← Chapters

အခန်း ၆၁

Vol. 7 Ch. 61

အခန်း ၆၁

Vol. 7 Ch. 61

အခန်း ၆၁ - သူမအတွက် လက်ထပ်ပွဲကို သူကိုယ်တိုင် စီစဉ်ပေးခြင်း

မင်းသမီး ရှို့နင်း၏ မင်္ဂလာပွဲနှင့် ပတ်သက်၍ မကြာသေးမီကမှ စည်ကားသိုက်မြိုက်နေခဲ့သော ပတ်ဝန်းကျင် အခြေအနေကြောင့် ဖြစ်လိမ့်မည်... ထိုအမျိုးသား၏ ထုံးစံအတိုင်း ထက်မြက်ပြီး အေးစက်လွန်းတဲ့ အရှိန်အဝါက အနည်းငယ် နူးညံ့ပျော့ပျောင်းသွားသလို ရှိနေသည်။

ဒါပေမဲ့လည်း... အာဏာကြီးမားတဲ့ အဆင့်မြင့်အရာရှိတစ်ဦးဖြစ်သည့်အားလျော်စွာ သူ့အကြည့်များတွင် တစ်စုံတစ်ဦးကို မရည်ရွယ်ဘဲ လှမ်းကြည့်လိုက်သည့်တိုင်အောင် အလွန်ပြင်းထန်တဲ့ ဖိအားများ ပါရှိနေဆဲပင် ဖြစ်၏။

မှောင်ပျိုးစပြုနေပြီဖြစ်သော ရထားလုံးအတွင်း၌ ထိုအမျိုးသား၏ ဘေးနားတွင် မီးအိမ်တစ်လုံး ထွန်းညှိထားသည်။

သူမ တစ်ချက်လောက် လှမ်းကြည့်လိုက်ရုံဖြင့်ပင်... အမှုတွဲစာရွက်ပေါ်ရှိ “အမျိုးသမီးအလောင်း” ၊ “မတရားကျင့်ခံရခြင်း” ဆိုသည့် စကားလုံးများကို လှမ်းမြင်လိုက်ရသဖြင့် ချက်ချင်းပင် ရင်ထဲ၌ တင်းကြပ်သွား၏။

မကြာသေးမီက တုန်းကျင်းမြို့ကြီးတစ်ခုလုံးမှာ ဆက်တိုက်ဖြစ်ပွားနေသော လူသတ်မှုကြီးများကြောင့် ထိတ်လန့်တုန်လှုပ်ခြင်း ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရသည်။

သူမက ဘဝတစ်ခုကို တစ်ကြိမ် ဖြတ်သန်းသေဆုံးဖူးခဲ့တယ်ဆိုပေမယ့် လူအများ ဆွေးနွေးနေကြတဲ့ ထိုအမျိုးသမီးအလောင်းများ၏ ကြောက်မက်ဖွယ်ကောင်းသော သေဆုံးမှုပုံစံများကို တွေးမိသည့်အခါတိုင်း စိတ်ထဲ၌ ကြောက်ရွံ့ထိတ်လန့်မှုများ ရှိနေဆဲပင်။

သူမက နှုတ်ခမ်းလေးကို စေ့ထားလိုက်ပြီး စုကျန်း၏ ညာဘက်ဘေးတွင် ဝင်ထိုင်လိုက်ကာ လက်ဖျားခြေဖျားများ အေးစက်တုန်လှုပ်နေသည်။ သူမက သူနဲ့ အတတ်နိုင်ဆုံး ဝေးကွာအောင် နေထိုင်ရန် ကြိုးစားရင်း... သူမ၏ ဒူးနှစ်ဖက်ကို တင်းကျပ်စွာ စုစည်းထားကာ သူ၏ ဝတ်ရုံစကိုပင် မထိမိစေရန် သတိပြုနေခဲ့သည်။

မိန်းမပျိုလေးက ဘာစကားမှ မပြောဘဲ တိတ်ဆိတ်စွာ ရထားလုံးပေါ်သို့ တက်လာခဲ့ခြင်း ဖြစ်သည်။ စုကျန်းက သူ့မျက်တောင်များကို ပင့်မလိုက်ပြီး သူမကို တစ်ချက် လှမ်းကြည့်လိုက်၏။

