← Chapters

အခန်း ၆၃

Vol. 7 Ch. 63

အခန်း ၆၃

Vol. 7 Ch. 63

အခန်း ၆၃ - ဒဏ်ရာကို ကုသခြင်း

သူမရဲ့ တစ်ကိုယ်လုံး တောင့်တင်းသွားပြီး မျက်နှာလေးက သေလုနီးပါး ဖြူဖျော့သွားကာ၊ စုကျန်း၏ ရင်ခွင်ထဲသို့ အားမရှိစွာဖြင့် ပြိုလဲကျသွားသည်။

ဒါက... ဘယ်လိုလုပ်ပြီး ဖြစ်နိုင်ရတာလဲ...

နာကျင်မှုဝေဒနာက အလွန်ပြင်းထန်လွန်းတာကြောင့် မျက်စိတစ်မှိတ်အတွင်းမှာပင် သူမတစ်ကိုယ်လုံး အေးစက်တဲ့ ချွေးစေးများဖြင့် စိုရွှဲသွား၏။

မဖြစ်နိုင်တာ... သူမက ဒီလိုမျိုး နောက်ထပ်တစ်ကြိမ် ထပ်ပြီးသေဆုံးရဦးမှာတဲ့လား။

“ရွှယ်နင်!”

စုကျန်းသည် မယုံကြည်နိုင်စွာ မျက်မှောင်ကြုတ်လိုက်ပြီး... သူမ၏ နုနယ်တဲ့ ကိုယ်လုံးလေးကို သူ့ရင်ခွင်ထဲမှာ တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်သည်။

သူ ပြန်မော့ကြည့်လိုက်တဲ့အခါ... ထုံးစံအတိုင်း နက်မှောင်သော သူ၏ ဖီးနစ်မျက်ဝန်းများက သွေးရောင်လွှမ်းလျက် ဒေါသတကြီး ဖြစ်နေသည်။ မှုန်ရီနေသော ဆီးနှင်းအလင်းရောင်အောက်တွင်... သူ၏ မျက်ဝန်းများက အတိုင်းအဆမရှိ နက်ရှိုင်းသော ရေခဲချောက်နက်ကြီးတစ်ခုနှင့် တူနေခဲ့ပြီး၊ သို့မဟုတ်ပါကလည်း လမ်းခရီးတွင်ရှိသမျှ အရာအားလုံးကို ဝါးမြိုဖျက်ဆီးပစ်နိုင်စွမ်းရှိသည့် တောက်လောင်နေသော ငရဲမီးလျှံကြီးတစ်ခုလိုပင်။ဒီလောက်အထိ ပြင်းထန်တဲ့ ဒေါသများက ဘယ်နေရာကနေ ရောက်ရှိလာမှန်း သူကိုယ်တိုင်လည်း မသိပေ။

သို့သော် ရွှယ်နင်က သူ့အတွက် ထိုဓားချက်ကို ဝင်ခံပေးတာကို မြင်တွေ့လိုက်ရတာက... သူ့ရင်ဘတ်ကို အစိမ်းလိုက် ရက်ရက်စက်စက် အမွှန်းခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး၊ နာကျင်လွန်းတာကြောင့် အသက်ရှူရန်ပင် ခက်ခဲနေသည်။

“စု.. စုကျန်း...”

မိန်းမပျိုလေးက အသက်ကို လုရှူနေရပြီး... မျက်ရည်များ ဝိုင်းစက်နေတဲ့ သူမ၏ မျက်ဝန်းများကနေ မျက်ရည်များ စီးကျလာသည်နှင့်အမျှ မျက်နှာထက်ရှိ သွေးရောင်များလည်း လုံးဝ ဆုတ်ယုတ်သွားခဲ့ပြီ ဖြစ်သည်။

“စကားမပြောနဲ့တော့... ငါ မင်းကို အသေမခံဘူး”

