← Chapters

အခန်း ၇၄

Vol. 8 Ch. 74

အခန်း ၇၄

Vol. 8 Ch. 74

အခန်း (၇၄) - စေ့စပ်ကြောင်းလမ်းခြင်းကို အလျင်စလို ပြုလုပ်ခြင်း

ရွှယ်နင်၏ စိတ်ထဲမှာ ပျော်ရွှင်မှုအနည်းငယ်တောင် မရှိပေ။

သူမက အရူး မဟုတ်ဘူး။ ထိုလူရဲ့ နက်မှောင်နေတဲ့ မျက်ဝန်းများကတစ်ဆင့် သူမကို ပိုင်ဆိုင်ချင်တဲ့ ပြင်းပြသော ရည်ရွယ်ချက်ကို မြင်နိုင်တယ်။

သူက သူမကို နှစ်သက်မြတ်နိုးလို့ မဟုတ်ဘဲ... သူ့ရဲ့ သိမ်းပိုက်ပိုင်ဆိုင်ချင်တဲ့ စိတ်ရိုင်းကြောင့်ပဲ။

သူမကို သူ့ရဲ့အပိုင်ပစ္စည်းတစ်ခုအဖြစ်၊ နောင်တစ်ချိန်မှာ သိမ်းပိုက်မယ့် ကိုယ်လုပ်တော်တစ်ဦးအဖြစ်သာ သူက သတ်မှတ်ထားတာ။

ဒါကြောင့်လည်း သူမကို စုမိုင် သို့မဟုတ် လော်ဝမ်ကျွင်းတို့နှင့် နီးနီးကပ်ကပ် မပတ်သက်စေရန် သူက တားဆီးပိတ်ပင်နေခဲ့တာ ဖြစ်၏။

အထူးသဖြင့် "အိမ်မှာပဲ လိမ်လိမ်မာမာနဲ့နဲ့ ငါပြန်လာတာကို စောင့်နေ" ဆိုတဲ့ သူ့စကားကို ပြန်တွေးမိတဲ့အခါ... သူမ၏ ကျောပြင်တစ်ခုလုံး စိမ့်ခနဲ ချမ်းတုန်သွားသည်။

သူ ပြန်လာပြီး သူမကို ကိုယ်လုပ်တော်အဖြစ် ယူတာကို စောင့်ရမယ်ဟုတ်လား။

သူမ ဘယ်တော့မှ မလုပ်နိုင်ဘူး!

ခဏလောက် စဉ်းစားပြီးနောက် သူမ ဆက်၍ အိပ်မပျော်နိုင်တော့ပေ။ ခေါင်းအုံးကို မှီ၍ ထိုင်လိုက်ရင်း ပေါင်ချန်ကို ပြောလိုက်၏။

"ပေါင်ချန်... ခဏနေရင် ချိုးရွှေဥယျာဉ်

ကို သွားပြီး အမေ ဒီနေ့ ဘာတွေ အလုပ်ရှုပ်နေလဲဆိုတာ သွားကြည့်ချေ။"

ပေါင်ချန်က မေးလိုက်သည်။

"သခင်မလေးက သခင်မကို တွေ့ဖို့ သွားမလို့လား"

ရွှယ်နင်က တည်ကြည်လေးနက်သော လေသံဖြင့် ပြန်ပြော၏။

"ဟုတ်တယ်... ငါ အမြန်လုပ်မှ ဖြစ်တော့မယ်။"

ပေါင်ချန်က နားမလည်နိုင်ပေ။

"ဘာကို အမြန်လုပ်ရမှာလဲ သခင်မလေး"

ရွှယ်နင်က အံတင်းတင်းကြိတ်လိုက်သည်။

"သခင်လေးလော်နဲ့ စေ့စပ်ကြောင်းလမ်းဖို့ ကိစ္စကိုလေ။"

ပေါင်ချန် : "..."

