← Chapters

အခန်း ၆၆

Vol. 7 Ch. 66

အခန်း ၆၆

Vol. 7 Ch. 66

အခန်း (၆၆) - ကျွန်မတို့က မလိုက်ဖက်ကြဘူး

ရွှယ်နင် ခေါင်းမော့ကြည့်လိုက်မိစဉ်မှာပဲ အေးစက်စက်ရင်ခွင်တစ်ခုထဲကို ဆွဲသွင်းခြင်းခံလိုက်ရသည်။

ထိုအမျိုးသားသည် အရပ်ရှည်ပြီး ခြေတံရှည်ကာ သန်မာထွားကျိုင်းသော လက်မောင်းများဖြင့် သူမကို အားမစိုက်ထုတ်ရဘဲ အသာအယာပွေ့ချီကာ ကုတင်ပေါ်သို့ တင်ပေးလိုက်သည်။

ရွှယ်နင် ကြောင်အသွားပြီး ထိုအမျိုးသား၏ သပ်ရပ်ချောမောသော မျက်နှာကို ငေးကြည့်နေမိသည်။

သူ့၏ ရှည်လျားပြီး ထင်ရှားသော မျက်ခုံးများက နားထင်ဆီသို့ ခပ်စောင်းစောင်း ပင့်တက်နေကာ မျက်နှာပုံစံက ပြတ်သားပြီး အချိုးအစားကျ၏။ နှုတ်ခမ်းပါးများက ဆွဲဆောင်မှုရှိစွာ နူးညံ့နေပြီး နက်မှောင်သော မျက်ဝန်းများကတော့ မက်မွန်ပွင့်ဖတ်များနှင့်တူကာ လူကို စွဲမက်စေသည်။

သူက အပြာရင့်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ပုခုံးပေါ်တွင် ဆီးနှင်းများပေကျံနေသည့် ဝတ်ရုံနက်အပါးတစ်ထည်ကို ခြုံထားသည်။

ထိုအရာက ယခင်ကတည်းက ချောမောပြီးသား သူ့မျက်နှာကို နတ်ဘုရားတစ်ပါးကဲ့သို့ ပို၍ပင် ထူးခြားစေသည်။

သူမ၏ နှလုံးသားက ရုတ်တရက် ခုန်မှားသွားခဲ့သည်။

"သခင်လေးလီ... ဘယ်လိုဖြစ်ပြီး..."

သူ့ဆီကနေ လန်းဆန်းပြီး အေးစက်စက်ရနံ့တစ်ခုက စွဲကျန်နေကာ သူ၏ နားလည်ရခက်သော စရိုက်အတိုင်းပင်... အေးစက်ပြီး အထီးကျန်ဆန်သည်။

သူမ အနည်းငယ် ရုန်းကန်ရင်း သူ့ရင်ခွင်ထဲကနေ ရုန်းထွက်လိုက်၏။ ဝတ်ရုံအထူကြီးကို ဖြတ်ကျော်ပြီးတောင်မှ သူ့လက်မောင်း၏ ကြွက်သားမာမာများကို သူမ ခံစားနေရဆဲပင်။

သူမ၏ ပါးပြင်နှစ်ဖက်က နွေးခနဲ ဖြစ်သွားပြီး နီမြန်းလာသည်။

"ကိုယ် တော်ဝင်ကျောင်းတော်က ပြန်လာတာနဲ့ မင်းကို လာတွေ့တာ။"

လီချန်ချဲ့က သူမ၏ ဒဏ်ရာကို ငဲ့ညှာသောအားဖြင့် လွှတ်ပေးလိုက်ပြီးနောက် သူ့၏ နက်မှောင်သော မျက်ဝန်းများက သူမ၏ ဒဏ်ရာပေါ်သို့ ကျရောက်သွားသည်။

"သက်သာရဲ့လား။"

