အခန်း ၇၅
Vol. 8 Ch. 75
အခန်း (၇၅) - ဘာလို့ မကွာရှင်းတာလဲ
သခင်မကျန်း၏ နှုတ်ခမ်းများက အနည်းငယ် ကွေးညွှတ်သွားသည်။
"ဒါလည်း ဟုတ်တာပါပဲ။ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက လော်မိသားစုရဲ့ သခင်မကြီးနဲ့ အမေ သေသေချာချာ စကားပြောခဲ့တယ်။ လော်မိသားစုမှာ လူဦးရေ သိပ်မရှိတော့ဘူး ဆိုပေမဲ့ သခင်မကြီးက ဒီအသက်အရွယ်အထိ တစ်အိမ်ထောင်လုံးကို စီမံခန့်ခွဲနိုင်ပြီး မြေးဖြစ်သူကိုလည်း ဒီလောက်အထိ ယဉ်ကျေးသိမ်မွေ့အောင် ပြုစုပျိုးထောင်ပေးနိုင်တာ... တကယ်ကို အရည်အချင်းရှိတဲ့သူပဲ။ အဲဒီနေ့က သူ(မ) မင်းကို တော်တော်လေး သဘောကျသွားတာ အမေ သတိထားမိတယ်။ အမေ့ကိုလည်း သမီးကိုခေါ်ပြီး လော်အိမ်တော်ဆီ ဧည့်သည်အဖြစ် လာလည်ဖို့ အချိန်တစ်ခု ရှာဦးမယ်လို့ ပြောသေးတယ်"
"တကယ် အဆင်ပြေတာပဲ။"
ရွှယ်နင်သည် လော်ဝမ်ကျွင်းနှင့် ထပ်မံတွေ့ဆုံရန် အခွင့်အရေး မရှိတော့မှာကို စိုးရိမ်နေခဲ့ခြင်း ဖြစ်၏။ ဒီစကားကို ကြားလိုက်ရတဲ့အခါ သူမက ကမန်းကတန်း ပြန်ပြောလိုက်သည်။
"အမေ... သမီးက လက်ထပ်ဖို့ အရမ်း လောနေတာမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့ သမီး တကယ်ပဲ သူများရဲ့ ကိုယ်လုပ်တော် မဖြစ်ချင်ဘူး။ သမီးရဲ့လက်ထပ်ပွဲကို နောက်ဆွဲထားလို့ မဖြစ်တော့ဘူး အမေ"
သခင်မကျန်းက ရွှယ်နင်၏ ရင်ဖွင့်ချက်များကို ဘယ်လိုလုပ် နားမလည်ဘဲ ရှိမှာလဲ။
"မင်းရဲ့ အစ်ကိုကြီးက မင်းကို ကိုယ်လုပ်တော်အဖြစ် ယူမယ်လို့ ပြောတာက နောက်ပြောင်တဲ့ စကားသက်သက်ပဲ ဖြစ်မှာပါ"
ရွှယ်နင်က နှုတ်ခမ်းကို စေ့ထားသည်။
"နောက်ပြောင်တာပဲ ဖြစ်ဖြစ်... အားနင်ကတော့ အပြင်လူတွေ အထင်လွဲသွားတာမျိုး လုံးဝ မလိုချင်ဘူး"
"စိတ်မပူပါနဲ့... အမေက မင်းအတွက် အကောင်းဆုံး ဖြစ်အောင် စီစဉ်ပေးမှာပါ။"
