← Chapters

အခန်း ၈၆

Vol. 9 Ch. 86

အခန်း ၈၆

Vol. 9 Ch. 86

အခန်း ၈၆ - တစ်ဦးတည်းသော မိန်းကလေး

ရွှယ်နင်သည် သူမ၏ စိတ်ကူးများကို ထွင်းဖောက်အမြင်ခံလိုက်ရသဖြင့် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားသည်။ သို့သော် သူမ၏အကြံကို ရိပ်မိသွားသူက နောင်တစ်ချိန်တွင် အာဏာကြီးမားတဲ့ လီချန်ချဲ့ ဖြစ်နေသဖြင့်လည်း ဖြစ်နိုင်ခြေရှိတယ်လို့ တွေးကာ စိတ်သက်သာရာ ရသွားတော့သည်။ သူမက နှုတ်ခမ်းလေးကို ဖိကိုက်ရင်း ဝေခွဲမရသည့် လေသံဖြင့် တိုးတိုးလေး မေးလိုက်သည်။

“သခင်လေးလီ... ကျွန်မကို နှလုံးသားမရှိဘဲ ရက်စက်လွန်းတယ်လို့ ထင်လား”

လီချန်ချဲ့၏ နှုတ်ခမ်းထောင့်တွင် အပြုံးဖျော့ဖျော့လေးတစ်ခု ဖြစ်ပေါ်လာသည်။

“မရက်စက်သေးပါဘူး။ ကိုယ်သာဆိုရင် စုရှီးကို သူ(မ)ရဲ့ မင်္ဂလာပွဲနေ့ကျမှ ဧည့်သည်တွေရဲ့ ရှေ့မှာ အရှက်ခွဲပစ်မှာ။ သခင်မလေးရွှယ်ကတော့ သူ(မ)အပေါ် နည်းနည်း ညှာတာပေးလိုက်သေးတယ်လို့ ပြောရမယ်”

ရွှယ်နင် အံ့အားသင့်သွားတယ်။ သူက ဒီလိုစကားမျိုး ပြောလာလိမ့်မယ်လို့ သူမ လုံးဝ မျှော်လင့်မထားခဲ့မိဘူး။

လောကကြီးမှာ မိမိကို အစစ်အမှန် နားလည်ပေးမည့်သူကို တွေ့ရတာ ရှားပါးသည်။ သူမ၏ ရင်ထဲတွင် နွေးထွေးမှုတစ်ခု ပျံ့နှံ့သွားပြီး မနေနိုင်ဘဲ ပြောလိုက်၏။

“ကျေးဇူးတင်ပါတယ်"

လီချန်ချဲ့၏ နှုတ်ခမ်းများက တစ်ဖန် ကွေးညွတ်သွားပြန်ပြီး သူက ထပ်ပြောလိုက်သည်။

“မင်း စုရှီးကို မင်းအစ်ကိုနဲ့ မင်္ဂလာမဆောင်စေချင်လို့ ဒီနေ့ သူ(မ)မှာ ကိုယ်ဝန်ရှိနေတာကို တမင်သက်သက် လူသိရှင်ကြား ဖော်ထုတ်လိုက်တာပဲ။ ဒါပေမဲ့ သခင်မကြီးရှဲ့သာ ဒီအကြောင်းကို ရိပ်မိသွားရင် မင်းကို ဒုက္ခပေးလာနိုင်တယ်ဆိုတာကိုရော မစဉ်းစားမိဘူးလား”

လီချန်ချဲ့နှင့် လုစစ်လင်သည် ညီအစ်ကိုအရင်းများကဲ့သို့ ရင်းနှီးကြသူများ ဖြစ်တဲ့အတွက် ရွှယ်နင်ကလည်း သူ့ကို သူမအစ်ကိုအရင်းလိုပင် စိတ်ထဲက သတ်မှတ်ထားခဲ့သည်။ အခုလိုမျိုး ဒီနေ့အဖြစ်အပျက်များကို ဖွင့်ဟပြောဆိုလိုက်ရတဲ့အခါ သူက သူမကို တကယ်နားလည်ပေးတဲ့ လူယုံတစ်ဦး ဖြစ်သည်ဟု ပို၍ ခံစားလိုက်ရတော့သည်။

