← Chapters

အခန်း ၆၈

Vol. 7 Ch. 68

အခန်း ၆၈

Vol. 7 Ch. 68

အခန်း (၆၈) - သမီး အစ်ကိုကြီးကို မလက်ထပ်ချင်ဘူး

"သမီး—"

ရွှယ်နင် ခဏလောက် စဉ်းစားလိုက်ပြီးနောက် တည်ငြိမ်လေးနက်စွာဖြင့် ပြောလိုက်သည်။

"သမီး အစ်ကိုကြီးကို မလက်ထပ်ချင်ပါဘူး အမေ။"

ချီယွင်ဆောင်အပြင်ဘက်သို့ စုကျန်း ရောက်ရှိလာချိန်၌ပင် ဒီစကားလုံးမျိုးကို ကြားလိုက်ရလိမ့်မည်ဟု အိပ်မက်ပင် မမက်ခဲ့ချေ။

မိန်းကလေးငယ်၏ အသံလေးက တိုးညှင်းနူးညံ့ပြီး မှောင်မိုက်သော ညဉ့်နက်သန်းခေါင်တွင် လေညင်းနှင့်အတူ လွင့်ပါလာသည့် ဆီးနှင်းမှုန်လေးများနှင့်ပင် တူသည်။

နားထောင်ရတာ ညင်သာသော်လည်း နှလုံးသားထဲသို့ ကျရောက်လာချိန်တွင် ရေခဲပြင်အတိုင်း အေးစက်သည်။

အပြင်ဘက်တွင် လေပြင်းများနှင့် ဆီးနှင်းများက တဒုန်းဒုန်း ကျဆင်းနေပြီး အေးစက်စက် လေရိုင်းများက နားထဲတွင် မရပ်မနား အော်မြည်နေခဲ့သည်။

သူက လိုက်ကာကို ပင့်မြှောက်ကာ တံခါးကို တွန်းဖွင့်ရန် ပြင်လိုက်စဉ်မှာပင် အခန်းထဲမှ မိန်းကလေးငယ်၏ နူးညံ့တဲ့ အသံလေးကို ထပ်မံ ကြားလိုက်ရပြန်သည်။

"ဘာပဲဖြစ်ဖြစ်... အစ်ကိုကြီးကလည်း သမီးကို သဘောကျတာမှ မဟုတ်တာ။ အကယ်၍ သမီးသာ သူ့ကို လက်ထပ်လိုက်ရင် သူ့နဲ့ မင်းသမီးကြားမှာ အနှောင့်အယှက်တစ်ခုပဲ ဖြစ်နေမှာလေ။"

"အမေ... အားနင်ကို ကူညီပေးပါနော်။"

လိုက်ကာကို ပင့်မြှောက်ထားသည့် လက်ဟာ တုန့်ခနဲ ရပ်တန့်သွား၏။

စုကျန်းက မျက်မှောင်ကြုတ်ထားပြီး ဝတ်ရုံနက်ကြီးကို ခြုံကာ တံခါးအပြင်ဘက်တွင် မတ်တပ်ရပ်နေမိသည်။ သူ့ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် တံခါးကို ချက်ချင်း တွန်းမဖွင့်မိခြင်းပင်။

ထို့နောက်တွင်တော့ ရွှယ်နင်က ဆက်ပြောလာတာကို ကြားလိုက်ရသည်။

"အားနင် သဘောကျတဲ့လူက သခင်လေးလော်ပါ။"

ထိုအခိုက်အတန့်၌... သူ့ရင်ဘတ်ကို တစ်စုံတစ်ခုက ခပ်ဖွဖွလေး ဆူးနှင့်ထိုးလိုက်သလို စူးခနဲ အောင့်တက်သွားပြီး ပြင်းထန်တဲ့ ခံစားချက် ဝေဒနာက အလွန် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သဖြင့် အရာရာကို အကဲခတ် ပါးနပ်သည့် သူကိုယ်တိုင်ပင် သတိမထားမိလိုက်ပေ။

