← Chapters

အခန်း ၅၉

Vol. 6 Ch. 59

အခန်း ၅၉

Vol. 6 Ch. 59

အခန်း (၅၉) - ရှီဇီ၏ မင်္ဂလာ နီးကပ်လာခြင်း

အကြောင်းပြချက် မရှိတဲ့ ထိုစိတ်မသက်မသာမှုများက သူ့ရင်ထဲမှာ တဖန်ပြန်၍ ထကြွလာပြန်သည်။

သူကိုယ်တိုင်တောင် ဘာကြောင့်မှန်း မသိဘဲ ထိုပုလဲလုံးကို မူလနေရာ ပြန်မထားခဲ့ဘဲ သူ့ဝတ်ရုံလက်အင်္ကျီအိတ်ထဲသာ ထည့်သိမ်းလိုက်မိသည်။

ချီယွင်ဆောင်မှ ထွက်လာခဲ့ချိန်တွင် မော့ပိုင်လည်း ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

“အမေ ဘယ်မှာလဲ”

“သခင်မကြီး ပြန်ရောက်ပါပြီ"

“ရွှယ်နင်ရော...”

မော့ပိုင်က ခေါင်းခါပြသည်။

“သခင်မကြီးတစ်ယောက်တည်းပဲ ပြန်လာတာပါ။ သခင်မလေးရွှယ်ကတော့ နောက်ထပ်ရက်အနည်းငယ်လောက် ထပ်နေချင်သေးတယ်ဆိုပြီး လုမိသားစုအိမ်တော်မှာပဲ ကျန်ခဲ့ပါတယ်”

စုကျန်း ခနဲ့တဲ့တဲ့နှင့် အေးစက်စွာ ရယ်မောလိုက်သည်။

“ပထမတော့ ဖျားချင်ယောင်ဆောင်တယ်... အခုကျတော့ အမျိုးတွေနဲ့ ကပ်နေပြန်ပြီ။ ဒီနောက်ပိုင်း သူ(မ)ရဲ့ သတ္တိတွေက တော်တော်လေး ရဲတင်းလာတာပဲ”

မော့ပိုင်က ဝေခွဲမရဖြစ်သွားရကာ သူ့သခင်ကို မော့ကြည့်မိသည်။

သို့သော် စုကျန်းက မည်သည့်အသေးစိတ်ရှင်းလင်းချက်မျှ ထပ်မပြောတော့ဘဲ သူ့စာကြည့်ခန်းထဲသို့သာ တန်းတန်းမတ်မတ် ဝင်သွားသည်။

“ခဏ စောင့်ဦး—”

သူ ထိုင်လိုက်သည်နှင့်တစ်ပြိုင်နက်... အပြင်သို့ ပြန်ထွက်ရန် ပြင်နေတဲ့ မော့ပိုင်ကို လှမ်းခေါ်လိုက်သည်။

မော့ပိုင်က မျက်ဝန်းထဲတွင် ဇဝေဇဝါအရိပ်အယောင်များဖြင့် လှည့်ကြည့်လာ၏။

စုကျန်းက စာရွက်စာတမ်းလိပ်တစ်ခုကို ဖြန့်လိုက်ရင်း ခဏလောက် စဉ်းစားကာ ပြောလိုက်သည်။

“မနက်ဖြန်ကျရင် အိမ်တော်ကို တရားဝင် အောင်သွယ်တော်တစ်ယောက် ဖိတ်လိုက်”

မော့ပိုင်က ခေါင်းညိတ်လိုက်သည်။

“ဟုတ်ကဲ့”

...

