အခန်း ၇၆
Vol. 8 Ch. 76
အခန်း (၇၆)။ အိမ်ထောင်ရေးနောက်ကွယ်မှ အတားအဆီး
သခင်မနျဲ့ထံမှ ရရှိသည့် သစ်မွှေးရနံ့ကို သူမ ပြန်စဉ်းစားမိလိုက်သည်။ ထိုရနံ့က သူမ၏ခင်ပွန်းဖြစ်သူ စုယီလီ အသုံးအများဆုံး ရနံ့ဖြစ်ပြီး၊ သူမကိုယ်ပေါ်တွင် မသင်းပျံ့ခဲ့တာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ လွန်ခဲ့တဲ့ နှစ်များအတွင်း စုယီလီသည် ရက်အနည်းငယ်လျှင် တစ်ကြိမ် သူ့စာကြည့်ခန်း သို့မဟုတ် လီယွမ်၌သာ တည်းခိုလေ့ရှိပြီး၊ သူမ၏ ချိုးရွှေဥယျာဉ်ဆီသို့ မလာခဲ့တာ အလွန်ကြာမြင့်ပြီ ဖြစ်သည်။
ရှေ့မှောက်ရှိ တောင်ပုံရာပုံ စာရင်းစာအုပ်များကို ကြည့်ရင်း သူမ စိတ်ဓာတ်များ ရုတ်တရက် ကျဆင်းသွား၏။
“မာမားစုန့်......."
အထိန်းတော်စုန့်သည် သခင်မကျန်းနှင့် ရွှယ်နင်တို့၏ စကားများခြင်းကို မကြားဘဲမနေခဲ့ပါ။ သူမက ပြုံးလျက် လိုက်ကာကို ပင့်ကာ ဝင်လာပြီး သခင်မကျန်းကို လက်ဖက်ရည်ကြမ်းတစ်ခွက် ငှဲ့ပေးလိုက်သည်။ မူလက သူမ ဖျန်ဖြေပေးရန် ရည်ရွယ်ထားသော်လည်း—
“သခင်မ…”
သခင်မကျန်း၏ မျက်နှာပေါ်မှ မျက်ရည်များကို မြင်လိုက်ရသောအခါ အထိန်းတော်စုန့် ဆွံ့အသွားပြီး ရင်ထဲတွင်လည်း လှိုက်ခနဲ ခံစားလိုက်ရသည်။
“သခင်မလေးက ကလေးဆန်နေတာပါ။ သခင်မအနေနဲ့ စိတ်ထဲမထားပါနဲ့။”
“ကွာရှင်းပြတ်စဲခြင်း” ဟူသော စကားလုံးသည် ပြောရန် လွယ်ကူပေမယ့် လက်တွေ့လုပ်ဆောင်ဖို့ဆိုတာ ဘယ်လောက် ခက်ခဲလိုက်သလဲ။
ကျန်းမိသားစုသည် စာပေတတ်မြောက်ပြီး စိုက်ပျိုးရေးနှင့် စာပေကို အလေးထားသည့် မျိုးရိုးဖြစ်သော်လည်း၊ မင်းစိုးရာဇာလောကတွင် နှစ်ပေါင်းများစွာအတွင်း အမြဲတမ်း ဖြောင့်မတ်မှန်ကန်သူများအဖြစ် ရပ်တည်ခဲ့ကြသည်။
ရုတ်တရက် ကွာရှင်းခံရပြီး အစွန့်ပစ်ခံရတဲ့ အမျိုးသမီးတစ်ဦး မိခင်အိမ်သို့ ပြန်လာခြင်းကို မိသားစုကြီးက သေချာပေါက် လက်ခံလိမ့်မည်မဟုတ်ပေ။
ထို့အပြင် သခင်မတွင် သားတစ်ယောက်နှင့် သမီးတစ်ယောက် ရှိသေး၏။ သူမ၏သားက အလားအလာရှိသူဖြစ်ပြီး ငယ်ရွယ်စဉ်မှာပင် ‘ရှီဇီ’ ဘွဲ့ချီးမြှင့်ခံရကာ နန်းတွင်းအတွင်းဝန်ရုံးသို့ စောစီးစွာ ဝင်ရောက်နိုင်ခဲ့သည်။ သူက သာ့ယုံပြည်နယ်၏ အငယ်ဆုံး တရားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးလည်း ဖြစ်သည်။ သူမရဲ့သမီးကတော့ လက်မထပ်ရသေးပေမယ့် အလွန်အမင်း လှပချောမောပြီး နူးညံ့သိမ်မွေ့သော စရိုက်ရှိရာ၊ နောက်နှစ်အနည်းငယ်အတွင်း ဂုဏ်အဆင့်အတန်းချင်း ညီမျှသော မြင့်မြတ်သည့် မိသားစုတစ်ခုသို့ လက်ထပ်ရမှာ သေချာသည်။