သူမ၏ ပါးပြင်ထက်၌ သွေးရောင်လွှမ်းလျက်ရှိပြီး... ဖြူဖွေးနုနယ်သော အသားအရေက ပိုနူးညံ့ချောမွေ့ နေခဲ့သည်။

မီးအလင်းရောင်အောက်တွင် ခဲနေတဲ့ အဆီခဲလေးတစ်ခုလို ဖြူစင်ဝင်းပနေသည့် သူမ၏ အသားအရေက ကျောက်စိမ်းဖြင့် ထုဆစ်ထားသော အလှပဂေးတစ်ဦးကဲ့သို့ လင်းလက်တောက်ပနေသည်။

ဒါပေမဲ့လည်း သူမက တိတ်ဆိတ်လွန်းနေခဲ့ပြီး... အရင်တုန်းက သူ့ရှေ့မှာ ပြသလေ့ရှိတဲ့ လန်းဆန်းတက်ကြွမှုမျိုး လုံးဝ မရှိပေ။

သူမ၏ မျက်ဝန်းများက တည်ငြိမ်စွာဖြင့် အောက်သို့ စိုက်ကျနေခဲ့ပြီး... အရင်တုန်းက သူ့ကို မြင်မြင်ချင်း ပေါ်ထွက်လာတတ်သည့် ဝမ်းမြောက်ဝမ်းသာ ဖြစ်မှုများနှင့် အားကိုးတကြီး ရှိသော အရိပ်အယောင်များလည်း လုံးဝ ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်ဟန်တူသည်။

စုကျန်းက မျက်လုံးချင်း ဆုံအောင် ကြည့်လာ၏။

“ဒီရက်ပိုင်း လုမိသားစုအိမ်တော်မှာ နေရတာ... ကျန်းမာရေးရော ကောင်းကောင်း ပြန်သက်သာလာရဲ့လား”

“ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်ကိုကြီး... ညီမ ကျန်းမာရေးက တော်တော်လေး ပြန်ကောင်းနေပါပြီ”

သူမ၏ လေသံက ယဉ်ကျေးသော်လည်း စိမ်းကားတဲ့အကွာအဝေးတစ်ခု ခြားနားနေသည်။

စုကျန်း၏ စိတ်ထဲ၌ အကြောင်းပြချက် မရှိတဲ့ စိတ်တိုဒေါသဖြစ်မှုများ ပေါ်ပေါက်လာပြန်သည်။ သူက သူမ ဖန့်လော်အိမ်တော်ကနေ လီချန်ချဲ့အတွက် ဝယ်ယူပေးခဲ့သည့် ထိုမက်မွန်ပွင့်မုန့်များအကြောင်းကို ပြန်သတိရသွား၏။

“ဖန့်လော်က မက်မွန်ပွင့်မုန့်တွေက အရသာ ဘယ်လိုရှိလဲ”

ရွှယ်နင်သည် သူက ဘာဖြစ်လို့ ဒီကိစ္စကို ရုတ်တရက်ကြီး မေးရတာလဲဆိုတာကို နားမလည်နိုင် ဖြစ်သွားသည်။ သူမ၏ ငွေရောင်သန်းကာ တောက်ပသော မျက်ဝန်းများကို အနည်းငယ် ပင့်မလိုက်ပြီးမှ နူးညံ့စွာ ပြန်ဖြေလိုက်သည်။

“တော်တော်လေး စားလို့ကောင်းပါတယ်”

စုကျန်းက ပြောလာသည်။

“ငါ့ကို တစ်ခုလောက် မြည်းခွင့်ပေးဦး”

ရွှယ်နင် မျက်မှောင်ကြုတ်လိုက်မိ၏။

“ညီမရဲ့ လက်ထဲမှာ အခု မုန့်တွေ ပါမလာဘူးလေ”

စုကျန်းက မျက်ခုံးတစ်ချက် ပင့်လိုက်သည်။

“မင်း အိမ်တော်ကို ယူသွားဖို့အတွက် တစ်ဗူး ဝယ်လာခဲ့တာ မဟုတ်ဘူးလား”

