← Chapters

အခန်း ၇၁

Vol. 8 Ch. 71

အခန်း ၇၁

Vol. 8 Ch. 71

အခန်း ၇၁။ အတင်းအကျပ် လက်ထပ်ခြင်းမရှိစေရ

ရွှယ်နင်သည် စုကျန်းက ဒီလိုကိစ္စမျိုးကို လူပုံအလယ်တွင် ဖွင့်ပြောလာလိမ့်မည်ဟု လုံးဝမထင်ထားမိတာကြောင့် မျက်နှာတစ်ခုလုံး ချက်ချင်းပင် ရဲခနဲ နီမြန်းသွားတော့သည်။

"ညီမတို့... ညီမတို့က ရှုခင်းကြည့်ရင်း လမ်းလျှောက်နေကြတာသက်သက်ပါ၊ ဘာတွေ လျှောက်ပြောနေတာလဲ အစ်ကိုကြီး..."

စုကျန်းက သူမကို စိုက်ကြည့်ရင်း စင်္ကြံအောက်မှ လှမ်းထွက်လာကာ ရွှယ်နင်၏ရှေ့တွင် အရိပ်မိုးလျက် မတ်မတ်ရပ်လိုက်သည်။

သူက အနည်းငယ် ကိုင်းညွတ်ကာ ကျောက်စိမ်းကဲ့သို့ ဖြူဖျော့အေးစက်နေသော သူ၏ထင်ရှားသည့် မေးရိုးဖြင့် သူမ၏နားရွက်နားသို့ ကပ်လိုက်သည်။

နဂိုကပင် အရပ်မြင့်မားထွားကျိုင်းတာကြောင့် မှင်ရောင်ဝတ်ရုံနက်ကြီးက အောက်သို့ စီးကျနေပြီး ရွှယ်နင်၏ သေးငယ်သော ကိုယ်လုံးလေးကိုပါ သူ့အရိပ်အောက်တွင် လွှမ်းခြုံထားသလို ဖြစ်နေသည်။

"မင်းက လော်ဝမ်ကျွင်းကို ငါ့ရှေ့မှာ ဒီလိုမျိုး တကူးတက တွဲပြနေရင် ငါ့ကို ဒေါသထွက်အောင် ဆွနိုင်မယ်လို့ ထင်နေတာလား"

ရွှယ်နင် မျက်မှောင်ကြုတ်လိုက်မိသည်။

"အစ်ကိုကြီး... ညီမ ဆိုလိုတာ အဲဒါမဟုတ်ပါဘူး"

စုကျန်းက မျက်နှာနီမြန်းနေသော လော်ဝမ်ကျွင်းကို လှောင်ပြုံးတစ်ချက် ဖြတ်ခနဲ ကြည့်လိုက်သည်။

"ဒါပေမဲ့ ငါပြောချင်တဲ့ သဘောကို မင်းမကြာခင် နားလည်လာလိမ့်မယ်။ အခုတော့ မင်းရဲ့ ချီယွင်ဆောင်ကို ပြန်ပြီး အနားယူလိုက်တော့။ မင်းက ငါ့အတွက်နဲ့ ဒဏ်ရာရခဲ့တာကို ငါက နှိပ်စက်နေပါတယ်လို့ သူများတွေ ထင်ကုန်မှာ ငါမလိုချင်ဘူး"

ထိုသို့ပြောပြီးနောက် သူက မော့ပိုင်ကို အကြည့်တစ်ချက် ပေးလိုက်သည်။

မော့ပိုင်က ရှေ့သို့ လှမ်းတက်လာပြီး ရွှယ်နင်ကို ရာဇဝတ်သားတစ်ဦးကဲ့သို့ စောင့်ကြပ်သည့် အနေအထားဖြင့် ရပ်လိုက်ရာ ဘေးနားရှိ တုန်လှုပ်နေတဲ့ လော်ဝမ်ကျွင်းကိုပါ မတော်တဆ ပိတ်ဆို့သလို ဖြစ်သွားတော့သည်။

တရားရေးဝန်ကြီးဌာနတွင် အချိန်ကြာမြင့်စွာ ကျင်လည်ခဲ့သော လူတစ်ယောက်၏ အရှိန်အဝါက ကြောက်မက်ဖွယ်ကောင်းလောက်အောင် ထိတ်လန့်စရာ ကောင်း၏။

