အခန်း ၇၈
Vol. 8 Ch. 78
အခန်း ၇၈ - စုကျန်း၏ လက်ဆောင်
ရှဲ့နင်းထန်က ထပ်မံမေးမြန်းလိုက်သည်။
"ဒီလီချန်ချဲ့အကြောင်းကို သိတဲ့သူ ရှိလား"
စုချင်းသည် အသိအမှတ်ပြုဂုဏ်ပြုပွဲကို မတက်ရောက်ခဲ့သဖြင့် သူက ဘယ်သူမှန်းမသိဘဲ စုရှီးကို ဇဝေဇဝါဖြင့် ကြည့်လိုက်မိသည်။
အတင်းအဖျင်းသတင်းများကို စပ်စုရတာကို နှစ်သက်သော စုရှီးပင်လျှင် လီချန်ချဲ့၏ နောက်ခံကို မသိပေ။ သူမက မရေမရာဖြင့် ပြောလိုက်၏။
"သူ့ရဲ့ ခန့်ညားတဲ့ ရုပ်ရည်ကို ကြည့်ရတာတော့ မျိုးရိုးမြင့်အသိုင်းအဝိုင်းက ဖြစ်ရမယ်။ ဒါပေမဲ့ သူက အမြဲတမ်း ရိုးရိုးရှင်းရှင်းပဲ ဝတ်ဆင်တတ်တော့ ချမ်းသာတဲ့ မိသားစုက လူနဲ့မတူဘူး။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ငါ တမင်သက်သက် ရှီချွဲ့ကို သူ့ရဲ့အစေခံဆီ ချဉ်းကပ်ခိုင်းပြီး သတင်းတချို့ စုံစမ်းခိုင်းထားတယ်"
ရှဲ့နင်းထန်၏ မျက်ဝန်းများ လက်ခနဲ ဖြစ်သွားသည်။
"ဘာတွေ စုံစမ်းရခဲ့လဲ"
သူတို့နှစ်ဦးလုံးက သူမကို စိုက်ကြည့်နေတာကို မြင်သောအခါ စုရှီးက သူမ၏ နှုတ်ခမ်းကို လှောင်ပြောင်သရော်သလို တွန့်ကွေးလိုက်သည်။
"အဲ့ဒီ ဖူရှန်းဆိုတဲ့ အစေခံပြောတာတော့... သူ့ကို လီချန်ချဲ့က ကယ်တင်ခဲ့တာမလို့ ကျေးဇူးဆပ်ဖို့ မြို့တော်ကို လိုက်လာခဲ့တာတဲ့။ ပြီးတော့ သူခစားနေတဲ့ သခင်လေးက ဆင်းရဲမွဲတေနေတဲ့ လူတစ်ယောက်ပဲတဲ့... မိဘနှစ်ပါးစလုံးလည်း ကွယ်လွန်သွားပြီ၊ မောင်နှမသားချင်းလည်း မရှိဘူး။ ဒါပေမဲ့ သူက လုစစ်လင်နဲ့တော့ ခင်မင်ရင်းနှီးမှု ရှိတယ်။ ဒီတစ်ခေါက် မြို့တော်ကို စာမေးပွဲဖြေဖို့ လာတာလည်း လုစစ်လင်ရဲ့ အကူအညီကို အားကိုးပြီး လာတာ။ မူလကတော့ လုမိသားစုအိမ်မှာ ခဏတတည်းခိုဖို့ ပြင်ထားတာ၊ ဒါပေမဲ့ ရွှယ်နင်ရဲ့ အသိအမှတ်ပြုပွဲတုန်းက လုစစ်လင်နဲ့ ပတ်သက်မှုကြောင့် ငါတို့ နယ်စားမင်းအိမ်တော်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် တည်းခိုဖြစ်သွားတာ"
စုချင်းက နှာခေါင်းရှုံ့လျက် ပြောလိုက်သည်။
"ဒါဆို သူက ငါတို့အိမ်တော်ကို အရှက်မရှိ ကပ်တွယ်နေတာပေါ့"
စုရှီးက လှောင်ရယ်သည်။
