အခန်း ၇၂
Vol. 8 Ch. 72
အခန်း ၇၂။ မစိုးရိမ်ပါနဲ့၊ မင်းကို ငါ သေချာပေါက် ခေါ်သွားပေးမယ်
ထိုနေ့ရက်များနောက်ပိုင်းတွင် စစ်သူကြီးအိမ်တော်တစ်ခုလုံး ဖရိုဖရဲ ဖြစ်သွားခဲ့သည်။
ရွှယ်မိသားစု၏ ဆွေမျိုးအသိုင်းအဝိုင်းများက မိဘမဲ့မိန်းကလေးငယ်လေး၏ အမွေပစ္စည်းများကို လုယူရန် အလုအယက် ကြိုးပမ်းနေကြသည်။
ရွှမ်းယီနယ်စားမင်းအိမ်တော်မှ သခင်မကျန်းကလည်း ထိုမိန်းကလေးငယ်လေးကို နယ်စားမင်းအိမ်တော်သို့ ခေါ်ဆောင်ကာ ပြုစုပျိုးထောင်ပေးချင်နေပြီး ဝေ့မိသားစုကလည်း လာရောက်လုယူကြသဖြင့် အိမ်တော်တစ်ခုလုံး ဆူညံပွက်လောရိုက်လျက် ပရမ်းပတာ ဖြစ်နေခဲ့သည်။
နယ်စပ်ဒေသမှ လျှို့ဝှက်စစ်ရေးအစီရင်ခံစာတစ်စောင် နန်းတော်သို့ ညတွင်းချင်း ရောက်ရှိလာပြီးနောက်မှသာ အခြေအနေများ ပြောင်းလဲသွားခဲ့၏။
စစ်သူကြီးရွှယ်သည် နိုင်ငံတော်ပုန်ကန်မှုတွင် ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ သတင်းများ တိုးတိုးတိတ်တိတ် ပျံ့နှံ့သွားချိန်တွင် ရွှယ်မိသားစု ဆွေမျိုးများ၏ မျက်နှာအမူအရာများ ချက်ချင်းပင် ပျက်ယွင်းသွားကြသည်။
ဘယ်သူမှ ဒီလိုမျိုး ပူလောင်တဲ့ ပြဿနာအိုးကြီးကို လက်မခံချင်ကြတော့ပေ။
ထိုသို့ ဖရိုဖရဲဖြစ်နေသည့် ကြားထဲတွင် မိန်းကလေးငယ်လေးက သူ၏ခြေထောက်ကို တင်းတင်းဖက်ထားရင်း မျက်ရည်ဝိုင်းနေသော မျက်ဝန်းများဖြင့် မော့ကြည့်ကာ မေးလာခဲ့သည်။
"အစ်ကိုကြီး... သမီးကို ဖေဖေနဲ့မေမေ့ဆီ လိုက်ပို့ပေးလို့ ရမလားဟင်"
သူမ၏ နူးညံ့အိစက်သော ကိုယ်လုံးလေးက သူ့ရင်ခွင်ထဲ တိုးဝင်လာချိန်တွင် သူ ခဏလောက် မှင်သက်သွားမိသည်။
သူ ဘာမှ ပြန်မတုံ့ပြန်နိုင်သေးခင်မှာပင် သူမက သူ့ကို ဆွဲခေါ်ကာ အဆောင်မကြီးထဲကနေ ထွက်ပြေးခဲ့ကြသည်။
သူမက သူမရဲ့မိဘတွေ ဘယ်မှာရှိမှန်း သိတယ်လို့ ပြောသည်၊ နယ်စပ်ဒေသ အဝေးကြီးမှာ ရှိနေခြင်း ဖြစ်သည်။
ထို့ကြောင့် သူမက ငွေစများနှင့် စားစရာအမြောက်အမြားကို အထုပ်အပိုးအသေးလေးတစ်ခုထဲမှာ လေးလံနေအောင် ထည့်၍ ကြိုတင်ပြင်ဆင်ထားခဲ့သည်။