သူ၏ မျက်ခုံးများက တင်းကျပ်စွာ စုကုပ်သွားပြီး ရင်ထဲမှာလည်း ပြောမပြတတ်အောင် ဂနာမငြိမ်မှုများ မြင့်တက်လာသည်။

ခဏမျှ တိတ်ဆိတ်သွားပြီးနောက်တွင်မှ သူက နောက်ဆုံး၌ တံခါးကို တွန်းဖွင့်လိုက်သည်။

အကာအရံလိုက်ကာကို ပတ်၍ ဝင်လာခဲ့စဉ်... ဖျော့တော့တော့ အနီရောင်အပေါ်ဝတ်ရုံလေးကို ခြုံကာ ကုတင်ဘေးတွင် ထိုင်နေသည့် မိန်းကလေးငယ်ကို တွေ့လိုက်ရသည်။

တံခါးအပြင်ဘက်က အသံကို ကြားလိုက်ရ၍ ထင်သည်... သူမ၏ နက်မှောင် တောက်ပနေသည့် မျက်ဝန်းလေးများက သူ့ဘက်သို့ လှည့်ကြည့်လာခဲ့သည်။

ကုတင်ပေါ်တွင် ငါးရက်မျှသာ လဲလျောင်းနေခဲ့ရသော်လည်း ထိုမိန်းကလေးငယ်မှာ ပိန်လှီဖြူဖျော့သွားခဲ့ပြီး မျက်နှာထက်တွင် သွေးရောင်ဟူ၍ အနည်းငယ်မျှပင် မရှိချေ။

စုကျန်းသည် အတွင်းဆောင်ထဲသို့ လှမ်းဝင်လာခဲ့ပြီး သူမ၏ အပြစ်ကင်းစင်ကာ အရည်လဲ့နေသည့် ဗာဒံစေ့ပုံစံ မျက်ဝန်းများနှင့် ဆုံလိုက်သည်။ သူ၏ ချောမောသော မျက်နှာက မည်းမှောင်နေပြီး အမူအရာကလည်း မကောင်းပေ။

"နိုးပြီလား။"

တံခါးဝမှနေ၍ အအေးငွေ့များ စိမ့်ဝင်လာခဲ့သည်။ စုကျန်းက အခုလိုမျိုး ညဉ့်နက်သန်းခေါင်အချိန်တွင် သူမကို လာရောက်ကြည့်ရှုလိမ့်မည်ဟု ရွှယ်နင် မမျှော်လင့်ထားခဲ့ပေ။

သူမ၏ လည်ပင်းတဝိုက်တွင် အေးစက်မှုကြောင့် ကြက်သီးများ ထသွားပြီး မော့ကြည့်လိုက်တဲ့အခါ စုကျန်းက သူ့ဝတ်ရုံကို ချွတ်လိုက်ပြီး သူမ၏ ကုတင်ဘေးက ပန်းထိုးထားသည့် ခုံတန်းလျားပေါ်တွင် ဝင်ထိုင်လိုက်တာကို တွေ့လိုက်ရသည်။

သူက လက်ဖဝါးကြီးကို ဆန့်ထုတ်လိုက်ပြီး သူမ၏ နဖူးကို စမ်းသပ်ရန် ပြင်လိုက်၏။

ရွှယ်နင်က သူမ၏ မျက်နှာကို အမြန်ဆုံး ဘေးသို့ လွှဲဖယ်လိုက်ပြီး သူ့၏ ထိတွေ့မှုကို ရှောင်ရှားလိုက်တော့သည်။

စုကျန်း၏ မျက်နှာက ပို၍ မည်းမှောင်သွားသည်။

"ဘာကို ရှောင်နေတာလဲ။"

ရွှယ်နင်က ပြောလိုက်၏။

"ဂရုစိုက်ပေးလို့ ကျေးဇူးတင်ပါတယ် အစ်ကိုကြီး။ ညီမ အဖျားမရှိတော့ပါဘူး"

