← Chapters

အခန်း ၈၅

Vol. 9 Ch. 85

အခန်း ၈၅

Vol. 9 Ch. 85

အခန်း ၈၅ - သခင်လေးလီလား?

ယီဟယ်ခန်းမဆောင်တစ်ခုလုံးတွင် လေထုမှာ အပ်ကျသံပင် ကြားရလောက်အောင် အသက်ရှူကျပ်ဖွယ် ကောင်းနေပြီး စုရှီး၏ တရှုံ့ရှုံ့ငိုသံ သဲ့သဲ့သာ ခပ်စိပ်စိပ် ထွက်ပေါ်နေသည်။

ယန်ရှီနှင့် လုစစ်လင်တို့လည်း ဒီနေရာမှာ ဆက်နေရန် မသင့်တော်တော့သဖြင့် တစ်ချက် စဉ်းစားလိုက်ပြီးနောက် နှုတ်ဆက်ရန် ရှေ့သို့ လှမ်းလာခဲ့ကြသည်။

"သခင်မကြီး... နယ်စားမင်းအိမ်တော်မှာ အရေးကြီးကိစ္စတွေ ရှိနေသေးတာမလို့ ကျွန်မတို့ ဒီနေ့တော့ ဆက်မနှောင့်ယှက်တော့ပါဘူး။ နောက်ရက်မှပဲ တစ်ခေါက် ပြန်လာလည်ပါတော့မယ်”

သခင်မကြီးရှဲ့၏ မျက်နှာမှာ အရှက်ရမှုကြောင့် မည်းမှောင်နေသည်။ သူမက အားနာဟန်ဖြင့် ခေါင်းညိတ်ပြလိုက်၏။

“ဒီနေ့ကိစ္စက တကယ်ကို အရှက်ခွဲလိုက်သလို ဖြစ်သွားရတယ်။ ငါ့ရဲ့ အသုံးမကျတဲ့ မြေးအကြီးမက အိမ်တော်ရဲ့ သိက္ခာကို ချလိုက်တာပဲ။ ဒါပေမဲ့... ဒီကိစ္စကိုတော့ သခင်မယန်တို့ဘက်က လျှို့ဝှက်ပေးထားမယ်လို့ မျှော်လင့်ပါတယ်”

ယန်ရှီက လိမ္မာပါးနပ်စွာဖြင့် ပြန်လည် တုံ့ပြန်သည်။

“သခင်မကြီး... စိတ်ချပါ။ ကျွန်မတို့ မိသားစုနှစ်စုရဲ့ ကောင်းချီးပေးမယ့် မင်္ဂလာကိစ္စက အကြောင်းမပါခဲ့ရင်တောင်မှ အခင်အမင်မပျက် ဆက်ရှိနေဦးမှာပါ။ အိမ်ပြန်ရောက်ရင်လည်း အစေခံတွေ အကုန် ပါးစပ်ပိတ်ထားဖို့ ကျွန်မ သေချာ ကြပ်မတ်လိုက်ပါ့မယ်။ ဒီနေ့ကိစ္စကို အပြင်လူတစ်ယောက်မှ သိစေရပါဘူး”

ယန်ရှီ၏ စကားအရ မိသားစုနှစ်ခုကြား စေ့စပ်ကြောင်းလမ်းမည့် ကိစ္စက ဘယ်လိုမှ ပြန်အဆင်ပြေနိုင်စရာ အကြောင်းမရှိတော့တာ ထင်ရှားသည်။

သို့သော် သူမက စကားတည်သူပီပီ နယ်စားမင်းအိမ်တော်၏ အရှက်ရဖွယ်ကိစ္စကို လျှို့ဝှက်ပေးမည်ဟု ကတိပေးခဲ့သဖြင့် ကတိဖျက်မည့်သူ မဟုတ်ပေ။

ထိုအခါမှသာ သခင်မကြီးရှဲ့လည်း စိတ်သက်သာရာရကာ လုမိသားစုဝင်များကို ယီဟယ်ခန်းမဆောင်အပြင်ဘက်အထိ ကိုယ်တိုင် လိုက်ပို့ပေးခဲ့သည်။

ထို့နောက် အိမ်တော်ထဲသို့ ပြန်လှည့်လာချိန်တွင် သူမသည် စုရှီးထံသို့ ဒေါသတကြီး လှမ်းသွားပြီး ပါးစပ်ပိတ်သွားစေရန် ပါးကို ခပ်ပြင်းပြင်း ဆင့်ကာ ရိုက်နှက်လိုက်တော့၏။

ဖြောင်း! ဖြောင်း!