"အစ်ကိုကြီး... ဒါက အစ်ကိုကြီးအတွက် ပိုက်ဆံတွေ"
ထို့နောက် သူမက သူမ၏ရင်ခွင်ထဲမှ အသက်ရှည်အဆောင်လက်ဖွဲ့သော့လေးကို ဂရုတစိုက် ထုတ်ပေးလာသည်။ ပေးရမှာ အလွန်နှမြောနေပုံရသော်လည်း သူမ၏ ဆုံးဖြတ်ချက်က ခိုင်မာလွန်းသည်။
"သမီးကို မိဘတွေဆီ လိုက်ပို့ပေးမယ်ဆိုရင်၊ သူတို့ကို တွေ့တဲ့အခါကျရင် ပိုက်ဆံတွေ အများကြီး အများကြီး ထပ်ပေးဦးမှာ။ အစ်ကိုကြီး လိုချင်တာမှန်သမျှ အကုန်ပေးမယ်၊ သမီးကို မိဘတွေနဲ့ အစ်ကိုကြီးဆီ ရောက်အောင်ပဲ ကူညီပေးပါ"
သူမက ကလေးသံလေးဖြင့် ရှိုက်ကြီးတငင် ငိုကြွေးရင်း ပြောနေခဲ့သည်။
ကြည့်ရတာ အနည်းငယ် ရယ်ချင်စရာကောင်းသော်လည်း အလွန်ပင် ချစ်စရာ ကောင်းသည်။
သူမ၏ သေးငယ်သော လက်ချောင်းလေးများက သူ ငြင်းပယ်သွားမှာကို စိုးရိမ်တဲ့အတိုင်း သူ့လက်မကို တင်းတင်းဆုပ်ကိုင်ထားသည်။
သူမရဲ့ မိသားစုဝင်များ အားလုံး သေဆုံးသွားကြပြီဖြစ်၍ ဘယ်တော့မှ ပြန်လာတော့မှာ မဟုတ်ကြောင်း လူတိုင်းက ပြောနေကြပေမယ့် သူမကတော့ လုံးဝမယုံကြည်ခဲ့ပေ။
ထိုအချိန်တုန်းက သူကပဲ သူမ ဆွဲကိုင်နိုင်ခဲ့တဲ့ တစ်ဦးတည်းသော ကယ်တင်ရှင် ဖြစ်နေခဲ့ပုံရသည်။
ထို့ကြောင့်ပင် သူက သူမကို စစ်သူကြီးအိမ်တော်မှ ခေါ်ထုတ်ကာ မြို့တံခါးဝဆီသို့ ဦးဆောင်ခေါ်သွားခဲ့မိသည်။
ကလေးငယ်နှစ်ဦးသည် လမ်းမကြီးအတိုင်း ဆက်လျှောက်ခဲ့ကြသော်လည်း သည်းထန်စွာ ကျဆင်းနေသော နှင်းများကြားတွင် သူမက ချက်ချင်းပင် ဖျားနာသွားခဲ့၏။
သူက ကိုယ်ပူကြီးနေတဲ့ သူမကို ကျောပိုးကာ စစ်သူကြီးအိမ်တော်သို့ ပြန်လည်ခေါ်ဆောင်လာခဲ့စဉ် လုမိသားစုက မိသွားခဲ့သည်။ သူတို့က သူ့ကို အပြစ်မပေးရဲကြပေမယ့် ထိုမိန်းကလေးငယ်လေးကိုတော့ အခန်းထဲမှာ ပိတ်ထားလိုက်ကြသည်။
ထိုမိန်းကလေးငယ်လေးက ငါးတစ်ကောင်လို လျှောခနဲ ပြေးထွက်နိုင်လိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။
သန်းခေါင်ယံအချိန်တွင် သူမက တိတ်တဆိတ် ထွက်ပြေးလာကာ သူ၏အခန်းထဲသို့ ခိုးဝင်ပြီး သူ့ခုတင်ပေါ်သို့ တက်ကာ စောင်ထဲသို့ တိုးဝင်လာခဲ့သည်။ ထို့နောက် တိုးတိုးလေး ကပ်မေးလာပြန်၏။
