အခန်း ၇၇
Vol. 8 Ch. 77
အခန်း ၇၇။ သူ၏အကြည့်
ပေါင်ချန်သည် အနည်းငယ်ဇဝေဇဝါဖြစ်ကာ မျက်တောင်ခတ်လိုက်မိသည်။
“ဒီလောကမှာ ဇနီးသုံးယောက်၊ ကိုယ်လုပ်တော်လေးယောက် မရှိတဲ့ယောက်ျား ဘယ်သူရှိလို့လဲ။ သခင်မလေးက သခင်လေးလီဆီကို တရားဝင်ဇနီးကြီးအဖြစ် လက်ထပ်ဝင်ရုံပဲလေ”
ပေါင်ချန်၏စကားများထဲတွင် သူမကို အထက်တန်းလွှာကိုယ်လုပ်တော်အဖြစ် စုကျန်း၏အကြံပြုချက်အပေါ် လှောင်ပြောင်လိုသည့် အရိပ်အယောင်များ ပါဝင်နေသည်။
ရွှယ်နင်က အိမ်ထောင်ရေးဆိုတဲ့ အယူအဆအပေါ် ဘာမျှော်လင့်ချက်မှ မထားပေမယ့် သူမရဲ့ခင်ပွန်းကိုတော့ အခြားသူများနှင့် အလုအယက် မခွဲဝေချင်ပေ။
လော်ဝမ်ကျွင်းလို ယောက်ျားမျိုးက ပိုပြီးကိုင်တွယ်ရလွယ်ကူတယ်။ အနည်းဆုံးတော့ လက်ထပ်ပြီး ပထမဆုံးနှစ်အနည်းငယ်အတွင်းမှာ သူမက အတွင်းဆောင်ရဲ့ တစ်ဦးတည်းသော သခင်မဖြစ်နေလိမ့်မယ်။
ရွှယ်နင်က ပြောလိုက်သည်။
“တော်ပြီ... ငါရှင်းပြရင်တောင် နင်နားလည်မှာမဟုတ်ဘူး။ နောက်နောင် သခင်လေးလီနဲ့ လက်ထပ်ဖို့ကိစ္စကို ထပ်မပြောနဲ့တော့၊ ကြားလား”
ပေါင်ချန်က ပြုံးလိုက်၏။
“ကောင်းပါပြီ၊ သိပါပြီရှင်။ စိတ်မပူပါနဲ့ သခင်မလေး”
ရွှယ်နင် သက်ပြင်းတိုးတိုးချလိုက်မိသည်။
လီချန်ချဲ့နှင့် မင်းသမီးယန်ရန်တို့ အခုလောက်ဆို ဘယ်အတိုင်းအတာအထိ တိုးတက်နေပြီလဲဆိုတာ သူမ တွေးနေမိသည်။
သူတို့နှစ်ယောက်က အခုထိ ရိုးရိုးတန်းတန်းပဲ ရင်းနှီးနေကြတုန်းလား။
သူတို့ကြားထဲမှာ အပြန်အလှန်မေတ္တာမျှဖို့ ဘယ်အချိန်အထိ စောင့်ရဦးမလဲဆိုတာ သူမ မသိချေ။
ဒါပေမဲ့လည်း သူတို့က ငယ်ရွယ်နုပျိုပြီး ချစ်တတ်စအရွယ် ဖြစ်သဖြင့်၊ လူငယ်တွေကြားက သံယောဇဉ်ဆိုတာ ခဏတာအတွင်းမှာတင် အဖူးအငုံထွက်ပေါ်လာတတ်စမြဲပင်။
ကျန့်ကော်ဘုရားကျောင်းတုန်းကလိုမျိုး... လီချန်ချဲ့ သူမကို ကယ်တင်ခဲ့တဲ့အချိန်က... ထိုရုတ်တရက် ရင်ခုန်သံမျိုး။
ရွှယ်နင်သည် သူမ ဘာတွေးနေမိလဲဆိုတာကို ရုတ်တရက် သတိပြုမိသွားပြီး ရင်ဘတ်ကို လက်ဖြင့် အမြန်ဖိကာ ရုတ်ချည်းလှုပ်ခတ်သွားသော စိတ်အာရုံကို အတင်းအကျပ် ပြန်လည်ထိန်းချုပ်လိုက်ရသည်။
