← Chapters

အခန်း ၈၄

Vol. 9 Ch. 84

အခန်း ၈၄

Vol. 9 Ch. 84

အခန်း ၈၄ - အရှုပ်ထုပ်

စုရှီးသည် မျက်မှောင်ကြုတ်လိုက်ပြီး ခန်းမဆောင်ကြီးထဲ၌ ခန္ဓာကိုယ်တစ်ခုလုံး မတ်မတ်မရပ်နိုင်ဘဲ ယိုင်နဲ့သွားခဲ့သည်။

"မဟုတ်ဘူး... မဟုတ်ဘူး... ကျွန်မလို လက်မထပ်ရသေးတဲ့ မိန်းကလေးတစ်ယောက်က ဘယ်လိုလုပ် ကိုယ်ဝန်ရှိနိုင်မှာလဲ။ ဒါ ရွှယ်နင်က ကျွန်မကို တမင်သက်သက် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ကြံဖျက်ဆီးဖို့ ကြံစည်နေတာ!"

လုစစ်လင်သည် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်လာ၏။ အမျိုးသမီးများကို လက်မပါရဘူးဆိုတဲ့ သူ့ရဲ့ကိုယ်ပိုင်စည်းကမ်းသာ မရှိခဲ့ရင် စုရှီး၏ ဦးခေါင်းကို ရိုက်ခွဲပြီး အထဲမှာ ဘာတွေရှိနေလဲဆိုတာကို ကြည့်ချင်စိတ်ပင် ပေါက်နေပြီ။

"အကြီးဆုံးသခင်မလေးမှာ အပြစ်ပုံချစရာ တခြားလူ မရှိတော့ဘူးလား။ ဘာဖြစ်လို့ ကိစ္စမှန်သမျှကို ငါ့ရဲ့ နင်နင်လေးအပေါ်ချည်းပဲ အမြဲတမ်း လွှဲချနေရတာလဲ"

ရွှယ်နင်၏ နှုတ်ခမ်းထောင့်လေးများက အခြားလူများ သတိမပြုမိနိုင်လောက်အောင် အနည်းငယ် လှုပ်ရှားသွားပြီး ခပ်ဖျော့ဖျော့ အပြုံးရိပ်တစ်ခု ပေါ်ထွက်လာသည်။

ဒီအချိန်မှသာ နယ်စားမင်းအိမ်တော်ရှိ တခြား လူကြီးများလည်း အသိပြန်ဝင်လာကြတော့သည်။

သခင်မကျန်းသည် အလွန်အမင်း အံ့အားသင့်သွား၏။

"ဘာလဲ..."

သခင်မကြီးရှဲ့နှင့် နယ်စားမင်းစု အပါအဝင် တခြားသူများလည်း ထိတ်လန့်တုန်လှုပ်စွာဖြင့် ချက်ချင်းပင် ထရပ်လိုက်ကြသည်။

လျိုရှီကတော့ လုံးဝ ဇဝေဇဝါဖြစ်နေသည်။

"နင်နင်... နင် ဘာတွေ လျှောက်ပြောနေတာလဲ။ သခင်မယန်နဲ့ စစ်သူကြီးလုတို့ရဲ့ ရှေ့မှာ နင့်အစ်မကြီးရဲ့ ဂုဏ်သိက္ခာကို ဒီလို လာပြီး မဖျက်ဆီးစမ်းပါနဲ့!"

ရွှယ်နင်သည် လူအုပ်ကြီးကို ဝေ့ကြည့်လိုက်ပြီး သူမ၏ စကားကို ပြတ်သားခိုင်မာစွာဖြင့် ထပ်ပြောလိုက်သည်။

"ကျွန်မ မှားမပြောပါဘူး။ အစ်မကြီးရဲ့ ဝမ်းဗိုက်ထဲက ကလေးလေးကို လန့်မသွားစေချင်ရုံတင်ပါ"

စုရှီးသည် ဒေါသများ အလိပ်လိုက်ထွက်လာခဲ့ပြီး စိတ်ဆိုးမာန်ဆိုးဖြင့် သူမ၏ လက်ဖဝါးကို နောက်ထပ်တစ်ကြိမ် မြှောက်လိုက်ပြန်သည်။

"ရွှယ်နင်... နင်း အတင့်ရဲလွန်းလှချည်လား!"