ရွှယ်နင်က အပေါ်ဝတ်ရုံကို ဝတ်မထားသလို အခန်းထဲမှာလည်း မီးသွေးဖိုကြောင့် နွေးထွေးနေသည်။

ထိုအချိန်ကျမှ လီချန်ချဲ့သည် သူမနှင့် အမျိုးမတော်သော ယောကျာ်းတစ်ဦးဖြစ်ကြောင်း သူမ သတိပြုမိလိုက်သည်။ သူမက ကုတင်လိုက်ကာကို အမြန်ဆွဲပိတ်လိုက်ပြီး သူ့၏ စူးရှသော အကြည့်များကို ကာကွယ်လိုက်သည်။

သူမမျက်နှာက ရဲရဲနီနေပြီ။

"ကျွန်မ နေကောင်းပါတယ်၊ ဒါပေမဲ့ ဒဏ်ရာကတော့ နည်းနည်းနာနေသေးတယ်။"

လီချန်ချဲ့က ကုတင်ဘေးတွင် ထိုင်လိုက်ပြီး လိုက်ကာကို ဖြတ်ကျော်ကာ စကားပြောလာသည်။

"မင်းသတိရလာရင်ပဲ ဘာမှ စိုးရိမ်စရာမရှိတော့ပါဘူး။ ဆေးမှန်မှန်သောက်ဖို့နဲ့ ဒဏ်ရာကို ပတ်တီးမှန်မှန်လဲဖို့ မမေ့နဲ့။"

သူမ သတိမေ့မြောနေတဲ့ ရက်တွေတုန်းက ဒီအမျိုးသားကိုယ်တိုင်ပဲ ဒဏ်ရာကို ဆေးထည့်၊ ပတ်တီးလဲပေးခဲ့တာကို ရွှယ်နင် မသိပေ။ သူမကတော့ လီချန်ချဲ့က ဘာဖြစ်လို့ သူမအပေါ် ဒီလောက်တောင် ဂရုစိုက်နေရတာလဲဆိုတာကိုပဲ အံ့သြနေမိသည်။ ဒါ့အပြင် အမျိုးမတော်တဲ့ ယောကျာ်းတစ်ယောက်က သူမရဲ့ အိပ်ဆောင်ထဲကို သူ့အိမ်လိုမျိုး ဝင်ထွက်နေတာပဲ...။ အကယ်၍ တစ်ယောက်ယောက်ကသာ မြင်သွားရင်... သူမ ဘယ်လိုလုပ် လက်ထပ်နိုင်တော့မှာလဲ။

လီချန်ချဲ့က သူမ၏ စိတ်ရှုပ်ထွေးမှုကို နားလည်ပုံရပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"တုန်းကျင်းကို မလာခင်တုန်းက မင်းရဲ့ဦးလေးနဲ့ ဝမ်းကွဲအစ်ကိုက မင်းကို သေချာစောင့်ရှောက်ပေးဖို့ ကိုယ့်ကို ထပ်ခါတလဲလဲ မှာခဲ့ကြတယ်။ မင်း ကိုယ့်ကို အစ်ကိုအရင်းတစ်ယောက်လိုပဲ သဘောထားလိုက်ပါ။"

အနားမှာ ရပ်နေတဲ့ ပေါင်ချန်က နှုတ်ခမ်းကို မဲ့လိုက်မိ၏။ ဘယ်လို အစ်ကိုမျိုးက ညီမဖြစ်သူရဲ့ အဝတ်အစားတွေကို ကိုယ်တိုင်ချွတ်ပြီး ဒဏ်ရာကို ဆေးထည့်ပေးမှာလဲ...။

ရွှယ်နင်က သူ့ရဲ့စေတနာကို ကျေးဇူးတင်မိသလို သူမရဲ့ဦးလေးနဲ့ ဝမ်းကွဲအစ်ကိုတို့ရဲ့ ဂရုစိုက်မှုကိုလည်း စိတ်လှုပ်ရှားမိသည်။ သို့သော်လည်း လက်မထပ်ရသေးသော အမျိုးသားနှင့် အမျိုးသမီးတစ်ဦး အခန်းထဲတွင် နှစ်ယောက်တည်း ရှိနေခြင်းက မသင့်တော်ပေ။

"ကျွန်မ... ကျွန်မ အဆင်ပြေပါတယ်... အချိန်လည်း တော်တော်နောက်ကျနေပြီ... သခင်လေးလီ... အခုတော့ ပြန်ပါဦး..."

