အခန်း ၈၁
Vol. 9 Ch. 81
အခန်း ၈၁ - တောင်းရမ်းခြင်း
မော့ပိုင်သည် ခဏလောက် ကြောင်အမ်းသွားပြီး သူ့သခင်ပြောတဲ့ "သံသယဖြစ်စရာ လှုပ်ရှားမှုတစ်ခုခု" ဆိုသည့် စကား၏ အဓိပ္ပာယ်ကို နားမလည်နိုင်ဖြစ်သွားသည်။
စုကျန်းက မျက်ခုံးတစ်ချက် ပင့်လိုက်၏။
"ဘာဖြစ်လို့လဲ"
ခဏလောက် စဉ်းစားပြီးနောက် မော့ပိုင်က... ရှီဇီဟာ သခင်မလေးရွှယ် ထပ်ပြီးတော့ လုပ်ကြံသတ်ဖြတ်သူများ၏ ပစ်မှတ်ထားတာ ခံရမှာကို စိုးရိမ်နေတာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းမိကာ ပြန်ဖြေလိုက်သည်။
"နားလည်ပါပြီ သခင်လေး"
ထို့နောက်တွင် သူက စာရွက်စာတမ်းများကို ယူဆောင်ကာ ထွက်ခွာသွားတော့သည်။
စုကျန်းသည် သူ့နားထင်များကို ပွတ်သပ်လိုက်သည်။ သမားတော်ပေးတဲ့ ဆေးလုံးကို သောက်သုံးပြီးနောက် သူ့ရင်ဘတ်ထဲရှိ ကျန်ရစ်နေသော ပူလောင်မှုများက အတော်အတန် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ခုတင်ပေါ်သို့ ပြန်လှဲလိုက်တဲ့အခါ ထိုမိန်းကလေး၏ ကြည်လင်ပြတ်သားပြီး စိုပြည်သော မျက်ဝန်းများက သူ့စိတ်ထဲ ပေါ်လာပြန်သည်။
ဒါပေမဲ့ သူမက ပိုမိုဖြူစင်လေလေ... သူ တွေးတောမိတဲ့ စိတ်ကူးများက ပိုမို၍ ရိုင်းစိုင်းညစ်ညမ်းလာလေလေ ဖြစ်သည်။
ခုနက ငြိမ်သက်သွားခဲ့တဲ့ စိတ်ရိုင်းများက ယခု ထပ်မံ၍ ထကြွလာခဲ့ပြီး အောက်ပိုင်းမှ နာကျင်မှုကို ခံစားလိုက်ရသည်။
သူက တစ်ခါမှ အဲ့လိုမျိုး ကာမဆန္ဒ ဖြေဖျောက်ခြင်းမျိုးကို မကြုံတွေ့ဖူးသဖြင့် ဤမသက်မသာဖြစ်မှုက သူ့အတွက် မခံမရပ်နိုင်လောက်အောင် ဖြစ်နေခဲ့သည်။
အတန်ကြာ လှဲနေပြီးနောက် သူသည် နောက်ဆုံး၌ ခုတင်ပေါ်မှ ထရပ်လိုက်ပြီး ရေချိုးခန်းသို့ သွားကာ ရေအေးဖြင့် ထပ်ပြီးရေချိုးလိုက်ရ၏။
...