သခင်မကျန်းလို အမျိုးသမီးတစ်ဦးအနေဖြင့် နောက်ထပ်နှစ်အနည်းငယ်သာ သည်းခံလိုက်ပါက အောင်မြင်မှုများဖြင့် အနားယူနိုင်မှာဖြစ်၏။
သူမက မြင့်မြတ်တဲ့ အိမ်တော်တစ်ခု၏ လေးစားဖွယ် အကြီးအကဲဖြစ်လာပြီး တစ်သက်လုံး စည်းစိမ်ချမ်းသာနှင့် ဂုဏ်သရေကို ခံစားရလိမ့်မည်။
သို့သော် အကယ်၍ သူမ ကွာရှင်းလိုက်ပါက ဘာမှမရှိဘဲ လမ်းခွဲရလိမ့်မယ်။
သခင်မကျန်းသည် ရင်ထဲမှ ခါးသီးမှုများကို ဖိနှိပ်လျက် မျက်ရည်များကို လက်ချောင်းများဖြင့် သုတ်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။
“ငါသိပါတယ် မာမားစုန့်။ ဒီနေ့ ငါနည်းနည်း ပင်ပန်းနေလို့ ဒီစာရင်းစာအုပ်တွေကို သိမ်းလိုက်တော့။”
အထိန်းတော်သည် ရင်ထဲတွင် သနားသွား၏။
“သခင်မ၊ ကျန်းမာရေးကို ဂရုစိုက်ပါ။ ဒီအစေခံအိုကြီး စာရင်းစာအုပ်တွေကို အရင်ရွှေ့လိုက်ပြီး၊ ပြီးရင် သခင်မအတွက် စွပ်ပြုတ်တစ်ခုခု ပြင်ခိုင်းလိုက်ပါ့မယ်။”
သခင်မကျန်းက ခေါင်းညိတ်ရုံသာ တုံ့ပြန်လိုက်သည်။ အလုပ်ရှုပ်နေချိန်မှာ အချိန်တွေ ဘယ်လောက်တောင် မြန်မြန်ဆန်ဆန် ကုန်လွန်သွားခဲ့တာလဲ။
ပြတင်းပေါက်အပြင်ဘက်တွင်မူ ညနေဆည်းဆာသို့ ရောက်ရှိနေပြီဖြစ်ပြီး ရွှေရောင်နေမင်းသည် အနောက်ဘက်သို့ စောင်းနေပြီဖြစ်သည်။
ဝရန်တာ အမိုးစွန်းများပေါ်တွင် ဆီးနှင်းဖြူများ ဖုံးလွှမ်းနေ၏။
ပြတင်းပေါက်မှ တိုက်ခတ်လာသော လေအေးက တုန်လှုပ်ခြောက်ခြားဖွယ် အေးစိမ့်နေသည်။
ရုတ်တရက် လုပ်စရာအလုပ် မရှိတော့သဖြင့် သူမက သူမကိုယ်သူမ တွေဝေစွာ လှည့်ပတ်ကြည့်ရှုမိသည်။
ကြေးမုံပြင်ထဲမှ အမျိုးသမီးသည် အသက်သုံးဆယ်ကျော် အရွယ်သာရှိသေးပြီး နုပျိုလှပသော ရုပ်ရည်ရှိသော်လည်း၊ သခင်မနျဲ့ထက် ပို၍အိုစာနေသယောင် ရှိသည်။
ဒါကြောင့်လည်း စုယီလီက ဒီနှစ်များအတွင်း သူမဆီ မလာခဲ့တာ ဖြစ်လိမ့်မယ်။ သူမရဲ့ ဒီလိုပုံစံကို မြင်ရတာက သူ့ကို စိတ်ပျက်စေခဲ့တာ ဖြစ်နိုင်တယ်။
“အမေ၊ ဒီပိုးထည်လိပ်ကို ကြည့်ပါဦး။”