"အစ်ကိုကြီး... သမီးကို ခေါ်သွားပေးနိုင်တုန်းပဲမလား"
သူ ဘာမှ ပြန်မပြောမိတဲ့အခါ သူမက သနားစရာကောင်းအောင် ငိုပါတော့သည်။
သခင်၏ စွန့်ပစ်ခြင်းကို ခံလိုက်ရတဲ့ ကြောင်ပေါက်စလေးတစ်ကောင်ကဲ့သို့ စောင်ထဲတွင် ထိုင်ရင်း ကြေကွဲဝမ်းနည်းစွာ ငိုကြွေးနေခဲ့သည်။
သူမလို မိန်းကလေးငယ်လေးများကို ဘယ်လိုချော့ရမလဲဆိုတာကို အတွေ့အကြုံမရှိတဲ့ သူက အကူအညီမဲ့စွာဖြင့် ခေါင်းညိတ်ပြလိုက်မိပြီး သူမကို ရင်ခွင်ထဲသို့ ဆွဲသွင်းကာ ညင်သာစွာ ချော့မော့လိုက်သည်။
"မစိုးရိမ်ပါနဲ့၊ မင်းကို ငါ သေချာပေါက် ခေါ်သွားပေးမယ်"
သူမ၏ မျက်ဝန်းလေးများက ဝမ်းသာအားရဖြင့် ကွေးညွတ်သွားပြီး ဝတုတ်တုတ် လက်ကလေးများဖြင့် မျက်ရည်များကို သုတ်လိုက်သည်။
"ကတိပေးတယ်နော်"
သို့သော်လည်း သူက ထိုကတိကို ဘယ်တော့မှ မတည်နိုင်ခဲ့ပေ။
နောက်တစ်နေ့တွင်ပင် သူသည် တုန်းကျင်းမှ အတင်းအကျပ် ထွက်သွားခဲ့ရသည်။
နောက်ပိုင်းတွင် သူမ၏သတင်းကို သူ နောက်တစ်ကြိမ် ပြန်ကြားရတဲ့အခါ သူမက ရွှမ်းယီနယ်စားမင်း၏ သမီးဖြစ်နေခဲ့ပြီး ရှီဇီစုကျန်း၏ နောက်တွင် အရိပ်တစ်ခုကဲ့သို့ တကောက်ကောက် လိုက်နေခဲ့ပြီ။
အတိတ်ကို ပြန်ပြောင်းတွေးကြည့်ရင် သူမက သူ့ကို ဘယ်သူမှန်း လုံးဝ မေ့လျော့သွားခဲ့ပုံရသည်။
လီချန်ချဲ့သည် သူ့ကိုယ်သူ လှောင်ပြုံးတစ်ချက် ပြုံးလိုက်မိ၏။ သူက ရွှယ်နင်ကို အတင်းအကျပ် လက်ထပ်ရန် မလိုလားခြင်း မဟုတ်ပေ။
သို့သော် အတင်းအကျပ် ရယူထားတဲ့အရာများက တစ်နေ့မှာ ဝဋ်ပြန်လည်တတ်တယ်ဆိုတာကို သူ ကောင်းကောင်းကြီး သိနေခဲ့သည်။
သူ့ဖခင်လည်း ထိုသို့ပင်ဖြစ်ပြီး သူ့မိခင်လည်း ထိုနည်းအတိုင်းပင်။
သူကိုယ်တိုင်လည်း ဘာမှ ထူးခြားမနေခဲ့ပေ။
အခြေအနေက ဒီလိုဖြစ်နေမှတော့ ရွှယ်နင်ရဲ့ ရွေးချယ်မှုကို လေးစားပြီး သူမကို လွတ်လပ်ခွင့်ပေးကာ အဝေးကနေသာ သူမရဲ့ ပျော်ရွှင်မှုကို စောင့်ကြည့်ပေးတာက ပိုကောင်းမွန်လိမ့်မည်။
...
