← Chapters

အခန်း ၇၉

Vol. 8 Ch. 79

အခန်း ၇၉

Vol. 8 Ch. 79

အခန်း ၇၉ - လက်ဆောင်

စုရှီးသည် နေရာမှာပဲ ခဏလောက် ငြိမ်သက်စွာ ထိုင်နေပြီးနောက် သူမ၏ မျက်ခုံးသွယ်သွယ်များကို ပင့်တင်လိုက်သည်။ ရွှယ်နင်က လှောင်ပြောင်ခံရမှာကို စိုးရိမ်တာကြောင့် သူမ၏ရှေ့တွင် လက်ဆောင်ကို မဖွင့်ရဲခြင်းဖြစ်တယ်လို့ တွေးမိကာ ပိုမိုစိတ်မသက်မသာဖြစ်အောင် ပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။

ခဏလောက် စဉ်းစားပြီးနောက် သူမက တခြားအကြောင်းအရာတစ်ခုကို စကားလမ်းကြောင်းလွှဲကာ ပြောလာသည်။

"ဒါနဲ့ စကားမစပ်... ငါတို့ညီမတွေကို ပေးတဲ့ လက်ဆောင်တွေက ချန်ကျိုးမြို့ရဲ့ အကျော်ကြားဆုံး ပန်းထိုးလက်ရာဖြစ်တဲ့ နှစ်ဖက်လှ ကြာပန်းပုံစံ လိုက်ကာလေးတွေလေ။ လက်ရာက တကယ့်ကို အနုစိတ်လွန်းလို့ ငါတောင် မချီးကျူးဘဲ မနေနိုင်ဘူး"

ရွှယ်နင်သည် သူမ၏ စကားနောက်ကွယ်မှ လှောင်ပြောင်ချင်တဲ့ အရိပ်အမြွက်ကို နားလည်သော်လည်း စိတ်လှုပ်ရှားခြင်းမရှိဘဲ ကုလားထိုင်ပုပေါ်တွင် မတ်မတ်ထိုင်လျက် ပန်းထိုးခြင်းကိုပင် မရပ်တန့်ချေ။

ရွှယ်နင်ဆီကနေ တုံ့ပြန်မှုတစ်စုံတစ်ရာမရှိတာကို မြင်တဲ့အခါ စုရှီးက အဓိပ္ပာယ်ပါပါဖြင့် ထပ်ပြောလိုက်သည်။

"မင်းသမီးရှို့နင်း ရတဲ့ လက်ဆောင်က ဟော်ထျန် ကျောက်စိမ်းဖြူနဲ့ လုပ်ထားတဲ့ ရူယိ (လိုအင်ပြည့်တံဆိပ်) အသေးစားလေး ဖြစ်နေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ အဲ့ဒါက ချန်ကျိုးပန်းထိုးပညာရှင် ပန်းထိုးထားတဲ့ ပန်းပွားနဲ့ အလှဆင်ထားပြီး ခါးမှာ ချိတ်ဆွဲထားလို့ရတာ။ အထူးခြားဆုံးကတော့ အဲ့ဒီ ကျောက်စိမ်းရူယိကနေ သဘာဝအတိုင်း နွေးထွေးတဲ့ ရနံ့မွှေးမွှေးလေး ထွက်နေတာပဲ။ ခန္ဓာကိုယ်ကို အားဖြည့်ပေးတယ်လို့တော့ ပြောကြတာပဲ... ဟုတ်၊ မဟုတ်တော့ ငါလည်း မသိဘူး"

ထိုသို့ပြောပြီးနောက် သူမသည် ရွှယ်နင်၏ မျက်နှာအမူအရာကို စောင့်ကြည့်လိုက်သည်။

ပေါင်ချန်လည်း သူမရဲ့သခင်မလေး ဒီစကားကို ကြားပြီး စိတ်မကောင်းဖြစ်သွားမှာကို စိုးရိမ်တာကြောင့် သခင်မလေးအား စိတ်ပူပန်စွာဖြင့် လှမ်းကြည့်လိုက်မိသည်။