ယခုတစ်ကြိမ်တွင် ရွှယ်နင်ကိုယ်တိုင်က စုရှီး၏ လက်ကောက်ဝတ်ကို လှမ်း၍ ဖမ်းချုပ်လိုက်သည်။ သူမက စုရှီး၏ ဒေါသထွက်နေသော မျက်နှာကို စိုက်ကြည့်လိုက်ရင်း မျက်ဝန်းများကို အနည်းငယ် ပင့်တင်ကာ ပြောလိုက်သည်။

"အစ်မကြီး... သေချာနားထောင်ကြည့်ဦး—"

စုရှီးသည် မျက်မှောင်ကြုတ်လျက် ရွှယ်နင်အား ဟန်ဆောင်ပန်ဆောင် လုပ်နေတယ်လို့ နှာခေါင်းရှုံ့လှောင်ပြောင်ရန် ပြင်လိုက်စဉ်မှာပင်... တံခါးအပြင်ဘက်ဆီမှ ယောကျာ်းတစ်ယောက်ရဲ့ နာကျင်ကြေကွဲစွာ အော်ဟစ်ငိုညည်းသံကြီးကို ရုတ်တရက် ကြားလိုက်ရသည်။

"အကြီးဆုံးသခင်မလေး! ကျွန်တော့်ရဲ့ သွေးသားကို လွယ်ထားရက်နဲ့ တခြားလူတစ်ယောက်ကို သွားပြီး မလက်ထပ်ပါနဲ့!"

"ကျွန်တော် ကုယွမ်ရှန်းဆိုတာ မြင်းဇောင်းက နိမ့်ကျတဲ့ အစေခံတစ်ယောက်ပဲ ဖြစ်ဖြစ်ပေါ့... ဒါပေမဲ့ သခင်မလေးအပေါ် ထားတဲ့ ကျွန်တော့်ရဲ့ အချစ်တွေကတော့ တကယ့်ကို စစ်မှန်ပါတယ်!"

"ခုတင်ပေါ်မှာ ကျွန်တော်တို့ နှစ်ယောက် ချစ်ကြည်နူးခဲ့ကြတုန်းက... သခင်မလေးက ကျွန်တော်ကလွဲလို့ တခြားဘယ်သူ့ကိုမှ မလက်ထပ်ပါဘူးလို့ ပြောခဲ့ဖူးတယ် မဟုတ်လား။ အခုကျမှ ဘာဖြစ်လို့ ကျွန်တော့်ရဲ့ကလေးကို လွယ်ထားပြီးတော့မှ စစ်သူကြီးလုကို လက်ထပ်ဖို့ ကြံစည်နေရတာလဲ။ ကျွန်တော် လုံးဝ လက်မခံနိုင်ဘူး... အကြီးဆုံးသခင်မလေး!"

စုရှီး၏ မျက်နှာသည် ချက်ချင်းပင် သွေးဆုတ်ဖြူလျော်သွား၏။ မုန်တိုင်းဒဏ်ကြောင့် တစ်ကိုယ်လုံး ရွှဲရွှဲစိုနေသော လူတစ်ယောက် ခန်းမဆောင်ကြီးထဲသို့ တွားသွားဝင်ရောက်လာတာကို မြင်တွေ့လိုက်ရတဲ့အခါ သူမသည် တုန်တုန်ရင်ရင်ဖြင့် မထိန်းချုပ်နိုင်တော့ပေ။

"ဟေး... ဒါ အရင်တုန်းက လန်ရှန့်နဲ့ အရှုပ်တော်ပုံဖြစ်ပြီး အဖမ်းခံခဲ့ရတဲ့ ငါတို့အိမ်တော်က မြင်းဇောင်းထိန်း ကုယွမ်ရှန်း မဟုတ်ဘူးလား"

