← Chapters

အခန်း ၈၃

Vol. 9 Ch. 83

အခန်း ၈၃

Vol. 9 Ch. 83

အခန်း ၈၃ - မသိလိုက်ဘဲ ကိုယ်ဝန်ရှိနေခြင်း

လူကြီးအချို့ စကားပြောဆိုပြီးနောက် ယန်ရှီသည် သူမ၏နောက်ကွယ်ရှိ အစေခံမိန်းကလေးအား အဓိပ္ပာယ်ပါပါဖြင့် လှမ်း၍ အချက်ပြလိုက်သည်။ သူမက အစေခံမလေး၏ လက်ထဲမှ ကတ္တီပါသေတ္တာဘူးကို လှမ်းယူလိုက်ပြီး သခင်မကြီးရှဲ့အား မျက်နှာချင်းဆိုင်ကာ ပြောလိုက်သည်။

"သခင်မကြီး ဒါက လုစစ်လင်ရဲ့ မိခင်ဖြစ်သူ သက်ရှိထင်ရှားရှိစဉ်တုန်းက နေ့တိုင်း ဝတ်ဆင်လေ့ရှိတဲ့ ကျောက်စိမ်းလက်ကောက်လေးပါ။ အခုတော့ ကျွန်မတို့မိသားစုနှစ်စုလုံးက လက်ထပ်ဖို့ အားလုံး ဆွေးနွေးတိုင်ပင်ပြီးသွားပြီဆိုတော့... ကျွန်မက ကွယ်လွန်သူသခင်မကြီးကိုယ်စား မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ ဒီကျောက်စိမ်းလက်ကောက်ကို စေ့စပ်ကြောင်းလမ်းတဲ့ အထိမ်းအမှတ်အဖြစ် သခင်မလေးစုကို ပေးပါရစေ။ သခင်မကြီး ဘယ်လိုသဘောရပါသလဲ"

သခင်မကြီးရှဲ့လည်း ဤကိစ္စကို အလွန်အမင်း အလိုရှိနေခဲ့သူ ဖြစ်သည်။

"အားရှီး.. မြန်မြန် ဒီကိုလာခဲ့ဦး!"

စုရှီးသည် မထင်မှတ်ဘဲ ရရှိလာတဲ့ မျက်နှာသာပေးမှုကြောင့် အလွန်ဝမ်းသာပြီး ယန်ရှီဆီသို့ ယဉ်ကျေးသိမ်မွေ့စွာဖြင့် လျှောက်လှမ်းသွားသည်။

"သခင်မယန်... ဒါက..."

ယန်ရှီသည် စုရှီး၏ ဖြူဖွေးနုနယ်သော လက်ကောက်ဝတ်လေးကို ပင့်မလိုက်ရင်း နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဆင်ယင်ကာ ပြောလိုက်သည်။

"သခင်မလေးစုက မကြာခင်မှာပဲ ငါတို့ရဲ့ ချွေးမဖြစ်လာတော့မှာပဲ။ ဒီလက်ကောက်က မင်းနဲ့ပဲ ထိုက်တန်ပါတယ်။ လာ... အဒေါ် ဝတ်ပေးမယ်နော်—"

ယန်ရှီ၏ စကားပင် မဆုံးသေးခင် အပြင်ဘက်ကနေ ပြင်းထန်တဲ့ မိုးခြိမ်းသံကြီးတစ်ခု ရုတ်တရက် အုန်းခနဲ မြည်ဟည်းသွားသည်။

ယန်ရှီတစ်ဦးတည်းသာမက ယီဟယ်ခန်းမဆောင်ကြီးထဲရှိ လူတိုင်း ထိုမိုးခြိမ်းသံကြောင့် ထိတ်လန့်တုန်လှုပ်သွားကြသည်။

မိုးခြိမ်းသံများက ပိုမို၍ ကျယ်လောင်လာခဲ့ပြီး မကြာမီမှာပင် စူးရှတောက်ပသော လျှပ်စီးကြောင်းအချို့က ကောင်းကင်ယံကို ဖြတ်သန်း၍ လက်ခနဲ လင်းထိန်သွားသည်။

