← Chapters

အခန်း ၈၂

Vol. 9 Ch. 82

အခန်း ၈၂

Vol. 9 Ch. 82

အခန်း ၈၂ - ဘဝနှစ်ခုစာ ပြန်လည်ဆုံတွေ့ခြင်း

လုစစ်လင်သည် တောက်ပြောင်သော အနီရောင် စစ်ဝတ်စုံပေါ်တွင် လက်စွပ်ကျယ် အနက်ရောင် ဝတ်ရုံပွကြီးကို ထပ်မံဝတ်ဆင်ထားပြီး မတ်မတ်ရပ်နေခဲ့သည်။

သူက အသက်ငယ်သေးသူဖြစ်ပြီး စစ်မြေပြင်တွင် တိုက်ပွဲပေါင်းများစွာကို ဖြတ်သန်းခဲ့ရသော်လည်း သူ၏ ချောမောသော မျက်နှာထက်၌ ပိုမို၍ ရဲရင့်ထက်မြက်သော သူရဲကောင်းအရှိန်အဝါများသာ ထင်ဟပ်နေသည်။

တုန်းကျင်းမြို့တော်၏ သက်တောင့်သက်သာရှိသော အသိုက်အမြုံထဲတွင် ကြီးပြင်းလာခဲ့ကြသည့် လူငယ်များနှင့်မတူဘဲ သူ့တစ်ကိုယ်လုံးတွင် ထက်မြက်ပြီး ပြတ်သားသော စစ်သည်တော်တစ်ဦး၏ အရှိန်အဝါများ ရှိနေသည်။

သူက သူမ၏ မိဘများနှင့်အတူ အသက်ဆယ်နှစ်အရွယ်ကတည်းက ယုံရွှယ်စစ်စခန်းသို့ လိုက်ပါသွားခဲ့သည့် လူငယ်စစ်သူကြီးတစ်ဦး ဖြစ်သည်။ ထို့နောက်ပိုင်း နှစ်များတွင်မူ စစ်မြေပြင်၌သာ အရည်အချင်းများကို သွေးယူခဲ့ပြီး နှစ်ကုန်ခါနီးအချိန်မှသာ မြို့တော်သို့ တစ်ခေါက် ပြန်လာတတ်၏။

သူတို့နှစ်ယောက် နောက်ဆုံးတွေ့ခဲ့ကြတာ ဘယ်နှစ်နှစ်တောင် ရှိသွားခဲ့ပြီလဲ။

ရွှယ်နင်ကိုယ်တိုင်ပင် သေသေချာချာ မမှတ်မိတော့ပေ။

ခုနစ်နှစ် ဒါမှမဟုတ် ရှစ်နှစ်ခန့် ရှိလိမ့်မယ်။

ဘယ်လိုပဲဖြစ်ဖြစ် သူတို့နှစ်ယောက် ပြန်လည်ဆုံတွေ့ရတာက ဘဝနှစ်ခုစာ ခြားနားသွားခဲ့ပြီ။

"နင်နင်။"

လုစစ်လင်သည် စင်္ကြံလမ်းအတိုင်း လျှောက်လှမ်းလာသော မိန်းကလေးငယ်ကို လှမ်းမြင်လိုက်ပြီး တောက်ပထင်ရှားသော အပြုံးကြီးဖြင့် ပြုံးလိုက်သည်။

"ဒီကိုလာပါဦး... အစ်ကိုကြီး ညီမလေးကို သေချာကြည့်ပါရစေဦး"

သူ့အသံက ကျယ်လောင်ပြီး လေသံမှာလည်း တက်ကြွပြတ်သားကာ ၎င်းမှာ စစ်တပ်ထဲတွင် ကျင့်သားရနေခဲ့သည့် အလေ့အထတစ်ခု ဖြစ်ဟန်တူသည်။

သူ၏ အော်သံကြောင့် ဆူညံလှုပ်ရှားနေသော ခြံဝင်းတစ်ခုလုံး ခဏလောက် တိတ်ဆိတ်သွား၏။

လူအများအပြားက သူတို့ရှိရာဘက်သို့ လှည့်ကြည့်လာကြသည်။

၎င်းတို့ထဲတွင် လုစစ်လင်၏ ဘေး၌ ရပ်နေသော လီချန်ချဲ့လည်း အပါအဝင် ဖြစ်သည်။

ရွှယ်နင်သည် သူမ၏ မျက်ဝန်းများကို မော့ကြည့်လိုက်တဲ့အခါ လီချန်ချဲ့၏ နက်နဲသော မက်မွန်ပွင့်မျက်ဝန်းများနှင့် တိုက်တိုက်ဆိုင်ဆိုင် မထင်မှတ်ဘဲ ဆုံစည်းသွားသည်။