အမျိုးသမီးတစ်ဦးအတွက် ဂုဏ်သိက္ခာက အရေးကြီးဆုံး မဟုတ်လား။ သခင်မကျန်းက ရွှယ်နင်ကို လက်ဟန်ပြ လှမ်းခေါ်လိုက်ရင်း ပြောလိုက်သည်။
"နင်နင်... ဒီနားကို လာပြီး စာရင်းဇယား စီမံခန့်ခွဲတာတွေကို လေ့လာထား။ ဒါက သမီး လက်ထပ်သွားတဲ့အခါ အကျိုးရှိလိမ့်မယ်"
ရွှယ်နင်က အနားသို့ တိုးထိုင်လိုက်သည်။ သခင်မကျန်း၏ နုနယ်လှပသော မျက်နှာက အမြဲတမ်း အလုပ်ရှုပ်နေမှုကြောင့် ဖြူဖျော့နေတာကို မြင်လိုက်ရတဲ့အခါ သူမ ရင်ထဲမကောင်းဖြစ်သွားရ၏။
"အမေ... တစ်နေ့ကျရင် ဒီလို အသေးအဖွဲ အိမ်တွင်းမှုကိစ္စတွေကို ဘေးဖယ်ထားပြီး ဘာပူပန်မှုမှမရှိဘဲ ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားဖို့ တစ်ခါလောက်ပဲဖြစ်ဖြစ် တွေးဖူးလားဟင်"
သခင်မကျန်း အမူအရာ တုံ့ခနဲ ဖြစ်သွားပြီး ဘာမှ ပြန်မပြောချေ။
သူမ အိမ်ထောင်မပြုခင် အချိန်ကတော့ အဲ့လို လွတ်လပ်ပေါ့ပါးတဲ့ နေ့ရက်များကို သူမလည်း ဖြတ်သန်းခဲ့ဖူးပါတယ်။
သို့သော် ထိုအရာက နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သဖြင့် သူမ မေ့လျော့နေခဲ့တာ ကြာပြီ ဖြစ်သည်။
ရွှယ်နင်က ဆက်၍ ပြောလိုက်သည်။
"လွန်ခဲ့တဲ့ ရက်ပိုင်းက ကိုယ်လုပ်တော်နျဲ့က မန်မန်ကို လက်ဝတ်ရတနာတွေ သွားဝယ်ပေးဖို့ ခေါ်သွားတာ... မန်မန်က ရက်အတော်ကြာအောင် ပျော်နေခဲ့တာ။ အမေရော စဉ်းစားကြည့်ပါဦး... အမေ အပြင်ကို စိတ်အပန်းဖြေဖို့ မထွက်ဖြစ်တာ ဘယ်နှရက် ရှိသွားပြီလဲ။ အမေ အပြင်ထွက်တဲ့ အကြိမ်တိုင်းကလည်း နယ်စား်မင်းအိမ်တော်ပိုင် ဆိုင်တွေရဲ့ စာရင်းတွေကို သွားစစ်ဖို့ပဲ။ အလျင်စလို သွားပြီး အလျင်စလိုပဲ ပြန်လာခဲ့ရတာ။ မန်မန်ကတောင် ကိုယ်လုပ်တော်နျဲ့က သူ(မ)အပေါ် ကောင်းတယ်လို့ ပြောနေသေးတယ်... ဒါပေမဲ့ အမေ့အလှည့်ကျတော့ရော"
သခင်မကျန်း အံ့အားသင့်သွားသော်လည်း သူမ၏ အကြည့်တို့က စာရင်းစာအုပ်ဆီသို့ ခပ်မြန်မြန်ပင် ပြန်လည်ရောက်ရှိသွားခဲ့သည်။ သူမက ပြုံးလိုက်၏။
