အခန်း ၇၀
Vol. 7 Ch. 70
အခန်း (၇၀) - လှပတင့်တယ်လွန်းတယ်
ထိုအမျိုးသား၏ နူးညံ့သိမ်မွေ့သော အကြည့်များနှင့် ဆုံလိုက်ရတဲ့အခါ ရွှယ်နင်သည် အကြောင်းရင်းမရှိဘဲ ရင်ထဲတွင် နေမထိထိုင်မသာ ဖြစ်သွားပြီး မျက်ဝန်းများကို အမြန်ဆုံး လွှဲဖယ်လိုက်မိသည်။
ဝေ့မိသားစုက သူမကို တောင်းရမ်းရန် အရိပ်အယောင်များ ပြသခဲ့ကြပြီး သခင်မလင်ကလည်း စုံစမ်းမေးမြန်းရန်အတွက် နယ်စားမင်းအိမ်တော်သို့ အကြိမ်ကြိမ် လာရောက်ခဲ့သည်။
သို့သော် ရွှယ်နင်သည် ဝေ့ကျန့်လန်အပေါ် မောင်နှမ သံယောဇဉ်မျိုးသာ ရှိခဲ့ပြီး ထိုထက်ပိုသော အချစ်စိတ်မျိုး မရှိခဲ့ချေ။
ဒါတင်မကသေးဘဲ အရင်ဘဝတုန်းက သူမနှင့် အဆင့်အတန်းမတူတဲ့ နေရာသို့ အိမ်ထောင်ပြုမိ၍ ခံစားခဲ့ရသည့် ဒုက္ခဝေဒနာများ—ဘယ်လိုမှ ထပ်မံ၍ မတောင့်ခံနိုင်တော့သည့် အဆင့်အတန်း မမျှတမှုများကြောင့်—သခင်မလင်သည် မိခင်ဖြစ်သူ၏ အရင်းနှီးဆုံး သူငယ်ချင်း ဖြစ်နေပါစေဦးတော့၊ သူမက အဆင့်အတန်း ကွာခြားတဲ့ မိသားစုထဲကို ထပ်ပြီး လက်မထပ်ချင်တော့ပေ။ ထို့အပြင် ဝေ့ကျန့်လန်၏ နှလုံးသားထဲမှာလည်း ချစ်ရမယ့်သူ ရှိနှင့်နေပြီးသား မဟုတ်လား။
ဒါကြောင့်... သူမ စိတ်တိုင်းအကျဆုံး ရွေးချယ်မှုကတော့ လော်ဝမ်ကျွင်း ဖြစ်နေဆဲပင်။
လော်ဝမ်ကျွင်းသည် စုကျန်းကြောင့် နယ်စားမင်းအိမ်တော်သို့ မလာရောက်တာ ကြာပြီ ဖြစ်သည်။
ရွှယ်နင်က သခင်မကျန်းကို အကြိမ်အနည်းငယ် ပူဆာပြီးနောက်တွင်မှ သခင်မကျန်းသည် အကြောင်းပြချက်တစ်ခု ရှာကာ လော်မိသားစုကို နယ်စားမင်းအိမ်တော်သို့ ဧည့်သည်တော်အဖြစ် ဖိတ်ခေါ်ခဲ့သည်။
ရွှယ်နင်သာ စုမိသားစုထဲ လက်ထပ်မဝင်ရင်ပြီးရော ဆိုတဲ့အတိုင်း သခင်မကြီးရှဲ့ကလည်း ဒီကိစ္စကို ဝမ်းမြောက်ဝမ်းသာ ကြည့်နေခဲ့ပြီး သခင်မကျန်းကိုလည်း စေ့စပ်သေချာစွာ စီမံခန့်ခွဲခွင့် ပေးခဲ့သည်။
လော်ဝမ်ကျွင်းကို တစ်ဖန် ပြန်လည်တွေ့မြင်လိုက်ရချိန်တွင်... ဝတ်ရုံပြာကို ဝတ်ဆင်ထားသည့် ထိုလူငယ်လေးက ခန်းမဆောင်ထဲမှာ အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် မတ်တပ်ရပ်နေပြီး နူးညံ့သိမ်မွေ့ကာ စည်းကမ်းရှိသလို၊ သပ်ရပ်သည့် ပညာရှိလေးတစ်ဦး၏ အငွေ့အသက်မျိုး ရှိသည်။