ချီယွင်ဆောင်သို့ ပြန်ရောက်ပြီးနောက် လော်ဝမ်ကျွင်းသည် စိတ်ဓာတ်ကျနေသည့်ပုံစံဖြင့် ထိုနေရာတွင် တိတ်ဆိတ်စွာ မတ်တတ်ရပ်နေခဲ့၏။
ရွှယ်နင်က သူ့ကို ကြည့်ကာ နှစ်သိမ့်လိုက်သည်။
"သခင်လေးလော်... ကျွန်မအစ်ကိုပြောတဲ့ စကားတွေကို စိတ်ထဲမထားပါနဲ့။ သူက အမြဲတမ်း အဲဒီလိုပဲ... သူတစ်ပါးရဲ့ ခံစားချက်ကို ဘယ်တော့မှ ထည့်မတွေးတတ်ဘူး"
လော်ဝမ်ကျွင်းက ဘာမှပြန်မပြောဘဲ ရွှယ်နင်၏ ချစ်စရာကောင်းတဲ့ မျက်နှာလေးကိုသာ စိုက်ကြည့်နေမိသည်။ သူ တန်ဖိုးကြီး လက်ဆောင်ပစ္စည်းများကို ယူဆောင်ကာ နယ်စားမင်းအိမ်တော်သို့ လာရောက်လည်ပတ်ခဲ့သည့်နေ့က စုကျန်း ပြောခဲ့တဲ့ စကားများကို ပြန်လည်ကြားယောင်နေမိသည်။ စုကျန်းက သူ့ကို ပြောခဲ့သည်မှာ—
"ရွှယ်နင်က မိဘမဲ့မိန်းကလေးတစ်ယောက် ဖြစ်ပေမဲ့ အခု သူ(မ)က ရွှမ်းယီနယ်စားမင်းအိမ်တော်ကို မှီခိုနေတာ။ မင်းက လက်ထပ်ပွဲကို တောင်းဆိုချင်တယ်ဆိုရင် မင်းရဲ့ကိုယ်ပိုင်တန်ဖိုးကို အရင်ပြန်ချိန်ဆကြည့်ဦး၊ မင်းက သူ(မ)နဲ့ ထိုက်တန်ရဲ့လားလို့"
"ကျွန်တော် အားသွန်ခွန်စိုက် ကြိုးစားပြီး တော်ဝင်စာမေးပွဲကို အောင်မြင်အောင် ဖြေဆိုမှာပါ—"
"မင်းရဲ့ အရည်အချင်းနဲ့လား"
စုကျန်းက သူ့ကို မျက်နှာသေဖြင့် ပြောခဲ့သည်။
"ပြန်သွားပြီး စာအုပ်ကို နောက်ထပ် နှစ်အနည်းငယ်လောက် ထပ်ဖတ်ဦး"
သူ၏ ဆင်းရဲနွမ်းပါးသော နောက်ခံကြောင့် ရွှယ်နင်နှင့် မထိုက်တန်မှန်း သိသွားခဲ့ရသဖြင့် သူ ရှက်ရှက်နှင့်ပင် အိမ်သို့ ကျုံ့ကျုံ့လေး ပြန်ခဲ့ရသည်။
ဒီနေ့ စုကျန်း ရှေ့မှာ ထပ်ပြီး ရပ်လိုက်ရတဲ့အခါ သူက မိမိကိုယ်ကိုယ် သိမ်ငယ်စိတ်ကို ပို၍ပင် ပြင်းထန်စွာ ခံစားလိုက်ရသည်။
တုန်းကျင်းမြို့တွင် ရွှယ်နင်သည် စုကျန်းကို သဘောကျတယ်ဆိုတဲ့ ကောလဟာလများက ကြာမြင့်စွာကတည်းက ပျံ့နှံ့နေခဲ့တာ ဖြစ်သည်။