သူ့မှာ အနက်ရောင်ဝတ် တိုက်ခိုက်သူများကို အချိန်ပေးနေရန် စိတ်မရှိတော့ချေ။ သူ့ဓားရှည်ကို ကောက်ကိုင်လိုက်ပြီး ဘေးတိုက် ဝေ့ယမ်းလိုက်ရာ... ရွှယ်နင်ကို ဒဏ်ရာရရှိအောင် ပြုလုပ်ခဲ့တဲ့ ထိုလူ၏ လည်ပင်းကို အားပြင်းစွာ လှီးဖြတ်ပစ်လိုက်သည်။

တောက်ပသော သွေးနီရောင်များက နေရာအနှံ့သို့ ပန်းထွက်သွားခဲ့သော်လည်း... ၎င်းက သူ့အတွက် အားရကျေနပ်မှု မရှိသေးချေ။ နောက်ထပ် ဓားချက်တစ်ခုနှင့်အတူ... သူက ထိုလူ၏ ဦးခေါင်းကို အပြတ်အသတ်ပင် ခုတ်ဖြတ်ပစ်လိုက်တော့၏။

လတ်ဆတ်ပြီး နွေးထွေးနေဆဲဖြစ်တဲ့ ဦးခေါင်းပြတ်ကြီးတစ်ခုက သူ့ခြေဖျားနားသို့ လိမ့်ဆင်းသွားသည်။

ရွှယ်နင်က ဒီလို ကြောက်မက်ဖွယ် မြင်ကွင်းမျိုးကို တစ်ခါမှ မမြင်တွေ့ဖူးခဲ့တာကြောင့် ချက်ချင်းပင် သတိလစ်သွားသည်။

“သခင်မလေး! သခင်မလေး! ဘာဖြစ်လို့လဲ”

“ရှီဇီ... ရှီဇီ... ကယ်ပါဦး!”

နောက်ဆုံးတွင်မူ... လုမိသားစု၏ ရထားလုံးက နောက်ကနေ အမှီလိုက်ပါလာခဲ့ပြီ ဖြစ်သည်။ မကြာမီမှာပင် ပေါင်ချန်၏ ရင်ကွဲမတတ် ငိုကြွေးအော်ဟစ်သံများက လမ်းမကြီးတစ်ခုလုံး ပဲ့တင်ထပ်သွားသည်။

စုကျန်းသည် နောက်သို့ လှည့်မကြည့်ခင် အနက်ရောင်ဝတ် လူသတ်သမား သုံးဦးကို ထပ်မံ၍ သတ်ပစ်လိုက်သေး၏။ ရွှယ်နင်၏ မျက်ဝန်းများ တင်းကျပ်စွာ ပိတ်ကျနေတာကို မြင်လိုက်ရတဲ့အခါ သူ့ နှလုံးခုန်သံက ခဏလောက် ရပ်တန့်သွားရသည်။

တစ်ကိုယ်လုံး သွေးများဖြင့် စိုရွှဲနေသော သူသည်... ခဏလောက် ကြောင်အမ်းကာ ရပ်တန့်နေခဲ့မိပြီးမှ လေနှင့်ဆီးနှင်းများကို ဖြတ်သန်း၍ သူမ၏ ဘေးနားသို့ အလျင်အမြန် ပြေးဝင်သွားတော့သည်။

မိန်းမပျိုလေးသည် ထူထပ်သော ဆီးနှင်းများပေါ်၌ ငြိမ်သက်စွာ လဲလျောင်းနေခဲ့ပြီး... သူမ၏ ရင်ဘတ်ထက်တွင် သွေးများဖြင့် ရဲရဲနီနေခဲ့ကာ၊ မျက်နှာငယ်လေးမှာလည်း စက္ကူတစ်ရွက်ပမာ ဖြူဖျော့နေခဲ့သဖြင့် အသက်ဇီဝိန် လုံးဝ ချုပ်ငြိမ်းသွားခဲ့ပြီဖြစ်သည့်အတိုင်းပင်။

မျက်စိတစ်မှိတ်အတွင်းမှာပင်... သူ့နှလုံးသား ထုံကျင်သွားပြီး အသက်ရှူသံများပါ ဆို့နင့်သွားခဲ့သည်။

“ရွှယ်နင်... နိုးလာခဲ့စမ်းပါ... နိုးလာခဲ့စမ်းပါဦး...”

