အခန်း ၆၄
Vol. 7 Ch. 64
အခန်း ၆၄ - သူ၏ ကြီးစိုးခြယ်လှယ်မှု
စုကျန်း ခဏလောက် တိတ်ဆိတ်သွားသည်။ သူက ရှဲ့နင်းထန်နှင့် လက်ထပ်ဖို့အတွက် ကိစ္စရပ်များကို စတင်ဆွေးနွေးရုံရှိသေး... ရွှယ်နင်က သူ့အတွက် ဒီလောက်အထိ ပြင်းထန်တဲ့ ဓားချက်ကို ဝင်ခံပေးခဲ့တယ်။
အကယ်၍ သူက အခု သူမရဲ့ ဒဏ်ရာကို ကုသပေးရင်း ခန္ဓာကိုယ်ကို မြင်တွေ့လိုက်ရမယ်ဆိုပါက... သဘာဝကျကျပင် သူမအပေါ် တာဝန်ယူရလိမ့်မယ်။
သူမ သူ့ကို ကာကွယ်ပေးခဲ့တဲ့အချိန်တုန်းက ဘာတွေတွေးနေခဲ့လဲဆိုတာ သူ မသိပေမယ့်လည်း ဘယ်လိုပဲဖြစ်ဖြစ် သူမက သူ့အသက်ကို ကယ်တင်ပေးခဲ့တာ အမှန်ပင်။ အကြောင်းပြချက်အရဖြစ်ဖြစ် သံယောဇဉ်အရဖြစ်ဖြစ် သူက သူမကို သင့်တော်ကောင်းမွန်တဲ့ ဂုဏ်ပုဒ်တစ်ခု ပေးအပ်ရန် တာဝန်ရှိသည်။
“ထားလိုက်တော့... ရှဲ့နင်းထန် အိမ်တော်ကို လက်ထပ်ဝင်ရောက်လာပြီးတဲ့နောက်ကျရင်... သူ(မ)ကို ကိုယ်လုပ်တော်အဖြစ် ငါ ယူလိုက်ရုံပေါ့”
သူ့စိတ်ထဲမှာ ဒီလိုမျိုး ဆုံးဖြတ်ချက်ချပြီးနောက် စုကျန်းသည် သမားတော်ကြီးစွန်းနှင့် အခြားသူများကို အပြင်သို့ ထွက်သွားစေပြီး၊ ရွှယ်နင်၏ ဒဏ်ရာဝမှ ဓားကို ဆွဲနှုတ်ရန်အတွက် အပြည့်အဝ အသင့်ပြင်ဆင်လိုက်သည်။
သို့သော် သူ လက်ကို ဆန့်ထုတ်လိုက်ရုံရှိသေး သူ၏ လက်က အခြားသွယ်လျထင်ရှားသည့် လက်တစ်ခု၏ ပိတ်ဆို့တားဆီးခြင်းကို ခံလိုက်ရလေသည်။
ထိုအမျိုးသားသည် ဘယ်သူမှ သတိမထားမိလိုက်ဘဲ အခန်းတွင်းသို့ ရုတ်တရက် ဝင်ရောက်လာခဲ့ခြင်း ဖြစ်ကာ... တစ်ကိုယ်လုံး၌ အေးစက်ပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများကို သယ်ဆောင်လာခဲ့သည်။ သူက စုကျန်း၏ လက်မောင်းကို အားပြင်းစွာဖြင့် ဘေးသို့ တွန်းဖယ်ပစ်လိုက်ပြီး ဂရုမစိုက်ဘဲ ခြယ်လှယ်လိုစိတ် ကြီးမားစွာဖြင့် နေရာကို အစားထိုး ဝင်ယူလိုက်သည်။ သူ မျက်နှာကို အနည်းငယ် လွှဲလိုက်သည့်အခါ... ဆွဲဆောင်မှုအပြည့်ရှိပြီး အနှိုင်းမဲ့တဲ့ မက်မွန်ပွင့်မျက်ဝန်းများက စုကျန်းကို နက်ရှိုင်းသော ဖိအားများနှင့်အတူ စိုက်ကြည့်လာခဲ့သည်။
