အခန်း ၅၈
Vol. 6 Ch. 58
အခန်း (၅၈) - စွန့်ပစ်ခံလိုက်ရသည့် အရှေ့ဘက်ပုလဲ
“အမေ...”
“ကျန်းအာ?”
သခင်မကျန်းသည် နို့ထိန်းစုန့်ကို ညွှန်ကြားချက်များ ပေးပြီးခါစတွင်ပင် သားဖြစ်သူ၏ အသံကို ကြားလိုက်ရသဖြင့် ခြေလှမ်းများ ရပ်တန့်သွားသည်။
သူမ လှည့်ကြည့်လိုက်တဲ့အခါ စုကျန်း၏ ဘေးနားတွင် မျက်လုံးဝိုင်းကြီးများကို ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း ရပ်နေသည့် ရှဲ့နင်းထန်ကို မြင်လိုက်ရ၏။
သူတို့နှစ်ယောက်က တကယ့်ကို လိုက်ဖက်ညီတဲ့ စုံတွဲပင်။ ဒါ့အပြင် သူမရဲ့ သားက ငယ်ငယ်ကတည်းက အေးစက်တဲ့ စရိုက်ရှိပြီး အမျိုးသမီးများနှင့် ခပ်ခွာခွာ နေတတ်သူ ဖြစ်၏။အခုတော့ သူ၏ ထုံးစံအတိုင်း အေးစက်မာနထောင်လွှားမှုများကို ရှဲ့နင်းထန်အတွက် ဘေးဖယ်ထားပေးနိုင်တယ်ဆိုလျှင် ၎င်းကို အလားအလာကောင်းတစ်ခုဟု သတ်မှတ်၍ရပေသည်။
ရှဲ့နင်းထန်က ပြောလိုက်သည်။
“သခင်မကျန်း... ဒီလောက် ညဉ့်နက်ကြီးမှ အိမ်တော်ကနေ အပြင်ထွက်မလို့လားဟင်— တစ်ခုခု အရေးကြီးလို့လား”
သခင်မကျန်းက ရှဲ့နင်းထန်ကို မကြိုက်တာ မဟုတ်ဘဲ သူမက ရွှယ်နင်ကို ပိုပြီး ချစ်ခင်တာဖြစ်သည်။စောစောက ဝမ်ရှိုဆောင်၌ အလုပ်ကိစ္စများ ပြီးစီးပြီးနောက်... ရွှယ်နင်သည် မနေ့ညက အအေးမိသွားခဲ့ပြီး အဖျားကြီးနေသဖြင့် ယခု လုမိသားစုအိမ်တော်တွင် နေပြီး ပြန်မလာနိုင်သေးကြောင်း သတင်းပို့ချက်ကို လက်ခံရရှိခဲ့သည်။ ရွှယ်နင်က ထိုနေရာတွင် ရက်အနည်းငယ် တည်းခိုရမည့်ပုံ ရှိနေသည်။
ထိုအကြောင်းကို ကြားလိုက်ရသဖြင့် သခင်မကျန်းက စိုးရိမ်တကြီး ဖြစ်သွားသည်။ လုမိသားစုအိမ်တော်မှ ယန်ရှီ၏ ယုံကြည်စိတ်ချရသော အစေခံမိန်းကလေးက အထူးတလည် လာရောက်အကြောင်းကြားပေးခဲ့ခြင်း ဖြစ်သော်လည်း ရွှယ်နင်၏ ကျန်းမာရေးအတွက် သူမ စိတ်မချနိုင်သေးချေ။
