← Chapters

အခန်း ၇၃

Vol. 8 Ch. 73

အခန်း ၇၃

Vol. 8 Ch. 73

အခန်း (၇၃) - သူမ၏ အေးစက်မှု

စုမိုင်၏ တင်းမာနေသော ချောမောတဲ့မျက်နှာထက်တွင် ရုတ်တရက် အပြုံးတစ်ခု ပေါ်လာသည်။

"ဒါဆိုရင်တော့ ငါ စိတ်အေးရပြီ"

တစ်ယောက်ယောက်က တစ်ခုခု သတိပြုမိသွားမှာကို စိုးရိမ်သဖြင့် သူက ကမန်းကတန်း ဆက်၍ ရှင်းပြလိုက်သည်။

"မင်း ဝမ်းနည်းလွန်းလို့ ကျန်းမာရေး ထိခိုက်မှာ စိုးလို့ပါ။ ဒီလိုဒဏ်ရာမျိုးကို သေချာ ဂရုမစိုက်ရင် မိန်းကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ် အသက်ဓာတ်ကို တော်တော်လေး ထိခိုက်စေနိုင်တယ်"

ရွှယ်နင်က ပြုံးလိုက်၏။

"ညီမ နားလည်ပါတယ်။ စိတ်မပူပါနဲ့ တတိယအစ်ကို ညီမ နေ့တိုင်း ဒဏ်ရာကို သေချာ ဂရုစိုက်နေပါတယ်"

ထိုစကားကို ကြားတဲ့အခါ စူမိုင်သည် လက်ကို ဆန့်ထုတ်လိုက်ပြီး ငယ်စဉ်ကအတိုင်း ရွှယ်နင်၏ခေါင်းကို ဖွဖွလေး ပုတ်ပေးလိုက်သည်။

ဒါပေမဲ့ ရွှယ်နင်က အရွယ်ရောက်ကာ အိမ်ထောင်ပြုရန် သင့်တော်တဲ့အရွယ် ရောက်ရှိနေသည့် နုပျိုလှပသော မိန်းမပျိုလေးတစ်ဦး ဖြစ်နေပြီ ဖြစ်သည်။

သူ့နားရွက်များ တိတ်တဆိတ် နီရဲသွားကာ ရင်ဘတ်ထဲတွင်လည်း ဗလောင်ဆူသွားသည်။

ရှက်ကိုးရှက်ကန်းနှင့်ပင် သူ့လက်ကြီးကို ခပ်မြန်မြန် ပြန်ရုပ်သိမ်းလိုက်ရ၏။

ရွှယ်နင်က ခေါင်းလေးကို အနည်းငယ် စောင်းကာ စုမိုင်၏ အပြုအမူကို ငြင်းဆန်ခြင်း မပြုဘဲ ပြောလိုက်သည်။

"ဒီ အန္တရာယ်ကင်းအဆောင်က အရင်က ကျန့်ကော်ဘုရားကျောင်းမှာ ရခဲ့တာပါ။ အရမ်းစွမ်းတယ်။ တတိယအစ်ကိုသာ ဆောင်ထားရင် ခရီးတစ်လျှောက်လုံး အဆင်ပြေချောမွေ့စေမှာပါ"

စုမိုင်၏ နှုတ်ခမ်းများ ကွေးညွှတ်သွားပြီး အဆောင်ကို လက်ဖဝါးထဲ ဆုပ်ကိုင်ထားလိုက်သည်။

"ငါ နားလည်ပါပြီ"

စုကျန်းသည် ချီယွင်ဆောင်သို့ ဘယ်တုန်းကမှ ရောက်မလာခဲ့သဖြင့် ရွှယ်နင်က သူ လာမှာမဟုတ်ဘူးလို့ ထင်ထားခဲ့သည်။

သူ နယ်စားအိမ်တော်မှ မထွက်ခွာမီ နေ့၊ အရုဏ်မတက်မီအချိန်အထိ... လေအေးများက ပြတင်းပေါက် များကြားမှ တိုးဝှေ့ တိုက်ခတ်နေသည်။

သူမက ကုတင်ပေါ်တွင် တစ်စောင်း လှည့်လိုက်စဉ် ဘေးနားတွင် ထိုင်နေတဲ့ အရပ်ရှည်ရှည် လူရိပ်ကြီးတစ်ခုကို ရုတ်တရက် သတိပြုမိသွားသည်။

လန့်ဖျပ်သွားပြီး ပန်းခိုးရန် (မိန်းကလေးကို စော်ကားရန်) လာသည့် သူခိုးဟု ထင်မှတ်ကာ...

