အခန်း ၆၀
Vol. 6 Ch. 60
အခန်း (၆၀) - သူမကို အိမ်ပြန်ခေါ်ခြင်း
“ငါ ကြားတာတော့ သူတို့တွေ့တဲ့ အမျိုးသမီးအလောင်းက တကယ့်ကို ကြည့်မကောင်းအောင် ရွံစရာကောင်းတယ်တဲ့... တစ်ကိုယ်လုံးမှာ အဝတ်အစားတစ်ထည်မှ မရှိဘဲ... အောက်ပိုင်းထဲကိုလည်း ငွေစက္ကူတွေ အတင်းထိုးသွတ်ထားတယ်လို့ ပြောတာပဲ...”
“သေသွားတဲ့ အမျိုးသမီးက ငါးယောက် ခြောက်ယောက်လောက် ရှိနေပြီ။ တချို့ကျတော့ စက္ကူငွေတွေ ထိုးသွတ်ခံရတယ်၊ တချို့ကျတော့ ရွှေတုံးတွေ၊ တချို့ဆိုရင် အမွှေးတိုင်တွေ ဖယောင်းတိုင်တွေအထိပါ အတင်းထိုးထည့်ထားတာ... လူသတ်သမားက ဘယ်သူဖြစ်မလဲ မသိဘူးနော်။ ဘာဖြစ်လို့ မိန်းမပျိုလေးတွေအပေါ် ဒီလောက်တောင် ရက်ရက်စက်စက် ပြုမူရတာလဲ”
“ဒါကတော့ တရားရေးဝန်ကြီးဌာနက ဖြေရှင်းရမယ့် ကိစ္စပေါ့။ ဝန်ကြီးဌာနက သခင်စုကိုယ်တိုင် ဒီအမှုကို ကိုယ်တိုင်ကိုယ်ကျ စုံစမ်းစစ်ဆေးနေတယ်လို့ ကြားတယ်။ မကြာခင်မှာ အမှန်တရားက ပေါ်ပေါက်လာလိမ့်မယ်လို့ ငါ ယုံတယ်”
“မှန်တယ်၊ မှန်တယ်။ သခင်စုက အမှုအခင်းတွေ ဖြေရှင်းရမှာ မွေးရာပါ ပါရမီပါတဲ့သူပဲ။ သူ သေချာပေါက် တရားခံကို မကြာခင် ဖမ်းမိမှာပါ”
“ငါတို့တွေ အများကြီး ပူပန်မနေသင့်ဘူး။ ငါတို့ရဲ့ သားသမီးတွေကိုပဲ သေချာ မျက်စိဒေါက်ထောက်ကြည့်ထားပြီး လျှောက်မသွားခိုင်းဖို့ပဲ လိုတာ”
ရွှယ်နင်သည် လှေကားထစ်ဝတွင် ရပ်နေရင်း စိတ်အာရုံများ လွင့်မျောနေခဲ့ရာ... ယန်ရှီက သူမ၏ လက်မောင်းကို အသာအယာ ဆွဲကိုင်လိုက်သည့်တိုင်အောင် ဖြစ်သည်။
“နင်နင်?”