"သူ့ကို ခြေထောက်နှစ်ဖက်စလုံး ရိုက်ချိုးပြီး အိမ်တော်ကနေ မောင်းထုတ်လိုက်တာ မဟုတ်ဘူးလား။ ဘာဖြစ်လို့ ဒီနေ့ ဒီကို ပြန်ရောက်လာတာလဲ။ ပြီးတော့... အကြီးဆုံးသခင်မလေးရဲ့ ဗိုက်ထဲက ကလေးက သူ့ကလေးဆိုတာရော ဘာကိုပြောတာလဲ"

"ဒါဆိုရင်တော့... အဲ့ဒီတုန်းက သခင်မလေးရွှယ်ရဲ့ အသိအမှတ်ပြုပွဲမှာ အရှုပ်တော်ပုံဖြစ်ခဲ့တဲ့သူတွေက တကယ့်လက်တွေ့မှာ အကြီးဆုံးသခင်မလေးနဲ့ ဒီမြင်းဇောင်းထိန်းတို့ ဖြစ်နေတာပေါ့!"

"ဒါဆိုရင်တော့... လန်ရှန့်က မတရား စွပ်စွဲပုတ်ခတ်တာကို ခံခဲ့ရတာပေါ့နော်"

လူများက အချင်းချင်း တိုးတိုးတိတ်တိတ်ဖြင့် အတင်းအဖျင်းများ စတင်ပြောဆိုကြတော့ရာ... သူတို့၏ စူးစိုက်သော အကြည့်များက စုရှီးအား အရှက်ရစေမည့် အပြစ်ဒဏ်တိုင်တွင် ရိုက်နှက်ချည်နှောင်ထားသကဲ့သို့ ဖြစ်စေခဲ့သည်။

ထိုစဉ်တုန်းက သခင်မကြီးရှဲ့သည် ဤကိစ္စကို ကိုင်တွယ်ဖြေရှင်းစဉ်က ဝမ်ရှိုခန်းမဆောင်၏ တံခါးများကို ပိတ်ထားခဲ့ပြီး သစ္စာရှိသော အသက်စာချုပ် ချုပ်ထားသည့် အစေခံများကိုသာ အနားတွင် ထားရှိခဲ့တာ ဖြစ်သည်။ ထို့ကြောင့်ပင် အိမ်တော်ထဲရှိ လူအများစုက အမှန်တရားကို မသိကြဘဲ လန်ရှန့်ဟာ အထီးကျန်မှုကို မခံစားနိုင်ဘဲ မြင်းဇောင်းထိန်းနှင့် ဖောက်ပြန်ခဲ့ခြင်းဖြစ်တယ်လို့သာ ယုံကြည်နေခဲ့ကြတာ ဖြစ်သည်။ ယခု စုရှီး၏ ကိုယ်ဝန်ရှိမှု အရှုပ်တော်ပုံက ပွင့်ပွင့်လင်းလင်း ပေါ်ပေါက်လာခဲ့ပြီဖြစ်တဲ့အတွက် လူတိုင်းက အမှန်တရားကို ချက်ချင်း သဘောပေါက်သွားကြတော့သည်။ သမီးအကြီးဆုံးဖြစ်တဲ့ စုရှီးကိုယ်တိုင်ပဲ အရှက်အကြောက်မရှိ မြင်းဇောင်းထိန်းနှင့် လျှို့ဝှက်ဖောက်ပြန်ခဲ့တာ!!!

