← Chapters

အခန်း ၆၉

Vol. 7 Ch. 69

အခန်း ၆၉

Vol. 7 Ch. 69

အခန်း (၆၉) - ကွယ်လွန်သွားတဲ့ သူ့ဇနီးသည်

ပေါင်ချန်က ကွက်ကွက်ကွင်းကွင်း ပုံဖော်ကာ ပြောပြလာသည်။

"ကျွန်မလည်း ခမ်းနားတဲ့ မြင်းရထားတွေကို မြင်ဖူးပါတယ်၊ ဒါပေမဲ့ အဲ့ဒီမြင်းရထားကတော့ တကယ်ကို ထူးခြားတာ။တောက်ပတဲ့ ပုလဲတွေ၊ ဂေါ်မုတ်ကျောက်တွေနဲ့ စီခြယ်ထားတာ... သပ်ရပ်ပြီး တကယ့်ကို တန်ဖိုးကြီးဇိမ်ခံပစ္စည်းပဲ။ ကျွန်မ စုံစမ်းကြည့်တော့မှ အဲ့ဒါ မင်းသမီးကြီးစံအိမ်က ရထားမှန်း သိရတာ။ သခင်လေးလီ ရထားပေါ်က ဆင်းလာတုန်းက မင်းသမီးကြီးရဲ့ တစ်ဦးတည်းသောသမီးတော်က အထဲမှာ ထိုင်နေတာတဲ့"

ရွှယ်နင်က ငေးမှိုင်စွာဖြင့် နားထောင်နေမိသည်။

အမှန်ပင်... မင်းသမီးကြီး၏ သမီးတော် ဖြစ်သည့် မင်းသမီး ယန်ရန်လည်း ယခုနှစ်တွင် အရွယ်ရောက်လာခဲ့ပြီ ဖြစ်သည်။ သူမက ကျောက်စိမ်းနှင့် ဆီးနှင်းအတိုင်း ချစ်စရာကောင်းပြီး လက်ထပ်ခြင်းလည်း မရှိသေးချေ။

အရင်ဘဝတုန်းက ရွှယ်နင်သည် လီချန်ချဲ့အကြောင်း အများကြီး မသိခဲ့ပေမယ့် ယုံကျိုးက နေအိမ်ဟောင်းတွင် နေထိုင်စဉ်အချိန်တုန်းက စစ်ဆေးရေးမှူးလီနှင့် ပတ်သက်သည့် ကောလာဟလများကိုတော့ အများအပြား ကြားဖူးခဲ့သည်။

လူပြောအများဆုံး ကောလာဟလက သူ့မှာ နှစ်ပေါင်းများစွာ အလွန်တန်ဖိုးထား မြတ်နိုးခဲ့ရတဲ့ ကွယ်လွန်သူ ဇနီးတစ်ဦး ရှိခဲ့ဖူးတယ်ဆိုတာ ဖြစ်သည်။

ထိုအမျိုးသမီး၏ အမည်ကို ဘယ်သူမှ မသိကြသော်လည်း လီချန်ချဲ့၏ အသည်းစွဲ အချစ်ဆုံး ဖြစ်ခဲ့သည်ဟု ဆိုကြသည်။

သူမ ကွယ်လွန်သွားပြီးနောက်တွင်လည်း သူက နောက်အိမ်ထောင် ဘယ်တော့မှ မပြုခဲ့တော့ပေ။

ရွှယ်နင် သက်ပြင်းချလိုက်မိသည်။ ကွယ်လွန်သူဇနီး... ကွယ်လွန်သူဇနီးတဲ့...။ သူ့ရဲ့ အသက်ထက်ချစ်ရတဲ့သူကို ဘယ်လိုအကြောင်းအရာကများ သေဆုံးအောင် တွန်းပို့ခဲ့တာပါလိမ့်။