ရွှယ်နင်က အလျင်အမြန်ပင် ပြန်ငြင်းလိုက်၏။

“အဲဒါတွေက... သခင်လေးလီအတွက် ဝယ်လာခဲ့တာ”

စုကျန်းက မည်သည့်ခံစားချက်မျှ မပါဝင်သော အပြုံးတစ်ခုဖြင့် အေးစက်စွာ ရယ်မောလိုက်သည်။

“နောက်ကျရင် သူ့အတွက် နောက်တစ်ဗူး ထပ်ဝယ်ပေးလိုက်လို့ မရဘူးလား”

ထိုသို့ ပြောပြီးသည်နှင့် သူက ရထားလုံးအပြင်ဘက်ရှိ မော့ပိုင်ကို... ယန်ရှီ့လက်ထဲမှ ထိုမက်မွန်ပွင့်မုန့်ဗူးကို သွားတောင်းပြီး ရထားလုံးထဲ ယူဆောင်လာခဲ့ရန် အမိန့်ပေးလိုက်တော့သည်။

ရွှယ်နင် - “...”

သူမက စုကျန်းတစ်ယောက် ရုတ်တရက်ကြီး ဘာအရူးထချင်နေရပြန်သလဲဆိုတာကို လုံးဝ နားမလည်နိုင်တော့ပေ။

ထိုအမျိုးသားက သေသေချာချာ ထုပ်ပိုးထားသော မက်မွန်ပွင့်မုန့်ဗူးကို ဖြေလျော့နေတာကို စိုက်ကြည့်ရင်း... သူမ နှုတ်ခမ်းလေး အနည်းငယ် ဟသွားကာ တစ်ခုခု ပြောရန်ပြင်လိုက်သော်လည်း... နောက်ဆုံးတွင် တိတ်ဆိတ်စွာဖြင့်သာ ပါးစပ်ပိတ်နေလိုက်တော့သည်။

စုကျန်း၏ စိတ်အခြေအနေက အနည်းငယ် ပြန်လည်ကောင်းမွန်လာခဲ့ပြီ ဖြစ်၏။ သူက မက်မွန်ပွင့်မုန့်တစ်ခုကို ကောက်ကိုင်လိုက်ပြီး တစ်ကိုက်မျှ ကိုက်စားကြည့်ကာ... ထို့နောက်တွင်မှ မူလနေရာသို့ ပြန်ချထားလိုက်သည်။

ရွှယ်နင်က သူနှင့်အတူ ရထားလုံးတစ်စီးတည်း အတူစီးကာ နယ်စားမင်းအိမ်တော်သို့ ပြန်ရမှာကို အထူးတလည် လိုလားနှစ်သက်ခြင်း မရှိချေ၊

သို့သော်—

သူမ ဒီလို တွေးနေတဲ့အချိန်မှာပဲ ပေါင်ချန်က အဝတ်အစားထုပ် အနည်းငယ်ကို သိမ်းဆည်းပြီးနောက် လုမိသားစုမှ အစေခံမိန်းကလေးနှစ်ဦးနှင့်အတူ လုမိသားစု၏ ရထားလုံးပေါ်သို့ အလျင်အမြန် တက်လိုက်ကြပြီ ဖြစ်သည်။

“သခင်မလေး... အမြန်ဆုံး ထွက်ခွာကြရအောင်။ အချိန်က တော်တော်လေး နောက်ကျနေပြီဖြစ်လို့ အိမ်တော်ကို ရောက်ရင် အသုံးအဆောင်ပစ္စည်းတွေကို နေရာတကျ ပြန်သိမ်းရဦးမှာပါ”

ရွှယ်နင် - “...”

ကောင်းပြီလေ။

ဒါနောက်ဆုံးအကြိမ်ပဲ ဖြစ်လိမ့်မယ်။

ယန်ရှီကို နှုတ်ဆက်ပြီးနောက် ရွှယ်နင်သည် ရထားလုံးအတွင်းသို့ ပြန်ဝင်ခဲ့၏။

စုကျန်းက အမှုတွဲဖိုင်များကို ခဏလောက် ဆက်လက်စစ်ဆေးနေပြီးနောက်... မျက်လုံးများကို မှိတ်ကာ ငြိမ်သက်စွာ အနားယူနေပြီး သူမကို စကားတစ်ခွန်းမှ လှမ်း၍ မပြောပေ။

