← Chapters

အခန်း ၆၂

Vol. 7 Ch. 62

အခန်း ၆၂

Vol. 7 Ch. 62

အခန်း ၆၂ - ဓားဖြင့် အထိုးခံရခြင်း

သူမက သူ့ကို နှစ်ပေါင်းများစွာ စွဲစွဲလန်းလန်း ချစ်မြတ်နိုးခဲ့တာကို သူ အသေအချာ သိနေပါလျက်နှင့်... သူက ဘာလို့ ဒီလောက်အထိ ဖြောင့်မတ်မှန်ကန်တဲ့ အမူအရာမျိုးနဲ့ သူမရဲ့ အိမ်ထောင်ရေးကိစ္စကို သူမရှေ့မှာ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုနိုင်ရတာလဲ။

ရွှယ်နင်၏ ရင်ထဲ၌ တင်းကျပ်သွားသည်။ ခဏလောက် မိန်းမောတွေဝေသွားပြီးနောက်... သူမက သေလုမြောပါး ဖြစ်နေခဲ့ရတဲ့ ထိုနောက်ဆုံးအချိန်မှာ ဆီးနှင်းလို ဖြူစင်တဲ့ သူမ၏ အသားအရေနှင့် အရိုးအဆစ်များကို မီးလျှံများက လောင်မြိုက်ဖျက်ဆီးနေခဲ့သည့် အခိုက်အတန့်ကို ရုတ်တရက် ပြန်သတိရမိသွားသည်။

ထိုနာကျင်မှုက အလွန်အမင်း ပြင်းထန်လွန်းပြီး သူမ ဘယ်တုန်းကမှ နားမလည်နိုင်ခဲ့ဘူး။တကယ်တမ်းမှာ သူမ ဘာတွေများ မှားယွင်းခဲ့လို့လဲ။

တစ်စုံတစ်ယောက်ကို ချစ်မြတ်နိုးမိတာ၊ တစ်စုံတစ်ယောက်နဲ့ လက်ထပ်ချင်မိတာက အပြစ်တစ်ခု ဖြစ်နေလို့လား။

ဒါပေမဲ့ အခု ထိုအမျိုးသား၏ အေးစက်တည်ငြိမ်ပြီး မည်သည့်လှုပ်ခတ်မှုမျှ မရှိတဲ့ ဖီးနစ်မျက်ဝန်းများကို စိုက်ကြည့်ရင်း... သူမ ကျူးလွန်ခဲ့မိတဲ့ ကြီးမားတဲ့ အမှားကြီးကို နောက်ဆုံးတော့ သေသေချာချာ နားလည်သဘောပေါက်သွားပြီ။ သူမရဲ့

အမှားက ကိုယ့်အပေါ် အချစ်စိတ်မရှိတဲ့သူကို အတင်းအကျပ် လက်ထပ်ဖို့ ဖိအားပေးခဲ့မိခြင်းနှင့်... သူ၏ သနားဂရုဏာသက်မှုနှင့် အချစ်သံယောဇဉ်များကို အချည်းနှီး မျှော်လင့်တောင့်တခဲ့မိခြင်းပင်။

အရာရာကို နားလည်သဘောပေါက်သွားခဲ့ပြီဖြစ်လို့ သူမက ဘာကိုများ ဆက်ပြီး ဖက်တွယ်ထားစရာ ကျန်ဦးမှာလဲ။

သူမ၏ ရင်ဘတ်ထဲ၌ အကြိမ်ကြိမ် ထကြွလာခဲ့သော ခါးသီးမှုဝေဒနာများက တဖြည်းဖြည်းနှင့် ကွယ်ပျောက်သွားသည်။ သူမက ဖျော့တော့စွာ ပြုံးလိုက်သည်။

“အစ်ကိုကြီးရော သူက လူကောင်းတစ်ယောက်လို့ ထင်လို့လား"

“အင်း...”