စုမန်သည် သခင်မကျန်း၏ ဝမ်းနည်းပူဆွေးမှုကို လုံးဝသတိမထားမိဘဲ ခရမ်းရောင်ဖျော့ဖျော့ ပိုးထည်လိပ်ကို ကိုင်ကာ ခုန်ပေါက်ဝင်ရောက်လာသည်။
“ဒါကို ကိုယ်လုပ်တော်နျဲ့က သမီးအတွက် ဝယ်ပေးတာ။ ဒီပိတ်စနဲ့ ဂါဝန်ချုပ်ရင် သိပ်လှမှာပဲ။”
သခင်မကျန်းသည် မျက်ရည်များကို အမြန်သုတ်လိုက်ပြီး တံခါးဝရှိ ပုံရိပ်ဆီသို့ လှမ်းကြည့်လိုက်သည်။
စုမန်က ပိုးထည်ကို စားပွဲပေါ်တွင် စိတ်လှုပ်ရှားစွာ တင်လိုက်၏။
“အမေ ဒီနေ့မမြင်လိုက်ဘူး၊ ကိုယ်လုပ်တော်နျဲ့က ရွှေချည်ထိုး မော်ရွှေပန်းပွင့်တွေ ပါတဲ့ အင်္ကျီနဲ့ စကတ်ကို ချုပ်ထားတာ သိပ်လှတာပဲ—”
သူမက အတွင်းခန်းထဲသို့ ပျော်ရွှင်စွာ လျှောက်လှမ်းဝင်လာသော်လည်း၊ သခင်မကျန်း၏ မည်သည့်ခံစားချက်မျှမရှိသော မျက်နှာသေနှင့် တိုးမိသွားလေသည်။
စုမန် ကြောင်အမ်းသွား၏။
“အမေ...?”
သခင်မကျန်းက ပြောလိုက်သည်။
“ထွက်သွား”
စုမန်က ထိုနေရာမှာပဲ ကြောင်တောင်တောင် ရပ်နေမိပြီး သူမက မိခင်ဖြစ်သူကို အကဲခတ်သလို အကြိမ်ကြိမ် စိုက်ကြည့်နေမိသော်လည်း သခင်မကျန်း ဘာလို့ ရုတ်တရက် စိတ်ဆိုးဒေါသထွက်ရတာလဲဆိုတာကို နားမလည်နိုင် ဖြစ်နေသည်။
“သမီး တစ်ခုခု မှားလုပ်မိလို့လားဟင်”
သခင်မကျန်းသည် သတိပြန်ဝင်လာပြီး ခါးသီးစွာ ပြုံးလိုက်၏။
“မဟုတ်ပါဘူး... အမေ စိတ်နည်းနည်း ညစ်နေလို့ပါ။ အခုတော့ သမီး အခန်းကိုပဲ အရင်ပြန်လိုက်ဦး၊ ထမင်းစားချိန်ကျမှပဲ ပြန်လာခဲ့တော့။”
စုမန်က “အော်...” ဟု ရေရွတ်လိုက်ပြီးနောက် ပြောလိုက်သည်။
“ဒါဆိုရင် သမီး လီယွမ်ဘက်မှာ ခဏသွားထိုင်နေလိုက်ဦးမယ်”
ထိုသို့ပြောပြီးနောက် သူမက ခြေလှမ်းအနည်းငယ် လှမ်းလိုက်၊ နောက်လှည့်ကြည့်လိုက်ဖြင့် ထွက်ခွာသွားတော့သည်။
သခင်မကျန်း၏ မျက်နှာ ဖြူဖျော့သွားပြီး ရင်ထဲတွင်လည်း မွန်းကြပ်လာကာ တဖြည်းဖြည်းနှင့် ငေးငိုင်သွားရပြန်သည်။
ဒါပေမဲ့လည်း “ကွာရှင်း” ဆိုတဲ့ ထိုစကားလုံးနှစ်လုံးကတော့ သူမစိတ်ထဲမှာ မျိုးစေ့တစ်ခုလို အမြစ်တွယ်သွားခဲ့ပြီ။
သူမက ထိုအတွေးကို ဖယ်ထုတ်ရန် ခေါင်းကို ခါယမ်းလိုက်သည်။
သူမ ဘာတွေ လျှောက်တွေးနေတာလဲ... နင်နင် ပြောတာတွေကြောင့် တွေဝေသွားတာပဲ ဖြစ်ရမယ်။
သူမက ဘယ်လိုလုပ်ပြီး စုယီလီကို ကွာရှင်းနိုင်မှာလဲ...
