဝမထင်မှတ်ထားခဲ့မိချေ။
“ဒါဆို သခင်လေးက ဘာလို့ ပြုံးနေရတာလဲ။ ဒီလောကကြီးမှာ သခင်လေးကို သဘောမကျတဲ့ မိန်းကလေး တကယ်ပဲ ရှိလို့လား”
လီချန်ချဲ့ ခဏလောက် တိတ်ဆိတ်သွားသည်။ ဆီးနှင်းများ ဝေမှိုင်းနေသော မြင်ကွင်းအလယ်တွင် ဖျော့တော့သည့် အပြုံးလေးတစ်ခု သူ့နှုတ်ခမ်းဖျား၌ ပေါ်လာခဲ့သည်။
“ဒါပေမဲ့ အရေးမကြီးပါဘူး။ စောစောနဲ့ နောက်ကျတာပဲ ကွာမယ်... နောက်ကျရင်လည်း သူ(မ)က ငါ့ဇနီး ဖြစ်လာမှာပဲ”
သူ့အပေါ် အခွင့်အရေးယူပြီး ဘာမှမဖြစ်ခဲ့သလိုမျိုး ဘယ်သူမှ လွယ်လွယ်နဲ့ ထွက်သွားလို့ မရဘူး။
ရွှယ်နင်က တစ်နေ့မှာ သူ့ကို သေချာပေါက် တာဝန်ယူရလိမ့်မယ်။
ဖူရှန်းက သူ့သခင်၏ မျက်နှာထက်တွင် ဒီလောက်အထိ ပြတ်သားပြီး ယုံကြည်ချက်အပြည့်ရှိတဲ့ အပြုံးမျိုးကို မြင်ဖူးတာ ဒါက ပထမဆုံးအကြိမ်ပင်။ သူက အံ့အားသင့်လွန်းသဖြင့် စကားပင် ထစ်အသွား၏။
“သခင်လေး... သ-သခင်လေးက... မိန်းမတွေကို မုန်းတာ မဟုတ်ဘူးလား။ ဘယ်လိုဖြစ်လို့ မြို့တော်ကို ရောက်ရောက်ချင်းမှာပဲ—”
“အာ... သခင်လေး၊ ကျွန်တော့်ကို စောင့်ပါဦး!”
သူ စကားပင် မဆုံးသေးမီ လီချန်ချဲ့က လှေကားထစ်များအတိုင်း ခြေလှမ်းကျဲကြီးများဖြင့် ဆင်းသွားခဲ့ပြီ ဖြစ်သည်။
လမ်းတစ်လျှောက်တွင် ညဉ့်ဆီးနှင်းများက အဆက်မပြတ် ကျဆင်းနေပြီး ဖြူစင်သော ဆီးနှင်းပွင့်များက သူ၏ ဆံနွယ်များပေါ်၌ ခိုတွဲနေကြသည်။
သူ့လက်ဖဝါးက တံခါးကို လှမ်းကိုင်လိုက်စဉ်... တစ်စုံတစ်ခုသော စွမ်းအားက ဆွဲဆောင်လိုက်သကဲ့သို့ သူ့အကြည့်များက သူ၏ လက်ချောင်းထိပ်များဆီသို့ ကျရောက်သွားသည်။
ထိုနေရာတွင် မိန်းမပျိုလေး၏ သင်းပျံ့မွှေးကြိုင်သော ရနံ့များက စွဲကျန်နေဆဲ ဖြစ်သည်။
...