ဘာပဲဖြစ်ဖြစ် ၎င်းက သူမရဲ့ ဂုဏ်ဒြပ်ထက် နိမ့်ကျသော လက်ထပ်ပွဲတစ်ခု ဖြစ်နေသဖြင့် စုကျန်းက စကားလုံးများကို သေသေချာချာ အချိန်ယူ ရွေးချယ်လိုက်သည်။

“သူက ဆင်းရဲတဲ့ နောက်ခံကလာတာ မှန်ပေမဲ့... အရင်တုန်းကတော့ အရာရှိမိသားစုရဲ့ သားတစ်ယောက်ပဲ။ အိမ်မှာလည်း အသက်ကြီးတဲ့ အဘွားအိုတစ်ယောက်ပဲ ရှိတာ၊ ပြီးတော့ သူက အခြားသူ‌အပေါ်မှာလည်း အရမ်းယဉ်ကျေးတတ်တဲ့သူ—”

ရွှယ်နင်က သူ့စကားကို ဖြတ်ပြောလိုက်ရင်း နှုတ်ခမ်းထောင့်စွန်း၌ အပြုံးတစ်ခု ဆင်မြန်းလိုက်သည်။

“အစ်ကိုကြီးက သဘောတူတယ်ဆိုရင်... အားနင်လည်း သဘာဝကျကျပဲ သူက တကယ့်ကို ကောင်းမွန်တဲ့သူလို့ ထင်ပါတယ်"

စုကျန်း ဆွံ့အသွားပြီး ရင်ထဲမှာ အဓိပ္ပာယ်ဖော်ရခက်တဲ့ ခံစားချက်တစ်ခု လှုပ်ခတ်သွားသည်။ အတန်ကြာ တိတ်ဆိတ်သွားပြီးနောက်မှ သူက ပြောလိုက်၏။

“မင်းဘက်က အဆင်ပြေတယ်လို့ ယူဆရင်... ငါ အမေ့ကို အကြောင်းကြားလိုက်မယ်၊ မင်းအတွက် သေသေချာချာ စီစဉ်ပေးဖို့ပေါ့”

ရွှယ်နင်၏ အိမ်ထောင်ရေးကိစ္စက နေ့စဉ်ရက်ဆက် အလုပ်ရှုပ်နေသော စုကျန်း ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်ပူပန်နေရမည့် ကိစ္စမျိုး မဟုတ်ပေ။ သို့သော်လည်း သူက ကောင်းမွန်တဲ့ အစ်ကိုကြီးတစ်ယောက်အဖြစ် သရုပ်ဆောင်ချင်နေမှတော့... သူမကလည်း သူ ဖြစ်ချင်သမျှကို လိုက်နာပေးလိုက်ရုံသာ ရှိတော့သည်။

ရွှယ်နင်က သိမ်မွေ့နာခံစွာဖြင့် မျက်တောင်လေးများကို ချလိုက်သည်။

“အမေနဲ့ အစ်ကိုကြီးတို့ ဆုံးဖြတ်သမျှကိုပဲ အားနင် နာခံပါ့မယ်”

စုကျန်းသည် ခဏလောက် တိတ်ဆိတ်သွားခဲ့ပြီးနောက် သူမကို အေးစက်တည်ငြိမ်စွာဖြင့် တစ်ချက် လှမ်းကြည့်လိုက်သည်။

“အင်း...”

သူမကို အခြားတစ်ယောက်နဲ့ လက်ထပ်ရန် ဖျောင်းဖျတဲ့အခါ ငြင်းခုံမှုအနည်းငယ် ဖြစ်ပွားလိမ့်မယ်၊ သူမရဲ့ ခံပြင်းဝမ်းနည်းမှုများနှင့် မျက်ရည်များကို မြင်တွေ့ရလိမ့်မယ်လို့ သူ အစတုန်းက ထင်မှတ်ထားတာ ဖြစ်၏။

သို့သော်လည်း အဲ့လိုအရာမျိုး လုံးဝ ပေါ်ပေါက်မလာခဲ့ချေ။ သူမ၏ လိမ္မာသိတတ်လွန်းတဲ့ အမူအရာကပင် သူ့ကို အလွန်အမင်း နေရခက်စေသည်။

သူတို့ ထိုက်ဟွာလမ်းကြားဝသို့ ရောက်လာခဲ့ကြပြီး လေနှင့်ဆီးနှင်းများကြားတွင် ရထားလုံးက ရပ်တန့်သွားသည်။

ရာသီဥတုက အလွန်အမင်း အေးစက်လွန်းတာကြောင့် မြင်းများ၏ အသက်ရှူသံများပင် ဖြူဖွေးသော အခိုးအငွေ့များအဖြစ် ပေါ်ထွက်နေသည်။