သူမ၏ လက်လေးဖြင့် သူ့ကို ရိုက်ပုတ်ရန် လွှဲလိုက်စဉ် ထိုလက်လေးကို သူ့လက်ကြီးဖြင့် မြဲမြံစွာ ဖမ်းဆုပ်ခြင်း ခံလိုက်ရမှသာ ဘေးတွင် ထိုင်နေသူက စုကျန်း ဖြစ်ကြောင်း သိလိုက်ရသည်။

မောင်းအချိန် (နံနက် ၅ နာရီမှ ၇ နာရီ) မတိုင်သေးသဖြင့် ရွှယ်နင်အနေဖြင့် နံနက်ခင်း ဂါရဝပြုရန် မလိုသေးပေ။ အခန်းတစ်ခုလုံး မှောင်မည်းနေဆဲ ဖြစ်၏။

သူမက ထိုလူ၏ မျက်နှာအမူအရာကို သဲသဲကွဲကွဲ မမြင်ရသော်လည်း တောင်တစ်လုံးကဲ့သို့ အေးစက်ပြီး အရှိန်အဝါကြီးမားသည့် သူ၏ တည်ရှိမှုကိုတော့ ခံစားနေရသည်။

"ဒီလောက် စောစောစီးစီး... အစ်ကိုကြီးက လူကို လန့်အောင်လုပ်ဖို့ ဒီမှာ ထိုင်နေတာလား။"

ထိုလူ၏ လက်ဖဝါးက ပူလောင်နေသည်။ ရွှယ်နင်က သူမ၏ လက်ကလေးကို အမြန် ပြန်ဆွဲထုတ်လိုက်ပြီး စိတ်ဆိုးမာန်ဆိုးဖြင့် စိုက်ကြည့်ကာ ခုတင်လိုက်ကာများထဲသို့ နောက်ဆုတ်ဝင်သွားသည်။

"ဒါ့အပြင် ယောကျာ်းလေးနဲ့ မိန်းကလေးဆိုတာ စည်း ရှိသင့်တာပေါ့။ အခုလို နှစ်ယောက်တည်း အတူတူရှိနေတာ... အစ်ကိုကြီးက ညီမရဲ့ အိပ်ခန်းထဲကို ဘယ်လိုလုပ် သဘောရှိ ဝင်လာရတာလဲ"

စုကျန်းက ပြောလိုက်သည်။

"ငါ့မျက်လုံးထဲမှာတော့ မင်းက မန်မန်နဲ့ ဘာမှမထူးခြားဘူး။"

ရွှယ်နင်က နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး ဘာမှ ပြန်မပြောတော့ပေ။

သို့သော်... သူတို့က မတူညီကြတာကတော့ အမှန်ပင်။

သူမနှင့် သူက သွေးသားမတော်စပ်ကြချေ

အကယ်၍ လူတွေ သိသွားပါက ဝေဖန်ကဲ့ရဲ့တာကို သူမ တစ်ယောက်တည်းသာ ရင်ဆိုင်ရမည် ဖြစ်၏။

ဒါပေမဲ့လည်း သူမက စုကျန်းနှင့် စကားများပြီး အချိန်မကုန်ချင်တော့ပါ။ ငြင်းခုံနေလည်း အပိုပင်... သူ့ကို ကောင်းကောင်းမွန်မွန်ပဲ နှုတ်ဆက် လိုက်ပို့လိုက်တာက ပိုကောင်းလိမ့်မယ်။

"ပေါင်ချန်..."