ရွှယ်နင် တစ်ကိုယ်လုံး တုန်သွားကာ စုကျန်း၏ ဖိနှိပ်လွန်းသော အရှိန်အဝါကနေ လွတ်မြောက်ရန် နောက်သို့ တစ်လှမ်း ဆုတ်လိုက်မိသည်။

စုကျန်းက မျက်လုံးထဲအထိ မရောက်သော အပြုံးမျိုးဖြင့် သူမနှင့် လော်ဝမ်ကျွင်းကို ကြည့်လိုက်သည်။

"ပေါင်ချန်... မင်းတို့ သခင်မလေးကို ချီယွင်ဆောင်ပြန်ဖို့ တွဲမပို့ပေးသေးဘူးလား"

လော်ဝမ်ကျွင်းက စိတ်မသက်မသာ ပြုံးရင်း နှုတ်ခမ်းကို ဖိစေ့ထားမိသည်။

"ရှီဇီစု.. ကျွန်တော်တို့ အပြင်ထွက်လာတာ အခုမှ—"

"ဒီမှာ မင်းစကားပြောဖို့ အခွင့်အရေး ရှိလို့လား"

စုကျန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ရာ သူ၏မျက်ဝန်းထဲမှ အအေးဓာတ်ကြောင့် ကျောချမ်းသွားရသည်။

လော်ဝမ်ကျွင်း တောင့်ခဲသွားပြီး စုကျန်း၏ ရုတ်တရက် ဒေါသပေါက်ကွဲမှုကြောင့် အံ့အားသင့်သွားပုံရသည်။

သူ(စုကျန်း)က သူ့ညီမ ကျန်းမာရေးအတွက် အလွန်အမင်း စိုးရိမ်ပူပန်နေတာလည်း ဖြစ်နိုင်တယ်၊ အမှန်တော့ ရွှယ်နင်က သူ့ကို ကယ်တင်ရင်း အသက်လုခဲ့ရတာ မဟုတ်လား။

"ကျွန်တော် သေချာ မစဉ်းစားမိတာ ကျွန်တော့်အပြစ်ပါ။ သခင်မလေးရွှယ်က ဒဏ်ရာပြင်းထန်ထားတာမလို့ လေ အတိုက်ခံလို့ မဖြစ်ဘူး။ ကျွန်တော် သူ(မ)ကို ချက်ချင်း ပြန်လိုက်ပို့ပေးပါ့မယ်"

စုကျန်းက အေးစက်စွာ ပြန်ပြောလိုက်သည်။

"မင်း လိုက်ပို့ပေးဖို့ မလိုဘူး"

လော်ဝမ်ကျွင်း ဇဝေဇဝါ ဖြစ်သွား၏။

"ဟင်..."

စုကျန်း မျက်နှာသေဖြင့် ပြောလိုက်သည်။

"မော့ပိုင်... မင်းသွား"

မော့ပိုင်က ပြန်ပြောသည်။

"ဟုတ်ကဲ့"

လော်ဝမ်ကျွင်းက နောက်တစ်ကြိမ် ကြောင်အန်းအန်းဖြင့် မှင်သက်ကာ ကျန်ရစ်ခဲ့သည်။

ရွှယ်နင်လည်း စုကျန်း ရူးနေပြီး၊ ၎င်းက အတော်ကို ကျွမ်းနေပြီဟု တွေးမိသည်။

သို့သော် သူမက ယခုအချိန်တွင် သူနှင့် ငြင်းခုံချင်စိတ် မရှိသလို၊ ပြဿနာလည်း မရှာချင်ပေ။

ဒီလူက ဒီလောက်အထိ အကျိုးအကြောင်းမရှိ ဆင်ခြင်တုံတရား ကင်းမဲ့နိုင်မှန်း သူမ ဘာလို့ အရင်က သတိမထားမိခဲ့တာလဲ။

သူမက လော်ဝမ်ကျွင်းကို တကယ်ပဲ လက်ထပ်ချင်နေတာလေ။သူက ဘာဖြစ်လို့ သူမကို နောက်ပြောင်နေတယ်လို့ အမြဲထင်နေရတာလဲ။တမင်သက်သက် နောက်ဆုတ်ချင်ယောင်ဆောင်ပြီးမှ လိုချင်အောင် လုပ်နေတာ ဒါမှမဟုတ် အခြားလူတစ်ယောက်ကို သုံးပြီး သူ့ကို သဝန်တိုအောင် နှိုးဆွနေတယ်လို့ ဘာလို့ တွေးနေတာလဲ။