"အတိအကျပဲ။ အခု သူ့ရဲ့ နေ့စဉ်အသုံးစရိတ်တွေက ဒုတိယအစ်ကိုနဲ့ သိပ်မခြားနားဘူး။ ဦးလေးက ပညာတတ်တွေကို အရမ်းတန်ဖိုးထားတာလေ။ သူ့မှာ စာပေပညာ အရည်အချင်းရှိတာကို မြင်တော့ ဦးလေးကလည်း မျက်နှာသာပေးတဲ့အနေနဲ့ ဒီအတိုင်းပဲ လက်ခံထားလိုက်တာ။ နောက်နောင် သူ တော်ဝင်စာမေးပွဲ အောင်မြင်သွားရင် နယ်စားမင်းအိမ်တော်ကို တစ်နည်းနည်းနဲ့ ပြန်ကျေးဇူးဆပ်နိုင်မှာပေါ့"
ယခုမှပင် ရှဲ့နင်းထန် နားလည်သွားတော့သည်။
လီချန်ချဲ့သည် ရုပ်ရည်ချောမောသည်မှအပ အာဏာ သို့မဟုတ် ကျောထောက်နောက်ခံ လုံးဝမရှိတဲ့ သာမန်အရပ်သားတစ်ဦးမျှသာ ဖြစ်။
ဒါပေမဲ့ ရုပ်ရည်ချောမောရုံဖြင့် ဘာတတ်နိုင်မှာလဲ။ တုန်းကျင်းမြို့တော်မှာ အာဏာမရှိလျှင် သူတစ်ပါး၏ ခြေဖဝါးအောက်၌သာ နေရမည်။
သူမက ချိုသာစွာ ပြုံးလိုက်သည်။
"ဒါဆို... သူပဲပေါ့"
...
စုကျန်း တုန်းကျင်းမြို့က ထွက်သွားပြီးကတည်းက ရွှယ်နင်၏ ဘဝသည် ပို၍စိုးရိမ်ပူပန်မှုကင်းပြီး သက်တောင့်သက်သာ ရှိလာသည်။
သို့သော် သူမ၏ ကျန်းမာရေး တဖြည်းဖြည်း ကောင်းမွန်လာသည်နှင့်အမျှ ကျန်းဖူးရန်က သူမအား ရှဲ့လောင်ဖူးရန်ထံ မနက်၊ ည နေ့စဉ်သွားရောက်၍ ဂါရဝပြုပြီး ကျန်းမာရေးမေးမြန်းသင့်ကြောင်း သတိပေးလာသည်။
ရွှယ်နင်ကိုယ်တိုင်လည်း အဲ့လိုပြုလုပ်ရန် စီစဉ်ထားပြီးသားဖြစ်၏။ အချိန်ကို တွက်ချက်ကြည့်လျှင် ဆယ့်နှစ်လပိုင်း ကုန်ခါနီးနေပြီ ဖြစ်သည်။ သူမ၏ ဝမ်းကွဲအစ်ကိုလည်း တာဝန်များ အစီရင်ခံရန် မကြာမီ မြို့တော်သို့ ပြန်လာတော့မှာဖြစ်တဲ့အတွက် စုရှီး ထပ်မံပြဿနာရှာလာမှာကို စိုးရိမ်သဖြင့် သူမက နေ့တိုင်း သခင်မကြီးဆီ မှန်မှန်သွားရောက်၍ ဂါရဝပြုနှုတ်ဆက်ခဲ့သည်။
ဤအတောအတွင်း သူမသည် အခန်းထဲ၌သာ စာဖတ်ခြင်းနှင့် ပန်းထိုးခြင်းတို့ကို အာရုံစိုက်နေခဲ့ပြီး ရံဖန်ရံခါ လော်ဝမ်ကျွင်းဆီက လက်ဆောင်လေးများကို လက်ခံရရှိတတ်သည်။
ပုံပြင်စာအုပ် နှစ်အုပ်သုံးအုပ်၊ ကဗျာပေါင်းချုပ်အချို့နှင့် ဈေးထဲတွင် မိန်းကလေးငယ်များ ဆော့ကစားလေ့ရှိသည့် စက္ကူလေစကြာ၊ ဆေးခြယ်ထားသော ဗုံငယ်၊ သဲပန်းချီစသည့် အသေးအဖွဲ ကစားစရာလေးများ ဖြစ်သည်။