လီချန်ချဲ့သည် ပြကွက် တဖြည်းဖြည်း လှုပ်ရှားသက်ဝင်လာတာကို အတန်ကြာအောင် အကဲခတ်စောင့်ကြည့်နေခဲ့သည်။ ရွှယ်နင်၏ နှုတ်ခမ်းထောင့်တွင် ဖုံးကွယ်ထားသော အပြုံးရိပ်လေးကို လှမ်းမြင်လိုက်ရတဲ့အခါမှသာ ဒီနေ့ဖြစ်ပျက်သမျှ ကိစ္စအားလုံးက ထိုမိန်းကလေးငယ်လေး၏ လက်ချက်သာ ဖြစ်ရမယ်ဆိုတာ သူ ရုတ်တရက် သဘောပေါက်သွားတော့သည်။ သူက လက်တစ်ဖက်ဖြင့် မေးစေ့ကို ထောက်လိုက်ရင်း သက်ပြင်းခပ်တိုးတိုးချကာ ရေရွတ်လိုက်သည်။

"ဒီလောက်အထိ ရိုးသားတဲ့ ခံစားချက်မျိုးကတော့... တကယ့်ကို စိတ်လှုပ်ရှားစရာပဲ"

လူအများရှေ့တွင် ဖောက်ပြန်ခံလိုက်ရသော လုစစ်လင်ကတော့ လက်ပိုက်ကာ စိတ်မသက်မသာဖြင့် ပြောလိုက်သည်။

"မင်းက ဒီလိုအခြေအနေမျိုးမှာတောင် ဒါမျိုး ပြောရဲသေးတယ်ပေါ့"

လီချန်ချဲ့က ပြန်ပြောလိုက်၏။

"မင်္ဂလာကိစ္စက အတည်မဖြစ်သေးတာပဲ၊ မင်းနဲ့ ဘာမှမပတ်သက်သေးဘူးလေ။ ဘာဖြစ်လို့ ဒေါသထွက်နေရတာလဲ"

လုစစ်လင်က မျက်ခုံးတစ်ချက် ပင့်လိုက်သည်။

"တရားဝင် စေ့စပ်ကြောင်းလမ်းခြင်း မပြုရသေးဘူးဆိုပေမဲ့ သူ(မ)က ငါ့ရဲ့ သတို့သမီးလောင်း ဖြစ်နေတုန်းပဲလေ။ အခုလို ဘယ်ကမှန်းမသိတဲ့ ကလေးတစ်ယောက် ရုတ်တရက် ပေါ်လာတာကို... ငါက ဒေါသ မထွက်ရဘူးလား"

လီချန်ချဲ့၏ နှုတ်ခမ်းထောင့်တွင် ဖျော့တော့သော အပြုံးတစ်ခု ထင်ဟပ်သွားပြီး သူ့အကြည့်များက ရွှယ်နင်၏ ကြွေထည်ကဲ့သို့ ဖြူစင်ဝင်းပသော ပါးပြင်လေးများဆီ ကျရောက်သွားသည်။

ထိုမိန်းကလေးငယ်က ခုနကတင် တရားမျှတမှုအတွက် ဒေါသထွက်နေခဲ့ပြီး သူမရဲ့ လေသံက နူးညံ့သော်လည်း ပြတ်သားကာ စုရှီးကို လုံးဝ လမ်းမရှိတော့သည့် အခြေအနေသို့ ရောက်အောင် တွန်းပို့ရန် ဆုံးဖြတ်ထားပုံရ၏။

ဒါပေမဲ့ သူမက အသက်သေးပြီး အတွေ့အကြုံ နုနယ်သေးသဖြင့် သူမ၏ နည်းလမ်းများက အနည်းငယ် လိုအပ်ချက် ရှိနေသေးသည်။

သို့သော် ယနေ့ စီစဉ်ထားမှုများကတော့ စနစ်တကျရှိပြီး အကွက်စေ့လွန်းပေသည်။

သူ့ရင်ထဲမှာ အနည်းငယ် ပျော့ပြောင်းသွားခဲ့ပြီး ဤပွဲကို ပျော်ရွှင်စွာ ဆက်ကြည့်ရန် ဆုံးဖြတ်လိုက်ကာ မီးလောင်ရာလေပင့်ရန်လည်း ဝန်မလေးခဲ့ချေ။