သူမ ရှက်နေမှန်း သိတာကြောင့် လီချန်ချဲ့က သူမကို နက်ရှိုင်းစွာ တစ်ချက်ကြည့်လိုက်သည်။

"ကိုယ် အခု သွားတော့မယ်။"

သူ ထရပ်လိုက်သော်လည်း တစ်ခုခုကို သတိရသွားပုံရပြီး လှည့်ကြည့်ကာ မေးလိုက်၏။

"ကိုယ် မင်းကို အရင်က ပြောခဲ့တဲ့ စကားကို ဘယ်လို စဉ်းစားမိလဲ။"

"ဘာပြောခဲ့လို့လဲ။"

သူမ မေးလိုက်သည်နှင့် တစ်ပြိုင်နက် ရွှယ်နင် ရုတ်တရက် သတိရသွားသည်—၎င်းမှာ လုမိသားစုအိမ်၌ သခင်လေးလီ ပြောခဲ့တဲ့ စကား၊ သူမကို တာဝန်ယူခိုင်းခဲ့ခြင်းပင်။ သူမ ပါးပြင်တွေ နွေးခနဲ ဖြစ်သွားပြန်သည်။

"သခင်လေးလီ... ကျွန်မ သေချာစဉ်းစားပြီးပါပြီ။ ကျွန်မတို့က... သိပ်မလိုက်ဖက်ကြဘူးထင်တယ်။"

လီချန်ချဲ့ မျက်မှောင်ကြုတ်သွားသည်။

"ဘယ်လိုနေရာမှာလဲ။"

ရွှယ်နင်က အတန်ကြာ တိတ်ဆိတ်သွားပြီးမှ ပြုံးလိုက်သည်။

"သခင်လေးရဲ့ ကူညီစောင့်ရှောက်မှုတွေအတွက် ကျွန်မ တကယ်ပဲ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ နှလုံးသားရေးရာကိစ္စတွေကိုတော့ အတင်းအကျပ် စေခိုင်းလို့ မရဘူးလေ။ ကျွန်မမှာ စိတ်ထဲရှိပြီးသား ချစ်ရသူတစ်ယောက် ရှိနေပါပြီ၊ ဒီဘဝမှာတော့ သူ့တစ်ယောက်တည်းကိုပဲ လက်ထပ်ဖို့ ဆန္ဒရှိပါတယ်။"

အချစ်ကို သိတတ်စ မိန်းကလေးငယ်တစ်ဦး၏ အမူအရာက အလွန်ပင် ဆွဲဆောင်မှု ရှိသည်။

လီချန်ချဲ့သည် စကားတစ်ခွန်းမှ မပြောဘဲ ခဏလောက် တိတ်ဆိတ်သွားပြီး သူ၏ နက်ရှိုင်းသော မျက်ဝန်းများဖြင့် ရွှယ်နင်ကို စိုက်ကြည့်နေသည်။

ကုတင်လိုက်ကာကို ဖြတ်ကျော်၍ ကြည့်ရသဖြင့် သူ၏ မျက်နှာရိပ်မျက်နှာကဲကို အကဲခတ်ရန် ခက်ခဲသည်။

သို့သော် သူမ နှလုံးသားထဲမှာ လူတစ်ယောက် ရှိနေပြီဖြစ်၍ သူကလည်း သူတစ်ပါးကို အတင်းအကျပ် ဇွတ်လုပ်မည့်သူမျိုး မဟုတ်ပေ။