ဘယ်အရာကမှ အလွန်အမင်း တန်ဖိုးမကြီးသော်လည်း ထိုအမျိုးသား၏ ဂရုတစိုက် လေးနက်မှုကသာ အဓိက ဖြစ်၏။
တစ်ရက်ခြားတစ်ခါ အိမ်နောက်ဖေးတံခါးမှတစ်ဆင့် လက်ဆောင်အသေးစားလေးတစ်ခု ရောက်ရှိလာတတ်သည်။
သူမတို့ နောက်ဆုံးတွေ့ဆုံခဲ့ပြီးကတည်းက တစ်ယောက်နှင့်တစ်ယောက် မတွေ့ဖြစ်ခဲ့ကြပေ။
လော်ဝင်ကျွင်းသည် အလွန်အမင်း စည်းစနစ်ကြီးသူဖြစ်သဖြင့် သူမဆီက သီးသန့်စာပေးစာယူ မလုပ်ရဲချေ။
သူက သခင်မကြီးလော်၏ အသက် ၇၀ ပြည့် မွေးနေ့ပွဲတွင် ရွှယ်နင်အား လော်မိသားစုအိမ်တော်သို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားမည်ဟုသာ အကြောင်းကြားခဲ့သည်။
ကျန်းဖူးရန်က ဖိတ်စာကို သခင်မကြီးရှဲ့ဆီ ယူဆောင်လာခဲ့ပြီး သခင်မကြီးလည်း လော်မိသားစုအပေါ် အလွန်ကျေနပ်အားရနေသည်။
သခင်မကြီးလော်သည် နယ်စားမင်းအိမ်တော်သို့ သီးသန့်တစ်ခေါက် ထပ်မံလာရောက်ခဲ့ပြီး ယခုအကြိမ်တွင် ဝမ့်ရှိုခန်းမဆောင်သို့ တန်းတန်းမတ်မတ် သွားရောက်ခဲ့သည်။
ထို့နောက်တွင် သူမက အပြင်သို့ ပြုံးရွှင်စွာ ထွက်လာပြီး ရွှယ်နင်၏လက်ကို ဆွဲကိုင်ကာ ပြောလိုက်သည်။
"ငါ့ရဲ့ မွေးနေ့ပွဲက ဆယ့်နှစ်လပိုင်းအကုန်မှာဆိုတော့ အချိန်က နည်းနည်းတော့ ကပ်နေတယ်။ ဒါပေမဲ့ နင်နင်... သမီးကတော့ ဒီအဘွားကြီးဆီ အရောက်လာခဲ့ရမယ်နော်။ ကြီးကြီးကျယ်ကျယ် လက်ဆောင်တွေ ဘာမှပြင်ဆင်မနေနဲ့... သမီး ရောက်လာရင်ပဲ အဘွားက ဝမ်းသာလှပြီ"
နင်နင်က ဝမ်းသာအားရ သဘောတူညီခဲ့ပြီး သခင်မကြီးလော်အတွက် မွေးနေ့လက်ဆောင်ကို ချက်ချင်းပင် စတင်ပြင်ဆင်တော့သည်။
နှစ်သစ်ကူးရန် နီးကပ်လာသည်နှင့်အမျှ ပြတင်းပေါက်အပြင်ဘက်ရှိ ဆီးနှင်းများလည်း ပိုမိုသည်းထန်စွာ ကျဆင်းလာခဲ့သည်။
ပေါင်ချန်သည် ဆီမီးအိမ်ကို ကိုင်ဆောင်ကာ အခန်းထဲသို့ ဝင်လာပြီး သခင်မလေးက တောင်ဘက်ပြတင်းပေါက်နားတွင် ထိုင်လျက် "ပန်းတစ်ရာ သက်ရှည်မွန်" ပန်းထိုးကန့်လန့်ကာကို စိတ်ဝင်တစား ထိုးနေဆဲဖြစ်တာကို မြင်လိုက်ရသည်။
"သခင်မလေး... သခင်မလေးရဲ့ ကျန်းမာရေးက အပြည့်အဝ မကောင်းသေးဘူးလေ။ မျက်စိညောင်းမှာ စိုးရတယ်။"