ရထားလုံးသည် ဝီလိုလမ်းကြားမှ ထွက်ခွာလာပြီးနောက် ကျယ်ပြန့်သော လမ်းမကြီးနှစ်ခုကို ဖြတ်သန်းကာ လမ်းဆုံလမ်းခွတစ်ခုသို့ ရောက်လာခဲ့သည်။

လမ်းတစ်ခုက ‘ယန်ရှာလမ်း’ သို့ ဦးတည်ပြီး အခြားလမ်းတစ်ခုကမူ ‘ယန်ယွီလမ်း’ သို့ ဦးတည်နေခြင်း ဖြစ်သည်—လမ်းနှစ်ခုစလုံးက ရွှမ်းယီနယ်စားမင်းအိမ်တော်သို့ ပြန်ရောက်နိုင်စွမ်း ရှိ၏။

ယန်ရှာလမ်းမှတစ်ဆင့် နယ်စားမင်းအိမ်တော်သို့ ပြန်မည်ဆိုပါက ပိုမိုမြန်ဆန်သဖြင့် ၎င်းက စုကျန်း ရုံးဆင်းချိန်တိုင်း ပုံမှန်အသုံးပြုလေ့ရှိသော လမ်းကြောင်းလည်း ဖြစ်သည်။

သို့သော် ထိုနေရာ ရောက်ရှိတဲ့အခါ ရွှယ်နင်က မော့ပိုင်ကို လှမ်း၍ တားလိုက်သည်။ သူမက စုကျန်း၏ အေးစက်တဲ့ အကြည့်အောက်တွင်ပင် ပြုံးပြီး ပြောလိုက်သည်။

“အစ်ကိုကြီး...အားနင် ထိုက်ဟွာလမ်းကြားဝမှာရှိတဲ့

ဆိုင်က ကင်ထားတဲ့ ကိတ်မုန့်ပြားကို ရုတ်တရက်ကြီး စားချင်လာလို့ပါ။ ယန်ယွီလမ်းဘက်ကနေ ပတ်ပြီး သွားလို့ရမလားဟင်”

စုကျန်းက သူ့မျက်လုံးများကို ဖွင့်လိုက်ပြီး နက်ရှိုင်းတဲ့ အကြည့်များဖြင့် ရွှယ်နင်၏ တည်ငြိမ်နေသော မျက်နှာကို စိုက်ကြည့်လာသည်။

“ထိုက်ဟွာလမ်းကြားထဲက ဘာဆိုင်လဲ။ ငါတစ်ခါမှ မကြားဖူးပါဘူး”

ရွှယ်နင်က သူမ၏ စိတ်လှုပ်ရှားမှုများကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်သည်။

“အစ်ကိုကြီး... အဲဒီဘက်ကနေ ပတ်သွားကြည့်ရင် တွေ့ရပါလိမ့်မယ်"

စုကျန်းက ခဏလောက် ရပ်တန့်သွားပြီး ဘာမှမပြောဘဲ တိတ်တဆိတ်သာ နေလိုက်သော်လည်း... သူ့ဆီကနေ ထွက်ပေါ်လာတဲ့ ခန့်ညားသည့် အရှိန်အဝါများက ရထားလုံးအတွင်း၌ လေးလံလို့နေသည်။

ရထားလုံးလိုက်ကာအပြင်ဘက်ရှိ မော့ပိုင်ကလည်း ရထားလုံးကို ခဏရပ်လိုက်ပြီး သူ့သခင်၏ အမိန့်ကို စောင့်ဆိုင်းနေ၏။

စုကျန်းက သူမ ဒီလိုတောင်းဆိုမှုများ ပြုလုပ်လာတာကို အမြဲတမ်း လိုလားနှစ်သက်လေ့မရှိချေ။ ရွှယ်နင်က စိုးရိမ်ထိတ်လန့်စွာဖြင့် နှုတ်ခမ်းလေးကို စေ့ထားလိုက်မိပြီးမှ အလိုလိုက်စေချင်သည့် အပြုံးတစ်ခု ဖန်တီးလိုက်သည်။