သူမရဲ့ အတိတ်က ပုံစံဟာ နှိမ့်ချလွန်း၊ ကြောက်ရွံ့လွန်းပြီး သူ့အပေါ် အစွဲအလမ်းကြီးလွန်းခဲ့တာကြောင့်

သူ့ကို ဒီလိုအထင်မှားမှုများ ပေးမိခဲ့တာ ဖြစ်ပုံရတယ်။

နောက်ထပ် ရှုပ်ထွေးမှုတွေ မဖြစ်ပွားစေဖို့အတွက် သူမရဲ့လက်ထပ်ပွဲကို တတ်နိုင်သမျှ အမြန်ဆုံး အတည်ပြုရန် လိုအပ်နေပြီ။

...

ဇီးပန်းပင်အောက်တွင် မိန်းကလေးငယ်၏ ကိုယ်ဟန်က နွဲ့နှောင်းစွာ လှုပ်ရှားသွားသည်။

မကြာမီတွင် သူမသည် လော်ဝမ်ကျွင်းတို့နှင့်အတူ နောက်ဖေးဥယျာဉ်မှ ထွက်ခွာသွားတော့သည်။

မလှမ်းမကမ်းရှိ စင်္ကြံရှည်ကြီးအောက်တွင် လီချန်ချဲ့သည် ဇာပန်းထိုး ဝတ်ရုံနက်ကြီးကို ဝတ်ဆင်ထားရင်း သူ၏ တစ်ကိုယ်တည်းအထီးကျန်သော ကျောပြင်ကြီးဖြင့် မတ်တပ်ရပ်ကျန်ရစ်ခဲ့လေသည်။

သူ ထိုနေရာမှာ ရပ်နေတာ အချိန်ကြာပြီဖြစ်ပြီး ရွှယ်နင်နှင့် လော်ဝမ်ကျွင်းတို့ တတွတ်တွတ် စကားပြောကာ ရယ်မောနေကြတာကို အစအဆုံး မြင်တွေ့ခဲ့ရသည်။

စုကျန်းနှင့် လော်ဝမ်ကျွင်းတို့ကြား တင်းမာနေသော အခြေအနေကိုလည်း သူ မြင်ဖြစ်အောင် မြင်လိုက်သေး၏။

ထို့အပြင် စုကျန်းက ရွှယ်နင်ကို ကြည့်တဲ့အခါ မျက်ဝန်းထဲ၌ ဖုံးကွယ်ထားသော အပိုင်စီးလိုသည့် အငွေ့အသက်များကိုလည်း သူ သတိပြုမိလိုက်သည်။

သို့သော်လည်း ထိုမိန်းကလေးငယ်ကတော့ သူမဘေးနားရှိ အမျိုးသားနှစ်ဦးစလုံးက သူမကို လောဘတကြီး ဝိုင်းကြည့်နေကြတာကို လုံးဝ ရိပ်မိပုံမရပေ။

လီချန်ချဲ့သည် တွေးမိလေလေ သူ၏အကြည့်တို့က နက်ရှိုင်းသော ချောက်နက်ကြီးတစ်ခုကဲ့သို့ နစ်ဝင်သွားလေလေဖြစ်ပြီး စူးရှသောအအေးဓာတ်တို့ လျှံထွက်လာသည်။

ဖူရှန်းက ဝေခွဲမရတဲ့ပုံစံဖြင့် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"သခင်လေး... သခင်မလေးရွှယ်က တကယ်ပဲ ဘာတွေတွေးနေတာလဲ မသိဘူးနော်။ ဘာလို့ လော်ဝမ်ကျွင်းလို လူမျိုးကိုမှ သဘောကျနေရတာလဲ"

လီချန်ချဲ့က မျက်လွှာကို အနည်းငယ် ချလိုက်သည်။ သူ၏ဖြောင့်စင်းသော နှာတံပေါ်သို့ လေနှင်းများကြားမှ မြူခိုးများ ဖြတ်သန်းသွားရာ ရုတ်တရက်ဆိုသလို ဝေးကွာလွန်းသော ခံစားချက်ကို ပေးစွမ်းနေသည်။