သူမ ခြေလှမ်းများကို ခဏရပ်လိုက်ပြီး မျက်ဝန်းလေးများ ကွေးသွားသည်အထိ ပြုံးလိုက်သည်။

“ကျွန်မက မကြာခင် လက်ထပ်တော့မှာပဲဟာ။ သခင်မကြီးရှဲ့ကို ဘာလို့ ကြောက်နေရဦးမှာလဲ”

ဤတစ်ကြိမ်တွင် လီချန်ချဲ့ အံ့အားသင့်သွားရမယ့် အလှည့် ရောက်လာခဲ့ပြီ။ လော်မိသားစု၏ သခင်မကြီးက နယ်စားမင်းအိမ်တော်ဆီ ဖိတ်စာ ပေးပို့ထားပြီးဖြစ်ကြောင်း ဖူရှန်း ပြောပြခဲ့တာကို သူ သတိရလိုက်သည်။ သခင်မကြီး၏ မွေးနေ့ပွဲတွင် ရွှယ်နင်ကို လော်မိသားစုအိမ်တော်သို့ ဖိတ်ကြားမည် ဖြစ်ရာ... ၎င်းမှာ ရွှယ်နင်ကို သူတို့၏ ချွေးမအဖြစ် ရွေးချယ်လိုက်ပြီဖြစ်ကြောင်း လူအများကို အချက်ပြလိုက်ခြင်းပင်။

အဓိပ္ပာယ်ဖွင့်ဆိုရခက်တဲ့ မကျေနပ်မှုတစ်ခုက သူ့ရင်ထဲ အလုအယက် တိုးဝင်လာသည်။ အထူးသဖြင့် မိန်းကလေးငယ်၏ မျက်နှာပေါ်ရှိ အပြုံးကို ကြည့်ရင်း သူ့စိတ်က ပိုပြီးတော့တောင် ဂယောက်ဂယက် ဖြစ်လာတော့သည်။

သူက သူလိုချင်တာကိုရဖို့အတွက် ဘယ်နည်းလမ်းကိုမဆို သုံးရဲတဲ့ ရက်စက်တတ်သူတစ်ဦး ဖြစ်သည်။

သူမကို သူ့အပိုင်ဖြစ်အောင် သိမ်းပိုက်ပြီး တခြားသူနှင့် မဟုတ်ဘဲ သူတစ်ယောက်တည်းကိုပဲ လက်ထပ်လာစေရန် နည်းလမ်းရှာဖို့ သူ မတွေးခဲ့ဖူးတာ မဟုတ်ပေ။

သို့သော်... ထိုမိန်းကလေးငယ်က လော်ဝမ်ကျွင်းကို နှစ်သက်တယ်လို့ ကိုယ်တိုင် ပြောခဲ့ဖူးတဲ့ စကားသံကို သူ ကြားခဲ့ရသည်။

ထို “နှစ်သက်တယ်” ဆိုသည့် စကားတစ်ခွန်းက သူ၏ ရင်ဘတ်ကို ထက်မြက်သော ဓားတစ်စင်းဖြင့် ထိုးစိုက်လိုက်သကဲ့သို့ ခံစားရစေကာ သူ့ကို နောက်ဆုတ်သွားစေခဲ့၏။

ရွှယ်နင်က ဝေခွဲမရစွာဖြင့် ခေါ်လိုက်သည်။

“သခင်လေးလီ?”