"အမေ့မှာ အဲဒီလို အားလပ်ရက်မျိုး ဘယ်မှာ ရှိမှာလဲ"
ရွှယ်နင်က သက်ပြင်းချလိုက်မိသည်။
"ဒါဆိုရင်တော့ အမေက အိမ်တော်သခင်မ ဖြစ်နေပြီးတော့... ကိုယ်လုပ်တော်သက်သက် ဖြစ်တဲ့ ကိုယ်လုပ်တော်နျဲ့လောက်တောင် စိတ်ချမ်းသာ ကိုယ်ချမ်းသာ မရှိဘူးပေါ့"
စာရင်းစာအုပ် စာမျက်နှာကို လှန်လိုက်စဉ် သခင်မကျန်း၏ လက်ချောင်းများက အနည်းငယ် တင်းမာသွားသည်။ သူမက အတင်းအကြပ် ပြုံးလိုက်ရင်း လေးနက်စွာ ပြောလိုက်၏။
"ဘယ်ချွေးမမဆို ဒီလို ဒုက္ခမျိုးတွေကို မရင်ဆိုင်ရဘဲ နေမလဲ။ အခြားအိမ်တော်က ဇနီးသည်တွေနဲ့ ယှဉ်ရင်... မင်းအဖေရဲ့ အနောက်ဆောင်မှာက ဒီကိုယ်လုပ်တော် တစ်ယောက်တည်းပဲ ရှိတာဆိုတော့ တော်တော်လေး နည်းတယ်လို့ ပြောရမယ်။ ဒါ့အပြင် သူ(မ)မှာလည်း အားကိုးစရာ သားသမီး မရှိဘူးလေ... ဒါကြောင့် သူ(မ)က မန်မန်ရဲ့ မျက်နှာသာရအောင် ကြိုးစားတာက သဘာဝကျပါတယ်။ ဒါပေမဲ့ မန်မန်က ငါ့သမီးပဲလေ။သူ(မ) ဘယ်လောက်ပဲ မျက်နှာချိုသွေးသွေး အပိုပါပဲ"
ရွှယ်နင်က တိုးတိုးလေး ရေရွတ်လိုက်မိ၏။
"သားသမီး... မရှိဘူး..."
သခင်မကျန်းက ဖျော့တော့စွာ ပြုံးလိုက်သည်။
"ကိုယ်လုပ်တော်မနျဲ့ကို အိမ်တော်ထဲ ခေါ်ဖို့ ငါ သဘောတူခဲ့ရင် သူ(မ)မှာ ဘယ်တော့မှ သားသမီး ရှိလာမှာ မဟုတ်ဘူးလို့ မင်းအဖေက ငါ့ကို ကတိပေးခဲ့တာ။ သူ(မ)ကို နေစရာနေရာ ပေးပြီး ဘဝလုံခြုံမှု ရှိစေရုံတင်ပဲလို့ ပြောခဲ့တယ်။ နင်နင်... ငါ မင်းအဖေကို ယုံကြည်တယ်"
ဒီလောကမှာ ယောကျာ်းတစ်ယောက်ရဲ့ ကတိစကားကို ဘယ်လိုလုပ် ယုံကြည်နိုင်မှာလဲ။
အရင်ဘဝတုန်းက သခင်မကျန်း ကွယ်လွန်ပြီးနောက်တွင် ကိုယ်လုပ်တော်နျဲ့က သားတစ်ယောက် မွေးဖွားပေးခဲ့တာကို ပြန်လည်တွေးတောမိရင်း... ရွှယ်နင်သည် သခင်မကျန်းအတွက် အလွန်အမင်း ဝမ်းနည်းကြေကွဲကာ ရင်ထဲတွင် မခံမရပ်နိုင် ဖြစ်ရုံမျှမက နာကျည်းမှုကိုပါ ခံစားလိုက်ရသည်။
"အမေ....."