သူ့အကြည့်တို့က အေးစက်နေသော်လည်း ဝေးကွာသွားသော ရွှယ်နင်၏ ကျောပြင်လေးဆီမှ မခွာဘဲ စိုက်ကြည့်နေဆဲ ဖြစ်၏။

သူမရဲ့ ပုံရိပ်လေး ကျောက်ဆောင်အတုနောက်ကွယ်သို့ ကွယ်ပျောက်သွားမှသာ သူသည် စင်္ကြံအောက်မှ အေးအေးဆေးဆေး လှမ်းထွက်လာပြီး လွင့်ပျံနေသော နှင်းပွင့်များအား သူ၏ပုခုံးပေါ်သို့ ဝဲကျခွင့်ပြုလိုက်သည်။

"သူ(မ)က အဲဒီလိုလူမျိုးကို သဘောကျတာလည်း ဖြစ်နိုင်တာပဲ"

ဖူရှန်းက မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။

"ဒါပေမဲ့ အဲဒီ လော်ဝမ်ကျွင်းက စာအုပ်ကြီးအတိုင်း လုပ်တတ်တာကလွဲရင် ဘာမှမသိတဲ့ စာဂျပိုးသက်သက်ပဲဟာ။ သူ့မိသားစုနောက်ခံကလည်း သခင်လေးနဲ့ ယှဉ်လို့တောင် မရဘူး။ သခင်မလေးရွှယ်က သခင်လေးနဲ့ ဒီလောက်အထိ ရင်းနှီးကျွမ်းဝင်ပြီးသွားတာတောင် ဘာလို့ သခင်လေးကို တစ်ချက်ကလေးတောင် ပြန်လှည့်မကြည့်ချင်ရတာလဲ"

လီချန်ချဲ့၏ ရင်ဘတ်ထဲတွင် တစ်ချက်မျှ တင်းကျပ်သွားကာ သူ၏အေးစက်သော မျက်ခုံးများက ထိစပ်မတတ် တွန့်ချိုးသွားတော့သည်။

"ဒီကိစ္စကို အပြင်လူတွေကို ဘယ်တော့မှ ထုတ်မပြောစေနဲ့"

ဖူရှန်းက ပျာပျာသလဲ ပြန်ဖြေသည်။

"ငယ်သား နားလည်ပါတယ်။ သခင်မလေးရွှယ်ရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေမယ့်အလုပ်မျိုး ဘယ်တော့မှ မလုပ်ပါဘူး"

လီချန်ချဲ့က "အင်း" ဟု ခပ်တိုးတိုးတစ်ချက်သာ တုံ့ပြန်ပြီး ဝမ်ရှင်းဆောင်ဘက်သို့ လှည့်ထွက်ခဲ့သည်။

သူ့သခင်၏ အနီးတွင် ဆယ်စုနှစ်တစ်ခုကျော်ကြာ ခစားလာခဲ့သည့် ဖူရှန်းအတွက် သခင်လေးက မိန်းမပျိုတစ်ဦးအပေါ် ဒီလောက်အထိ စိတ်ဝင်တစား ရှိနေတာကို အခုမှ ပထမဆုံးအကြိမ် မြင်ဖူးတာ ဖြစ်သည်။

သခင်လေးလည်း အရွယ်ရောက်နေပြီဖြစ်လို့ လက်ထပ်ပြီးတော့ မိသားစုထူထောင်သင့်ပြီ။

ယခုနှစ်တွင် မြို့တော်သို့ ရောက်ရှိလာခဲ့ပြီး နှစ်သစ်ကူးကာလ ကုန်ဆုံးပါက တော်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုနိုင်ပြီ ဖြစ်သည်။

ဤစာမေးပွဲ အောင်မြင်ပြီးသည်နှင့် အရာရှိလောကထဲသို့ ဝင်ရောက်ရတော့မည်။

ထိုအချိန်ကျလျှင် သူက တစ်ယောက်တည်း အထီးကျန်စွာ ရှိမနေသင့်တော့ပေ။

သို့သော်လည်း မိသားစုမျိုးနွယ်စုက သခင်လေးအတွက် အိမ်ထောင်ရေးကို ယခုအထိ စီစဉ်ပေးခြင်း မရှိသေးချေ။