ဒါပေမဲ့လည်း... ရင်ဘတ်ထဲက ဖိနှိပ်ထားရတဲ့ အောင့်သက်သက်ဝေဒနာကိုတော့ ငြင်းပယ်၍မရချေ။

ထားလိုက်ပါတော့လေ...။

လီချန်ချဲ့သည် အမြဲတမ်း မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်း ရှိသူဖြစ်၏။

ယခုအချိန်တွင်ပင် သူက တည်ငြိမ်သော အမူအရာကို ဆက်လက်ထိန်းသိမ်းထားဆဲပင်။

"ကိုယ် နားလည်ပါပြီ။ နောက်တခါ မင်းကို နှောင့်ယှက်တော့မှာ မဟုတ်ဘူး။"

ရွှယ်နင်၏ တင်းကျပ်နေသော အာရုံကြောများ နောက်ဆုံးတွင် အနည်းငယ် လျော့ကျသွားတော့သည်။

"ပေါင်ချန်... သခင်လေးလီရဲ့ ဝတ်ရုံကို သွားယူပေးလိုက်ဦး။"

ပေါင်ချန်က ထူးလိုက်ပြီး ဗီရိုဆီသို့ သွားကာ လျှော်ဖွပ်လှန်းပြီးသားဖြစ်သည့် ဝတ်ရုံအဟောင်းကို ယူဆောင်၍ လီချန်ချဲ့ထံသို့ ကမ်းပေးလိုက်သည်။

"သခင်လေးလီ... သခင်လေးရဲ့ ဝတ်ရုံကို လျှော်ပေးထားပါတယ်။"

ကုတင်လိုက်ကာ နောက်ကွယ်မှနေ၍ ရွှေနင်က တိုးညှင်းစွာ ပြောလိုက်သည်။

"ကျွန်မ အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်လေးလီ။ နောင်တစ်ချိန်မှာ အခက်အခဲ တစ်ခုခု ကြုံတွေ့ရရင် ကျွန်မဆီကို လာခဲ့ပါ။ ကျွန်မ တတ်နိုင်သရွေ့ ကူညီပေးပါ့မယ်။"

လီချန်ချဲ့သည် သင်းပျံ့သော ရနံ့လေး စွဲကျန်နေသည့် ဝတ်ရုံကို လှမ်းယူကာ လက်မောင်းပေါ်တွင် တင်လိုက်၏။

သူ့အကြည့်များက ကုတင်လိုက်ကာ နောက်ကွယ်က ပုံရိပ်လွှာလေးပေါ်သို့ စူးစိုက်ကျရောက်သွားပြီး သက်ပြင်းချသလို ခပ်ဖွဖွလေး ပြုံးလိုက်မိသည်။

အတန်ကြာ တိတ်ဆိတ်သွားပြီးနောက်တွင်မှ လည်ချောင်းသံဖြင့် "အင်း" ဟု တစ်ခွန်းသာ ပြန်ထူးပြီး လှည့်ထွက်သွားတော့သည်။

ထိုအချိန်တွင် ရွှယ်နင်သည် ကုတင်လိုက်ကာ နောက်ကွယ်၌ တောင့်တောင့်ကြီး ထိုင်နေခဲ့သဖြင့် ထိုအမျိုးသား၏ နက်မှောင်သော မျက်ဝန်းများထဲတွင် နက်ရှိုင်းစွာ မြုပ်နှံထားသည့် ပြင်းထန်သော ခံစားချက်များကို သူမ မမြင်လိုက်ရပေ။

ပေါင်ချန်က လီချန်ချဲ့၏ နောက်မှ ခပ်ဖြည်းဖြည်း လိုက်ပါလာခဲ့သည်။

အခန်းထဲမှ ထွက်လာပြီးမှသာ တံခါးအပြင်ဘက်တွင် ဆီးနှင်းများ အလိမ်းလိမ်းပေကျံလျက် ရပ်နေသော ဖူရှန်းကို တွေ့လိုက်ရသည်။