သခင်မကြီးလော်နှင့် သခင်မကျန်းတို့သည် ပင်မဆောင်ထဲတွင် ထိုင်ကာ ရယ်ရယ်မောမော စကားစမြည် ပြောဆိုနေကြ၏။
တစ်ခါတရံတွင် ရွှယ်နင် ခေါင်းမော့ကြည့်လိုက်မိသည့်အခါ လော်ဝမ်ကျွင်း၏ သတိကြီးစွာဖြင့် ခိုးကြောင်ခိုးဝှက် အကဲခတ်နေသည့် အကြည့်များနှင့် ဆုံတတ်လေသည်။
သူမက ခပ်ဖွဖွလေး ပြုံးပြလိုက်တဲ့အခါ ထိုအမျိုးသား၏ နားရွက်ဖျားလေးများ ရဲတက်သွားတာကို သတိပြုမိလိုက်သည်။
အမှန်အတိုင်း ပြောရရင် သူမက လော်ဝမ်ကျွင်းအပေါ် ထူးထူးခြားခြား ချစ်မြတ်နိုးစိတ်မျိုး မရှိပေ။ ဒါပေမဲ့လည်း သူ့လို လူမျိုးကသာ ခင်ပွန်းသည်ကောင်း တစ်ယောက် ဖြစ်လာနိုင်လိမ့်မယ်လို့ တွေးမိရုံသာဖြစ်၏။
သူ့စရိုက်က နွေးထွေးညင်သာပြီး အပြုံးများကလည်း ရှက်ပြုံးလေး ဖြစ်တာကြောင့် ကြည့်ရတာ နွေးထွေးမှုရှိသော လူတစ်ယောက်လို ထင်မှတ်ရသည်။
နောင်တစ်ချိန်တွင် လင်မယားအဖြစ် အတူအိပ်စက်ကြသည့်အခါ တုန်းကျင်းမြို့၏ ဆောင်းရာသီ ရက်စွဲများလည်း အရင်ကလောက် ဖြတ်သန်းရ မခက်ခဲတော့ဟု တွေးမိသည်။
ဒါ့အပြင်... သူမရဲ့ အနာဂတ်ခင်ပွန်းအပေါ် ထားရှိတဲ့ မျှော်လင့်ချက်ကလည်း မကြီးမားပါ—သူမ မျှော်လင့်တာက အတူရှိပေးမယ့် အချိန်လေးတွေ ပိုရှိဖို့၊ ဇနီးတစ်ယောက်အနေဖြင့် ပိုပြီး လေးစားတန်ဖိုးထားခံရဖို့နှင့် အကယ်၍ သူက သူမ၏ စကားကို နားထောင်ပေးနိုင်မည်ဆိုပါက အကောင်းဆုံး ဖြစ်လိမ့်မည်။
အရင်ဘဝတုန်းက သူမက ခင်ပွန်းသည်နှင့်အတူ ထမင်းဝိုင်းတစ်ခုတည်းတွင် ကောင်းမွန်စွာ ထိုင်စားရင်း စကားစမြည် ပြောဆိုရသည့် နွေးထွေးမှုမျိုးကို တစ်ခါလေးတောင် မခံစားခဲ့ရဖူးပေ။
သခင်မကျန်းသည် ရွှယ်နင်၏ သဘောထားကို နားလည်၏။ သခင်မကြီးလော်နှင့် ခဏလောက် စကားပြောပြီးနောက် သူမက ပြောလိုက်သည်။
"နယ်စားမင်းစံအိမ်ရဲ့ နောက်ဖေးခြံဝင်းထဲက ဆီးနှင်းရှုခင်းက တကယ်ကို လှတာ။ လူငယ်နှစ်ယောက်ကို ကျွန်မတို့လို လူကြီးတွေနဲ့အတူ ဒီမှာပဲ ပိတ်လှောင်မထားပါနဲ့။ သူတို့ကို ဥယျာဉ်ထဲ သွားပြီး လမ်းလျှောက်ခိုင်းလိုက်ကြရအောင်"