ရုတ်တရက်ဆိုသလိုပင် မထင်မှတ်ထားသော မိုးသည်းထန်စွာ ရွာသွန်းမှုကြီးက ကောင်းကင်ယံကနေ ကျဆင်းလာတော့သည်။

အပြင်ဘက်မှလည်း အလန့်တကြား အော်ဟစ်သံများ ချက်ချင်း ထွက်ပေါ်လာ၏။

"ဘုရားရေ... သခင်မ၊ နယ်စားမင်း.. အပြင်မှာ ရုတ်တရက်ကြီး မိုးတွေ သည်းကြီးမည်းကြီး ရွာချလာပါပြီ!"

"မိုးကလည်း တကယ့်ကို သည်းထန်လိုက်တာ! ဆောင်းတွင်းကြီးဖြစ်တဲ့ ဆယ့်နှစ်လပိုင်း အအေးပိုင်းထဲမှာ ဘယ်လိုဖြစ်လို့ မိုးတွေခြိမ်းနေရတာလဲ!"

"ဒါ... ဒါက မကောင်းတဲ့ နိမိတ်လက္ခဏာပဲ!"

"ဘယ်သူရှိလဲ... အောင်သွယ်လက်ဆောင် သေတ္တာတွေကို စင်္ကြံလမ်းအောက်ထဲကို မြန်မြန် ရွှေ့ကြဦး!"

သခင်မကျန်းသည် အစေခံများကို စီစဉ်ညွှန်ကြားရန်အတွက် အပြင်ဘက်သို့ ပထမဆုံး လှမ်းထွက်သွားခဲ့ပြီး ခြံဝင်းတစ်ခုလုံးလည်း ရှုပ်ထွေးဆူညံသွားတော့သည်။

စုမန်သည် ကိုယ့်နားကိုတောင် မယုံနိုင်ဖြစ်သွားပြီး ဆောင်းတွင်းမိုးခြိမ်းသံကြောင့် ကြောက်လန့်တကြားဖြင့် သူမ၏ လည်ပင်းကို ကျုံ့ထားမိသည်။ သူမ၏ လက်ဖဝါးလေးက မသိစိတ်ဖြင့် ရွှယ်နင်၏ အေးစက်နေသော လက်ကောက်ဝတ်ကို လှမ်း၍ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမိသည်။

ရွှယ်နင်ကတော့ ပြတင်းပေါက်အပြင်ဘက်သို့ တည်ငြိမ်စွာ လှမ်းကြည့်လိုက်ပြီး သူမ၏ မျက်ဝန်းများတွင် နီမြန်းသော အရိပ်အယောင်များ ထင်ဟပ်နေကာ နှုတ်ခမ်းထောင့်တွင် ဖျော့တော့သော အပြုံးတစ်ခု ပေါ်ပေါက်လာသည်။

ဖြစ်လာရမယ့်အရာက နောက်ဆုံးတော့ ရောက်ရှိလာခဲ့ပြီ။

သူမက ဒီမြင်ကွင်းကို သူမရဲ့အရိုးထဲအထိ စွဲထင်နေအောင် သေသေချာချာ မှတ်မိနေတယ်။

အရင်ဘဝတုန်းက ဒီနေ့လိုမျိုး ဆယ့်နှစ်လပိုင်း ခုနစ်ရက်နေ့တွင်ပင်... သူမနှင့် စုကျန်း တရားဝင် စေ့စပ်ကြောင်းလမ်းခဲ့ကြသည်။

အတိအကျတူညီသော ဤအချိန်၌ပင်... ကောင်းကင်ယံမှ မိုးသက်မုန်တိုင်းကြီး ရုတ်တရက် ကျဆင်းလာခဲ့ပြီး လျှပ်စီးလက်သံနှင့် မိုးခြိမ်းသံများအောက်တွင် စုမိသားစုဝင်အားလုံးက သူမအပေါ် နှာခေါင်းရှုံ့လျက် နှိမ်ချစော်ကားသော မျက်နှာပေးများဖြင့် စိုက်ကြည့်ခဲ့ကြသည်။