ဒီသခင်နဲ့ ကျွန်နှစ်ယောက်လုံးမှာ ဒုက္ခဝေဒနာတွေကို ထမ်းပိုးထားရပုံပေါ်သော်လည်း ၎င်းတို့ထံမှ ပြောမပြတတ်အောင် တည်ငြိမ်ရင့်ကျက်သည့် အရှိန်အဝါမျိုး ထွက်ပေါ်နေသည်။

အနည်းဆုံးတော့... မရေမရာ လှိုင်းတံပိုးများ ထိပါးနေသည့် နယ်စားမင်းစံအိမ်ကြီးထဲတွင် သူတို့ရှိနေတာကက သူမကို ပို၍ စိတ်အေးချမ်းစေသည်။

သခင်မကြီးရှဲ့က သခင်မလေး၏ အိမ်ထောင်ရေးကို သဘောအတိုင်း အာဏာပြ ခြယ်လှယ်မည့်အရေးကိုလည်း သူမ အရင်ကလောက် မကြောက်ရွံ့တော့ပေ။

ပေါင်ချန်သည် လောကကြီးအကြောင်း အများကြီး မသိနားမလည်ပေ။ သခင်လေးလီက လက်ရှိတွင် တော်ဝင်ကျောင်းတော်၌ ပညာသင်ကြားနေပြီး သူ၏ အနာဂတ်အလားအလာမှာ လာမည့်နှစ် နွေဦးတော်ဝင်စာမေးပွဲအပေါ်တွင်သာ မူတည်နေတယ်ဆိုတာကိုပဲ သူမ သိထားသည်။

သူမက လီချန်ချဲ့၏ ကျောခိုင်းထွက်ခွာသွားသော ပုံရိပ်ကို ခိုးကြည့်လိုက်သည်။

သူက တကယ်ပဲ ချောမောတယ်၊ ရှီဇီထက်တောင် အရပ်ပိုရှည်ပြီး ပိုထင်ရှားပေါ်လွင်ကာ သခင်မလေးနှင့်လည်း အလွန်လိုက်ဖက်၏။ သူတို့နှစ်ယောက်သာ အတူတူ ရပ်နေမည်ဆိုပါက ကြည့်ရတာ အရမ်းမျက်စိပသာဒ ဖြစ်စရာ ကောင်းလိမ့်မယ်။

အကယ်၍ သခင်မလေးသာ ရှီဇီကို လက်မထပ်ရဘူးဆိုရင်... သခင်လေးလီနဲ့ လက်ထပ်ရတာလည်း အဆင်ပြေတာပဲကို...။

နှမြောစရာကောင်းတာက သခင်မလေးရဲ့ နှလုံးသားက ရှီဇီဆီမှာပဲ ရှိနေတုန်း ဖြစ်ပုံရတာပဲ။

လီချန်ချဲ့က ဖူရှန်းကို လှည့်ပြောလိုက်သည်။

"သမားတော်တစ်ယောက် သွားခေါ်"

ဖူရှန်းက ပြန်ဖြေလိုက်၏။

"ဟုတ်ကဲ့"

ထို့နောက်တွင်တော့ သူတို့သည် ချီယွင်ဆောင်မှ လှည့်ထွက်သွားကြတော့သည်။

အရင်တုန်းက ဒီကိစ္စများက အမြဲတမ်း ရှီဇီနှင့် သခင်မကျန်းတို့၏ တာဝန်သာ ဖြစ်ခဲ့သော်လည်း အခု သခင်လေးလီက အရာရာကို အံ့ဩဖွယ်ကောင်းလောက်အောင် ကျွမ်းကျင်ပိုင်နိုင်စွာ စီမံပေးသွားခဲ့သည်။