စုကျန်းက သူမ မိခင်ဖြစ်သူကို ပြောခဲ့တဲ့ စကားများကို ပြန်အမှတ်ရသွားကာ နှုတ်ခမ်းပါးများက အနည်းငယ် တင်းစေ့သွားပြီး အရှိန်အဝါတစ်ခုလုံးက အေးစက်သွားခဲ့သည်။

"မင်းက ငါ့ကို တစ်ခေါက် ကယ်တင်ပေးခဲ့ဖူးရုံနဲ့ တင်... အခုလိုမျိုး မာနတွေ ထောင်လွှားပြနေတာလား။"

ရွှယ်နင်က သူမ၏ ကြည်လင်ပြတ်သားသော မျက်ဝန်းများဖြင့် သူ့ကို စိုက်ကြည့်လိုက်ပြီး မျက်ခုံးလေးများ ကွေးညွတ်သွားသည်အထိ ပြုံးပြလိုက်သည်။

"မဟုတ်ပါဘူး အစ်ကိုကြီး... အစ်ကိုကြီး ညီမအပေါ် အထင်လွဲနေတာပါ။"

စုကျန်းက သရော်ပြုံး ပြုံးလိုက်ပြီး သူမ၏ ရင်ဘတ်ဆီသို့ အကြည့်တို့ ကျရောက်သွားကာ ခပ်ဖွဖွ ရယ်မောလျက် ပြောလာသည်။

"မင်း နေကောင်းသွားပြီဆိုမှတော့ ကုတင်ပေါ်မှာပဲ သေသေချာချာ အနားယူပြီး အားပြန်ပြည့်အောင် လုပ်လိုက်ဦး။ မင်း ငါ့ကို တစ်ခေါက် ကယ်တင်ခဲ့တာကို ငါ အမြဲ အမှတ်ရနေမှာပါ။ မင်း ဘာပဲလိုချင်လိုချင် ငါ့ကိုသာ ပြော၊ ငါ တတ်နိုင်တာမှန်သမျှ မင်းအတွက် သေချာပေါက် လုပ်ပေးမယ်။"

ရွှယ်နင် ဘာကို လိုချင်နေလဲဆိုတာကို သူ အထူးတလည် ပြောနေစရာပဲ မလိုဘဲ အကုန်သိတယ်။

သူမက သူ့ကို မလက်ထပ်ချင်ဘူးလို့ ပြောနေတာ၊ ဒါမှမဟုတ် လော်ဝမ်ကျွင်းကို သဘောကျတယ်လို့ ပြောနေတာတွေက ဟန်ဆောင်ပန်ဆောင် ပြောနေတဲ့ အလိမ်အညာစကားတွေပဲ ဖြစ်လိမ့်မယ်။

ဒါမှမဟုတ် သူမက သူ့ခြေသံ ကြားလိုက်ရလို့ သူ့ကို တမင်သက်သက် ရန်စ စမ်းသပ်တဲ့အနေဖြင့် ထိုစကားလုံးများကို ပြောလိုက်တာလည်း ဖြစ်နိုင်တယ်။

အရင်ကဆိုလျှင် သူမရဲ့ ဒီလိုလှည့်ကွက်လေးများကို သူ အရမ်း မုန်းတီးမိသော်လည်း အခုတော့ သူမအပေါ် စိတ်ရှည်မှု အနည်းငယ် ပိုရှိလာသည်။