လီချန်ချဲ့သည် ရင်ထဲမှ ဒေါသများကို ဖိနှိပ်လိုက်ပြီး သူ၏ ပုံမှန် အေးစက်သော အမူအရာကို ပြန်လည် ထိန်းချုပ်ကာ သရော်ပြုံး ပြုံးလိုက်သည်။

“ပြောစရာရှိတာ ပြောပြီးပြီဆိုတော့... ပြန်လိုက်ပါဦးမယ်”

ရွှယ်နင်သည် လှည့်ထွက်သွားသော ထိုလူသား၏ ကျောပြင်ကို ကြည့်ရင်း ရင်ထဲတွင် ဖော်ပြရခက်သော ခံစားချက်တစ်ခု ဖြစ်ပေါ်ကျန်ရစ်ခဲ့သည်။

ပေါင်ချန်က ခေါင်းလေးစောင်းကာ စနောက်သည်။

“သခင်မလေး... သခင်လေးလီက အဝေးကြီးကို ရောက်သွားပြီနော်”

ရွှယ်နင်က မတတ်သာသလို ပြုံးလိုက်၏။

“ဒါဆို ငါတို့လည်း ပြန်ကြစို့”

သူမက ပြန်မည်ဟု ပြောသော်လည်း ချီယွင်ဆောင်သို့ တိုက်ရိုက် မပြန်ခဲ့ပေ။ သူမက ခြေလှမ်းများကို ပြန်လှည့်ကာ စုရှီးကို ပိတ်လှောင်ထားသည့် ယဲ့ယွီဆောင်ဘက်သို့ ဦးတည် လျှောက်လှမ်းသွားသည်။

တစ်နာရီအတွင်းမှာပင် စုရှီးသည် ဆံပင်ရှုပ်ပွ၊ အဝတ်အစား ကပိုကရိုနှင့် ကြိုးဖြင့် တုပ်နှောင်ခြင်း ခံထားရသဖြင့် အတော်လေး သနားစရာ ကောင်းနေသည်။ သူမက ခုတင်ပေါ်တွင် ဘေးစောင်းလဲလျောင်းနေပြီး ပါးပြင်ပေါ်တွင် မျက်ရည်များ တရစပ် စီးကျနေသည်။ သူမက အရမ်းအော်ဟစ်ဆူပူနေခဲ့လို့ ထင်တယ်။တစ်စုံတစ်ယောက်က သူမ၏ ပါးစပ်ထဲသို့ လက်ကိုင်ပဝါတစ်ထည် ထိုးထည့်ကာ ပိတ်ဆို့ထားခဲ့သည်။

ရွှယ်နင် ဝင်လာတာကို မြင်တဲ့အခါ စုရှီးသည် ခုတင်ပေါ်တွင် အတင်းအဓမ္မ ရုန်းကန်လှုပ်ရှားလာပြီး တစ်ခုခု ပြောချင်နေသည့်အတိုင်း တအင်းအင်း တအဲအဲနှင့် အသံများ ထွက်ပေါ်လာသည်။

ရွှယ်နင်က စိတ်ထဲမှာ တွေးလိုက်၏— တုန်းကျင်းမြို့တော်နှင့် ယုံကျိုးက မိုင်ပေါင်းထောင်ချီ ဝေးကွာတယ်။

စုရှီးသာ ထွက်ခွာသွားခဲ့လျှင် သူတို့နှစ်ယောက် နောက်တစ်ကြိမ် ပြန်ဆုံတွေ့နိုင်ဖို့ဆိုတာ မသေချာတော့ဘူး။

ထို့ကြောင့် သူမက ခဏတာ သနားစိတ်ဝင်သွားပြီး စုရှီး၏ ပါးစပ်ထဲမှ လက်ကိုင်ပဝါကို ဖယ်ရှားပေးလိုက်သည်။

သို့သော် စုရှီးက ပါးစပ်ပွင့်သွားသည်နှင့် ချက်ချင်းပင် ဒေါသတကြီး ‌ဆဲဆိုတော့သည်။

“နင်... ဒီမိန်းမယုတ်! နင် တမင်သက်သက် ငါ့ကို ထောင်ချောက်ဆင်ပြီး ဒုက္ခပေးတာ မဟုတ်လား!”