သူမက စုကျန်းနှင့် အခန်းထဲတွင် နှစ်ယောက်တည်း မရှိချင်သဖြင့် အသံကို မြှင့်ကာ လှမ်းခေါ်လိုက်သည်။

ပေါင်ချန်က ခေါ်သံကို ချက်ချင်းကြားပြီး အပြင်ဘက်မှနေ၍ အဝတ်အစားများကို ကမန်းကတန်း သပ်ရပ်အောင် ပြင်ရင်း ပြေးဝင်လာခဲ့သည်။

စုကျန်းကဲ့သို့ ထွားကြိုင်းသော အမျိုးသားတစ်ဦး ခုတင်ဘေးတွင် ထိုင်နေတာကို မြင်လိုက်ရတဲ့အခါ သူမလည်း အလွန်အမင်း ထိတ်လန့်သွားသည်။

"ရှီဇီ... ဘယ်... ဘယ်လိုလုပ်ပြီး... ဝင်လာတာလဲ..."

စုကျန်းက သူမကို တစ်ချက် ကြည့်လိုက်သည်။

"အပြင်ထွက်သွား"

ရွှယ်နင်က ကမန်းကတန်းပင် ပြောလိုက်၏။

"ပေါင်ချန်၊ နေဦး"

စုကျန်းက မျက်မှောင်ကြုတ်လိုက်သည်။

"ထွက်သွား"

ရွှယ်နင်ကလည်း ငြင်းဆန်သည်။

"မသွားနဲ့"

ပေါင်ချန်က ဘေးကျပ်နံကျပ် ဖြစ်သွားပြီး အခန်းကန့်လန့်ကာ ဘေးတွင် တောင့်တောင့်ကြီး ရပ်နေမိကာ... ရှေ့တိုးရမလို၊ နောက်ဆုတ်ရမလိုဖြင့် အခက်ကြုံနေသည်။

စုကျန်းက အေးစက်စွာ ရယ်မောလိုက်ပြီး သူ့လက်ကြီးဖြင့် ရွှယ်နင်၏မေးစေ့ကို ဆုပ်ကိုင်ကာ သူ့ကို မော့ကြည့်စေသည်။

"ဘာလဲ... မင်းက တဖြည်းဖြည်းနဲ့ ပိုပြီးတော့ စကားနားမထောင် ဖြစ်လာတာလား"

ရွှယ်နင်က သရော်ပြုံးလေးဖြင့် ပြန်ပြောလိုက်သည်။

"ညီမကတော့... ပေါင်ချန် ရှိနေတာ ပိုကောင်းမယ်လို့ ထင်လို့ပါ။ တစ်ယောက်ယောက် သိသွားပြီး ညီမက အစ်ကိုကြီးကို မြူဆွယ်နေပါတယ်ဆိုပြီး ကောလာဟလတွေ ထွက်မလာအောင်လို့လေ"

"ငါ ဝင်လာတာကို ဘယ်သူမှ မမြင်ဘူး"

"ဒါတောင်မှ မဖြစ်သင့်ဘူး"

"မင်းဒဏ်ရာကို ငါ့ကို ပေးကြည့်စမ်း"

"မကြည့်နဲ့—"

ရွှယ်နင်က ရုန်းကန်နေသဖြင့် သူမ၏ မျက်နှာလေးက ရဲခနဲ ဖြစ်သွားသည်။

စုကျန်းက သန်မာလွန်း၏။ လက်တစ်ဖက်ဖြင့် သူမ၏ ဂုတ်ပိုးကို ဆုပ်ကိုင်ထားပြီး ကျန်လက်တစ်ဖက်ကတော့ သူမ၏ ရင်ဘတ်အင်္ကျီစကို အလွယ်တကူပင် လျှော့ချလိုက်သည်။

မိန်းကလေး၏ ပြည့်ဖြိုးသော ရင်အစုံက ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေကာ... ဖြူဝင်းနုနယ်ပြီး ဆွဲဆောင်မှုအပြည့် ရှိနေသည်။

သူ့အကြည့်တို့က ခဏလောက် ရပ်တန့်သွားပြီး ပိုမိုနက်မှောင်သွားခဲ့သည်။

သူ့ရဲ့ နောက်ထပ်လုပ်ရပ်က သူ့သဘာဝကို ဆန့်ကျင်နေတယ်ဆိုတာ ကောင်းစွာသိပေမယ့် သူက လက်ကို ဆန့်ထုတ်ကာ သူမ၏ ရင်စည်းကို ဖြေလျော့ရန် ကြိုးပမ်းလိုက်သည်။

"စုကျန်း ရှင် ရူးသွားပြီလား!"