ရွှယ်နင်သည် နောက်သို့ လှည့်မကြည့်တော့ဘဲ ရထားလုံးပေါ်မှ ဆင်းသက်ကာ... ဝိုင်အလံငယ်များ လွှင့်ထူထားသော ထိုစားသောက်ဆိုင်လေးဆီသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းသွားတော့သည်။

မီးဖိုပေါ်၌ နောက်ဆုံးကျန်ရှိနေသော ကိတ်မုန့်ပြားလေးမှာ ကင်လို့နေခဲ့ပြီ ဖြစ်သည်၊ ၎င်းကို ရောင်းချပြီးသည်နှင့် ဆိုင်ပိတ်တော့မည် ဖြစ်၏။

ဆိုင်ပိုင်ရှင်သည် သူမ၏ လှပလွန်းတဲ့ ရုပ်ရည်ကို မြင်တွေ့လိုက်ရတဲ့အခါ မိန်းမောအံ့သြသွားသည်။

သူက နဂိုကပင် ဈေးနှုန်းချိုသာတဲ့ ထိုကိတ်မုန့်ပြားကို သူမအတွက် ငွေပြားနှစ်ပြားပင် လျှော့ပေးလိုက်သေးသည်။

ရွှယ်နင်က ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်သည်။ ယန်ယွီလမ်းမကြီး၏ လမ်းအကျယ်မှာ ယန်ရှာလမ်းမကြီးကဲ့သို့ ကျယ်ပြန့်ခြင်း မရှိချေ။ အချိန်ကလည်း မိုးချုပ်လုနီးပြီဖြစ်ရာ သာမန်အရပ်သားအများစုက သူတို့၏ အိမ်များဆီသို့ ပြန်ရောက်ရှိနေကြပြီ ဖြစ်သည်။

လက်ရှိ ဧကရာဇ်မင်းမြတ်၏ အုပ်ချုပ်မှုအောက်တွင် တုန်းကျင်းမြို့၌ ညမထွက်ရအမိန့် ရှိနေသည်ဆိုသော်လည်း ပြင်းထန်စွာ ကိုင်တွယ်ခြင်း မရှိပေ။

တစ်ခါတစ်ရံတွင် ဆီးနှင်းများကြား၌ ထမ်းပိုးများကိုယ်စီဖြင့် အလျင်အမြန် သွားလာနေကြသော ဈေးသည်အချို့ကိုသာ မြင်တွေ့ရတတ်သည်။

သူမ အရင်ဘဝတုန်းက ကြုံတွေ့ခဲ့ရတဲ့ ဒီနေ့ရက်ကို ကောင်းကောင်း မှတ်မိနေတယ်၊ ထိုစဉ်ကလည်း စုကျန်းက ထုံးစံအတိုင်း ရုံးဆင်းချိန်မှာ အိမ်တော်သို့ အခုလိုမျိုး ပြန်လာခဲ့တာ ဖြစ်သည်။

ဒါပေမဲ့လည်း... ယန်ရှာလမ်းမကြီးကို ဖြတ်သန်းသွားစဉ်တွင် သူက လုပ်ကြံသတ်ဖြတ်သူများနှင့် ထိပ်တိုက်တိုးခဲ့ရ၏။

မျှော်လင့်မထားဘဲ အလစ်အငိုက် မိသွားခဲ့တာကြောင့် သူရော မော့ပိုင်ပါ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြသည်။ သူတို့ကို နယ်စားမင်းအိမ်တော်ဆီ ထမ်းပိုးသယ်ဆောင်လာခဲ့ကြချိန်တွင် နှစ်ယောက်လုံးက အသက်ပျောက်လုနီးပါး ဖြစ်နေခဲ့သည်။

နယ်စားမင်းအိမ်တော်တစ်ခုလုံး ဖရိုဖရဲ ဖြစ်သွားခဲ့ပြီး ဧကရာဇ်ကိုယ်တိုင်ပင် သူတို့၏ အခြေအနေကို လာမေးခဲ့ရသည်။ သခင်နှင့် အစေခံနှစ်ဦးစလုံး ခုတင်ပေါ်မှ ဆင်းနိုင်ရန်အတွက် လဝက်ကျော်မျှ အချိန်ယူကာ ပြုစုကုသခဲ့ရသည်။