ကံကောင်းထောက်မစွာပင် ရွှယ်နင်၏ မျက်နှာတွင် စိတ်ပျက်တဲ့အရိပ်အယောင် အနည်းငယ်မျှပင် ရှိမနေခဲ့ချေ။ ထို့အပြင် သူမ၏ နှုတ်ခမ်းများကို ညင်သာစွာ တွန့်ကွေးကာ အသာလေး ပြုံးလိုက်၏။

"အစ်ကိုကြီးက သူ့ရဲ့ ဇနီးလောင်းအပေါ် ဒီလောက်တောင် ကောင်းတာပဲ... သူ့ရဲ့ ညီမတစ်ယောက်အနေနဲ့ ညီမလည်း စိတ်အေးရပါတယ်"

သူမ ပြောဆိုနေစဉ်အတွင်း သူမ၏ အမူအရာ၌ ဝမ်းနည်းရိပ် အနည်းငယ်တောင်

မရှိချေ။

စုရှီးသည် အနည်းငယ် ကြောင်အမ်းသွားပြီးနောက် စိတ်တိုဒေါသထွက်မှုတစ်ခုက ထကြွလာသည်။

"ညီမကောင်းလေး အရမ်းလည်း စိတ်မကောင်းမဖြစ်ပါနဲ့ဦး။ ရှီဇီပေးတဲ့ လက်ဆောင်က နင့်အတွက် ပိုတောင် ကောင်းဦးမှာပါ"

ရွှယ်နင်သည် သေတ္တာကို ဖွင့်ရန် စိတ်ကူးမရှိသေးပေ။

"အစ်မကြီးက အဲ့လောက်တောင် ကြိုက်နေရင် ပြန်ယူသွားလို့ ရပါတယ်"

စုရှီး၏ နှုတ်ခမ်းများ တွန့်ကွေးသွားပြီး သူမက အရှုံးမပေးချင်သေးပေ။

"မလိုပါဘူး။ ဒါက ရှီဇီပေးတဲ့ လက်ဆောင်ပဲလေ။ ညီမလေး အနည်းဆုံးတော့ ဖွင့်ကြည့်သင့်တာပေါ့"

ရွှယ်နင်သည် သူမ၏ မျက်ဝန်းများကို အောက်သို့ချလိုက်ပြီးမှ ထူထဲမှောင်မည်းသော မျက်တောင်ရှည်များကို ပင့်တင်ကာ စုရှီးကို ပြန်ကြည့်လိုက်ရင်း ရုတ်တရက် ပြောလိုက်သည်။

"အစ်မကြီး"

စုရှီးက သူမ ဒီလိုမျိုး လှမ်းခေါ်လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပေ။

"ဘာလဲ"

မှိန်ဖျော့ဖျော့ ဖယောင်းတိုင်မီးအောက်တွင် စုရှီး၏ ဝိုင်းစက်ပြည့်ဖြိုးသော မျက်နှာသည် ဆူဖြိုးနေပြီး သူမ၏ မျက်ဝန်းများထဲတွင် စိတ်ရှုပ်ထွေးမှုများနှင့် မကျေနပ်မှုများ ပြည့်နှက်နေသည်။

ရွှယ်နင်က သူမ၏ သွယ်လျသော လက်ချောင်းလေးများဖြင့် မေးစေ့ကို ပုတ်ကာ စဉ်းစားနေဟန်ဖြင့်-

"အစ်မကြီး... အစ်မကြီး နည်းနည်း ဝလာသလိုပဲနော်"

စုရှီးသည် တစ်ဖန် ဆွံ့အသွားရပြန်ပြီး အဲ့ဒီနောက် စကား၏ ဆိုလိုရင်းကို နားလည်သွားတဲ့အခါ သူမ၏ မျက်နှာက ပျက်ယွင်းသွားတော့သည်။