ရွှယ်နင်က သူမကို အေးဆေးတည်ငြိမ်စွာ စိုက်ကြည့်ရင်း ခပ်ဖွဖွလေး ပြုံးလိုက်သည်။

“ညီမ အစ်မကြီးကို ကြိုပြီး သတိပေးခဲ့သားပဲ မဟုတ်လား။

ဒါ့အပြင် အစ်မကြီး ဗိုက်ကြီးအောင် လုပ်ခဲ့တာ ညီမမှ မဟုတ်တာ။ ပြောရရင် ဒါတွေ အားလုံးက အစ်မကြီးကိုယ်တိုင် ကိုယ့်ကိုယ်ကိုယ် မထိန်းသိမ်းနိုင်ခဲ့လို့ ဖြစ်လာတဲ့ အကျိုးဆက်တွေပဲလေ”

စုရှီးသည် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီး ဒေါသများ ပိုမို တောက်လောင်လာသည်။ သို့သော် သူမ ဘယ်လောက်ပဲ နာနာကျည်းကျည်း ဆဲဆိုပါစေ ရွှယ်နင်၏ မျက်နှာတွင် ဒေါသထွက်ဟန် သို့မဟုတ် အရှက်ရဟန် လုံးဝမရှိပေ။ စုရှီး၏ ဒေါသတကြီး ဆဲဆိုမှုများက ဂွမ်းပုံကို လက်သီးဖြင့် ထိုးလိုက်ရသကဲ့သို့ ဖြစ်နေပြီး သူမကိုယ်သူမသာ ပို၍ ခံရခက်စေတော့သည်။

သူမ၏ မျက်ဝန်းများ နီမြန်းနေပြီး ရွှယ်နင်ကို မုန်းတီးမှုအပြည့်ဖြင့် စိုက်ကြည့်ကာ ရှိုက်ကြီးတငင် ငိုကြွေးသည်။

“ရွှယ်နင်... နင် အသေဆိုးနဲ့သေရလိမ့်မယ်။ငါ့ဂုဏ်သိက္ခာကို ဖျက်ဆီးလိုက်ရလို့ နင်ပဲ မိသားစုကောင်းထဲ ဝင်ရတော့မယ်လို့ မထင်လိုက်နဲ့။ အဲဒီ လော်ဝမ်ကျွင်းကရော ဘယ်လိုလူစားမျိုးမလို့လဲ။ နင် စောင့်ကြည့်နေလိုက်! နင်လည်း ငါ့လိုမျိုးပဲ အဆုံးသတ်ရမှာ!”

ရွှယ်နင်က သူမ၏ ခြိမ်းခြောက်မှုများကို စိတ်ထဲ မထားပေ။ သူမ အလိုရှိတာက ကလဲ့စားချေရန်သာ ဖြစ်၏။

ပြီးတော့ စုရှီးက ပထမဆုံးပဲ ရှိသေးတယ်။

သူမက စုရှီးကို လွယ်လွယ်နှင့် သေခွင့်ပေးမည် မဟုတ်ပေ။ ကုယွမ်ရှန်းနှင့် လက်ထပ်စေပြီး ထို လူယုတ်မာနှစ်ယောက် တစ်သက်လုံး တစ်ယောက်ကိုတစ်ယောက် နှိပ်စက်ညှဉ်းပန်းရင်း ကုန်ဆုံးသွားစေခြင်းကသာ စုရှီးအတွက် အကြီးမားဆုံး အပြစ်ဒဏ် ဖြစ်လိမ့်မည်။

သူမ၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ပေါ်လာပြီး သရော်သလို ခပ်အေးအေးပင် တုံ့ပြန်လိုက်သည်။

“ကျွန်မ ကောင်းကောင်းမွန်မွန် လက်ထပ်ရလား၊လက်မထပ်ရဘူးလား ဆိုတာကိုတော့ အစ်မကြီး စောင့်ကြည့်ဖို့ အခွင့်အရေး ရှိမှာ မဟုတ်တော့တာ အားနာစရာပဲ။ ဒါပေမဲ့ အစ်မကြီးရဲ့ မင်္ဂလာပွဲကလည်း နီးနေပြီဆိုတော့... ကျွန်မမှာ လက်ဆောင်ပေးစရာ ကောင်းကောင်းမွန်မွန် မရှိတာမလို့ အစ်မကြီးနဲ့ ခဲအို ကုယွမ်ရှန်းတို့ တစ်ဘဝတင်မကဘဲ ဘဝဆက်တိုင်း ဆက်တိုင်း လင်မယားအဖြစ် မြဲပါစေလို့ပဲ ဆုတောင်းပေးလိုက်ပါ့မယ်”