သခင်လေးလီကဲ့သို့ ပြည့်စုံကောင်းမွန်တဲ့ လူကြီးလူကောင်းတစ်ယောက် ဘေးမှာ ရှိနေပါလျက်နှင့်...

သခင်မလေးက ဘာဖြစ်လို့ သခင်လေးလော်အပေါ်မှာပဲ ဒီလောက်တောင် စွဲလမ်းနေရတာလဲ။

...

စင်္ကြံလမ်းတစ်လျှောက် ဆီးနှင်းများ လွင့်မျောကျဆင်းနေပြီး ကောင်းကင်ယံတွင် အာရုဏ်ဦး၏ မှိန်ပျပျအလင်းရောင်တို့ ယှက်သန်းနေသည်။

စင်္ကြံလမ်းတွင် ထွင်းထုထားသော မီးအိမ်အချို့က မှိန်ပျပျ လင်းထိန်နေ၏။

ရွှယ်နင်၏ နီမြန်းနေသော မျက်နှာလေးနှင့် သွယ်လျပြီး ပြည့်ဖြိုးသည့် ခန္ဓာကိုယ်အလှကို ပြန်လည်မြင်ယောင်မိရင်း စုကျန်း၏ နက်ရှိုင်းသော မျက်ဝန်းများထဲတွင် ထူးထူးခြားခြား စိတ်ဆန္ဒများ ဖြတ်ပြေးသွားသည်။

သူက မွေးရာပါ အေးစက်တတ်သူဖြစ်ပြီး အမျိုးသမီးများအပေါ်တွင်လည်း ဘယ်တုန်းကမှ အာရုံစိုက်လေ့မရှိခဲ့ပေ။

ဒါပေမဲ့... စောစောက မိန်းကလေးငယ်ရဲ့ ခန္ဓာကိုယ်ကို သူ့လက်တွေနဲ့ ထိတွေ့မိလိုက်တဲ့ အခိုက်အတန့်မှာ သူ့ရင်ဘတ်ထဲ မငြိမ်မသက်ဖြစ်ပြီး ပူလောင်တဲ့ မီးတောက်တစ်ခု လောင်ကျွမ်းနေသလို ခံစားလိုက်ရသည်။

ဒါပေမဲ့လည်း အခုအချိန်က သူမကို ထိတွေ့ရမယ့်အချိန် မဟုတ်သေးပေ။

အနည်းဆုံးတော့... ရှဲ့နင်းထန် အိမ်တော်သို့ ဝင်ရောက်လာပြီး မင်သားရီအိမ်တော်၏ အခြေအနေကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ပြီးမှသာ သူတို့၏ မင်္ဂလာပွဲကို အပြီးသတ်နိုင်မှာ ဖြစ်သည်။

ကောင်းပြီ... အဲ့ဒီကိစ္စကိုတော့ နှစ်သစ်ကူးပြီးမှပဲ စဉ်းစားတော့မယ်။

သူက စိတ်လက်ပေါ့ပါး ရွှင်လန်းစွာဖြင့် ချီယွင်ဆောင်မှ ထွက်ခွာခဲ့ပြီး သခင်မကြီးရှဲ့ နှုတ်ဆက်ရန် ဝမ်ရှိုခန်းမသို့ ဦးတည်ခဲ့သည်။

ဤအချိန်တွင် ဝမ်ရှိုခန်းမသည် ပုံမှန်အားဖြင့် တော်တော်လေး စည်ကားနေတတ်၏။

သခင်မကြီးရှဲ့သည် အသက်ကြီးရင့်နေပြီဖြစ်သဖြင့် အိပ်စက်ချိန် နည်းပါးသည်။သခင်မကျန်းသည်လည်း အိမ်တွင်းမှုကိစ္စ အားလုံးကို စီမံရသူပီပီ သူမကို ပြုစုလုပ်ကျွေးရန် အမြဲတမ်း ပထမဆုံး ရောက်ရှိနေတတ်သူ ဖြစ်သည်။