သခင်မဝမ်ပင်လျှင်... သခင်လေး၏ အိမ်ထောင်ရေးကို အနည်းငယ်တောင် ဂရုမစိုက်ခဲ့ပေ။

သခင်လေးကသာ လီမိသားစု၏ တရားဝင် ဇနီးကြီးမှ မွေးဖွားသော သားအရင်း ဖြစ်သော်လည်း သခင်မဝမ်သည် တရားမဝင် သားအကြီးဆုံးကိုသာ ရတနာတစ်ပါးကဲ့သို့ အသည်းစွဲ ချစ်ပြီး ကိစ္စအဝဝတွင် ထိုသားကြီးကိုသာ ဦးစားပေးလေ့ရှိသည်။ ထို့ကြောင့် သူမက သခင်လေး၏ နေ့စဉ်လူမှုဘဝကို လှည့်ပင်မကြည့်ဘဲ သူ၏ အနာဂတ်အရေးကိုလည်း လုံးဝ လျစ်လျူရှုထားခဲ့သည်။

သူတို့က သားအမိအရင်းအချာများ ဖြစ်ကြပေမယ့် သဘာဝအတိုင်း ရန်သူများကဲ့သို့ပင်။

အခု သခင်လေးက သူအမှန်တကယ် စိတ်ဝင်စားတဲ့ မိန်းကလေးတစ်ဦးနှင့် တွေ့ဆုံခဲ့ရပြီဖြစ်ပေမယ့် လက်ထပ်ခွင့် မရနိုင်ရှာပေ။ အမှန်တကယ်ပဲ သနားစရာ ကောင်းတယ်။

ဖူရှန်းက သူ့သခင်ကို သနားကရုဏာသက်စွာ ကြည့်ရင်း ပြုံး၍ ပြောလိုက်သည်။

"သခင်လေး... ကျွန်တော်တို့ လီမိသားစုရဲ့ အရှိန်အဝါနဲ့ဆိုရင် သခင်လေးသာ အလိုရှိမယ်ဆိုရင် သခင်မလေးရွှယ်ကို အတင်းအကျပ် လက်ထပ်ယူလိုက်ရင်လည်း ဘာဖြစ်မှာလဲ"

လီချန်ချဲ့၏ မျက်နှာအမူအရာက ရုတ်တရက် အေးစက်တင်းမာသွားကာ ဖူရှန်းကို စူးစူးဝါးဝါး တစ်ချက်ကြည့်ရင်း ခက်ထန်သော လေသံဖြင့် ပြောလိုက်သည်။

"အတင်းအကျပ် လက်ထပ်တာမျိုးက ဘယ်လိုမှ မဖြစ်သင့်ဘူး"

ထိုအကြည့်ကြောင့် ဖူရှန်း၏ ကျောပြင်တစ်ခုလုံး စိမ့်ခနဲ အေးသွားတော့သည်။ သို့သော်လည်း သူက ခေါင်းမာစွာဖြင့်ပင် ဆက်၍ ငြင်းခုံလိုက်သေး၏။

"ဘာလို့ မဖြစ်ရမှာလဲ။ သခင်မလေးရွှယ်က သခင်လေးကို မုန်းနေတာ မဟုတ်ဘူးဆိုတာ ငယ်သား မြင်နေရတာပဲ။ သခင်လေးသာ လီမိသားစုရဲ့ တရားဝင်အမွေဆက်ခံသူဆိုတဲ့ အဆင့်အတန်းကို အသုံးချပြီး မိသားစုအကြီးအကဲကိုယ်တိုင် မြို့တော်ကို လာပြီး စေ့စပ်ကြောင်းလမ်းခိုင်းမယ်ဆိုရင်... ရွှမ်းယီနယ်စားမင်းအိမ်တော်က ဘာတတ်နိုင်မှာလဲ။ သခင်မလေးရွှယ်ကို သခင်လေးဆီ ထည့်ပေးလိုက်ရုံပဲ ရှိတာပေါ့"

လီချန်ချဲ့၏ မျက်နှာက ချက်ချင်းပင် မည်းမှောင်သွားပြီး သူ၏အကြည့်တို့က အေးစက်ခက်ထန်လာသည်။

"မင်းကို ဘယ်သူက အာဏာသုံးပြီး သူများကို ဖိနှိပ်ဖို့ သင်ပေးထားတာလဲ"