ဆယ့်နှစ်လပိုင်းအကုန်တွင် ယန်ရှီသည် သူတို့သားသမီးများ၏ ထိမ်းမြားလက်ထပ်မှုကိစ္စရပ်များကို ဆွေးနွေးတိုင်ပင်ရန်အတွက် သခင်မကျန်းထံသို့ လာရောက်လည်ပတ်ခဲ့သည်။
လျိုရှီသည်လည်း ထိုနေရာတွင် ရှိနေခဲ့၏။ သူမက လုမိသားစု၏ အဆင့်အတန်းအပေါ် အနည်းငယ် စိုးရိမ်ပူပန်မှုများ ရှိနေခဲ့သော်လည်း လုစစ်လင်အပေါ်မှာတော့ အလွန်အမင်း ကျေနပ်အားရနေမိသည်။
လုစစ်လင်သည် ရက်အနည်းငယ်အတွင်း မြို့တော်သို့ ပြန်လည်ရောက်ရှိလာတော့မယ်ဆိုတဲ့ သတင်းကို ကြားရတဲ့အခါ သူမက မျှော်လင့်တကြီးဖြစ်နေတဲ့စိတ်ကို မထိန်းချုပ်နိုင်တော့ပေ။
စုရှီးသည် လျိုရှီ၏ ဘေးတွင် ထိုင်နေပြီး သခင်မကျန်း၏ ဘေးတွင် ထိုင်နေသော ရွှယ်နင်ကို လှမ်းကြည့်ကာ သူမ၏ စိတ်ထဲတွင် အောင်နိုင်သူတစ်ယောက်ကဲ့သို့ အလွန်အမင်း တက်ကြွလှုပ်ရှားနေခဲ့သည်။
ရွှယ်နင်က လူကြီးများ စကားပြောဆိုနေကြတာကို တိတ်တဆိတ် နားထောင်နေခဲ့ပြီး ရံဖန်ရံခါတွင် သူတို့၏ လက်ဖက်ရည်ခွက်များထဲသို့ ရေနွေးများ ဖြည့်ပေးသည်။
ယန်ရှီသည် လျိုရှီ၏ တောင်းဆိုချက်မှန်သမျှကို သဘောတူညီခဲ့ပြီး ပြုံးရွှင်စွာဖြင့် ပြောလိုက်၏။
"ကျွန်မတို့ရဲ့ သားက နယ်စပ်မှာ နှစ်ပေါင်းများစွာ အချိန်ကုန်လွန်ခဲ့ရတဲ့ စစ်သားတစ်ယောက်ဆိုတော့... သူ့မှာ နူးညံ့ပျော့ပျောင်းမှုတွေ ကင်းမဲ့ပြီး သခင်မလေးစုကို စိတ်ပျက်အောင် ပြုလုပ်မိမှာကို စိုးရိမ်မိပါတယ်။ ဒါကြောင့် ကျွန်မတို့ လုမိသားစုအနေနဲ့ သခင်မတို့ တောင်းဆိုတဲ့ အရာမှန်သမျှကို အကောင်းဆုံး ဖြည့်ဆည်းပေးပါ့မယ်။ နှစ်ယောက်စလုံး စိတ်အေးအေးထားပါနော်"
စုရှီး ကြုံတွေ့ခဲ့ရသော အတင်းအဖျင်း ကောလာဟလများကို ထည့်သွင်းတွက်ချက်ကြည့်လျှင် သူမအား ဤကဲ့သို့ လက်ထပ်ပေးနိုင်ခြင်းကပင် ကောင်းချီးတစ်ရပ် ဖြစ်နေခဲ့ပြီ။
လျိုရှီက သခင်မကျန်းကို ကျေနပ်အားရသော မျက်နှာပေးဖြင့် လှမ်းကြည့်လိုက်သည်။
ထိုအခါမှသာ သခင်မကျန်းက ပြုံးပြီး ပြောလိုက်၏။
"ဒါဆိုရင်တော့ ဒီကိစ္စကို လောလောဆယ် ဒီအတိုင်းပဲ သတ်မှတ်လိုက်ကြရအောင်။ လုမိသားစုဘက်က ဘယ်လောက်ပဲ တောင်းရမ်းတဲ့ လက်ဆောင်တွေ ပေးပေး... စုမိသားစုဘက်ကလည်း ထိုက်တန်တဲ့ တုံ့ပြန်လက်ဆောင်တွေကို တန်းတူပြန်ပေးမှာပါ။သခင်မလု... အိမ်ပြန်ပြီး ပြင်ဆင်စရာရှိတာတွေကို စတင်ပြင်ဆင်နိုင်ပါပြီ"