စုကျန်းလို ချစ်ရတဲ့သူ ရှိနေပါလျက် သခင်မလေးရွှယ်က သူ့ကို ဘယ်လိုလုပ် မျက်စိကျနိုင်မှာလဲ။
ရှီဇီနှင့် မင်းသမီး ရှို့နင်းတို့ စေ့စပ်လိုက်ကြတာကြောင့်သာ သခင်မလေးရွှယ်က အသည်းကွဲပြီး စိတ်ဆင်းရဲကာ သူမ၏ စိတ်အာရုံကို သူ့ဆီ လွှဲပြောင်းလိုက်တာ ဖြစ်လိမ့်မယ်။
လော်ဝမ်ကျွင်း၏ ရင်ထဲတွင် ခံစားချက်ပေါင်းစုံ ဖြစ်နေရင်း ခပ်တိုးတိုး ပြောလိုက်၏။
"သခင်မလေးရွှယ်... ကျွန်တော် အခု ပြန်ရပါတော့မယ်"
သူ၏ ဖြူဖျော့နေသော မျက်နှာအမူအရာကို မြင်ရသဖြင့် ရွှယ်နင်က စိုးရိမ်တကြီး မေးလိုက်သည်။
"သခင်လေးလော်... နေကောင်းရဲ့လား"
လော်ဝမ်ကျွင်းက အတင်းအကျပ် ပြုံးလိုက်သည်။
"ကျွန်တော် အဆင်ပြေပါတယ်"
ရွှယ်နင်က လော်ဝမ်ကျွင်းမှာ စိတ်အနှောင့်အယှက်ဖြစ်စရာ တစ်ခုခု ရှိနေတာကို ရိပ်မိသော်လည်း သူက ထုတ်မပြောသဖြင့် သူမကလည်း ဆက်ပြီး မေးမြန်းရန်မသင့်တော်ဟု တွေးမိကာ ပေါင်ချန်အား သူနှင့် သခင်မကြီးလော်တို့ကို အပြင်သို့ လိုက်လံပို့ဆောင်ခိုင်းလိုက်တော့သည်။
သူတို့ ထွက်ခွာသွားပြီးနောက် သခင်မကျန်းက လှမ်းလာကာ မေးမြန်းသည်။
"နင်နင်... လော်ဝမ်ကျွင်းနဲ့ စကားပြောရတာ ဘယ်လိုနေလဲ"
ရွှယ်နင် စကားလုံးရှာရခက်သွားသည်။
"သူက လူကောင်းတစ်ယောက်ပါပဲ။ ညင်သာပျော့ပျောင်းပြီး ယဉ်ကျေးတဲ့ အမူအရာရှိပေမဲ့ နည်းနည်းတော့ စကားနည်းပြီး စိတ်ခံစားမှုလွယ်တယ်"
သခင်မကျန်းက ခဏလောက် စဉ်းစားလိုက်သည်။
"အဲဒီလိုလူမျိုးက ရိုးသားဖြောင့်မတ်တတ်တာမလို့ အားသာချက်ရှိသလို၊ အားနည်းချက်လည်း ရှိတာပေါ့"
ရွှယ်နင်လည်း ရိပ်မိပါတယ်၊ သူက စိတ်ထဲမှာ တစ်ခုခုကို ဒွန်တွဲခံစားနေရပြီး သိမ်ငယ်စိတ်ကလည်း အတော်လေး ကြီးစိုးနေပုံရတယ်။ စုကျန်း၏ စကားအနည်းငယ်ကပင် သူ့မာနကို လွယ်လွယ်ကူကူ ထိခိုက်နာကျင်စေခဲ့တယ် မဟုတ်လား။