ယနေ့တွင် သူက မီးခိုးရောင် သားမွေးကော်လာပါရှိသော ခရမ်းဖျော့ရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏ ကိုယ်ဟန်မှာ သွယ်လျသော်လည်း အရပ်ရှည်ပြီး ဖြောင့်မတ်နေသည်။

သူ့မျက်နှာက သေသပ်ချောမောသော်လည်း အေးစက်စက်နိုင်ကာ သူ၏ မျက်ဝန်းများထဲတွင် ဖော်ပြရန်ခက်ခဲသော ကင်းကွာမှုများ အထင်အရှား ရှိနေခဲ့သည်။

ရွှယ်နင်၏ မျက်ဝန်းများ လှုပ်ရှားသွားခဲ့ပြီး နောက်မျက်စိတစ်မှိတ်အတွင်းမှာ လုစစ်လင်သည် သူမရှိရာဆီသို့ ခြေလှမ်းအနည်းငယ်ဖြင့် ရောက်လာခဲ့ပြီ ဖြစ်သည်။

ထိုအမျိုးသား၏ ကြီးမားကျယ်ပြန့်သော လက်ကြီးက ရွှယ်နင်၏ သွယ်လျသော ပုခုံးပေါ်သို့ ခပ်ပြင်းပြင်း ကျရောက်လာသည်။

ထို့နောက်မှသာ ရွှယ်နင်သည် နုနယ်သော မိန်းကလေးငယ်တစ်ဦးသာဖြစ်ပြီး စစ်တပ်ထဲက သူ၏ လက်အောက်ငယ်သားတစ်ဦး မဟုတ်မှန်း သတိပြုမိသွားကာ သူ့လက်ကို နေရခက်ဖြင့် ပြန်ရုပ်သိမ်းလိုက်ရသည်။

"အစ်ကိုကြီး ပြီးခဲ့တဲ့နှစ် နှစ်သစ်ကူးတုန်းက ပြန်မလာဖြစ်ဘူး။ နှစ်နှစ်လောက်ပဲ ရှိသေးတာ... နင်နင်က ပိုပြီးတော့တောင် လှလာပါလား"

လုစစ်လင်၏ အရပ်ရှည်ရှည်ကိုယ်လုံးက လီချန်ချဲ့၏ မြင်ကွင်းကို ပိတ်ဆို့ထားခဲ့သည်။ ရွှယ်နင်သည် သူမ၏ မျက်ဝန်းများကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး သူမထက် ခေါင်းတစ်လုံးခန့် ပိုမြင့်တဲ့ ဝမ်းကွဲအစ်ကိုကို မော့ကြည့်ရင်း ချိုသာပြီး လိမ္မာတဲ့ အပြုံးလေး ပြုံးပြလိုက်သည်။

"အစ်ကိုကြီးက အရင်ကထက် နည်းနည်း ညိုသွားသလိုပဲနော်"

လုစစ်လင်က သူ၏ ထက်မြက်သော ဓားသဏ္ဌာန် မျက်ခုံးများကို ပင့်တင်လိုက်၏။

"အော်... ဟုတ်လား"

ရွှယ်နင်၏ မျက်ဝန်းများက လခြမ်းကွေးလေးသဏ္ဌာန် ပြုံးယောင်သန်းသွားသည်။

"ဒါပေမဲ့ ညိုသွားတာလည်း ကြည့်လို့ကောင်းတာပါပဲ"

သူမ၏ စကားကြောင့် လုစစ်လင်၏ ရင်ထဲတွင် နွေးထွေးသွားပြီး ပါးစပ်အဖြဲသားဖြင့် အားရပါးရ ရယ်မောတော့သည်။