ယန်ရှီက ပြောလိုက်သည်။
"သခင်မလေးစုကလည်း အသက် မငယ်တော့ဘူးဆိုတော့... အခု လောလောဆယ် အရေးကြီးဆုံးက တရားဝင် လာရောက်တောင်းရမ်းဖို့အတွက် အောင်သွယ်တော်တစ်ယောက်ကို ရှာဖွေဖို့ပါပဲ။ ဆယ့်နှစ်လပိုင်း ခုနစ်ရက်နေ့က မင်္ဂလာရှိတဲ့ ရက်တစ်ရက် ဖြစ်သလို... အဲ့ဒီအချိန်ကျရင် အားစစ် (လုစစ်လင်) လည်း ပြန်ရောက်နေပြီ။ အဲ့ဒီနေ့ကျမှ ကျွန်မတို့ တရားဝင် လာရောက်တောင်းရမ်းကြရင် ဘယ်လိုလဲ"
စုရှီးသည် ရှက်သွေးဖြာလျက် သူမ၏ ခေါင်းကို အောက်သို့ ငုံ့လိုက်မိသည်။ အနာဂတ် သတို့သမီးလောင်းတစ်ယောက်အနေဖြင့် သူမအတွက် ဒီလိုအခမ်းအနားမျိုးတွင် စကားပြောရန် နေရာမရှိပေ။
လျိုရှီက ဝမ်းသာအားရဖြင့် ပြောလိုက်သည်။
"တကယ့်ကို ကောင်းတာပေါ့"
အားလုံး ဆွေးနွေးတိုင်ပင်ပြီးသွားသောအခါ ယန်ရှီသည် နယ်စားမင်းအိမ်တော်မှ ထွက်ခွာသွား၏။
ချိုးရွှေဥယျာဉ်မှ မထွက်ခွာမီ စုရှီးက ရွှယ်နင်ကို အထက်စီးမှ ကြည့်ကာ ပြောလိုက်သည်။
"ညီမလေး... မကြာခင်မှာပဲ ငါက ညီမလေးရဲ့ ယောင်းမဖြစ်လာတော့မှာ။ ငါ့အတွက် ဝမ်းမသာပေးဘူးလား"
ရွှယ်နင်က တိတ်တဆိတ်သာ နေလိုက်ပြီး စုရှီးတစ်ယောက် ဒီလောက်အထိ မရှက်မကြောက် ပြောရဲတဲ့ သတ္တိကို ဘယ်နေရာကနေ ရရှိလာလဲဆိုတာကို တွေးနေမိသည်။
စုရှီး၏ အပြုံးက ပိုမိုကျယ်ပြန့်လာသည်။
"နောင်ကျရင်တော့ ညီမလေးရဲ့ ဝမ်းကွဲအစ်ကိုနဲ့ ငါ ဘယ်လောက်တောင် သဟဇာတဖြစ်ဖြစ် အတူတူနေသွားမလဲဆိုတာ ညီမလေးကိုယ်တိုင် မြင်ရတော့မှာပါ"
ရွှယ်နင်က တိုးညှင်းစွာ ရေရွတ်လိုက်သည်။
"ဒါဆိုလည်း... အဲ့လိုပဲ ဖြစ်ပါစေ"
စုရှီးသည် သူမ၏ စကားကို သေချာမကြားလိုက်ဘဲ သူမကို သတ္တိကြောင်ပြီး အားနွဲ့သူတစ်ဦးအဖြစ်သာ သတ်မှတ်လိုက်ကာ အထူးသဖြင့် လှောင်ပြောင်သော အပြုံးတစ်ခုဖြင့် ချိုးရွှေဥယျာဉ်မှ လှည့်ထွက်သွားတော့သည်။
ရွှယ်နင်သည် စုရှီး၏ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း သူမ၏ နှုတ်ခမ်းထောင့်တွင် ဖျော့တော့သော အပြုံးရိပ်တစ်ခု ထင်ဟပ်သွားသည်။
နှစ်ရက်ကြာပြီးနောက် လုစစ်လင် တုန်းကျင်းသို့ ပြန်ရောက်လာသည်။