ပေါင်ချန်က သူမ၏ဖောင်းအိနေသော မျက်နှာလေးကို စောင်းငဲ့ကာ -
“သခင်မလေး၊ ဘာဖြစ်လို့လဲ။ ဘာလို့ မျက်နှာက ရုတ်တရက်ကြီး နီရဲသွားရတာလဲ။ အဖျားပြန်တက်နေလို့လား”
သူမက ပြောပြောဆိုဆိုဖြင့် ရွှယ်နင်၏နဖူးကို စမ်းရန် လက်လှမ်းလိုက်သည်။
ရွှယ်နင်က သူမ၏နီမြန်းနေသော ပါးပြင်ကို အမြန်ပွတ်သပ်ကာ-
“ဘာမှမဟုတ်ပါဘူး။ လေအေးတိုက်လို့... မျက်နှာနီသွားတာပါ”
သူမ၏ခန္ဓာကိုယ်က အားနည်းလွန်းသည့်အပြင်၊ ရေထဲကျပြီး ဒဏ်ရာတွေ တစ်ခုပြီးတစ်ခု ရထားတာကြောင့် ဖျားနာခြင်းက သူမအတွက် ရိုးအီနေသော ကိစ္စတစ်ခုပင်။
ပေါင်ချန်ကလည်း ယင်းကို နေသားကျနေပြီဖြစ်၍ ချီယွင်ဆောင်သို့ ပြန်ရောက်သည်နှင့် သူမ၏သခင်မလေးအတွက် ဆေးရည်တစ်ခွက်ကျိုရန် စိတ်ထဲက ကြိုတင်ပြင်ဆင်ထားလိုက်သည်။
“ဒါနဲ့ သခင်မလေး၊ သခင်မကျန်းက နယ်စားမင်းကို တကယ်ပဲ ကွာရှင်းလိမ့်မယ်လို့ ထင်လား”
သာ့ယုံနိုင်ငံတွင် အမျိုးသမီးများ ခင်ပွန်းကို ကွာရှင်းခွင့်နှင့် နောက်အိမ်ထောင်ပြုခွင့်ဥပဒေ ရှိသော်လည်း၊ တုန်းကျင်းမြို့တော်၏ အထက်တန်းလွှာမျိုးရိုးကြီးများထဲတွင် မျက်နှာနှင့် ဂုဏ်သိက္ခာကို တန်ဖိုးထားကြသဖြင့် ကွာရှင်းပြတ်စဲသည့် သာဓကဟူ၍ အလွန်ရှားပါးသည်။
နယ်စားမင်းအိမ်တော်၏ တရားဝင်ဇနီးကြီးအဖြစ် သခင်မကျန်းသည် နယ်စားမင်းအတွက် သားတစ်ယောက်နှင့် သမီးတစ်ယောက် မွေးဖွားပေးထားပြီးဖြစ်ကာ၊ အိမ်တော်တစ်ခုလုံးတွင်လည်း ကိုယ်လုပ်တော်တစ်ယောက်သာ ရှိသည်။
နယ်စားမင်းသည် ချိုးရွှေဥယျာဉ်တွင် ညအိပ်လေ့မရှိသော်လည်း၊ သူမ၏အခြေအနေက အလိုလိုက်ခြင်းလည်းမခံရ၊ လေးစားမှုလည်းမရရှိကြသည့် အခြားသော ဇနီးများနှင့် ယှဉ်လျှင် အဆပေါင်းများစွာ သာလွန်နေသေး၏။
ရွှယ်နင်၏လေသံက ပြတ်သားသည်။
“သေချာတာပေါ့၊ သူ(မ) ကွာရှင်းမှာ”
ပေါင်ချန်က မျက်တောင်ခတ်ရင်း-
“ဘာလို့လဲဟင်”
ရွှယ်နင်၏နှုတ်ခမ်းထောင့်တွင် အပြုံးဖျော့ဖျော့တစ်ခု ပေါ်လာသည်။
“စောင့်ရုံသာ စောင့်ကြည့်နေလိုက်”
သူမက သခင်မကျန်းကို ရွှမ်းယီနယ်စားမင်းအိမ်တော်ဆိုတဲ့ ရုန်းထွက်ရခက်သည့် ရွှံ့နွံတွင်းထဲကနေ ဆွဲထုတ်ဖို့အတွက် အစွမ်းကုန် ကြိုးစားသွားမှာ။
...