ဒါပေမဲ့လည်း ဘယ်လိုပဲဖြစ်ဖြစ် စုကျန်းကို လက်ထပ်ရတာထက် ပိုကောင်းပါသေးတယ်။
သူမ လော်ဝမ်ကျွင်းကို နောက်ထပ် အခွင့်အရေးတစ်ခု ပေးချင်သေးတယ်။
ဒါ့အပြင် သူသာ စာမေးပွဲမှာ 'ထန်ဟွာ' (တတိယဆု) ရရှိသွားပါက စုကျန်း၏ရှေ့တွင် မားမားမတ်မတ် ရပ်တည်နိုင်မည်သာ ဖြစ်၏
သခင်မကျန်းက ပြုံးလိုက်သည်။
"ကောင်းပါပြီ... သမီးသာ သဘောကျမယ်ဆိုရင် အမေက သမီးအတွက် လိုအပ်တာမှန်သမျှ အကုန်စီစဉ်ပေးမယ်"
...
ဒဏ်ရာမှ ပြန်လည်သက်သာလာချိန်တွင် ရွှယ်နင်သည် ဝမ်ရှိုဆောင်သို့ မနက်ခင်းနှင့် ညနေခင်းများ၌ ဂါရဝပြုရန် စောစောထ၊ နောက်ကျမှ အိပ်ခြင်းမျိုး မလုပ်တော့ပေ။
သခင်မကြီးရှဲ့ကလည်း သူမထံသို့ ခဏခဏ လာမကြည့်တော့သော်လည်း အရည်အသွေးမြင့် အာဟာရဖြည့်စွက်ဆေး အချို့ကိုတော့ လူကြုံနှင့် လှမ်းပို့ပေးခဲ့သည်။
နှစ်ကုန်ပိုင်းသို့ ချဉ်းကပ်လာသည်နှင့်အမျှ တုန်းကျင်းမြို့ရှိ အိမ်ထောင်စုတိုင်းသည် နှစ်သစ်ကူးလက်ဆောင်များ ပြင်ဆင်ရန် အလုပ်ရှုပ်နေကြသည်။
ရီမင်းသားအိမ်တော်မှ စေ့စပ်ကြောင်းလမ်းခြင်း လက်ဆောင်ပစ္စည်းများမှာ အားလုံးနီးပါး အဆင်သင့်ဖြစ်နေပြီဖြစ်တဲ့အတွက် စုကျန်းနှင့် စုမိုင်တို့က ယုံကျိုးမြို့အထိ လိုက်လံပို့ဆောင်ပေးရမည် ဖြစ်သည်။
မူလက စုမိုင် လိုက်သွားရန် မလိုပေမယ့် စုကျန်းကိုယ်တိုင် သခင်မကြီးရှေ့တွင် သူနှင့်အတူ လိုက်ပါရန် တောင်းဆိုခဲ့သည်ဟု ပြောကြသည်။ သူတို့နှစ်ဦးသည် အရာရှိလမ်းအတိုင်း ခရီးနှင်ကြပြီးနောက် ရေလမ်းကြောင်းသို့ ပြောင်းလဲကာ လမ်းခရီးတစ်လျှောက် ချန်ကျိုးမြို့ရှိ အမှုတစ်ခုကိုပါ တစ်ပါတည်း ကိုင်တွယ်ဖြေရှင်းသွားကြမည် ဖြစ်၏။ ဤခရီးစဉ်ကြောင့် သူတို့သည် နှစ်သစ်ကူးပြီးမှသာ တုန်းကျင်းမြို့သို့ ပြန်လည်ရောက်ရှိလာနိုင်ချေ ရှိသည်။