ယနေ့ စုကျန်းနှင့် စုမိုင်တို့ တုန်းကျင်းမှ ထွက်ခွာကြမည်ဖြစ်တာကြောင့် မင်းသမီး ရှို့နင်းနှင့် အခြားသူများလည်း စောစောထကာ ခန်းမထဲတွင် စောင့်ဆိုင်းနေကြလေသည်။

စုကျန်းက သူမကို တစ်ချက် ကြည့်လိုက်သည်။ ထိုမိန်းကလေးငယ်က ရှက်ကိုးရှက်ကန်းနှင့် ကြောက်ရွံ့ရိုသေနေပြီး သူမ၏ မျက်ဝန်းများထဲတွင်တော့ သူ့အပေါ် ချစ်မြတ်နိုးမှုများဖြင့် ပြည့်နှက်နေသည်။

"ရှီဇီ... ခရီးလမ်းတစ်ခုလုံး ချောမွေ့ပါစေ။"

ရှဲ့နင်းထန်က လဝက်ကျော်ကြာအောင် အပင်ပန်းခံ ထိုးလုပ်ထားခဲ့သည့် အိတ်လေးကို စုကျန်းဆီ ကမ်းပေးရင်း ပြောလိုက်သည်။

"ဒါက ကျွန်မကိုယ်တိုင် လက်မှုပညာနဲ့ ထိုးထားတာပါ။ ရှီဇီအနေနဲ့ မထိုက်တန်ဘူးလို့ မယူဆဖို့ မျှော်လင့်ပါတယ်။"

သူသည် မင်္ဂလာမောင်နှံ ငှက်အစုံနှင့် ကြာပန်းအမြွှာပုံ ထိုးထားသည့် လက်ရာမြောက်သော အိတ်လေးကို လှမ်းယူလိုက်သည်။

ထိုခဏတွင် သွယ်လျလျ လူရိပ်တစ်ခုက သူ့မျက်စိရှေ့တွင် ဖျတ်ခနဲ ပေါ်လာပြန်သည်။

ထိုလူရိပ်လေးဟာလည်း တစ်ချိန်က သူ့ရှေ့မှာ အခုလိုမျိုး ကြောက်ရွံ့ရိုသေစွာ ရပ်နေခဲ့ပြီး ရဲရဲနီနေတဲ့ အဆောင်အိတ်ကလေးတစ်ခုကို ကမ်းပေးခဲ့သည်။

သို့သော် နောက်တစ်ခဏ၌ ထိုအိတ်လေးသည် ဆီးနှင်းများကြားထဲသို့ ပြုတ်ကျသွားခဲ့ပြီး ခြေထောက်ဖြင့် နင်းခြေခြင်းကို ခံခဲ့ရသည်။

ထို့နောက်... မျက်ရည်များဖြင့် ဝေဝါးနေသော မျက်ဝန်းအစုံ...

သူ မျက်လုံးများကို မှိတ်လိုက်ပြီး လက်ချောင်းများဖြင့် နားထင်ကို ဖိနှိပ်လိုက်မိ၏။

မကြာသေးခင်ကစပြီး သူ့ကိုယ်သူ ဘာဖြစ်နေမှန်း သူ မသိတော့ချေ။ သူက မကြာခဏဆိုသလို ခေါင်းကိုက်တာကို ခံစားနေရပြီး ရွှယ်နင်နှင့် ပတ်သက်တဲ့ ထူးဆန်းသော ပုံရိပ်အစအနများကလည်း စိတ်ထဲတွင် အလိုလို ပေါ်ပေါ်လာတတ်သည်။ထိုပုံရိပ်လေးများက တခါတရံ ဝေဝါးနေတတ်ပြီး တခါတရံမှာတော့ ထင်ရှားလွန်းနေတတ်သည်။၎င်းတို့က သူ့ခေါင်းထဲတွင် ထုနှက်နေကြပြီး နာကျင်မှုကို ဖြစ်စေ၏။