ရွှယ်နင်နှင့် သူမ၏အစေခံ ပေါင်ချန်တို့ ထွက်ခွာသွားပြီးနောက်၊ ရွှေနီရောင်ဆေးသုတ်ထားသော တိုင်လုံးကြီးတစ်ခု၏နောက်ကွယ်မှ ရှဲ့နင်းထန် ထွက်လာခဲ့သည်။
စင်္ကြံလမ်းတစ်လျှောက် လေပြေတစ်ချက်ဝေ့သီသွားပြီး ကောင်းကင်ယံမှ ဆီးနှင်းပွင့်များ ဝဲပျံကျလာသည်။
သူမ၏နုနယ်သော မေးစေ့လေးမှာ မီးခိုးရောင်ရှဉ့်မွေးကော်လာထဲတွင် နစ်ဝင်နေပြီး၊ တည်ငြိမ်နေသော်လည်း လှိုင်းတံပိုးများ ဖုံးကွယ်နေသည့် မျက်ဝန်းတစ်စုံကို မြင်တွေ့နေရသည်။
သူမကိုယ်တိုင်လည်း ဘာဖြစ်နေမှန်း မသိတော့ဘူး။
ရွှယ်နင်က စုကျန်းအတွက် ဓားဒဏ်ရာ အစားခံပေးခဲ့သည့်အချိန်မှစ၍၊ သူမက သိသိသာသာဖြစ်စေ၊ မသိမသာဖြစ်စေ ရွှယ်နင်ကို မကြာခဏ အာရုံစိုက်မိနေတတ်သည်။
ရွှယ်နင်က အရမ်းလှပလွန်းပြီး ဆွဲဆောင်မှုရှိလွန်း၍လည်း ဖြစ်နိုင်တယ်။
စုကျန်းက တစ်နေ့နေ့မှာ ရွှယ်နင်အပေါ် ခံစားချက်များ ရှိလာမှာကို သူမ အမြဲတမ်း စိုးရိမ်နေရတယ်။
ဒါမှမဟုတ် စုကျန်းကိုယ်တိုင်တောင် သတိမထားမိဘဲ ထိုခံစားချက်များ ရှိနှင့်နေပြီလား။
ဤသို့တွေးမိသည်နှင့် ရှဲ့နင်းထန်၏မျက်မှောင်များ အနည်းငယ်ကြုတ်သွားသည်။
စုရှီးက တိုးတိုးလေး ရယ်မောလိုက်၏။
“အရင်တုန်းကဆိုရင် သူ(မ)က မင်ယွဲ့ဆောင်ဆီကိုပဲ အားတက်သရော ပြေးနေကျ။ အခု ရှီဇီက အိမ်တော်မှာမရှိတော့၊ အိမ်တော်သခင်မကို ဖားဖို့ အသည်းအသန် ကြိုးစားနေတာ။ သူ(မ)မှာ ဘာအကြံအစည်မှ မရှိဘူးလို့ ဘယ်သူက ယုံရဲမှာလဲ။ သူ(မ) ကိုယ်လုပ်တော် မလုပ်ချင်ဘူးလို့ ငြင်းတာက ရှီဇီရဲ့ တရားဝင်ဇနီးကြီး ဖြစ်ချင်လို့ပဲ ဖြစ်ရမယ်”
စုရှီးသည် မကြာသေးမီ ရက်ပိုင်းအတွင်း ရှဲ့နင်းထန်နှင့်သာ အချိန်အများစုကို အတူကုန်ဆုံးနေခဲ့သည်။
ရှဲ့နင်းထန်သည် စုရှီးကဲ့သို့ အရှက်မရှိသောသူမျိုးနှင့် မပတ်သက်ချင်သော်လည်း၊ ကြီးမားတဲ့ နယ်စားမင်းအိမ်တော်ကြီးထဲတွင် စုချင်းက အသုံးမကျ၊ စုမန်က အကွာအဝေးတစ်ခု၌ နေတတ်ပြီး၊ စုယင်ကတော့ သုံးချက်ရိုက်လျှင်ပင် စကားတစ်ခွန်းမဟဘဲ လူရှိမှန်းပင်မသိရချေ။ သူမက ရွှယ်နင်ကို ရန်သူအဖြစ် သတ်မှတ်ရန် ဆုံးဖြတ်ထားပြီးဖြစ်သဖြင့်၊ လောလောဆယ်တွင် စုရှီးနှင့် ယာယီမဟာမိတ်ဖွဲ့ရန်သာ ရွေးချယ်စရာရှိတော့၏။