သူတို့သည် သူမကို အထင်သေးအမြင်သေးဖြင့် ကြည့်ခဲ့ကြ၏

သူမက တကယ့်ကို မင်္ဂလာမရှိတဲ့ ဒုက္ခပေးမယ့်မိန်းမတစ်ဦးဖြစ်ပြီး ဘယ်လို ဂုဏ်သရေရှိ အခမ်းအနားမျိုးနှင့်မျှ မထိုက်တန်ကြောင်း ပြောဆိုခဲ့ကြသည်။

သူမသည် ရွှယ်မိသားစုတစ်ခုလုံးကို ပျက်စီးခြင်းသို့ ဆောင်ကြဉ်းခဲ့ရုံသာမက အခု ရွှမ်းယီနယ်စားမင်းအိမ်တော်အပေါ်ပါ ကပ်ဘေးဒုက္ခများ သယ်ဆောင်လာတော့မည်ဟု ဆိုခဲ့ကြသည်။

ကောင်းကင်ကြီးကိုယ်တိုင်ပင် ဆက်လက်၍ မကြည့်ရက်တော့ဘဲ ဤမိုးခြိမ်းသံဖြင့် သတိပေးချက် ပေးပို့လိုက်ခြင်းဖြစ်သည်ဟု စွပ်စွဲခဲ့ကြ၏။

ထိုနေ့တုန်းက... နယ်စားမင်းအိမ်တော်၏ သမီးအကြီးဆုံးဖြစ်သော စုရှီးသည် သူမအား ပထမဆုံးအကြိမ် ရှေ့သို့လှမ်းထွက်၍ လှောင်ပြောင်သရော်ခဲ့သူ ဖြစ်သည်။

သူမက ရှီဇီကို ဖြှားယောင်းရန်အတွက် နည်းမျိုးစုံအသုံးပြုခဲ့တယ်လို့ စွပ်စွဲခဲ့ပြီး သူမမှာ အားကိုးအားထားပြုစရာ လူမရှိတာကို အခွင့်ကောင်းယူကာ နှိပ်စက်ညှင်းပန်းသည့်အနေဖြင့် သူမ၏ မျက်နှာကို လက်ဝါးဖြင့် ခပ်ပြင်းပြင်း ရိုက်နှက်ခဲ့သည်။

စုရှီး၏ ရိုက်ချက်ကြောင့် သူမ၏ နှုတ်ခမ်းထောင့်မှ သွေးများပင် စီးကျလာခဲ့ပြီး ခန်းမဆောင်ကြီး၏ ကြမ်းပြင်ပေါ်သို့ ဖရိုဖရဲဖြင့် လဲကျသွားခဲ့ရသည်။

စုကျန်း၏ မျက်နှာအမူအရာကလည်း အလွန်အမင်း ခက်ထန်အေးစက်နေခဲ့၏။

သူ၏ ကျဉ်းမြောင်းနက်နဲသော ဖီးနစ်မျက်ဝန်းများတွင် သူမအပေါ် အထင်သေးရွံရှာမှုများဖြင့်သာ ပြည့်နှက်နေခဲ့သည်။

သူက သူမကို တွဲထူပေးရန် မကြိုးစားခဲ့ရုံသာမက ထို့နောက်ပိုင်းတွင်လည်း သူမကို ကြည့်သည့်အခါတိုင်း သူ၏ မျက်ခုံးများကို အမြဲတမ်း တင်းတင်းကြပ်ကြပ် ကျုံ့ထားလေ့ရှိသည်။

အကယ်၍ သခင်မကျန်းသာ လူအများ၏ ကန့်ကွက်မှုမှန်သမျှကို ကျော်လွှားပြီး သခင်မကြီးရှဲ့နှင့် နယ်စားမင်းစုတို့၏ ရှေ့တွင် ဒူးထောက်ကာ နယ်စားမင်းကတော်ဟူသော ဂုဏ်သိက္ခာကို ဘေးဖယ်၍ အသနားမခံခဲ့လျှင်... သူမနှင့် စုကျန်းသည် မင်္ဂလာပွဲအဆင့်အထိ ဘယ်လိုမှ ရောက်ရှိလာနိုင်စရာ အကြောင်းမရှိပေ။