သခင်လေးလီက ဘယ်လိုမိသားစုမျိုးကနေ ဆင်းသက်လာတဲ့သူမလို့ ဒီလောက် ထူးခြားတဲ့ အရှိန်အဝါမျိုးကို ပိုင်ဆိုင်ထားရတာလဲဆိုတာ ပေါင်ချန် တစ်နေ့ထက်တစ်နေ့ ပို၍ သိချင်မိလာတော့သည်။

မကြာမီအချိန်၌ပင် သမားတော်စွန်းသည် ဆေးသေတ္တာကို သယ်ဆောင်ကာ ချီယွင်ဆောင်ထဲသို့ အလောတကြီး ဝင်ရောက်လာခဲ့၏။

ချီယွင်ဆောင်တစ်ခုလုံးတွင် မီးအိမ်များကို ထွန်းညှိလိုက်ကြပြီး ရွှယ်နင် ရောဂါဝေဒနာပြင်းထန်ရာမှ ပြန်သတိရလာပြီဆိုတဲ့ သတင်းက နယ်စားမင်းအိမ်တော်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။

သခင်မကျန်းက သူမဆီ ပထမဆုံး ရောက်ရှိလာသူ ဖြစ်သည်။ ကုတင်ဘေးတွင် ထိုင်ကာ သူမ၏ လက်ဖဝါးနုနုလေးကို ဆုပ်ကိုင်ရင်း မျက်ရည်များ စီးကျလာသည်အထိ ငိုတော့သည်။

"နင်နင် နိုးလာတာ တော်သေးတာပေါ့။ ပြီးခဲ့တဲ့ရက်တွေတုန်းက မင်း ဘာမှလည်း မစားမသောက်နိုင်ခဲ့ဘူး။ နင်နင်... တစ်ခုခု စားချင်လား။ အမေ အခုချက်ချင်းပဲ လူတွေကို ပြင်ဆင်ခိုင်းလိုက်မယ်လေ။"

ရွှယ်နင် အရမ်းဗိုက်ဆာနေမိသည်။ ခဏလောက် စဉ်းစားလိုက်ပြီးနောက် သူမက ပြောလိုက်သည်။

"သမီး ဆန်ပြုတ်လေး သောက်ချင်ပါတယ်"

သခင်မကျန်းက ဝမ်းသာအားရဖြင့် ပြောလိုက်သည်။

"ဖူလင်ဆန်ပြုတ်ဆိုရင် ဘယ်လိုလဲ"

ရွှယ်နင်က ကလေးတစ်ယောက်လို ဂျီကျလိုက်သည်။

"သကြား ဇွန်းတစ်ဝက်လောက် ထည့်ပေးဦးနော်"

သခင်မကျန်းက သူမနောက်က အစေခံအိုကြီးဘက်သို့ လှည့်ကာ-

"သကြား တစ်ဇွန်းအပြည့် ထည့်လိုက်ပါ။ မီးဖိုချောင်ကို အခုချက်ချင်း သွားပြင်ဆင်ခိုင်းလိုက်တော့။ ပြီးတော့ နာမကျန်းဖြစ်ပြီးခါစ လူနာတွေနဲ့ တည့်မယ့် အစားအစာအချို့ကိုလည်း ယူခဲ့ခိုင်းလိုက်ဦး။ မီးဖိုပေါ်က ဆေးရည်ကျိုလို့ပြီးရင်လည်း အမြန်ဆုံး ယူခဲ့ပေးပါ"

ရွှယ်နင်က ကျေနပ် အားရစွာဖြင့် ပြုံးလိုက်သည်။

သခင်မကျန်းက လက်လှမ်း၍ သူမ၏ နဖူးပြင်ကို စမ်းသပ်ကြည့်ရာ အဖျားငွေ့မရှိတော့တာကို သိရသဖြင့် သူမ၏ ပါးပြင်လေးကို ဖွဖွလေး ပွတ်သပ်ပေးသည်။