စုရှီးသည် နီမြန်းပြီး ရောင်ကိုင်းလာသော သူမ၏ ပါးပြင်ကို အုပ်ကိုင်ရင်း ရှိုက်ကြီးတငင် ငိုကြွေးနေသည်။ သူမက မြေပြင်ပေါ်သို့ အားကိုးတကြီး ဒူးထောက်ချလိုက်ပြီး သခင်မကြီးရှဲ့၏ ခြေရင်းသို့ ဒူးတိုက်လျက် ကပ်သွားသည်။

“အဘွား... သမီး တကယ် မသိပါဘူး... ဘာတွေ ဖြစ်ကုန်တာလဲဆိုတာကို... ဒါ... ဒါ သေချာပေါက် ရွှယ်နင် သမီးကို ထောင်ချောက်ဆင်ပြီး ဒုက္ခပေးတာ နေမှာပါ...”

“အဓိပ္ပာယ်မရှိတာ! ရွှယ်နင်က နင့်ဗိုက်ထဲကို တခြားယောက်ျားရဲ့ ကလေး ဝင်အောင်းနေအောင် လုပ်နိုင်တဲ့ နတ်ဘုရားမလား!”

သခင်မကြီးရှဲ့သည် ကိုယ့်အပြစ်ကို မသိဘဲ သူတစ်ပါးကို လွှဲချနေသော စုရှီးကို ကြည့်ကာ ဒေါသအိုး ပေါက်ကွဲမတတ် ဖြစ်သွားပြီး မျက်ဝန်းထဲတွင်လည်း ရွံရှာမုန်းတီးမှုများ ပြည့်နှက်နေတော့သည်။

“ငါက နင့်အပေါ် အလိုလိုက်လွန်းခဲ့ပုံရတယ်။ နင်နဲ့ ကုယွမ်ရှန်းတို့ ကြိုက်နေတဲ့ကိစ္စ ပထမဆုံး ပေါ်ကတည်းက နင်တို့နှစ်ယောက်လုံးကို မျက်စိအောက်က ပျောက်အောင် နယ်က စိုက်ပျိုးရေးခြံကို ပို့ပစ်လိုက်ရမှာ! အခုတော့ လုမိသားစု ရှေ့မှာတင် ဒီလို သိက္ခာမဲ့တဲ့ အရှုပ်ထုပ်ကို ချပြလိုက်ပြီ။ နင့်ဂုဏ်သိက္ခာတင် ပျက်စီးသွားတာမဟုတ်ဘူး၊ အိမ်တော်ထဲက တခြား ညီမတွေကိုပါ နင်က နာမည်ဖျက်လိုက်တာပဲ။ အစ်မအကြီးဆုံး ဖြစ်ပြီးတော့ ဒီလောက် အရှက်မရှိတဲ့ အလုပ်မျိုးကို ဘယ်လိုတောင် လုပ်ရဲတာလဲ!”