"ငါ့အမြင်ကတော့... သခင်မလေးစုမှာ ကိုယ်ဝန် ရှိ၊ မရှိ ဆိုတာကို သမားတော်တစ်ယောက်ကို ခေါ်ပြီး စမ်းသပ်ကြည့်ရုံနဲ့တင် သိနိုင်တာပဲ"

နယ်စားမင်းအိမ်တော်မှ လူများသည် ဒီမြင်ကွင်းကြောင့် ကြောင်အမ်း ဆွံ့အလျက် ရှိနေကြပြီ ဖြစ်၏။

သူတို့က ခြေထောက်နှစ်ဖက်စလုံး ရိုက်ချိုးခံထားရသော ကုယွမ်ရှန်းသည် လက်နှစ်ဖက်ကိုသာ အားပြုလျက် အတွင်းခန်းမဆောင်ထဲသို့ တွားသွားဝင်ရောက်လာတာကို ငေးကြည့်နေကြသည်။

စုရှီးသည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီး အော်ဟစ်ကာ နောက်သို့ ယိုင်နဲ့စွာ ဆုတ်သွားခဲ့သည်။

သို့သော် သူမ၏ စိတ်လှုပ်ရှားမှုက ပြင်းထန်လွန်းသဖြင့် သူမ၏ ဝမ်းဗိုက်အောက်ပိုင်းမှ စူးရှသော နာကျင်မှုကို ခံစားလိုက်ရ၏။

ခဏအတွင်းမှာပင် သူမက ဟန်ချက်ပျက်သွားပြီး ကြမ်းပြင်ပေါ်သို့ တိုက်ရိုက် လဲကျသွားတော့သည်။

"အို... အကြီးဆုံးသခင်မလေး သတိလစ်သွားပြီ!"

လူအုပ်ကြီးသည် နောက်ထပ်တစ်ကြိမ် ဆူညံရှုပ်ထွေးသွားခဲ့ပြန်သည်။ အခြေအနေများ မဟန်တော့သည်ကို မြင်တွေ့လိုက်ရတဲ့အခါ လျိုရှီသည် သူမ၏ အစေခံမိန်းကလေးများကို စုရှီးအား အလျင်အမြန် တွဲထူ၍ ခေါ်ဆောင်သွားရန် စေခိုင်းလိုက်သည်။

သို့သော် ရွှယ်နင်က သူမကို အဲ့လိုလုပ်ဆောင်ရန် အခွင့်အရေး လုံးဝမပေးခဲ့ချေ။ သူမက ခေါင်းကို အလျင်အမြန်လှည့်၍ ပြောလိုက်၏။

"ပေါင်ချန်... အစ်မကြီး သတိလစ်သွားပြီ။ နည်းလမ်းရှာပြီး သမားတော်ကို ဘာလို့ အခုထိ သွားမခေါ်သေးတာလဲ"

ပေါင်ချန်၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးညွတ်သွားသည်။

"ကျွန်မ သမားတော်စွန်းကို သွားပင့်ဖို့ လူလွှတ်ထားပြီးပါပြီ။ သူက တံခါးအပြင်ဘက်မှာ ရောက်နေပါပြီ။ သမားတော်စွန်း... အထဲကို လာပြီး အကြီးဆုံးသခင်မလေးရဲ့ သွေးခုန်နှုန်းကို စမ်းသပ်ပေးပါဦး"

ထိုသို့ပြောပြီးနောက် သူမသည် တံခါးအပြင်ဘက်မှ သမားတော်စွန်းကို အထဲသို့ ခေါ်လာခဲ့သည်။

နယ်စားမင်းစုသည် အိမ်တော်၏ သိက္ခာများ ထပ်မံမကျဆင်းစေချင်တာကြောင့် အေးစက်စက် မျက်နှာပေးဖြင့် စိုက်ကြည့်ကာ သမားတော်စွန်းအား အနားသို့ မကပ်ရန် တားမြစ်လိုက်သည်။