"ညီမလေးက လူတွေကို ချီးကျူးတတ်နေပြီပဲ... အထင်ကြီးစရာပဲ။ အစ်ကိုကြီး မှတ်မိသလောက်တော့ ငါတို့ရဲ့ နင်နင်လေးက အရင်တုန်းက တုတ်နဲ့ရိုက်ရင်တောင် အသံတစ်ချက်မထွက်တဲ့ ပုလင်းအိုးလေးလို တိတ်ဆိတ်လွန်းတာ။ ဒီနေ့ကျတော့ အစ်ကိုကြီးကို တက်တက်ကြွကြွနဲ့တောင် ချီးမွမ်းခန်းဖွင့်နေပါလား... တိုးတက်မှုကတော့ အကြီးအကျယ်ပဲ! အစ်ကိုကြီး နားဝင်ချိုအောင် ကောင်းတဲ့စကားလေးတွေ နောက်ထပ် ပြောပါဦး။ စစ်စခန်းထဲမှာတော့ တစ်နေ့လုံး အနံ့အသက်မကောင်းတဲ့ ယောက်ျားကြီးတွေနဲ့ပဲ ဝန်းရံနေရတာဆိုတော့ နားဝင်ချိုတဲ့ စကားတစ်ခွန်းမှ မကြားရဘူး"

"ငါတို့ရဲ့ နင်နင်လေး" ဆိုတဲ့ စကားက ရွှယ်နင်၏ ရင်ထဲသို့ နွေးထွေးသော စမ်းရေတစ်စင်းကဲ့သို့ စီးဆင်းသွားသည်။

သူမသည် အရင်ဘဝတုန်းက သူမ၏ ဝမ်းကွဲအစ်ကို ကြုံတွေ့ခဲ့ရတဲ့ ဝမ်းနည်းကြေကွဲဖွယ် ကံကြမ္မာဆိုးကို ပြန်တွေးမိသွား၏။

သူမ၏ ရင်ထဲတွင် အအေးဓာတ်တစ်ခုက မလွဲမသွေ စိမ့်ဝင်သွားတော့သည်။

"ဒီနေ့ ဆီးနှင်းတွေ မကျဘူးဆိုပေမဲ့ ရာသီဥတုကတော့ အရမ်းအေးစက်ပါတယ်။ အားလုံးပဲ... အထဲကို ဝင်ပြီး ထိုင်ကြပါဦး!"

သခင်မကျန်းနှင့် သခင်မကြီးရှဲ့တို့သည် ဘယ်အချိန်ကတည်းက ရောက်ရှိနေမှန်းမသိဘဲ ယန်ရှီနှင့် လုစစ်လင်တို့ကို ခန်းမဆောင်ကြီးထဲသို့ ဖိတ်ခေါ်လိုက်ကြသည်။

ခဏချင်းတွင်ပင် လူအများအပြား လှုပ်ရှားသွားကြပြီး အစေခံမိန်းကလေးများလည်း သူမတို့သခင်မများကို ဝန်းရံလျက် စကားတပြောပြော၊ ရယ်ရယ်မောမောဖြင့် အတွင်းခန်းမဆောင်ထဲသို့ ဝင်လာကြသည်။

လုစစ်လင်က ရွှယ်နင်၏ခေါင်းကို အသာလေး ပုတ်လိုက်ရင်း နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဆင်ယင်ကာ ပြောလိုက်သည်။

"ဒီနေ့က အစ်ကိုကြီးရဲ့ မင်္ဂလာရှိတဲ့နေ့ပဲ။ နောက်မှ ညီမလေးနဲ့ အသေးစိတ် စကားပြောကြတာပေါ့"

ရွှယ်နင်က ခဏလောက် စဉ်းစားလိုက်ပြီးနောက် ရုတ်တရက် မေးလိုက်သည်။

"အစ်ကိုကြီးက ဘယ်လို မိန်းကလေးမျိုးကို သဘောကျတာလဲဟင်"

လုစစ်လင်သည် ပွင့်လင်းဖြောင့်မတ်သော အမျိုးသားတစ်ဦးဖြစ်ပြီး အိမ်ထောင်ရေးကိစ္စတွင် မိဘနေရာချထားပေးမှုနှင့် အောင်သွယ်တော်တို့၏ စီစဉ်မှုကိုသာ အမြဲတမ်း လက်ခံကျင့်သုံးသူ ဖြစ်သည်။ သူ့မှာ ချစ်သူရည်းစားဟူ၍ မရှိခဲ့ဖူးသည့်အပြင် အချိန်အများစုကိုလည်း စစ်တပ်ထဲ၌သာ ကုန်လွန်စေခဲ့သဖြင့် အမျိုးသမီးများအပေါ်တွင်လည်း စိတ်ဝင်စားမှု သိပ်မရှိခဲ့ချေ။