မြင်းဇောင်းထိန်းနှင့် ပတ်သက်သည့် အဖြစ်အပျက်ကြောင့် စုရှီးသည် ယခုအခါ ရွှယ်နင်အပေါ် နက်နက်ရှိုင်းရှိုင်း နာကျည်းမုန်းတီးနေခဲ့ပြီ ဖြစ်သည်။
ရှဲ့နင်းထန်က နှာခေါင်းရှုံ့လိုက်သည်။
“သူ(မ)က တရားဝင်ဇနီးကြီး ဖြစ်ချင်ရုံနဲ့ ဖြစ်သွားနိုင်မယ်လို့ ထင်နေတာလား။ လောကကြီးက အဲ့ဒီလောက် မလွယ်ကူဘူး”
စုရှီးက စဉ်းစားလိုက်သည်။
“သူ(မ) လော်မိသားစုက လော်ဝမ်ကျွင်းကို လက်ထပ်ချင်နေတယ်လို့ ကျွန်မ ကြားတယ်”
ရှဲ့နင်းထန်က-
“အော်... ဟုတ်လား”
စုရှီးက ဆက်၍ပြောနေသည်။
“ပြီးခဲ့တဲ့တစ်ခေါက် လော်ဝမ်ကျွင်းက သူ့အဖွားကိုခေါ်ပြီး နယ်စားမင်းအိမ်တော်ကို လာလည်တုန်းက၊ အဲ့ဒီနေ့မှာ သူနဲ့ ရွှယ်နင် တွေ့ခဲ့ကြသေးတယ်။ အဘွားပြောပြချက်အရဆိုရင်... လော်မိသားစုက အဆင့်အတန်းမမြင့်ဘဲ လော်ဝမ်ကျွင်းကလည်း ဆင်းရဲတဲ့နောက်ခံက လာတာဆိုပေမဲ့၊ သူက ထူးထူးခြားခြား ပါရမီပါတဲ့သူပဲတဲ့။ အစက သူက ကျွန်မဦးလေးရဲ့ တပည့်အဖြစ် ဝင်ခဲ့တာ၊ နှစ်သစ်ကူးပြီးရင် နွေဦးတော်ဝင်စာမေးပွဲကို ဝင်ဖြေလိမ့်မယ်။ အကယ်၍ သူ အောင်မြင်မှုတစ်ခုခု ရခဲ့ရင် လာပြီး အကြောင်းကမ်းလှမ်းနိုင်တယ်။ လော်ဝမ်ကျွင်းက သာ့ယုံရဲ့ စာပေပညာရှင်အဆင့်သတ်မှတ်ချက်မှာ ထိပ်ဆုံးသုံးယောက်ထဲ ပါဝင်နေတယ်လို့ ကြားဖူးတယ်၊ ဒါကြောင့် စာမေးပွဲအောင်ဖို့ကတော့ ပြဿနာမရှိပါဘူး။ မြို့တော်က တော်တော်များများ သခင်မလေးတွေကလည်း သူ့ကို သဘောကျနေကြပြီး၊ စာမေးပွဲရလဒ်ထွက်လာရင် ခင်ပွန်းအဖြစ် ဖမ်းဆွဲဖို့ စောင့်နေကြတာ”
ရှဲ့နင်းထန်သည် ခဏလောက် စဉ်းစားလိုက်၏။
“ရွှယ်နင် လက်မထပ်ရသေးသရွေ့တော့ ငါ စိတ်အေးရမှာမဟုတ်ဘူး။ ဒါပေမဲ့ လော်ဝမ်ကျွင်းလို လူမျိုးနဲ့ဆိုရင်လည်း... သူ(မ)က လက်ထပ်ဖို့ မတန်ဘူး”
စုရှီးကလည်း အမြင်ချင်း တူညီနေသဖြင့် နူးညံ့စွာ ပြုံးလိုက်သည်။
“မင်းသမီး၊ ဒီမှာ လေတိုက်တာ ကြမ်းနေတယ်။ အားချင်းရဲ့ ခြံဝင်းဆီ သွားပြီး ခဏလောက် ထိုင်မလား”