စုရှီးသည် ဒေါသတကြီး စိုက်ကြည့်လိုက်၏။ သူမသာ ကြိုးဖြင့် အတုပ်ခံမထားရလျှင် ခုတင်ပေါ်မှ ဝုန်းခနဲ ထလာပြီး ရွှယ်နင်၏ ပါးကို စုတ်ပြတ်သတ်သွားအောင် ရိုက်နှက်မိမှာ သေချာတယ်။

“နင်... မိန်းမယုတ်! နင့်မှာ သတ္တိရှိရင် ငါ့ကြိုးကို ဖြည်ပေးစမ်း!”

ရွှယ်နင်သည် စုရှီး၏ အကြောင်းကို အသိဆုံး ဖြစ်သည်။ စုရှီးသည် သူမကိုယ်သူမ ဉာဏ်ကောင်းတယ်လို့ အမြဲ ဂုဏ်ယူနေတတ်သော်လည်း နောက်ဆုံးတွင် သူမ၏ ထိုဉာဏ်နီဉာဏ်နက်များက သူမကိုယ်သူမသာ ပြန်လည် ဝါးမြိုသွားခဲ့သည်။

သူမက စုရှီး၏အနားသို့ တိုးကပ်သွားပြီး နားရွက်နားတွင် လေသံတိုးတိုးဖြင့် ကပ်၍ ပြောလိုက်သည်။

“အစ်မကြီး... ယုံကျိုးရဲ့ ဆောင်းရာသီက ဘယ်လောက်တောင် ဖြတ်သန်းရခက်ခဲလဲဆိုတာ အစ်မကြီး သိရဲ့လားဟင်”

စုရှီးက မျက်မှောင်ကြုတ်လိုက်မိသည်။ ရွှယ်နင်၏ အပြောအဆိုနှင့် လေသံမှာ ငရဲပြည်မှ တက်လာသော မိစ္ဆာတစ်ကောင်ကဲ့သို့ အေးစိမ့်ခြောက်ခြားဖွယ် ကောင်းနေတယ်လို့ သူမ ခံစားလိုက်ရတာကြောင့် ဖြစ်၏။

သူမ၏ ကျောရိုးတစ်လျှောက် စိမ့်ခနဲ ဖြစ်သွားပြီး အေးစက်သော ခံစားချက်တစ်ခုက လည်ပင်းဆီသို့ အလျင်အမြန် ပြန့်နှံ့သွားကာ တစ်ကိုယ်လုံး ကြက်သီးတဖြန်းဖြန်း ထသွားတော့သည်။

“နင် ဘာတွေ လာပြောနေတာလဲ... ငါ ဘာမှ နားမလည်ဘူး!”

ရွှယ်နင်က မတ်တပ်ပြန်ရပ်လိုက်ပြီး နှုတ်ခမ်းလေးကို အနည်းငယ် ကွေးညွတ်လျက် သူမကို အထက်စီးမှ ငုံ့ကြည့်လိုက်သည်။

“အစ်မကြီး အဲဒီကို ရောက်သွားတဲ့အခါကျရင်တော့ သဘာဝအတိုင်း သိလာရမှာပါ”

စုရှီးက တစ်ဖန် ပြန်၍ သောင်းကျန်းလာပြန်သည်။

“ရွှယ်နင်! နင် မထွက်သွားနဲ့ဦး! ငါ့ကြိုးကို ဖြည်ပေးခဲ့စမ်း!”

...