သခင်မကျန်းက ခေါင်းညိတ်ထူးလိုက်၏။
ချိုးရွှေဥယျာဉ်တွင် အစေခံမိန်းကလေးများနှင့် အထိန်းတော်ကြီးများ တစ်ဒါဇင်ကျော်ရှိသဖြင့် အလွန်ပင် လူစည်ကားသည်။
သို့သော်လည်း အနောက်ဆောင် အိပ်ခန်းဆောင်ထဲတွင် အနီးကပ် ခစားရသူများကတော့ သခင်မကျန်း၏ အယုံကြည်ရဆုံးသော လူရင်းများသာ ဖြစ်ကြသည်။
ပြီးခဲ့သည့်အကြိမ်က ရွှယ်နင်၏ သတိပေးချက်ကြောင့် သခင်မကျန်းသည် သူမ၏ အယုံကြည်ရဆုံးလူများကို နောက်တစ်ကြိမ် ထပ်မံ၍ သေသေချာချာ စိစစ်ရွေးချယ်ခဲ့သည်။
ယခု သူမ၏ အိပ်ခန်းဆောင်ထဲတွင် ခစားခွင့်ရှိသူများမှာ သူမ၏ မိခင်ဘက်မှ ပါလာသူများနှင့် နောက်ခံသမိုင်းကြောင်းကို အသေအချာ သိရှိထားသူများသာ ဖြစ်သည်။
စုမန်က ပျော်ပျော်ပါးပါး နေတတ်သူပီပီ ချိုးရွေဥယျာဉ်ထဲမှာ ငြိမ်ငြိမ်သက်သက် ထိုင်နေရတာကို မနှစ်သက်ချေ။
ရွှယ်နင်တစ်ယောက်သာ သခင်မကျန်း၏ ဘေးနားတွင် အမြဲတမ်း တိတ်တဆိတ် နေပေးတတ်ပြီး ပခုံးများကို နှိပ်ပေးခြင်း၊ ခြေထောက်များကို ဆုပ်နယ်ပေးခြင်းနှင့် အစားအသောက်များကို ပြင်ဆင်ပေးခြင်းတို့ကို ပြုလုပ်ပေးလေ့ရှိသည်။
ထိုသို့ ပြုစုပေးတတ်ခြင်းကြောင့်လည်း သခင်မကျန်းသည် ရွှယ်နင်၏ နူးညံ့သိမ်မွေ့ပြီး အလိုက်သိတတ်သော အပြုအမူလေးများကို ပို၍ပင် သဘောကျမြတ်နိုးလာခဲ့ရသည်။
မဟုတ်ပါက... သူမ၏ ပျင်းရိငြီးငွေ့ဖွယ် ကောင်းလှသော နေ့ရက်များက ဘယ်အချိန်မှ ကုန်ဆုံးသွားမလဲဆိုတာကို သူမကိုယ်တိုင်လည်း မသိနိုင်ချေ။
ရွယ်နင်သည် အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးမှ တိုးညှင်းသော လေသံဖြင့် ဖွင့်ဟပြောလိုက်သည်။
"အမေ... ကိုယ်လုပ်တော်နျဲ့ကို ကြည့်ပါဦး။ သူ(မ)က ယောက္ခမကိုလည်း ပြုစုစရာမလိုသလို အိမ်တွင်းမှုကိစ္စတွေကိုလည်း စီမံခန့်ခွဲစရာမလိုဘူး။ ဒါပေမဲ့ စည်းစိမ်ချမ်းသာတွေကို ခံစားနေရပြီး အဖေ့ကိုတောင် လက်ခုပ်ထဲကရေလို ပိုင်စိုးထားနိုင်သေးတယ်။ ဒါပေမဲ့ အမေကျတော့ နယ်စားမင်းအိမ်တော်အတွက် တစ်သက်လုံး ပင်ပန်းဆင်းရဲခံပြီး လုပ်ကျွေးခဲ့တာ... အမေ့အတွက် ဘာကောင်းကျိုးတွေ ရခဲ့လို့လဲ။ ရောဂါဝေဒနာတွေ ပြည့်နှက်နေတဲ့ ခန္ဓာကိုယ်တစ်ခုပဲ ကျန်ခဲ့တာ။ အမေ... အမေ့အနေနဲ့ တစ်ခါလောက်ပဲဖြစ်ဖြစ်..."