အလုပ်စာရွက်စာတမ်းများကိုပဲ အာရုံစိုက်ထားမှသာ ဒီဝေဒနာက အနည်းငယ် သက်သာသွားတတ်သည်။

"ခရီးက ဝေးတယ်။ မင်းတို့ ညီအစ်ကိုနှစ်ယောက် လမ်းခရီးမှာ ကိုယ့်ကိုကိုယ် ဂရုစိုက်ကြပါ။ မင်းသားအိမ်တော်ကို ရောက်တဲ့အခါ ငါပြင်ဆင်ပေးလိုက်တဲ့ လက်ဆောင်တွေကို မင်းသားကြီးထံ သေချာဆက်သပါ။ စည်းစနစ် ပျက်ကွက်တာမျိုး မရှိစေနဲ့။"

သူသည် နားထင်ကို နှိပ်နယ်ရင်း သခင်မကြီးရှဲ့က သူနှင့် စုမိုင်ကို မှာကြားနေသည့် စကားများကို နားထောင်နေခဲ့သည်။

ထိုသို့ ငေးငိုင်နေစဉ်... စုမိုင်၏ ခါးတွင် ချိတ်ဆွဲထားသော အန္တရာယ်ကင်းအဆောင်နှင့်တူသည့် ဆွဲပြားတစ်ခုကို သူ ရုတ်တရက် သတိပြုမိသွား၏။

"ဒါက ဘာလဲ။"

ခန်းမတစ်ခုလုံး ခေတ္တမျှ တိတ်ဆိတ်သွားသည်။

အားလုံး၏ အကြည့်က စုကျန်းဆီ ရောက်ရှိသွားကြပြီး အခုလို အချိန်မျိုးမှာ သူက စေ့စပ်ကြောင်းလမ်းမည့် ကိစ္စနှင့် လုံးဝမသက်ဆိုင်တဲ့ မေးခွန်းတစ်ခုကို ထုတ်မေးလာလိမ့်မည်ဟု မထင်ထားတာကြောင့် အံ့အားသင့်သွားကြဟန် တူသည်။

စုကျန်းသည် ယခုအခါ စိတ်ကြည်လင်သွားပုံရပြီး စုမိုင်၏ ခါးဆီသို့ အကြည့်ကို ပို့ထားရင်း ထပ်မံ မေးမြန်းလိုက်သည်။

"အန္တရာယ်ကင်းအဆောင်လား။"

စုမိုင်က စိတ်လှုပ်ရှားသွား၏။

"နင်နင်က ပြီးခဲ့တဲ့တစ်ခေါက် ကျန့်ကော်ဘုရားကျောင်းကနေ ပြန်ယူလာပေးတာပါ။"

စုကျန်း အမူအရာ တုံ့ခနဲ ဖြစ်သွားပြီး-

"သူ(မ)က မင်းကို ဘယ်တုန်းက ပေးလိုက်တာလဲ။"

စုမိုင်က ပြန်ဖြေလိုက်သည်။

"လွန်ခဲ့တဲ့ ရက်ပိုင်းကတင်ပဲ"

ထိုစကားကို ကြားလိုက်ရတဲ့အခါ စုကျန်း၏ ပါးလွှာသော နှုတ်ခမ်းများက တင်းတင်းစေ့သွားတော့သည်။

မင်းသမီး ရှို့နင်းသည် တစ်ခုခုကို အာရုံခံမိသွားပြီး ရုတ်တရက် နက်မှောင် အေးစက်သွားတဲ့ ထိုအမျိုးသား၏ ချောမောသော မျက်နှာကို စိုက်ကြည့်လိုက်သည်။

သို့သော် ထိုအခြေအနေက ခဏတာမျှသာ ဖြစ်ပြီး သူက ပုံမှန်အတိုင်း အေးစက်တည်ငြိမ်သော အမူအရာသို့ ချက်ချင်း ပြန်လည်ရောက်ရှိသွားခဲ့သည်။

စောစောက အေးစက်မှုက သူမ၏ စိတ်ကူးယဉ်မှုသက်သက်သာ ဖြစ်လေမလားဟု ထင်မှတ်ရလောက်သည်။

"ရှီဇီကလည်း အန္တရာယ်ကင်းအဆောင်တွေကို သဘောကျလို့လား။"