သူက သူမကို ကူညီခဲ့ဖူးတယ်၊ ကယ်တင်ခဲ့ဖူးတယ်။ အရင်ဘဝတုန်းက သူမက သူ့ကို သတ်ချင်ခဲ့ပေမယ့် ဆွေ့ယဲ့မြစ်ဘေးမှာ သူမရဲ့အသက်ကို ကယ်တင်ပေးခဲ့သေးတယ်။

ဒီဘဝမှာတော့... သူ့လို မြင့်မြတ်ဖြောင့်မတ်တဲ့သူမျိုးအတွက် သူမ ဘာများ လုပ်ပေးနိုင်မလဲ။ အကယ်၍ သူမက သူ့ရဲ့ ကွယ်လွန်သူဇနီးကို အသက်ဘေးက ကယ်တင်ပေးဖို့ ကူညီနိုင်ခဲ့မယ်ဆိုရင်... ဒါက တကယ့်ကို ကြီးမားတဲ့ ကုသိုလ်ကံတစ်ခု ဖြစ်လိမ့်မယ်။

သူမ တိတ်ဆိတ်နေတာကို မြင်သောအခါ ပေါင်ချန်က လှမ်းမေးသည်။

"သခင်မလေး... ဘာတွေ ပြန်တွေးနေပြန်ပြီလဲ။"

မကြာသေးမီ လပိုင်းအတွင်းကတည်းက သခင်မလေးသည် တစ်ခုခုဆိုလျှင် စိတ်လွင့်ပြီး ငေးမောနေတတ်သည့် အလေ့အထ ပို၍များလာခဲ့သည်။

ရွှယ်နင် သတိပြန်ဝင်လာသည်။

"ဘာမှမဟုတ်ပါဘူး။ မင်းသမီး ယန်ရန်က ငယ်ငယ်ကတည်းက ခန္ဓာကိုယ် အားနည်းပြီး အပြင်မှာ အကြာကြီး မနေနိုင်ဘူးလို့ ကြားလို့ပါ။ အဲ့ဒါ အမှန်ပဲလား"

ပေါင်ချန်က ခဏမျှ စဉ်းစားလိုက်သည်။

"ကြားတာတော့... မွေးရာပါ ခန္ဓာကိုယ်ချို့တဲ့တဲ့ ဝေဒနာ ခံစားနေရတာတဲ့။ လမစေ့ဘဲ တစ်လစောမွေးခဲ့လို့ ကျန်းမာရေးက အမြဲတမ်း ချို့တဲ့နေတာ။ နေကောင်းအောင်လို့ ဆေးတွေကို အမြဲတမ်း မှီဝဲနေရတာလေ။ လူတွေကတော့ ကွယ်ရာမှာ သူ(မ)ကို 'ဆေးအိုးကြီး' လို့တောင် အတင်းပြောကြသေးတယ်။ မင်းသမီးကြီးကတော့ သူ့ရဲ့ တစ်ဦးတည်းသော သမီးလေးကို အဖိုးတန်ရတနာလိုမျိုး မျက်စိအောက်က အပျောက်မခံ စောင့်ရှောက်ထားတာ။

သူ(မ) အပြင်ထွက်တဲ့အခါတိုင်း တော်ဝင်သမားတော်တွေ အမြဲ လိုက်ကြရတယ်။ ဒါကြောင့်မလို့ မြင့်မြတ်တဲ့ သခင်မလေးတချို့က အပေါ်ယံမှာ ရိုသေပြကြပေမဲ့ ကွယ်ရာမှာတော့ သူ(မ)နဲ့ ပေါင်းသင်းဆက်ဆံဖို့ ဝန်လေးကြတာပေါ့။"

"ဒီလိုကိုး..."