သူမက ဇာပုဆိုးအုပ်ထားတဲ့ ဆီမီးအိမ်ကို နီမြန်းသော စန္ဒကူးနီသားဖြင့် ပြုလုပ်ထားသည့် အနက်ရောင် အရောင်တင်ဆီသုတ် ခုံနိမ့်ပေါ်သို့ တင်လိုက်ပြီး မီးစာကို ပိုမိုလင်းထိန်သွားစေရန် ညှိပေးလိုက်သည်။
"သခင်မလေးအတွက် ကျွန်မ ပန်းထိုးတာ နည်းနည်း ကူပေးရမလား"
ရွှယ်နင်သည် သူမ၏ အေးစက်တောင့်တင်းနေသော လက်ဖဝါးလေးနှစ်ဖက်ကို ပွတ်သပ်ရင်း မျက်ဝန်းများကိုတော့ ပန်းထိုးကောင်တာဆီမှ မလွှဲဘဲ ပြောလိုက်သည်။
"မလိုပါဘူး။ ကိုယ်တိုင်လုပ်မှပဲ စိတ်ရင်းမှန်ရာ ရောက်မှာ"
ပေါင်ချန်က ခဏလောက် တုံ့ဆိုင်းသွားပြီးနောက် ပြောလိုက်သည်။
"ဒီနေ့ တခြားသခင်မလေးတွေ အကုန်လုံး ဝမ်ရှိုခန်းမကို သွားကြတယ်။ ရှီဇီက အိမ်ကို စာရေးလိုက်တယ်လို့ ပြောကြတယ်။ သခင်မလေးက ဘာလို့ သွားမကြည့်တာလဲ"
ယခုအခါ "အိမ်ပြန်စာ" ဟူသော စကားလုံးကို တစ်ဖန်ပြန်ကြားရတဲ့အခါ ရွှယ်နင်၏ နှလုံးသားသည် အပ်ဖြင့် အထိုးခံရသကဲ့သို့ စူးအောင့်ကာ နာကျင်သွားရပြန်သည်။
မီးလောင်ကျွမ်းခံခဲ့ရတဲ့ အသားစများ၏ ခံစားချက်က သူမဆီ တစ်ဖန် ပြန်လည်ကူးစက်လာသည်။
သူမ၏ လက်မောင်းသည် ယားယံကာ တဒိတ်ဒိတ် တုန်ခါလာပြီး မီးတောက်ကြီးတစ်ခု၏ အပူရှိန်ဖြင့် အကင်ခံနေရသကဲ့သို့ ပြင်းထန်စွာ ပူလောင်လာခဲ့သည်။
သူမက ရေအေးတစ်ငုံကို သောက်လိုက်ပြီး ဖြူဖွေးသော လက်မောင်းကို ပွတ်သပ်ရင်း ထိုပူလောင်တဲ့ ခံစားချက်ကို အတင်းဖိနှိပ်လိုက်ရသည်။
အတန်ကြာမှ စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်ပြီး သူမကိုယ်သူမ လှောင်ပြောင်သရော်သလို ပြုံးကာ ပြောလိုက်သည်။
"အဲ့ဒါက ငါနဲ့ ဘာမှမဆိုင်ပါဘူး။ ငါက ဘာလို့ သွားပြီး သခင်မကြီးကို စိတ်အနှောင့်အယှက် ပေးရမှာလဲ"
ပေါင်ချန်က နှုတ်ခမ်းကို စေ့လိုက်မိပြီး ရှီဇီ၏စာထဲတွင် သခင်မလေးအကြောင်း ပါ၊ မပါကို သူမလည်း သေချာမသိပေ။ သို့သော် ရှီဇီသည် မင်းသားရီအိမ်တော်သို့ လက်ထပ်ခွင့်တောင်းရန် သွားရောက်ခဲ့ခြင်းဖြစ်တာကြောင့် ထိုစာဟာ မင်းသမီးရှို့နင်း အကြောင်းသာ ဖြစ်နိုင်ချေများသည်။ သခင်မလေး မသွားတာပဲ ကောင်းတယ်၊ စိတ်ဒဏ်ရာရစေမယ့်ကိစ္စကနေ ကင်းဝေးသွားရုံပဲ။