အတိတ်တုန်းကဆိုလျှင် သူမသည် မိသားစု၏ မြေးအကြီးဆုံးအဖြစ် စုရှီးအပေါ် အတိုင်းအတာတစ်ခုအထိ အလေးထား ငဲ့ညှာပေးခဲ့ဖူး၏။

စုရှီးနှင့် ကုယွမ်ရှန်းတို့ အရှုပ်တော်ပုံ ဖြစ်ပွားခဲ့စဉ်ကပင် သူမက စုရှီးကို ကာကွယ်ပေးရန် အစွမ်းကုန် ကြိုးစားပေးခဲ့သေးသည်။

သို့သော် ယခုအချိန်တွင် သူမက စုရှီးအပေါ် လုံးဝ မျှော်လင့်ချက် ပြတ်တောက်သွားခဲ့ပြီ။

“တော်စမ်း! နင်နဲ့ ကုယွမ်ရှန်းက တစ်ယောက်နဲ့တစ်ယောက် ဒီလောက်တောင် အသေအလဲ ချစ်နေကြပြီး နင့်ဗိုက်ထဲမှာလည်း သူ့သွေးသား ရှိနေမှတော့... ဒီနေ့ ငါ ကိုယ်တိုင်ပဲ ဆုံးဖြတ်ပေးလိုက်မယ်၊ နင် သူ့ကိုပဲ လက်ထပ်လိုက်တော့!”

စုရှီးသည် မယုံကြည်နိုင်လွန်းသဖြင့် သူမ၏မျက်ဝန်းများ အဝိုင်းသား ဖြစ်သွားပြီး မျက်ရည်များ စီးကျလာသည်။

“အဘွား... မလုပ်ပါနဲ့... သမီး လက်မထပ်ချင်ဘူး!”

သခင်မကြီးရှဲ့၏ အကြည့်များက ရေခဲကဲ့သို့ အေးစက်နေသည်။

“နင် ဒီမှာ ဆက်နေပြီး အိမ်တော်ကို ထပ်အရှက်ခွဲဦးမလို့လား။ ဘယ်သူရှိလဲ... အကြီးဆုံးသခင်မလေးကို ခေါ်ထုတ်သွားကြစမ်း”

စုရှီးသည် အော်ဟစ်ငိုယိုရင်း ဆွဲခေါ်သွားခြင်းကို ခံလိုက်ရပြီး သူမ၏ စူးစူးဝါးဝါး အော်ဟစ်သံများသာ ကျန်ရစ်ခဲ့တော့သည်။

ကြမ်းပြင်ပေါ်တွင် လဲနေဆဲဖြစ်သော ကုယွမ်ရှန်းက ဤအချိန်တွင် ဘာစကားမှ မပြောဘဲ တိတ်ဆိတ်နေခဲ့သည်။ သူ၏ နက်မှောင်သော မျက်ဝန်းများက သခင်မကြီးရှဲ့ထံသို့သာ စူးစူးစိုက်စိုက် ရောက်ရှိနေလေသည်။

သခင်မကြီးရှဲ့က ဝါရင့်မြေခွေးအိုကြီးတစ်ကောင် ပီပီ... ဒီလို အခြေအနေမျိုးမှာ ကုယွမ်ရှန်းလို လူစားမျိုးက ဘာတွေ တွေးနေမလဲဆိုတာကို သူမ မသိဘဲ နေပါ့မလဲ။

သူမက သူ့အနားသို့ လျှောက်သွားပြီး အထက်စီးမှ ငုံ့ကြည့်ကာ ပြတ်သားသော လေသံဖြင့် သတိပေးလိုက်သည်။

“စုရှီးကို လက်ထပ်လိုက်ရလို့ နယ်စားမင်းအိမ်တော်ဆိုတဲ့ သစ်ပင်ကြီးကို မှီခိုခွင့်ရပြီလို့ မင်း စိတ်ကူးမယဉ်လိုက်နဲ့။ ငါ့လက်ထဲမှာတော့ သူ(မ)က အသုံးမဝင်တော့တဲ့ နယ်ရုပ်တစ်ရုပ်ပဲ။ မကြာခင်မှာ မင်းတို့နှစ်ယောက်လုံးကို ယုံကျိုးကို ပို့ပစ်မယ်။ အဲဒီနေရာမှာ မင်းတို့တစ်သက်လုံး ဘယ်တော့မှ ခေါင်းမထောင်နိုင်စေရဘူး”