အကယ်၍ သူမကသာ သူ့အနားမှာ ရှိနေချင်တယ်ဆိုရင် လိုက်လျောပေးပြီး သူမကို သိမ်းပိုက်ထားဖို့ သူ လုံးဝ ဆန္ဒမရှိတာမျိုး မဖြစ်မိပေ။ သူမက ကိုယ်လုပ်တော်နေရာပဲ ရမှာဖြစ်ပေမယ့် သူကတော့ သူမကို တရားဝင်ဇနီးတစ်ဦးလို တန်းတူ ဆက်ဆံပေးမှာဖြစ်ပြီး အစစအရာရာ အလိုလိုက်ကာ အကောင်းဆုံး စည်းစိမ်ချမ်းသာ၊ ဂုဏ်ဒြပ်တို့ကို ပေးသနားမှာ ဖြစ်တယ်။ ဒါ့အပြင် အခြားမိသားစုဆီ ရောက်ရှိသွားပြီး ဒုက္ခဆင်းရဲခံရမည့်အရေးမှလည်း ကာကွယ်ပေးနိုင်မယ် မဟုတ်လား။

ဘာပဲဖြစ်ဖြစ် လော်မိသားစုက ဘယ်လောက်ပဲ ကြီးပွားချမ်းသာနေပါစေဦးတော့...ရွှမ်းယီနယ်စားမင်းအိမ်တော်ကြီး၏ အရှိန်အဝါကိုတော့ ဘယ်လိုမှ မမှီနိုင်ဘူး။

လော်ဝမ်ကျွင်းက ဘယ်လောက်ပဲ ပါရမီထူးချွန်ပါစေ... သူ့ကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။

ရွှယ်နင်ကတော့ အသက်ကယ်ခဲ့သည့် ကျေးဇူးတရားကို အသုံးချပြီး တစ်စုံတစ်ရာ တောင်းဆိုရန် စိတ်ကူးပင် မရှိခဲ့ချေ။

သို့သော် အခု စုကျန်းကိုယ်တိုင်က စကားစလာသဖြင့် ဤအရာသည် အခွင့်ကောင်းတစ်ခု ဖြစ်သည်ဟု သူမ တွေးမိသွားသည်။

သူမက သခင်မကျန်းကိုတစ်ချက်၊ စုကျန်းကိုတစ်ချက် လှည့်ကြည့်လိုက်၏။

ယခုအချိန်တွင် အခန်းထဲ၌ အခြားသူတစ်ဦးမျှ မရှိချေ။ သူမ နှုတ်ခမ်းလေးကို စေ့ပိတ်ထားရင်း ပြုံးလိုက်ကာ မျှော်လင့်ချက်အပြည့်ဖြင့် ပြောလိုက်သည်။

"အစ်ကိုကြီး.. ညီမ လော်ဝမ်ကျွင်းကို လက်ထပ်လို့ ရမလားဟင်။"

ထိုစကားလုံးများ ထွက်ကျလာသည်နှင့်တစ်ပြိုင်နက် စုကျန်း၏ မျက်နှာထက်က အပြုံးများက ချက်ချင်း တောင့်တင်းသွားပြီး မျက်ခုံးများကလည်း တောင်တန်းတစ်ခုလို တွန့်ချိုးသွားကာ မျက်နှာတစ်ခုလုံး မှောင်ကျသွားတော့သည်။

မကျဉ်းမကျယ် အခန်းလေးထဲတွင် လေထုကြီးက ရုတ်တရက် အသက်ရှူရကျပ်မတတ် အနေခက်သွားသည်။

ထိုအမျိုးသားဆီကနေ ထွက်ပေါ်လာတဲ့ အရှိန်အဝါက လူကို ကြောက်ဒူးတုန်စေလောက်သည့် အအေးငွေ့များကို ထုတ်လွှတ်နေသည်။

သူမ ဘာများ မှားပြောမိလို့လဲဆိုတာ ရွှယ်နင် မသိပေ။ သူက သူမကို မချစ်တာ ရှင်းနေတာပဲကို... မြင်းရထားပေါ်မှာတုန်းကတောင် သူမကို လော်ဝမ်ကျွင်းအပေါ် ဘယ်လိုသဘောရလဲဆိုပြီး မေးခဲ့သေးတယ် မဟုတ်လား။ အခုကျမှ ဘာဖြစ်လို့ မကျေမနပ် ဖြစ်နေရတာလဲ။ သူမ တစ်ခုခု မှားပြောမိလို့များလား။