နေ့လယ်စာစားပြီးနောက်တွင် ရွှယ်နင်သည် ချီယွင်ဆောင်၏ တံခါးအပြင်ဘက်၌ ဖူရှန်း ချောင်းကြည့်နေတာကို သတိပြုမိသွားသည်။
"သခင်မလေးရွှယ်—"
လီချန်ချဲ့ဘက်က သူမရဲ့အကူအညီတစ်ခုခု လိုအပ်နေမှာကို စိုးရိမ်သဖြင့် ရွှယ်နင်က အပေါက်ဝသို့ အလျင်အမြန် လျှောက်သွားသည်။
"ဖူရှန်း.. ဘာကိစ္စရှိလို့လဲ"
ဖူရှန်းသည် နုနယ်သော ရုပ်ရည်နှင့် သွယ်လျသော ကိုယ်လုံးကိုယ်ထည် ရှိသည်။ သူ၏ ကြေးနီရောင်အသားအရေကြောင့် သူ့မျက်ဝန်းများက ပိုမိုတောက်ပကြည်လင်နေသကဲ့သို့ ထင်ရသည်။ သူက ပြုံးစိစိဖြင့် သူမကို မုန့်ဘူးတစ်ဘူး ကမ်းပေးလိုက်သည်။
"ဒါက သခင်လေးလုက ကျွန်တော့်သခင်ကတစ်ဆင့် ပို့ခိုင်းလိုက်တာပါ။ အထဲမှာ အလွှာကိတ်မုန့်တွေနဲ့ ဖန့်လော်အိမ်ရဲ့ လက်ဖက်ရည်နံ့သင်းတဲ့ ကောက်ညှင်းလုံးအချိုရည်တွေ ပါပါတယ်။ သခင်မလေးကို မြည်းစမ်းကြည့်စေချင်လို့တဲ့"
ထိုစကားကို ကြားရတဲ့အခါ ရွှယ်နင်၏ မျက်ဝန်းများသည် လခြမ်းကွေးလေးပုံစံ ပြုံးယောင်သန်းသွားခဲ့၏။
"ငါ ဘာကြိုက်တတ်လဲဆိုတာကို အခုထိ မှတ်မိနေပေးတာ တကယ့်ကို ဂရုစိုက်တတ်တာပဲ"
ဖူရှန်းက သူ့နှာခေါင်းကို ပွတ်သပ်လိုက်ရင်း သူ၏ အင်္ကျီလက်စွပ်ထဲမှ ကျောက်စိမ်းဖြူပုလင်းလေးတစ်လုံးကို ထုတ်ယူလိုက်ပြန်သည်။
"ပြီးတော့... ဒါကတော့ ကျွန်တော့်သခင်လေးက ပေးလိုက်တဲ့ 'ကျောက်စိမ်းဝိညာဉ်နာကျင်ပျောက်ဆေး' ပါ"
ရွှယ်နင်က အံ့အားသင့်သွားပြီး သူ့ကို မော့ကြည့်လိုက်မိသည်။
သူမ၏ စိုက်ကြည့်မှုအောက်တွင် ဖူရှန်းက ထပ်မံ၍ ပြုံးလိုက်ရင်း...
"သခင်မလေး ဒဏ်ရာရခဲ့တာ မဟုတ်လား။ ကျွန်တော့်သခင်လေးက အရင်တုန်းက သခင်လေးလုရဲ့ စစ်စခန်းမှာ နေခဲ့ဖူးတော့ ဓားဒဏ်ရာဆိုတာ သာမန်ကိစ္စမဟုတ်မှန်း သိတယ်။ သေချာဂရုမစိုက်ရင် အမာရွတ်တွေ ကျန်ခဲ့လိမ့်မယ်။ ဒီကျောက်စိမ်းဝိညာဉ်ဆေးက အမာရွတ်ပျောက်ဆေးမလို့... သခင်မလေးကို လိမ်းကြည့်ဖို့ ပို့ပေးလိုက်တာပါ"
ရွှယ်နင်၏ ပါးပြင်လေးနှစ်ဖက်က အနည်းငယ် ရှက်သွေးဖြာကာ နီမြန်းသွားသည်။ သူမ ဒဏ်ရာရရှိခဲ့တဲ့ နေရာက အနည်းငယ် အနေရခက်တဲ့နေရာ ဖြစ်သဖြင့် လီချန်ချဲ့ အခုထိ မှတ်မိနေလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။
သူမ၏ ရင်ထဲတွင် နွေးထွေးမှုတစ်ခု ပျံ့နှံ့သွား၏။