စုကျန်းက တွန်းဖယ်ခြင်း ခံလိုက်ရသဖြင့် အရှိန်လွန်ကာ ယိုင်တိယိုင်တိုင် ဖြစ်သွားပြီး၊ ခဏလောက် ကြောင်အမ်းသွားကာ... ထို့နောက်မှ လီချန်ချဲ့ကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။
လီချန်ချဲ့က သူ့ခံစားချက်များကို အတင်းအကျပ် ထိန်းချုပ်ရင်း လှောင်ပြုံးပြုံးလိုက်၏။
“အကယ်၍ ငါသာ ရောက်မလာခဲ့ရင်... စုရှီဇီက ရွှယ်နင် သေသွားတာကို ဒီအတိုင်း ထိုင်ကြည့်နေတော့မှာလား”
စုကျန်းသည် သူကိုယ်တိုင်ပင် အံ့အားသင့်နေတဲ့ လေသံဖြင့် ပြန်ပြောလိုက်သည်။
“ငါ အဲလိုမျိုး အသေမခံပါဘူး"
လီချန်ချဲ့၏ လေသံက ပြတ်သားပြီး သူ့အကြည့်များကလည်း ရေခဲအတိုင်း အေးစက်ကာ ကြောက်မက်ဖွယ်ကောင်းနေသည်။
“အပြင်ထွက်သွား”
စုကျန်း၏ အမူအရာသည် ချက်ချင်းပင် အေးစက်သွား၏။ သူက လီချန်ချဲ့ ရွှယ်နင်၏ အဝတ်အစားများကို စစ်ဆေးကြည့်ရှုမှာကို တားဆီးရန်အတွက် ရှေ့သို့ တစ်လှမ်းတိုးပြီး ရုတ်တရက် အော်ဟစ်ငေါက်ငမ်းလိုက်တော့သည်။
“မင်းက ဘာမို့လို့လဲ... ဘာမှမပတ်သက်တဲ့ ယောကျာ်းတစ်ယောက်က ဘာဖြစ်လို့ သူ(မ)ရဲ့ အိပ်ဆောင်ထဲကို ဝင်လာရတာလဲ!”
လီချန်ချဲ့ကတော့ သူ့ကို မျက်လုံးထောင့်စွန်းဖြင့်ပင် တစ်ချက် လှည့်မကြည့်ချေ။ သူ့နောက်က လိုက်လာတဲ့ ဖူရှန်းကိုပဲ ညွှန်ကြားလိုက်၏။
“စုရှီဇီကို အပြင် ပို့ပေးလိုက်”
စုကျန်းသည် သူ့မျက်ဝန်းများကို အန္တရာယ်ရှိစွာ ကျဉ်းမြောင်းလိုက်ပြီး လက်သီးကို တင်းကျပ်စွာ ဆုပ်ကိုင်ကာ ရှေ့သို့ အားပြင်းစွာ ထိုးနှက်လိုက်တော့သည်။