ရွှယ်နင်သည် မင်းသမီး ယန်ရန်နှင့် အဆက်အဆံ အလွန် နည်းပါးခဲ့သည်။ အရင်ဘဝတုန်းက သူမကို(ယန်ရန်) မြင်ဖူးခဲပြီး နောက်ပိုင်းတွင် သူမက ကျန်းမာရေး ကုသရန်အတွက် တုန်းကျင်းမြို့ပြင်သို့ စေလွှတ်ခံခဲ့ရကာ ထိုနောက်ပိုင်းတွင် မည်သည့်သတင်းမှ ထပ်မကြားရတော့ဟုသာ ကြားဖူးခဲ့သည်။

"မင်းသမီး ယန်ရန်နဲ့ တွေ့ခွင့်ရမယ့် အခွင့်အရေးမျိုး ရှိရင် တကယ်ကောင်းမှာပဲ။"

ပေါင်ချန်က သိချင်စိတ်ဖြင့် မေးလိုက်၏။

"သခင်မလေးက ဘာဖြစ်လို့ မင်းသမီးယန်ရန်နဲ့ တွေ့ချင်ရတာလဲဟင်"

ရွှယ်နင်က အနေခက်စွာ ပြုံးလိုက်သည်။

"ဘာမှမဟုတ်ပါဘူး။ သူ(မ)က သနားဖို့ကောင်းတယ်လို့ ခံစားရလို့ပါ၊ ပြီးတော့ သူ(မ)နဲ့ မိတ်ဆွေ ဖြစ်ချင်လို့"

ပေါင်ချန် ဇဝေဇဝါ ဖြစ်သွားသည်။ သူမရဲ့ သခင်မလေးက အခြားသူနှင့် မိတ်ဆွေဖြစ်ရန် အရင်ဦးအောင် လိုက်ရှာတတ်သူမျိုး မဟုတ်ပေ။ အရင်တုန်းကဆိုလျှင် အထက်တန်းလွှာ မိန်းကလေးများနှင့် တွေ့ဆုံရမည့်အရေးကို တတ်နိုင်သမျှ ရှောင်ရှားလေ့ရှိပြီး အခုလိုမျိုး တကူးတက ပေါင်းသင်း ဆက်ဆံဖို့ အချိန်ပို ရှိခဲ့သူမဟုတ်ချေ။ ဒါ့အပြင် ထိုမင်းသမီးက မင်းသမီးကြီး၏ အသည်းစွဲ ရတနာလေး ဖြစ်နေတယ် မဟုတ်လား။

"တကယ်လို့ သခင်မလေးက မင်းသမီး ယန်ရန်နဲ့ တကယ်ပဲ တွေ့ချင်တာဆိုရင်တော့... မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။"

ရွှယ်နင် မျက်တောင်ခတ်လျက် အစေခံမလေးကို ကြည့်လိုက်သည်။

ပေါင်ချန်က ပြောလိုက်သည်။

"နှစ်သစ်ကူးကလည်း နီးနေပြီမဟုတ်လား။ မင်းသမီး ယန်ရန်က နှစ်တိုင်း သူ(မ)ပိုင်တဲ့ စံအိမ်ငယ်လေးဆီ သွားပြီး ပန်းပွင့်တွေ ကြည့်ပြီး မြင်းတွေကို အစာကျွေးလေ့ ရှိတယ်လေ။"

ရွှယ်နင် ရင်ထဲတွင် တိတ်တဆိတ် စတင်စီစဉ်မိတော့သည်။ သူမ မင်းသမီးယန်ရန်အကြောင်း အချက်အလက်တွေ ပိုပြီး စုံစမ်းရဦးမယ်။

"ဒါဆိုရင် ငါ့အတွက် သေသေချာချာလေး စောင့်ကြည့်ပေးထားဦး။ နောက်မှပဲ ငါတို့ သွားပြီး ကံစမ်းကြည့်ကြတာပေါ့။"

ပေါင်ချန်က ပြန်ဖြေလိုက်သည်။

"နားလည်ပါပြီ"