အခု ဘဝသစ်မှာ ‌ပြန်လည်မွေးဖွားလာခဲ့ပြီဖြစ်တာကြောင့် သူမက လင်းထိန်နေသော ခန်းမဆောင်ကြီးထဲ၌ မြင့်မြတ်တည်ငြိမ်စွာ ထိုင်နေရင်း ထိုအခိုက်အတန့်တွင် တုန်လှုပ်ချောက်ချားနေသော စုရှီးကို ကြည့်ကာ ဖော်ပြရန်ခက်ခဲသော စိတ်သက်သာရာရမှုနှင့် ကျေနပ်အားရမှုတို့ကို ခံစားလိုက်ရသည်။

ဆူညံရှုပ်ထွေးနေသော လူအုပ်ကြီးကြားတွင် သူမသည် မတ်တပ်ထရပ်လိုက်ပြီး စုရှီးကို လက်ညှိုးထိုးပြကာ ရုတ်တရက် အသံကို မြှင့်၍ ပြောလိုက်သည်။

"အဒေါ် အစ်မကြီးက အစ်ကိုကြီးနဲ့ လက်ထပ်ဖို့ မသင့်တော်ဘူးထင်တယ်။ ကြည့်ပါဦး... ကောင်းကင်ကြီးကိုယ်တိုင်တောင် ဆက်ပြီး မကြည့်ရက်တော့ဘဲ ဒီမိုးခြိမ်းသံနဲ့ သတိပေးချက် ပို့လိုက်တာပဲ!"

စုရှီးအား လက်ကောက်ဝတ်ပေးရန် ပြင်ဆင်နေသော ယန်ရှီ၏လက်သည် ခဏလောက် ရပ်တန့်သွား၏။ ထိုစကားကို ကြားရတဲ့အခါ သူမက လက်ကောက်ကို အလျင်အမြန် ပြန်လည်ရုပ်သိမ်းလိုက်သည်။

"ဒါဆိုရင်တော့ ငါလည်း သေချာပြန်စဉ်းစားရတော့မှာပဲ"

စုရှီးသည် မခံမရပ်နိုင်ဖြစ်ကာ နှုတ်ခမ်းကို ကိုက်လိုက်၏။

"သခင်မယန် —"

ယန်ရှီက ဖျော့တော့ပြီး မရေရာသော အပြုံးတစ်ခုကိုသာ ပြုံးထားသည်။

"သခင်မလေးစု... ခဏလောက် စောင့်ပေးပါဦး"

ခန်းမဆောင်ကြီးထဲရှိ လူတိုင်း၏ မျက်ဝန်းများသည် ရွှယ်နင်၏ နုနယ်ဖြူစင်သော မျက်နှာလေးထံသို့ စုပြုံကျရောက်လာကြသည်။

ရွှယ်နင်၏ မျက်နှာထက်တွင် စိုးရိမ်ပူပန်သော အမူအရာများ ရှိနေသော်လည်း သူမ၏ မျက်ဝန်းများကတော့ ကြည်လင်အေးစက်နေသည်။

"သခင်မကြီး... သာ့ကျဲ(အစ်မကြီး)မှာ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ ချို့ယွင်းချက်တစ်ခုခု ရှိနေပုံရပါတယ်။ ဒါကြောင့်မို့လို့ပဲ ကောင်းကင်ကြီးက ဒီမင်္ဂလာရှိတဲ့ စေ့စပ်ကြောင်းလမ်းတဲ့နေ့မှာ မိုးသက်မုန်တိုင်းတွေ၊ မိုးခြိမ်းသံတွေနဲ့... သူ(မ) လုမိသားစုထဲကို လက်ထပ်ဝင်ရောက်လို့မရဘူးဆိုတာကို သတိပေးနေတာ ဖြစ်မယ်!"

သခင်မကြီးရှဲ့၏ မျက်နှာအမူအရာက ချက်ချင်း ပြောင်းလဲသွားသည်။

"ရွှယ်နင်...နင် ဘာတွေ လျှောက်ပြောနေတာလဲ!"