ရွှယ်နင် အပြင်းအထန် ဒေါသထွက်သွားကာ သူမ၏ လက်ဖဝါးကို ခပ်မြန်မြန် မြှောက်၍ သူ့မျက်နှာကို ဖြတ်ခနဲ စပ်ဖျဉ်းနေအောင် ရိုက်ချလိုက်တော့သည်။

ဖြတ်ခနဲ ရိုက်ချက်ကြောင့် စုကျန်း၏ ချောမောသော မျက်နှာသည် ဘေးဘက်သို့စောင်းသွား၏။ သူက သွားများကို လျှာဖြင့် ထိုးကာ မျက်လုံးများကို အန္တရာယ်ရှိစွာ မှေးကျဉ်းလိုက်သည်။

"မင်းက ငါ့ကို ရိုက်ရဲတယ်ပေါ့လေ? ငါက မင်းရဲ့ ဒဏ်ရာက အမာရွတ် ကျန်ခဲ့မလားလို့ ကြည့်ပေးရုံတင်ပဲ။ ဒီလောက်အထိ ပြဿနာရှာစရာမလိုဘူး"

ရွှယ်နင်က သူမ၏ အင်္ကျီကော်လာကို တင်းတင်းဆုပ်ကိုင်ကာ စောင်ကို ဆွဲခြုံပြီး ခန္ဓာကိုယ်ကို လုံခြုံအောင် ဖုံးကွယ်လိုက်သည်။ သူမ၏ မျက်ဝန်းများက ဒေါသကြောင့် နီမြန်းနေပြီး အေးစက်စွာ ပြောလိုက်၏။

"ကျွန်မက အိမ်ထောင်မပြုရသေးတဲ့ မိန်းကလေးတစ်ယောက်ပါ။ ရှင်က ကျွန်မရဲ့ အစ်ကိုအရင်း ဖြစ်နေရင်တောင်မှ ဒီလိုမျိုး စည်းကျော်ပြီး လက်မပါသင့်ဘူး!"

စုကျန်းက မျက်မှောင်ကြုတ်လိုက်သည်။ ရွှယ်နင်က ဒီလောက် တည်ငြိမ်ပြီး ကျိုးကြောင်းဆင်ခြင်တုံတရားရှိရှိ ပြောလာလိမ့်မည်ဟု သူ မထင်ထားခဲ့မိပေ။

လွန်ခဲ့တဲ့ လအနည်းငယ်ခန့်က သူမက ဒီလိုမျိုး မဟုတ်ခဲ့ဘူး။

သူမက သူ့အနားမှာ ရှိနေတဲ့အချိန်တိုင်း မျက်ဝန်းများက အမြဲတမ်း မြတ်နိုးမှုများဖြင့် တောက်ပနေတတ်ပြီး သူ့ကို အမြဲတမ်း ကပ်တွယ်နေချင်သကဲ့သို့ ဖြစ်နေခဲ့သည်။

သူမက ဘယ်အချိန်ကစပြီး ဒီလောက်တည်ငြိမ်ပြီး အေးစက်စိမ်းကားသွားရတာလဲ။

စုကျန်းက သူမကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်လိုက်သည်။ အမှန်တော့ သူက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အမှုကိစ္စများဖြင့် အလုပ်ရှုပ်နေသဖြင့် သူမဆီ လာတွေ့ရန် အချိန်မရခဲ့ခြင်း ဖြစ်သည်။

ထို့အပြင်... ရွှယ်နင်က သူ အလိုလိုက်တာ ခံရပြီး အကျင့်ပျက်သွားမှာကို စိုးရိမ်တာကြောင့် သူက တမင်တကာပင် ခပ်ခွာခွာ နေခဲ့တာလည်း ဖြစ်သည်။

ဒါ့အပြင်... ပြီးခဲ့တဲ့အခေါက်က လော်ဝမ်ကျွင်းနှင့် ဖြစ်ပွားခဲ့တဲ့ကိစ္စကြောင့် သူမကို သင်ခန်းစာတစ်ခု ပေးလိုသဖြင့် ရက်အနည်းငယ်မျှ တမင်တကာ ပစ်ပယ်ထားခဲ့သည်။