ထို့နောက် သူမက သခင်မကျန်းဘက်သို့ လှည့်လိုက်သည်။

“ဒီလို အောက်တန်းစားကို ရှင်းပစ်ဖို့ လူမခေါ်သေးဘဲ ဘာစောင့်နေတာလဲ။ ငါကိုယ်တိုင် လုပ်ပေးရမှာကို စောင့်နေတာလား”

သခင်မကျန်းလည်း ထူပူနေရာမှ သတိပြန်ဝင်လာပြီး ဖြူဖျော့သောအပြုံးဖြင့် အလျင်အမြန် ပြန်ဖြေသည်။

“ချွေးမ အခုချက်ချင်းပဲ စီစဉ်လိုက်ပါ့မယ်”

ထွက်ခွာမသွားခင် သခင်မကြီးရှဲ့က ရွှယ်နင်ကို အဓိပ္ပာယ်ပါပါဖြင့် တစ်ချက် ဝှေ့ကြည့်သွားခဲ့၏။

ရွှယ်နင်ကတော့ လိမ္မာယဉ်ကျေးစွာဖြင့် မျက်လွှာချလိုက်သည်။

“သခင်မကြီး... ကောင်းကောင်း သွားပါ"

သခင်မကြီးရှဲ့ ထွက်ခွာသွားပြီးနောက် ခန်းမတစ်ခုလုံး လုံးဝ တိတ်ဆိတ်သွားခဲ့သည်။

သခင်မကျန်းက သက်ပြင်းတစ်ချက်ချကာ စိတ်ကို တင်းထားလိုက်ပြီး ကုယွမ်ရှန်းကို ထင်းဂိုဒေါင်ထဲသို့ အရင်ဆုံး ဆွဲခေါ်သွားရန် အမိန့်ပေးလိုက်သည်။ ထို့နောက် တည်ခင်းထားသော စားသောက်ပွဲကို သိမ်းဆည်းရန် အစေခံများကို ခေါ်လိုက်သည်။

ထို့အပြင် ယနေ့ ယီဟယ်ခန်းမဆောင်တွင် တာဝန်ကျခဲ့သော အစေခံများ၊ အိမ်ဖော်များနှင့် မာမားများ အားလုံးကိုလည်း တစ်ယောက်မကျန် ပါးစပ်ပိတ်ထားရန် ကြပ်မတ်ရဦးမည်။ သို့မဟုတ်ပါက စုရှီး၏ အရှုပ်တော်ပုံသတင်း အပြင်သို့ ပျံ့နှံ့သွားလျှင် နယ်စားမင်းအိမ်တော်ရှိ လက်မထပ်ရသေးတဲ့ အခြားသမီးပျိုများ၏ ဂုဏ်သိက္ခာကို ထိခိုက်နိုင်ပြီး သူမ၏ သမီးအရင်းလည်း ပါဝင်သွားနိုင်တာကြောင့် ဖြစ်သည်။

...

နယ်စားမင်းစုက သခင်မကျန်းအား အိမ်တွင်းရေးကိစ္စများကို ဆက်လက်စီမံခွင့် မပြုတော့ဟု ပြောဆိုထားခဲ့သော်လည်း ယနေ့ဖြစ်ပျက်သွားသော အခြေအနေများကြောင့် သခင်မကျန်းသည် ချက်ချင်း လက်လွှတ်လိုက်၍ မရသေးပေ။

သခင်မကျန်း အလုပ်ရှုပ်နေစဉ်တွင် ရွှယ်နင်နှင့် စုမန်တို့သည် ယီဟယ်ဆောင်မှ အတူတူ အရင်ဆုံး ထွက်လာခဲ့ကြ၏။

“ငါ ဘာလို့ အစ်မကြီးကို ဒီလောက်တောင် မုန်းနေမိလဲဆိုတာ အခုမှပဲ သဘောပေါက်တော့တယ်။ သူ(မ)က တကယ်ကို လူကောင်းမဟုတ်ဘူးပဲ။ လက်မထပ်ရသေးဘဲ ဗိုက်ကြီးရတယ်လို့။ ဒါသာ သတင်းထွက်သွားရင် ငါတို့တွေ ဘယ်လိုလုပ် လက်ထပ်လို့ ရတော့မှာလဲ”