ရွှယ်နင်သည် သူမ၏စိတ်ထဲတွင် လှောင်ပြောင်လိုက်မိသည်။ လျှောက်ပြောနေတာ ဟုတ်လား။

ဒီစကားလုံးများက အရင်ဘဝတုန်းက စုရှီးကိုယ်တိုင် သူမကို ပြောခဲ့တဲ့ စကားများကို တစ်လုံးမကျန် ပြန်လည်သင်ယူထားခြင်းသာ ဖြစ်သည်။

အရင်ဘဝတုန်းက စုရှီးသည် ဤကဲ့သို့သော စကားလုံးများကို အသုံးပြု၍ သူမအား ရွှံ့နွံထဲသို့ မညှာမတာ နင်းခြေခဲ့၏။

အခု သူမက ထိုအရာများကို ထိုက်ထိုက်တန်တန် ပြန်လည်ပေးဆပ်နေခြင်းသာ ဖြစ်သည်။

သူမက တမင်တကာ သွေးပျက်ထိတ်လန့်နေဟန်ဖြင့် မျက်ဝန်းထဲတွင် ကြောက်ရွံ့ရိပ်များအပြည့်ဖြင့် တိုးတိုးလေး ပြောလိုက်သည်။

"သခင်မကြီး... သာ့ကျဲနဲ့ ကုယွမ်ရှန်းတို့ရဲ့ လျှို့ဝှက်အရှုပ်တော်ပုံကို ကျွန်မရဲ့ အစ်ကိုကြီးဆီကနေ အခုထိ ဖုံးကွယ်ထားဖို့ ကြံစည်နေတုန်းပဲလားဟင်"

ယန်ရှီသည် ဘာမှမသိနားမလည်ဟန် ဆောင်လျက် ဇဝေဇဝါဖြင့် မေးလိုက်သည်။

"နင်နင်... ကုယွမ်ရှန်းဆိုတာ ဘယ်သူလဲ၊ ကုယွမ်ရှန်းဆိုတာ ဘာကိုပြောတာလဲ"

လုစစ်လင်သည် သူ၏ထက်မြက်သော မျက်ဝန်းများကို ကျဉ်းမြောင်းလိုက်ပြီး သခင်မကြီးရှဲ့ထံသို့ စူးရှသော အကြည့်တစ်ချက် ပစ်လွှတ်လိုက်သည်။

"ကုယွမ်ရှန်း... ဒါ ယောက်ျားတစ်ယောက်ရဲ့ နာမည်လား"

သူက မင်္ဂလာမဆောင်ရသေးခင်မှာပဲ ဦးထုပ်စိမ်း(ဖောက်ပြန်ခံရခြင်း) အဆောင်းခံရတော့မှာလား။

မင်္ဂလာပွဲတောင် ဖြစ်မြောက်ခြင်းမရှိသေးဘဲ ဖောက်ပြန်မှုအရှုပ်တော်ပုံက သူ့ဆီ ဦးတည်ပျံသန်းလာနေပြီ။

လုမိသားစုမှ မိခင်နှင့်သားဖြစ်သူတို့၏ ရှေ့တွင် သခင်မကြီးရှဲ့က ဘယ်လိုပြန်လည်ချေပရမလဲဆိုတာကို ခဏလောက် ဝေခွဲမရ ဖြစ်သွားတော့သည်။

စုရှီးသည် သူမ၏ အရှုပ်တော်ပုံကို ရွှယ်နင်က လူအများရှေ့မှာ ဖွင့်ချလိုက်သဖြင့် အပြစ်ရှိစိတ်နှင့်အတူ ဒေါသများ အလိပ်လိပ်ထွက်လာကာ ချက်ချင်းပင် မတ်တပ်ထရပ်လိုက်ပြီး ရွှယ်နင်ရှိရာသို့ ပြေးဝင်သွားကာ သူမ၏လက်ကို အထက်သို့ မြှောက်လျက် ရိုက်နှက်ရန် ပြင်လိုက်တော့သည်။

"ရွှယ်နင်... ဒီနေ့က ဘယ်လိုနေ့မျိုးလဲ။ နင့်လို အပြင်လူတစ်ယောက်က ဘာမလို့ ဒီလောက်တောင် စကားပြောရဲတာလဲ!"