သူမက ကြီးမားတဲ့ ပရဟိတသမားတစ်ဦး မဟုတ်သလို... သူတော်စင်စိတ်ထားမျိုးလည်း ရှိမနေခဲ့ပါ။ စုကျန်းနှင့် ပတ်သက်ပြီး အချစ်ဟောင်းကို ပြန်အသက်သွင်းရန်လည်းကောင်း၊ သို့မဟုတ် အသက်ကယ်ကျေးဇူးကို အသုံးချကာ သူ့သ‌ဘောကျမှုကို ရယူရန်လည်းကောင်း သူမမှာ ဘာရည်ရွယ်ချက်မျှ မရှိပေ။

သို့သော်လည်း တုန်းကျင်းမြို့၏ အငယ်ဆုံး တရားရေးဒုတိယဝန်ကြီးတစ်ဦးအနေနှင့်... စုကျန်းသည် သာမန်အရပ်သားပြည်သူများအတွက် လက်တွေ့ကျသော အလုပ်အမြောက်အမြားကို အမှန်တကယ် လုပ်ဆောင်ပေးခဲ့သူ ဖြစ်၏။

သူက ကြီးမားတဲ့ အမှုအခင်းများစွာကိုလည်း ဖော်ထုတ်ပေးခဲ့ပြီး ဆင်းရဲနွမ်းပါးကာ မတရားခံရသော ပြည်သူများစွာအတွက် တရားမျှတမှုကို ဆောင်ကြဉ်းပေးခဲ့သည်။

ဒီလအတွင်းမှာတင်... ဆက်တိုက်ဖြစ်ပွားနေတဲ့ လူသတ်မှုကြီးရဲ့ တရားခံကို ဖမ်းဆီးနိုင်ရဖို့အတွက် သူ အင်တိုက်အားတိုက် ကြိုးပမ်းအားထုတ်နေခဲ့တာ မဟုတ်လား။

သူက ခင်ပွန်းသည်ကောင်း တစ်ယောက် မဟုတ်ခဲ့ပါစေဦးတော့...အရာရှိကောင်းတစ်ယောက် ဖြစ်တာကတော့ အမှန်ပင်။

ထို့ကြောင့်ပင် သူမက သူ ယန်ရှာလမ်းတွင် ဒဏ်ရာရရှိမည့်ဘေးမှ ကင်းဝေးစေရန် မျှော်လင့်ချက်ဖြင့် အိမ်အပြန်လမ်းကို တမင်သက်သက် လမ်းကြောင်းပြောင်းခိုင်းခဲ့ခြင်း ဖြစ်သည်။

လမ်းမကြီးမှာ ဆီးနှင်းများကြောင့် ချောကျိနေခဲ့ပြီး... ဆီးနှင်းပွင့်များမှာလည်း လေထဲ၌ တဖွဲဖွဲ လွင့်ပျံကျဆင်းနေသည်။

ရွှယ်နင်သည် ကိတ်မုန့်ပြားလေးကို သေသေချာချာ ထည့်သိမ်းလိုက်စဉ်... မြောက်လေပြင်းက သူမ၏ ရှုပ်ထွေးနေသော ဆံနွယ်များကို တိုးဝှေ့တိုက်ခတ်သွားခဲ့သည်။

သူမက ကိတ်မုန့်ပြားလေးကို ရင်ခွင်ထဲမှာ တင်းကျပ်စွာ ပိုက်ထားရင်း ရထားလုံးဆီသို့ ခေါင်းငိုက်စိုက်ချကာ လျှောက်လှမ်းလာသည်။

ရထားလုံးအရှေ့တွင် မော့ပိုင်ကို မတွေ့ရတာကြောင့် သူမ ဇဝေဇဝါဖြစ်သွားကာ မေးလိုက်သည်။

“မော့ပိုင် ဘယ်ရောက်သွားတာလဲဟင်”

စုကျန်းက အမှုတွဲဖိုင်များကိုသာ ငုံ့ကြည့်နေဆဲဖြစ်၏။

“အပြန်လမ်းမှာ ရှို့နင်းအတွက် စားစရာတချို့ သွားဝယ်ခိုင်းလိုက်တယ်”

ရွှယ်နင်သည် ခဏလောက် ဆွံ့အသွားပြီးမှ တည်ငြိမ်တဲ့ လေသံဖြင့် “အော်...” ဟုသာ ရေရွတ်လိုက်သည်။

စုကျန်းက သူမကို တစ်ချက် လှမ်းကြည့်လိုက်သည်။

“အပြင်မှာ အေးတယ်၊ တက်လာခဲ့တော့”