စုမန်က သူမ၏ နှုတ်ခမ်းလေးကို မဲ့လိုက်ရင်း၊ ဖြူဖွေးဖွေး ယုန်မွေးလည်ကော်လာအင်္ကျီလေးကြားမှ သေးငယ်လှပသော မျက်နှာလေးကို ဝှက်ကာ ပြောသည်။

“ဒါနဲ့ နေပါဦး... နင်ကလည်း ဒီနေ့ တကယ့်ကို ထက်မြက်လွန်းတယ်။ အစ်မကြီးမှာ ကိုယ်ဝန်ရှိနေတာကို နင်က ဘယ်လိုလုပ် သိနေတာလဲ”

ရွှယ်နင်က ခပ်အေးအေးပင် ပြန်ပြောလိုက်သည်။

“ငါ ခန့်မှန်းကြည့်ရုံတင်ပါ”

စုမန်က သူမ၏ နှုတ်ခမ်းနီနီလေးကို ထော်လိုက်သည်။

“နင်ကတော့ ငါ့ကို လှည့်စားနေပြန်ပြီ”

ရွှယ်နင်၏ နှုတ်ခမ်းထောင့်တွင် ဖျော့တော့သော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ သူမက ပြန်လည်မွေးဖွားလာတဲ့သူမလို့ ဒီအချိန်တွင် စုရှီးမှာ ကုယွမ်ရှန်း၏ ရင်သွေး ရှိနေမှန်း သဘာဝအတိုင်း သိနေခြင်းဖြစ်သည်ဟုတော့ ထုတ်ပြော၍ မဖြစ်ပေ။ ထို့ကြောင့် ဆင်ခြေတစ်ခုသာ လုပ်ကြံဖန်တီးပြီး ရှင်းပြလိုက်ရသည်။

“ကဲပါ... ငါ နင့်ကို မလိမ်တော့ပါဘူး။ ပြီးခဲ့တဲ့တစ်ခေါက် မြင်းဇောင်းမှာ အစ်မကြီးနဲ့ ကုယွမ်ရှန်းတို့ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စပြီးကတည်းက... တစ်ရက်ကျတော့ အစ်မကြီး အော့အန်နေတာကို ငါ အမှတ်မထင် မြင်လိုက်ရလို့ သံသယဝင်မိတာ။ နောက်ပိုင်းကျတော့ သူ(မ) နည်းနည်း ဝလာသလို၊ ကိုယ်လုံးကိုယ်ပေါက်ကလည်း ပြည့်တင်းလာပြီး ကိုယ်ဝန်ဆောင်လက္ခဏာတွေ ပြလာတာနဲ့ ငါ ဒီအတိုင်း ခန့်မှန်းကြည့်လိုက်တာပါ”

စုမန်က ရိုးအေးသော မိန်းကလေးဖြစ်၏။

“ဒါနဲ့ မြင်းဇောင်းမှာ အစ်မကြီးနဲ့ ကုယွမ်ရှန်းတို့ တကယ်ပဲ ဘာတွေ ဖြစ်ခဲ့ကြတာလဲဟင်။ ကလေး ရလာတဲ့အထိတောင် ဘယ်လိုများ ဖြစ်သွားရတာလဲ”

ရွှယ်နင်၏ နားရွက်ကလေးများပင် ရဲတက်သွားသည်။

“အဲဒါမျိုးတွေကိုတော့ နောင်ကျရင် နင့်အမေက နင့်ကို သင်ပေးလိမ့်မယ်။ ငါလည်း လက်မထပ်ရသေးဘူးလေ။နင့်ကို ဘယ်လိုလုပ် ရှင်းပြနိုင်မှာလဲ”

စုမန်က မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်၏။

“နင် ပြောပုံအရဆို နင်က အကုန်နားလည်နေတဲ့ပုံပဲကို။ ညီမကောင်းလေးရာ... ငါ့ကိုလည်း နည်းနည်းလောက် ပြောပြပါဦး”