သူမက နှုတ်ခမ်းထောင့်တွင် အပြုံးဖျော့ဖျော့လေး ဆင်မြန်းရင်း မေးလိုက်သည်။

"ကျွန်မလည်း ယုံကျိုးက ဘုရားကျောင်းတစ်ခုမှာ တစ်ခါက ရခဲ့ဖူးပြီး အဲဒီအချိန်ကစလို့ အမြဲ ဆောင်ထားတာပါ။ တကယ်လည်း စွမ်းတယ်။ ရှီဇီ စိတ်မရှိဘူးဆိုရင် ဒါကို ရှီဇီကို ပေးချင်ပါတယ်။"

သူမက ပြောပြောဆိုဆိုဖြင့် ခါးတွင် ချိတ်ဆွဲထားသည့် အန္တရာယ်ကင်းအဆောင်ပုံစံ ကျောက်စိမ်းဆွဲပြားလေးကို လက်ကလေးဖြင့် ဖြုတ်လိုက်သည်။

၎င်းက အလွန်နုနယ်ပြီး လက်ရာမြောက်သဖြင့် ရွှယ်နင် ပေးခဲ့တဲ့အရာနှင့် လုံးဝ ကွဲပြားခြားနားသည်။

စုကျန်းက ၎င်းကို တစ်ချက် ကြည့်လိုက်သော်လည်း လှမ်းယူခြင်း မပြုခဲ့ချေ။

ရှဲ့နင်းထန်က အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားသည်။ သူမ၏ နှုတ်ခမ်းကို ကိုက်လိုက်ပြီး အနည်းငယ် စိတ်မကောင်းဟန်ဖြင့် ပြောလိုက်၏။

"ရှီဇီက သဘောမကျလို့လားဟင်။"

စုကျန်းက ပြန်ပြောလိုက်သည်။

"မဟုတ်ပါဘူး... ငါက ဒီလိုအရာမျိုးတွေကို ဘယ်တုန်းကမှ မယုံဘူး။"

ထိုစကားကို ပြောပြီးသည်နှင့် သူက မတ်တတ်ထရပ်ကာ သခင်မကြီးရှဲ့နှင့် အခြားသူများကို နှုတ်ဆက်ပြီး ထွက်သွားတော့သည်။

အိမ်တော်တံခါးမကြီး အပြင်ဘက်သို့ ရောက်သောအခါ သူသည် စုမိုင်နှင့်အတူ ရထားလုံးပေါ်သို့ တက်လိုက်၏။

သူ့အကြည့်များက စုမိုင်၏ ခါးတွင် ချိတ်ဆွဲထားသော အန္တရာယ်ကင်းအဆောင်ဆီသို့ မကြာခဏဆိုသလို ကျရောက်နေဆဲ ဖြစ်သည်။

စုမိုင်က ခဏလောက် စဉ်းစားပြီးနောက် အဆောင်ကို ရိုးရိုးရှင်းရှင်းပင် ဖြုတ်လိုက်ပြီး သူ့ရင်ဘတ်နှင့် နီးကပ်သော ဝတ်ရုံအတွင်းအိတ်ထဲသို့ သေသေချာချာ ထည့်သိမ်းလိုက်တော့သည်။

စုကျန်း : "..."