ရွှယ်နင်သည် သူမ၏ လက်ဖဝါးလေးနှစ်ဖက်ကို တင်းတင်းဆုပ်လိုက်ပြီး မျက်ဝန်းများကို ရုတ်တရက် မှိတ်လိုက်မိ၏။သို့သော် စုရှီး၏ လက်ဝါးရိုက်ချက်က ကျရောက်မလာခင်မှာပင် လုစစ်လင်၏ နက်ရှိုင်းသော အသံကြီးက သူမ၏ နားစည်နားတွင် ဟိန်းထွက်လာခဲ့သည်။

"သခင်မလေးစုက နူးညံ့ပျော့ပျောင်းတဲ့ အကျင့်စာရိတ္တရှိတယ်လို့ ကျော်ကြားတာ မဟုတ်ဘူးလား။ အခုကျတော့ ဒီစစ်သူကြီးရဲ့ မျက်စိထဲမှာ နူးညံ့မှုအရိပ်အယောင်တစ်ခုမှမတွေ့ရဘဲ အကြမ်းဖက်ချင်တဲ့ မျက်နှာပေးနဲ့ လူသတ်ချင်တဲ့ အရှိန်အဝါတွေကိုပဲ မြင်တွေ့နေရပါ့လား"

စုရှီးသည် ဆွံ့အသွားသည်။ ထိုလူငယ်စစ်သူကြီးဆီကနေ ထွက်ပေါ်လာသော သတ်ဖြတ်ချင်သည့် အရှိန်အဝါက သူမကို အကြီးအကျယ် ဖိနှိပ်ထား၏။

သူမ၏ မျက်နှာပြင်သည် သွေးဆုတ်ဖြူလျော်သွားခဲ့ပြီး အလျင်အမြန်ပင် အတင်းအကျပ် ပြုံးလိုက်သည်။

"စစ်သူကြီးလု... အဲ့လိုမဟုတ်ပါဘူး။ ရွှယ်နင်က အရင်တုန်းက ပြင်းပြင်းထန်ထန် ဒဏ်ရာရဖူးလို့ ဖျားနာနေခဲ့တာပါ။ သူ(မ)ရဲ့ ဒဏ်ရာဟောင်းတွေ ပြန်ထလာပြီး အဖျားတက်နေတာကြောင့် စိတ်အာရုံတွေဝေဝါးပြီး ဒီလို အဓိပ္ပာယ်မရှိတဲ့ စကားတွေကို ရုတ်တရက် လျှောက်ပြောနေ—"

သူမ၏ စကားပင် မဆုံးသေးမီမှာပင် ကောင်းကင်ယံထက်မှ နောက်ထပ်တစ်ကြိမ် နားကွဲလုမတတ် ပြင်းထန်လှသော မိုးခြိမ်းသံကြီး လျှပ်စီးကြောင်းများနှင့်အတူ ထပ်မံမြည်ဟည်းသွားခဲ့ပြန်သည်။

စုရှီးသည် ကြောက်လန့်တုန်လှုပ်သွားခဲ့ပြီး သူမ၏ လက်ကောက်ဝတ်က ထိုအမျိုးသားရဲ့ သံမဏိကဲ့သို့ ကျပ်တည်းလှသော ဆုပ်ကိုင်မှုအောက်တွင် ရောက်ရှိသွားခဲ့ရာ သူမ ဘယ်လောက်ပဲ ရုန်းကန်နေပါစေ လွတ်မြောက်နိုင်ခြင်း မရှိခဲ့ပေ။

"ငါ့ရဲ့ညီမလေးက ဘယ်နေရာမှာ စိတ်အာရုံဝေဝါးနေလို့လဲ။ သူ(မ)ပြောတဲ့ စကားတွေက အကျိုးအကြောင်း ဆက်စပ်မှုအပြည့်ရှိတယ်။ စိတ်ရှုပ်ထွေးနေတဲ့ အရိပ်အယောင် လုံးဝမရှိဘူး။ အဲ့ဒါထက်... သခင်မလေးစုကိုယ်တိုင်ပဲ ပြောပြပါဦး— ကုယွမ်ရှန်းဆိုတာ ဘယ်သူလဲ"