သခင်မကြီးလော်သည်လည်း မျက်ဝန်းထဲတွင် အပြုံးများ ပြည့်နှက်လျက် ရွှယ်နင်ကို တစ်ချက်ကြည့်ကာ ပြောလာသည်။
"အဲ့ဒါ အတော်ပဲပေါ့။ အားကျွင်း. မင်း သခင်မလေးရွှယ်နဲ့အတူ အပြင်ထွက်ပြီး လမ်းလျှောက်လိုက်ဦး။ ယဉ်ကျေးမှုကိုတော့ မမေ့နဲ့ဦးနော်... သူ(မ)က ဒဏ်ရာအပြင်းအထန် ရထားတာဆိုတော့ အအေးဒဏ်ကို အကြာကြီး မခံနိုင်ဘူး။ သူ(မ)အတွက် လက်နွေးအိုးလေးတွေပါ ပြင်ဆင်ပေးလိုက်ဦး။"
လော်ဝမ်ကျွင်းက အရာရာကို အလေးအနက် တုံ့ပြန်နာခံခဲ့သည်။
အပြင်သို့ မထွက်ခွာခင်.. သူက ပန်းပုလက်ရာများ စီခြယ်ထားသည့် လက်နွေးအိုး နှစ်လုံးကို ကိုယ်တိုင် သယ်ဆောင်လာသည်။
ရွှယ်နင်သည် ခေါင်းစွပ်ပါသည့် ဝတ်ရုံအထူကြီးကို ဝတ်ဆင်ထားသဖြင့် အပြင်ဘက်တွင် လေပြင်းများနှင့် ဆီးနှင်းများ တဖွဲဖွဲ ကျဆင်းနေခဲ့သော်လည်း အအေးဒဏ်ကို လုံးဝ မခံစားရပေ။
လော်ဝမ်ကျွင်းသည် သူမ၏ရှေ့မှနေ၍ အလိုက်တသိ လမ်းပြခေါ်ဆောင်သွားပြီး လေပြင်းနှင့် ဆီးနှင်းဒဏ်များ သူမဆီ တိုက်ရိုက်မကျရောက်စေရန် သူ့ခန္ဓာကိုယ်ဖြင့် ကာကွယ်ပေးထားသည်။
လမ်းတစ်ခုလုံးသည် ဆီးနှင်းများ ဖုံးလွှမ်းနေသဖြင့် သူက တစ်ခါတရံ ခြေချော်သွားတတ်ပြီး ဟန်ချက်ထိန်းရန် အသည်းအသန် ကြိုးစားနေရသေးသည်။
သူ၏ ခန္ဓာကိုယ် ယိမ်းထိုးသွားပုံက ငှက်တစ်ကောင်ကဲ့သို့ ဖြစ်နေတာကြောင့် နောက်မှ လိုက်ပါလာကြသည့် အစေခံမလေးများထံမှ ရယ်သံများ ထွက်ပေါ်လာစေသည်။
လော်ဝမ်ကျွင်း၏ ချောမောသော မျက်နှာလေးက ရဲခနဲ ဖြစ်သွား၏။ သူက မြေပြင်မှ အမြန်ထလိုက်ပြီး ရွှယ်နင်ကို သတိကြီးစွာဖြင့် လှမ်းကြည့်လိုက်သည်။
"သခင်မလေးရွှယ်... အားနာလိုက်တာ ကျွန်တော် သခင်မလေးရှေ့မှာ အရှက်ကွဲပြမိပြီ"
ရွှယ်နင်က သူမ၏လက်ကို သူ့ဆီ လှမ်းပေးလိုက်ရင်း မျက်ဝန်းလေးများ ကွေးညွတ်သွားသည်အထိ ပြုံးပြလိုက်သည်။
"ရပါတယ်.. အရှက်ကွဲစရာ မဟုတ်ပါဘူး"
ထိုမိန်းကလေး၏ တောက်ပကြည်လင်ပြီး လှပလွန်းတဲ့ မျက်ဝန်းများနှင့် ဆုံလိုက်ရချိန်တွင်... လော်ဝမ်ကျွင်း၏ နှလုံးခုန်သံများက ရူးသွပ်မတတ် မြန်ဆန်လာတော့သည်။ သူက နှုတ်ခမ်းကို ခပ်ဖွဖွကိုက်လျက် ရွှယ်နင် လှမ်းပေးထားသည့် ဆုပ်ကိုင်လိုက်သည်။