စုကျန်းက သူမကို တကယ်ကြီး လက်ထပ်ချင်နေတာပါဆိုတဲ့ အတွေးမျိုးကိုတော့ ရွှယ်နင် ဘယ်တော့မှ တွေးမိမည် မဟုတ်ပေ။

ရွှယ်နင်က ခြောက်သွေ့နေသော နှုတ်ခမ်းလေးကို လျှာဖြင့်သပ်လိုက်ပြီး ရိုးသားစွာ ပြောသည်။

"တကယ်တော့... ညီမ သူ့ကို အတော်လေး သဘောကျလို့ပါ။ အကယ်၍ အစ်ကိုကြီးက ညီမရဲ့ အသက်ကယ်ကျေးဇူးကို တကယ်ပဲ ဆပ်ချင်တယ်ဆိုရင်... ညီမတို့နှစ်ယောက်ကို ပေါင်းဖက်ပေးဖို့ ဘာလို့ ကူညီမပေးရတာလဲ... ညီမ လက်ထပ်တဲ့အခါကျရင် အစ်ကိုကြီးက ညီမအတွက် ခမ်းနားတဲ့ မင်္ဂလာခန်းဝင်ပစ္စည်းတွေ ပြင်ဆင်ပေးပေါ့။"

စုကျန်း ရွှယ်နင်၏ စကားကြောင့် ရယ်ရခက် ငိုရခက် ဖြစ်သွားရပြီး ရင်ထဲတွင်လည်း ဒေါသများ ဗြောင်းဆန်အောင် ဆူပွက်လာသည်။

သူက မျက်ဝန်းများကို အေးစက်စွာ မှေးလိုက်ပြီး သူမ၏ ဦးနှောက်ကိုသာ ခွဲကြည့်လိုက်ချင်တော့၏။

"ရွှယ်နင်... မင်း ရူးသွားပြီလား။"

ရွှယ်နင်က လက်ဖဝါးထဲတွင် ချွေးစေးများ ပြန်လာသည်အထိ သူမ၏ လက်လေးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။

"မရူးပါဘူး... ညီမ စိတ်အေးအေးထားပြီး ရှင်းရှင်းလင်းလင်း ပြောနေတာပါ။ အစ်ကိုကြီး ကိုယ်တိုင်ပဲ ကျေးဇူးဆပ်ချင်တယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား။"

သခင်မကျန်းက သက်ပြင်းချလိုက်ပြီး ရွှယ်နင်ကို ရိုက်နှက်တော့မည့် စုကျန်း၏ လက်ကို အချိန်မီ ဝင်တားလိုက်သည်။

"တော်စမ်း... မင်း ညီမလေးကို စနောက်မနေနဲ့တော့။ သူ(မ) နေမကောင်းသေးဘူး၊ အနားယူဖို့ လိုအပ်သေးတယ်။ အချိန်လည်း မိုးချုပ်နေပြီဆိုတော့ မင်းလည်း အိပ်ဆောင်ကို ပြန်ပြီး အိပ်တော့သွား။"

ပြောပြောဆိုဆိုနှင့်ပင် သူမက စုကျန်းကို ဆွဲထူကာ အခန်းအပြင်ဘက်သို့ တွန်းထုတ်လိုက်သည်။

စုကျန်းက ရွှယ်နင်ကို မည်သည့်ခံစားချက်မျှမရှိသည့် အမူအရာဖြင့် ငုံ့ကြည့်လိုက်ပြီး ပြောခဲ့၏။

"မင်းကို စဉ်းစားဖို့ နောက်ထပ် ရက်အနည်းငယ် အချိန်ပေးမယ်။"

ရွှယ်နင် - "..."

............