မိန်းမပျိုလေးက မည်သည့်လှုပ်ရှားမှုမျှ မရှိဘဲ ငြိမ်သက်နေဆဲပင်။ သူမ၏ မျက်နှာထက်တွင်လည်း ဆီးနှင်းအလွှာပါးလေးတစ်ခု ဖုံးလွှမ်းနေသည်။

သူ့နှုတ်ခမ်းများကို တင်းကျပ်စွာ စေ့ထားလိုက်မိပြီး ကိုယ်ကို ကိုင်းညွတ်လိုက်ကာ... သူမကို သူ့ရင်ခွင်ထဲသို့ ဆွဲပွေ့ချီလိုက်ရင်း၊ အားစိုက်ထုတ်ထားမှုကြောင့် သူ့လက်ဆစ်များပင် ဖြူဖျော့သွားသည်။

“မင်းတို့အားလုံးက... ဘာလို့ ဒီအတိုင်း ကြောင်ရပ်ကြည့်နေကြတာလဲ။ အိမ်တော်ကို ချက်ချင်း ပြန်ကြမယ်!”

ပေါင်ချန်သည် သူ၏ အော်ဟစ်ငေါက်ငမ်းသံကြောင့် လန့်သွားခဲ့ပြီး မော့ကြည့်လိုက်တဲ့အခါ... ထုံးစံအတိုင်း တည်ငြိမ်လွန်းလှသော ရှီဇီ၏ မျက်ဝန်းများထဲ၌ အတိုင်းအဆမရှိ ထိတ်လန့်တုန်လှုပ်မှု အရိပ်အယောင်များဖြင့် ပြည့်နှက်နေတာကို မြင်တွေ့လိုက်ရသည်။

သူမက ငိုကြွေးနေတဲ့ မျက်ရည်များကို သုတ်လိုက်ရင်း အတင်းအကျပ် ရုန်းထလိုက်သည်။

သူမ စိတ်ကို ပြန်လည်စုစည်းမိသွားသည့် အချိန်၌ ရှီဇီသည် သူမ၏ သခင်မလေးကို ရင်ခွင်ထဲမှာ ပွေ့ထားပြီး မြင်းပေါ်သို့ လွှားခနဲ တက်စီးကာ...

ထိုမြင်းက ဒုန်းစိုင်းနှင် ထွက်ခွာသွားခဲ့ပြီး မြင်ကွင်းထဲမှနေ၍ အဝေးသို့ ချက်ချင်းပင် ကွယ်ပျောက်သွားသည်။

...

ညဉ့်နက်သန်းခေါင်အချိန်သို့ ရောက်ရှိလာခဲ့သည့်တိုင်အောင်ပင်... ရွှမ်းယီနယ်စားမင်းအိမ်တော်ကြီးတစ်ခုလုံး မီးအလင်းရောင်များဖြင့် ထိန်လင်းနေသည်။

သွေးရောင်လွှမ်းနေတဲ့ ရေဇလုံများကို ‘ချီယွင်ဆောင်’ အတွင်းမှနေ၍ တစ်လုံးပြီးတစ်လုံး အပြင်သို့ သယ်ဆောင်လာခဲ့ကြသဖြင့်... အခန်းအတွင်း၌ ညှီစို့စို့ သွေးနံ့များဖြင့် ပြည့်နှက်နေ၏။