“အဲဒီကလေးမလေးက ငယ်ငယ်ကတည်းက ကိုယ်ခံအား မကောင်းရှာဘူး။ အားလုံးက ငါ့အပြစ်တွေပါပဲ... မနေ့က ငါ တော်တော်လေး ဂရုမစိုက်မိလိုက်ဘူး။ အခုတော့ သူ(မ)က အဖျားတွေတက်ပြီး မကျသေးဘူးတဲ့၊ ယန်ရှီကလည်း ကလေးတစ်ခါမှ မမွေးဖူးတော့ လူနာကို ဘယ်လို ပြုစုရမလဲ သိပါ့မလား။ ငါ သေချာစဉ်းစားပြီးပြီ... အခုပဲ ကိုယ်တိုင်သွားပြီး အဲဒီကလေးကို ဒီညပဲ ပြန်ခေါ်လာတော့မယ်”
ရှဲ့နင်းထန်၏ အပြုံးများက အနည်းငယ် မှေးမှိန်သွားကာ မနာလိုစိတ်များဖြင့် ပြောလိုက်သည်။
“သခင်မကျန်းက ညီမလေးအားနင်အပေါ် တကယ့်ကို ကောင်းတာပဲနော်”
သခင်မကျန်းက ပြုံးလိုက်သည်။
“ငါက သူ(မ)ကို ငါ့သမီးအရင်းလိုပဲ သဘောထားတာကိုး၊ အဲဒါကြောင့် သေချာပေါက် ဂရုစိုက်ရမှာပေါ့”
သခင်မကျန်းက ရွှယ်နင်အပေါ် ပြသသည့် ကြင်နာယုယမှုများကို မနာလိုဖြစ်မိသဖြင့် ရှဲ့နင်းထန်သည် ဆက်၍ ပြုံးရန်ပင် ခက်ခဲလာ၏။
စုချင်းက အိမ်တော်ထဲမှာ ရွှယ်နင်၏ ပြုမူပုံများကို ဘာကြောင့် အမြဲတမ်း မျက်စိစပါးမွှေးစူးနေတတ်လဲဆိုတာကို အံ့သြစရာ မရှိတော့ဘူး။
မှီခိုအားထားရာမဲ့နေတဲ့ မိဘမဲ့ မိန်းကလေးတစ်ယောက် ဖြစ်ပါလျက်နှင့်... သူမက အဆင့်အတန်းမြင့်တဲ့ သမီးအရင်းတစ်ယောက်ထက်ပင် ပိုမိုကောင်းမွန်တဲ့ ဘဝကို ဖြတ်သန်းနေရတာ မဟုတ်လား။
သခင်မကျန်းက ရထားလုံးကို အဆင်သင့် ပြင်ခိုင်းထားပြီးဖြစ်၍ လက်ကို ဝှေ့ယမ်းပြလိုက်သည်။
“ကဲပါ ကျန်းအာ... မင်းသမီးကို အဆောင်အထိ လိုက်ပို့ပေးလိုက်ဦး။ အမေ အမြန်ဆုံး ပြန်လာခဲ့မယ်”
စုကျန်းက သူ့နှုတ်ခမ်းပါးကို တင်းတင်းစေ့ထားရင်း သခင်မကျန်း ထွက်ခွာသွားတာကို ငြိမ်သက်စွာ ရပ်ကြည့်နေခဲ့သည်။
ရှဲ့နင်းထန်က ထိုအမျိုးသား၏ တည်ကြည်ခန့်ညားသော ဘေးတိုက်ရုပ်သွင်ကို လှည့်ကြည့်ရင်း စိတ်ထဲတွင် အနည်းငယ် သက်သာရာရသွားသည်။
ကံကောင်းချင်တော့... ရှီဇီက အတူတူ လိုက်မသွားခဲ့ဘူးပဲ။ မဟုတ်ရင်တော့ သူမ တကယ့်ကို စိတ်ညစ်ညူးရလိမ့်မယ်။