ရှဲ့နင်းထန်သည် သစ်ပင်တစ်ပင်၏ နောက်ကွယ်မှနေ၍ စုကျန်း ရွှယ်နင်၏ ခြံဝင်းထဲမှ ထွက်ခွာသွားတာကို စောင့်ကြည့်နေပြီးနောက်မှသာ အပြင်သို့ လှမ်းထွက်လာခဲ့သည်။

"ရွှယ်နင်က ဒီလိုမျိုး လှည့်ကွက်တွေ သုံးတတ်လိမ့်မယ်လို့ ငါ လုံးဝ ထင်မထားခဲ့ဘူး။"

စုရှီးက ခပ်ဖွဖွ နှာခေါင်းရှုံ့လျက် ရှဲ့နင်းထန်ကို လှည့်ကြည့်ကာ ပြောလိုက်သည်။

"မင်းသမီး... ရှီဇီက မင်းသမီးရဲ့ သတို့သားလောင်းလေ။ ဒါကို မင်းသမီးက ဘယ်လိုလုပ် သည်းခံနေနိုင်ရတာလဲ။"

မှောင်မိုက်နေသည့်အတွက် ရှဲ့နင်းထန်၏ မျက်နှာအမူအရာကို သေသေချာချာ မမြင်ရသော်လည်း သူမဆီကနေ ထွက်ပေါ်နေသည့် အေးစက်စက် အရှိန်အဝါကိုတော့ စုရှီး ကောင်းကောင်း ခံစားမိနေသည်။

ဘယ်မိန်းမမဆို ကိုယ့်ရဲ့ စေ့စပ်ထားသူကို အခြားမိန်းကလေးတစ်ယောက်က အသက်စွန့်ပြီး ကယ်တင်တာမျိုးကို ငြိမ်ခံနေမှာ မဟုတ်ချေ။

ဒါတင်မကသေးဘဲ စုကျန်းက ရွှယ်နင်ကို ကိုယ်လုပ်တော်အဖြစ် ယူဖို့ ပြောလာပြီးတော့ မင်းသမီး၏ ဂုဏ်သိက္ခာကို အဖတ်ဆယ်မရအောင် နင်းချေခဲ့သေးသည်။

သူမက အိမ်တော်ထဲကို သတို့သမီးအဖြစ် တရားဝင် မဝင်ရသေးခင်မှာတင်... ဒီလောက်ကြီးမားတဲ့ အရှက်ခွဲမှုကို ဘယ်လိုလုပ် သည်းခံနိုင်မှာလဲ။

"ငါနဲ့ ရှီဇီရဲ့ လက်ထပ်ပွဲကို တတိယလူတစ်ယောက် ဝင်ရှုပ်တာမျိုး ဘယ်တော့မှ ခွင့်မပြုနိုင်ဘူး။"

"မင်းသမီးပြောတာ မှန်ပါတယ်။ ဒါပေမဲ့ သူ(မ)က ရှီဇီရဲ့ အသက်ကို ကယ်ခဲ့တာပဲလေ။ အကယ်၍ သူ(မ)က ရှီဇီကို ကျေးဇူးဆပ်ဖို့ တောင်းဆိုလာရင် ရှီဇီက ဘယ်လို စီမံမလဲ။"

ရှဲ့နင်းထန် နှုတ်ခမ်းပါးလေးကို အနည်းငယ် စေ့ပိတ်လိုက်မိသည်။

သူမက အရူး မဟုတ်ဘူး။ စုကျန်းက ရွှယ်နင်အပေါ် အမြဲတမ်း အေးစက်စက် ဆက်ဆံတတ်ပေမယ့် ရွှယ်နင်ကိုတော့ အခြားသူများနှင့်မတူဘဲ ထူးထူးခြားခြား ဆက်ဆံတာကို သူမ ရိပ်မိနေတယ်။

၎င်းက အချစ်ရေးကိစ္စ မဟုတ်ခဲ့ရင်တောင်မှ ရွှယ်နင်က သူကိုယ်တိုင် မျက်စိရှေ့မှာတင် ကြီးပြင်းလာတာကို စောင့်ကြည့်ခဲ့ရတဲ့ ညီမငယ်တစ်ယောက် ဖြစ်နေဆဲပင်။