ဖူရှန်း ဇဝေဇဝါ ဖြစ်သွားတယ်။ သူ့သခင်လေးက လူကြီးလူကောင်းစစ်စစ်ကြီး တစ်ယောက်တော့ မဟုတ်ပေ။ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းတဲ့အခါ အောက်တန်းကျတဲ့ နည်းလမ်းမျိုးစုံကိုလည်း အရင်က သုံးခဲ့ဖူးတယ်။ သူ့ကို ရက်စက်ပြီး သွေးအေးတတ်သူဟု ခေါ်လျှင်ပင် လွန်အံ့မထင်ပေ။ ဒါပေမဲ့ သခင်မလေးရွှယ်နှင့် ပတ်သက်လာရင်တော့ သူက လုံးဝ ပြောင်းလဲသွားပြီ။

ဖူရှန်းသည် မျက်နှာတစ်ခုလုံး ဖြူဖျော့သွားကာ နောက်သို့ တစ်လှမ်း ဆုတ်လိုက်မိသည်

"ငယ်သား ဘောင်ကျော်သွားမိပါတယ်။ ခွင့်လွှတ်ပေးပါ သခင်လေး"

လီချန်ချဲ့က သူ့ကို စူးစိုက်ကြည့်ရင်း လေးနက်တည်ကြည်သော လေသံဖြင့် ပြောလိုက်သည်။

"နောက်နောင် 'သခင်မလေးရွှယ်' ဆိုတဲ့ စကားလုံး သုံးလုံးကို လုံးဝ ထပ်မဟနဲ့တော့"

ဖူရှန်းက ချက်ချင်း ပြန်ဖြေသည်။

"ဟုတ်ကဲ့... ငယ်သား နားလည်ပါပြီ"

လီချန်ချဲ့က သူ့ကိုယ်သူ လှောင်ပြုံးတစ်ချက် ပြုံးလိုက်ရင်း သူ၏ဝတ်ရုံကို တင်းတင်းခြုံကာ ဝမ်ရှင်းဆောင်ထဲသို့ လှမ်းဝင်ခဲ့သည်။

ခြောက်ကပ်နေသော အုန်းခြံဝင်းလေးကို ကြည့်ရင်း သူ၏ရင်ဘတ်ထဲမှ အကြောင်းရင်းမရှိ နာကျင်မှုကို ခံစားလိုက်ရသည်။

ရွှယ်နင်အပေါ် ထားရှိတဲ့ သူ့ခံစားချက်များက ခဏတာ စိတ်ကူးယဉ်မှုသက်သက် မဟုတ်ပေ။

သူတို့ ငယ်ငယ်တုန်းက တုန်းကျင်းမှာ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြစဉ်က ပုံရိပ်များကို သူ ပြန်အမှတ်ရမိသွားသည်။

ထိုအချိန်တုန်းက သူမသည် အလွန်ပင် ငယ်သေး၏။ ရွှယ်မိသားစုတစ်ခုလုံး စစ်ပွဲတွင် ကျဆုံးခဲ့ပြီး သူမ၏ မိဘများနှင့် အစ်ကိုဖြစ်သူတို့၏ ခေါင်းတလားများကို တုန်းကျင်းရှိ စစ်သူကြီးအိမ်တော်သို့ ပြန်လည်သယ်ဆောင်လာခဲ့ကြသည်။

သူမက ထိုခေါင်းတလား သုံးလုံးရှေ့တွင် ဝိုင်းစက်နေတဲ့ မျက်ဝန်းများ၌ မျက်ရည်များနှင့် ဝေခွဲမရမှုများ ပြည့်နှက်လျက် ကြောင်အန်းအန်းလေး မတ်တပ်ရပ်နေခဲ့သည်။

သူက လုစစ်လင်၏ နောက်ကွယ်တွင် ရပ်နေရင်း ထိုဝတုတ်တုတ် မိန်းကလေးငယ်လေးက သူ၏ဝမ်းကွဲအစ်ကိုဖြစ်သူ၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ အော်ဟစ်ငိုကြွေးနေတာကို အဝေးမှ လှမ်းကြည့်နေခဲ့မိသည်။

သို့သော်လည်း သူ့စိတ်ထဲမှာတော့ သူမက မိဘ‌တွေကို ဆုံးရှုံးခဲ့ရပေမယ့် သူတို့က သူမကို အတော်လေး ကောင်းမွန်စွာ ကျွေးမွေးစောင့်ရှောက်ခဲ့ကြတာ ထင်ရှားတယ်လို့ တွေးမိခဲ့သည်။

All Chapters