ဤဖြစ်ရပ် ဖြစ်ပွားပြီးနောက်တွင် လော်ဝမ်ကျွင်း၏ မျက်နှာမှာ ပို၍ပင် နီမြန်းလာခဲ့၏။
"သခင်မလေးရွှယ်. အခုရော နေလို့ ပိုကောင်းသွားပြီလား"
ရွှယ်နင်က နှုတ်ခမ်းကို လက်ဖြင့်အုပ်ကာ ခပ်ဖွဖွလေး ရယ်မောလိုက်သည်။
"အများကြီး သက်သာသွားပါပြီ"
လော်ဝမ်ကျွင်းက ထစ်ထစ်ငေါ့ငေါ့ဖြင့် ထပ်မံမေးမြန်းပြန်သည်။
"ဒဏ်... ဒဏ်ရာကရော နာနေသေးလား"
ရွှယ်နင်က ပြန်ပြောလိုက်သည်။
"သိပ်မနာတော့ပါဘူးရှင်၊ ဒါပေမဲ့ လှုပ်ရှားမှုအပြင်းအထန်တွေတော့ လုပ်လို့မရသေးဘူးပေါ့"
ဒါဟာ လော်ဝမ်ကျွင်းအတွက် မိန်းကလေးတစ်ယောက်နှင့် အခုလိုမျိုး ရင်းရင်းနှီးနှီး ပထမဆုံးအကြိမ် စကားပြောဖူးတာလည်း ဖြစ်သည်။ သူက ခေါင်းကို ကုတ်လိုက်ရင်း-
"ဒါဆိုရင်တော့... ညီညာတဲ့ မြေကြီးပေါ်မှာပဲ ခဏလောက် လမ်းလျှောက်ကြတာပေါ့။ လမ်းမှာ ဆီးနှင်းတွေ ရှိနေတော့ သခင်မလေးရွှယ်....ဂရုစိုက်ပြီး ကျွန်တော့်နောက်ကနေပဲ လိုက်ခဲ့နော်။ လဲ... လဲမကျစေနဲ့... အား!"
ပြောရင်းဆိုရင်းနှင့်ပင် သူက သူ့ခြေထောက်ကို သူပြန်ခလုတ်တိုက်ကာ လဲကျသွားပြန်သဖြင့် တကယ့်ကို သနားစရာ ဖရိုဖရဲ ပုံစံဖြစ်သွားပြန်သည်။
သို့သော်လည်း သူ့မျက်နှာက ချောမောနေဆဲဖြစ်ပြီး နီမြန်းနေသည့် ပါးပြင်လေးများနှင့်ဆိုလျှင် ကြည့်ရတာ ပို၍ပင် ချစ်စရာ ကောင်းနေသေး၏။
အစေခံများကလည်း နှုတ်ခမ်းများကို လက်ဖြင့်အုပ်ကာ တခစ်ခစ် ရယ်မောရင်း သူ့ကို ထူပေးရန် အပြေးအလွှား သွားကြတော့သည်။
သူကတော့ စည်းကမ်းကို အလွန်အမင်း ရိုသေလိုက်နာသူပီပီ ရွှယ်နင်ကို သတိကြီးစွာဖြင့် တစ်ချက်လှမ်းကြည့်ပြီးနောက်... အခြားအမျိုးသမီးတစ်ယောက်ကိုမှ သူ့ဆံပင်တစ်ပင်ကိုတောင် အထိမခံဘဲ သူ့ဘာသာ အလောတကြီး လူးလဲထလိုက်သည်။
"ဒီလောက်တောင် အိန္ဒြေကြီးပြီး စည်းကမ်းကြီးတဲ့ သခင်လေးလော်က ကြည့်ရတာ တကယ့်ကို ချစ်စရာကောင်းတာပဲ။ သခင်မလေး... သူ့ကို ကြည့်ပါဦး—သူ့မျက်နှာက တစ်ခါပြန်ပြီး နီရဲလာပြန်ပြီ။"