လူတိုင်းက ရွှယ်နင်က ရှီဇီကို သဘောကျနေတယ်လို့ ပြောကြတာကြောင့် စုကျန်းကလည်း ရွှယ်နင်ကို သဘောကျနေမလားဟု သူမ အမြဲ စိုးရိမ်နေခဲ့တာ ဖြစ်သည်။
သူမက စမ်းသပ်သည့်အနေဖြင့်-
"ညီမလေး ရွှယ်နင် နေမကောင်းဖြစ်နေတာကို... ရှီဇီအစ်ကိုက သွားမကြည့်တော့ဘူးလားဟင်”
စုကျန်းက သူမကို အေးစက်တဲ့ အကြည့်တစ်ချက် ပေးလိုက်ပြီး မည်သည့်ခံစားချက်မျှ မပြဘဲ ဆက်လက် လျှောက်လှမ်းနေခဲ့သည်။
“အမေ ရှိနေတာပဲ... သူ(မ) ဘာမှမဖြစ်ပါဘူး”
ရှဲ့နင်းထန်က စိတ်အေးလက်အေးနှင့် သက်ပြင်းချလိုက်နိုင်ပြီး နှုတ်ခမ်းထက်တွင် အပြုံးများ ပြန်လည် ပေါ်ပေါက်လာကာ ထိုအမျိုးသား၏ နောက်မှ ပျော်ရွှင်စွာ လိုက်ပါရင်း တတွတ်တွတ် ပြောသည်။
“တကယ်တော့... ညီမလေးအားနင်အနေနဲ့ သူ(မ)ဦးလေးအိမ်မှာပဲ နေရင် ပိုမကောင်းဘူးလားဟင်။ ဘာဖြစ်လို့ မိဘတွေ ဆုံးပါးသွားပြီးတဲ့နောက် နယ်စားမင်းအိမ်တော်ထဲကို ရွှေ့လာရတာလဲ မသိဘူးနော်”
ထိုစကားများ ထွက်လာသည်နှင့်တစ်ပြိုင်နက်... ရှေ့မှ လျှောက်လှမ်းနေသော အမျိုးသားသည် ခြေလှမ်းများကို ရုတ်တရက် ရပ်တန့်လိုက်၏။
ခြေလှမ်း ခပ်သွက်သွက် လှမ်းလာခဲ့သော ရှဲ့နင်းထန်သည် သူ့ကျောပြင်ကြီးကို ဝင်တိုက်မိလုနီးနီး ဖြစ်သွားခဲ့သည်။
သူမ အချိန်မီ ခြေလှမ်းကို ထိန်းလိုက်နိုင်သော်လည်း... သူ့ရှေ့တွင် အိုးတိုးအမ်းတမ်းနှင့် ရပ်ကျန်ခဲ့သည်။
စုကျန်းက ခန္ဓာကိုယ်ကို လှည့်လိုက်ပြီး သူ့မျက်နှာအမူအရာက တကယ့်ကို ကြည့်မကောင်းပေ။
“ဒါက နယ်စားမင်းအိမ်တော်ရဲ့ ကိစ္စပဲ။ မင်းက ဘယ်တုန်းကစလို့ အဲဒီအကြောင်းတွေကို ဝင်ပြီး ပူပန်ပေးဖို့ လိုအပ်သွားတာလဲ”
ရှဲ့နင်းထန်၏ စိတ်ထဲ တင်းကြပ်သွားသည်။
“ရှီဇီအစ်ကို... ညီမက အဲဒီလို သဘောနဲ့ ပြောတာ မဟုတ်ပါဘူး။ သိချင်စိတ်နဲ့ အမှတ်မထင် မေးမိရုံတင်ပါ”
စုကျန်းက စိတ်ပျက်လက်ပျက်ဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
“နောက်နောင်ကျရင် သူ(မ)နဲ့ ပတ်သက်တဲ့ ကိစ္စတွေကို လျှော့မေး"