စုကျန်း အိမ်တော်သို့ ပြန်ရောက်လာချိန်တွင် ကောင်းကင်ကြီးက လုံးဝ မှောင်သွားခဲ့ပြီ ဖြစ်သည်။
ကျယ်ဝန်းပြီး အနက်ရောင် ဆေးသုတ်ထားသော ထုဆစ်မွမ်းမံထားသည့် ရထားလုံးကြီးတစ်စီးက ရွှမ်းယီနယ်စားမင်းအိမ်တော်၏ နောက်တံခါးဝတွင် ရပ်လိုက်သည်။
မော့ပိုင်က ရထားလုံးပေါ်မှ ခုန်ဆင်းကာ ဇက်ကြိုးကို တံခါးစောင့်ထံ လွှဲအပ်လိုက်ပြီးနောက် ရထားလုံးဘေးသို့ ရိုသေစွာဖြင့် ပြန်လည်ရောက်ရှိလာသည်။
“ရှီဇီ... ရောက်ပါပြီ”
တုန်းကျင်းတစ်မြို့လုံး တစ်နေကုန် လည်ပတ်သွားလာခဲ့ရသဖြင့် ရှဲ့နင်းထန်က အနီးရှိ အိပ်ဆောင်ကုတင်လေးပေါ်တွင် လှဲလျောင်းရင်း အရှိန်လွန်ကာ နှစ်ခြိုက်စွာ အိပ်ပျော်နေသည်။
မှိန်ပျပျ မီးရောင်အောက်တွင် မိန်းမပျိုလေး၏ နုနယ်သော ပါးပြင်ထက်၌ ဖျော့တော့သော ပန်းသွေးရောင် အမှတ်အသားလေး ထင်ကျန်နေ၏။
ရထားလုံးအတွင်း၌ သူမ ဝယ်ယူခဲ့သော ပစ္စည်းများ၏ ထုပ်ပိုးမှု အကြီးအသေးများက ဘေးပတ်ပတ်လည်၌ ပုံလျှက်သား ရှိနေသည်။
သူမ၏ အစေခံမိန်းကလေး ကျင်းထောင်က ထိုအချိန်တွင် ရထားလုံး လိုက်ကာကို ပင့်မလိုက်ပြီး ထိုအမျိုးသား၏ လွှမ်းမိုးလွန်းတဲ့ အရှိန်အဝါအောက်၌ အားတင်းကာ တိုးတိုးလေး လှမ်းခေါ်လိုက်ရှာသည်။
"ကျွင်းကျူ (မင်းသမီး)... အိမ်တော်ကို ရောက်ပါပြီ"
သို့သော် အိပ်မောကျနေတဲ့ အမျိုးသမီးက နိုးထလာခြင်း မရှိသေးချေ။
စုကျန်းက မျက်မှောင်ကြုတ်လိုက်ပြီး သူမကို ရထားလုံးပေါ်ကနေ ပွေ့ချီခေါ်ထုတ်ရန် ကြံရွယ်လိုက်စဉ်... ရုတ်တရက် ရွှယ်နင်၏ နီမြန်းနေတဲ့ မျက်ဝန်းများက သူ့စိတ်ထဲ ဖျတ်ခနဲ ပေါ်လာသည်။
သူမ ငယ်ငယ်တုန်းကဆိုလျှင် အငိုလွယ်လွန်း၏။ သူ အခြားညီမတွေနဲ့ ရင်းရင်းနှီးနှီး ရှိနေတာကို မြင်ရတိုင်း သူမက အမြဲတမ်း အဝေးတစ်နေရာကနေ မျက်ရည်ဝဲနေပြီး နီမြန်းသည့် မျက်ဝန်းများဖြင့် ငေးကြည့်နေတတ်သည်။ သူမက ဘယ်တုန်းကမှ ဆူပူသောင်းကျန်းခြင်း မရှိဘဲ အမြဲတမ်း လိမ္မာယဉ်ကျေးတာကြောင့် အခြားသူများ၏ ရင်ထဲတွင် သနားစရာကောင်းလောက်အောင်ပင် ကရုဏာစိတ်ကို နှိုးဆွပေးနိုင်ခဲ့သည်။
သူ ခြေလှမ်းတန့်သွားပြီးနောက်... သူ့လက်ကို ရှဲ့နင်းထန်၏ ပုခုံးပေါ်သို့ တင်ကာ အသာအယာ ပုတ်လိုက်သည်။
"နိုးတော့... ထရမယ့်အချိန် ရောက်ပြီ"
"ဒီလောက်တောင် ညဉ့်နက်သွားပြီလား။ ဒါဆို ဒီနေ့ ကျွန်မတို့ တကယ်ကြီး အကြာကြီး ဆော့လိုက်မိတာပဲ။ တော်တော်လေး ပင်ပန်းသွားပြီ"