သူမ ချီယွင်ဆောင်၌ ဒဏ်ရာအနားယူနေသည့် ကာလအတွင်း စုမန်သည် ရက်အနည်းငယ်ခြားတစ်ခါ သူမဆီ လာရောက်ကာ စကားစမြည် ပြောဆိုတတ်သည်။

တစ်ခါတရံတွင် သူမက ပေါင်ချန်ကို လွှတ်၍ မင်းသမီး ရှို့နင်း (ရှဲ့နင်းထန်) ကိုပါ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ခိုင်းတတ်သေး၏။

သူမတို့ စကားပြောကြသည့်အခါတိုင်း စုမန်က ရွှယ်နင်သည် စုကျန်း၏ ကိုယ်လုပ်တော် ဖြစ်လာတော့မှာဖြစ်တဲ့အတွက် ယခု ရွှယ်နင်နှင့် မင်းသမီးတို့ ညီအစ်မများလို ဖြစ်သွားပြီဖြစ်ကြောင်း၊ ထို့ကြောင့် သဟဇာတဖြစ်ဖြစ် အတူယှဉ်တွဲ နေထိုင်သွားကြရန် သွယ်ဝိုက်၍ အရိပ်အမြွက် ပြောတတ်သည်။ ထို့အပြင် ရွှယ်နင်ကို အစ်မကြီးပီပီ ပို၍ လိုက်လျောညီထွေ ရှိပေးရန်လည်း မျှော်လင့်ကြောင်း ထည့်ပြောသေးသည်။

မင်းသမီး ရှို့နင်းကတော့ အပေါ်ယံမှာ ပြုံးပြနေသော်လည်း ကွယ်ရာတွင်မူ ရှဲ့လောင်ဖူးရန်ထံ သွားရောက်ကာ မျက်ရည်စက်လက်ဖြင့် တိုင်တန်း သည်။ ထို့အပြင် သူမ၏ အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းကာ ရီဝမ်ဖူ (ရီမင်းသားစံအိမ်) သို့ ပြန်ရန်အထိပင် ပြင်ဆင်ပြခဲ့၏။

မကြာမီအချိန်မှာတင် သခင်မကြီးရှဲ့သည် မော့မော့ယဲ့ကို ကိုယ်တိုင်စေလွှတ်၍ သူမကို ပြင်းပြင်းထန်ထန် ပြစ်တင်ကြိမ်းမောင်းခိုင်းပြီး စိတ်ကူးယဉ်မနေရန် သတိပေးလိုက်သည်။

ကိုယ်လုပ်တော်ဖြစ်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တဲ့အရာပင်။ သူမလို မွေးစားညီမတစ်ယောက်က ဘယ်လိုမျက်နှာမျိုးနဲ့ မိမိအစ်ကိုဖြစ်သူကို လက်ထပ်ဖို့ အိပ်မက်မက်ရဲတာလဲ။ အကယ်၍ ဒီသတင်းသာ အပြင်ကို ပေါက်ကြားသွားပါက ရွှမ်းယီနယ်စားမင်းအိမ်တော်ရဲ့ ဂုဏ်သိက္ခာက ဘာဖြစ်သွားမလဲ။

ရွှယ်နင်သည် ရက်အနည်းငယ်မျှ မကျေမနပ်ခံရသလိုမျိုး ဟန်ဆောင်ကာ သူမအခန်းထဲ၌သာ အောင်းနေပြီး ဘယ်သူ့ကိုမှ ပေးမတွေ့ခဲ့ချေ။

သို့သော် ဒဏ်ရာကုသနေရသည့် နေ့ရက်များက တစ်နေ့လုံး လုံးဝ ပျင်းရိငြီးငွေ့စရာတော့ မဟုတ်ပေ။ ဒါ့အပြင် သူမ၏ လက်ရှိ စိတ်နေသဘောထားအရလည်း ကုတင်ပေါ်တွင် ငြိမ်ငြိမ်လေးထိုင်ကာ စာဖတ်နေနိုင်ခဲ့ပြီ ဖြစ်သည်။