လီချန်ချဲ့က တည်ငြိမ်အေးဆေးစွာဖြင့် ကိုယ်ကို လှည့်လိုက်ရင်း... သူ၏ ကျယ်ပြန့်သော ဝတ်ရုံလက်စကို ဝေ့ယမ်းကာ စုကျန်း၏ တိုက်ခိုက်မှုကို ပိတ်ဆို့လိုက်ပြီးနောက်၊ ခြေထောက်ကို မြှောက်ကာ သူ့ကို မြေပြင်ထက်သို့ ဘုန်းခနဲ လဲပြိုကျသွားအောင် ကန်ထုတ်ပစ်လိုက်တော့သည်။
စုကျန်းသည် ဒီလောက်အထိ အရှက်ရဖွယ်ကောင်းတဲ့ အခြေအနေမျိုးနှင့် တစ်ခါမှ မကြုံတွေ့ခဲ့ဖူးပေ။ သူ၏ နက်မှောင်သော မျက်ဝန်းများက လီချန်ချဲ့ကို အေးစက်စွာဖြင့် စိုက်ကြည့်နေသည်။
ထိုအခါမှသာ လီချန်ချဲ့က သူ့ကို ဂရုတစိုက်နှင့် တစ်ချက် ကြည့်လာခဲ့သော်လည်း... သူ့မျက်ဝန်းများကတော့ အတိုင်းအဆမရှိ နက်ရှိုင်းသော ချောက်နက်ကြီးတစ်ခုကဲ့သို့ မှောင်မိုက်နေသည်။
“ဖူရှန်း”
ဖူရှန်းက နှုတ်ခမ်းကို တွန့်ကွေးလိုက်၏။
“လက်အောက်ငယ်သားက... စုရှီဇီကို သေသေချာချာလေး လိုက်ပို့ပေးပါ့မယ်"
ကျဉ်းမြောင်းပြီး သိမ်မွေ့သော ထိုအိပ်ဆောင်လေးအတွင်း၌ နောက်ဆုံးတွင် ပြန်လည်တိတ်ဆိတ်သွားခဲ့ပြီ ဖြစ်သော်လည်း... အပြင်ဘက်ရှိ ဆူညံသံများကတော့ ပိုမို၍ ပြင်းထန်လာခဲ့သည်။
သခင်မကျန်းနှင့် အခြားအတွင်းဆောင်မှ အမျိုးသမီးများသည် အပြင်ဘက်၌ ပိတ်ဆို့တားဆီးခြင်း ခံထားရသဖြင့်... သူတို့၏ မျက်နှာထက်တွင် ရှုပ်ထွေးသော အမူအရာများဖြင့် ပြည့်နှက်နေခဲ့သည်။
သခင်မကျန်းသည် ရွှယ်နင်၏ ဒဏ်ရာအတွက် အလွန်အမင်း စိုးရိမ်ပူပန်နေပြီး အပြင်ကနေ အော်လိုက်သည်။
“သခင်လေးလီ... မင်းက ဘာဖြစ်လို့ အတွင်းထဲကို ဇွတ်ဝင်သွားရတာလဲ။ အမြန်ဆုံး ပြန်ထွက်လာခဲ့ပြီး သမားတော်ကြီးကို ဝင်ခွင့်ပြုလိုက်ဦး!”
သခင်မကြီးရှဲ့၏ မျက်နှာလည်း ခက်ထန်တည်တင်းနေသည်။
“ဘာမှမပတ်သက်တဲ့ ယောကျာ်းတစ်ယောက်က ရွှယ်နင်နဲ့အတူ အခန်းထဲမှာ နှစ်ယောက်တည်း သီးသန့်ရှိနေတယ်ဆိုတာက... ဘာသဘောလဲ။ ဒါက တကယ့်ကို အိန္ဒြေသိက္ခာမဲ့လွန်းတယ်!”
“လူတွေ... အမြန်လာကြစမ်း။ အဲဒီ လူယုတ်မာကို အပြင်ကို မောင်းထုတ်ကြစမ်း!”