ဘာတွေဝေမှုမှ မရှိဘဲ ရွှယ်နင်သည် သူမ၏ ဂါဝန်စကို ပင့်မကာ ရထားလုံးပေါ်သို့ လှမ်းတက်လိုက်သည်။

သူမ ကိုယ်ကို ကိုင်းညွတ်၍ ရထားလုံးလိုက်ကာကို ပင့်မလိုက်ရုံရှိသေး... ရုတ်တရက်ဆိုသလို ရူးသွပ်နေတဲ့သားရဲတိရစ္ဆာန်ကြီးတစ်ကောင်လို ပြင်းထန် အေးစက်သည့် လေပွေလှိုင်းကြီးတစ်ခုက သူမ၏ နောက်ကွယ်မှနေ၍ ဒုန်းစိုင်းတိုက်ခတ် လာခဲ့တော့သည်။

ထိုလေပြင်းက အရှိန်ပြင်းထန်လွန်းသဖြင့် တုံ့ပြန်ရန်ပင် အချိန်မရလိုက်ပေ။

သူမ၏ ကျောပြင်ထက်သို့ ပြင်းထန်စွာ ရိုက်ခတ်ခြင်း ခံလိုက်ရပြီး... စူးရှတဲ့ နာကျင်မှုဝေဒနာတစ်ခုနှင့်အတူ သူမတစ်ကိုယ်လုံး အရှိန်လွန်ကာ ရထားလုံးအတွင်းသို့ ဘုန်းခနဲ လဲကျသွားသည်။

ပထမတော့ စုကျန်းသည် ရွှယ်နင် ခြေချော်ပြီး လဲကျတော့မတတ် ဖြစ်သွားသည်ဟု ထင်ကာ သူမကို ဆူပူကြိမ်းမောင်းရန် ပြင်လိုက်၏။

သို့သော် သူ ခေါင်းမော့ကြည့်လိုက်တဲ့အခါ... ရထားလုံးလိုက်ကာမှာ ဘေးသို့ ဆွဲဖွင့်ခံထားရပြီးဖြစ်ကာ ဓားရှည်ကိုယ်စီ ကိုင်ဆောင်ထားသည့် မျက်နှာဖုံးစွန့် အနက်ရောင်ဝတ် လူသတ်သမားအချို့က တစ္ဆေများအတိုင်း ရထားလုံးအတွင်းသို့ ဝင်ရောက်လာကြတာကို မြင်တွေ့လိုက်ရသည်။

ဒီမြင်ကွင်းကို မြင်လိုက်ရလျှင် စုကျန်း၏ ရင်ထဲ၌ ထိတ်ခနဲ ဖြစ်သွားရ၏။ဒီလူ‌တွေက သေချာပေါက် ရန်ပြုရန် လာရောက်ကြတာ ဖြစ်သည်။

ဘာထပ်မံတွေးတောမှုမှ မရှိဘဲ... သူက သူ၏ ရှည်လျားတဲ့ လက်မောင်းကို အလျင်အမြန် ဆန့်ထုတ်ကာ ကြောင်အမ်းနေဆဲဖြစ်တဲ့ ရွှယ်နင်ကို သူ့ရင်ခွင်ထဲ ဆွဲသွင်း၍ သူမကို ဘေးအန္တရာယ်မှ ကာကွယ်ပေးလိုက်သည်။

“မင်းတို့က ဘယ်သူတွေလဲ”

စုကျန်းက သူ့လေသံကို နှိမ့်ချရင်း ဒေါသတကြီးဖြင့် စိုက်ကြည့်ကာ မေးလိုက်သည်။

“မင်းရဲ့ အသက်ကို ယူမယ့်သူတွေပဲ!”