ထိုအမျိုးသား၏ အရှိန်အဝါက လွှမ်းမိုးလွန်းပြီး ဖိအားကလည်း ကြီးမားလွန်းတာကြောင့် ရှဲ့နင်းထန်က အတင်းအကျပ် ခြောက်ကပ်ကပ် ရယ်မောလိုက်ရကာ နှုတ်ခမ်းကို ကိုက်ထားမိသည်။
“ကောင်းပါပြီ... ရှီဇီအစ်ကို စကားကိုပဲ နားထောင်ပါ့မယ်။ နောက်ဆို သူ(မ)အကြောင်းကို မပြောတော့ပါဘူး”
သို့သော် သူမဘက်က စကားစဖြတ်လိုက်သည့်တိုင်အောင် စုကျန်း၏ စိတ်ထဲတွင် သခင်မကျန်း၏ စကားသံများကသာ ပြည့်နှက်နေသည်။
ရွှယ်နင်က ထပ်ပြီး အဖျားကြီးနေပြန်ပြီ ဟုတ်လား။
အဲဒီကလေးမလေးက ငယ်ငယ်ကတည်းက ရောဂါသည်ကလေးတစ်ယောက်လို ဖြစ်ခဲ့ပြီး ခဏခဏ ဖျားနာတတ်စမြဲပင်။
နောက်ပိုင်းကျမှ အစားပိုစားလာနိုင်လို့ ကျန်းမာရေးက အတန်ငယ် ကောင်းမွန်လာခဲ့ခြင်း ဖြစ်သည်။
အသက်ဆယ်နှစ်အရွယ်ကစလို့ သူမ ဒီလောက်အထိ အဖျားမမိဖူးချေ။
အခုကျမှ ဘာဖြစ်လို့ ခဏခဏ အဖျားတက်နေရတာလဲ။
မနေ့ညက သူမကို တောင်းပန်ဖို့ 'ချီယွင်ဆောင်' ဆီ သွားခဲ့စဉ်က အခြေအနေကို စုကျန်း ပြန်စဉ်းစားမိသွားသည်။ ထိုအချိန်တုန်းက မိန်းမပျိုလေးဟာ နီမြန်းနေတဲ့ မျက်ဝန်းများကို အောင့်အီးမျိုသိပ်ရင်း သူ့ကို လက်ထပ်မှာမဟုတ်ကြောင်း အသံကျယ်ကျယ်ဖြင့် ကြေညာခဲ့စ။ 'သောကက ကိုယ်ခန္ဓာကို ထိခိုက်စေတတ်သည်' ဟုဆိုရိုးရှိတဲ့အတိုင်း မကြာသေးခင်က ရှဲ့နင်းထန် အိမ်တော်ထဲ ဝင်ရောက်လာခြင်းကြောင့် သူမက ရင်ကွဲနာကျ၊ ပူဆွေးသောက ရောက်နေရပြီး စိတ်မချမ်းမြေ့မှုများနှင့် လွန်ကဲစွာ စိုးရိမ်ပူပန်မှုများကြောင့် အခုလို ဖျားနာရခြင်း ဖြစ်လိမ့်မည်။
သူ စိတ်ရှုပ်ထွေးစွာဖြင့် နှာခေါင်းကို ပွတ်သပ်မိရင်း ရွှယ်နင်က သူ့အပေါ် ဒီလောက်အထိ နက်နက်ရှိုင်းရှိုင်း သံယောဇဉ်ကြီးမားနေလိမ့်မယ်လို့ လုံးဝ မထင်မှတ်ထားခဲ့မိပေ။
မလိုလားအပ်တဲ့ အတင်းအဖျင်း ကောလာဟလတွေကို ရှောင်ရှားနိုင်ဖို့အတွက် သူမကို အမြန်ဆုံး လက်ထပ်ပေးရတော့မယ့်ပုံပဲ။