စုကျန်းတစ်ယောက်သာ သူမဆီ လာတာရှားပါး၏။ သူမက သူ့အသက်ကို ကယ်တင်ခဲ့ခြင်းက သူ့ဘဝထဲမှာ လှိုင်းလေးတစ်ခု အနည်းငယ် ဖြတ်ပြေးသွားသလိုမျိုး ရှိခဲ့သော်လည်း ထိုလှိုင်းလေးသည်လည်း မကြာခင်မှာတင် မူလအခြေအနေသို့ ပြန်လည်ငြိမ်သက်သွားခဲ့ဟန် တူသည်။ သူက သူမအပေါ် အေးစက်စက်နှင့် အလှမ်းကွာနေဆဲဖြစ်ပြီး သူမကို ကြည့်တဲ့ သူ၏ အကြည့်များကလည်း အေးစက်ကာ မည်သည့် စိတ်ခံစားမှုမျှ ပါဝင်မနေခဲ့ချေ။

နယ်စားမင်းအိမ်တော်သည် ရီမင်းသားစံအိမ်သို့ တရားဝင် အကြောင်းကြား၍ လက်ထပ်ထိမ်းမြားရန်အတွက် ပြင်ဆင်မှုများ စတင်နေပြီဟု ဆိုကြသည်။

သခင်မကျန်းလည်း မကြာသေးမီကပင် မင်းသမီး ရှို့နင်းအတွက် တင်တောင်းရမည့် စေ့စပ်ကြောင်းလမ်းခြင်း လက်ဆောင်ပစ္စည်းများအတွက် အလုပ်ရှုပ်နေခဲ့သည်။

မင်းသမီး၏ မြင့်မြတ်သော အဆင့်အတန်းကြောင့် တင်တောင်းသည့် လက်ဆောင်ပစ္စည်းတိုင်းသည် အကောင်းတကာ့ အကောင်းဆုံး ဖြစ်နေရမယ် မဟုတ်လား။

စုမန်က မကျေမနပ်ဖြင့် ညည်းညူကာ ရွှယ်နင်ကို လှမ်းမေးသည်။

"နင်နင်... နင်က ဘာဖြစ်လို့ ဒီလောက်တောင် ရည်မှန်းချက် မရှိရတာလဲ။ နယ်စားမင်းအိမ်တော်ထဲကို ဝင်နိုင်အောင် ဘာလို့ မကြိုးစားတာလဲ။ မဟုတ်ရင် အဲ့ဒီ တင်တောင်းတဲ့ လက်ဆောင်ပစ္စည်းတွေအကုန်လုံးက နင့်အပိုင် ဖြစ်လာမှာလေ။"

ရွှယ်နင် ပြုံးရုံသာ ပြုံးမိတော့သည်။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ။

သခင်မကျန်းက သူမအပေါ် အလွန်အမင်း ကောင်းမွန်ခဲ့တယ်ဆိုပေမယ့် မင်းသမီး ရှို့နင်းအတွက် ပေးမည့် လက်ဆောင်ပစ္စည်း အများစုကိုတော့ သခင်မကြီးရှဲ့ကသာ ဆုံးဖြတ်ပေးခဲ့ခြင်း ဖြစ်သည်။

အရင်ဘဝတုန်းက သူမ စုကျန်းကို လက်ထပ်ခဲ့တဲ့အချိန်တုန်းက သူမ ထုံးတမ်းစဉ်လာ ခြောက်ရပ်ကို သေသေချာချာ ဖြတ်သန်းခဲ့ရဖူးလို့လား။

ရွှမ်းယီနယ်စားမင်းအိမ်တော်တစ်ခုလုံးတွင် သခင်မကျန်းနှင့် စုမန်မှလွဲ၍ သူမကို ချွေးမအဖြစ် ဝင်လာစေချင်သူ တစ်ယောက်မှ ရှိမနေခဲ့ပေ။