"ဘယ်လို မိန်းကလေးပဲဖြစ်ဖြစ်ပေါ့... ငါ့ကို လက်ထပ်တဲ့သူဆိုရင်တော့ ငါက အကောင်းဆုံး စောင့်ရှောက်သွားမှာပါ"

"အစ်ကိုကြီး—"

"ကဲ... နောက်မှပြောကြမယ်။ လုပ်စရာတွေ အများကြီးရှိသေးတယ်"

ရွှယ်နင်သည် စကားကို ဆက်မပြောတော့ဘဲ မျိုသိပ်လိုက်သည်။ သူမ၏ ရိုးအသော ဝမ်းကွဲအစ်ကိုက ပွင့်လင်းဖြောင့်မတ်ပြီး သစ္စာတရားကို အလွန်အလေးထားသူ ဖြစ်၏။ အရင်ဘဝတုန်းက သူက စုရှီးအပေါ် ချစ်ခြင်းမေတ္တာ မရှိခဲ့လျှင်ပင် လင်မယားဆိုတဲ့ သံယောဇဉ်တစ်ခုတည်းကြောင့် သူမအပေါ် အလွန်အမင်း ကောင်းမွန်စွာ ဆက်ဆံခဲ့သည်။

ဒီအခြေအနေများကို တွေးတောမိလေလေ... စုရှီးအား သူမ၏ဝမ်းကွဲအစ်ကိုနှင့် လုံးဝ လက်မထပ်စေရန် သူမ ပိုမို၍ ပြတ်သားစွာ ဆုံးဖြတ်လိုက်မိလေလေ ဖြစ်သည်။

စုရှီးသည် လျိုရှီ၏နောက်မှ လိုက်ပါကာ သခင်မကျန်းတို့နှင့်အတူ ရှေ့ဆုံးမှ လျှောက်လှမ်းသွားသည်။

သူမသည် ရံဖန်ရံခါတွင်မူ သူတို့ရှိရာဘက်သို့ လှည့်ကြည့်တတ်၏။

လုစစ်လင်၏ ရုပ်ရည်ခန့်ညားမှုကို မြင်တွေ့လိုက်ရသောအခါ သူမသည် ခဏလောက် ငေးခနဲဖြစ်သွားပြီး အဲ့ဒီနောက် ပါးပြင်များ အကြီးအကျယ် ရှက်သွေးဖြာသွားကာ လျိုရှီ၏လက်ကို တွဲချိတ်၍ အတွင်းခန်းမဆောင်ဆီသို့ လျှောက်သွားတော့သည်။

ယနေ့တွင် လူအမြောက်အမြား ရောက်ရှိနေသဖြင့် စုရှီးသည် ရွှယ်နင်၏ မျက်ဝန်းထဲရှိ အေးစက်သော အငြိုးအတေးအရိပ်အယောင်များကို သတိမပြုမိခဲ့ပေ။

လူတိုင်း ခန်းမဆောင်ထဲ၌ နေရာတကျ ထိုင်မိကြသောအခါ အောင်သွယ်တော်က ရှေ့သို့ လှမ်းလာပြီး မိသားစုနှစ်စုလုံးမှ လူကြီးမိဘများကို သားသမီးများ၏ အခြေခံအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက်တွင် သခင်မနှစ်ဦးသည် ထိမ်းမြားလက်ထပ်မှုဆိုင်ရာ အသေးစိတ်အချက်အလက်များကို စတင်ဆွေးနွေးကြ၏။

ရွှမ်းယီနယ်စားမင်းအိမ်တော်သည် ထင်ရှားကျော်ကြားသော အသိုင်းအဝိုင်းကြီးဖြစ်ပြီး လုမိသားစု၏ အဆင့်အတန်းကတော့ နယ်စားမင်းအိမ်တော်နှင့် ယှဉ်လျှင် အနည်းငယ် နိမ့်ကျသည်။

သို့သော်လည်း ယန်ရှီသည် သခင်မကျန်းနှင့် စကားပြောဆို ဆွေးနွေးရာတွင် သူမ၏ ဂုဏ်သိက္ခာကို အပြည့်အဝ ထိန်းသိမ်းနိုင်ခဲ့သဖြင့် လုမိသားစုအတွက် များစွာ ဂုဏ်ယူဝင့်ကြွားဖွယ် ဖြစ်စေတော့သည်။