သို့သော် လီချန်ချဲ့ကတော့ ၎င်းကို သဘောမတူပေ။

"နယ်စားမင်း ဒီလိုလုပ်နေတာက... စိတ်ထဲမှာ အပြစ်မကင်းလို့ တစ်ခုခုကို ဖုံးကွယ်ချင်နေတာကြောင့်လား"

ယန်ရှီကလည်း ချက်ချင်းပင် လီချန်ချဲ့၏စကားကို ထောက်ခံကာ ဝင်ပြောလိုက်၏။

"မှန်တယ် နယ်စားမင်း။ ကျွန်မတို့ လုမိသားစုက စုမိသားစုနဲ့ တရားဝင် စေ့စပ်ကြောင်းလမ်းဖို့ လာခဲ့တာပါ၊ ဒါပေမဲ့ စုမိသားစုရဲ့ သမီးမှာ ကိုယ်ဝန်ရှိနေတယ် ဟုတ်လား။ အကယ်၍ နယ်စားမင်းအနေနဲ့ ဒီနေ့ ကျွန်မတို့ကို သေချာတဲ့ ရှင်းလင်းချက်တစ်ခု မပေးနိုင်ဘူးဆိုရင်... ကျွန်မတို့ရဲ့သခင်လေးကို ဒီအိမ်တော်နဲ့ ဘယ်လိုစိတ်ချလက်ချ လက်ထပ်ပေးနိုင်ပါ့မလဲ။ ကျွန်မတို့ လုမိသားစုက လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ ဂုဏ်ဒြပ်တွေ မှေးမှိန်သွားခဲ့တာ မှန်ပေမဲ့... သားသမီးတွေရဲ့ အိမ်ထောင်ရေးကိစ္စကိုတော့ ဘယ်တော့မှ ပေါ့ဆမှာ မဟုတ်ပါဘူး။ အကယ်၍ အကြီးဆုံးသခင်မလေးမှာ ဖုံးကွယ်ထားစရာ ဘာမှမရှိဘူးဆိုရင်... သမားတော်ကို စမ်းသပ်ခွင့်ပေးလိုက်တာက ဘာများ နစ်နာသွားမှာမလို့လဲ"

နယ်စားမင်းစုသည် ယန်ရှီ၏ ပြတ်သားသော စကားလုံးများကြောင့် စကားတစ်ခွန်းတောင် ပြန်လည်မချေပနိုင်တော့ဘဲ ဆွံ့အသွားသည်။ သူက စုရှီးကို အေးစက်ခက်ထန်စွာ စိုက်ကြည့်လိုက်၏။

"ကောင်းပြီ... ဒါဆိုရင်လည်း ငါ မင်းတို့ကို ရှင်းလင်းချက် ပေးရတာပေါ့။ သမားတော်စွန်း... စုရှီးကို သေသေချာချာ စမ်းသပ်စစ်ဆေးပြီး သူ(မ)မှာ ကိုယ်ဝန် ရှိ၊ မရှိ ဆိုတာကို ချက်ချင်း အဖြေထုတ်ပေးစမ်း!"

နယ်စားမင်းစု၏ ခွင့်ပြုချက်ရရှိပြီးနောက်တွင်မှ သမားတော်စွန်းသည် စုရှီး၏ လက်ကောက်ဝတ်ပေါ်သို့ နောက်ဆုံး၌ လက်တင်ကာ စမ်းသပ်နိုင်ခဲ့သည်။ ခေတ္တမျှ စမ်းသပ်ပြီးနောက် သူ့ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်သွားရပြီး တုန်တုန်ရင်ရင်ဖြင့် ပြောလိုက်၏။

"သခင်မကြီး... နယ်စားမင်း... အကြီးဆုံးသခင်မလေးက... သူ(မ)..."

သခင်မကြီးရှဲ့သည် ဒေါသအရမ်းထွက်နေသည်။

"သူ(မ )ဘာဖြစ်နေလို့လဲ!"