...
ရွှယ်နင်သည် ချိုးရွှေဥယျာဉ်မှ ထွက်လာတဲ့အချိန် ရင်ထဲတွင် အတွေးများ လေးလံနေမိသည်။ ထိုစဉ် ဟန်လင်း (တော်ဝင်ကျောင်းတော်)ကနေ မကြာခင်ကမှ ပြန်ရောက်လာသည့် လီချန်ချဲ့နှင့် မမျှော်လင့်ဘဲ ဆုံမိသည်။
ကျယ်ဝန်းသော စင်္ကြံလမ်းထက်တွင် ထိုအမျိုးသားသည် အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အရပ်ရှည်ရှည် ခန္ဓာကိုယ်ထက်တွင် နက်မှောင်သော ဝတ်ရုံရှည်ကို ခြုံလွှမ်းထားသည်။ သူ၏ ပုံစံက တည်ငြိမ်မြင့်မြတ်ပြီး အေးချမ်းမှုတို့ လွှမ်းမိုးနေသည်။
သူမက အလိုလိုနေရင်း သူ့ကို ရှောင်သွားချင်စိတ် ပေါ်လာတယ်။
ဒါပေမဲ့ အဲ့လိုလုပ်တာက ပိုပြီး သံသယဝင်စရာ ကောင်းနေလိမ့်မယ်။
အချို့အရာများက ပွင့်လင်းသွားခဲ့ပြီ ဖြစ်သည်။ သူက သူမကို ချစ်မြတ်နိုးခြင်းမရှိဘဲ တာဝန်ယူချင်စိတ်တစ်ခုတည်းဖြင့်သာ လုပ်ဆောင်နေတယ်ဆိုတာ သူမ သိတာကြောင့် ဟန်ဆောင်ပန်ဆောင် ရှက်ရွံ့နေရန် မလိုတော့ပေ။
ထို့ကြောင့် သူမက ကျော့ရှင်းသော အပြုံးတစ်ခုနှင့်အတူ သူ့ထံသို့ လျှောက်လှမ်းသွားကာ အရိုအသေပေးလိုက်သည်။
“သခင်လေးလီ... ဒီနေ့ ဒီလောက်တောင် စောစော ပြန်လာတာလား။”
လီချန်ချဲ့က သူမကို လှမ်းကြည့်လိုက်သည်။ သူမသည် ထူထဲသော မြေခွေးမွေးဝတ်ရုံကို ဝတ်ထားပြီး၊ ဖြူစင်သော ယုန်မွေးလည်ကော်လာက သူမ၏ ကျောက်စိမ်းကဲ့သို့ မျက်နှာလေးကို ဝန်းရံထားသည်။ ပါးပြင်လေးများက ပန်းရောင်သန်းနေကာ နှုတ်ခမ်းများလည်း စိုစွတ်တောက်ပနေပြီး၊ ဝိုင်းစက်နေသော မျက်ဝန်းများက နူးညံ့သော သမင်ငယ်တစ်ကောင်ကဲ့သို့ သနားစရာလည်းကောင်း၊ ချစ်စရာလည်း ကောင်းနေသည်။
ရင်ထဲမှ လှုပ်ခတ်မှုကို ထိန်းချုပ်ရင်း သူက တည်ငြိမ်စွာ ပြန်မေးလိုက်သည်။
“မင်းရဲ့ ဒဏ်ရာ ဘယ်လိုနေလဲ။”
ထိုနေ့က စကားပြောပြီးကတည်းက သူသည် ချီယွင်ဆောင်ဆီသို့ တစ်ခေါက်မှ ထပ်မလာခဲ့တော့ပေ။
သူ့ကတိအတိုင်းပင် သူမရဲ့ ဘဝထဲသို့ ဝင်ရောက်စွက်ဖက်ခြင်း မပြုဘဲ နေခဲ့သည်။
ရွှယ်နင်က သူ၏ စည်းခြားတတ်မှုကို ကျေးဇူးတင်မိသဖြင့် နူးညံ့စွာ ပြုံးလိုက်သည်။
“ဒဏ်ရာက အနာဖေးတက်နေပါပြီ၊ အခု သိပ်မနာတော့ပါဘူး။ စိတ်ပူပေးလို့ ကျေးဇူးတင်ပါတယ်”