"ငါက ဘယ်နားမှာ ဝလို့လဲ"

ရွှယ်နင်က သူမ၏ မျက်နှာကို လက်ညှိုးထိုးပြရင်း ထပ်ပြောလိုက်သည်။

"အစ်မကြီး... အစ်မကြီး နေမကောင်းဖြစ်နေတာလား"

စုရှီးသည် သူမ၏ ပေါ့ပေါ့ပါးပါး ပြောဆိုသော လေသံကြောင့် အကြီးအကျယ် ဒေါသထွက်သွား၏။

"နင်ကမှ နေမကောင်းဖြစ်နေတာ!"

ရွှယ်နင်က ခပ်ဖွဖွ ရယ်မောလိုက်သည်။

"အစ်မကြီးက နားလည်မှုလွဲနေပြီ။ ညီမက အစ်မကြီးကို စော်ကားတာမဟုတ်ပါဘူး... အစ်မကြီး တကယ်ပဲ နေမကောင်းဖြစ်နေမှာကို စိုးရိမ်လို့ပါ။ သမားတော်တစ်ယောက်ယောက်ကို ခေါ်ပြီး စမ်းသပ်ကြည့်ခိုင်းရမလား"

စုရှီးသည် ချက်ချင်း ထရပ်လိုက်ပြီး ရွဲ့တဲ့တဲ့လေသံဖြင့် လှောင်ပြောင်လိုက်သည်။

"နင်က ငါ့ကို ဒုက္ခရောက်စေချင်နေတာပဲ နေမှာ! ငါက ကျန်းကျန်းမာမာ ရှိတယ်၊ အစားလည်းဝင် အိပ်လည်းပျော်တယ်။ ငါ့မှာ ဘာရောဂါ ရှိရမှာလဲ"

ရွှယ်နင်က သူမ၏ ပုခုံးကို တွန့်ပြကာ အပြစ်ကင်းစင်ဟန် ဆောင်လိုက်သည်။

"ဒါဆိုလည်း ညီမ ဘာမှမပြောခဲ့ဘူးလို့ပဲ သဘောထားလိုက်ပါ။ ပေါင်ချန်... ဧည့်သည်ကို အပြင်အထိ လိုက်ပို့လိုက်ဦး"

ပေါင်ချန်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး စုရှီး၏ ဘေးသို့ တန်းတန်းမတ်မတ် လျှောက်သွားသည်။

"ကြွပါ အကြီဆုံးသခင်မလေး"

စုရှီးက ရွှယ်နင်ကို လှမ်းကြည့်လိုက်တဲ့အခါ ရွှယ်နင်သည် သူမ၏ ခေါင်းကို အောက်သို့ ပြန်ငုံ့ထားပြီး "ပန်းတစ်ရာ သက်ရှည်မွန်" ပန်းထိုးခြင်းအပေါ်တွင်သာ တစ်ဖန် အာရုံစိုက်နေတာကို တွေ့လိုက်ရသဖြင့် စုရှီးက ရင်ထဲ၊ အသည်းထဲ၊ အဆုတ်ထဲမှအစ ကလီစာအားလုံး ဒေါသများဖြင့် ပွက်လောရိုက်သွားရတော့သည်။

သူမက ဒီဒေါသတွေ ဘယ်နေရာက ရောက်ရှိလာလဲဆိုတာ မသိပေမယ့်လည်း ရွှယ်နင်၏ တည်ငြိမ်အေးစက်သော အမူအရာကို လုံးဝကြည့်မရနိုင်တော့ချေ။

"နင်က ငါ့ရဲ့ စေတနာကို ငြင်းပယ်ပြီး ဒီလိုဟန်ဆောင်နေတာ... ဘယ်သူ့ကို အထင်ကြီးအောင်လုပ်ချင်လို့လဲ"