ရှဲ့နင်းထန်ကို ဝမ်ရှိုဆောင်သို့ လိုက်လံပို့ဆောင်ပေးပြီးနောက် စုကျန်းက သခင်မကြီးရှဲ့၏ အခန်းဆီသို့ ဦးတည်လိုက်သည်။
သို့သော် သခင်မကြီးရှဲ့က ညဥ့်နက်ပြီဖြစ်၍ အိပ်စက်အနားယူသွားခဲ့ပြီ ဖြစ်သည်။ မော့မော့ယဲ့က စင်္ကြံလမ်းအောက်တွင် ရပ်နေရင်း သူ့ကို နှုတ်ဆက်စကား အနည်းငယ်ဆိုကာ စောစောစီးစီး ပြန်အနားယူရန် တိုက်တွန်းလေသည်။
ဝမ်ရှိုဆောင်မှ ထွက်ခွာလာပြီးနောက် စုကျန်းသည် ချီယွမ်ဆောင် ရှိရာဘက်သို့ ရောက်ရှိချိန်တွင် ခြေလှမ်းများ ရပ်တန့်သွားခဲ့ပြန်သည်။
မော့ပိုင်က မော့ကြည့်ကာ မေးလိုက်၏။
“ရှီဇီ... ဘာဖြစ်လို့လဲ"
စုကျန်းက ပြောလိုက်သည်။
“အိမ်ရှေ့တံခါးကြီးဆီ သွားပြီး... အမေ ပြန်ရောက်လာပြီလားဆိုတာ သွားကြည့်ချေ”
မော့ပိုင်က ပြန်ဖြေလိုက်၏။
“ဟုတ်ကဲ့ပါ”
အစေခံ ထွက်သွားပြီးနောက်တွင်မှ စုကျန်းသည် ချီယွင်ဆောင်ထဲသို့ လှမ်းဝင်လိုက်သည်။
ချီယွင်ဆောင်ထဲတွင် အလုပ်အကျွေးပြုသူ အခြံအရံ သိပ်မရှိလှချေ၊ အခြား အစေခံများမှာလည်း အိပ်စက်ကုန်ကြပြီ ဖြစ်၏။
စင်္ကြံလမ်းအောက်၌ မှေးမှိန်သော လန်ထန်မီးအိမ်လေးတစ်လုံးသာ လင်းထိန်နေသည်။ ညစောင့်အစေခံမိန်းမကြီး နှစ်ယောက်က ဝင်ပေါက်ဝမှာ မူးယစ်ရီဝေစွာဖြင့် အရှက်အကြောက်မရှိ စည်းမဲ့ကမ်းမဲ့ လှဲလျောင်းအိပ်ပျော်နေကြသည်။
စုကျန်းက ခက်ထန်သော မျက်နှာထားဖြင့် သူတို့ကို ခြေထောက်နှင့် ကန်လိုက်သည်။
ထိုမိန်းမကြီးနှစ်ယောက်က လန့်နိုးလာကြပြီး သူတို့ရှေ့မှာ ရပ်နေတဲ့သူက ရှီဇီဖြစ်နေကြောင်း မြင်လိုက်ရသည့်အခါ ပျာပျာသလဲဖြင့် မြေပြင်ပေါ်သို့ ဒူးထောက်ချလိုက်ကြတော့သည်။
ရှီဇီက ချီယွင်ဆောင်ဆီသို့ လာရောက်လေ့မရှိသလောက် ရှားပါးသည်။
အထူးသဖြင့် ရွှယ်နင် ဒီနေရာမှာ ရှိမနေတဲ့ အချိန်မျိုးမှာပေါ့။
ထိုမိန်းမကြီးနှစ်ဦးလုံး လန့်ဖျန့်တုန်လှုပ်ကာ မျက်နှာများ ဖြူလျော်နေကြသည်။
“ရှီဇီ... ဘာဖြစ်လို့ ရောက်လာတာလဲဟင်။ ကျွန်မတို့ကို အသက်ချမ်းသာပေးပါဦး ရှီဇီ!”