“အဒေါ်ပြောတာတော့... အဲဒီဆိုင်က ကိတ်မုန့်ပြားအရသာက တခြားဆိုင်တွေနဲ့ မတူဘဲ ထူးခြားတယ်လို့ ပြောလို့ပါ။ နောက်ကျသွားရင် ဆိုင်ပိတ်သွားလိမ့်မယ်”

သူမက ဝိုင်းစက်ကာ အရည်လဲ့နေတဲ့ မျက်ဝန်းများကို မော့ကြည့်ပြီး သူမ၏ လက်ငယ်လေးဖြင့် ထိုအမျိုးသား၏ ဝတ်ရုံစကို ခပ်ဖွဖွလေး ဆွဲကိုင်လိုက်ရင်း လုံးဝကို အလျော့ပေး နာခံတတ်သည့် အမူအရာ ပြုလုပ်လိုက်သည်။

“အစ်ကိုကြီး... ညီမ တောင်းပန်ပါတယ်နော်... ဒီတစ်ကြိမ်လေးတင် ညီမရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးပါဦး”

မိန်းမပျိုလေး၏ ချိုသာနူးညံ့တဲ့ အသံလေးက ရင်ထဲကို ခပ်ဖွဖွလေး လာရောက်ပွတ်သပ်ပေးလိုက်သည့် ငှက်မွေးနုလေးတစ်ခုလိုပင်။

စုကျန်းက သူမကို နက်ရှိုင်းစွာ စိုက်ကြည့်လိုက်သည်။ သူမက အလိုကျဖြစ်အောင် ချွဲနွဲ့ပြလာတာကို သူ အထူးတလည် နှစ်သက်ခြင်းမရှိသော်လည်း... တစ်ဖက်တွင်လည်း မနှစ်သက်ခြင်းလည်း မရှိပေ။

“မော့ပိုင်”

“ရှိပါတယ်”

“လမ်းကြောင်းပြောင်း”

“ဟုတ်ကဲ့”

ရထားလုံးသည် နောက်ဆုံးတွင် ယန်ယွီလမ်းဘက်သို့ ကွေ့ဝင်သွားသည်။

ရွှယ်နင်က စိတ်ထဲမှနေ၍ သက်ပြင်းတစ်ချက်ကို တိတ်တဆိတ် ချလိုက်မိပြီး... အလျင်အမြန်ပင် ထိုအမျိုးသား၏ ဝတ်ရုံစကို လွှတ်လိုက်ကာ မူလအတိုင်း တည်ငြိမ်တဲ့ အမူအရာသို့ ပြန်ပြောင်းလဲလိုက်သည်။ သို့သော် သူမ၏ မျက်ဝန်းများကတော့ ရထားလုံးအပြင်ဘက်သို့ ခဏခဏ လှမ်းကြည့်နေမိဆဲပင်။

စုကျန်းက သူမ သူ့ရှေ့မှာ ကလေးကလားဆန်တဲ့ လှည့်ကွက်လေးများ အသုံးပြုနေတာကို အေးစက်စွာ စိုက်ကြည့်ရင်း... နှာခေါင်းရှုံ့ကာ ခပ်ဖွဖွ ရယ်မောလိုက်မိသည်။

သူမက သူ့အပေါ် ဘယ်လိုခံစားချက်မျိုး ရှိနေလဲဆိုတာကို သူ မသိဘဲ မနေပေ။

ဒါပေမဲ့လည်း... သူ့ရဲ့ လက်ရှိဂုဏ်ဒြပ်နှင့် အဆင့်အတန်းအရ သူမကို လက်ထပ်ထိမ်းမြားဖို့ဆိုတာ လုံးဝကို မဖြစ်နိုင်တဲ့ ကိစ္စတစ်ခု ဖြစ်သည်။

ထို့အပြင် သူမက ရွှမ်းယီနယ်စားမင်းအိမ်တော်၏ မွေးစားသမီးတစ်ဦးဖြစ်သည့်အတွက် အိမ်တော်အတွက် သဘာဝကျကျပင် တစ်စုံတစ်ရာ ပြန်လည်ပေးဆပ် ကူညီရလိမ့်မည်။

သူမအတွက် စိတ်ကူးထားခဲ့ဖူးတဲ့ ထိုသတို့သားလောင်းအကြောင်းကို ပြန်တွေးမိသွားတဲ့အခါ စုကျန်းက ရွှယ်နင်ကို လှမ်းကြည့်လိုက်တဲ့ အကြည့်များထဲ၌ သနားကြင်နာမှု အရိပ်အယောင်အချို့ ဖြတ်သန်းကာ နူးညံ့သွားသည်။

“နင်နင်...”