လုစစ်လင်သည် အရာရှိဦးထုပ်ပုံစံ ကျောမှီကုလားထိုင်ပေါ်တွင် ခန္ဓာကိုယ်ကို မတ်မတ်ထိုင်လျက် ရံဖန်ရံခါတွင် ယန်ရှီရှိရာဘက်သို့ လှမ်းကြည့်လိုက်မိသည်။

ယန်ရှီသည် အရင်တုန်းက သူ့အမေရဲ့ အနီးကပ်အစေခံမိန်းကလေး ဖြစ်ခဲ့ပြီး မိခင်ကွယ်လွန်သွားပြီးနောက်မှသာ သခင်မအဆင့်အတန်းသို့ မြှင့်တင်ခြင်း ခံခဲ့ရသူ ဖြစ်သည်။ လွန်ခဲ့တဲ့ နှစ်များအတွင်း သူမက ကိစ္စရပ်တိုင်းကို အသေးစိတ်ကစပြီး စေ့စပ်သေချာစွာ ကိုင်တွယ်ဖြေရှင်းပေးခဲ့သည်။ သို့သော် ဝမ်းနည်းစရာကောင်းတာက သူ့အဖေကတော့ သူမအပေါ် ဒုတိယအကြိမ် လှည့်ကြည့်ရန် ငြင်းဆန်ခဲ့သည့်အပြင် သူမ အားကိုးအားထားပြုနိုင်မည့် သားသမီးတစ်ယောက်မျှပင် မပေးအပ်ခဲ့ချေ။ ထို့ကြောင့်ပင် သူမက သူမ၏ အချစ်များနှင့် အားအင်အားလုံးကို သူ့အပေါ်မှာပဲ ပုံအောပေးထားခဲ့သည်။

သူက ဒီကျေးဇူးတရားများကို သူ့စိတ်ထဲမှာ အမြဲတမ်း အလေးအနက် မှတ်ထား၏။

သူမကို " အမေ " ဟု တရားဝင် တစ်ခါမှ မခေါ်ခဲ့ဖူးသော်လည်း သူ့စိတ်ထဲမှာတော့ သူမကို မိခင်တစ်ယောက်လိုမျိုး ရိုသေလေးစားနေခဲ့တာ ကြာပြီဖြစ်သည်။

သူ၏ လက်ထပ်ပွဲကိစ္စ အဆင်ပြေချောမွေ့သွားပြီး သတို့သမီးလောင်းကို အိမ်သို့ ခေါ်ဆောင်လာနိုင်လျှင် သားသမီးတစ်ယောက် ရရှိကာ သူမ၏ နောက်ပိုင်းဘဝနေ့ရက်များကို ပျော်ရွှင်ချမ်းမြေ့အောင် ဖန်တီးပေးနိုင်ရန်သာ သူ မျှော်လင့်မိ၏။

ရွှယ်နင်သည် သူမနေရာတွင် တိတ်တဆိတ် ထိုင်နေခဲ့သည်။

လူကြီးမိဘများက ထိုလူငယ်နှစ်ဦး၏ အိမ်ထောင်ရေးကိစ္စကို ဆွေးနွေးတိုင်ပင်နေကြတာကို သူမ ငြိမ်သက်စွာ နားထောင်နေသည်။

"ဒီလူငယ်နှစ်ယောက်က တကယ့်ကို ကောင်းမွန်စွာ လိုက်ဖက်ညီတယ်။ စစ်သူကြီးလုရဲ့ ခန့်ညားတဲ့ ရုပ်ရည်နဲ့ ငါတို့ရဲ့ သခင်မလေးစုရဲ့ အလှအပကိုပဲ ကြည့်ပါဦး။ သူတို့နှစ်ယောက် လက်ထပ်ဖြစ်သွားရင် မိသားစုနှစ်စုလုံးအတွက် မျိုးဆက်သစ်တွေကို စောစောစီးစီး မွေးပေးပြီး မျိုးရိုးကို ဆက်ခံနိုင်မှာ အသေအချာပဲ"

ယန်ရှီက ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။

"ကျွန်မကတော့ သခင်မလေးစုကို အရမ်းသဘောကျပါတယ်။ အားစစ်... မင်းရော ဘယ်လိုလဲ"