စုကျန်းက သူ့ဒေါသကို အောင့်အီးမျိုသိပ်ရင်း ပြောလိုက်သည်။
“ထွက်သွားစမ်း”
“ဟုတ်ကဲ့... အခုပဲ ထွက်သွားပါ့မယ်၊ ချက်ချင်း ထွက်သွားပါ့မယ်”
ရွှယ်နင်သည် ကြောက်လန့်တတ်တဲ့ စရိုက်ရှိသဖြင့် ဒီလို လည်တဲ့အစေခံများကို မနိုင်နင်းမှန်း စုကျန်း သိထားသော်လည်း... သူမ၏ ခြံဝင်းထဲ၌ ဗြောင်ကျကျ အရက်သောက် မူးယစ်နေကြရုံတင်မက တံခါးဝမှာပါ အရှက်မရှိ လှဲနေရဲကြလိမ့်မယ်လို့ သူ လုံးဝ မထင်မှတ်ထားခဲ့ချေ။
သူက ထူးထူးခြားခြား စိတ်အနှောင့်အယှက်ဖြစ်နေတဲ့ အမူအရာဖြင့် စင်္ကြံလမ်းအောက်သို့ လျှောက်လှမ်းသွားခဲ့သည်။
အပြင်ဘက်မှ လှုပ်ရှားသံများကို ကြားလိုက်ရသဖြင့် ပေါင်ယွီသည် အိပ်ချင်မူးတူး မျက်လုံးများကို ပွတ်သပ်ရင်း တံခါးကို မဝံ့မရဲ ဖွင့်ကြည့်လိုက်သည်။ စုကျန်း၏ ခက်ထန်မှောင်မှိုင်းနေသော မျက်နှာကို မြင်လိုက်ရသည်နှင့် သူမ၏ အိပ်ချင်စိတ်များ ချက်ချင်းပင် လွင့်ပျယ်သွားတော့သည်။
“ရှီဇီ... သခင်မလေးက... ဒီမှာ မရှိပါဘူး...”
စုကျန်း ရွှယ်နင်၏ အခန်းတံခါးကို တွန်းဖွင့်လိုက်သည်။
“ရှီဇီ—”
ပေါင်ယွီက သူ့ကို တားဆီးရန် ကြိုးစားလိုက်မိသည်။
သို့သော် စုကျန်း၏ အေးစက်တဲ့ အကြည့်တစ်ချက်ကြောင့် သူမ နောက်ဆုတ်သွားသည်။
အခန်းတွင်း၌မူ မှောင်အတိ ကျနေခဲ့၏။
ချီယွင်ဆောင်သည် ရွှမ်းယီနယ်စားမင်းအိမ်တော်တစ်ခုလုံးတွင် အဝေးဆုံးနှင့် အထီးကျန်ဆုံးသော ခြံဝင်းဖြစ်သည်။
သူမ၏ ရုပ်ရည်အလှအပမှလွဲ၍ ရွှယ်နင်သည် အမြဲတမ်း လူမသိသူမသိ အေးအေးဆေးဆေးသာ နေထိုင်တတ်သူ ဖြစ်၏။
သို့သော် ဒီနေ့ည ထိုခြံဝင်းတစ်ခုလုံး ဟာလာဟင်းလင်း ဖြစ်နေသကဲ့သို့ ခံစားရသည်။ ထုံးစံအတိုင်း တောင်ဘက်ပြတင်းပေါက်နားတွင် ထိုင်ကာ ပန်းထိုးလေ့ရှိတဲ့ မိန်းမပျိုလေး အိမ်မှာ ရှိမနေသည့်အခါ... ထိုနေရာက ထူးခြားစွာပင် ခြောက်ကပ်လို့နေတော့သည်။
စုကျန်းက သူ့ရင်ဘတ်ကို လက်ဖြင့် အသာဖိလိုက်မိသည်။
မကြာသေးခင်ကစပြီး သူ့ရင်ဘတ်ထဲမှာ ဖျော့တော့စွာ အောင့်ခနဲ နာကျင်မှုကို ခံစားနေရသည်။