ရွှယ်နင်ကိုယ်တိုင်လည်း အရင်ဘဝက ကလေးတစ်ယောက်မှ မထွန်းကားခဲ့ဖူးချေ။ ထို့အပြင် စုကျန်းနှင့် ရင်းနှီးကျွမ်းဝင်ခဲ့ရသည့် အချိန်များမှာလည်း သနားစရာကောင်းလောက်အောင် နည်းပါးခဲ့သည်။ သူမသည် ရှက်သွေးဖြာလျက်နှင့်ပင် ပြောလိုက်၏။

“ငါလည်း ဘာမှ နားမလည်ပါဘူး။ ငါ့ကို မမေးနဲ့တော့... ထပ်မေးရင်လည်း ငါ ဘာမှမသိဘူးလို့ပဲ ပြောရတော့မှာ”

စုမန်က စိတ်ပျက်လက်ပျက်ဖြင့် နှုတ်ခမ်းဆူသွားတော့သည်။

“အင်းပါလေ... ဒါဆိုလည်း ငါ့အမေကိုပဲ သွားမေးတော့မယ်”

ရွှယ်နင်ကလည်း “အင်း” ဟု အလျင်အမြန်ပင် ထောက်ခံလိုက်ပြီး ညီအစ်မနှစ်ယောက် ရှေ့ဆင့်နောက်ဆင့် လျှောက်လာခဲ့ကြသည်။

ချီယွင်ဆောင်သို့ ပြန်သည့် လမ်းတစ်လျှောက် လျှောက်လာစဉ် စင်္ကြံလမ်းထောင့်၌ လီချန်ချဲ့နှင့် ဖူရှန်းတို့ မတ်တပ်ရပ်နေတာကို လှမ်းမြင်လိုက်ရသည်။

လီချန်ချဲ့သည် ရုပ်ရည်ချောမောပြီး သူဝတ်ဆင်ထားသော ခရမ်းရောင်ဝတ်ရုံကြောင့် ခန့်ညားထည်ဝါသော သူ၏ရုပ်သွင်မှာ အေးစက်လှပစွာ ထုဆစ်ထားသည့် ကျောက်စိမ်းတုံးအတိုင်းပင်။ သို့သော် သူ၏ အမူအရာက အနည်းငယ် အေးစက်ခက်ထန်နေပြီး အခြားသူများ အနားမကပ်ရဲလောက်အောင် အေးစိမ့်သော အရှိန်အဝါမျိုး ထွက်ပေါ်နေသည်။

စုမန်သည် ထိုလူသားကို လှမ်းမြင်သည်နှင့် ချက်ချင်းပင် ခြေလှမ်းများ တုံ့ခနဲ ရပ်တန့်သွားကာ မျက်လုံးများ ဝိုင်းသွားသော်လည်း ရှက်သွေးဖြာကာ ရှေ့သို့ ဆက်မတိုးရဲတော့ပေ။

“အားနင်... ဟို... ငါ.. ငါ အရင် ပြန်နှင့်တော့မယ်နော်... နောက်မှပဲ နင့်ဆီ လာလည်တော့မယ်”

စုမန်သည် ရှက်လည်းရှက်၊ အမျိုးသားတစ်ယောက်နှင့်လည်း အတူမရှိချင်သဖြင့် လီချန်ချဲ့ကို မြင်မြင်ချင်းပင် သူမ၏ အစေခံများကို ခေါ်ကာ သုတ်ခြေတင် ပြေးထွက်သွားတော့သည်။

ရွှယ်နင်က လီချန်ချဲ့သည် အလွန်အေးဆေးတည်ငြိမ်ပြီး အကြောင်းမဲ့ သက်သက် ရှာတတ်သူမဟုတ်ကြောင်း တွေးမိလိုက်၏။