လုမိသားစုအိမ်တော်တွင် နေထိုင်တဲ့ ဤရက်ပိုင်းအတွင်း... စုကျန်းနှင့် ဝေးကွာနေသဖြင့် ရွှယ်နင်တစ်ယောက် ညအနည်းငယ်မျှ ကောင်းမွန်စွာ အိပ်စက်အနားယူနိုင်ခဲ့သည်။

ထို့အပြင် ကျွမ်းကျင်တဲ့ သမားတော်ကြီး၏ ခန္ဓာကိုယ်တွင်းရှိ အဆိပ်ကြွင်းအကျန်များကို ဖယ်ရှားပေးသည့် အပ်စိုက်ကုသမှုကြောင့်လည်း သူမ၏ ကိုယ်ခန္ဓာက တဖြည်းဖြည်းနှင့် ပေါ့ပါးလန်းဆန်းလာသည်။

တစ်ခါတစ်ရံတွင် သူမက ရွှမ်းယီနယ်စားမင်းအိမ်တော်မှ အတင်းအဖျင်း သတင်းအချို့ကိုပင် စိတ်အေးလက်အေး နားထောင်နိုင်သေး၏။

သခင်မကြီးရှဲ့က စုရှီးကို ပြင်းထန်စွာ အပြစ်ပေးပြီးနောက်... သူမရဲ့ခြံဝင်းထဲသို့ ပြန်လွှတ်ပေးလိုက်ပြီဟု သိရသည်။

အကြောင်းပြချက်ကတော့ ရိုးရှင်းပါတယ်... သူမရဲ့ လက်ရှိအသက်အရွယ်က တော်တော်လေး အနေရခက်တဲ့ အပိုင်း ရောက်နေပြီဖြစ်လို့ အမြန်ဆုံး အိမ်ထောင်မချပေးနိုင်ပါက အပျိုကြီးဖြစ်ကျန်ရစ်တော့မယ် မဟုတ်လား။

သူတို့ရဲ့ ရည်ရွယ်ချက်က ဘာပဲဖြစ်နေပါစေ... နယ်စားမင်းအိမ်တော်အနေနှင့် သူမကို စည်စည်ကားကားနှင့် လက်ထပ်ထိမ်းမြားပေးနိုင်မယ့် နည်းလမ်းကို ရှာဖွေရလိမ့်မယ်။

ထို့ကြောင့် ဤရက်ပိုင်းအတွင်း လျိုရှီသည် ရွှယ်နင်၏ နာမည်ကို အကြောင်းပြချက်အဖြစ် အသုံးချကာ လုအိမ်တော်ဆီသို့ လာရောက်လည်ပတ်ရန် ကြိုးပမ်းနေခဲ့ခြင်း ဖြစ်သည်။

“ဟွန်း... အဘွားအိုကြီးကတော့ တကယ့်ကို ကောက်ကျစ်စဉ်းလဲတာပဲ။ လွန်ခဲ့တဲ့ အချိန်အနည်းငယ်က နယ်စားမင်းအိမ်တော်မှာ မိန်းကလေးစု ဖန်တီးခဲ့တဲ့ အရှုပ်တော်ပုံအကြောင်းကို ငါ ကြားပြီးသားပါ။ ကောလာဟလတွေထဲမှာတော့ သူ(မ)ရဲ့ အစေခံမိန်းကလေးက မြင်းဇောင်းထိန်းနဲ့ ဖောက်ပြန်တာလို့ ပြောကြပေမဲ့... တကယ်တမ်း မြင်းဇောင်းထိန်းနဲ့ ပတ်သက်နေတာက သူ(မ)ကိုယ်တိုင်ပဲဆိုတဲ့ အသံတွေကိုလည်း ငါ ကြားမိထားတယ်”

ယန်ရှီက စုရှီးကို နှာခေါင်းရှုံ့လျက် ကဲ့ရဲ့ရှုတ်ချလေသည်။

“ဘယ်လောက်ပဲ ကောင်းမွန်တဲ့ မိသားစုနောက်ခံ ရှိပါစေဦးတော့... ဒီလို မိန်းကလေးမျိုးကိုတော့ ငါ့လုမိသားစုထဲကို လုံးဝ ပေးမဝင်နိုင်ဘူး”

ရွှေချည်ထိုးထားသည့် ကတ်စီးယားအစေ့ထည့်ထားသော လည်ပင်းခုအုံးလုံးကို မှီထားရင်း ရွှယ်နင်က တိုးတိုးလေး မေးလိုက်သည်။

“အဒေါ်... ဒါနဲ့ လျိုရှီက ဘာတွေပြောသွားသေးလဲဟင်”

“သူ(မ)က ဘာပြောနိုင်ဦးမှာလဲ”