အနက်ရောင်ဝတ် လူတစ်ယောက်က အော်ဟစ်လိုက်လေသည်။

သူ့စကား ဆုံးသည်နှင့်တစ်ပြိုင်နက်... တိုက်ခိုက်သူများ၏ လက်ထဲမှ ဓားရှည်များက လျှပ်စီးလက်သကဲ့သို့ တောက်ပသွားပြီး ရထားလုံးအတွင်းသို့ ထိုးနှက်လာကြတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင်... စူးရှထက်မြက်သော ဓားအလင်းရောင်များက လေထုထဲ၌ ပြည့်နှက်သွားခဲ့ပြီး အေးစိမ့်ကာ ခြိမ်းခြောက်မှု အရှိန်အဝါများ ထွက်ပေါ်လာသည်။

ဒီရုတ်တရက် တိုက်ခိုက်မှုနှင့် ရင်ဆိုင်လိုက်ရတဲ့အခါ ရွှယ်နင် လုံးဝ ဆွံ့အမှင်သက်သွားခဲ့ပြီး စိတ်အာရုံများ ဗလာဖြစ်သွားသည်။

သူတို့ လုပ်ကြံသူတွေရဲ့ ခြုံခိုတိုက်ခိုက်မှုကို ရှောင်လွှဲဖို့အတွက် လမ်းကြောင်းကိုတောင် တမင်သက်သက် ပြောင်းလဲခဲ့ပြီးပြီ မဟုတ်လား—ဒါဆိုရင် ဘာဖြစ်လို့... သူတို့တွေ ထပ်ပြီး တိုက်ခိုက်ခံနေရပြန်တာလဲ။

သို့သော် ယခုအချိန်၌ ထိုအရာများကို တွေးတောနေရန် အချိန်မရှိချေ။

လုပ်ကြံသူများသည် ဆာလောင်မွတ်သိပ်နေသော ဝံပုလွေအုပ်ကဲ့သို့ တစ်ဟုန်ထိုး ဝင်ရောက်လာကြသဖြင့်... ကျဉ်းမြောင်းသော ရထားလုံးအတွင်း၌ လုံးဝ ဖရိုဖရဲ ဖြစ်သွားသည်။

စုကျန်းတွင် ကိုယ်ခံပညာအနည်းငယ် ရှိသည်ဆိုသော်လည်း... ဒီလောက်အထိ ကျဉ်းမြောင်းတဲ့ နေရာအကန့်အသတ်အတွင်း၌ သူ့အရည်အချင်းများကို အပြည့်အဝ ထုတ်ဖော်ပြသနိုင်ခြင်း မရှိပေ။

ထို့အပြင်... တိုက်ခိုက်သူများက အရေအတွက်အားဖြင့် သာလွန်နေရုံတင်မက... သူနှင့် ရွှယ်နင်ကို ရထားလုံးအတွင်း၌ ပိတ်မိနေအောင် ပိတ်ဆို့ထားကြသည်။

အပြန်အလှန် တိုက်ခိုက်မှု အကြိမ်ရေ တစ်ဒါဇင်ခန့် ရှိပြီးနောက်တွင် စုကျန်းသည် တဖြည်းဖြည်းနှင့် အင်အားချင်းမမျှဘဲ အရေးနိမ့်လာသလို ခံစားလာရပြီး အခြေအနေမှာလည်း ပိုမိုစိုးရိမ်စရာ ကောင်းလာခဲ့သည်။

ရွှယ်နင်သည် စုကျန်း၏ ရင်ခွင်ထဲ၌ ကုန်းကုန်းလေး ပုန်းအောင်းနေခဲ့၏။ သူမကို ကာကွယ်ပေးနေလို့ ဖြစ်လိမ့်မယ်... စုကျန်း၏ လက်မောင်းများနှင့် ပုခုံးများတွင် ဒဏ်ရာအမြောက်အမြား ရရှိနေခဲ့ပြီ။

“ရှီဇီ!”

ကံကောင်းထောက်မစွာဖြင့်ပင် မော့ပိုင်က အချိန်မီ ပြန်လည်ရောက်ရှိလာသည်။

ပျက်စီးယိုယွင်းနေပြီဖြစ်သော ရထားလုံးအပြင်ဘက်၌ ပြင်းထန်သော ဓားချင်းခတ်သံများ ပဲ့တင်ထပ်သွားပြီး အခြေအနေလည်း အနည်းငယ် သက်သာရာရသွားသည်။

ထိုအခါမှသာ စုကျန်း အသက်ရှူရန် အခွင့်အရေး ရရှိတော့၏။ သူက လက်တစ်ဖက်ဖြင့် အနက်ရောင်ဝတ် လူသတ်သမားတစ်ဦး၏ လက်ထဲမှ ဓားရှည်ကို လုယူလိုက်ပြီး... ထပ်မံဝင်ရောက်လာသော တိုက်ခိုက်မှုတစ်ခုကို ခုခံကာကွယ်လိုက်ကာ၊ အခြားလက်တစ်ဖက်ကတော့ ရွှယ်နင်ကို တင်းကျပ်စွာ ပွေ့ဖက်ထားဆဲပင် ဖြစ်၏။

စုကျန်းက သူ၏ နက်မှောင် ပြင်းထန်တဲ့ မျက်ဝန်းများဖြင့် မော့ပိုင်ကို လှမ်းကြည့်ရင်း အမိန့်ပေးလိုက်သည်။

“သူတို့ကို အရှင်ဖမ်းချေ”

မော့ပိုင်က ပြန်ဖြေသည်။

“ဟုတ်ကဲ့!”