ရွှယ်နင် စိတ်အာရုံများ ပြန်လည်စုစည်းမိသွားကာ ပြုံးလိုက်သည်။
“စကားတွေ နားထောင်လို့ ကောင်းနေတာနဲ့ သတိလွတ်သွားတယ်”
ယန်ရှီကတော့ စိုးရိမ်ထိတ်လန့်မှု အရိပ်အယောင်များ ခံစားလိုက်ရသဖြင့် မျက်ခုံးများကို အသာလေး တွန့်ချိုးလိုက်သည်။
“ဒီရက်ပိုင်း မြို့တော်ကြီးက သိပ်ပြီး စိတ်မချရဘူးပဲ။ နေ့လယ်စာစားပြီးရင် အိမ်တော်ကိုပဲ စောစောစီးစီး ပြန်ကြရအောင်ကွယ်”
ရွှယ်နင်က ခေါင်းညိတ်ပြလိုက်ပြီး အပေါ်ထပ်ရှိ သီးသန့်အခန်းဆီသို့ တက်ခဲ့ကြသည်။
စားသောက်ပြီးနောက်တွင် ရွှယ်နင်က မက်မွန်ပွင့် မုန့်အချို့ကို ပါဆယ်ထုပ်ခိုင်းလိုက်၏။
သူတို့ ဖန့်လော်အိမ်တော်မှ ထွက်လာခဲ့ကြချိန်တွင် လုမိသားစု၏ ရထားလုံးက အခြားရထားလုံးတစ်စီးကြောင့် လမ်းပိတ်နေခဲ့သည်။
ကြည့်ရတာ ဝေ့မိသားစုလည်း ဒီနေ့ ဒီနေရာမှာ လာစားကြတာ ဖြစ်လိမ့်မယ်။ သည်းထန်စွာ ကျဆင်းနေသော ဆီးနှင်းများကြောင့် သူတို့၏ ရထားလုံး ဘီးများက ချော်ထွက်သွားခဲ့ပြီး လုမိသားစု၏ ရထားလုံးကို အမှတ်မထင် ဝင်တိုက်မိခဲ့ခြင်း ဖြစ်သည်။
အခု သူတို့သည် ရထားလုံးပြင်ဆရာများက ဘီးများကို ပြုပြင်ပေးမည့်အချိန်ကို စောင့်ဆိုင်းနေကြရသည်။
“နင်နင်!”
ဝေ့ကျန့်ယန်က ရွှယ်နင်ကို မြင်သည်နှင့် ဝမ်းသာအားရ လက်ဝှေ့ယမ်းပြလေသည်။
ဆီးနှင်းပွင့်များ တဖွဲဖွဲ ကျဆင်းနေသည့်ကြားမှ ရွှယ်နင်က မျက်နှာဖုံးလိုက်ကာကို အနည်းငယ် ပင့်မလိုက်ပြီး အသံလာရာဘက်သို့ လှမ်းကြည့်လိုက်သည်။
ကျယ်ပြောသော ဆီးနှင်းပြင်ကြီးအလယ်တွင် ဝေ့ကျန့်ယန်သည် တောက်ပသော အဝါရောင် အကျီတိုလေးနှင့် အနီဖျော့ရောင် ဂါဝန်ရှည်ကို တွဲဖက်ဆင်မြန်းထားပြီး... ဝေ့ကျန့်လန်၏ ဘေးနားတွင် ရပ်နေရင်း လန်းဆန်းတက်ကြွသော ငှက်ငယ်လေးတစ်ကောင်ကဲ့သို့ သူမကို လက်ဝှေ့ယမ်းပြနေသည်။
သူမဘက်ကို လှည့်ကြည့်လာတဲ့ ဘေးနားက အမျိုးသားသည် နူးညံ့သိမ်မွေ့ပြီး ချောမောတဲ့ ရုပ်ရည်နှင့် ပညာရှိတစ်ဦး၏ အရှိန်အဝါမျိုး ရှိနေခဲ့သည်။ သူမ လှမ်းကြည့်လိုက်သည့်အခါ သူက နွေးထွေးတဲ့ အပြုံးတစ်ခုကို ပေးအပ်လာသည်။
ရွှယ်နင်က နှုတ်ခမ်းလေးကို ကွေးညွတ်ကာ ပြုံးပြလိုက်ပြီး ထိုဘက်သို့ လျှောက်လှမ်းသွားကာ ဝေ့ကျန့်လန်ကို ရိုသေစွာဖြင့် ဦးညွှတ်ဂါရဝပြုလိုက်သည်။