အကယ်၍ သူမသာ ကိုယ်လုပ်တော်အဖြစ် ရောက်ရှိလာခဲ့မယ်ဆိုရင်... တရားဝင်ဇနီးဖြစ်မယ့် သူမ(ရှဲ့နင်းထန်)က ဒီလို ငယ်ကျွမ်းဆွေကို ဘယ်လိုနည်းနဲ့ ယှဉ်ပြိုင်နိုင်မှာလဲ။

"မင်းသမီး... ရွှယ်နင်ကို ဒီအိမ်တော်မှာ ဆက်ထားလို့ မဖြစ်တော့ဘူး။ သူ(မ)ရဲ့ ယောက်ျားဖမ်းစားနိုင်တဲ့ ရုပ်ရည်မျိုးနဲ့ဆိုရင် တစ်နေ့မဟုတ် တစ်နေ့တော့ ရှီဇီကို ပြုစားသွားမှာ အသေအချာပဲ။"

ရှဲ့နင်းထန်၏ မျက်နှာက အေးစက်နေဆဲဖြစ်ပြီး ရင်ထဲတွင် ဒေါသများ တောက်လောင်နေပြီ ဖြစ်သည်။

"သူ(မ)ကို ဒီမှာ ဆက်ထားတာက ဒုက္ခရှာတာနဲ့ အတူတူပဲ။ ဒါပေမဲ့ သူ(မ)က ရှီဇီရဲ့ ကိုယ်လုပ်တော် ဖြစ်ချင်တယ်ဆိုရင်တော့ ငါ့ရဲ့ ခွင့်ပြုချက်ကို အရင်တောင်းရလိမ့်မယ်။"

ရှဲ့နင်းထန်က သူမ၏ မျက်ဝန်းများကို မှေးလိုက်သည်။

"သွားကြစို့"

စုရှီး၏ နှုတ်ခမ်းဖျားတွင် ကောက်ကျစ်သော အပြုံးတစ်ခု ပေါ်လာခဲ့ပြီး မျက်ဝန်းထဲတွင်လည်း လှည့်ကွက်ပေါင်းစုံဖြင့် အရောင်တောက်နေတော့သည်။

...

နောက်ထပ် ဆယ်ရက်ခန့် သေသေချာချာ အနားယူပြီးနောက်တွင်မှ ရွှယ်နင်သည် လမ်းလျှောက်နိုင်တဲ့အထိ ပြန်ကောင်းလာခဲ့သည်။

လီချန်ချဲ့က ပြောခဲ့တဲ့အတိုင်းပင်... သူ သူမကို နောက်ထပ် လာမနှောင့်ယှက်တော့ဘဲ ချီယွင်ဆောင်ဆီသို့လည်း တစ်ခေါက်မှ ပြန်မလာခဲ့ပေ။ သို့သော်လည်း အဆင့်မြင့်တဲ့ ဒဏ်ရာကုသဆေး ဆီမွှေးများကိုတော့ လုစစ်လင်၏ နာမည်ကို သုံး၍ သူမဆီ အမြဲမပြတ် ပို့ဆောင်ပေးနေတာကြောင့် ရွှယ်နင်အနေဖြင့် ငြင်းပယ်ရန် အကြောင်းပြချက် မရှိခဲ့ပေ။

ကြားသိရတာကတော့ လီချန်ချဲ့သည် နေ့စဉ် နံနက် မောင်းအချိန် (မနက် ၅ နာရီမှ ၇ နာရီအတွင်း) ကတည်းက တော်ဝင်ကျောင်း‌တော်သို့ ပညာသင်ကြားရန် ထွက်ခွာသွားတတ်ပြီး ညနေမိုးချုပ်မှသာ ပြန်လည်ရောက်ရှိလာတတ်သည်ဟု ဆိုသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်က ခမ်းနားသည့် မြင်းရထားတစ်စီးက သူ့ကို အိမ်တော်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။

All Chapters