ရွှယ်နင်က လိုက်ကာကို ပြန်ချလိုက်ပြီး ခေါင်းလှည့်လာသည်။

“အစ်ကိုကြီး... ဘာဖြစ်လို့လဲဟင်”

စုကျန်းက ပြောလိုက်၏။

“မကြာသေးခင်က အမေက လော်ဝမ်ကျွင်းအကြောင်း စုံစမ်းဖို့ ကြိုးစားနေတာ။ မင်း လော်ဝမ်ကျွင်းကို ဘယ်လိုမြင်လဲ”

ရွှယ်နင်၏ နှုတ်ခမ်းလေးက အနည်းငယ် တင်းကျပ်သွားပြီး... သူမ၏ အမူအရာက တစ်စုံတစ်ခုကို စဉ်းစားမရသကဲ့သို့ ငေးငိုင်သွားသည်။

စုကျန်း သူမ စိတ်ထဲမှာ ထိခိုက်ခံစားနေရတယ်လို့ ထင်မှတ်ကာ သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး သူမ၏ နူးညံ့တဲ့ ပါးပြင်လေးကို ခပ်ဖွဖွလေး ဆွဲညှစ်လိုက်သည်။

ထိုအမျိုးသား၏ ရုတ်တရက် ရင်းနှီးကျွမ်းဝင်သည့် အပြုအမူကြောင့် ရွှယ်နင် တစ်ကိုယ်လုံး လန့်ဖျန့်သွား၏။

သူမက နှုတ်ခမ်းကို ကိုက်လိုက်ပြီးနောက် ချက်ချင်းပင် သူမ၏ မျက်နှာကို ဘေးသို့ အမြန် လွှဲပစ်လိုက်သည်။

စုကျန်း၏ လက်က လေထုထဲမှာ အရှိန်လွန်ကာ ယောင်တောင်တောင်ဖြင့် ကျန်ရစ်ခဲ့သည်။ သူ့ လက်ဖျားထက်မှ ထိုနူးညံ့တဲ့ ထိတွေ့မှု အရသာလေး ကွယ်ပျောက်သွားခဲ့သည့်အခါ... သူ့ရင်ထဲမှာ အကြောင်းပြချက် မရှိတဲ့ ဟာတာတာ ခံစားချက်ကြီးတစ်ခု ကျန်ရစ်ခဲ့သည်။

ဒါပေမဲ့လည်း သူမရဲ့ ထိတ်လန့်တုန်လှုပ်သွားတဲ့ တုံ့ပြန်မှုလေးကြောင့်ပင်... သူ့ စိတ်အခြေအနေက အနည်းငယ် ပြန်လည်ကောင်းမွန်လာပြန်၏။

“ဘာလို့ ပြန်မဖြေတာလဲ”

“အစ်ကိုကြီး... ခုနက ဘာပြောလိုက်တာလဲ”

သူမ၏ စိတ်အာရုံများက ဤစကားဝိုင်းထံ၌ ရှိမနေခဲ့ချေ... ထို့ကြောင့် သူ ပြောလိုက်တဲ့ စကားလုံးများကို သေသေချာချာ အမိအရ မကြားလိုက်မိခြင်း ဖြစ်သည်။

ဒါ့အပြင်... သူက ရုတ်တရက်ကြီး သူမ ပါးကို လာဆွဲညှစ်လိုက်တာကလည်း သူမကို အမှန်တကယ် အံ့အားသင့် ထိတ်လန့်သွားစေခဲ့တယ်။

ဘာပဲဖြစ်ဖြစ်... အရင်ဘဝတုန်းက နှစ်ပေါင်းများစွာ အတူတူ လက်ထပ်ထိမ်းမြားခဲ့ကြသည့်တိုင်အောင်ပင်... ကုတင်ထက်မှ ကိစ္စများမှလွဲပြီး သူမအပေါ် ဒီလိုရင်းနှီးကျွမ်းဝင်တဲ့ အမူအရာမျိုး ပြသခဲ့ဖူးတာ အလွန် ရှားပါးလွန်းတယ် မဟုတ်လား။