ထို့နောက်တွင်မှ ဝေ့ကျန့်ယန်၏ အေးစက်နေတဲ့ လက်လေးကို ဆုပ်ကိုင်လိုက်သည်။
“ယန်ယန်... နင်လည်း မုန့်လာစားတာလား”
ဝေ့ကျန့်ယန်က ပြောလိုက်သည်။
“ဟုတ်တယ်၊ ဖန့်လော်အိမ်တော်မှာ မကြာသေးခင်ကမှ မီးသွေးကင် သိုးနံရိုးအသစ် မိတ်ဆက်တယ်လို့ ကြားလို့လေ၊ အဲဒါကြောင့် အစ်ကိုကြီးကို အတင်းပူဆာပြီး လာစားကြည့်တာ။ နင်ရော စားပြီးပြီလား”
“အင်း... စားပြီးပြီ”
ဝေ့ကျန့်ယန်က စိတ်မကောင်းဖြစ်သွားသည့် အမူအရာဖြင့် ရထားလုံးဘေးနား၌ အလုပ်ရှုပ်နေသော ယန်ရှီကို လှမ်းကြည့်လိုက်သည်။
"အဲဒါ နင့်ရဲ့ အဒေါ်လား။ အခုပဲ ပြန်တော့မလို့လား”
ရွှယ်နင်က ပြုံးကာ ခေါင်းညိတ်ပြ၏။
“ဟုတ်တယ်”
ဝေ့ကျန့်ယန်က နှုတ်ခမ်းလေး စူလိုက်ရင်း မိန်းကလေးဆန်တဲ့ အမူအရာကို ပြသလာသည်။
“နှမြောစရာပဲ။ ငါတို့သာ နည်းနည်း စောစောလာမိရင် ကောင်းမှာ”
ရွှယ်နင်က ပြုံးလိုက်ပြီး-
“နောက်တစ်ခေါက်ကျရင် ငါတို့ အတူတူ လာကြတာပေါ့”
ဝေ့ကျန့်ယန်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
“နောက်တစ်ခေါက်ကျရင် အစ်ကိုကြီးကို ပျန့်မြစ်ဆီ ခေါ်သွားခိုင်းပြီး လူတွေ ဆီးနှင်းထဲမှာ ငါးဖမ်းတာကို သွားကြည့်ကြမယ်လေ၊ ဟုတ်ပြီလား"
ရွှယ်နင်က ဝေ့ကျန့်လန်၏ ချောမောသော မျက်နှာကို မော့ကြည့်လိုက်သည်။
ဝေ့ကျန့်လန်က နူးညံ့သိမ်မွေ့စွာ ပြုံးပြသည်။
“နောက်လကျရင် မြစ်ရေတွေ ခဲသွားတော့မှာ။ အဲဒီအခါကျရင် သာမန်အရပ်သားတွေက ရေခဲပြင်ကို အပေါက်ဖောက်ပြီး ငါးဖမ်းကြလိမ့်မယ်။ မင်း အဲ့ဒါကို သွားကြည့်ချင်လား”
ဒီစကားကို ကြားလိုက်ရတဲ့အခါ ဝေ့ကျန့်ယန်၏ မျက်ဝန်းများက တောက်ပသွားသည်။
ဒါပေမဲ့ ကံဆိုးတာက... သူမရဲ့ အစ်ကိုရော၊ ဖခင်ဖြစ်သူပါ သူမကို ရေခဲပြင်ဆီ သွားလည်ပတ်ခွင့် လုံးဝပိတ်ပင်ထားကြခြင်းပင်။
ရွှယ်နင်လည်း အဲ့လိုမြင်ကွင်းမျိုးကို တစ်ခါမှ မမြင်ဖူးတာကြောင့် တကယ့်ကို စိတ်ဝင်တစား ရှိနေသည်။ ဒါ့အပြင် ဝေ့ကျန့်ယန်နှင့်လည်း အတူတူ ဆော့ကစားချင်နေခဲ့တာ မဟုတ်လား။
“ဟုတ်ကဲ့... အားနင် သွားကြည့်ချင်ပါတယ်”
ဝေ့ကျန့်လန်၏ လေသံက ပို၍ပင် နူးညံ့ပျော့ပျောင်းသွားသည်။