"ရှင့်ရဲ့ သခင်လေးကို ကျွန်မက ကျေးဇူးတင်ပါတယ်လို့ ပြန်ပြောပေးပါဦး"
ဖူရှန်းက နေရခက်စွာဖြင့် တခစ်ခစ်ရယ်လိုက်သည်။
"ကိစ္စမရှိပါဘူး.... အသေးအဖွဲ လက်ဆောင်လေးတစ်ခုပါပဲ"
သူက အသေးအဖွဲ လက်ဆောင်ဟု ပြောလိုက်သော်လည်း ၎င်းမှာ တကယ့်လက်တွေ့တွင် ထိုသို့မဟုတ်ပေ။
အကြောင်းမှာ ထိုကျောက်စိမ်းဝိညာဉ်ဆေးသည် အလွန်အဖိုးတန်ပြီး သူ့သခင်လေးက အခက်အခဲများစွာကို ကျော်ဖြတ်၍ ကြိုးစား ရှာဖွေခဲ့ရတာဖြစ်သည်။
တစ်လောကလုံးမှာ အဲ့လိုဆက်ဆံမှုကို ခံယူနိုင်တာ သခင်မလေးရွှယ် တစ်ယောက်တည်း ရှိလိမ့်မယ်။
ဖူရှန်းက အဖိုးတန် လက်ဆောင်ကို ယူဆောင်လာခဲ့သဖြင့် ရွှယ်နင်ကလည်း သူ့ကို လက်ဗလာဖြင့် ပြန်မလွှတ်နိုင်ချေ။ သူမက ပေါင်ချန်ကို သူမကိုယ်တိုင် ပြုလုပ်ထားသော ဖူလင်မုန့် (တရုတ်တိုင်းရင်းဆေးမှုန့်ဖြင့်လုပ်သော ကိတ်မုန့်) ဘူးတစ်ဘူးကို ယူလာခိုင်းလိုက်၏။
"ဒါကို ရှင့်သခင်လေး မြည်းကြည့်ဖို့ ယူသွားလိုက်ပါ"
ဖူရှန်းက ကျေးဇူးတင်စွာဖြင့် ပြန်ဖြေလိုက်သည်။
"ကျေးဇူးတင်ပါတယ် သခင်မလေးရွှယ်။ ဒါနဲ့... သခင်မလေးရွှယ်... ကျွန်တော် ရဲတင်းစွာနဲ့ နောက်ထပ် မေးခွန်းတစ်ခုလောက် မေးပါရစေဦး"
ရွှယ်နင်က မျက်တောင်ခတ်လိုက်သည်
"ဘာကိစ္စရှိလို့လဲ"
ဖူရှန်းသည် မူလက ဘောင်ကျော်ပြီး မေးမြန်းရန် ရည်ရွယ်ချက်မရှိသော်လည်း မကြာသေးမီက သူ့သခင်လေး မှိုင်တွေဆွေးမြည့်နေတာကို ပြန်တွေးမိကာ ရွှယ်နင်အား တိုက်ရိုက်မေးမြန်းချင်စိတ် ဖြစ်ပေါ်လာခဲ့သည်။
"သခင်မလေးရွှယ်.. သခင်မလေးအနေနဲ့ ကျွန်တော့်သခင်လေးကို လက်ထပ်ဖို့ တစ်ခါမှ တကယ်ပဲ မစဉ်းစားခဲ့ဖူးဘူးလား"
ရွှယ်နင်သည် ဆွံ့အမှင်သက်သွားပြီး အတန်ကြာမှ ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်သည်။
"မစဉ်းစားဖူးပါဘူး..."
သူမလို မိန်းကလေးတစ်ယောက်က... လီချန်ချဲ့နဲ့ ဘယ်လိုလုပ် ထိုက်တန်နိုင်မှာလဲ။
ဖူရှန်းက သက်ပြင်းတစ်ချက်ချကာ လက်သီးဆုပ်၍ ရိုသေစွာ ဂါရဝပြုလိုက်သည်။
"ကျွန်တော့်ရဲ့ ရဲတင်းမှုကို ခွင့်လွှတ်ပေးပါ သခင်မလေးရွှယ်။ စိတ်ထဲလည်း အပြစ်မယူပါနဲ့"
ချီယွင်ဆောင်မှ ထွက်ခွာလာပြီး လမ်းကွေ့တစ်ခုသို့ အရောက်တွင်မူ...