စုကျန်း အိမ်အပြန်လမ်းမှာ ခြုံခိုတိုက်ခိုက် ခံခဲ့ရတယ်ဆိုတဲ့ သတင်းကြောင့် နယ်စားမင်းအိမ်တော်ကြီးတစ်ခုလုံး ဖရိုဖရဲ ဖြစ်သွားခဲ့သည်။

စုကျန်း ပြန်ရောက်လာခဲ့ပြီး သွေးများဖြင့် စိုရွှဲနေသော ရွှယ်နင်ကို ရင်ခွင်ထဲမှာ ချီပွေ့ထားတာကို မြင်တွေ့လိုက်ရသည့် အခိုက်အတန့်ကျမှသာ... လူတိုင်း၏ ရင်ထဲ၌ တဒိန်းဒိန်း ခုန်ပေါက်နေခဲ့ကြသော စိုးရိမ်စိတ်များက နောက်ဆုံးတွင် ပြန်လည်တည်ငြိမ်သွားကြသည်။

ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိသွားတာက စုကျန်း မဟုတ်ဘဲ ရွှယ်နင်ဖြစ်နေတယ်ဆိုတဲ့ အချက်ကို သိလိုက်ရသည့်အခါ... လူအများစုက ရင်ထဲမှာ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်နိုင်ကြတော့သည်။

အခြားသူများကို ပြန်လွှတ်လိုက်ပြီးတဲ့နောက်... သခင်မကြီးရှဲ့နှင့် သခင်မကျန်းတို့သည် အပြင်ခန်း၌ စိုးရိမ်တကြီးဖြင့် စောင့်နေခဲ့ကြပြီး၊ ရံဖန်ရံခါတွင် အတွင်းခန်းဆောင်ဆီသို့ လှမ်း၍ မျှော်ကြည့်နေကြသည်။

အကာအရံလိုက်ကာ၏ နောက်ကွယ်တွင် ရွှယ်နင်၏ မျက်နှာငယ်လေးတစ်ခြမ်းမှာ လုံးဝကို သွေးဆုတ်ဖြူဖျော့လို့နေခဲ့ပြီ။

ကျိုးပဲ့နေသော ဓားရှည်တစ်ခုက သူမ၏ ရင်ဘတ်တည့်တည့်မှာ စိုက်ဝင်နေခဲ့ပြီး... ဒဏ်ရာဝမှ သွေးများကလည်း အဆက်မပြတ် စိမ့်ထွက်ကာ၊ သူမ ဝတ်ဆင်ထားသော ထူထဲသည့် အပေါ်အင်္ကျီတိုလေးကိုပါ ရဲရဲနီအောင် စိုရွှဲစေတော့သည်။

စုကျန်း၏ အခြေအနေမှာလည်း အထူးတလည် ကောင်းမွန်မနေခဲ့ချေ။ တုန်းကျင်းမြို့တော်၏ မြို့စောင့်တပ်ဖွဲ့ဝင်များ အချိန်မီ ရောက်ရှိလာခဲ့ကြတယ်ဆိုပေမယ့် သူကိုယ်တိုင်လည်း ဒဏ်ရာတွေ ရရှိခဲ့တာ မဟုတ်လား။

အခု တစ်ကိုယ်လုံး သွေးများဖြင့် ပေကျံနေပြီး ခက်ထန်တည်တင်းသော အမူအရာဖြင့် သူက ရွှယ်နင်၏ ကုတင်ဘေးနား၌ ထိုင်နေခဲ့ကာ... သတိလစ်နေသော ထိုကိုယ်လုံးငယ်လေးကိုပဲ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိသည်။

ညဉ့်နက်သန်းခေါင်အချိန်၌ အရေးပေါ် ဆင့်ခေါ်ခြင်း ခံလိုက်ရသော သမားတော်ကြီးစွန်းသည် ရွှယ်နင်၏ ဒဏ်ရာများကို မြင်တွေ့လိုက်ရသည်နှင့်တစ်ပြိုင်နက် ၎င်း၏ ပြင်းထန်သော အခြေအနေကို ချက်ချင်းပင် ရိပ်မိနားလည်သွားသည်။

သူက နဖူးထက်မှ စီးကျလာသော အေးစက်တဲ့ ချွေးစေးများကို သုတ်လိုက်ရင်း ဆေးသေတ္တာကို ဘေးသို့ ချလိုက်သည်။

“ရှီဇီ... မိန်းကလေးရွှယ်ရဲ့ ဒဏ်ရာက...”