သူမ စကားကို ခေတ္တ ဖြတ်လိုက်မိသည်။
အခန်းတွင်း၌မူ အရည်အသွေးမြင့် မီးသွေးများကြောင့် နွေးထွေးနေသော်လည်း အပြင်ဘက် ပိတောက်သား ထွင်းထုထားသော ပြတင်းပေါက် ကတ်တုံးများ၏ အပြင်ဘက်တွင် ဆီးနှင်းနုနုလေးများ ဖြည်းညှင်းစွာ ကျဆင်းနေသည်။
သခင်မကျန်း မော့ကြည့်လိုက်စဉ် သူမ၏ ရင်ခုန်သံများက အကြောင်းရင်းမရှိဘဲ မြန်ဆန်လာခဲ့၏။
သူမ မိခင်ဖြစ်သူ၏ အသက်မဲ့ပြီး မှေးမှိန်နေသော မျက်ဝန်းများကို စိုက်ကြည့်ရင်း... ရွှယ်နင်သည် သူမရဲ စိတ်ထဲမှာ ကာလအတော်ကြာ မြှုပ်နှံထားခဲ့သည့် စကားလုံးကို နောက်ဆုံးတွင် ထုတ်ဖော်ပြောကြားလိုက်တော့သည်။
"ကွာရှင်းဖို့ တွေးဖူးလားဟင်..."
"ကွာရှင်း" ဆိုသည့် စကားလုံးကို ကြားလိုက်ရသောအခါ သခင်မကျန်းသည် ခဏလောက် မှင်သက်သွားပြီးမှ ချက်ချင်းပင် သတိပြန်ဝင်လာကာ ရွှယ်နင်၏ ပါးစပ်ကို လှမ်းပိတ်၍ တည်တင်းသော လေသံဖြင့် ပြောလိုက်သည်။
"နင်နင်... ဘာတွေ လျှောက်ပြောနေတာလဲ"
ရွှယ်နင်က နှုတ်ခမ်းကို ကိုက်လိုက်သည်။
"အားနင် လျှောက်ပြောနေတာ မဟုတ်ပါဘူး အမေ"
သူမ၏ အရင်ဘဝတုန်းကလည်း... အမျိုးသမီးတစ်ဦးအနေဖြင့် အမှန်တကယ် ကွာရှင်းခွင့် တောင်းဆိုနိုင်လိမ့်မည်ဟု သူမ ကိုယ်တိုင်လည်း မတွေးရဲခဲ့ပေ။
အရင်ဘဝက သိခဲ့တဲ့ အိမ်ထောင်သည် အမျိုးသမီး အားလုံးက တစ်သက်တာလုံး ရုန်းမထွက်နိုင်သော ရွှံ့နွံအိုင်ကြီးထဲတွင်သာ ပိတ်မိနေခဲ့ကြရသည်။
ဝေကျန့်ယန်ကဲ့သို့ မြင့်မြတ်လှသော အမျိုးသမီး ဖြစ်ပါစေဦးတော့... စုချင်းဖြစ်စေ၊ စုရှီးဖြစ်စေ...
သူတို့ထဲက တစ်ယောက်မျှပင် ကွာရှင်းပြတ်စဲဖို့ကို မတွေးဝံ့ကြပေ။
အခြားထင်ရှားသည့် အထက်တန်းလွှာ မိသားစုကြီးများမှ ဇနီးသည်များနှင့် ချွေးမများကိုတော့ ပြောနေစရာပင် မလိုတော့ပါ။
အမျိုးသမီးတစ်ဦး လက်ထပ်ပြီးသွားသည်နှင့်တစ်ပြိုင်နက် သူမ၏ ကိုယ်ပိုင်အမည်နာမမှာ ပျောက်ကွယ်သွားရပြီး ခင်ပွန်းသည်၏ မိသားစုမျိုးရိုးအမည်ဖြင့် အစားထိုးခြင်း ခံလိုက်ရသကဲ့သို့ ဖြစ်နေတတ်သည်။ ထိုအချိန်မှစ၍ သူမ၏ ဘဝတစ်ခုလုံးသည် ခင်ပွန်းသည်ကို လုပ်ကျွေးပြုစုခြင်း၊ သားသမီးများကို ပျိုးထောင်ခြင်းနှင့် လင်ဘက်မှ မိသားစုကို ဝတ်ပြုခြင်းများဖြင့်သာ လည်ပတ်နေရပြီး မိမိကိုယ်ကိုယ် လုံးဝ ပျောက်ဆုံးသွားရတတ်၏။