သူတို့က မိတ်ဆွေဟောင်းများကဲ့သို့ ယဉ်ကျေးစွာ စကားပြောနေကြခြင်း ဖြစ်သည်။
ထိုစဉ် လီချန်ချဲ့၏ ခါးတွင် ဆွဲထားသော သက်ရှည်သော့ပုံစံ ဆွဲသီးလေးကို ရွှယ်နင် သတိပြုမိသွားသည်။ ထိုအရာက ရင်းနှီးနေသယောင် ရှိသော်လည်း ဘယ်နေရာမှာ မြင်ဖူးခဲ့လဲဆိုတာကိုတော့ သူမ မမှတ်မိတော့ပေ။
သူမ တိတ်ဆိတ်သွားတာကို မြင်တဲ့အခါ လီချန်ချဲ့က လုမိသားစုကိစ္စကို စကားစလိုက်သည်။
“မင်းရဲ့ ဝမ်းကွဲအစ်ကိုက နှစ်ကုန်ရင် ပြန်လာလိမ့်မယ်။”
ရွှယ်နင်က သူမ၏ မျက်ဝန်းများကို ပင့်ကာ သူ၏ ခန့်ညားသော ဘေးတစောင်းမျက်နှာကို ကြည့်လိုက်သည်။
“ဟုတ်တယ်၊ ပြီးခဲ့တဲ့တစ်ခေါက် အဒေါ် လာလည်တုန်းကလည်း ပြောသွားပါတယ်။ ဝမ်းကွဲအစ်ကိုကလည်း အရွယ်ရောက်ပြီဆိုတော့ အိမ်ထောင်ရေးအကြောင်း ပြောဆိုဖို့ သင့်တော်နေပြီ။”
“ရွှမ်းယီနယ်စားမင်းအိမ်တော်က သမီးကြီးနဲ့လား။”
ရွှယ်နင်သည် မလိုလားဟန်ဖြင့် နှုတ်ခမ်းကို စေ့လိုက်၏။
“ဒါက အတည်မဖြစ်သေးပါဘူး"
လောကကြီးရဲ့နည်းလမ်းများကို ကျွမ်းကျင်မှုမရှိသေးသည့် မိန်းမပျိုလေးတစ်ဦးဖြစ်တဲ့အတွက် သူမ၏ ခံစားချက်များကို မျက်နှာပေါ်တွင် အလွယ်တကူ ဖတ်နိုင်သည်။ သူမ၏ ရှုံ့မဲ့သွားသော မျက်နှာလေးက ချစ်စရာကောင်းပြီး အပြစ်ကင်းစင်နေကာ လူအများအား အလိုလိုနေရင်း သနားဂရုဏာ သက်မိစေသည်။
ငယ်ငယ်တုန်းက လီချန်ချဲ့သည် မိန်းကလေးငယ်ကို ပေးခဲ့ဖူးတဲ့ ကတိတစ်ခုကို ရက်ရက်စက်စက် ဖျက်ဆီးခဲ့ဖူးတယ်။
နောက်ပိုင်းတော့ သူ တုန်းကျင်းမှာ ဆက်မနေခဲ့မိတာအတွက် မကြာခဏ နောင်တရခဲ့တယ်။ သူမကို စစ်သူကြီးအိမ်တော်ကနေ နောက်တစ်ကြိမ် ပြန်လည်ခေါ်ထုတ်သွားရမယ်ဆိုရင်တောင် သူ နောင်တရမှာ မဟုတ်ဘူး။
သို့သော် ဘဝမှာ “အကယ်၍” ဆိုတဲ့အရာ မရှိပေ။အခု သူမသည် ကလေးဘဝက အကြောင်းအရာများကို မမှတ်မိတော့ရုံသာမက သူ့ကိုပါ လုံးဝ မေ့သွားခဲ့ပြီ။
မကြာမီတွင် သူမက လော်ဝမ်ကျွင်း၏ ဇနီး ဖြစ်လာတော့မည်။
လီချန်ချဲ့သည် သူမကို နက်ရှိုင်းစွာ စိုက်ကြည့်လိုက်ပြီးနောက်မှ အကြည့်လွှဲကာ ပြောလိုက်သည်။
“အချိန်လည်း မစောတော့ဘူး၊ ကိုယ့်ကို သွားခွင့်ပြုပါဦး"
“သခင်လေးလီ၊ ကောင်းကောင်းသွားပါ။”