“အချိန်ကျလာရင်... ကိုယ် နယ်စားမင်းအိမ်တော်ဆီကို ဖိတ်စာတစ်စောင် ပို့လိုက်မယ်။ သခင်မကျန်းဘက်က သဘောတူပြီဆိုတာနဲ့ ကိုယ်တိုင် လာခေါ်ပါ့မယ်”
ဝေ့ကျန့်ယန်တစ်ယောက် မျက်လုံးလေး ကလည်ကလည် ဖြစ်သွား၏။ သူမအစ်ကိုက အခုတင်ပဲ သဘောတူလိုက်တာလား။
အရင်တုန်းကတော့ ရေခဲပြင်က အန္တရာယ်များလွန်းလို့ မိန်းမပျိုလေးတွေ သွားရောက်လည်ပတ်ဖို့ မသင့်တော်ဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား။
ဘာဖြစ်လို့ နင်နင်နဲ့ကျမှ ရုတ်တရက်ကြီး သွားလို့ရတယ် ဖြစ်သွားရတာလဲ။
အစ်ကိုကြီးရဲ့ နှစ်ခွစံနှုန်းကတော့ တကယ့်ကို သိသာလွန်းတယ်။
ရွှယ်နင်က ယဉ်ကျေးစွာဖြင့် ကျေးဇူးတင်လိုက်သည်။
“ကျေးဇူးတင်ပါတယ်... အစ်ကိုဝေ့"
ဝေ့ကျန့်လန်က သက်ပြင်းခပ်ဖွဖွချရင်း ရယ်မောလိုက်သည်။
“ကိုယ်တို့ချင်းကြားထဲမှာ ဒီလိုမျိုး ယဉ်ကျေးနေဖို့ မလိုပါဘူး”
ထိုအခါမှ ရွှယ်နင်လည်း ပြုံးလိုက်မိရာ... သူမ၏ နှုတ်ခမ်းထောင့်စွန်းလေးများက ချိုသာအသည်းယားဖွယ်ကောင်းတဲ့ ကွေးညွတ်မှုလေးတစ်ခုအဖြစ် ပေါ်ထွက်လာခဲ့သည်။
ဝေ့ကျန့်ယန်သည် ရွှယ်နင် တော်တော်လေး ပြောင်းလဲသွားခဲ့ပြီဟု ခံစားလိုက်ရ၏။ အဘယ်ကြောင့်ဆိုသော် အရင်တုန်းက ရွှယ်နင်သည် စံအိမ်တော်ထဲမှ အပြင်သို့ ထွက်ခဲလွန်းတာကြောင့် ဖြစ်၏။
အပြင်ထွက်သည့် အကြိမ်အနည်းငယ်တွင်ပင်... သူမက ထိုအမြဲတမ်း မျက်နှာသေနှင့် နေတတ်သည့် ယမမင်းကြီး စုကျန်းနှင့်သာ အတူရှိနေခဲ့တာ မဟုတ်လား။
သူမက အစ်ကိုဖြစ်သူကို စနောက်လိုသည့် မျက်လုံးအမူအရာလေး လုပ်ပြလိုက်ရင်း ပြုံးဖြဲဖြဲနှင့် ပြောလေသည်။
“ဟုတ်ပ၊ ဟုတ်ပ။ ငါတို့ငယ်ငယ်တုန်းကလည်း အတူတူ ဆော့ခဲ့ကြတာပဲ။ ငါ့အစ်ကိုနဲ့ ဘာလို့ ဒီလောက်တောင် ယဉ်ကျေးနေရမှာလဲ။ ငါတို့က မိသားစုတွေပဲဟာကို”
သူမသည် “မိသားစု” ဆိုသည့် စကားလုံးကို တမင်သက်သက် လေသံမြှင့်၍ အလေးပေး ပြောဆိုသွားခဲ့ခြင်း ဖြစ်သည်။
ဝေ့ကျန့်လန်က ချောင်းခပ်ဟဟ ဆိုးလိုက်ရင်း သူမကို မျက်စောင်းတစ်ချက် ထိုးလိုက်သည်။
ရထားလုံး ပြုပြင်ပြီးသွားခဲ့ပြီ။ ယန်ရှီက လျှောက်လှမ်းလာခဲ့ပြီး ရွှယ်နင်ကို လှမ်းခေါ်လိုက်သည်။