ရွှယ်နင်က လုစစ်လင်၏ စကားကို ချက်ချင်းပင် ထောက်ခံလျက် ဖြူစင်ရိုးသားသော မျက်နှာပေးဖြင့် ဝင်ပြောလိုက်သည်။

"ဟုတ်ပါတယ် သာ့ကျဲ... သာ့ကျဲကိုယ်တိုင်ပဲ ဆက်ပြီး ရှင်းပြလိုက်ပါဦးလား"

စုရှီးသည် သူမကိုယ်သူမ ပြန်လည်ထိန်းချုပ်လိုက်ပြီး မျက်နှာကို မည်းမှောင်လျက် ပြောလိုက်သည်။

"ငါက မိုးခြိမ်းသံကြောင့် ရုတ်တရက် လန့်သွားရုံတင်ပါ"

ရွှေနင်က တည်ငြိမ်စွာဖြင့် "အော်..." ဟု ရေရွတ်လိုက်ပြီး နှုတ်ခမ်းထောင့်တွင် ဖျော့တော့သော အပြုံးတစ်ခု ပြုံးကာ ရုတ်တရက် ထပ်မံဖြည့်စွက်ပြောလိုက်သည်။

"မိုးခြိမ်းသံကြောင့် အစ်မကြီး လန့်သွားတာကတော့ တစ်ပိုင်းပေါ့လေ... ဒါပေမဲ့ ဒီမိုးသက်မုန်တိုင်းကြောင့် အစ်မကြီးရဲ့ ဝမ်းဗိုက်ထဲက ကလေးလေးပါ လန့်မသွားဖို့ပဲ ညီမကတော့ မျှော်လင့်မိပါတယ်"

သူမ၏ စကားသည် ရေကန်ထဲသို့ ကျောက်ခဲကြီးတစ်လုံး ပစ်ချလိုက်သကဲ့သို့ပင်... လှိုင်းလုံးပေါင်း ထောင်သောင်းမက ရုန်းကြွသွားစေသည်။

ခဏချင်းတွင်ပင် ယီဟယ်ခန်းမဆောင်ကြီးတစ်ခုလုံး သေလူကဲ့သို့ တိတ်ဆိတ်သွားခဲ့ပြီးနောက် ချက်ချင်းပင် အကြီးအကျယ် ဆူညံရှုပ်ထွေးသွားတော့သည်။

ရေတွက်၍မရနိုင်သော အကြည့်ပေါင်းများစွာက စုရှီးထံသို့ တပြိုင်နက်တည်း ကျရောက်လာခဲ့ကြပြီး သူမကို လူပြက်တစ်ယောက်ကဲ့သို့ ဖြစ်သွားစေသည်။

"နင်! ဘာတွေ လျှောက်ပြောနေတာလဲ! ငါက ဘယ်တုန်းက ကိုယ်ဝန်ရှိလို့လဲ!"

လုစစ်လင်သည် သူ၏ ထူထဲမှောင်မည်းသော မျက်ခုံးများကို တွန့်ချိုးလိုက်ပြီး ရွံရှာမနှစ်မြို့ဖွယ် အမူအရာဖြင့် စုရှီး၏ လက်ကောက်ဝတ်ကို ချက်ချင်းပင် ဖြုတ်ချပစ်လိုက်သည်။

"ဂုဏ်သရေရှိတဲ့ အိမ်တော်က သခင်မလေးတစ်ယောက်ဖြစ်ပြီးတော့... ကိုယ်ဝန်ရှိနေတယ် ဟုတ်လား"

သူက စစ်မြေပြင်မှာပဲ အချိန်ကုန်လွန်ခဲ့ပြီး အနံ့အသက်မကောင်း(ဆိုးရွား)တဲ့ အမျိုးသားကြီးများနှင့်သာ ဝန်းရံနေခဲ့ဖူးသော်လည်း... သူ့စိတ်ထဲတွင် သန့်ရှင်းစင်ကြယ်မှုကို မြတ်နိုးတတ်သည့် အလေ့အထရှိသဖြင့် ဒီလိုညစ်ပတ်ပေရေမှုမျိုးကို လုံးဝ လက်မခံနိုင်ပေ။

All Chapters