လီချန်ချဲ့သည် လူသူကင်းဝေးသော နေရာတစ်ခုတွင် ရပ်တန့်နေခဲ့ပြီး သူက ဘယ်လောက်အထိ ကြားသွားခဲ့လဲဆိုတာကို ဘယ်သူမှ မသိနိုင်ပေ။
ဖူရှန်းသည် သူ့သခင်လေး၏ အေးစက်ခက်ထန်နေသော မျက်နှာအမူအရာကို သတိပြုမိသွားသဖြင့် နှုတ်ခမ်းကို စေ့လိုက်မိ၏။
"သခင်လေး..."
လီချန်ချဲ့၏ ရင်ထဲတွင် လေးလံသော ဆွေးမြည့်ရိပ်များ ဖုံးလွှမ်းနေခဲ့သည်။ အတန်ကြာ တိတ်ဆိတ်နေပြီးနောက်မှသာ သူက "ပြန်ကြစို့" ဟု ပြောလိုက်တော့သည်။
ဖူရှန်းသည် သူ့သခင်လေး၏ လေသံထဲရှိ စိတ်ပျက်အားလျော့မှုကို အထင်အရှား ကြားလိုက်ရသဖြင့် သူ့သခင်လေးကို ကြည့်ကာ သနားမိသွားသည်။
"ဟုတ်ကဲ့ပါ"
...
မျက်စိတစ်မှိတ်အတွင်းမှာပင် ဆယ့်နှစ်လပိုင်း ခုနစ်ရက်နေ့သို့ ရောက်ရှိလာခဲ့ပြီ။
ယန်ရှီသည် လုစစ်လင်ကို ခေါ်ဆောင်၍ တရားဝင် စေ့စပ်ကြောင်းလမ်း တောင်းရမ်းရန်အတွက် ရွှမ်းယီနယ်စားမင်းအိမ်တော်သို့ ရောက်ရှိလာသည်။
လီချန်ချဲ့သည် ထိုနေ့တွင် တော်ဝင်ကျောင်းတော်သို့ မသွားဘဲ နယ်စားမင်းအိမ်တော်၏ ယီဟယ်ခန်းမဆောင်သို့ စောစောစီးစီး ရောက်ရှိနေသည်။
စုကျန်းနှင့် စုမိုင်တို့မှလွဲ၍ စုမိသားစု၏ အိမ်တော် သုံးစုစလုံးမှ သခင်ကြီး၊ သခင်မကြီးများအားလုံးနီးပါး ခန်းမဆောင်ထဲ၌ စုံစုံလင်လင် ရောက်ရှိစုရုံးနေကြပြီ ဖြစ်သည်။
အိမ်တော်တစ်ခုလုံးသည် အစေခံမိန်းကလေးများနှင့် အိမ်ထိန်းမိန်းမကြီးများဖြင့် အပြင်ဘက် စင်္ကြံလမ်းများနှင့် ဘေးခန်းဆောင်များတွင် ပြည့်နှက်နေကာ အလွန်အမင်း စည်ကားသိုက်မြိုက်နေ၏။
လုမိသားစုသည် တုန်းကျင်းမြို့၏ ကျော်ကြားသော အောင်သွယ်တော်တစ်ဦးကို ဖိတ်ခေါ်ခဲ့ပြီး ထိုအောင်သွယ်တော်သည် ခန့်ညားထည်ဝါသော တောင်းရမ်းခြင်းဆိုင်ရာ လက်ဆောင်ပစ္စည်း အမြောက်အမြားနှင့်အတူ နယ်စားမင်းအိမ်တော်၏ အတွင်းခြံဝင်းထဲသို့ ဝင်ရောက်လာခဲ့သည်။
နီမြန်းသော စန္ဒကူးသား သေတ္တာကြီး တစ်ဒါဇင်ကျော်ကို အစီအရီ သေသပ်စွာ ချထားပြီး တောင်းရမ်းခြင်းဆိုင်ရာ အထိမ်းအမှတ် ငန်းဖိုငန်းမတစ်စုံကိုတော့ ခြင်းတောင်းတစ်ခုထဲ၌ ထည့်သွင်းချည်နှောင်ထားရာ ၎င်းတို့သည် ရံဖန်ရံခါတွင် ၎င်းတို့၏ အတောင်ပံများကို ချစ်စဖွယ် အူကြောင်ကြောင်နိုင်စွာဖြင့် ခတ်နေကြသည်။