အစေခံမလေးများ၏ စနောက်ကျီစယ်မှုကြောင့် လော်ဝမ်ကျွင်း၏ မျက်နှာက ပိုနီမြန်းသွားပြီး ရွှယ်နင်ကို ကြည့်သည့် သူ့အကြည့်များတွင်လည်း ဖျော့တော့ပြီး ညင်သာနူးညံ့သည့် အရိပ်အယောင်လေးများ ရှိနေသည်။
ရွှယ်နင်သည် အေးစက်ပြီးနှင့် အိန္ဒြေကြီးသည့် အမျိုးသားမျိုးကိုသာ မြင်တွေ့နေကျ ဖြစ်သော်လည်း လော်ဝမ်ကျွင်းကတော့ သူမအတွက် တော်တော်လေး စိတ်ဝင်စားစရာ ကောင်းတယ်လို့ ထင်မိသည်။ သူ့ရဲ့သတိကြီးစွာနှင့် စည်းကမ်းကြီးတတ်သည့် စရိုက်က သွယ်ဝိုက်သောနည်းဖြင့် သူမ၏ စရိုက်နှင့် အနည်းငယ် တူညီနေသယောင် ရှိသည်။
ထို့အပြင် သူတို့နှစ်ယောက် စကားပြောသည့်အခါတွင်လည်း အလွန်ပင် အပေးအယူ တည့်သည်။ သူ ဖတ်ရှုဖူးတဲ့ ဂန္ထဝင်စာပေများနှင့် သမိုင်းကြောင်းများအကြောင်း ဆွေးနွေးတဲ့အခါ သူက အတော်လေး စကားပြောကောင်းလာပြီး မျက်ဝန်းများကလည်း အရောင်တောက်လာသည်။
'နောင်တစ်ချိန်မှာ ထန်ဟွာလန်(နန်းတွင်းစာမေးပွဲတွင် တတိယရရှိသူ ပညာရှိ) ဖြစ်လာမယ့်သူပီပီ တကယ့်ကို မြင့်မြတ်ပြီး ထက်မြက်လွန်းတာပဲ' ဟု ရွှယ်နင်တစ်ယောက် စိတ်ထဲကနေ တိတ်တဆိတ် ချီးကျူးနေ၏။
အကယ်၍ သူမက သူ့အတွက် ကလေးတစ်ယောက် မွေးဖွားပေးနိုင်ခဲ့ပြီး... သူကိုယ်တိုင် ထိုကလေးကို ပညာသင်ကြား ပျိုးထောင်ပေးမယ်ဆိုပါက ထိုကလေးက လူတိုင်း အားကျရလောက်တဲ့ ပါရမီရှင်လေးတစ်ဦး အသေအချာ ဖြစ်လာလိမ့်မယ်။
လော်ဝမ်ကျွင်းသည် သူမ၏ ဘေးမှနေ၍ တိတ်တဆိတ် လိုက်ပါလာရင်း တစ်ခါတစ်ရံတွင် လှမ်းမေးသည်။
"သခင်မလေးရွှယ်... အေးနေပြီလားဗျာ။ ဇီးပန်းတွေ သွားကြည့်ချင်လား။ ရေကန်ထဲက နှင်းကြာပန်းတွေလည်း တကယ့်ကို လှလှပပ ပွင့်နေကြတာ။ အကယ်၍ သခင်မလေး ကြည့်ချင်တယ်ဆိုရင် ကျွန်တော် လိုက်ပို့ပေးပါ့မယ်"
အကြောင်းရင်းမရှိဘဲ ရွှယ်နင်က သူမ၏ သေဆုံးသွားခဲ့တဲ့ ရင်သွေးလေးကို ရုတ်တရက် သတိရမိသွားသည်။
သူမရဲ့ နှလုံးသားတစ်ခုလုံး အညှစ်ခံလိုက်ရသလို ခံစားလိုက်ရပြီး ဖော်ပြ၍မရနိုင်သည့် စိတ်ခံစားမှုပေါင်းစုံက လွှမ်းမိုးလာခဲ့သည်။
ရင်ထဲတွင် ခါးသီးသည့် ဝမ်းနည်းပူဆွေးမှုများ တိုးဝှေ့တက်လာကာ လည်ချောင်းဝအထိ ဆို့တက်လာခဲ့သော်လည်း ၎င်းကို အတင်းအကျပ် အားတင်းပြုံးကာ ဖုံးကွယ်ထားလိုက်ရသည်။