စုကျန်း ထွက်ခွာသွားပြီးနောက်တွင် ရွှယ်နင်သည် လှောင်အိမ်ထဲမှ လွတ်မြောက်သွားသည့် ငှက်ငယ်လေးတစ်ကောင်ကဲ့သို့ တစ်ကိုယ်လုံး ပေါ့ပါးလန်းဆန်းသွား၏။

သူမက နေ့လယ်စာစားချိန်မှာ ထမင်းတစ်ပန်းကန်နှင့် ဟင်းချိုတစ်ပန်းကန် ပိုစားနိုင်ခဲ့ရုံသာမက... ထမင်းစားပြီးချိန်၌လည်း ချိုမြိန်တဲ့ နို့အေးတစ်ခွက်ကိုပါ စိတ်ကျေနပ်စွာ သောက်သုံးနိုင်ခဲ့သည်။

မွန်းလွဲပိုင်းအချိန်၌ သူမသည် စိတ်အားထက်သန်စွာဖြင့် ချိုး‌ရွှေဥယျာဉ်ဆီသို့ ဦးတည်ခဲ့၏။

သခင်မကျန်းသည် သူမ၏ အလုပ်များဖြင့် အလုပ်ရှုပ်နေပြီး အိမ်တော်အနှံ့မှ အစေခံမိန်းကလေးများနှင့် အိမ်ထိန်းကြီးများသည် ခန်းမဆောင်ကြီးအတွင်းသို့ အဝင်အထွက် ပြုလုပ်ကာ လုပ်ငန်းတာဝန်များကို အစီရင်ခံနေကြသည်။

မကြာမီမှာပင် နယ်စားမင်းသည် ကိုယ်လုပ်တော်နျဲ့ နှင့် တတိယသခင်မလေးတို့ကို ခေါ်ဆောင်ကာ အိမ်တော်ပြင်ပသို့ ထွက်ခွာသွားကြောင်း လာရောက်သတင်းပို့သူ ရှိလာသည်။

"ကိုယ်လုပ်တော်က နယ်စားမင်းနဲ့အတူ အဝတ်အထည်တွေ သွားဝယ်မှာမလို့... ချိုးရွှေဥယျာဉ်အတွက်ပါ ပိတ်စအချို့ ဝယ်ခဲ့ရမလားလို့ မေးခိုင်းလိုက်ပါတယ်။"

သခင်မကျန်း၏ အမူအရာ တုံ့ခနဲ ဖြစ်သွားသည်။

"နယ်စားမင်းက မေးခိုင်းတာလား... ဒါမှမဟုတ် ကိုယ်လုပ်တော်က မေးတာလား"

အစေခံက ပြန်ဖြေလိုက်သည်။

"ကိုယ်လုပ်တော်က မေးတာပါ"

သခင်မကျန်း ခဏလောက် တိတ်ဆိတ်သွားခဲ့သည်။

သူမမှာ လုပ်စရာ အလုပ်များပြားလွန်းနေတာကို ကိုယ်လုပ်တော်နျဲ့က အခုလိုမျိုး အသေးအဖွဲ ကိစ္စရပ်များဖြင့် သူမကို လာစိတ်အနှောင့်အယှက် ပေးနေဆဲပင်။

ထို့အပြင်... သူမ၏ ခင်ပွန်းသည်က ဇနီးဖြစ်တဲ့ သူမအပေါ် ဘာတစ်ခုမှ ဝယ်ပေးခဲ့ခြင်း မရှိတာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်ကြောင်း တွေးမိကာ သူမ၏ ရင်ထဲတွင် ခါးသီးမှုလှိုင်းလုံးတစ်ခု ဖြတ်သန်းသွားခဲ့ရသည်။

"ကောင်းပြီ... ချိုးရွှေဥယျာဉ်အတွက် ဘာမှမလိုဘူးလို့ သွားပြောလိုက်ပါ။ သူ(မ) လိုချင်တာရှိရင် သူ(မ)ဘာသာပဲ ဝယ်ပါစေ။"

"ဟုတ်ကဲ့"

အစေခံက ပြန်လည်ဖြေကြားပြီးနောက် သခင်မကျန်း၏ မျက်နှာအမူအရာကို ခိုးကြည့်ကာ ခပ်မြန်မြန်ပင် ပြန်လည်ထွက်ခွာသွားသည်။

ရွှယ်နင်က ဘေးနားမှာ ထိုင်နေရင်း သခင်မကျန်း၏ မျက်မှောင်ကြုတ်ထားမှုက ပိုမိုနက်ရှိုင်းလာတာကို စောင့်ကြည့်နေခဲ့သည်။