ယန်ရှီက သူမ၏ လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်ရင်း နှာခေါင်းရှုံ့ကာ ကဲ့ရဲ့လိုက်သည်။

“အားစစ်ရဲ့ အနာဂတ်ကို အသုံးချပြီး အကျပ်ကိုင်တာကလွဲလို့ အခြားမရှိပါဘူး။ ဒီလက်ထပ်ပွဲသာ ဖြစ်မြောက်မယ်ဆိုရင် နယ်စားမင်းအိမ်တော်ဘက်ကနေ အကူအညီတချို့ ပေးနိုင်လိမ့်မယ်တဲ့။ ဒီနှစ်ကုန်ပိုင်းကျရင် သူနဲ့ သူ့အဖေ မြို့တော်ကို ပြန်လာတဲ့အခါ စစ်ဝန်ကြီးဌာနမှာ လစ်လပ်နေတဲ့ ရာထူးနေရာတွေ အများကြီး ရှိလိမ့်မယ်။ အားစစ်က မြို့တော်မှာပဲ ဆက်နေချင်တယ်ဆိုရင် ဒါက အခွင့်အရေးကောင်းတစ်ခုပေါ့”

ဤနေရာသို့ ရောက်သောအခါ ယန်ရှီလည်း သက်ပြင်းတစ်ချက် ချလိုက်မိသည်။

ရွှယ်မိသားစု စစ်ပွဲအတွင်း ကျဆုံးပျက်စီးသွားခဲ့ပြီးနောက်... မင်းသားရီ၏ ယုံကြည်စိတ်ချရသော လက်ရုံးတစ်ဦးဖြစ်သည့် ကျူကျန့်က ကျန့်ပေစစ်တပ်၏ ကွပ်ကဲမှုအာဏာကို လွှဲပြောင်းရယူခဲ့သည်။

လုသားအဖနှစ်ဦးနှင့် ရွှယ်မိသားစု စစ်တပ်၏ ကြွင်းကျန်ရစ်သော စစ်သည်တော်များမှာမူ ကျန့်ပေစစ်တပ် စခန်း၌သာ ဆက်လက် တာဝန်ထမ်းဆောင်နေကြရဆဲ ဖြစ်၏။

လုစစ်လင်သည် အခုမှ အသက်နှစ်ဆယ်ကျော်အရွယ်သာ ရှိသေးသော်လည်း... လေပြင်းနှင့် သဲဖုန်များ တိုက်ခတ်လှုပ်ခတ်နေသော နယ်စပ်ဒေသတွင် နှစ်ပေါင်းများစွာ ရုန်းကန်လှုပ်ရှားခဲ့ရပြီးနောက် ရာထူးတက်ခွင့် မရဘဲ သာမန်တပ်ရင်းမှူးအဆင့်မှာတင် ဖိနှိပ်ချုပ်ချယ်ခြင်း ခံထားရသည်။

“တကယ်တော့လေ...”

ယန်ရှီက အခြေအနေတစ်ခုအထိ အလျှော့ပေးရန် စဉ်းစားသည်။

“‌ ယောကျာ်းတစ်ယောက်ရဲ့ ကြီးမားတဲ့ အောင်မြင်မှုတွေက အချစ်ရေး ကိစ္စတွေကြောင့် အဟန့်အတား မဖြစ်သင့်ဘူး။ တကယ်လို့ နယ်စားမင်းအိမ်တော်နဲ့ လက်ထပ်တာက သူ့ကို ရာထူးအာဏာ တိုးတက်ကြီးပွားအောင် ကူညီပေးနိုင်မယ်ဆိုရင်... ဒါက မကောင်းတဲ့အရာတော့ မဟုတ်လောက်ပါဘူး”

ရွှယ်နင်၏ နှုတ်ခမ်းဖျား၌ ဖျော့တော့တဲ့ အပြုံးတစ်ခု ပေါ်လာသည်။ သခင်မကြီးရှဲ့သည် စုရှီးကို လုမိသားစုထဲသို့ အတင်းအကျပ် ထည့်သွင်းရန် နည်းလမ်းမျိုးစုံ ရှာကြံနေလိမ့်မယ်ဆိုတာကို သူမ ကြိုသိထားပြီးသား ဖြစ်၏။