“နင်နင်... ငါတို့ အိမ်တော်ကို ပြန်ကြစို့”
ရွှယ်နင်သည် ဝေ့မောင်နှမနှစ်ဦးကို နှုတ်ဆက်စကား ပြောလိုက်၏။ မထွက်ခွာမီတွင် သူမက ဝေ့ကျန့်ယန်၏ လန်းဆန်းတက်ကြွနေသော မျက်နှာလေးကို တွေးတောသည့် အကြည့်တစ်ချက်ဖြင့် လှမ်းကြည့်လိုက်မိသေးသည်။
သူမက တိတ်ဆိတ်စွာပင် ရထားလုံးပေါ်သို့ တက်လိုက်ပြီး လုမိသားစုအိမ်တော်ဆီသို့ ပြန်လာခဲ့တော့သည်။
သို့သော်လည်း... အိမ်တော်တံခါးဝတွင် ရင်းနှီးကျွမ်းဝင်သော ရထားလုံးတစ်စီး ဆိုက်ရပ်ထားတာကို တွေ့လိုက်ရလေသည်။
ယန်ရှီက လိုက်ကာကို ပင့်မရန် ကိုယ်ကို ကိုင်းညွတ်လိုက်စဉ်... တံခါးဝကို ပိတ်ဆို့ထားသည့် ထိုရထားလုံးကို မြင်တွေ့လိုက်ရသဖြင့် ကိုယ်ကို တစ်ဝက်ခန့် အပြင်သို့ ထုတ်ကာ လှမ်းကြည့်လိုက်သည်။
နောက်ကွယ်မှ လှုပ်ရှားသံများကို ကြားလိုက်ရသဖြင့် မော့ပိုင်သည် သူ့ဓားကို ရင်ခွင်ထဲ၌ ပိုက်ထားရင်း ရှေ့သို့ လျှောက်လှမ်းလာခဲ့သည်။
“သခင်မယန်... ကျွန်တော့်ရဲ့ ရှီဇီက လုမိသားစု တံခါးဝမှာ စောင့်နေတာ တော်တော်လေး ကြာနေပြီ”
အချိန်က စောပါသေးတယ်။ ညနေခင်း၏ နောက်ဆုံးလင်းလက်မှု အရိပ်အယောင်များအောက်တွင်... တုန်းကျင်းမြို့၏ ဆီးနှင်းပွင့်များက မြေပြင်ထက်သို့ တဖွဲဖွဲ ကျဆင်းနေဆဲပင်။
လုစစ်လင်သည် ယခုအချိန်အထိ စစ်ဖက်ဆိုင်ရာ ထူးချွန်မှု ဂုဏ်ပုဒ်များကို မရရှိသေးချေ။ လုမိသားစုသည် ရွှမ်းယီနယ်စားမင်းအိမ်တော်၏ အတိုင်းအဆမဲ့သော ဥစ္စာဓန ကြွယ်ဝမှုများနှင့် ယှဉ်ပြိုင်နိုင်စွမ်း မရှိပါ။ ဝီလိုလမ်းကြားတွင် တည်ရှိသော သူတို့၏ ခြံဝင်းသုံးခုပါ အိမ်တော်လေးက ထူးခြားစွာပင် ကျဉ်းမြောင်းအထီးကျန်လို့ နေတော့သည်။
ယန်ရှီက မျက်မှောင်ကြုတ်လိုက်မိပြီး... နောက်သို့ လှည့်ကာ ရထားလုံးထဲ၌ မတ်မတ်ထိုင်နေသော ရွှယ်နင်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ထို့နောက်တွင်မှ ပြုံးလိုက်ရင်း ပြောလိုက်၏။
“ရှီဇီက ဘာဖြစ်လို့ ဒီနေ့ ငါတို့ လုမိသားစုဆီကို လာလည်ပတ်ဖို့ အချိန်ရနေရတာလဲ"
မော့ပိုင်က တည်ငြိမ်သော မျက်နှာအမူအရာဖြင့်ပင် ပြန်လည်ဖြေကြားသည်။
“ရှီဇီက သခင်မကြီးရဲ့ အမိန့်အရ သခင်မလေးရွှယ်ကို အိမ်တော်ဆီ ပြန်ခေါ်ဖို့ လာခဲ့တာပါ”