မမျှော်လင့်ဘဲ... သူမက သူ့ကို လာမရှာတဲ့အပြင် သူ မြို့တော်ကနေ ထွက်သွားတော့မည့်ကိစ္စကိုလည်း ဘာမှ စိတ်မဝင်စားသကဲ့သို့ ပြုမူနေခဲ့သည်။

ထို့အပြင်... သူမက စုမိုင်နှင့် တိတ်တဆိတ် တွေ့ဆုံခဲ့သေး၏။

သူမက စုမိုင်ကိုတောင် တွေ့ဆုံခဲ့ပြီး သူ့ကိုတော့ ဘာမှ ဂရုမစိုက်ချေ။

သူမ တကယ်ပဲ ဘာလုပ်ချင်နေတာလဲ။

သူမ တမင်သက်သက် လုပ်နေတာလား။

သူ့ကိုယ်သူ ဘာဖြစ်သွားလဲဆိုတာကို မသိပေမယ့် ထိုအကြောင်းကို သိရပြီးနောက် သူက အလိုလိုပင် ချီယွင်ဆောင်သို့ ရောက်ရှိလာခဲ့မိတာဖြစ်သည်။

ခုတင်ပေါ်ရှိ မိန်းကလေးငယ်သည် သတိမရသေးဘဲ ရင်ဘတ်တွင် ပတ်တီးများ စည်းထားရဆဲဖြစ်၏။ သူမ၏ ညင်သာသော အသက်ရှူသံလေးကသာ သူမ အသက်ရှင်နေသေးကြောင်း သက်သေပြနေသည်။

သူမ သူ့အတွက် ဓားဒဏ်ရာ အစားခံပေးခဲ့တဲ့နေ့ကို သူ အလိုလို ပြန်လည် မြင်ယောင်လာမိသည်။

သူ့အမြင်အာရုံတစ်ခုလုံး သွေးနီရောင်များဖြင့် ဖုံးလွှမ်းသွားခဲ့ရသည်။

ရွှယ်နင်က ဆီးနှင်းများကြားတွင် လှုပ်ရှားမှုမရှိဘဲ လဲလျောင်းနေတာကို မြင်လိုက်ရသည့် ခဏတာအတွင်း... သူ၏ နှလုံးခုန်သံများ ရပ်တန့်သွားသလို ခံစားခဲ့ရသည်။

သူ့ရင်ဘတ်ထဲမှာ အသက်ရှူရခက်ခဲလောက်အောင် ပြင်းထန်တဲ့ နာကျင်မှုတစ်ခု ပျံ့နှံ့သွားခဲ့၏။

ရွှယ်နင်က သူ့အတွက် ထိုဓားဒဏ်ရာ ဝင်ခံခဲ့တာကြောင့် သူမအပေါ် ပိုအာရုံစိုက်လာမိပြီး စိတ်ဝင်စားမှု ပိုရှိလာခဲ့တာကိုတော့ သူ ဝန်ခံရမယ်။

သူ မင်းသားရီအိမ်တော်သို့ သွားရောက် စေ့စပ်ကြောင်းလမ်းပြီးနောက် ရှဲ့နင်းထန်ကို လက်ထပ်ရန် ပြန်လာသည့်အခါတွင်လည်း... ရွှယ်နင်ကို ကိုယ်လုပ်တော်အဖြစ် ယူပြီးတော့ သူ့အရိပ်အောက်မှာ အကာအကွယ်ပေးထားမည် ဖြစ်သည်။

"ကောင်းပြီ... မင်း မကြည့်စေချင်ရင်လည်း ငါ မကြည့်တော့ဘူး။"

သူက ပြောလိုက်သည်။ နောင်မှာ ကြည့်ရန် အချိန်တွေ အများကြီး ရှိပါသေးတယ်။ သူက သူမ၏ ရိုက်ချက်အတွက် ရွှယ်နင်ကို အပြစ်မတင်သည့်အပြင် သူမ၏ မျက်ရည်ဝိုင်းနေသော မျက်ဝန်းများကို ညင်သာသော အမူအရာဖြင့် စိုက်ကြည့်ရင်း ပြောလိုက်သည်။

"အိမ်မှာပဲ လိမ်လိမ်မာမာနဲ့ ငါပြန်လာမှာကို စောင့်နေ။"