ရွှယ်နင် ရောက်ရှိလာတဲ့အခါ ထိုချစ်စဖွယ် ငန်းတစ်စုံကို မြင်တွေ့လိုက်ရပြီး သူမ၏ ရင်ထဲတွင် ခံစားချက်လှိုင်းလုံးများ ရိုက်ခတ်သွားသည်။
အခုဘဝမှာ သူမ လက်ထပ်ရမယ့်အချိန်မှာလည်း ဒီနေ့မြင်တွေ့ရသလိုမျိုး မင်္ဂလာရှိတဲ့ တောင်းရမ်းခြင်းဆိုင်ရာ ငန်းတစ်စုံကို ရရှိနိုင်မလား။
အရင်ဘဝတုန်းက သူမက သူမ၏သိက္ခာတရားအားလုံးကို ဘေးဖယ်ထားကာ စုကျန်းကို လက်ထပ်နိုင်ရန်အတွက် ဆေးခတ်ခြင်းကဲ့သို့သော ယုတ်ညံ့သည့် နည်းလမ်းများကို အသုံးပြုခဲ့သဖြင့် သူမ၏ ဂုဏ်သိက္ခာနှင့် မျက်နှာအားလုံး ဆုံးရှုံးခဲ့ရသည်။
ထို့ကြောင့်ပင် သူမမှာ ကောင်းမွန်တဲ့ မင်္ဂလာပွဲ အခမ်းအနားမျိုး မရှိခဲ့ရုံသာမက အခုလိုမျိုး တောင်းရမ်းခြင်း မြင်ကွင်းမျိုးကိုလည်း တစ်ခါမှ မကြုံတွေ့ခဲ့ရပေ။
စုကျန်းက သူမကို ပေးအပ်ခဲ့တဲ့ မင်္ဂလာလက်ဆောင်ကတော့ "ဂြိုလ်ဆိုးမ" ဟူသော သူ၏ အေးစက်စက် လှောင်ပြောင်သရော်စကားများသာ ဖြစ်သည်။
မင်္ဂလာဆောင်သည့် နေ့၌ပင် သူမသည် တောက်ပသော အနီရောင် မင်္ဂလာဝတ်စုံကို ချွတ်ပစ်ခဲ့ရပြီး နာရေးဝတ်စုံကို လဲလှယ်ဝတ်ဆင်ခဲ့ရ၏။ ထိုအချိန်မှစ၍ သူမသည် တောက်ပသော အရောင်အသွေးရှိသည့် အဝတ်အစားများကို တစ်ခါမှ မဝတ်ဆင်ခဲ့တော့ချေ။ နောက်ပိုင်းတွင် ယုံကျိုးမြို့ရှိ အိမ်ဟောင်းသို့ အပို့ခံရသောအခါ ဆောင်းရာသီတိုင်း၌ ဝတ်ဆင်ရန် ဆောင်းတွင်းအင်္ကျီအသစ်တစ်ထည်ပင် မရှိခဲ့ပေ။ သူမ ဝတ်ဆင်ခဲ့သော မြေခွေးသားမွေးအင်္ကျီမှာ တုန်းကျင်းမြို့ နယ်စားမင်းအိမ်တော်မှ ထွက်ခွာလာစဉ်က ယူဆောင်လာခဲ့သော အင်္ကျီဟောင်းသာ ဖြစ်၏။ သူမ သေဆုံးခဲ့သည့် နှစ်သို့ ရောက်သောအခါ ထိုမြေခွေးသားမွေးအင်္ကျီသည် အထပ်ထပ်အခါခါ ဖာထေးထားရလွန်းသဖြင့် အလွန်အမင်း စုတ်ပြဲနေခဲ့ပြီဖြစ်ရာ နောက်ဆုံး၌ မီးတောက်များထဲတွင် သူမနှင့်အတူ ပြာကျပျက်စီးသွားခဲ့သည်။
ရွှယ်နင်သည် အရင်ဘဝကို ပြန်တွေးရင်း ငေးငိုင်နေမိစဉ် အသက်နှစ်ဆယ်ကျော်အရွယ်ခန့် ရှိပြီဖြစ်သော လုစစ်လင်သည် အဝေးရှိ စင်္ကြံလမ်းအောက်တွင် လီချန်ချဲ့နှင့် စကားပြောနေတာကို လှမ်းမြင်လိုက်ရသည်။