နယ်စားမင်းအိမ်တော်သည် ဥစ္စာဓန ကြွယ်ဝပြီး သြဇာအာဏာ ကြီးမားပြီးသားဖြစ်သော်လည်း... သခင်မကြီးရှဲ့၏ ရည်မှန်းချက်က စစ်အာဏာကိုပါ လက်ဝါးကြီးအုပ်ရန် ဖြစ်သည်။

သခင်မကြီးရှဲ့က လုမိသားစုကို ပြသလိုက်တဲ့ မက်လုံးက တကယ့်ကို ကြီးမားသည်။

ဒါပေမယ့် ကံဆိုးတာက အခုဘဝမှာတော့ သူမက သူမရဲ့ ဝမ်းကွဲအစ်ကိုကို စုရှီးနှင့် လုံးဝ လက်ထပ်ခွင့်ပြုမည် မဟုတ်ချေ။

“အဒေါ် ဒါက ဘာစကားလဲ”

ရွှယ်နင်က နူးညံ့စွာ ပြောလိုက်သည်။

"ယောကျာ်းတစ်ယောက်အတွက် အသက်မွေးဝမ်းကျောင်းအလုပ်နဲ့ ဂုဏ်သတင်းက အရေးကြီးတာ မှန်ပေမဲ့... အိမ်ထောင်ရေးနဲ့ မိသားစုအရေးကရော အဲဒီလောက်အထိ အရေးမကြီးဘူးလို့ ဆိုလိုတာလား”

ယန်ရှီက တုန်တုန်ရင်ရင်ဖြင့်

“ငါက အဲဒီလို သဘောနဲ့ ပြောတာ မဟုတ်ပါဘူး... ဒီလိုပဲ—”

ရွှယ်နင်က နှုတ်ခမ်းလေးကို အသာလေး စူလိုက်ပြီး ယန်ရှီ၏ လက်ဖမိုးကို ခပ်ဖွဖွလေး ပုတ်ပေးလိုက်သည်။

“အဒေါ်... မစိုးရိမ်ပါနဲ့။ ဒီကိစ္စကို သမီးကိုပဲ လွှဲထားလိုက်ပါ။ လုမိသားစုနဲ့ စုမိသားစုကြားက လက်ထပ်ပွဲကတော့ လုံးဝကို ဖြစ်လာစရာ အကြောင်းမရှိပါဘူး”

ရွှယ်နင်၏ နက်မှောင်တောက်ပသော မျက်ဝန်းများထဲတွင် ပြတ်သားပြီး ခေါင်းမာတဲ့ အရိပ်အယောင်များကို မြင်တွေ့လိုက်ရသဖြင့် ယန်ရှီ၏ မတည်မငြိမ်ဖြစ်နေတဲ့ စိတ်အာရုံများလည်း အနည်းငယ် ငြိမ်သက်သွားသည်။ သူမက မိမိကိုယ်ကို လှောင်ပြောင်သလိုမျိုး ပြုံးလိုက်၏။

“ကဲပါ... ကဲပါ... ဒါနဲ့ပဲ ထားပါတော့။ ဘာပဲဖြစ်ဖြစ် လုစစ်လင်ရဲ့ အိမ်ထောင်ရေးမှာ ငါက ဝင်ပြီး ပြောပိုင်ခွင့်ရှိတာမှ မဟုတ်တာ”

ရွှယ်နင်က သူမကို နှစ်သိမ့်ပေးသည်။

“အဒေါ်က သူ့ရဲ့ မိထွေးပဲ၊ ဘာလို့ ပြောပိုင်ခွင့် မရှိရမှာလဲ”

ဤအကြောင်းအရာက အမြဲတမ်း အနေရခက်သဖြင့်

ယန်ရှီက နှုတ်ခမ်းကို စေ့ထားလိုက်ပြီး အပြုံးတစ်ခုဖြင့် စကားလမ်းကြောင်း လွှဲလိုက်သည်။

“နင်နင်... ငါ ကြားတာတော့ စုရှီဇီရဲ့ မင်္ဂလာသတင်းက နီးကပ်နေပြီဆိုလားပဲ”