ရွှယ်နင်က ပြန်ဖြေလိုက်သည်။

"စိတ်မပူပါနဲ့... အစ်မကြီး ကြည့်ဖို့အတွက်တော့ မဟုတ်ပါဘူး"

စုရှီးက ပြောလိုက်သည်။

"ကောင်းပြီ... ဒါဆိုလည်း ငါသွားမယ်"

ရွှယ်နင်က ခေါင်းပင်မော့မကြည့်ပေ။

"ကောင်းကောင်းသွားပါ အစ်မကြီး"

စုရှီး ထွက်ခွာသွားပြီးနောက်မှသာ ပေါင်ချန်သည် အလွန်အမင်း ကျေနပ်အားရတဲ့ မျက်နှာပေးဖြင့် အခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။

"သခင်မလေး... သခင်မလေး နောက်ဆုံးတော့ ကိုယ့်ကိုကိုယ်အတွက် ပြန်ပြောနိုင်ခဲ့ပြီ။ ခုနက အကြီးဆုံးသခင်မလေး အပြင်ကို ထွက်သွားတဲ့ အမူအရာကို သခင်မလေး မမြင်လိုက်ရဘူး... ဟားဟားဟားဟား! အဝင်ဝက ကျောက်လှေကားထစ်နား ရောက်တော့ လမ်းကို သေချာမမြင်ဘဲ ခြေချော်ပြီး လဲတောင်လဲကျသွားသေးတယ်"

ရွှယ်နင်က သူမ၏ မျက်ခုံးများကို ပင့်တင်လိုက်ပြီး မျက်ဝန်းနှင့် မျက်ခုံးများတွင် အပြုံးရိပ်များ ထင်ဟပ်သွားသည်။

"အစ်မကြီး ဘာမှမဖြစ်ပါဘူးနော်"

ပေါင်ချန်က တခစ်ခစ်ရယ်ကာ-

"အကြီးဆုံးသခင်မလေးက ကိုယ်လုံးတောင့်တင်းတာပဲ... ဘာမှမဖြစ်ပါဘူး။ သူ(မ)ကိုယ်သူ(မ) ဖုန်ခါပြီး ရှီချွဲ့နဲ့အတူ ထွက်သွားပါပြီ"

ရွှယ်နင်၏ နှုတ်ခမ်းထောင့်တွင် ဖျော့တော့သော အပြုံးတစ်ခု ကျန်ရစ်နေခဲ့သည်။ ယခုအချိန်တွင် ပန်းထိုးရန် အလုပ်မရှိတော့သဖြင့် သူမ၏ မျက်ဝန်းများသည် ကတ္တီပါသေတ္တာထဲရှိ ဓားမြှောင်ဆီသို့ ကျရောက်သွား၏။

ပေါင်ချန်က အနားသို့ တိုးကပ်လာပြီး မျက်လုံးများက သိချင်စိတ်များဖြင့် ပြည့်နှက်‌နေသည်။

"ဓားတစ်လက်လား... ရှီဇီက သခင်မလေးအတွက် ဓားတစ်လက် ပို့လိုက်တာလား"

ရွှယ်နင်သည် ထိုအနုစိတ်လှပသော ဓားမြှောင်ကို ကောက်ကိုင်လိုက်ပြီး သူမ၏ လက်ဖဝါးထဲတွင် ကစားနေသည်။

"တကယ့်ကို ကောင်းမွန်တဲ့ ဓားသွားတစ်လက်ပဲ"

အေးစက်ပြီး တောက်ပနေသော ဓားသွားထက်တွင် သူမ၏ ဆီးနှင်းကဲ့သို့ ဖြူစင်သော မျက်နှာပြင်က ထင်ဟပ်နေသည်။ ဓားဖျားသည် လေမှုတ်ရုံမျှဖြင့် ဆံခြည်မျှင်ကို ပြတ်တောက်သွားစေနိုင်လောက်အောင် ထက်မြက်သည်။