ဒါတင်မကသေးဘဲ သူမ စံအိမ်တော်ထဲ လက်ထပ်ဝင်ရောက်ခဲ့ရတဲ့ နည်းလမ်းကလည်း သိက္ခာမဲ့လှသဖြင့် လူတိုင်းက သူမကို နှိမ်ချ စက်ဆုပ်ရွံရှာစွာ ကြည့်ခဲ့ကြသည်။

အချိန်အတော်များများတွင် သူမက ချီယွင်ဆောင်နှင့် ဘိုးဘွားခန်းမထဲထဲ၌သာ ပိတ်လှောင်ခံထားခဲ့ရသည်။

သူမရဲ့ မင်္ဂလာဆောင်သည့်နေ့၌ပင်... သူမ ရရှိခဲ့တာက ခေါင်းပေါ်မှာ လွှမ်းခြုံထားသည့် အနီရောင် ပုဝါစတစ်ခုသာ ဖြစ်ပြီး ပေါင်ချန်က သူမကို ချီယွင်ဆောင်ကနေ မင်ယွဲ့ဆောင်သို့ တွဲခေါ်သွားပေးခဲ့ရုံသာ ရှိသည်။

ထို့နောက် သခင်မကျန်း ကွယ်လွန်သွားခဲ့သဖြင့် ပျော်ရွှင်စရာ မင်္ဂလာပွဲသည်လည်း နာရေးပွဲအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားခဲ့သည်။

သူမနဲ့ စုကျန်းက စနစ်တကျ ခမ်းနားတဲ့ မင်္ဂလာခန်းမမျိုးကိုတောင် မပိုင်ဆိုင်ခဲ့ရပေ။

ထိုနောက်ပိုင်း နှစ်ပေါင်းများစွာတိုင်အောင် နန်းတွင်း မဟာအမတ်ချုပ်၏ ဇနီးအဖြစ် သူမ ဖြတ်သန်းခဲ့ရသည့် ဘဝက အသက်ရှူကျပ် စိတ်မွန်းကျပ်စရာ ကောင်းပြီး သနားစရာကောင်း၏။

ဤအကြောင်းအရာများကို ပြန်တွေးမိတိုင်း ရွှယ်နင်၏ ရင်ထဲတွင် နာကျင်ဝမ်းနည်းမှု ဝေဒနာတို့က တိုးဝှေ့ထွက်ပေါ်လာဆဲပင်။

သူမကိုယ်သူမ သရော်ပြုံး ပြုံးလိုက်မိသည်။

"ငါ ရှီဇီကို မကြိုက်တော့ဘူးလို့ ပြောပြီးပြီပဲဟာကို..."

သို့သော်လည်း ဘယ်သူမှ သူမစကားကို မယုံကြပေ။ စုမန်က ရွှယ်နင် အသည်းကွဲပြီး လျှောက်ပြောနေတယ်လို့ပဲ ထင်မှတ်ကာ သက်ပြင်းချလေသည်။

"တကယ်တော့ ကိုယ်လုပ်တော်ဖြစ်ရတာလည်း သိပ်တော့ မဆိုးပါဘူးဟာ။ အနည်းဆုံးတော့ ကိုယ်ချစ်တဲ့သူနဲ့ အတူတူရှိခွင့်ရတာပဲလေ။ ငါသာ ကိုယ်ချစ်တဲ့သူနဲ့ အတူရှိခွင့်ရမယ်ဆိုရင် အသက်ကိုတောင် စွန့်ရဲတယ်"

ရွှယ်နင် ခေါင်းခါယမ်းလိုက်သည်။

"မန်မန်.. ငါကတော့ အဲ့ဒီလိုမျိုး အဖြစ်မခံနိုင်ဘူး"