သူမက သက်ပြင်းတစ်ချက်ချကာ ရွှယ်နင်၏ ဘေးတွင် ထိုင်လိုက်ပြီး ခဏလောက် စောင့်ကြည့်နေပြီးနောက် စပ်စုလိုစိတ်ဖြင့် မေးလိုက်သည်။
"သခင်မလေးရဲ့ ပန်းထိုးလက်ရာက အများကြီး တိုးတက်လာတာပဲနော်"
ရွှယ်နင်က ပြုံးလိုက်သော်လည်း ဘာမှမပြောဘဲ အပ်တစ်ချက်တိုင်းကိုသာ အာရုံစိုက်နေသည်။
တံခါးအပြင်ဘက်တွင် ပေါင်ယွီသည် ခြံဝင်းမှ ပြန်လာပြီး အခန်းထဲ၌ မီးလင်းနေဆဲဖြစ်တာကို မြင်တဲ့အခါ သတိထားလျက် မေးလိုက်သည်။
"သခင်မလေး အိပ်ပြီလား"
ပေါင်ချန်က ရွှယ်နင်၏ ကိုယ်စား ပြန်ဖြေပေးလိုက်သည်။
"မအိပ်သေးဘူး။ ဘာကိစ္စရှိလို့လဲ"
ပေါင်ယွီက သွက်လက်စွာ ပြောလိုက်သည်။
"ဝမ်ရှိုခန်းမက လူတစ်ယောက် ရောက်လာလို့ပါ။ ရှီဇီက သခင်မလေးအတွက် ပေးလိုက်တဲ့ လက်ဆောင်တစ်ခု လာပို့တာတဲ့"
ပေါင်ချန်က ရွှယ်နင်ကို ကြည့်လိုက်သည်။
"သခင်မလေး—"
ထိုအခါမှသာ ရွှယ်နင်က အပေါ်သို့ မော့ကြည့်ရန် အချိန်ရတော့ပြီး အပြင်ဘက်ရှိ မှောင်မည်းနေသော ပြတင်းပေါက်ကို တစ်ချက်ဝေ့ကြည့်ကာ ပြောလိုက်သည်။
"အထဲကို ယူလာခဲ့လိုက်"
ထိုသို့ပြောအပြီးတွင် ဖြူဖွေးပြီး ပြည့်ဖြိုးသော လက်မောင်းတစ်ခုက လိုက်ကာကို ပင့်မလိုက်ပြီး လှပကျော့ရှင်းသော ကိုယ်ဟန်ဖြင့် အမျိုးသမီးတစ်ဦး ဝင်ရောက်လာခဲ့သည်။
"တစ်နေ့လုံး ကိုယ့်အခန်းထဲမှာပဲ အောင်းနေပြီး ဘာတွေလုပ်နေတာလဲ ညီမလေးရဲ့... အစ်မကြီးကို ဒီအထိ တကူးတက လာခိုင်းရတယ်လို့"
ဝင်လာသူမှာ ငွေရောင်သန်းသော အနီရောင် ဝတ်ရုံခြုံလွှာကို ဝတ်ဆင်ထားပြီး ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ထည်ရှိသည့် စုရှီးပင်။
သူမကို မတွေ့ရတာ ကြာပြီဖြစ်တာကြောင့် သူမ၏ ကိုယ်လုံးကိုယ်ထည်က ပိုမိုပြည့်ဖြိုးလာပြီး ပါးပြင်များလည်း နီမြန်းစိုပြည်နေကာ ရင်ဘတ်မှာပင် သိသိသာသာ ပိုမိုကြီးထွားလာခဲ့သည်။
အနက်ရောင် အရောင်တင်ဆီသုတ်ထားသော ကတ္တီပါဘူးကို ကိုင်ဆောင်လျက် သူမသည် ကာရံထားသော လိုက်ကာကို ပတ်၍ အတွင်းခန်းထဲသို့ လျှောက်လှမ်းဝင်လာခဲ့သည်။ သူမ၏ မျက်ဝန်းများက အခန်းတစ်ခုလုံးကို ဝေ့ဝဲကြည့်ရှုပြီးနောက် တောင်ဘက်ပြတင်းပေါက်နားရှိ ကျိန်းဝူ (နိမ့်သောခုံရှည်) ပေါ်တွင် ဝင်ထိုင်လိုက်ရင်း ပြောလိုက်သည်။