ဖူရှန်းသည် စိတ်မရှည်ဟန်ဖြင့် သူ၏ နားကို ကုတ်ခြစ်လိုက်ပြီးနောက်... သူ့ဓားရှည်ကို ဆွဲနှုတ်လိုက်ကာ၊ ဘာစကားမှ ထပ်မပြောတော့ဘဲ စုကျန်း၏ ပုခုံးကို ချက်ချင်းပင် ဓားဖြင့် ထိုးပစ်လိုက်တော့သည်။
စုကျန်း သွေးအိုင်ထဲမှာ လဲကျသွားတာကို မြင်တွေ့လိုက်ရသည့် အချိန်တွင် လူတိုင်း၏ အာရုံစိုက်မှုများက ရွှယ်နင်ဆီကနေ လွှဲဖယ်သွားခဲ့ကြပြီး၊ စုကျန်း၏ ဘေးနားသို့သာ ဝိုင်းအုံကာ ရောက်ရှိသွားကြသည်။
သခင်မကြီးရှဲ့သည် လူများကို အလျင်အမြန် စေခိုင်းကာ စုကျန်းကို ‘မင်ယွဲ့ဆောင်’ ဆီသို့ အမြန်ဆုံး သယ်ဆောင်သွားစေခဲ့ပြီး... သမားတော်ကြီးစွန်းနှင့် အခြားသူများကိုပါ စုကျန်း၏ ဒဏ်ရာများကို ကုသပေးရန်အတွက် ထိုနေရာသို့ ချက်ချင်းပင် ဆင့်ခေါ်လိုက်သည်။
ပတ်ဝန်းကျင်တစ်ခုလုံး နောက်ဆုံးတွင် လုံးဝ တိတ်ဆိတ်သွားခဲ့ပြီ ဖြစ်သော်လည်း... ဖူရှန်းက ထိုလူအုပ်ကြီး၏ နောက်ကျောပြင်များကို လှမ်းကြည့်ရင်း၊ သခင်မလေးရွှယ် ဒီအိမ်တော်ထဲမှာ တကယ့်ကို သနားစရာကောင်းတဲ့ ဘဝမျိုးနဲ့ ရှင်သန်နေထိုင်နေရတာကို စိတ်ထဲမှာ မခံစားရဘဲ မနေနိုင်တော့ပေ။
အကယ်၍ သူမသာ သူတို့သခင်လေးနှင့် ဖူးစာဆုံမည်ဆိုပါက... သူတို့နှစ်ယောက်လုံးက အမှန်တကယ်ပင် သနားစရာကောင်းတဲ့ စုံတွဲတစ်တွဲ ဖြစ်လာကြလိမ့်မည်။
အဲ့လို အတွေးဖြင့် ကြည့်မယ်ဆိုပါက... သူတို့နှစ်ယောက်က တကယ့်ကို လိုက်ဖက်ညီတယ်လို့ ပြောရမှာပင်။
...
လီချန်ချဲ့သည် ကျွမ်းကျင်သော လက်ဟန်များဖြင့် ဒဏ်ရာကို စတင်ကိုင်တွယ်ကုသလိုက်သည်။
သူသည် လုစစ်လင်၏ စစ်တပ်အတွင်း၌ အချိန်အတန်ကြာ ဖြတ်သန်းခဲ့ဖူးသူဖြစ်ရာ... အားလပ်သော အချိန်များ၌ ဒဏ်ရာရ စစ်သည်တော်များကို ဘယ်လိုကုသရမလဲဆိုတဲ့ ပညာရပ်ကို စစ်တပ်သမားတော်များဆီကနေ သင်ယူလေ့လာထားခဲ့သည်။
သို့သော် ရွှယ်နင်သည် နုနယ်သော မိန်းမပျိုလေးတစ်ဦး ဖြစ်၏—သူမ၏ ခန္ဓာကိုယ်က နူးညံ့ပျော့ပြောင်းကာ သိမ်မွေ့လွန်းသဖြင့်... ကြမ်းတမ်းခက်ထန်သော ထိုစစ်သားကြီးများနှင့် လုံးဝ ခြားနားသည်။