ရွှယ်နင်က ပိန်ချောင်သွားတဲ့ မျက်နှာလေးကို မော့ကာ သခင်မကျန်း၏ အလိုလိုက်မှုများကို ခံယူနေပြီး ထူးခြားစွာပင် လိမ္မာယဉ်ကျေးပြနေသည်။

သခင်မကျန်း၏ နှလုံးသားမှာ အရည်ပျော်လုမတတ် ဖြစ်သွား၏။ လက်ဖဝါးခန့်သာရှိတဲ့ မိန်းကလေးငယ်၏ မျက်နှာလေးက ပိန်လှီနွမ်းနယ်နေသော်လည်း အရည်လဲ့နေသည့် သူမ၏ မျက်ဝန်းနက်လေးများကတော့ ကျောက်မျက်ရတနာအတိုင်း တောက်ပနေသဖြင့် မြင်ရသူတိုင်း၏ နှလုံးသားကို နူးညံ့သွားစေသည်။

မကြာသေးမီက ရွှယ်နင်၏ ဒဏ်ရာကြောင့် သခင်မကျန်းသည် အိမ်တော်တွင်းရှိ အိမ်တွင်းရေးကိစ္စများကို ဂရုမစိုက်နိုင်ဘဲ အနည်းငယ် ပစ်ပယ်ထားမိခဲ့သည်။

လျိုရှီနှင့် သခင်မတုန်းတို့ကလည်း သူတို့၏ ခြံဝင်းထဲတွင်သာ ပိတ်လှောင်ခံထားရသဖြင့် သခင်မကြီးရှဲ့က လီယွင်ဆောင်တွင် တိတ်တဆိတ် နေထိုင်နေသည့် ကိုယ်လုပ်တော်နျဲ့ကို အိမ်တွင်းရေးကိစ္စများ ကူညီစီမံရန် အကြံပြုခဲ့သည်။ သခင်မကျန်းက သူမ၏ ကလေးများအပေါ်ပဲ အာရုံအပြည့် ရောက်နေခဲ့သဖြင့် ကိုယ်လုပ်တော်နျဲ့ကို အလေးမထားမိခဲ့ပေ။ လွန်ခဲ့သည့် နှစ်ရက်ခန့်ကမှ ကိုယ်လုပ်တော်နျဲ့သည် အလုပ်အကိုင် ကျွမ်းကျင်ပြီး လူတို့၏ စိတ်ကို ဖမ်းစားရာ၌လည်း ပါးနပ်ကြောင်း သူမ သတိပြုမိတော့သည်။ စံအိမ်တော်ရှိ အစေခံအများအပြားက သူမ၏ကွယ်ရာ၌ အိမ်ရှင်မတစ်ဦးအနေဖြင့် မပြည့်စုံကြောင်း အတင်းအဖျင်း ပြောဆိုနေကြပြီး သီလသမာဓိရှိကာ ကြင်နာတတ်ပြီး ရက်ရောသည်းခံတတ်သော ကိုယ်လုပ်တော်နျဲ့ကိုတော့ ချီးမွမ်းခန်းဖွင့်နေကြသည်။ နယ်စားမင်းကိုယ်တိုင်ပင်လျှင် သူမက ကြီးလေးတဲ့ တာဝန်များကို ထမ်းဆောင်ရန် မသင့်တော်ဟု ဆိုကာ အကြိမ်အနည်းငယ် အပြစ်တင်ခဲ့သေး၏။

ထို့ကြောင့် သူမ၏ စိတ်အခြေအနေက အနည်းငယ် ညှိုးငယ်နေခဲ့သော်လည်း... အခုလေးတင် ရွှယ်နင် သတိရလာပြီဆိုတဲ့ သတင်းကို ကြားလိုက်ရချိန်တွင် စိတ်သက်သာရာ ရသွားတော့သည်။

All Chapters