လုစစ်လင်သည် သူ၏ နက်မှောင်ပြီး ထက်မြက်သော မျက်ဝန်းများကို ပင့်တင်လိုက်ရင်း စုရှီးကို စိုက်ကြည့်လိုက်သည်။

သူက စစ်သားတစ်ဦးဖြစ်တာကြောင့် အသေးအဖွဲ ကျင့်ဝတ်ထုံးစံများကို ဂရုမစိုက်တတ်ဘဲ စုရှီးကို အကဲခတ်ရာတွင်လည်း အလွန်ပွင့်လင်းဖြောင့်မတ်သည်။

သူမ၏ မျက်နှာပြင်၊ ကိုယ်လုံးကိုယ်ထည်နှင့် အမူအရာတို့ကို သေချာကြည့်လိုက်၏။ သူမ၏ နှုတ်ခမ်းများတွင် ပန်းတစ်ပွင့်ကဲ့သို့ တောက်ပသော အပြုံးတစ်ခု ရှိနေတာကို မြင်တွေ့ရတဲ့အခါ သူက မနှစ်မြို့ဖွယ် ခံစားချက် မရှိဘဲ သူမက သင့်တော်သူတစ်ဦး ဖြစ်သည်ဟု တွေးလိုက်သည်။

စုရှီးကတော့ အလွန်အမင်း ရှက်သွေးဖြာနေဟန်ဖြင့် သူမ၏ခေါင်းကို အနည်းငယ် ငုံ့ထားခဲ့သည်။

"သခင်မလေးစုက ဉာဏ်ကောင်းပြီး အကျင့်စာရိတ္တကောင်းမွန်တဲ့အပြင် စိတ်နှလုံးလည်း ဖြူစင်ပါတယ်။ ကျွန်တော်က သူ(မ)အပေါ် အတော်လေး ကျေနပ်အားရမိတဲ့အတွက် ဒီနေ့ ရွှမ်းယီနယ်စားမင်းအိမ်တော်ကို တရားဝင် လာရောက်တောင်းရမ်းတာ ဖြစ်ပါတယ်"

စုရှီး၏ ပါးပြင်များ နီမြန်းသွားခဲ့ပြီး သူမ၏ မျက်တောင်ရှည်များကို အောက်သို့ချလိုက်မိသည်။

လုစစ်လင်က သူ့မျက်ဝန်းများကို လွှဲပြောင်းလိုက်သည့် အချိန်၌ပင်... သူမသည် ရွှယ်နင်ရှိရာဘက်သို့ အခြားလူများ သတိမပြုမိနိုင်တဲ့၊ အောင်နိုင်သူတစ်ဦးကဲ့သို့ စိန်ခေါ်လှောင်ပြောင်သော အပြုံးတစ်ခု ပြုံးပြလိုက်သည်။

သူမ၏ အမူအရာက လုစစ်လင်၏ စိတ်နှလုံးကို ဖမ်းစားနိုင်ရန်အတွက် သူမတွင် ရာနှုန်းပြည့် ယုံကြည်ချက်ရှိကြောင်း အတိအလင်း ကြေညာနေသကဲ့သို့ပင်။

လူကြီးမိဘများက ချက်ချင်းပင် သူမကို စနောက်ကျီစယ်ကြတော့၏။

"အားရှီးကို ကြည့်ပါဦး... အခုတော့ ရှက်သွေးဖြာနေလိုက်တာ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းကတော့ စစ်သူကြီးလုနဲ့ မျက်နှာချင်းဆိုင် စကားပြောချင်ပါတယ်ဆိုပြီး ပြောနေခဲ့တာ ဘယ်သူလဲ။ အခုကျမှ သူ့ကိုလည်း မြင်ကော စကားတစ်ခွန်းတောင် မဟရဲတော့ပါလား"

"အို... အဘွားကလည်း၊ ဆက်မပြောပါနဲ့တော့။ အဘွားသာ ဆက်ပြောနေရင် မြေးမလေးကတော့ အရင်ဆုံး ထွက်သွားရတော့မှာပဲ"

လုစစ်လင်က ပြုံးလိုက်သည်။ သူက စုရှီးအပေါ် ထူးထူးခြားခြား ချစ်မြတ်နိုးစိတ် မရှိသေးသော်လည်း မိန်းမပျိုတစ်ဦး၏ ချစ်စဖွယ် ရှက်သွေးဖြာနေသော အမူအရာက ယောကျာ်းတစ်ယောက်ရဲ့ ရင်ကို အနည်းနှင့်အများ လှုပ်ခတ်စေတာ အမှန်ပင်။