ရှဲ့နင်းထန်က လတ်ဆတ်စွာ နိုးထလာသူတစ်ဦးကဲ့သို့ ပျင်းရိပျင်းတွဲ အမူအရာဖြင့် တစ်ကိုယ်လုံးကို ဆန့်လိုက်သည်။ သူမ ရုတ်တရက် နိုးလာခြင်း ဖြစ်သော်လည်း သူမ၏ မျက်ဝန်းများက ထူးခြားစွာ ကြည်လင်နေပြီး စိတ်ပျက်လက်ပျက် ဖြစ်သွားသည့် အရိပ်အယောင်တစ်ခုကလည်း ဖျတ်ခနဲ ဖြတ်ပြေးသွားခဲ့သည်။
စုကျန်းက သူမထက် အရင် ရထားလုံးပေါ်မှ ဆင်းနှင့်နေပြီ ဖြစ်သည်။ သူက လှည့်ကြည့်ကာ သူမထံသို့ လက်ကမ်းပေးလိုက်သည်။
"ဆင်းခဲ့တော့"
"ရှီဇီအစ်ကို"
ထင်မှတ်မထားတဲ့ နွေးထွေးမှုကို ရရှိလိုက်သဖြင့် စိတ်လှုပ်ရှားသွားကာ ရှဲ့နင်းထန်သည် သူမ၏ လက်လေးကို ထိုအမျိုးသား၏ ပူနွေးတဲ့ လက်ဖဝါးပြင်ထဲသို့ ထည့်လိုက်ပြီး သူမ၏ နှလုံးသားက တဒိန်းဒိန်းနှင့် ရူးမတတ် ခုန်လှုပ်သွားတော့သည်။
သူမ ရှက်သွေးဖြာရင်း ရထားလုံးပေါ်မှ ခုန်ဆင်းလိုက်ကာ ထိုအမျိုးသား၏ သန်မာတဲ့ လက်မောင်းကြားတွင် မြဲမြံစွာ ဖက်တွယ်ထားခြင်း ခံရလိမ့်မည်ဟု မျှော်လင့်နေမိသည်။
သို့သော် စုကျန်းက သူမ၏ လက်ကို ချက်ချင်းပင် ပြန်လွှတ်ပေးလိုက်၏။
သူမ မျက်လွှာချလိုက်ပြီး ရင်ထဲက စိတ်ပျက်မှုကို မနည်း အောင့်အီးမျိုသိပ်လိုက်ရသည်။
ကိစ္စမရှိပါဘူး...။သခင်မကြီးရှဲ့ ကိုယ်တိုင်က ဆုံးဖြတ်ချက် ချပေးထားပြီးဖြစ်လို့ သူမက စုကျန်းရဲ့ သတ်မှတ်ထားပြီးသား စေ့စပ်ထားသူပဲ။
အရာအားလုံး တရားဝင် ဖြစ်သွားပြီး လာမယ့်နှစ်လောက်ကျရင်... သူမ သူ့ကို လက်ထပ်ပြီး သူ့ဇနီးသည် ဖြစ်လာလိမ့်မယ်။
အဲ့ဒီအချိန်ကျမှ သူမ အလိုရှိသမျှ အချိန်တိုင်း သူ့လက်ကို တွဲထားနိုင်တယ်။
သူမ သူ့အပေါ် ဘာပဲလုပ်လုပ် ရနိုင်တော့မယ် မဟုတ်လား။
သူတို့နှစ်ဦးသည် အိမ်တော်ထိန်းများ၊ အသက်ကြီးသော အစေခံများနှင့် အခြံအရံများ မိမိတို့သခင်များနောက်မှ အနီးကပ် လိုက်ပါလျက် နယ်စားမင်းအိမ်တော်ထဲသို့ ဘေးချင်းယှဉ်ကာ ဝင်လာခဲ့ကြသည်။
ရှဲ့နင်းထန်တွင် သီးသန့်ခြံဝင်း မရှိချေ။ အိမ်တော်သို့ ဝင်လာသည်နှင့် သူမက သခင်မကြီးရှဲ့၏ ခြံဝင်းအတွင်းရှိ ဘေးဘက်အခန်းများတွင် နေထိုင်ရခြင်းဖြစ်ရာ ၎င်းကပင် သခင်မကြီးက သူမအပေါ် ဘယ်လောက်အထိ အလိုလိုက်ကာ ချစ်ခင်မြတ်နိုးကြောင်း သက်သေပြနေခြင်းပင်။
စုကျန်းက ရှဲ့နင်းထန်ကို 'ဝမ်ရှိုဆောင်' သို့ လိုက်လံပို့ဆောင်ပေးခဲ့သည်။
သို့သော် လမ်းခုလတ်တွင် ညဉ့်နက်သန်းခေါင်အချိန်၌ အပြင်ထွက်ရန် ပြင်ဆင်နေသော သခင်မကျန်းနှင့် အမှတ်မထင် ဆုံတွေ့လိုက်ရသည်။