သို့သော် သခင်မကျန်းသည် အနည်းငယ်မျှပင် ညည်းညူမြည်တမ်းခြင်း မရှိချေ။ ကြိုးဆွဲရုပ်တစ်ခုကဲ့သို့ပင်... သူမက ညင်သာစွာ သက်ပြင်းချလိုက်ပြီးနောက် အခြားအစေခံတစ်ဦးကို အစီရင်ခံရန် ထပ်မံခေါ်ယူလိုက်ပြန်သည်။

သခင်မကြီးရှဲ့လည်း တစ်နှစ်ထက်တစ်နှစ် အသက်ကြီးရင့်လာပြီ ဖြစ်သဖြင့် သူမ၏ ကျန်းမာရေးအတွက် နေ့စဉ်သောက်သုံးရသော ဆေးရည်များကို သခင်မကျန်းကိုယ်တိုင် စစ်ဆေးပေးရသည်။

ဆေးဖက်ဝင်ပစ္စည်းတစ်ခုမျှပင် ပမာဏ အနည်းငယ်တောင် လွဲချော်၍မရပေ။ အချိန်အများစုတွင် သခင်မကြီးရှဲ့သည် သခင်မကျန်းကိုယ်တိုင် ပြင်ဆင်ပေးသည့် ဆေးရည်ကိုသာ သောက်သုံးလေ့ရှိ၏။

ရွှမ်းယီနယ်စားမင်းအိမ်တော်သည် အရှေ့ဘက်နှင့် အနောက်ဘက် ဝင်းကြီးများအပါအဝင် အဆောင်ပေါင်း ဒါဇင်ကျော်ရှိသည့် အိမ်ထောင်စုကြီးတစ်ခု ဖြစ်သဖြင့် အိမ်တွင်းမှုကိစ္စ အားလုံးသည် အိမ်တော်သခင်မ၏ အာရုံစိုက်မှုကို အမြဲတစေ လိုအပ်နေပေသည်။

ဤကိစ္စရပ်များအားလုံးကို စီမံခန့်ခွဲပြီးနောက်တွင်လည်း သခင်မကျန်းသည် စာရင်းဇယားများကို စစ်ဆေးရုံတင်မကဘဲ နှစ်ကုန်ပိုင်းတွင် အခြားအိမ်တော်အသီးသီးသို့ ပေးပို့ရမည့် လက်ဆောင်စာရင်းများကိုပါ ပြန်လည်စိစစ်ရသေး၏။

ထိုလက်ဆောင်စာရင်းများကို မူလက ကိုယ်လုပ်တော်နျဲ့က ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း စုကျန်း ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် ရွှယ်နင်၏ ကျန်းမာရေးက သိသိသာသာ ကောင်းမွန်လာခဲ့ပြီး အိမ်တွင်းမှုကိစ္စများကို စီမံခန့်ခွဲသည့် တာဝန်ကလည်း သခင်မကျန်း၏ လက်ထဲသို့ ပြန်လည်ရောက်ရှိလာသည်။

ကိုယ်လုပ်တော်နျဲ့သည် အိမ်တွင်းမှုကိစ္စများ စီမံခန့်ခွဲရာတွင် စိတ်ပါဝင်စားမှုမရှိသဖြင့် လက်ဆောင်စာရင်းထဲတွင် အမှားအယွင်းများစွာ ရှိနေခဲ့၏။

သခင်မကျန်းက အမှားအချို့ကို ပြင်ဆင်လိုက်ပြီးနောက် မည်သည့်အမူအရာမျှမပြဘဲ စာရင်းကို ဘေးသို့ ဖယ်ထားလိုက်သည်။

စာရေးစားပွဲပေါ်တွင်မူ ထူထဲသော စာရင်းအင်းစာအုပ်များက တောင်ပုံရာပုံ ထပ်နေပြီး သူမရှေ့တွင် တောင်ငယ်လေးတစ်ခုပမာ ဖြစ်နေတော့သည်။