"သခင်မလေးရွှယ်... ဘာဖြစ်လို့လဲ။"
သို့သော် လော်ဝမ်ကျွင်းက သူမ၏ မျက်ဝန်းထဲက မျက်ရည်စတွေကို အလွယ်တကူပင် သတိပြုမိသွား၏။
ရွှယ်နင်က ခပ်ဖျော့ဖျော့လေး ပြုံးပြလိုက်သည်။
"ကျွန်မ အရင်တုန်းက မက်ခဲ့ဖူးတဲ့ အိပ်မက်ဆိုးတစ်ခုကို သတိရသွားလို့ပါ"
လော်ဝမ်ကျွင်းက စိုးရိမ်တကြီးဖြင့် မေးလာသည်။
"ဘာအိပ်မက်မျိုးမလို့လဲ"
ရွှယ်နင်က ဒီအကြောင်းအရာကို ဘယ်သူ့ကိုမှ ဘယ်လိုမျိုး ရှင်းပြရမှန်း မသိတာကြောင့် သက်ပြင်းတစ်ချက်ချလိုက်သည်။
"ဘာမှမဟုတ်ပါဘူး၊ အိပ်မက်တစ်ခုပါပဲ"
ဥယျာဉ်တစ်ခုလုံးတွင် ဇီးပန်းပွင့်များက ဝေဆာစွာ ပွင့်နေကြပြီး သစ်ပင်တန်းကြီးများက လွင့်မျောနေသည့် ပန်းရောင်တိမ်တိုက် ကော်ဇောကြီးတစ်ခုကဲ့သို့ သွယ်တန်းနေခဲ့သည်။
စုကျန်းသည် သူ၏တာဝန်များကို စောစောစီးစီး အဆုံးသတ်ခဲ့ပြီးနောက် မော့ပိုင်နှင့်အတူ စင်္ကြံလျှောက်လမ်းအတိုင်း ဝမ်ရှိုဆောင်ဆီသို့ ဦးတည်ကာ လျှောက်လှမ်းလာသည်။
"ရှီဇီစု!"
လော်ဝမ်ကျွင်းက စုကျန်းကို နွေးထွေးစွာ နှုတ်ဆက်လိုက်၏။
ရွှယ်နင်လည်း သူမ၏ နက်မှောင်ကာ တောက်ပသော မျက်ဝန်းများဖြင့် စင်္ကြံလမ်းဆီသို့ ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်မိသည်။
စုကျန်းက ဘေးတစောင်း လှည့်လိုက်ပြီး ဆီးနှင်းတွေကြားထဲမှာ ရပ်နေကြသည့် ထိုလူငယ်နှင့် မိန်းကလေးကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်ပြီး သူ၏ အကြည့်များထဲတွင် အေးစက်စက် အရှိန်အဝါများ ချက်ချင်းပင် ပြည့်နှက်သွားတော့သည်။
ရွှယ်နင်က ယဉ်ကျေးသိမ်မွေ့စွာ ဂါရဝပြုလိုက်ပြီး ကင်းကွာသည့် အပြုံးတစ်ခုကို ပြုံးပြလိုက်သည်။
"အစ်ကိုကြီး ပြန်လာပြီပဲ"
ရက်အနည်းငယ်ခန့် မတွေ့ရဘဲ နေခဲ့ပြီးနောက် စုကျန်း နက်ရှိူင်းသော အကြည့်များက ရွှယ်နင်၏ မျက်နှာပေါ် ကျရောက်သွားသည်။
"အင်း... မင်း ဘာဖြစ်လို့ အခန်းထဲမှာ သေသေချာချာ အနားမယူဘဲ အပြင်ထွက်နေတာလဲ။"