သို့သော် သူ့စိတ်ထဲမှာ အနည်းငယ်တောင် တွေဝေတုံ့ဆိုင်းနေခြင်း မရှိပေ။ သူ၏ သွယ်လျသော လက်ချောင်းများဖြင့် သူမ၏ အပြင်ဝတ်ရုံကို လွယ်ကူစွာ ဖယ်ရှားလိုက်ပြီးနောက်... အတွင်းအင်္ကျီကိုပါ ကတ်ကြေးဖြင့် ညှပ်၍ ဖွင့်လိုက်တဲ့အခါ သူမ၏ နူးညံ့ပြည့်ဖြိုးသော အကွေးအကောက်များကို ဖုံးကွယ်ထားသည့် ကြာပန်းပုံစံ ပန်းထိုးထားသော ပန်းရောင်ရင်ခံအင်္ကျီလေးက ပေါ်ထွက်လာသည်။
သူ၏ လက်ချောင်းထိပ်ဖျားများ ခဏလောက် ရပ်တန့်သွားသော်လည်း... ချက်ချင်းပင် စိတ်ကို ပြန်လည်စုစည်းလိုက်ပြီး၊ ကတ်ကြေးကို အသုံးပြုကာ ထိုရင်ခံအင်္ကျီ၏ ပါးလွှာသော ကြိုးမျှင်လေးများကို ဖြတ်တောက်ပစ်လိုက်သည်။
မိန်းမပျိုလေး၏ လှပလွန်းတဲ့ ခန္ဓာကိုယ်အလှတရားက အခုတော့ သူ့ရှေ့မှာ အတိုင်းသား ပေါ်ထွက်နေခဲ့ပြီ ။ သူ့မျက်ဝန်းများထဲတွင် ရမ္မက်ဆန္ဒ အရိပ်အယောင် အနည်းငယ်တောင် ရှိမနေခဲ့ဘဲ... ပါးလွှာသော နှုတ်ခမ်းများကို တင်းကျပ်စွာ စေ့ပိတ်ထားကာ၊ လက်ကို ဆန့်ထုတ်၍ သူမ၏ ရင်ဘတ်ထက်မှ ဓားပြတ်ကို အားပြင်းစွာ ဆွဲနှုတ်လိုက်သည်။
သွေးများ တဟုန်ထိုး ပန်းထွက်လာပြီး... သူ၏ မျက်နှာပြင်ထက်သို့ပါ စင်သွားခဲ့၏။
ရွှယ်နင်သည် ပြင်းထန်တဲ့ နာကျင်မှုဝေဒနာကြောင့် သူမ၏ ကိုယ်လုံးလေးကို ကော့ညွတ်လိုက်မိပြီး... ညည်းတွားသံခပ်တိုးတိုးတစ်ချက် ထွက်ပေါ်လာခဲ့ပြီးနောက်၊ မကြာမီမှာပင် ထပ်ပြီး သတိလစ်မေ့မြောသွားပြန်သည်။
ဒီလို အကျပ်အတည်းနှင့် ရင်ဆိုင်နေရပေမယ့် လီချန်ချဲ့က စိုးရိမ်တုန်လှုပ်ခြင်း မရှိဘဲ... သူ့လက်ဖဝါးဖြင့် နူးညံ့သော ထိုဒဏ်ရာဝကို ဖိကပ်လိုက်ကာ၊ သွေးတိတ်ဆေးမှုန့်များကို အလျင်အမြန် ဖြူးပေးလိုက်ပြီးနောက်... အဝတ်ဖြူပတ်တီးဖြင့် အမြန်ဆုံး စည်းနှောင်ပေးလိုက်သည်။
ဒဏ်ရာကို ကုသလို့ ပြီးဆုံးသွားခဲ့သည့် အချိန်၌ အမွှေးတိုင်တစ်တိုင်စာမျှ အချိန်ကုန်ဆုံးသွားခဲ့ပြီ ဖြစ်၏။