ယီဟယ်ခန်းမဆောင်။

သခင်မကျန်း ကိစ္စအားလုံးကို စီစဉ်ဆောင်ရွက်ပြီးစီးချိန်တွင် မိုးပင် ချုပ်လုနီးနီး ဖြစ်နေပြီ။

တစ်နေ့ခင်းလုံး မိုးရွာသွန်းနေခဲ့သဖြင့် ခြံဝင်းတစ်ခုလုံးတွင် စုပုံနေသော နှင်းများမှာ အရည်ပျော်ကျနေခဲ့သည်။

ချိုးရွှေဥယျာဉ်သို့ ပြန်ရောက်လာချိန်တွင် သူမသည် တစ်ကိုယ်လုံး အေးစက်တုန်ရင်နေပြီး ဝတ်ရုံ၏ အောက်နားစတစ်ခုလုံးလည်း ရေစိုရွှဲနေခဲ့ပြီ ဖြစ်၏။

သို့သော် သခင်မကျန်းက ထိုအရာများကို သတိပြုမိပုံမရဘဲ အစေခံများကို အပြင်သို့ မောင်းထုတ်လိုက်ပြီးနောက် လိုဟန်ကုတင်ပေါ်တွင် တစ်ယောက်တည်း မှိုင်တွေငေးမောစွာဖြင့် ထိုင်နေသည်။

ရွှယ်နင်က ချီယွင်ဆောင်မှ လာပြီး ကန့်လန့်ကာကို ပင့်မကာ ဝင်လာခဲ့သည်။ သူမ၏ မိခင်ဖြစ်သူ စိတ်လွင့်နေတာကို မြင်သောအခါ သူမက အနားသို့ လျှောက်သွားပြီး မိခင်၏ ခြေထောက်နားတွင် တိုးဝှေ့လိုက်သည်။

“အမေ... အရမ်းပင်ပန်းနေပြီလားဟင်”

သခင်မကျန်းက လက်ကို မြှောက်၍ ရွှယ်နင်၏ နူးညံ့သော ဆံနွယ်များကို အသာလေး ပွတ်သပ်ပေးရင်း သက်ပြင်းတစ်ချက်ကို ခပ်ပြင်းပြင်း ချလိုက်မိသည်။

“အင်း... ပင်ပန်းတာပေါ့”

သူမ၏ စိတ်ပင်ပန်းမှုများက ဘယ်ကနေ စတင်ဖြစ်ပေါ်လာမှန်း တိတိကျကျ မပြောတတ်သော်လည်း ဒီနေ့ နေ့ခင်းက လုမိသားစုရှေ့မှာ စုယီလီ၏ ဒေါသတကြီး ငေါက်ငမ်းပြောဆိုခဲ့တဲ့ စကားလုံးများက သူမ၏ နှလုံးသားကို ဓားနှင့် မွှန်းလိုက်သကဲ့သို့ နာကျင်စေခဲ့သည်။

သူ၏ အပြစ်တင် စကားလုံးများနှင့် သူမအပေါ် ယုံကြည်မှု ကင်းမဲ့ခြင်းများက... သူမ တစ်သက်လုံး အိမ်တော်အတွက် သည်းခံရုန်းကန်ပေးခဲ့သမျှ အရာအားလုံးကို မျက်စိတစ်မှိတ်အတွင်းမှာတင် အဓိပ္ပာယ်မဲ့သွားစေခဲ့ပြီ မဟုတ်လား။

“အမေ ဒီလောက်တောင် ပင်ပန်းနေမှတော့... ပခုံးပေါ်က လေးလံတဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ခဏလောက် ချထားပြီး အနားယူလိုက်ပါလားဟင်”

သခင်မကျန်း၏ ရင်ထဲတွင် မွန်းကြပ်ပြီး ခါးသက်သော ခံစားချက်ကြီးက ကျောက်တုံးကြီးတစ်ခု ဖိထားသကဲ့သို့ လေးလံနေသည်။

သူမက ရွှယ်နင်၏ တောက်ပသော မျက်ဝန်းနှင့် မျက်ခုံးများကို ကြည့်လိုက်ပြီး ရင်ထဲတွင် အတွေးပေါင်းစုံ တိုးဝှေ့ဝင်ရောက်လာကာ စိတ်ရှုပ်ထွေးသွားသည်။

“အမေ ဘာမှမဖြစ်ပါဘူး... ခဏနေရင် စိတ်သက်သာရာ ရသွားမှာပါ”

“ဒီနေ့ အဖေက အမေ့ကို နည်းနည်းလေးမှ မျက်နှာမထောက်ခဲ့ဘူး။ အမေက ဘာလို့ ကိုယ့်ကိုယ်ကိုယ် ဒီလောက်တောင် နှိပ်စက်နေရတာလဲ”

“ငါ... ငါက...”