ရွှယ်နင် ချက်ချင်းပင် ဆွံ့အသွားကာ အခြေအနေများက ဒီလောက်အထိ မြန်ဆန်လိမ့်မည်ဟု မထင်မှတ်ထားခဲ့မိချေ။

ဒါပေမဲ့ ပြန်စဉ်းစားကြည့်လျှင်... အရင်ဘဝတုန်းက သူမနှင့် စုကျန်း ရမ္မက်ဆေးအခတ်ခံခဲ့ရပြီး သူတို့၏ စေ့စပ်ပွဲကိုလည်း ယခုလို လပိုင်းအတွင်းမှာတင် စီစဉ်ခဲ့ကြခြင်း ဖြစ်၏။

စုကျန်းသည် ယခု အသက်နှစ်ဆယ်အရွယ်သို့ ရောက်ရှိနေပြီဖြစ်ရာ အခြားအမျိုးသားများဆိုလျှင် ကလေးပင် ပြေးလွှားဆော့ကစားနေမည့် အရွယ်ဖြစ်သော်လည်း... သူ့ဘေးနား၌ ပြုစုလုပ်ကျွေးမည့် အမျိုးသမီးတစ်ဦးမျှ ရှိမနေသေးချေ။ သခင်မကြီးရှဲ့သည် သူ့အိမ်ထောင်ရေးအတွက် အမြဲတမ်း စိုးရိမ်ပူပန်နေခဲ့ပြီး သခင်မကျန်းကလည်း သူ့အတွက် မြို့တော်မှ သင့်တော်မယ့် အထက်တန်းလွှာ သမီးပျိုတစ်ဦးကို ရှာဖွေရန် စိတ်အားထက်သန်နေခဲ့ခြင်း ဖြစ်သည်။

“မင်းသမီး ရှို့နင်းနဲ့လား..”

ယန်ရှီက ရွှယ်နင်၏ ကြည်လင်တဲ့ ဗာဒံစေ့ပုံစံ မျက်ဝန်းများကို စိုက်ကြည့်ရင်း ခဏလောက် ရပ်တန့်သွားပြီးမှ ပြောလိုက်သည်။

“ဟုတ်တယ်... လွန်ခဲ့တဲ့ နှစ်ရက်လောက်ကပဲ နယ်စားမင်းအိမ်တော်ဘက်က တရားဝင် အောင်သွယ်တော်တစ်ယောက်ကို ဖိတ်ပြီး သူတို့နှစ်ယောက်ရဲ့ မွေးသက္ကရာဇ် ဇာတာချင်း သွားတိုက်ခိုင်းလိုက်တယ်တဲ့”

လုမိသားစုအိမ်တော်တွင် အနားယူနေစဉ်အတွင်း ရွှယ်နင်သည် ပြင်ပကမ္ဘာနှင့် လုံးဝအဆက်အသွယ်ဖြတ်ကာ စာအုပ်များကိုသာ အေးအေးလူလူ ဖတ်နေခဲ့ခြင်း ဖြစ်သည်။ တစ်ခါတစ်ရံတွင် စုမန် သူမဆီ လာလည်တတ်သော်လည်း ဒီအကြောင်းအရာကိုတော့ လုံးဝ ထုတ်မပြောခဲ့ပေ။

ယန်ရှီလည်း ရွှယ်နင်၏ စိတ်အခြေအနေကို အတန်ငယ် ရိပ်မိထား၏။ ဒီနှစ်ပိုင်းတွေအတွင်း ထိုကလေးမလေးက စုရှီဇီ၏ နောက်မှာ အရိပ်တစ်ခုလို တကောက်ကောက် လိုက်ပါနေခဲ့တာ မဟုတ်လား။ သူမ၏ မျက်ဝန်းထဲမှ သံယောဇဉ်နှင့် အချစ်ရိပ်များကို ထိုကဲ့သို့သော အခြေအနေမျိုး ဖြတ်သန်းဖူးသူတိုင်း အလွယ်တကူပင် မြင်နိုင်စွမ်းရှိသည်။

သခင်မကျန်းလည်း နားလည်တယ်၊ သူမလည်း နားလည်တယ်၊ သခင်မကြီးရှဲ့လည်း ရိပ်မိထားလောက်တယ်။