စုကျန်း၏ ဦးနှောက်တစ်ခုလုံး ဝူးဝူးဝါးဝါး မြည်ဟီးသွားပြီး... သူ့မျက်စိရှေ့တွင်လည်း သွေးရောင်အလွှာပါးတစ်ခုက ချက်ချင်းပင် ဖုံးလွှမ်းသွားသည်။ သူ့လေသံက အက်ကွဲခြောက်ကပ်နေသည်။

“သူ(မ)ကို ကယ်ပေး”

သမားတော်ကြီးစွန်းသည် နယ်စားမင်းအိမ်တော်ရှိ ဂုဏ်သရေရှိ လူကြီးလူကောင်းများကို ပုံမှန်ကြည့်ရှုစောင့်ရှောက်ပေးရသော သမားတော်တစ်ဦးဖြစ်သလို... ရွှယ်နင် နေမကောင်းဖြစ်သည့် အခါတိုင်းတွင်လည်း အမြဲတမ်း လာရောက်ကုသပေးလေ့ရှိသူ ဖြစ်သည်။

သို့သော်လည်း... ဒီသခင်မလေးက အရင်တုန်းက ခန္ဓာကိုယ် အားနည်းတဲ့ ဝေဒနာကိုပဲ အမြဲခံစားခဲ့ရတာ ဖြစ်သည်။ ဒီနေ့ညတော့ မည်သည့်အကြောင်းရင်းကြောင့်မှန်းမသိဘဲ... ဒီလောက်အထိ ပြင်းထန်တဲ့ ဓားဒဏ်ရာကြီးကို ရရှိလာသည်။

သူမကို မကယ်ချင်တာ မဟုတ်ဘူး။ ဒါပေမဲ့ ၎င်းက လုံးဝကို မဖြစ်နိုင်တော့တဲ့ ကိစ္စတစ်ခုလို့ သူ ခံစားနေရတယ်။

ဓားသွားက သူမ၏ နှလုံးသားတည့်တည့် စိုက်ဝင်နေတာ ဖြစ်သည်။ အကယ်၍ အဲ့ဒါကိုသာ အပြင် ဆွဲနှုတ်လိုက်မယ်ဆိုပါက... သူမ သေချာပေါက် အသက်ပျောက်သွားလိမ့်မယ်။

သမားတော်ကြီးစွန်းသည် မည်သည့်လှုပ်ရှားမှုမျှ မရှိဘဲ ကြောင်အမ်းကာ ရပ်နေမိ၏။

စုကျန်း၏ မျက်ခုံးများ တင်းကျပ်စွာ တွန့်ချိုးသွားပြီး... သူ၏ သွေးရောင်လွှမ်းနေသော အေးစက်သည့်မျက်ဝန်းများဖြင့် စူးစိုက်ကြည့်လာသည်။

“ဘာလို့ အခုထိ ဘာမှမလုပ်သေးတာလဲ”

သမားတော်ကြီးစွန်း တကယ့်ကို ထိတ်လန့်တုန်လှုပ်သွားပြီး မျက်နှာတစ်ခုလုံးလည်း ချွေးများက ရေစီးကြောင်းကဲ့သို့ စီးကျနေသည်။