စုကျန်းသည် တစ်တိုင်းပြည်လုံးရှိ စာပေပညာရှင်များအတွက် စံပြပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး အကယ်ဒမီကျောင်းပေါင်းစုံတွင်လည်း ကထိကအဖြစ် ဟောပြောပို့ချဖူးသူ ဖြစ်တာကြောင့် လော်ဝမ်ကျွင်းက သူ့ကို အလွန်အမင်း လေးစားသည်။
"ကျွန်တော်တို့ ဆီးနှင်းရှုခင်းကို ကြည့်နေကြတာပါ။ ရှီဇီစုရော ကျွန်တော်တို့နဲ့အတူ လိုက်ကြည့်မလား။"
ရွှယ်နင်သည် စုကျန်းကို ဖိတ်ခေါ်ရန် အစီအစဉ် လုံးဝမရှိသော်လည်း လော်ဝမ်ကျွင်းက ကမ်းလှမ်းပြီးသွားပြီ ဖြစ်သဖြင့် သူမက ငြင်းပယ်နေမယ်ဆိုရင် လွန်လွန်းရာကျနေလိမ့်မည်။ သူမ နှုတ်ခမ်းပါးကို အနည်းငယ် စေ့ပိတ်လိုက်၏။
"ဟုတ်တယ်... ဒီလို ဆီးနှင်းတွေကြားထဲမှာ ပွင့်နေတဲ့ ဇီးပန်းတွေက တကယ်ကို လှတာ။ အစ်ကိုကြီးရော ညီမတို့နဲ့အတူ လိုက်ဦးမလားဟင်"
တောက်ပပြီး သက်ဝင်လှုပ်ရှားနေသည့် တူညီသော မျက်ဝန်း နှစ်စုံ...။
လေပြင်းနှင့် ဆီးနှင်းတွေကြားထဲတွင် ထိုနှစ်ဦးမှာ တစ်ဦးက မြေခွေးမွေး ဝတ်ရုံနက်ကို ဝတ်ဆင်ထားပြီး အခြားတစ်ဦးကတော့ ဝတ်ရုံဖြူကို ဝတ်ဆင်ကာ ဘေးချင်းယှဉ်လျက် အလွန်ပင် ရင်းနှီးကျွမ်းဝင်စွာဖြင့် သူ့ဘက်သို့ လှည့်ကြည့်နေကြသည်။
စုကျန်းအတွက်တော့ ဒီမြင်ကွင်းက တကယ့်ကို မျက်စိစူးစရာ ကောင်းပြီး စိတ်ထဲတွင်လည်း အကြောင်းရင်းရှာမရသည့် မကျေနပ်မှု ဒေါသတရားတို့က လှုံ့ဆော်လာသည်။
သို့သော် သူကိုယ်တိုင်ပင် ထိုခံစားချက်ကို သေသေချာချာ မရှင်းပြနိုင်ချေ။ သူက ရွှယ်နင်ကို လက်ထပ်ဖို့ အစီအစဉ် မရှိတာ ရှင်းလင်းပြီး၊ သူမကို ကိုယ်လုပ်တော်အဖြစ် ယူဖို့ ကြိုးစားတာကလည်း သူမက သူ့အသက်ကို ကယ်တင်ခဲ့တဲ့ ကျေးဇူးကို ဆပ်ချင်ရုံသက်သက်သာ ဖြစ်သည်။
ဒါဆိုရင် ဘာဖြစ်လို့... သူမကို သူကိုယ်တိုင် နောက်ကွယ်မှာ တိတ်တဆိတ် ချီးကျူးအသိအမှတ်ပြုထားတဲ့ ထိုအမျိုးသားနှင့်အတူ တွဲပြီး တွေ့လိုက်ရတဲ့အချိန်မှာ၊ သူ့ရင်ထဲမှာ ဒီလောက် ထိန်းမနိုင်သိမ်းမရတဲ့ ဒေါသတွေက လှိုင်းထလာရတာလဲ။
သူမက လော်ဝမ်ကျွင်းကို လက်ထပ်မည်ဟု ပြောခဲ့သည့် နေ့ကို စုကျန်း ရုတ်တရက် ပြန်သတိရသွားမိကာ နှာခေါင်းရှုံ့လျက် သရော်လိုက်သည်။
"အော်... ဒါဆို ဒါက မင်းဘာသာ ရွေးချယ်ထားတဲ့ ခင်ပွန်းလောင်းပေါ့ ဟုတ်လား။”