သူမ၏ အရင်ဘဝတုန်းကလည်း... သူမက အခုလိုဘဝမျိုးကို တောင့်တခဲ့ဖူးပေမယ့် နောက်ဆုံးတော့ သူမ ရရှိခဲ့တဲ့အရာက ယောကျာ်းတစ်ယောက်ရဲ့ သစ္စာဖောက်မှုနှင့် နာကျင်အောင် ရန်ပြုမှုတို့သာ ဖြစ်သည်။
"အမေသာ အဖေ့အပေါ်မှာ စိတ်ပျက်ပြီး မပျော်ရွှင်နိုင်တော့ဘူးဆိုရင် ကွာရှင်းခွင့် တောင်းဆိုလို့ ရတာပဲ။ သာ့ယုံရဲ့ ဥပဒေမှာလည်း အမျိုးသမီးတွေဘက်က ကွာရှင်းခွင့်တောင်းတဲ့ သာဓကတွေ ရှိခဲ့တာ ကြာလှပြီ။ အမျိုးသမီးတွေက ဘာလို့ ကွာရှင်းလို့မရရမှာလဲ။ သူတို့က ဘာလုပ်ပိုင်ခွင့်နဲ့ တားကြမှာလဲ။ အမေက တကယ်ပဲ စုမိသားစုရဲ့ ဒီရွှံ့နွံကြီးထဲမှာ တစ်သက်လုံး ပိတ်မိနေပြီး ယောက်ျားတစ်ယောက်နဲ့ သူ့ရဲ့ ကိုယ်လုပ်တော်တွေအတွက် အရာအားလုံးကို စနစ်တကျ အနစ်နာခံသွားချင်တာလား။ အမေ... အမေ ဒီလောက်အထိ လုပ်ပေးခဲ့တာတွေကို ဘယ်သူကများ ကျေးဇူးတင်ခဲ့ဖူးလို့လဲဟင်။ ဘယ်သူကများ တကယ်တမ်း စိတ်ထဲမှတ်ထားခဲ့ဖူးလဲ။"
"ရွှယ်နင်!"
သခင်မကျန်းက လက်ကို မြှောက်လိုက်ရင်း နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။
ရွှယ်နင်က သူမ၏ မျက်နှာလေးကို သခင်မကျန်းဘက်သို့ တည့်တည့်လှည့်ကာ မယိမ်းမယိုင် စိုက်ကြည့်နေသည်။
"သမီး ပြောချင်တာတွေကို အကုန်ပြောပြီးပြီ။ အမေ သမီးကို ရိုက်ချင်တယ်ဆိုရင်လည်း ရိုက်ပါတော့။"
သခင်မကျန်းက သက်ပြင်းကို မတတ်သာဘဲ ချလိုက်မိသည်။
"ကွာရှင်းတယ်ဆိုတာ ဘယ်လောက်အထိ ကြီးမားတဲ့ ကိစ္စလဲဆိုတာ မင်း သိရဲ့လား။"
ရွှယ်နင်က မေးစေ့ကို ပင့်လိုက်ရင်း လေးနက်စွာ ပြောလိုက်၏။
"ဘယ်လောက်ပဲ ကြီးမားပါစေဦးတော့... ဒါက အမေနဲ့ အဖေတို့ ဇနီးမောင်နှံနှစ်ယောက်ကြားက ကိစ္စသက်သက်ပဲ မဟုတ်လား။"
သခင်မကျန်း အမူအရာ တုံ့ခနဲ ဖြစ်သွားသည်။
"မင်းကတော့လေ... ဘာကိုမှ နားမလည်သေးပါလား ကလေးရယ်။"
ရွှယ်နင်က ပြန်ပြောလိုက်သည်။