ရွှယ်နင် မှတ်မိတာ သူမရဲ့ အတိတ်ဘဝတုန်းကလည်း သူမနဲ့ မလက်ထပ်ခင် စုကျန်းသည် ချန်ကျိုးသို့ အမှုသွားရောက် ဖြေရှင်းခဲ့ဖူးသည်။
သူ ပြန်လာတဲ့အခါ အမေနှင့် သမီးနှစ်ဦးကို ခေါ်ဆောင်လာခဲ့သည်။
ထိုအမေနှင့် သမီးက သနားစရာကောင်းတဲ့ နောက်ခံ ရှိကြပြီး နယ်စားမင်းအိမ်တော်တွင် နေထိုင်ခွင့် ရရှိခဲ့ကြသည်။
စုကျန်းကလည်း သူတို့ကို အလွန်ပင် ဂရုစိုက် စောင့်ရှောက်ခဲ့၏။
မနှစ်မြို့ဖွယ် အတိတ်ဆိုးများကို ပြန်တွေးမိတဲ့အခါ ရွှယ်နင် စိတ်ရှုပ်ထွေးသွားတာကြောင့် စိတ်ထဲကနေပဲ မေ့ပစ်လိုက်ရန် ဆုံးဖြတ်လိုက်တော့သည်။
ဘာပဲဖြစ်ဖြစ် ဒီဘဝမှာ စုကျန်း ဘာပဲလုပ်လုပ် သူမနဲ့ ဘာမှ မသက်ဆိုင်တော့ဘူး။
စုကျန်းက ရုပ်ရည်ချောမောတာကြောင့် သူ့ကို နှစ်သက်သူတွေကို အလွယ်တကူ ဆွဲဆောင်နိုင်ပြီး၊ဤကိစ္စအတွက် စိတ်ပူရမည့်သူက မင်းသမီး ရှို့နင်းသာ ဖြစ်သင့်သည်။
သူမ လုပ်ဆောင်ဖို့ လိုအပ်တာက သူ မြို့တော်မှာ မရှိတဲ့အချိန် သူမ၏ ကိုယ်ပိုင်အိမ်ထောင်ရေး ကိစ္စရပ်များကို အမြန်ဆုံး အတည်ပြုရန်သာ ဖြစ်သည်။
ခရီးမထွက်ခွာမီ စုမိုင်က ချီယွင်ဆောင်သို့ လာရောက်ကာ နှုတ်ဆက်ခဲ့သည်။ သူက အမြဲတမ်း စကားမပြောတတ်သူဖြစ်တာကြောင့် မိန်းကလေးငယ်တစ်ဦးကို ဘယ်လိုချော့မော့ရမှန်း မသိပေ။ထို့ကြောင့်သူက-
"နင်နင်... မင်းရဲ့ဒဏ်ရာကို ဂရုစိုက်ဖို့ မမေ့နဲ့ဦးနော်" ဆိုတဲ့ စကားလုံးတစ်ခွန်းတည်းကိုသာ ထပ်ခါတလဲလဲ ပြောနေခဲ့သည်။
ရွှယ်နင်က စုမိုင်ကို ဘေးအန္တရာယ်ကင်း အဆောင်လက်ဖွဲ့တစ်ခု ပေးပြီး ပြောလိုက်သည်။
"တတိယအစ်ကို... လမ်းခရီးမှာ ဘေးကင်းပါစေ"
စုမိုင်က ခဏမျှ တုံ့ဆိုင်းသွားပြီးမှ မေးလာခဲ့သည်။
"အစ်ကိုကြီးက မင်းသမီး ရှို့နင်းနဲ့ လက်ထပ်တော့မှာ... မင်း စိတ်ထဲမှာ ဝမ်းနည်းနေတုန်းပဲလား"
ရွှယ်နင် မျက်တောင်ခတ်လိုက်၏။
"ညီမ ဝမ်းမနည်းပါဘူး"