ယနေ့တွင် စုချင်းသည် ဘိုးဘွားခန်းမဆောင်မှ ပြန်လည်လွတ်မြောက်လာခဲ့ပြီး၊ သခင်မတုန်းက သူမအား စောစောစီးစီးပင် ဝမ်ရှန်းဆောင်သို့ ပြန်ခေါ်လာခဲ့သည်။
ရှဲ့နင်းထန်က စုရှီးကို တစ်ချက်ကြည့်လိုက်၏။
စုရှီး၏မျက်နှာတွင် နူးညံ့သောအပြုံးတစ်ခု ရှိနေပြီး၊ သူမ ဖန်တီးလှုံ့ဆော်နေခဲ့သော လှည့်ကွက်များနှင့် ပရိယာယ်များ၏ အရိပ်အယောင်မျှပင် မတွေ့ရချေ။
“ကောင်းပြီ၊ သွားကြည့်ကြတာပေါ့”
သူတို့ ဝမ်ရှန်းဆောင်သို့ ရောက်ရှိသွားသောအခါ၊ စုချင်းသည် ခေါင်းအုံးကို မှီထားတာကို တွေ့ရပြီး၊ နဂိုထက် သိသိသာသာ ပိန်ကျသွားကာ အားနည်းပိန်ချုံးနေသည့်အပြင်၊ သူမ၏မျက်နှာမှာလည်း ဖျားနာမှုကြောင့် ဖြူဖျော့နေဆဲပင်။
မင်းသမီးရှို့နင်းကို မြင်သည်နှင့် စုချင်း၏မျက်ဝန်းများ နီရဲလာကာ နာကျည်းစွာ ဆဲရေးတိုင်းထွာတော့သည်။
“ဒါတွေအားလုံးက ရွှယ်နင်ဆိုတဲ့ ကောင်မကြောင့်ပဲ။ သူ(မ)က ရှီဇီရဲ့ ကိုယ်လုပ်တော်ဖြစ်ခွင့်ရဦးမယ်လို့ ထင်နေတုန်းပဲလား။ အိပ်မက်ပဲမက်နေလိုက်!”
သူတို့အားလုံးမှာ တူညီတဲ့ရန်သူရှိနေကြပေမယ့် စုချင်း၏ ရိုင်းစိုင်းကြမ်းတမ်းသော အသုံးအနှုန်းများကြောင့် ရှဲ့နင်းထန် မျက်မှောင်ကြုတ်သွားမိသည်။
သူမ၏မျက်ဝန်းထဲတွင် စက်ဆုပ်ရွံရှာမှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသော်လည်း၊ မျက်နှာအမူအရာကို မပျက်စေဘဲ ထိန်းထားလိုက်၏။
“အခုအချိန်မှာ ရှီဇီက မြို့တော်မှာမရှိတော့၊ မင်း ငါ့အတွက် အကြံတစ်ခုခု ထုတ်ပေးနိုင်မလား”
စုချင်း ခဏလောက် ဆွံ့အသွားပြီးမှ ပြောလိုက်သည်။
“ကျွန်မရဲ့ ငွေတွေကို အမေက အကုန်သိမ်းထားပြီး၊ လစဉ်ပေးတဲ့ အသုံးစရိတ်ကိုလည်း နှစ်ဝက်ကျော်အောင် ပိတ်ထားတာ။ အကြံရှိရင်တောင် အကောင်အထည်ဖော်ဖို့ ကျွန်မမှာ လက်နက်မရှိဘူး ဖြစ်နေတယ်”
မင်းသမီးရှို့နင်းက သူမအား တစ်ချက်ကြည့်လိုက်သည်။
“ငါ့ဆီမှာ ငွေစက္ကူတွေရှိတယ်၊ မင်း ငွေအတွက် ပူစရာမလိုစေရဘူး”
စုချင်း၏မျက်ဝန်းများ ဝင်းပသွားပြီး စုရှီးနှင့် အကြည့်ချင်းဖလှယ်လိုက်ကြသည်။