ရွှယ်နင်ကမော့ကြည့်ရာမှ မျက်တောင်လေးများကို အသာအယာ ချလိုက်မိသည်။ အံ့သြစရာ မရှိတော့ဘူး။ သခင်မကျန်းသာ အမိန့်မပေးခဲ့လျှင်... သူက ဘယ်လိုလုပ်ပြီး သူမကို အိမ်တော်ဆီ ပြန်ခေါ်ဖို့ ကိုယ်တိုင်ကိုယ်ကျ အစပြုပြီး ရောက်လာပါ့မလဲ။
ယန်ရှီက နှုတ်ခမ်းကို စေ့လိုက်ရင်း ရွှယ်နင်ကို လှမ်းကြည့်ကာ မေးလိုက်သည်။
“နင်နင်... သမီး သဘောက ဘယ်လိုလဲ”
သူမ၏ မျက်နှာတွင် ရွှယ်နင်၏ သဘောထားကို မေးမြန်းနေခြင်း ဖြစ်သော်လည်း... မျက်ဝန်းများကတော့ နောက်ထပ် ရက်အနည်းငယ်လောက် ထပ်မံ နေထိုင်စေချင်သည့် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။
ရွှယ်နင်က ခဏလောက် စဉ်းစားလိုက်ပြီးနောက် ခေါင်းမော့လိုက်သည်။
“အဒေါ်... သမီး ပြန်ရမယ့် အချိန်ရောက်ပြီထင်တယ်”
သူမက ပြောပြောဆိုဆိုနှင့်ပင် သူမ၏ ရင်ခွင်ထဲ၌ ပွေ့ထားသော မက်မွန်ပွင့်မုန့်ဗူးကို ယန်ရှီ့ထံသို့ ကမ်းပေးလိုက်သည်။
“ဒါက သခင်လေးလီအတွက် မုန့်တွေပါ၊ နောက်ကျရင် သမီးကိုယ်စား သူ့ကို လှမ်းပေးလိုက်ပါဦးနော်”
လီချန်ချဲ့သည် တော်ဝင်ကျောင်းတော်သို့ ဝင်ခွင့်ရရှိခဲ့ပြီးဖြစ်ရာ မကြာသေးမီကစ၍ သူက ပညာရှိလမ်းရှိ တော်ဝင်ကျောင်းတော်ဆီသို့ နေ့စဉ်ရက်ဆက် သွားရောက်တင်ပြနေခဲ့ရခြင်း ဖြစ်သည်။
ထိုညက ဆေးဝါးများ သွားရောက်ပေးပို့ပြီးနောက်... ရွှယ်နင်သည် အရင်ဘဝတုန်းက ရှိခဲ့ဖူးတဲ့ သူ၏ ကွယ်လွန်သူဇနီးနှင့် ရေစက်ကို ဖျက်ဆီးမိသွားမှာကို တကယ့်ကို စိုးရိမ်ထိတ်လန့်နေခဲ့မိ၏။ ထို့ကြောင့်ပင် သူမက သူ့ကို ရက်အနည်းငယ်မျှ ရှောင်ဖယ်နေခဲ့ပြီး တွေ့ဆုံရန်ပင် မဝံ့မရဲ ဖြစ်နေခဲ့သည်။
သို့သော် ယနေ့ ဖန့်လော်အိမ်တော်သို့ သွားရောက်သည့်အခါ ထူးခြားလှပသော ပုံသဏ္ဌာန်ရှိသည့် ထိုမက်မွန်ပွင့်မုန့်များကို မြင်လိုက်ရတဲ့အချိန် သူမ၏ စိတ်ထဲ၌ သူ့ကိုသာ ပြေးမြင်နေခဲ့မိသည်
ဘာပဲဖြစ်ဖြစ်... သူက ဘဝနှစ်ခုစလုံးမှာ သူမရဲ့ အသက်သခင်ကျေးဇူးရှင် ဖြစ်ခဲ့ဖူးရုံတင်မက သူမကို ကြီးမားစွာ ကူညီပေးခဲ့ဖူးသူ မဟုတ်လား။ သူမက သူ့ကို ကောင်းကောင်းမွန်မွန် ကျေးဇူးတင် စကားပြောရန် အခွင့်အရေးကို လုံးဝ မရှာဖွေနိုင်ခဲ့သေးချေ။