သူမက စုမန်၏ ခေါင်းကို ခပ်ဖွဖွလေး တောက်လိုက်သည်။

"နင့်ဦးနှောက်ကတော့ ဝတ္ထုတွေထဲက အချစ်ဇာတ်လမ်းတွေဖတ်ပြီး အဆိပ်သင့်နေပြီ ထင်တယ်။ ဘယ်လိုဖြစ်လို့ ယောက်ျားတစ်ယောက်က ကိုယ့်အသက်ထက် ပိုပြီး အရေးကြီးရမှာလဲ"

"ဟယ်... ငါ့ဝမ်းကွဲအစ်မ ကျန်းကျစ်ယွီကလည်း ဒီလိုပဲ ပြောတာပဲ။ မိန်းကလေးတစ်ယောက်အတွက် ကိုယ်ပိုင်ရပ်တည်ချက်နဲ့ လုပ်ငန်းအလုပ်အကိုင်က ပိုအရေးကြီးတယ်တဲ့၊ ဘယ်သူနဲ့ တစ်သက်လုံး လက်တွဲသွားမလဲဆိုတာ အဓိကမဟုတ်ဘူး၊ ငွေကြေးဥစ္စာကသာ ကိုယ့်ကို ဘယ်တော့မှ သစ္စာမဖောက်မှာတဲ့။"

ကျန်းကျစ်ယွီ၏ စကားကို ရွှယ်နင် စိတ်ထဲကနေ လှိုက်လှိုက်လှဲလှဲ ထောက်ခံမိသည်။ အရင်တစ်ခေါက်တုန်းက အချိန်က အရမ်းနည်းနေခဲ့သဖြင့် သူမနှင့် မဆုံတွေ့ခဲ့ရတာကိုပင် နှမြောမိသွား၏။

ရွှယ်နင်က စုကျန်း ကိုယ်လုပ်တော်မလုပ်ဘူးလို့ ငြင်းဆိုထားသဖြင့် စုမန်လည်း ဘာမှ ထပ်မပြောတော့ပေ။

နယ်စားမင်းအိမ်တော်မှ မင်းသမီး ရှို့နင်းအတွက် ပြင်ဆင်သည့် တင်တောင်းလက်ဆောင်ပစ္စည်းများမှာ အလွန်ပင် ခမ်းနားထည်ဝါသည်။ စုမန်လည်း သခင်မကျန်း၏ ခေါ်ဆောင်မှုဖြင့် အိမ်တွင်းရေး စီမံခန့်ခွဲမှုများကို လေ့လာသင်ယူကာ ဝိုင်းဝန်းကူညီပေးနေရသဖြင့် ရွှယ်နင်ဆီကို လာရောက်နှောင့်ယှက်ဖို့ အချိန်မရှိသလောက် ဖြစ်သွားခဲ့သည်။

နောက်တော့ ဝေ့ကျန့်ယန်နှင့် ဝေ့ကျန့်လန်တို့ မောင်နှမနှစ်ယောက်လည်း လာရောက်လည်ပတ်ကြပြီး အဆင့်မြင့် အားဖြည့်ဆေးဝါးများကို လက်ဆောင်ပေးလာကြသည်။

ဝေ့ကျန့်ယန်က သူမကို ထပ်ပြီး စိုးရိမ်တကြီး မေးလာသည်။

"ရှီဇီစုက နင့်ကို တကယ်ပဲ ကိုယ်လုပ်တော်အဖြစ် ယူတော့မှာလားဟင်။"

ရွှယ်နင်က ပြုံးပြီးတော့ ပြန်ပြောလိုက်သည်။

"အဲ့လိုမျိုး မဟုတ်ပါဘူး"

ဝေ့ကျန့်ယန်က ထိုအဖြေကို ကြားရတော့မှ ရင်ထဲက အကြောက်တရားတို့ ပြေပျောက်သွားပြီး စိတ်သက်သာရာ ရသွားတော့သည်။