သမားတော်စွန်းက လည်ချောင်းကို ခက်ခက်ခဲခဲ တံတွေးမြိုချလိုက်ရင်း အခန်းထဲရှိ လူများကို ဝေ့ကြည့်လိုက်သည်။ အထူးသဖြင့် လီချန်ချဲ့၏ အေးစက်စက် မျက်ဝန်းများနှင့် ဆုံစည်းသွားချိန်တွင်... သူက သွားကိုတင်းတင်းကြိတ်၊ စိတ်ကိုဒုံးဒုံးချလိုက်ပြီး တင်ပြလိုက်တော့သည်။

"အကြီးဆုံးသခင်မလေးရဲ့ ဗိုက်ထဲက သန္ဓေသားက... တစ်လကျော် ရှိနေပါပြီ!"

စုရှီးသည် ရွှယ်နင်၏ စွပ်စွဲပုတ်ခတ်မှုကြောင့် မတရားခံရသူတစ်ဦးကဲ့သို့ ငိုယိုပြရန် ကြိုတင်ပြင်ဆင်ထားခဲ့သော်လည်း... ယခု သမားတော်၏ စကားကို ကြားလိုက်ရသောအခါ မိုးကြိုးအချက်ပေါင်းများစွာ အပစ်ခံလိုက်ရသကဲ့သို့ တစ်ကိုယ်လုံး ဆွံ့အမှင်သက်ကာ နေရာမှာတင် ကြောင်အမ်းသွားခဲ့သည်။

နယ်စားမင်းစု၏ နှုတ်ခမ်းများက တင်းတင်းကြပ်ကြပ် စေ့ပိတ်သွားသည်။

"မင်း... ဘာပြောလိုက်တယ်"

သမားတော်စွန်းက ထပ်မံ၍ အတည်ပြုပေးလိုက်သည်။

"အကြီးဆုံးသခင်မလေးမှာ ကိုယ်ဝန်ရှိနေတာ တစ်လကျော်သွားပါပြီ"

ဤသတင်းစကားကြောင့် အခန်းတစ်ခုလုံး သရဲခြောက်ခံလိုက်ရသကဲ့သို့ အပ်ကျသံပင်မကြားရလောက်အောင် တိတ်ဆိတ်သွားသည်။

မင်္ဂလာမဆောင်ရသေးခင်၊ စေ့စပ်ကြောင်းလမ်းခြင်းပင် မပြုရသေးမီမှာတင် စုရှီးတွင် ကိုယ်ဝန်ရှိနေပြီဖြစ်လိမ့်မည်ဟု ဘယ်သူမှ မမျှော်လင့်ထားခဲ့ကြပေ။

အကယ်၍ ဒီအရှုပ်တော်ပုံသတင်းသာ အပြင်ဘက် ပေါက်ကြားသွားပါက ရွှမ်းယီနယ်စားမင်းအိမ်တော်ရဲ့ ဂုဏ်သိက္ခာက ဘာဖြစ်သွားမလဲ။

နယ်စားမင်းစုက နှာခေါင်းရှုံ့လိုက်ရင်း ဒုတိယအိမ်တော်မှ လျိုရှီရှိရာဘက်သို့ လှည့်ကြည့်လိုက်ကာ သွားကို တင်းတင်းကြိတ်လျက် အံကြိတ်၍ ပြောလိုက်သည်။

"ကြည့်စမ်း... မင်း သွန်သင်ဆုံးမပြီး မွေးမြူထားတဲ့ သမီးလိမ္မာလေးကို!"

လျိုရှီသည် တစ်ကိုယ်လုံး တုန်တုန်ရင်ရင်ဖြင့် မျက်နှာတစ်ခုလုံး သွေးဆုတ်ဖြူလျော်သွားခဲ့ပြီး မည်သည့်စကားတစ်ခွန်းမျှ ပြန်လည်မချေပနိုင်ဘဲ အတန်ကြာအောင် ထစ်ထစ်အအ ဖြစ်နေခဲ့သည်။

နယ်စားမင်းစုသည် ရွှယ်နင်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် သခင်မကျန်းဘက်သို့ လှည့်ကာ ဒေါသပြင်းထန်စွာဖြင့် ဆူပူကြိမ်းမောင်းတော့သည်။