တောက်ပတဲ့ သွေးနီရောင်များက သူ့လက်မောင်းထက်မှနေ၍ တဖွဲဖွဲ စီးကျနေသည်။

သူ၏ သွယ်လျသော လက်ဖျားတစ်လျှောက်တွင် ရှည်လျားပြီး နက်ရှိုင်းသော ဓားဒဏ်ရာကြီးတစ်ခုက မြွေတစ်ကောင်လို တွန့်လိမ်နေခဲ့ပြီး အလွန်ကြောက်မက်ဖွယ်ကောင်း၏။

လေထုထဲ၌ ပြင်းထန်သော သွေးညှီနံ့များ လွှမ်းမိုးသွားပြီး ရွှယ်နင် ခေါင်းမူးလာတော့သည်။

"အစ်ကိုကြီး... အဆင်ပြေရဲ့လား”

စုကျန်း၏ နှုတ်ခမ်းထောင့်စွန်း၌ ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ပေါ်ထွက်လာခဲ့ပြီး... သူ၏ ထက်မြက်အေးစက်သော မျက်ဝန်းများနှင့်အတူ ဓားရှည်ကို အခြားလုပ်ကြံသူတစ်ဦး၏ ရင်ဘတ်ထဲသို့ အားပြင်းစွာ ထိုးစိုက်လိုက်သည်။

“ငါ ဘာမှမဖြစ်ဘူး”

ရွှယ်နင်၏ နှလုံးခုန်သံများ မြန်ဆန်လာပြီး မျက်နှာလေးမှာလည်း ဖြူဖျော့နေခဲ့သည်။ သူမက စိတ်သက်သာရာရကာ သက်ပြင်းချရန် ပြင်လိုက်ရုံရှိသေး... အခြားအနက်ရောင်ဝတ် လူသတ်သမားတစ်ဦးက သူတို့ဆီ ထပ်ပြီးတော့ တစ်ဟုန်ထိုး ပြေးဝင်လာတာကို လှမ်းမြင်လိုက်ရပြန်သည်။

ထိုလူက တစ္ဆေတစ်ကောင်ကဲ့သို့ အလွန်အမင်း မြန်ဆန်သော အရှိန်ဖြင့် စုကျန်းဆီ တည့်တည့်မတ်မတ် ဦးတည်တိုက်ခိုက်လာခြင်း ဖြစ်၏။

ရွှယ်နင် တကယ့်ကို ထိတ်လန့်တုန်လှုပ်သွားပြီး... သူမပါ ရောပြီးတော့ ဒဏ်ရာရမှာကို စိုးရိမ်တာကြောင့် စုကျန်း၏ ရင်ခွင်ထဲကနေ အမြန်ဆုံး ရုန်းထွက်ရန်သာ စိတ်ထဲမှာ အလိုရှိနေခဲ့မိသည်။

သို့သော် မျှော်လင့်မထားဘဲ... သူမ ကိုယ်ကို လှုပ်ရှားလိုက်သည့် ထိုအခိုက်အတန့်မှာပင်... ထိုလူ၏ ထက်မြက်သော ဓားဖျားက သူမ၏ ရင်ဘတ်တည့်တည့်သို့ မလွဲမသွေ အတိအကျပင် ထိုးစိုက်ဝင်ရောက်သွားတော့သည်။

ဗြိခနဲ ဆိုသည့် အသံနှင့်အတူ... ဆီးနှင်းများ ဖုံးလွှမ်းနေသော မြေပြင်ထက်ရှိ ဆူညံသံများကြား၌ ဓားသွားက အသားစများကို ဖြတ်သန်းသွားသည့် အသံမှာ အလွန်အမင်း စူးရှထင်ရှားစွာ ထွက်ပေါ်လာလေသည်။

All Chapters