“ရှီဇီ... ကျွန်တော် မကယ်ချင်လို့ မဟုတ်ပါဘူး... မိန်းကလေးရွှယ်ရဲ့ ဓားဒဏ်ရာက သာမန်ဒဏ်ရာမျိုး မဟုတ်လို့ပါ။ အကယ်၍ ဓားသွားကိုသာ ဆွဲနှုတ်လိုက်မယ်ဆိုရင်... သူ(မ)ရဲ့ နှလုံးသားဆီကနေ သွေးတွေ အများကြီး ပန်းထွက်လာပါလိမ့်မယ်... အဲဒီအချိန်ကျရင်တော့... ဘယ်လိုဆေးဝါးနဲ့မှ ကယ်တင်နိုင်စွမ်း ရှိတော့မှာ မဟုတ်ပါဘူး...”

သမားတော်ကြီးစွန်းက အဆက်မပြတ် လျှောက်လဲတင်ပြနေခဲ့သော်လည်း... စုကျန်း၏ စိတ်အာရုံများက တဖြည်းဖြည်းနှင့် ပိုမိုဆိုးရွား ပြင်းထန်လာခဲ့ပြီး၊ သူ့မျက်ဝန်းများထဲတွင် ဖိနှိပ်ထားခဲ့တဲ့ ဒေါသလှိုင်းလုံးကြီးများက အကြိမ်ကြိမ် ထကြွနေခဲ့ပြီ ဖြစ်သည်။

သူက သူ့ကိုယ်သူ အတင်းအကျပ် တည်ငြိမ်အောင် ထိန်းချုပ်လိုက်၏။

“ဒါဆို အခု ငါတို့ ဘာဆက်လုပ်သင့်လဲ”

သမားတော်ကြီးစွန်းက ပြန်ဖြေသည်။

“ကျွန်တော်လည်း မသိတော့ပါဘူး... ရှီဇီ... ဖြစ်နိုင်ရင်တော့ တခြားသမားတော်တချို့ကိုပါ ထပ်ဆင့်ခေါ်ပြီး... သူ(မ)ကို အတူတူ စစ်ဆေးကြည့်စေပြီးတော့ ကယ်တင်နိုင်မယ့် နည်းလမ်း ရှိ၊ မရှိ တိုင်ပင်ကြည့်တာက ပိုကောင်းပါလိမ့်မယ်”

စုကျန်းက မျက်နှာလွှဲလိုက်သည်။

“မော့ပိုင်”

မော့ပိုင်က ရှေ့သို့ လှမ်းတက်လာ၏။

“လက်အောက်ငယ်သား ရှိပါတယ်”

စုကျန်း၏ ပါးလွှာတဲ့ နှုတ်ခမ်းများ တင်းကျပ်စွာ စေ့သွားခဲ့သည်။

“သွားပြီး... သူတို့ကို ချက်ချင်း ခေါ်လာခဲ့!”

မော့ပိုင်က အလျင်အမြန်ပင် ပြန်ပြောလိုက်၏။

“ဟုတ်ကဲ့”

သခင်မကျန်းက ငိုရလွန်းသဖြင့် တစ်ကိုယ်လုံး အားမရှိ ဖြစ်နေသည်။ သူမက အကာအရံလိုက်ကာကို ပတ်၍ အတွင်းသို့ ဝင်ရောက်လာခဲ့ပြီးနောက်... အသက်ရှူသံ ခပ်ဖျော့ဖျော့သာ ရှိတော့ပြီး ဝင်သက်ထက် ထွက်သက်က ပိုမိုရှည်လျားနေသော ရွှယ်နင်၏ သနားစရာကောင်းတဲ့ ပုံစံလေးကို မြင်လိုက်ရသည့်အခါ သူမရဲ့ နှလုံးသားကို အစိမ်းလိုက် အနွှာခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

“သမားတော်ကြီးစွန်း... ရှင် ဘာပဲဖြစ်ဖြစ် နင်နင်ကို သေချာပေါက် ကယ်တင်ပေးရမယ်...”