"သမီးက သုံးနှစ်ကလေးမဟုတ်တော့ဘူး အမေ။ အမေ စိုးရိမ်နေတဲ့ ပြဿနာမှန်သမျှကို သမီး အကုန်လုံး တွေးပြီးသားပါ။ ကွာရှင်းတာသက်သက်ပဲလေ မိုးပြိုကျမသွားနိုင်ပါဘူး။ ပြိုကျလာရင်ရော ဘာဖြစ်လဲ။ သမီးတို့ အသက်ရှင်နေသရွေ့တော့ မျှော်လင့်ချက်က အမြဲတမ်း ရှိနေမှာပဲ။"
သခင်မကျန်း၏ မျက်ဝန်းများက ဒေါသကြောင့် နီမြန်းလာခဲ့ရပြီး ရင်ထဲတွင်လည်း ဒေါသမီးများ တောက်လောင်လာသည်။
သူမက အမြဲတမ်း စကားနားထောင်တတ်တဲ့ သမီးဖြစ်သူ ရွှယ်နင်၏ နှုတ်ဖျားမှ "ကွာရှင်း" ဆိုသည့် စကားလုံး ထွက်လာလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့မိချေ။ ထို့အပြင် ရွှယ်နင်က သူမနှင့် ငြင်းခုံဆွေးနွေးရန်အတွက် အကြောင်းပြချက်များကိုပါ တစ်ပါတည်း အသင့်ပြင်ထားခဲ့သေး၏။
သူမ၏ ရင်ဘတ်က ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေရင်း... ရွှယ်နင်၏ နီမြန်းနေသော မျက်ဝန်းလေးများကို စိုက်ကြည့်နေမိသည်။
စကားတစ်လုံးမှ ထွက်မလာနိုင်ဘဲ... သူမကို အတင်းအကြပ် နားချရန် ကြိုးစားနေသည့် ရွှယ်နင်ကို ကြည့်ရင်း သူမ၏ အမြင်အာရုံတစ်ခုလုံး ပူနွေးသော မျက်ရည်များဖြင့် တဖြည်းဖြည်း ဝေဝါးလာခဲ့သည်။
သို့သော် သူမက သမီးဖြစ်သူ၏ ရှေ့မှာတော့ မျက်ရည်မကျချင်ပါ။ သူမ မျက်လုံးများကို မှိတ်လိုက်ပြီး မျက်ရည်များကို အတင်းအကြပ် ပြန်သိမ်းလိုက်ရ၏။
"တော်ပြီ... ဒီနေ့ မင်းပြောခဲ့တာတွေကို ငါ ဘာမှမကြားခဲ့ဘူးလို့ပဲ သတ်မှတ်လိုက်မယ်။"
"အမေ..."
"အခု ပြန်တော့။"
ရွှယ်နင်က နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်မိပြီး ရင်ထဲတွင် ဝမ်းနည်းပူဆွေးမှု အနည်းငယ် ဖြစ်ပေါ်လာခဲ့သည်။
သူမ မတ်တတ်ထရပ်လိုက်ပြီး သခင်မကျန်း၏ ဘေးနားသို့ လျှောက်သွား၏။
"ကိုယ်လုပ်တော်နျဲ့က တကယ်ပဲ သူ(မ)ရဲ့ ကိုယ်ပိုင်သားသမီးကို မလိုချင်တာ သေချာရဲ့လား.."
ထိုစကားကို ချန်ထားခဲ့ပြီးနောက် သူမသည် လှည့်ပြန်ခဲ့ကာ ချိုးရွှေဥယျာဉ်၏ အနောက်ဆောင် အိပ်ခန်းထဲမှနေ၍ နောက်သို့ လှည့်မကြည့်ဘဲ ထွက်ခွာသွားသည်။
သခင်မကျန်းသည် နေရာတွင် တောင့်တောင့်ကြီး ထိုင်နေမိဆဲဖြစ်ပြီး ရုတ်တရက်ဆိုသလို အေးစက်သော အအေးဓာတ်တစ်ခုက သူမ၏ တစ်ကိုယ်လုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားလေသည်။