“ဒါဆိုရင်တော့... မင်းသမီးရဲ့ စေတနာကို ကျွန်မ မငြင်းတော့ပါဘူး။ ပြီးခဲ့တဲ့တစ်ခေါက်က ရွှယ်နင်ကို ဆေးခတ်ဖို့ ကြံစည်တာ မအောင်မြင်ခဲ့ဘူး၊ ဒါပေမဲ့ ဒီတစ်ကြိမ်တော့ သူ(မ) ကျွန်မလက်ကလွတ်နိုင်မယ်လို့ မယုံဘူး”
ရှဲ့နင်းထန်က သူမ၏စကားကို ဖြတ်ပြောလိုက်သည်။
“အခြားနည်းလမ်း မရှိတော့ဘူးလား”
စုချင်းက မော့ကြည့်လာသည်။
“မင်းသမီးက ဘာကို ဆိုလိုတာလဲ”
ရှဲ့နင်းထန်က ပြန်ပြောလိုက်သည်။
“ရွှယ်နင်က မင်းတို့ကို အခု သတိထားနေပြီ။ ဆေးခတ်တဲ့ အကွက်ကိုလည်း သူ(မ) ရိပ်မိသွားပြီ ထင်တယ်”
စုရှီးက ဘေးမှဝင်ပြောသည်။
“ဒီတစ်ခေါက် သူ(မ) ဒဏ်ရာအပြင်းအထန်ရတုန်းက၊ သူ(မ) ရဲ့ ကျန်းမာရေး ပျက်စီးသွားအောင် ဆေးထဲမှာ တစ်ခုခု ရောထည့်ဖို့ ငါတို့ ကြိုးစားခဲ့သေးတယ်။ ဒါပေမဲ့ သူ(မ)က အရမ်းသတိကြီးလွန်းတယ်၊ စားသောက်စရာမှန်သမျှ ပေါင်ချန်တစ်ယောက်တည်းရဲ့ လက်ထဲကပဲ ဖြတ်တာ။ ငါတို့ လှုပ်ရှားဖို့ အခွင့်အရေး လုံးဝ ရှာမရခဲ့ဘူး။ ပြီးတော့ ဘာလို့မှန်းမသိပေမဲ့... သူ(မ)နောက်ကွယ်မှာ တစ်ယောက်ယောက်က ကာကွယ်ပေးနေသလိုပဲ ခံစားရတယ်။ ပြီးခဲ့တဲ့တစ်ခေါက်က ပေါင်ချန် မရှိတဲ့အချိန် လစ်ဟာမှုတစ်ခုကို ခက်ခက်ခဲခဲရှာတွေ့ပြီး၊ သူ(မ)ဆေးထဲကို အရိုးဆွေးဆေးမှုန့် ခတ်လိုက်နိုင်သေးတယ်။ ဒါပေမဲ့ သူ(မ) သောက်ပြီးတာတောင် ဘာမှမဖြစ်ခဲ့ဘူး။ နောက်မှ ငါတို့ ပြန်တွေးကြည့်တော့ အဲ့ဒီအဆိပ်ခတ်ထားတဲ့ဆေးက သူ(မ)နှုတ်ခမ်းဆီတောင် ရောက်သွားပုံမရဘူး”
စုချင်း စိတ်ရှုပ်ထွေးသွားသည်။
“ဒါကတော့—”
ရှဲ့နင်းထန်သည် စင်္ကြံလမ်းတွင် လီချန်ချဲ့ ရွှယ်နင်အပေါ် ကြည့်ခဲ့သည့် အကြည့်ကို ရုတ်တရက် ပြန်အမှတ်ရသွားသည်။
ရွှယ်နင်ကိုယ်တိုင်က ၎င်းကို သတိထားမိချင်မှ မိလိမ့်မည်ဖြစ်သော်လည်း၊ သူမကတော့ အထင်းသား မြင်လိုက်ရသည်။
နှိုင်းယှဉ်စရာမရှိအောင် ချောမောသော ထိုယောက်ျား၏ မျက်ဝန်းများသည် ငြိမ်သက်နေသော ရေကန်တစ်ခုကဲ့သို့ နက်ရှိုင်း၏။
ရွှယ်နင်နှင့် ရင်ဆိုင်ရချိန်တွင် သူ့မျက်နှာအမူအရာက အေးစက်စက်နှင့် အလှမ်းကွာဝေးသော်လည်း၊
သူ့နှလုံးသားက တကယ်ပဲ လှိုင်းတံပိုးကင်းမဲ့စွာ ငြိမ်သက်နေခဲ့တာလား။
ပြောရန် ခက်တယ်။