စုကျန်း၏ လေသံက နိမ့်ဆင်းသွားသည်။

“ငါပြောတာက... လော်ဝမ်ကျွင်းအကြောင်း”

ရွှယ်နင် မျက်တောင်လေး ခတ်လိုက်သည်။

“သခင်လေးလော်က... ဘာဖြစ်လို့လဲဟင်”

စုကျန်းက မေးလိုက်သည်။

“မင်း သူ့ကို ဘယ်လိုသဘောရလဲ”

၎င်းက အကျိုးစီးပွားအတွက် စီစဉ်ပေးရသည့် အိမ်ထောင်ရေးတစ်ခု ဖြစ်နေပါစေဦးတော့ သူမကို ကောင်းမွန်တဲ့ နေရာတစ်ခုသို့ လက်ထပ်စေချင်မိတာ အမှန်ပင်။ လော်ဝမ်ကျွင်းသည် မူလက သူ့ရဲ့ပထမဦးဆုံး ရွေးချယ်မှု မဟုတ်ခဲ့သော်လည်း... သခင်မကြီးရှဲ့ ပေးလာခဲ့တဲ့ စာရင်းထဲရှိ လူအများစုက ကိုယ်လုပ်တော်များနှင့် အစေခံမိန်းကလေးများကို အိမ်အပြည့်သိမ်းထားတတ်သည့် ချမ်းသာတဲ့ ဖြုန်းတီးသူ သခင်လေးများသာ ဖြစ်ကြသည်။ ၎င်းတို့နှင့် လက်ထပ်ခြင်းက နယ်စားမင်းအိမ်တော်အတွက် အကျိုးအမြတ် ရှိစေနိုင်မည် ဖြစ်သော်လည်း... ရွှယ်နင်သာ ဒီလိုမိသားစုမျိုးထဲ ရောက်ရှိသွားပါက သူမရဲ့ ဘဝက အလွန်ခက်ခဲပင်ပန်းရလိမ့်မည်။

သူမက အသက်အရွယ်အားဖြင့် ငယ်ရွယ်လွန်းသေးပြီး အခုမှ အရွယ်ရောက်စပြုလာခြင်း ဖြစ်ကာ... သူမ၏ စိတ်ထဲမှာ နုပျိုတဲ့ အချစ်စိတ်ကူးယဉ်မှုများမှလွဲ၍ ဘာမှရှိနေဦးမည် မဟုတ်ချေ။ အိမ်တွင်းရေး အရှုပ်အထွေးများနှင့် အတွင်းဆောင်က လှည့်ကွက် ကိစ္စများကို သူမ လုံးဝ နားလည်နိုင်စွမ်း ရှိဦးမှာ မဟုတ်ပေ။ အကယ်၍ သူမသာ အဲ့လိုဝံပုလွေတွင်းထဲ သက်ဆင်းသွားခဲ့ရပါက... အရှင်လတ်လတ် အရေခွံ အနွှာခံရတာနဲ့ တူနေမှာ မဟုတ်ဘူးလား။

ဒါကြောင့်... သူက သူမ၏ အနာဂတ်အတွက် သေသေချာချာ အချိန်ယူကာ စဉ်းစားပေးခဲ့ခြင်း ဖြစ်သည်။

“အကယ်၍ ငါက မင်းကို သူနဲ့ လက်ထပ်ပေးမယ်ဆိုရင်... မင်း သဘောတူရဲ့လား”

ရွှယ်နင်သည် ထိုအမျိုးသား၏ နက်ရှိုင်းသော မျက်ဝန်းများကို လုံးဝ ကြောင်အစွာဖြင့် စိုက်ကြည့်နေမိသည်။

စုကျန်းက သူမအတွက် လက်ထပ်ပွဲကိစ္စကို သူကိုယ်တိုင် ဦးဆောင်ပြီး စတင် အစပျိုးလာလိမ့်မည်ဟု သူမ လုံးဝ မျှော်လင့်မထားခဲ့မိသည့်အတိုင်းပင်။

All Chapters