စုကျန်းသည် သူမအား လက်ဆောင်များ သီးသန့်ပေးခဲ့ဖူးခြင်းမရှိချေ။ လက်ကောက် ဖြစ်စေ၊ ဆံထိုး ဖြစ်စေ စုမန်လည်း အမြဲတမ်း တူညီတဲ့အရာမျိုးကို ရရှိစမြဲ ဖြစ်၏

သူမရဲ့ အသက်ပြည့်အခမ်းအနားတွင်သာ စုမန်ဆီမှာ မရှိတဲ့ ထူးခြား‌သည့် ကျောက်စိမ်းဖီးနစ်ရုပ် ရွှေဆံထိုးကို ပေးခဲ့သည်။

အရင်တုန်းကတော့ သူမက ထိုအရာကို အဖိုးတန်ရတနာကဲ့သို့ တန်ဖိုးထားခဲ့ပြီး အလွယ်တကူ ဝတ်ဆင်ရန်ပင် မဝံ့ရဲခဲ့ချေ။

သို့သော် လွန်ခဲ့သော လအနည်းငယ်က သူမသည် ထိုရွှေဆံထိုးကို မင်းသမီးရှို့နင်းဆီ ပေးအပ်ခဲ့ပြီးဖြစ်သည်။

ထိုအချိန်မှစ၍ သူမက သူ့လက်ဆောင်များကို မျှော်လင့်ခြင်း မရှိတော့ပေ။

မမျှော်လင့်ဘဲ ဒီနေ့ရရှိတဲ့ လက်ဆောင်က သူမရဲ့ စိတ်နှလုံးကို ထိမှန်သွားစေတယ်။

သူမက သူမကိုယ်သူမ ကာကွယ်ဖို့အတွက် ဓားမြှောင်တစ်လက် တကယ်ကို လိုအပ်နေခဲ့တာ။

"သခင်မလေး ရတဲ့လက်ဆောင်က တခြားသခင်မလေးတွေနဲ့ မတူဘူးလို့ ကျွန်မ တစ်ခါမှ မတွေးမိဖူးဘူး။ ဒါက ရှီဇီရဲ့ စိတ်ထဲမှာ သခင်မလေး ရှိနေလို့လားမသိဘူးနော်"

ပေါင်ချန်က စဉ်းစားရင်း ဤအဖြေတစ်ခုကိုသာ တွေးမိတော့သည်။

သို့သော် ရွှယ်နင်က ဓားမြှောင်ကို ပြန်လည်သိမ်းဆည်းရင်း ဂရုမစိုက်ဟန်ဖြင့် ပြုံးလိုက်၏။

"သူ့အတွက် ငါက တခြားသူတွေနဲ့ မတူဘူးဆိုရင်တောင်... အဲ့ဒါက ငါက သူ့ရဲ့ အသက်ကယ်ကျေးဇူးရှင် ဖြစ်ခဲ့လို့ပဲ... ဒါထက်မပိုဘူး"

ပေါင်ချန်က သူမသခင်မလေး၏ မျက်နှာအမူအရာကို သေချာ စောင့်ကြည့်လိုက်ပြီး မျက်နှာတွင် စကားပြောချင်သော်လည်း ပြန်လည်ထိန်းချုပ်ထားဟန် ပေါ်လွင်နေသည်။

သူမ ငေးငိုင်နေတာကို မြင်တဲ့အခါ ရွှယ်နင်က ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။

"ငါက တခြားသူတစ်ယောက်ကို လက်ထပ်မယ်လို့ ပြောပြီးကတည်းက... နင့်ရဲ့ သခင်မလေးက ဘယ်တော့မှ နောက်ကြောင်းပြန်လှည့်မှာ မဟုတ်တော့ဘူး"