"နောက်ရက်အနည်းငယ်နေရင် စုချင်းကို ပြန်လွှတ်ပေးတော့မယ်။ မင်းအဘွားက သူ(မ)ကို တစ်သက်လုံး ဒူးထောက်ခိုင်းထားလို့ မကောင်းဘူးလို့ ပြောတယ်လေ။"

သခင်မကျန်းက စာရင်းစာအုပ်တစ်အုပ်ကို ကောက်ကိုင်ရင်း ရွှယ်နင်ကို တစ်ချက် ကြည့်လိုက်သည်။ ရွှယ်နင်နှင့် စကားပြောရသည့် အချိန်ကျမှသာ သူမ၏ စိတ်အခြေအနေက အနည်းငယ် ပေါ့ပါးသွား၏။

"ဒါပေမဲ့ နင်နင် စိတ်မပူပါနဲ့... အခု ငါတို့က သူ(မ)ရဲ့ ရက်စက်တတ်တဲ့ သဘာဝကို သိသွားပြီဆိုတော့ ပိုပြီး သတိထားပြီးတော့ ဖြစ်နိုင်ရင် သူ(မ)နဲ့ မပတ်သက်မိအောင် နေကြတာပေါ့။ သူ(မ)လည်း အသက်မငယ်တော့ဘူး... နှစ်သစ်ကူးပြီးရင် သူ(မ)ရဲ့ အိမ်ထောင်ရေးကိစ္စကို ဆွေးနွေးရမယ့်အချိန် ရောက်ပြီ။လက်ထပ်သွားတဲ့သမီးက သွန်ပြီးသားရေပဲလေ... သူ(မ)ဘာသာ ယောက်ျားအိမ် ရောက်မှပဲ သွားပြီး ပြဿနာရှာပါစေတော့။"

သို့သော် ရွှယ်နင်က စုချင်းကိစ္စကို သိပ်ပြီး စိတ်ထဲမထားပေ။

သူမ ကြားသိရသလောက်တော့... စုချင်းက ဘိုးဘွားခန်းမတွင် အမှားများကို နောင်တရဆင်ခြင်နေရသည် ဆိုသော်လည်း တစ်ရက်လျှင် တစ်နာရီသာ ဒူးထောက်ရပြီး ကျန်ရှိတဲ့ အချိန်များကိုတော့ ခန်းမဘေးရှိ ဘေးခန်းတွင် အနားယူ အားမွေးရင်း ကုန်လွန်စေတာဖြစ်သည်။

သခင်မကြီးရှဲ့သည် ဘယ်တုန်းကမဆို စု မျိုးရိုးအမည်ရှိသူများကိုသာ အမြဲတမ်း ဘက်လိုက် အလိုလိုက်တတ်သူ ဖြစ်၏။

အရင်ဘဝတုန်းက သခင်မကျန်းသည် ဘိုးဘွားခန်းမတွင် အချိန်အကြာကြီး ဒူးထောက်ခဲ့ရသဖြင့် ပြန်လည်လွတ်မြောက်လာချိန်၌ သူမ၏ ဒူးဆစ်များ ပျက်စီးလုနီးပါး ဖြစ်ခဲ့ရသည်။

ရွှယ်နင်က သရော်ပြုံးဖျော့ဖျော့လေး ပြုံးလိုက်ရင်း ပြောလိုက်သည်။

"ဘာပဲဖြစ်ဖြစ်... သမီးက မကြာခင် လော်မိသားစုနဲ့ စေ့စပ်တော့မှာပဲလေ။ နှစ်သစ်ကူးပြီးရင် နယ်စားမင်းအိမ်တော်ကနေ လက်ထပ်ပြီး ထွက်သွားရတော့မှာ။ အဲဒီအချိန်ကျရင် စုချင်းက သမီးကို ထပ်ပြီး ရန်ပြုချင်ရင်တောင်မှ မတတ်နိုင်တော့ပါဘူး။”

All Chapters