"ရော့... ဒါက ရှီဇီအစ်ကိုကြီးက ချန်ကျိုးကနေ ပို့လိုက်တာ။ မိသားစုထဲက မောင်နှမတွေ အားလုံးလည်း တစ်ယောက် တစ်ခုစီ ရကြတယ်။ ဖွင့်ကြည့်ပါဦး... ငါတို့ရတဲ့ဟာတွေနဲ့ တူလားလို့"
ရွှယ်နင်က သူမကို တည်ငြိမ်အေးစက်စွာ ကြည့်လိုက်ပြီး သေတ္တာဘူးကို လှမ်းယူလိုက်သည်။
"အစ်မကြီးက ဘာလို့ ကိုယ်တိုင် လာပို့ပေးရတာလဲ"
စုရှီးက ရင်းနှီးစွာ ပြုံးလိုက်သည်။
"ငါက ဒီနားကနေ ဖြတ်လျှောက်လာရင်းနဲ့ ညီမလေးရဲ့ ကျန်းမာရေး ဘယ်လိုအခြေအနေရှိလဲဆိုတာ ဝင်ကြည့်တာပါ"
ယဲ့ယွီဆောင်နှင့် ချီယွင်ဆောင်တို့သည် လမ်းကြောင်းတစ်ခုတည်းပေါ်တွင် မရှိကြချေ။ သူမမှာ မကောင်းတဲ့ ရည်ရွယ်ချက်ရှိတယ်ဆိုတာ ရွှယ်နင် သိနေတယ်။ သူမက ထိုသေတ္တာဘူးကို ဘေးနားတွင် ချထားလိုက်ပြီး ဖွင့်ကြည့်မည့် အရိပ်အယောင်မျှပင် မပြဘဲ ပြောလိုက်သည်။
"ညီမလေးက ပန်းထိုးတာနဲ့ အလုပ်ရှုပ်နေလို့ အစ်မကြီးနဲ့ အဖော်ပြုပြီး ထိုင်နေဖို့ အချိန်မရှိလောက်ဘူး ထင်တယ်"
ဒါက သူမကို ပြန်ရန် အတိအလင်း အရိပ်အမြွက် ပြောကြားလိုက်ခြင်း ဖြစ်သည်။
စုရှီး၏ အပြုံးက မျက်ဝန်းဆီသို့ မရောက်ဘဲ နှုတ်ခမ်းထောင့်ကို တွန့်ကွေးလိုက်သည်။
"ကိစ္စမရှိပါဘူး။ သေတ္တာထဲမှာ ဘာပါလဲဆိုတာ အရင်ကြည့်ပါဦး ညီမလေးရဲ့။ ဒါက ရှီဇီအအစ်ကိုကြီးက ချန်ကျိုးကနေ ပို့လိုက်တာလေ"
ရွှယ်နင်က ယဉ်ကျေးစွာ ပြုံးလိုက်သည်။
"ကြည့်ဖို့ အဖိုးတန်တာ ဘာမှရှိမှာ မဟုတ်ပါဘူး။ ညီမ စိတ်မဝင်စားတဲ့ အရာတွေပဲ ဖြစ်ဖို့များပါတယ်"
အရင်တုန်းက ရွှယ်နင်သည် စုကျန်း ပေးပို့သမျှ လက်ဆောင်မှန်သမျှကို အမြဲတမ်း အလွန်နှစ်သက်၏။
သို့သော် ဝမ်းနည်းစရာကောင်းတာက စုကျန်းသည် သူမကို စိတ်ထဲ၌ ထည့်ထားခြင်းရှားပါးသည်။
အသက်ပြည့်အခမ်းအနားမှလွဲ၍ ပုံမှန်လက်ဆောင်ပေးသည့် အခါမျိုးတွင်ပင် တခြား ညီမများလည်း တစ်ယောက် တစ်ခုစီ ရရှိကြစမြဲ ဖြစ်သည်။
မမျှော်လင့်ဘဲ ဒီနေ့မှာ သူမက တည်ငြိမ်ရင့်ကျက်နေပြီး သေတ္တာကို အချိန်အတော်ကြာသည်အထိ မဖွင့်ဘဲ နေသဖြင့် စုရှီးက နောက်ထပ် စကားကို ဘယ်လိုဆက်ပြောရမှန်းမသိဘဲ အခက်ကြုံသွားတော့သည်။