သူ မျက်လုံးကို မှိတ်လိုက်ပြီး ရင်ထဲ၌ စွဲကျန်နေသော ထိုထူးဆန်းသည့် နာကျင်မှုကို ဖိနှိပ်လိုက်သည်။
“မနေ့ညက မင်းတို့သခင်မလေး ဘာလုပ်ခဲ့လဲ”
ပေါင်ယွီက ဝေခွဲမရစွာဖြင့် ပြောလိုက်၏။
“သခင်မလေးက အကောင်းကြီး ရှိနေတာ မဟုတ်ဘူးလားဟင်”
စုကျန်းက သူမကို စောင်းငဲ့ကြည့်လိုက်သည်။
“ငါမေးတဲ့ စကားကို သေချာ မကြားလိုက်ဘူးလား”
ထိုအခါမှသာ ပေါင်ယွီ တစ်ကိုယ်လုံး တုန်တုန်ရင်ရင်ဖြင့် ပြန်ဖြေရှာသည်။
“ကျွန်တော်မျိုးမက... အစ်မပေါင်ချန်ကို ရေချိုးခန်းထဲအထိ ရေအေးပုံးအချို့ သယ်ပေးဖို့ပဲ ကူညီပေးခဲ့တာပါ။ အဲဒါကလွဲရင် ကျွန်တော်မျိုးမ ဘာမှမသိပါဘူး... ဒီမနက် အပြင်ထွက်သွားတုန်းကလည်း သခင်မလေးက အကောင်းကြီး ရှိနေသေးတာ။ ဘာဖြစ်လို့လဲတော့ မသိဘူး... ညကျမှ လူတစ်ယောက် ရောက်လာပြီး သခင်မလေး ပြန်မလာတော့ဘူးလို့ ပြောသွားတာပဲ။ ကျွန်တော်မျိုးမ တကယ် ဘာမှမသိပါဘူး”
အသုံးမကျတဲ့ မိန်းမကြီးတစ်စုနှင့် အကောင်းအဆိုးမသိတဲ့ အစေခံမိန်းကလေးငယ်တစ်ယောက်။
စုကျန်း၏ မျက်မှောင်များ ပိုမိုတွန့်ချိုးသွားခဲ့ရပြီး စိတ်ထဲတွင်လည်း အဖြေတစ်ခု ရရှိသွားသည်။
သူမက သူ အာရုံစိုက်လာစေဖို့အတွက် ရွှယ်နင်က တမင်သက်သက် ရေအေးနှင့် ရေချိုးပြီး အအေးမိအောင် လုပ်ခဲ့တာ ဖြစ်လိမ့်မယ်။
သူ့ရင်ထဲက လေးလံထိုင်းမှိုင်းမှုများက မည်းမှောင်နေသော မိုးတိမ်လိပ်များ လွင့်ပျယ်သွားသကဲ့သို့ ချက်ချင်းပင် ကင်းစင်သွားသည်။
“ ကောင်းပြီ....သွားအိပ်တော့”
ပေါင်ယွီ၏ အိပ်ချင်စိတ်များမှာ ကြာမြင့်စွာကတည်းက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သူမက တံတွေးတစ်ချက် မျိုချလိုက်မိသော်လည်း ရိုသေစွာဖြင့် ပြန်ပြောလိုက်၏။
“ဟုတ်ကဲ့ပါ”
စုကျန်းက ထရပ်လိုက်ပြီး ထွက်သွားရန် ပြင်လိုက်စဉ်... ကုလားထိုင်ခြေရင်း၌ မြေပြင်ပေါ်မှာ အမှိုက်တစ်ခုလို စွန့်ပစ်ခံထားရသည့် ပုလဲတစ်လုံးကို အမှတ်မထင် သတိပြုမိသွားသည်။
သူ မျက်မှောင်ကြုတ်လိုက်ပြီး ထိုပုလဲလုံးကို ကောက်ယူလိုက်၏။
၎င်းက... မနေ့ကတင် သူမကို သူကိုယ်တိုင် ပေးခဲ့တဲ့ ထိုပုလဲပင်။