ရွှယ်နင်က မျက်မှောင်ကို တင်းတင်းကြုတ်လိုက်မိသည်။ သူမရှေ့က ပြုံးနေတဲ့ စုကျန်းသည် မကောင်းဆိုးဝါးတစ်ကောင်နှင့် တူနေတယ်လို့ ခံစားလိုက်ရ၏။

သူမ၏ လည်ချောင်းတစ်ခုလုံး ခြောက်သွေ့လာပြီး မျက်နှာကို တစ်ဖက်သို့ လွှဲကာ ပြောလိုက်သည်။

"အချိန်လည်း မစောတော့ဘူး... အစ်ကိုကြီး ပြန်သင့်ပြီ။"

စုကျန်းက ခပ်တိုးတိုး ရယ်မောလိုက်ပြီး နှုတ်ခမ်းထောင့်စွန်းတွင် အပြုံးတစ်ခု အနည်းငယ် ပေါ်လွင်သွားသည်။

"မင်း လိုချင်တာတစ်ခုခုရှိရင် ငါ ပြန်ယူလာပေးမယ်။"

ရွှယ်နင်က နှုတ်ခမ်းကို တင်းတင်းစေ့ထား၏။

"မလိုပါဘူး"

စုကျန်း၏ မျက်ဝန်းများထဲတွင် နက်မှောင်သော စူးရှမှုတစ်ခု ဖြတ်ပြေးသွားသည်။

"မင်း လိုချင်သည်ဖြစ်စေ၊ မလိုချင်သည်ဖြစ်စေ ငါ ယူလာပေးမှာပဲ။ ဒါက ငါ့ရဲ့အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးဆပ်တဲ့ နည်းလမ်းပဲ။"

ရွှယ်နင် : "..."

စုကျန်းက စိတ်ပိုင်းဖြတ်ထားလျှင် ဒီလောက်အထိ စိတ်ပျက်စရာကောင်းလောက်အောင် အရှက်မရှိတတ်မှန်း သူမ တစ်ခါမှ မသိခဲ့ပေ။

နောက်ဆုံးတွင် သူ့ကို မောင်းထုတ်နိုင်ခဲ့သဖြင့် သူမ သက်ပြင်းတစ်ချက် ချလိုက်နိုင်သည်။

ထိုလူက ရာထူးအာဏာ ကြီးမားပြီး သူ၏ လွှမ်းမိုးချုပ်ကိုင်လိုသော အရှိန်အဝါက အလွန်ပင် ပြင်းထန်သည်။ စကားပြောတာဖြစ်စေ၊ ပြုမူသည်ဖြစ်စေ ဖိအားပေးလိုသည့် ခံစားချက်ကို အပြည့်အဝ ဆောင်ကျဉ်းနေတတ်၏။

သူမရဲ့ အရင်ဘဝတုန်းက သူမ သူ့အနားကို အလွန်အမင်း နီးကပ်စွာ မချဉ်းကပ်ရဲခဲ့ပေ။ အခုဘဝမှာတော့ စိတ်မသက်မသာဖြစ်မှု၊ ဖိနှိပ်ခံရမှုနှင့် နာကျင်မှုတို့ကိုပဲ ခံစားရတာကြောင့် သူ့ဆီကနေ အမြန်ဆုံး ဝေးဝေးသို့သာ ပြေးချင်နေတော့တယ်။

ပေါင်ချန်က ထိတ်လန့်တုန်လှုပ်မှုများ ကျန်ရှိနေဆဲဖြင့် ခုတင်ဘေးသို့ ချဉ်းကပ်လာသည်။ ရှီဇီက သခင်မလေး၏ အဝတ်အစားများကို ဖြေလျော့လိုက်သည့် အခိုက်အတန့်ကို ပြန်လည်တွေးတောမိရင်း သူမ၏ ရင်ခုန်သံများ မြန်ဆန်နေဆဲ ဖြစ်သော်လည်း သခင်မလေးအတွက်တော့ ဝမ်းသာပေးနေမိသည်။

"သခင်မလေး... ရှီဇီက ဘာလို့ ရုတ်တရက် သခင်မလေးအပေါ် ဒီလောက်တောင် ဂရုစိုက်လာရတာလဲ။”

All Chapters