သမားတော်ကြီးစွန်း၏ အိုမင်းရင့်ရော်နေသော မျက်နှာသည် ဖြူဖျော့သွားခဲ့ပြီး မည်သည့်စကားမျှ ပြန်မပြောရဲပေ။

စုကျန်း တစ်ကိုယ်လုံးမှ ထွက်ပေါ်နေသော ဖိနှိပ်ချုပ်ချယ်လွန်းသည့် အေးစက်စက် အရှိန်အဝါများလည်း ပိုမို၍ ပြင်းထန်လာသည်။

ဒီလူဟာ တရားရေးဝန်ကြီးဌာနတစ်ခုလုံးတွင် အရက်စက်တတ်ဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်ရာ... သမားတော်ကြီးအနေနှင့် မဆင်မခြင် လှုပ်ရှားဝံ့ခြင်း မရှိပေ။

ထို့ကြောင့်ပင်... ကျိုးပဲ့နေတဲ့ ဓားရှည်က ရွှယ်နင်၏ ရင်ဘတ်ထက်၌ ထိုးစိုက်လျက်သား ဆက်ကျန်ရှိနေခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ဓားပြတ်ကို ဒီအတိုင်း ဆက်ထားရှိနေခြင်းကလည်း ကောင်းမွန်တဲ့စိတ်ကူးတစ်ခု မဟုတ်ပေ။

ရွှယ်နင်၏ ခန္ဓာကိုယ်က မူလကပင် အလွန် အားနည်းလွန်းသူ ဖြစ်၏။ အကယ်၍ ဒီအတိုင်းသာ အချိန်ဆွဲနေမယ်ဆိုပါက... သူမရဲ့ အသက် ဖြည်းဖြည်းချင်း ချုပ်ငြိမ်းသွားမည့်အချိန်ကို ထိုင်စောင့်နေရတာနှင့် တူလိမ့်မည်။

စုကျန်းသည် သွေးများဖြင့် ပေကျံနေသော သူ့လက်များကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ သူ၏ နဖူးထက်တွင်လည်း လုပ်ကြံသတ်ဖြတ်သူများ၏ သွေးများက စွန်းထင်းနေပြီး... သူ့ခန္ဓာကိုယ်နှင့် လည်ပင်းတစ်လျှောက်တွင်လည်း သွေးနီရောင်များဖြင့် ဖုံးလွှမ်းနေခဲ့သည်။

ယခု အခန်းတွင်း၌ လှုပ်ခတ်နေသော ဖယောင်းတိုင်မီးအလင်းရောင်အောက်တွင် သူ၏ ချောမောသော မျက်နှာသည် ငရဲပြည်ကနေ ရုန်းကန်တက်လှမ်းလာခဲ့တဲ့ မိစ္ဆာတစ်ကောင်လို ထင်မှတ်ရသည်။

သမားတော်ကြီးစွန်းက တာဝန်ယူရမှာကို စိုးရိမ်တာကြောင့် မလှုပ်ရှားရဲဘဲ ရှိနေပေမယ့် စုကျန်းကတော့ ရွှယ်နင်ကို ဘာမျှော်လင့်ချက်မှ မရှိဘဲ ဒီအတိုင်း အသေမခံနိုင်ပေ။

သူ့စိတ်ကို အပြတ်အသတ် ဆုံးဖြတ်ချက်ချပြီးနောက်... စုကျန်းက ဓားပြတ်ကို သူကိုယ်တိုင်သာ ဆွဲနှုတ်ရန် ဆုံးဖြတ်လိုက်သည်။

“သွေးတိတ်အောင် လုပ်ဖို့အတွက် အသင့်ပြင်ထားလိုက်”

သမားတော်ကြီးစွန်းက အလျင်အမြန်ပင် ပြောလိုက်သည်။

“ရှီဇီ... မိန်းကလေးရွှယ်ရဲ့ အဝတ်အစားတွေက ထူလွန်းနေပါတယ်...အဲ့ဒါက ကျွန်တော် ဒဏ်ရာကို ကုသတဲ့နေရာမှာ အဟန့်အတား ဖြစ်စေပါလိမ့်မယ်...”