"နင် ငါ့ကို လန့်သေအောင် လုပ်တာပဲ။ နင် တကယ်ကြီး သူများရဲ့ ကိုယ်လုပ်တော် ဖြစ်သွားတော့မယ်လို့ ထင်နေတာ။"

ရွှယ်နင် ခဏလောက် ငြိမ်သက်သွားမိသည်။ အကယ်၍ အရင်ဘဝတုန်းက အချစ်မျက်စိကန်းနေခဲ့တဲ့ သူမသာဆိုလျှင်... အချစ်အတွက်နှင့် အောက်ကျနောက်ကျခံကာ ကိုယ်လုပ်တော်အဖြစ် ခံယူခြင်းမျိုးကဲ့သို့ မိုက်မဲသောအရာကို တကယ်ပဲ လုပ်မိကောင်း လုပ်မိလိမ့်မည်။ သို့သော် တစ်ကြိမ်တစ်ခါ သေဆုံးခဲ့ပြီဖြစ်တဲ့အတွက် သူမက ဘယ်လိုလုပ် အရင်ကလို တုံးအနေနိုင်ဦးမှာလဲ။

သေးငယ်တဲ့ မိသားစုလေးမှာပဲ ဖြစ်ဖြစ်... မိမိကိုယ်တိုင် အာဏာအပြည့်အဝရှိပြီး စီမံခန့်ခွဲခွင့်ရမည့် တရားဝင်ဇနီးအဖြစ် ခံယူရမယ့်ဘဝကို စွန့်လွှတ်ပြီး၊ ဘာဖြစ်လို့ သူများရဲ့ မျက်နှာသာပေးမှုကို မျှော်လင့်ရမယ့် ကိုယ်လုပ်တော်ဘဝမျိုးကို ခံယူရမှာလဲ။

ထိုသူက စုကျန်းကိုယ်တိုင် ဖြစ်နေပါစေဦးတော့... ဘယ်လိုမှ မဖြစ်နိုင်ဘူး။

ဒီဘဝမှာတော့... သူမက ခမ်းနားထည်ဝါပြီး ဂုဏ်သိက္ခာရှိရှိနှင့်သာ လက်ထပ်ထိမ်းမြားမယ်။

"ငါ့ရဲ့ အဆင့်အတန်းက ဘယ်လောက်ပဲ နိမ့်ပါးပါစေဦးတော့... ဘယ်တော့မှ သူများရဲ့ ကိုယ်လုပ်တော်အဖြစ်တော့ အောက်ကျနောက်ကျ မခံဘူး၊ ယန်ယန်... စိတ်အေးအေးထားပါ။"

သူမ ဤစကားကို ပြောလိုက်ချိန်တွင် ဝေ့ကျန့်လန်သည် တောင်ဘက် ပြတင်းပေါက်အောက်တွင် ထိုင်နေခဲ့သည်။

ထိုအမျိုးသားက ကျောက်စိမ်းကဲ့သို့ နူးညံ့သိမ်မွေ့ပြီး၊ တင့်တယ်မြင့်မြတ်သည့် အရှိန်အဝါမျိုး ရှိကာ ပညာရှိတစ်ဦး၏ အငွေ့အသက်များကို ထုတ်လွှတ်နေသည်။

ရွှယ်နင်က ကိုယ်လုပ်တော် မလုပ်နိုင်ဟု ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည့် စကားကို ကြားလိုက်ရချိန်တွင်... သူ့မျက်ဝန်းထောင့်များက အနည်းငယ် ကွေးညွတ်သွားပြီး၊ အရင်က မည်သည့်ခံစားချက်မျှ မရှိဘဲ တည်ငြိမ်နေခဲ့သည့် ချောမောသော မျက်နှာထက်တွင်လည်း ခပ်ဖျော့ဖျော့ အပြုံးရိပ်လေးတစ်ခု ဖြတ်သန်းသွားသည်။

All Chapters