“အမေက နယ်စားမင်းအိမ်တော်ကြီးအတွက် ဘာမှ ပြန်မရဘဲ မနားမနေ အလုပ်လုပ်ပေးရမယ့် နွားအိုကြီးတစ်ကောင်လိုပဲ ဆက်ပြီး အနစ်နာခံနေချင်သေးတာလား”

ရွှယ်နင်က နှာခေါင်းလေး ရှုံ့လိုက်ရင်း ဆက်ပြောသည်။

“ဒါပေမဲ့ အဖေကတော့... အမေ့ရဲ့ ကြိုးစားအားထုတ်မှုတွေကို တစ်ခါမှ အသိအမှတ် မပြုခဲ့ဘူး... ဒါ့အပြင်... အဖေ့ရဲ့ အဆောင်ထဲမှာသာ တခြား ကိုယ်လုပ်တော်တွေ ရှိနေရင် တစ်မျိုးပေါ့။ အခုတော့ အဖေ့မှာ ကိုယ်လုပ်တော်နျဲ့ တစ်ယောက်ပဲ ရှိတာ။တစ်ယောက်တည်းပဲ ရှိနေတယ်ဆိုရင် အဲဒါရဲ့ အဓိပ္ပာယ်က လုံးဝ ပြောင်းလဲသွားပြီလေ”

ထိုစကားလုံးများက သခင်မကျန်း၏ ဦးခေါင်းကို မိုးကြိုးပစ်ချလိုက်သကဲ့သို့ ပြင်းထန်လွန်းသည်။

အရင်တုန်းကဆိုလျှင် သူမက အိမ်တွင်းရေးကိစ္စများကို စီမံခန့်ခွဲရသဖြင့် အလွန်အလုပ်ရှုပ်နေခဲ့ရာ ဤကိစ္စကို နက်နက်နဲနဲ တွေးတောရန် အချိန်မရှိခဲ့ပေ။

သူမက နယ်စားမင်းစုကို ဒုတိယအိမ်တော်နှင့် တတိယအိမ်တော်က မိန်းမရှုပ်တတ်သော အမျိုးသားများကဲ့သို့ မဟုတ်ဘဲ အမျိုးသမီးများအပေါ် သိပ်စိတ်မဝင်စားသူဟုသာ အမြဲ တွေးထင်ခဲ့မိသည်။

သို့သော် ယခု သေချာ ပြန်စဉ်းစားကြည့်တဲ့အခါ— သူ၏ လူပျိုပေါက် အရွယ်တုန်းကလည်း သူမအပေါ် အရမ်း နူးညံ့ယုယပြီး ချစ်ခင်တွယ်တာခဲ့ဖူးကာ တစ်နေ့လုံး ခုတင်ပေါ်က မဆင်းတမ်း အတူရှိချင်ခဲ့ဖူးတယ် မဟုတ်လား။

အိမ်ထောင်ရေး သံယောဇဉ် ကိစ္စများတွင်လည်း သူက လိုအပ်ချက် နည်းပါးသူ မဟုတ်ပေ။ အခုလိုမျိုး အသက်အရွယ် ယောက်ျားရင့်မကြီး ဖြစ်နေတဲ့အချိန်တွင်... ဘယ်ယောကျာ်းမဆို ကိုယ်လုပ်တော် သုံးလေးယောက် မရှိဘဲ နေပါ့မလဲ။ ဒါပေမဲ့ သူကတော့ ကိုယ်လုပ်တော်နျဲ့ တစ်ဦးတည်းအပေါ်မှာပဲနှစ်ပေါင်းများစွာ စိတ်မပြောင်းဘဲ စွဲစွဲမြဲမြဲ သံယောဇဉ် ကြီးမားနေခဲ့တာ။

All Chapters