စုကျန်း မျက်မှောင်ကြုတ်လိုက်မိပြီး ရှေ့တိုးရခက်၊ နောက်ဆုတ်ရခက်သည့် အကျပ်အတည်းတစ်ခုနှင့် ရင်ဆိုင်လိုက်ရတော့သည်။ အမျိုးသမီးတစ်ဦးအတွက် သူမရဲ့ဂုဏ်သိက္ခာက အသက်ထက် အရေးကြီးတယ် မဟုတ်လား။ သူမ ဒဏ်ရာရနေတဲ့ အချိန်မှာတောင် သူမ၏ ဖြူစင်မှုကို အပွန်းပဲ့ခံ၍ မဖြစ်နိုင်ပေ။

သမားတော်ကြီးစွန်းက စုကျန်း၏ စိတ်ထဲ၌ စိုးရိမ်ပူပန်နေတာများကို ရိပ်မိသွားသဖြင့် နည်းလမ်းတစ်ခုကို တင်ပြလာသည်။

“ကျွန်‌တော် ရှီဇီ့ကို သွေးတိတ်စေမယ့် နည်းစနစ်ကို သင်ကြားပေးနိုင်ပါတယ်။ ရှီဇီကိုယ်တိုင် မိန်းကလေးရွှယ်ရဲ့ အဝတ်အစားတွေကို ဖယ်ရှားပြီး ဓားပြတ်ကို ဆွဲနှုတ်လိုက်တဲ့ အချိန်မှာပဲ... ဒီသွေးတိတ်ဆေးမှုန့်တွေကို ဒဏ်ရာဝပေါ်ကို ဖြူးပေးလိုက်ပါ၊ ပြီးတာနဲ့ အဝတ်ဖြူပတ်တီးနဲ့ တင်းတင်းကျပ်ကျပ် စည်းပေးရပါမယ်။ အဲဒီနောက်ပိုင်းကတော့... ကံကြမ္မာရဲ့ အလှည့်အပြောင်းအပေါ်မှာပဲ ပုံအပ်ထားရပါတော့မယ်...”

“ဒီလို အရေးကြီးနေတဲ့ အချိန်မျိုးမှာ... ဘာဖြစ်လို့ အဲဒီလို အသေးအဖွဲ ကိစ္စတွေကို ဂရုစိုက်နေရဦးမှာလဲ”

သခင်မကျန်းကိုယ်တိုင်ပင် ရှေ့တက်၍ လုပ်ဆောင်ချင်နေခဲ့သော်လည်း... သူမက အပြင်လောကနှင့် အဆက်အသွယ်မရှိတဲ့ အိမ်တွင်းပုန်း အမျိုးသမီးတစ်ဦးဖြစ်သည့်အတွက် ဒီလိုဓားဒဏ်ရာများကို ကုသဖူးသည့် အတွေ့အကြုံ လုံးဝ မရှိချေ။ သူမ၏ စိုးရိမ်ထိတ်လန့်မှုများကြောင့် ရွှယ်နင်အပေါ် ပို၍ အန္တရာယ်ဖြစ်စေမှာကို စိုးရိမ်သဖြင့် သူမက အလျင်စလိုပင် ပြောလိုက်သည်။

“နင်နင်ရဲ့ အသက်ကို ကယ်တင်နိုင်ဖို့ကသာ အဓိကပဲ၊ အဲဒီလို အသေးအဖွဲဂုဏ်သိက္ခာတွေကို အမေ ဂရုမစိုက်နိုင်တော့ဘူး။ ကျန်းအာ... မင်းက ဘာဖြစ်လို့ အခုထိ တွေဝေနေရသေးတာလဲ”

All Chapters