ထိုအခါမှသာ ပေါင်ချန်သည် လက်တွေ့ကို ခံစားမိတော့၏။

သခင်မလေးရဲ့ နှလုံးသားက တကယ်ပဲ သေဆုံးသွားခဲ့ပြီ။

သူမသည် တောက်ပသော အပြုံးတစ်ခုကို အတင်းဖန်တီးလိုက်ရင်း ပြောလိုက်သည်။

"ဒါနဲ့ စကားမစပ်... ရှီဇီက ရုပ်ချောတာပဲ ရှိတာပါ။ သူ့ရဲ့ စိတ်နေသဘောထားက သိပ်မကောင်းဘူး... အေးစက်ပြီး စိတ်အခြေအနေကလည်း မှန်းဆရခက်တယ်။အရင်တုန်းကတောင် ဒီအစေခံက သခင်မလေးနဲ့ သူက မသင့်တော်ဘူးလို့ ခံစားခဲ့ရတာ။ အခု သခင်မလေး အမှန်တရားကို မြင်လာပြီဆိုတော့... သခင်လေး လော်ဖြစ်ဖြစ်၊ သခင်လေးလီ ဖြစ်ဖြစ် ဘယ်သူမဆို ရှီဇီထက် ပိုကောင်းတယ်လို့ ဒီအစေခံ ပိုခံစားရတယ်"

သို့သော် ရွှယ်နင်သည် စုကျန်းအကြောင်းကို ထပ်မံ၍ စိတ်ထဲမထားတော့ချေ။ သူမက ညင်သာစွာ ပြောလိုက်သည်။

"နောက်ရက်အနည်းငယ်ဆိုရင် လကုန်တော့မယ်။ ငါ့ရဲ့ ဝမ်းကွဲအစ်ကိုလည်း တာဝန်တွေ အစီရင်ခံဖို့ မကြာခင် တုန်းကျင်းကို ပြန်လာတော့မှာ။ ပေါင်ချန်... မနက်ဖြန်ကျရင် နင်ကိုယ်တိုင် ငါ့ရဲ့ ဦးလေးအိမ်ကို သွားပြီး အဒေါ့်ကို အကြောင်းကြားလိုက်ပါ... လုမိသားစုနဲ့ စုရှီးရဲ့ စေ့စပ်ကြောင်းလမ်းမှုကို စီစဉ်ထားတဲ့အတိုင်း ဆက်လုပ်ဖို့ပေါ့။ စုမိသားစုဘက်က ဘယ်လိုတောင်းဆိုမှုမျိုးပဲလုပ်လုပ် အဒေါ်က သဘောတူလိုက်ရုံပဲ။ ဒါပေမဲ့ ငါ့ဝမ်းကွဲအစ်ကို ပြန်ရောက်လာရင်တော့ စုမိသားစုဆီ မသွားခင် ဆယ့်နှစ်လပိုင်း ခုနစ်ရက်နေ့အထိ အရင်စောင့်ရမယ်လို့ ပြောလိုက်"

ပေါင်ချန်က သိချင်စိတ်ဖြင့် မေးလိုက်သည်။

"ဘာလို့လဲဟင်"

ရွှယ်နင်က ခပ်ဖွဖွ ရယ်မောလိုက်၏။

"ငါပြောတဲ့အတိုင်းပဲ သတင်းသွားပါးလိုက်ပါ"

ပေါင်ချန်က အလျင်အမြန်ပဲ ပြန်ဖြေလိုက်သည်။

"ဟုတ်ကဲ့ပါ"

..................