ရွှယ်နင်၏ တစ်ကိုယ်လုံး၌ ချွေးစေးများဖြင့် စိုရွှဲနေခဲ့ပြီး... မျက်နှာလေးကလည်း ခရမ်းရောင်သန်းကာ ဖျော့တော့နေသည်။ သူမ၏ ဖြူဖျော့သော ရင်ဘတ်ထက်၌ ခပ်ဖျော့ဖျော့လေး နိမ့်ချည်၊ မြင့်ချည် ဖြစ်နေသော အသက်ရှူလှုပ်ရှားမှုလေးကသာ... သူမ အသက်ရှင်နေသေးတယ်ဆိုတဲ့ အချက်ကို သက်သေပြနေသည်။
ပြင်းထန်တဲ့ ဒဏ်ရာကို ရရှိပြီးနောက်တွင် အကြောက်ရဆုံးသော အရာမှာ ဒဏ်ရာပိုးဝင်ခြင်းနှင့် အဖျားတက်ခြင်းပင်။
လီချန်ချဲ့သည် ကုတင်ဘေးနား၌ ထိုင်နေခဲ့ပြီး... သူ၏ လက်မဖြင့် မိန်းမပျိုလေး၏ နဖူးထက်မှ ချွေးစေးများကို ညင်သာစွာ သုတ်ပေးနေသည်။ သူက နာကျင်တဲ့ အမူအရာဖြင့် သူမကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် အပြင်ဘက်ရှိ ပေါင်ချန်ကို အတွင်းထဲ ဝင်ရောက်လာရန် လှမ်းခေါ်လိုက်သည်။
ပေါင်ချန်သည် အတွင်းသို့ ဝင်လာပြီး အဝတ်အစားများ ကင်းမဲ့လုနီးပါး ဖြစ်နေတဲ့ သူမသခင်မလေး၏ ပုံစံကို မြင်တွေ့လိုက်ရတဲ့အခါ လုံးဝ ဆွံ့အမှင်သက်သွားသည်။
လီချန်ချဲ့က တည်ငြိမ်အေးဆေးစွာဖြင့် ပြောလိုက်သည်။
“ရေနွေးတစ်ဇလုံ သွားယူခဲ့ချေ”
ပေါင်ချန်က ဇဝေဇဝါဖြင့် ပြန်ထူးလိုက်ရင်း အပြင်သို့ အလျင်အမြန် ပြေးထွက်သွား၏။
ဖူရှန်းသည် အပြင်ဘက်ကနေ သိချင်စိတ်ဖြင့် မေးလိုက်သည်။
“သခင်လေး... သခင်မလေးရွှယ်ရဲ့ အခြေအနေ ဘယ်လိုရှိလဲ”
လီချန်ချဲ့၏ လေသံက ပိုမိုအေးစက်သွားသည်။
“အတွင်းကို လုံးဝ မဝင်လာခဲ့နဲ့”
ဖူရှန်းသည် သူ့ကိုယ်သူ မတရားခံရတယ်လို့ ခံစားလိုက်ရပြီး နှာခေါင်းကိုသာ ပွတ်သပ်လိုက်သည်။
“နားလည်ပါပြီ"
သူက ‘ချီယွင်ဆောင်’ ၏ အပြင်ဘက်၌ သစ္စာရှိစွာဖြင့် ဆက်လက်စောင့်ကြပ်နေပြီး... သခင်လေး၏ အသက်ကယ်တင်မည့် ကြိုးပမ်းအားထုတ်မှုများကို လာရောက်နှောင့်ယှက်ရတဲ့ ဘယ်သူ့ကိုမဆို ချက်ချင်း သတ်ပစ်ရန် အသင့်ပြင်ထားသည်။
မကြာမီမှာပင် ပေါင်ချန်သည် ရေနွေးဇလုံကို ကိုင်ကာ ပြန်ရောက်လာသည်၊ သူမ၏ မျက်နှာလေးက ယခုထက်တိုင်အောင် ဖြူဖျော့လျက် စိုးရိမ်ထိတ်လန့်နေဆဲပင်။ ဘာမှ မပတ်သက်တဲ့ ယောကျာ်းတစ်ယောက်ဖြစ်တဲ့ လီချန်ချဲ့က.. သူမသခင်မလေးရဲ့ ကုတင်ဘေးနားမှာ ဒီလိုမျိုး ရဲရဲဝံ့ဝံ့ ထိုင်နေတာကို မြင်တွေ့ရတာက သူမကို တကယ် နေရခက်စေတယ်။