ဒါကြောင့်ပဲ ဒီရက်ပိုင်းအတွင်း ရွှယ်နင်သာ သိသွားပါက တစ်ခုခု ဆူပူသောင်းကျန်းမှုများ ပြုလုပ်လာမှာကို စိုးရိမ်တာကြောင့် နယ်စားမင်းအိမ်တော်ဘက်ကနေ သူမကို ပြန်ခေါ်ရန်အတွက် ဘယ်သူ့ကိုမှ လွှတ်မလာခဲ့တာ ဖြစ်လိမ့်မယ်။

ရွှယ်နင် တိတ်ဆိတ်သွားတာကို မြင်ရလျှင် ယန်ရှီက မဝံ့မရဲနှင့် ထပ်မံ ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။

“စုရှီးရဲ့ အရှုပ်တော်ပုံဖြစ်ပြီးတဲ့နောက် သခင်မကြီးရှဲ့က လူတွေရဲ့ အာရုံစိုက်မှုကို တခြားနည်းလမ်းနဲ့ လွှဲပြောင်းချင်နေတာ။ စုရှီဇီရဲ့ လက်ထပ်ပွဲက လူပြောများပြီး အာရုံပြောင်းဖို့ အကောင်းဆုံး အကြောင်းအရာပဲလေ၊ အခုတော့ ဇာတာပဲ တိုက်ကြည့်ရသေးတာဆိုပေမဲ့... နင်နင်?”

သူမ၏ ရင်ထဲ၌ တဖြည်းဖြည်း ပြန့်လွင့်လာသော နာကျင်မှုများကို အောင့်အီးမျိုသိပ်ရင်း ရွှယ်နင်က ခေါင်းကို အသာလေး မော့လိုက်သည်။

“ဘာဖြစ်လို့လဲဟင် အ‌ဒေါ်”

ယန်ရှီက သက်ပြင်းချကာ သူမ၏ ခေါင်းလေးကို ညင်သာစွာ ပုတ်ပေးလိုက်သည်။

“ဘာမှမဟုတ်ပါဘူးကွယ်။ လုအိမ်တော်မှာပဲ စိတ်အေးလက်အေး နေပြီး ကောင်းကောင်း အနားယူလိုက်ပါ။ ကျန်းမာရေး ပြန်ကောင်းလာဖို့က ဘာထက်မဆို ပိုအရေးကြီးတယ်”

ရွှယ်နင်က အတင်းအကျပ် ပြုံးလိုက်၏။

“ကောင်းပါပြီ”

စုကျန်းနှင့် မင်းသမီး ရှို့နင်းတို့၏ စေ့စပ်ပွဲသတင်းမှာ မကြာမီပင် တောမီးပမာ တစ်မြို့လုံးသို့ ပျံ့နှံ့သွားခဲ့သည်။

စုမန်က သူမဆီ လာလည်သည့် အကြိမ်တိုင်းတွင်လည်း နှုတ်လုံလွန်းပြီး စုကျန်း၏ လက်ထပ်ပွဲနှင့် ပတ်သက်၍ တစ်လုံးမှ ဟမလာခဲ့ပေ။

ရွှယ်နင်ကလည်း ဘာမှမသိသလိုမျိုး ဟန်ဆောင်ကာ တံခါးပိတ်ထားပြီး အိပ်လိုက်၊ စားလိုက်၊ ပြန်အိပ်လိုက်နှင့်သာ အချိန်ကုန်လွန်စေပြီး သူမကိုယ်ကို ဖွေးဖွေးတုတ်တုတ်လေး ဖြစ်လာစေရန်သာ အားစိုက် ပျိုးထောင်နေခဲ့သည်။

ယန်ရှီကတော့ သူမဆီ နေ့တိုင်း လာကြည့်လေ့ရှိသည်။ သူမ၏ ပါးပြင်ထက်၌ သွေးရောင်လွှမ်းကာ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာတာကို မြင်ရသည့်အခါမှ အပြင်ထွက်၍ ပစ္စည်းအချို့ သွားရောက်ဝယ်ယူရန် ကမ်းလှမ်းလာသည်။