"ဒါတွေအားလုံးက မင်းရဲ့ ညံ့ဖျင်းတဲ့ အိမ်တွင်းစည်းကမ်းတွေကြောင့်ပဲ။ ကြည့်စမ်း... ရွှမ်းယီနယ်စားမင်းအိမ်တော်ရဲ့ အတွင်းဆောင်တွေက ဘာတွေဖြစ်ကုန်ပြီလဲ! ဒီကိစ္စ ပြီးသွားတာနဲ့... မင်းက အိမ်တော်ရဲ့ သခင်မတစ်ယောက်အနေနဲ့ ဘိုးဘွားခန်းမထဲမှာ သေချာပေါက် သွားပြီး နောင်တတရားနဲ့ ဆင်ခြင်သုံးသပ်ရမယ်!"

သခင်မကျန်းသည် စကားပြန်ပြောရန် ပြင်လိုက်သော်လည်း တုံ့ဆိုင်းသွား၏။

"သခင်ကြီး... ကျွန်မ..."

သို့သော် နယ်စားမင်းစုက သူမအား ဆင်ခြေပေးခွင့် လုံးဝမပြုခဲ့ချေ။

"ဆင်ခြေတွေ ပေးနေဖို့မလိုဘူး! မင်းရဲ့ တာဝန်ဝတ္တရားတွေကို ပျက်ကွက်ခဲ့တာ ဖြစ်တဲ့အတွက်... မင်းလက်ထဲက အိမ်တွင်းအာဏာတွေကိုပါ လွှဲအပ်လိုက်တော့!"

သခင်မကျန်း၏ နုနယ်သော မျက်နှာသည် ဖြူလျော်သွားခဲ့ပြီး ခင်ပွန်းဖြစ်သူ၏ အမျက်ဒေါသပြင်းစွာ ဆူပူကြိမ်းမောင်းမှုအောက်တွင် သူမ၏ခန္ဓာကိုယ်မှာ ဟန်ချက်မညီဘဲ ယိုင်နဲ့သွားသည်။

နယ်စားမင်းစု၏ ပြင်းထန်သော စွပ်စွဲပြစ်တင်မှုများသည် သခင်မကျန်း၏ ဦးခေါင်းပေါ်သို့ တောင်ကြီးတစ်လုံးသဖွယ် ဖိနှိပ်ကျရောက်လာခဲ့သည်။ လုမိသားစုမှ မိခင်နှင့်သားဖြစ်သူတို့၏ ရှေ့မှာ... သူက သူမကို အိမ်တော်၏ သခင်မတစ်ဦးဟူသော ဂုဏ်သိက္ခာကို လုံးဝ ထည့်သွင်းမတွက်ချက်ဘဲ မျက်နှာဖျက်ခဲ့သည်။

သူမ၏ မျက်တောင်ရှည်များ တုန်လှုပ်သွားခဲ့ပြီး ယန်ရှီ၏ ဂရုဏာသက်နေသော အကြည့်များနှင့် ဆုံစည်းသွားခဲ့သည်။ ခဏအတွင်းမှာပင် သူမ၏ ဦးရေပြားများ စိမ့်တက်သွားပြီး အသက်ရှူရတာလည်း မောဟိုက်လာ၏။

"ကျန်းဖူးရန်... မင်းရဲ့ လုပ်ရပ်တွေကို သေသေချာချာ ပြန်ပြီး ဆင်ခြင်သုံးသပ်စမ်း"

ထိုသို့ပြောဆိုပြီးနောက် နယ်စားမင်းစုသည် လှည့်ထွက်သွားခဲ့ပြီး ဤရှုပ်ထွေးပွေလီသော အရှုပ်ထုပ်ကြီးတစ်ခုလုံးကို ကိုင်တွယ်ဖြေရှင်းရန်အတွက် သခင်မကျန်းတစ်ဦးတည်းအပေါ်သို့ ပုံချထားခဲ့တော့သည်။

All Chapters