သူမ သခင်မလေးရဲ့ အဝတ်အစားများကလည်း စနစ်တကျ ပြန်ဝတ်ဆင်ထားတာ မရှိသေးဘူး။
ဒါပေမဲ့ သူကတော့ ဘာမှ မှားယွင်းခြင်းမရှိတဲ့အတိုင်း တကယ့်ကို သူမ၏ ခင်ပွန်းသည်တစ်ယောက်လို ပြုမူနေခဲ့ပြီး... အိန္ဒြေပျက်ပြားမည့် ဘေးမှ ရှောင်လွှဲရန်ဆိုတဲ့ အရိပ်အယောင်မျိုး ပြသခြင်းမရှိပေ။
“သခင်လေးလီ... သခင်မလေးကို ကိုယ်လက်သန့်စင်ပေးမယ့် အလုပ်ကိုတော့... ဒီအစေခံပဲ လုပ်ပါရစေ”
လီချန်ချဲ့သည် သူ့မျက်ခွံများကို အသာလေး ပင့်မလျက် လှမ်းကြည့်လိုက်သည်။
“ငါ သူ(မ)ရဲ့ ဒဏ်ရာကို အခုလေးတင်ပဲ ပတ်တီးစည်းပေးထားတာ။ အကယ်၍ မင်းက မင်းရဲ့ လက်အားကို မထိန်းချုပ်နိုင်လို့ ဒဏ်ရာပြန်ပွင့်သွားပြီး... သွေးတွေပြန်ထွက်လာတာ ဒါမှမဟုတ် တစ်ခုခု အမှားအယွင်း ဖြစ်သွားခဲ့ရင်၊ မင်း တာဝန်ယူနိုင်မှာမလို့လား”
ပေါင်ချန်၏ မျက်နှာလေးက ပိုဖြူဖျော့သွားသည်။
“ဒီအစေခံက... သေသေချာချာလေး ဂရုစိုက်ပါ့မယ်..”
“ဂရုစိုက်ရုံနဲ့တင် လုံလောက်နေမယ်ဆိုရင်... သမားတော်တွေဆိုတာ ဘာလို့ လိုအပ်နေဦးမှာလဲ”
လီချန်ချဲ့၏ လေသံက အေးစက်တည်ငြိမ်နေဆဲပင် ဖြစ်၏။
“ရေနွေးဇလုံကို ထားခဲ့ပြီး အပြင်ထွက်သွားတော့"
ပေါင်ချန်သည် သူမ၏ နှုတ်ခမ်းကို တင်းကျပ်စွာ ကိုက်ထားမိပြီး ထိုနေရာမှာပဲ ဇွတ်ခေါင်းမာလျက် ဆက်ရပ်နေသည်။
“သခင်မလေးက အခုထိ လက်မထပ်ရသေးပါဘူး။ သခင်လေးက သူ(မ)အပေါ် ဒီလိုမျိုး ပြုမူနေတာက... နောင်တစ်ချိန်ကျရင် သူ(မ) တခြားသူတွေရဲ့ မျက်နှာကို ဘယ်လိုမျိုး ရင်ဆိုင်ရတော့မှာလဲ”
လီချန်ချဲ့ ခေါင်းမော့ကြည့်ခြင်းမရှိဘဲ ရွှယ်နင်ကိုသာ ဆက်လက်ပြုစုပေးနေသည်။
“ငါ သူ(မ)ကို လက်ထပ်မယ်”
၎င်းမှာ ရိုးရှင်းတဲ့ စကားတစ်ခွန်းသာ ဖြစ်သော်လည်း... ပေါင်ချန်၏ ရင်ထဲ၌ လှိုင်းတံပိုးကြီးများလို လှုပ်ခတ်သွားတော့သည်။
သူမက နှုတ်ခမ်းကို တင်းကျပ်စွာ စေ့ပိတ်ထားမိပြီး... ဘာပြန်ပြောရမည်မှန်းပင် မသိတော့ပေ။