ရွှယ်နင်သည် နေ့တိုင်း ခါးသက်တဲ့ ဆေးရည်ကြီး သုံးပန်းကန်အပြည့် သောက်နေရတာ ဖြစ်၏။ ဒီနေ့အတွက် ဆေးသောက်ပြီးနောက်တွင် သူမတစ်ကိုယ်လုံးကို နွေးထွေးစွာ လုံခြုံအောင် ဝတ်ဆင်လိုက်ပြီး ယန်ရှီနှင့်အတူ ရထားလုံးပေါ်သို့ တက်ခဲ့တော့သည်။

ယန်ရှီသည် ကလေးမွေးပြီး ပျိုးထောင်ဖူးသူ မဟုတ်သည့်အပြင်... မကြာသေးမီကမှ လုမိသားစု၏ အိမ်တွင်းဘဏ္ဍာရေးကို စတင်ကိုင်တွယ်ခဲ့ရခြင်း ဖြစ်သည်။

ထို့ကြောင့် လုသားအဖနှစ်ဦး အိမ်မှာ မရှိသည့်အချိန်၌ သူမ၏ လက်ထဲတွင် ဘယ်မှာ သုံးရမှန်းမသိအောင် ပိုလျှံနေတဲ့ ငွေကြေးအမြောက်အမြား ရှိနေသည်။

သူတို့ အပြင်သို့ ခြေလှမ်းလှမ်းလိုက်သည်နှင့်တစ်ပြိုင်နက် သူမက ရွှယ်နင်အတွက် ပစ္စည်းများကို မရပ်မနား ဝယ်ယူပေးချင်စိတ်များ တားမနိုင်ဆီးမရ ပေါ်ပေါက်လာတော့၏။

ရွှယ်နင်သည် အပြင်ထွက်တာ ရှားပါးသည်။ အရင်ဘဝတုန်းက စုကျန်းနှင့်အတူ အပြင်ထွက်ရသည့်အခါတိုင်း ထိုအမျိုးသားက သူမအပေါ် အမြဲတမ်း စိတ်မရှည်သလို ထူးခြားစွာ ပြုမူတတ်စမြဲပင်။

သူများမျက်နှာကို ကြည့်ကာ အလိုလိုက်တတ်တဲ့ စရိုက်ရှိသဖြင့် သူမအနေနှင့် ဘာကို မြင်ချင်တယ်၊ ဘာကို ဝယ်ချင်တယ်ဆိုပြီး ဘယ်တုန်းကမှ ထုတ်ဖော်မပြောရဲခဲ့ပေ။

သို့သော် ဒီနေ့တော့ အခြေအနေက ကွဲပြားခြားနားသွားခဲ့ပြီ။ ယန်ရှီက သူမ၏ ဆန္ဒမှန်သမျှကို ဖြည့်ဆည်းပေးသည့်အပြင် အရာရာတွင် သူမ၏ သဘောထားကိုသာ အရင်ဆုံး မေးမြန်းလေ့ရှိသည်။

သူတို့နှစ်ဦး မွန်းတည့်ချိန်အထိ လျှောက်လည်ပြီးနောက်တွင်မှ ယန်ရှီက သူမကို နေ့လယ်စာ ကျွေးရန်အတွက် 'ဖန့်လော်အိမ်တော်' သို့ ခေါ်ဆောင်လာခဲ့သည်။

ဖန့်လော်အိမ်တော်သည် အလွန်ပင် စည်ကားသိုက်မြိုက်လျက်ရှိရာ... အေးစက်သော ဆောင်းရာသီကြီး ဖြစ်နေပါစေဦးတော့ စားသောက်ဆောင်မကြီးတစ်ခုလုံးတွင် လူများဖြင့် ပြည့်နှက်နေသည်။

ရွှယ်နင်က မျက်နှာဖုံးဦးထုပ်လေး၏ လိုက်ကာအောက်မှနေ၍ အပြင်ဘက်သို့ လှမ်းကြည့်လိုက်တဲ့အခါ မကြာသေးခင်က မြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ ကြီးမားသည့် အမှုအခင်းကြီးတစ်ခုအကြောင်းကို လူအများက အားတက်သရော ဆွေးနွေးနေကြတာကို ကြားလိုက်ရသည်။

All Chapters