ရွှယ်နင်သည် ထိုနေရာတွင်ပင် ရပ်ကျန်ခဲ့ပြီး ထိုအမျိုးသားနှင့် ဖူရှန်းတို့ ထွက်ခွာသွားတာကို ငေးကြည့်နေမိသည်။
“သခင်လေးလီက တကယ့်ကို ချောတာပဲ။ ရှီဇီထက်တောင် ပိုပြီး ကြည့်ကောင်းသေးတယ်။”
ပေါင်ချန်က မချီးမွမ်းဘဲ မနေနိုင် ဖြစ်နေသည်။
ရွှယ်နင်က လှည့်၍ သူမ၏ ခေါင်းကို ခပ်ဖွဖွလေး ခေါက်လိုက်၏။
“သူများရဲ့ ရုပ်ရည်ကို လျှောက်ပြီး ဝေဖန်မနေနဲ့”
ပေါင်ချန်က နာကျင်ချင်ယောင်ဆောင်ကာ တခစ်ခစ် ရယ်မောလိုက်သည်။
“ဘာလို့ ကျွန်မကို ရိုက်တာလဲ သခင်မလေးရဲ့၊ ကျွန်မ အမှန်အတိုင်း ပြောတာကို။ သခင်မလေးက သခင်လေးလီကို လက်ထပ်ဖို့ ငြင်းလိုက်တာ တကယ့်ကို နှမြောစရာပဲ။ အကယ်၍ သခင်မလေးသာ သူနဲ့ဆိုရင် နောက်မွေးမယ့် ကလေးတွေလည်း တကယ့်ကို လှပနေမှာ သေချာတယ်။”
ရွှယ်နင်သည် လက်နွေးအိုးလေးကို ကိုင်ကာ ဆက်လက် လျှောက်လှမ်းခဲ့သည်။ ရံဖန်ရံခါတွင် ထိုနေ့က မြင်းရထားပေါ်မှ အဖြစ်အပျက်ကို ပြန်လည် အမှတ်ရမိတိုင်း သူမ၏ နားရွက်များ နီမြန်းပူထူလာရဆဲပင်။
“ဒီအကြောင်းကို ထပ်မပြောနဲ့လို့ ငါမပြောထားဘူးလား။ သူများတွေ ကြားသွားရင် ဘယ်လိုလုပ်မလဲ။”
သူမအနေဖြင့် ထိုအမျိုးသားက သူမ ကာမစိတ်ကြွဆေး ခတ်ခံထားရတဲ့အကြောင်းကို ဖွင့်ပြောလိုက်မှာကို စိုးရိမ်စိတ် မရှိတာတော့ မဟုတ်ပေ။
ခန့်မှန်းခြေ လဝက်နီးပါးခန့် သူမသည် ထိုစိုးရိမ်စိတ်ဖြင့် နေထိုင်ခဲ့ရပြီး သတင်းစုံစမ်းရန်အတွက် ပေါင်ချန်ကို နေ့တိုင်း အပြင်လွှတ်ခဲ့ရသည်။
မည်သည့်ကောလာဟလမျှ ပျံ့နှံ့ခြင်းမရှိတာကို မြင်တွေ့ရမှသာ သူမ လုံးဝ စိတ်အေးသွားနိုင်သည်။
ထိုအချိန်မှစ၍ သူမက လီချန်ချဲ့၏ ကူညီစောင့်ရှောက်ပေးမှုအတွက် သူ့အပေါ် စစ်မှန်တဲ့ ကျေးဇူးသိစိတ် ရှိခဲ့သည်။
ပေါင်ချန်က နှုတ်ခမ်းဆူလိုက်သည်။
“ကျွန်မက ဒီအတိုင်း တွေးမိလို့ ပြောတာပါ၊ ပြီးတော့ ဒီမှာ ဘယ်သူမှလည်း ရှိတာမဟုတ်ဘူး”
ရွှယ်နင်က မတတ်နိုင်ဟန်ဖြင့် ပြုံးလိုက်ပြီး ပေါင်ချန်၏ နှာခေါင်းလေးကို ဆွဲလိုက်သည်။
“သခင်လေးလီရဲ့စိတ်ထဲမှာ လူတစ်ယောက် ရှိနေပြီသား။ အဲဒါကို မင်းရဲ့ သခင်မလေးက သူ့ကို သွားလက်ထပ်ရင် စိတ်အနှောင့်အယှက် ဖြစ်စရာ မကောင်းဘူးလား”