ဤအချိန်၌... ချန်ကျိုးမြို့တွင်။

ညဉ့်နက်သန်းခေါင်အချိန်ဖြစ်တာကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။

စုမိုင်သည် တောင်းရမ်းခြင်းလက်ဆောင်ပစ္စည်းများကို ယူဆောင်လျက် ယုံကျိုးမြို့ဘက်သို့ ရေကြောင်းလမ်းဖြင့် ပြောင်းလဲထွက်ခွာသွားခဲ့ပြီး စုကျန်းနှင့် မော့ပိုင်တို့က မြင်းကိုယ်စီစီးကာ ချန်ကျိုးမြို့ထဲသို့ ဝင်ရောက်လာခဲ့ကြသည်။

ရက်များကို တွက်ချက်ကြည့်လျှင် သူတို့ ချန်ကျိုးမြို့သို့ ရောက်ရှိနေတာ လေးငါးရက်မက ရှိနေပြီ။

ချန်ကျိုးမြို့တွင် လင်မယားချင်း သတ်ဖြတ်မှုကြီးတစ်ခု ဖြစ်ပွားခဲ့ပြီး တရားရုံးတော်တစ်ခုလုံး တုန်လှုပ်ချောက်ချားသွားခဲ့သည်။

ဒေသခံအရာရှိများက ဘာမှစုံစမ်းစစ်ဆေးခြင်းမပြုဘဲ လင်ဖြစ်သူကို သတ်ခဲ့တဲ့ အမျိုးသမီးကို ထောင်ထဲသို့ တိုက်ရိုက်ထည့်သွင်းကာ ဝန်ခံချက်ရရှိရန် နှိပ်စက်ညှဉ်းပန်းခဲ့ကြသည်။ ထိုအမျိုးသမီး အကျဉ်းသူကို လူမြင်ကွင်းတွင် ခေါင်းဖြတ်ကွပ်မျက်ရန် အမိန့်ချမှတ်ခဲ့၏။ အမှုတွဲကို သုံးရက်မပြည့်မီ တရားရေးဝန်ကြီးဌာနသို့ ပေးပို့ခဲ့ပြီး ဆောင်းဦးရာသီအပြီးတွင် ကွပ်မျက်ရန် အတည်ပြုချက်ကို စောင့်ဆိုင်းနေကြသည်။

ဤလောကတွင် လင်ဖြစ်သူက ဇနီးကို သတ်သည့်အမှုများ အမြောက်အမြားရှိသော်လည်း အားနွဲ့သောအမျိုးသမီးတစ်ဦးက လင်ဖြစ်သူကို သတ်ရဲသည့်အမှုမျိုးကတော့ အလွန်ပင် ရှားပါးသည်။

စုကျန်းသည် တစ်ညလုံး ထိုအမှုတွဲများကို ပြန်လည်သုံးသပ်ခဲ့ပြီး အသေးစိတ်အချက်အလက်များတွင် ကွဲလွဲချက်များစွာကို ရှာဖွေတွေ့ရှိခဲ့တာကြောင့် သူကိုယ်တိုင် ချန်ကျိုးမြို့သို့ လာခဲ့တာဖြစ်သည်။

ချန်ကျိုးမြို့သို့ ရောက်ရှိလာပြီးနောက်မှသာ ဤအမှု၏နောက်ကွယ်တွင် သက်သေမြင်ကွင်းထက် ပိုမိုနက်နဲသောအရာများ ရှိနေကြောင်း သူ သဘောပေါက်သွားတော့သည်။

"ရှီဇီ.. ကျွန်တော် ယွီရှီနဲ့ သူ(မ)ရဲ့သမီးကို သေချာစောင့်ရှောက်ဖို့ လူလွှတ်ပြီး မှာကြားထားပါတယ်။ ရှီဇီဘက်က အမှုရဲ့ အသေးစိတ်အချက်အလက်တွေကို ရှင်းလင်းပြီးတာနဲ့ သူတို့တွေ ထောင်ကနေ ချက်ချင်း လွတ်မြောက်လာမှာပါ"

အစိုးရရုံးတော်၏ စာကြည့်ခန်းထဲသို့ ဝင်ရောက်ပြီးနောက်မှသာ မော့ပိုင်က စကားစတင်ပြောဆိုလိုက်သည်။

All Chapters