စုမန်သည် စုရှီး၏ တောက်ပရွှင်လန်းနေသော မျက်နှာကို အားကျတကြီး စိုက်ကြည့်နေမိပြီး ရွှယ်နင်၏ အင်္ကျီလက်စွပ်ကို ဖွဖွလေးဆွဲကာ တိုးညှင်းစွာ ကပ်ပြောလိုက်သည်။

"နင်နင်... အစ်မကြီးက စစ်သူကြီးလုလို လူမျိုးနဲ့ လက်ထပ်ခွင့်ရတာကို ငါ တကယ်ပဲ အားကျမိတယ်။ နင့်ရဲ့ ဝမ်းကွဲအစ်ကိုက ဒီလောက်တောင် ခန့်ညားထည်ဝါတဲ့ ရုပ်ရည်မျိုး ရှိလိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးမိခဲ့ဘူး"

စုရှီး မြင်းဇောင်းထဲတွင် ဖြစ်ပွားခဲ့သော အရှုပ်တော်ပုံသတင်းကို စုကျန်း၏ ကျွမ်းကျင်သော အကွက်ရွှေ့မှုများကြောင့် လန်ရှန့်အပေါ်သို့ လိမ္မာပါးနပ်စွာ ပုံချနိုင်ခဲ့ပြီးဖြစ်ရာ သခင်မကြီးရှဲ့ကလည်း ဤကိစ္စကို အပြင်သို့ မပေါက်ကြားစေရန် တင်းကျပ်စွာ ပိတ်ပင်ထားခဲ့သည်။

စုမန်သည် အသက်ငယ်သေးပြီး ထိုကဲ့သို့သော အတွင်းရေးကိစ္စရပ်များကို လုံးဝ အမှောင်ကျနေခဲ့သည်။

ယခုအခါ စုရှီးက စစ်ဗိုလ်ချုပ်မျိုးရိုးမှ ခန့်ညားသော အမျိုးသားတစ်ဦးနှင့် ထိမ်းမြားလက်ထပ်ရန် ဆွေးနွေးနေတာကို မြင်တွေ့ရတဲ့အခါ သူမ၏စိတ်ထဲတွင် အားကျမနာလိုမှုများဖြင့် ပြည့်နှက်နေသည်။

ရွှယ်နင်က တိုးတိုးလေး မေးလိုက်သည်။

"အားကျလို့လား"

စုမန်က ပြန်ဖြေ၏။

"ဒါပေါ့... ငါ့ကိုလည်း ကြည့်ဦးလေ၊ ငါ့အမေက အခုထိ ငါ့ကိစ္စအတွက် ဘာတစ်ခုမှတောင် စပြီး မစီစဉ်ပေးရသေးဘူး"

ရွှယ်နင်က ခပ်တိုးတိုး ရယ်မောလိုက်ပြီးနောက် စုမန်၏ ပါးပြင်လေးများ တကယ်ပင် ရှက်သွေးဖြာကာ နီမြန်းနေတာကို မြင်တွေ့လိုက်ရသဖြင့် စိတ်ပျက်လက်ပျက် လေသံလေးဖြင့် ပြောလိုက်သည်။

"စိတ်မပူပါနဲ့... ဒီနေ့ကိစ္စက ဘာမှ ဖြစ်မြောက်လာမှာ မဟုတ်ဘူး"

စုမန်က အံ့အားသင့်သွားသည်။

"နင်နင်...နင်ပြောတာ ဘာအဓိပ္ပာယ်လဲဟင်"

ရွှယ်နင်က မည်သည့်ခံစားချက်မျှမရှိသော မျက်နှာပေးဖြင့် ပြောလိုက်သည်။

"ဒီအတိုင်းပဲ ငြိမ်ငြိမ်လေး စောင့်ပြီး ပွဲကြည့်ရုံပဲ"

စုမန်က မျက်တောင်ခတ်လိုက်ပြီးနောက် အလျင်အမြန်ပင် ခန္ဓာကိုယ်ကို မတ်မတ်ပြင်ထိုင်လိုက်ကာ မျက်ဝန်းများကို ခန်းမဆောင်ကြီးဆီ ပြန်ကြည့်လိုက်သည်။

All Chapters