သူ ဒီနေရာမှာ သူမကို စောင့်နေတာဆိုရင် သေချာပေါက် ပြောစရာ စကားရှိလို့ပဲ ဖြစ်ရမယ်။

သူမ ရှေ့သို့ လှမ်းသွားပြီး လီချန်ချဲ့ကို စနစ်တကျ ဂါရဝပြု နှုတ်ဆက်လိုက်သည်။

လီချန်ချဲ့က သူမကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်နေသည်။

“မင်းအစ်ကိုက ကိုယ့်ကို စကားပါးလိုက်တယ်။ မနက်ဖြန်ကျရင် မင်းကို သူ့အိမ်တော်ဆီ ခေါ်ခဲ့ပါတဲ့... မတွေ့ရတာကြာလို့ စကားစမြည် ပြောချင်လို့တဲ့”

ရွှယ်နင်က ခပ်ဖွဖွလေး ပြုံးလိုက်သည်။

“သိပါပြီ။ ကျေးဇူးတင်ပါတယ် သခင်လေးလီ။ မနက်ဖြန် ဘယ်အချိန်လောက် ထွက်ကြမလဲဟင်”

လီချန်ချဲ့က ပြောလိုက်သည်။

“မနက်စောစောပေါ့။ ကိုယ် ချီယွင်ဆောင် အပြင်ဘက်ကနေ မင်းကို စောင့်နေမယ်”

ရွှယ်နင်က နယ်စားမင်းအိမ်တော်ရဲ့ နောက်ပေါက်ကနေပဲ စောင့်ပေးရင် ရပါတယ်၊ သူမရဲ့ အဆောင်တံခါးအထိ တကူးတက လာစောင့်နေဖို့ မလိုပါဘူးဟု ပြောချင်သော်လည်း—

ထိုလူသား၏ မျက်နှာအမူအရာက အေးစက်လွန်းပြီး စကားကိုလည်း လိုတိုရှင်းသာ ပြောတတ်သဖြင့် သူမအနေဖြင့် ထပ်မံ ငြင်းဆန်ရန် မသင့်တော်တော့ဟု ခံစားလိုက်ရသည်။ ထို့ကြောင့် လိမ္မာစွာပင် ပြန်ပြောလိုက်၏။

“ကောင်းပါပြီ။ မနက်ဖြန် ကျွန်မ စောစောထခဲ့ပါ့မယ်”

လီချန်ချဲ့က “အင်း” ဟု ခပ်တိုးတိုး ဆိုကာ မျက်နှာသေဖြင့် ရွှယ်နင်ကို ခဏမျှ စိုက်ကြည့်နေပြန်သည်။

ရွှယ်နင်သည် သူ တိတ်ဆိတ်သွားတာကို မြင်တဲ့အခါ သူမ၏ ဗာဒံစေ့ပုံစံ မျက်ဝန်းလေးများကို ပင့်မော့လျက် ဝေခွဲမရစွာဖြင့် မေးလိုက်သည်။

“သခင်လေးလီ?”

လီချန်ချဲ့လည်း အတွေးကမ္ဘာမှ ရုတ်တရက် သတိပြန်ဝင်လာပြီး သူ့နှုတ်ခမ်းပါးကို အနည်းငယ် ဟကာ-

“ဒီနေ့ကိစ္စမှာ... မင်း ကိုယ့်ကိုယ်ကိုယ်အတွက် ဆုတ်လမ်း ချန်ထားဖို့ မတွေးခဲ့ဘူးလား”

ရွှယ်နင်က သူမ၏ တောက်ပသော မျက်ဝန်းနက်ကြီးများ ရုတ်တရက် ဝိုင်းစက်ပြူးကျယ်သွားသည်။

“ရှင်... ရှင် ဘယ်လိုလုပ် သိတာလဲ—”

လီချန်ချဲ့၏ နှုတ်ခမ်းထောင့်တွင်မူ မြတ်နိုးကြင်နာမှုများ ပြည့်နှက်နေသော အပြုံးဖျော့ဖျော့လေးတစ်ခု ပေါ်လာသည်။

“ဘေးလူက ပိုမြင်ရတာ သဘာဝပဲလေ”

All Chapters