မုန့်ဗူးကို လွှဲပြောင်းပေးပြီးနောက်တွင် ရွှယ်နင်က သူမ၏ ဂါဝန်စကို အသာလေး မလိုက်ရင်း ရထားလုံးပေါ်မှ ဆင်းလာသည်။
စုမိသားစု၏ ရထားလုံးဆီသို့ သူမ သတိကြီးစွာဖြင့် လျှောက်လှမ်းသွားတာကို မြင်ရလျှင် ယန်ရှီက စကားအချို့ ပြောချင်သော်လည်း ပြန်လည်အောင့်အီးထားသည့် အမူအရာဖြင့် တွေဝေနေခဲ့သည်။
“တကယ်တော့လေ... လုအိမ်တော်မှာ နောက်ထပ် ရက်အနည်းငယ်လောက် ထပ်နေလည်း ဘာမှမဖြစ်ပါဘူးကွယ်။ လုမိသားစုက ဘယ်လောက်ပဲ ခက်ခဲပါစေဦးတော့... မိန်းမပျိုလေးတစ်ယောက်ကိုတော့ ကောင်းကောင်း ကျွေးမွေးစောင့်ရှောက်ထားနိုင်ပါသေးတယ်”
ထို့အပြင်... စုရှီဇီသည် မကြာသေးခင်ကမှ မင်းသမီး ရှို့နင်းနှင့် အိမ်ထောင်ရေး ကိစ္စရပ်များကို ဆွေးနွေးနေခဲ့ခြင်း ဖြစ်သည်။ သူမက ရွှယ်နင် အိမ်တော်သို့ ပြန်ရောက်သွားပြီးနောက် စိတ်မကောင်းဖြစ်ရမှာကို တကယ့်ကို စိုးရိမ်ပူပန်နေမိ၏။
သို့သော် ရွှယ်နင်ကတော့ နောက်သို့ လှည့်ကြည့်လိုက်ပြီး သူမကို စိတ်အေးစေမည့် အပြုံးလေးတစ်ခု ပေးအပ်လာသည်။
“အချိန်တချို့ ကုန်လွန်သွားပြီးရင်... အားနင်က အဒေါ့်ဆီကို တစ်ခေါက် ပြန်လာလည်ပါ့မယ်"
ယန်ရှီ၏မျက်လုံးများ နီရဲလာသည်။
“ကောင်းပါပြီကွယ်”
ပြောပြီးသည်နှင့် သူမက ပေါင်ချန်ကို အိမ်ထဲသို့ ဝင်ကာ ရွှယ်နင်၏ အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းခိုင်းလိုက်သည်။
တကယ်တမ်းတွင် သိမ်းဆည်းစရာ ပစ္စည်းအမြောက်အမြား ရှိမနေခဲ့ပါ—ယန်ရှီက သူမအတွက် ဝယ်ယူပေးခဲ့သည့် အဝတ်အစားအသစ်အချို့နှင့် လက်ဝတ်ရတနာအချို့သာ ဖြစ်သည်။
ရွှယ်နင်တွင် စုကျန်းကို ပြောစရာ စကားအချို့ ရှိနေသည်။ သူမ သေသေချာချာ စဉ်းစားပြီးနောက်... စုကျန်း၏ ရထားလုံးပေါ်သို့ အရင်ဆုံး တက်ရန် ဆုံးဖြတ်လိုက်သည်။
ရထားလုံးအတွင်းသို့ ဝင်လိုက်သည်နှင့်တစ်ပြိုင်နက်... စုကျန်းသည် ရထားလုံးထဲ၌ မတ်မတ်ထိုင်နေတာကို မြင်တွေ့လိုက်ရသည်။ သူက အနက်ရောင် သန်းနေသော အစိမ်းရင့်ရောင် လည်ဝိုင်းအရာရှိဝတ်ရုံကို ဆင်မြန်းထားပြီး... သူ၏ ဖြူဖွေးကာ ကြီးမားတဲ့ လက်ထဲ၌ အမှုတွဲဖိုင်တစ်ခုကို ကိုင်ထားသည်။