သို့သော် သခင်လေးလီက သခင်မလေးကို ဘယ်လောက်အထိ နူးညံ့သိမ်မွေ့ကာ စိတ်ရှည်သည်းခံစွာဖြင့် ကိုယ်လက်သန့်စင်ပေးနေလဲဆိုတာကို မြင်လိုက်ရသည့်အခါ... သူမ ရင်ထဲမှနေ၍ ခပ်ဖွဖွလေး သက်ပြင်းချလိုက်မိ၏။
ထားလိုက်ပါတော့လေ... ဒီလို အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ အခြေအနေမျိုးမှာ သဘာဝတရား အလိုအတိုင်းပဲ ပုံအပ်ထားလိုက်ရုံပေါ့။
သူမရဲ့ သခင်မလေးသာ အသက်ရှင်နိုင်မယ်ဆိုရင် အခြားအရာများက အရေးမကြီးတော့ဘူး။
ရွှယ်နင်၏ ခန္ဓာကိုယ်ထက်ရှိ သွေးညှီများကို သုတ်ပေးပြီးနောက်... လီချန်ချဲ့က ပေါင်ချန်ကို သန့်ရှင်းသော အဝတ်အစားများ သွားရောက်ယူဆောင်ခဲ့ရန် ညွှန်ကြားလိုက်သည်။
အစောပိုင်းတုန်းက သူ၏ စိတ်အာရုံတစ်ခုလုံးက သူမရဲ့ ပြင်းထန်တဲ့ ဒဏ်ရာများအပေါ်သာ အပြည့်အဝ ရောက်ရှိနေခဲ့ခြင်း ဖြစ်သော်လည်း၊ အခုတော့ သူမကို အဝတ်အစားများ ပြန်ဝတ်ဆင်ပေးနေသည့် အချိန်၌ သူ့လက်ချောင်းများက မိန်းမပျိုလေး၏ ချောမွေ့နုနယ်သော အသားအရေနှင့် ရံဖန်ရံခါ ထိတွေ့မိသွားတာကြောင့် အမြဲလိုလို အေးစက်လွန်းတဲ့ သူ၏ မျက်နှာ၌ နေရခက်ခဲမှု အရိပ်အယောင်များ ထွက်ပေါ်လာသည်။
သူမက ဒဏ်ရာအပြင်းအထန် ရရှိထားတဲ့အတွက် တစ်ကိုယ်လုံးမှာ အမှီပြုစရာအဖြစ် သူ့ကိုယ်ပေါ်သို့သာ ပုံကျနေခဲ့သည်။
သူက သူမ၏ အင်္ကျီကော်လံကို အလျင်အစလို ပြင်ဆင်ပေးလိုက်စဉ်... သူ၏ လက်ချောင်းထိပ်ဖျားများက မိန်းမပျိုလေး၏ နူးညံ့ပြည့်ဖြိုးတဲ့ ခန္ဓာကိုယ်အကွေးအကောက်များကို မတော်တဆ ထိတွေ့မိသွား၏။
ထိုအမျိုးသား၏ ပါးလွှာတဲ့ နှုတ်ခမ်းများ အနည်းငယ် တင်းကျပ်သွားပြီး မျက်ဝန်းများကလည်း နက်မှောင်ကာ ပိုမိုနက်ရှိုင်းသွားသည်။
“ကျန်တဲ့အလုပ်တွေကိုတော့... မင်းပဲ ဆက်လုပ်လိုက်တော့”
ထိုသို့ပြောပြီးနောက်... သူက သူမကို ကုတင်ပေါ် ညင်သာစွာ ပြန်လှဲပေးလိုက်ကာ မတ်တတ်ရပ်လိုက်သည်။
ပေါင်ချန်က သူ့ကို ဇဝေဇဝါဖြင့် လှမ်းကြည့်လိုက်မိသော်လည်း... သူမ တစ်ခုခု မေးမြန်းရန် ပြင်ရုံရှိသေး၊ ထိုအမျိုးသားက အခန်းအတွင်းမှနေ၍ အပြင်သို့ ချက်ချင်း ထွက်သွားခဲ့ပြီ ဖြစ်သည်။