← Chapters

အခန်း ၈၇

Vol. 9 Ch. 87

အခန်း ၈၇

Vol. 9 Ch. 87

အခန်း ၈၇ - ဒီကလေးကို မွေးရမယ်

ရွှယ်နင်၏ စကားများကို ကြားလိုက်ရပြီးနောက် သခင်မကျန်းသည် မျက်ဝန်းများကို မှိတ်ချလိုက်မိပြီး မျက်ရည်စများက နှုတ်ခမ်းထောင့်စွန်းဆီသို့ အလိုအလျောက် စီးကျလာတော့သည်။

သူမသည် စိတ်လှုပ်ရှားစွာဖြင့် လက်ကို မြှောက်ကာ ထိုမျက်ရည်များကို အလျင်အမြန် သုတ်ပစ်လိုက်၏။

“နင်နင်...”

စကားစရုံတင် ရှိသေးသော်လည်း ရင်ထဲတွင် လှိုက်တက်လာသော ခံစားချက်ကြောင့် လည်ချောင်းထဲ၌ တစ်ဆို့သွားပြီး ငိုရှိုက်သံကို မထိန်းနိုင်တော့ပေ။

ရွှယ်နင်လည်း ရင်ထဲတွင် နာကျင်လာပြီး မိခင်ဖြစ်သူကို မနေနိုင်ဘဲ တင်းကြပ်စွာ ဖက်ထားလိုက်သည်။ အရင်ဘဝတုန်းကဆိုလျှင် အခုလိုအချိန်မျိုး၌ သခင်မကျန်းမှာ အသက်ရှင်ရန် ရက်အနည်းငယ်သာ ကျန်တော့သည့် အခြေအနေ ဖြစ်သည်။

တစ်စုံတစ်ယောက်က သူမကို အာနိသင်နှေးသော အဆိပ်ကို တိုက်ကျွေးခဲ့သဖြင့်၊ နေ့စဉ် ပင်ပန်းဆင်းရဲမှုဒဏ်များအောက်တွင် သူမ၏ ကျန်းမာရေးက တစ်နေ့ထက်တစ်နေ့ ဆိုးရွားလာခဲ့ပြီး ခုတင်ပေါ်က မထနိုင်သည့်အထိ ဖြစ်ခဲ့ရ၏။

နှစ်သစ်ကူးကာလ ကုန်လွန်သွားချိန်တွင်မူ သေဆုံးလုနီးပါး ဖြစ်နေခဲ့ပြီ။

ကံကောင်းထောက်မစွာဖြင့် ဒီဘဝမှာ အရာအားလုံးကို ပြင်ဆင်ရန် အချိန်မီနေသေးတယ်။

သူမ၏ နှုတ်ခမ်းထောင့်တွင် စိတ်သက်သာရာရစေမည့် အပြုံးတစ်ခု ပေါ်လာသည်။

“အဖေကိုယ်တိုင်ကလည်း ထုတ်ပြောထားတာပဲဟာ... အမေရယ်၊ ဒီအခွင့်အရေးကို အသုံးချပြီး လေးလံတဲ့ တာဝန်ဝတ္တရားတွေကို အဖေ အရမ်းအလိုလိုက်ထားတဲ့ ကိုယ်လုပ်တော်နျဲ့ဆီ လွှဲပေးလိုက်ပါလား။ ကိုယ်လုပ်တော်နျဲ့က အဖေ့ရဲ့ အချစ်ကို နှစ်ပေါင်းများစွာ ရထားရုံတင်မကဘူး၊ အစေခံတွေရဲ့ လေးစားမှုကိုလည်း ရထားတာပဲ။ အိမ်တွင်းရေးကိစ္စတွေကို စီမံခန့်ခွဲဖို့ဆိုတာ သူ(မ)နဲ့ ပိုပြီး သင့်တော်တာပေါ့ မဟုတ်ဘူးလား”

မိန်းကလေးငယ်၏ လေသံလေးမှာ နူးညံ့ချိုသာပြီး ညင်သာသော မျက်ဝန်းအစုံနှင့် ပေါင်းစပ်လိုက်သည့်အခါ နွေးထွေးသော ရင်ခွင်တစ်ခုကဲ့သို့ စိတ်ကို ကြည်နူးသက်သာစေသည်။

ထိုနူးညံ့သော ကိုယ်လုံးလေး၏ ဖက်ထားတာကို ခံလိုက်ရရုံဖြင့် သခင်မကျန်း၏ မွန်းကြပ်နေသော စိတ်များက တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာခဲ့သည်။

အရင်တုန်းကဆိုလျှင် သူမက သားသမီးများနှင့် ခင်ပွန်းအတွက်ကြောင့်သာ မကျေနပ်ချက်၊ နာကျင်မှု အားလုံးကို မလွှဲမရှောင်သာ သည်းခံခဲ့ရခြင်း ဖြစ်သည်။

ယခု ရွှယ်နင်၏ စကားများကို ကြားမှသာ သူမ၏ အသိစိတ် နိုးထလာသည်။

စုယီလီသည် အတိတ်က စုယီလီ မဟုတ်တော့ပေ။ အဲ့လိုဆိုလျှင် သူမက ဘာကြောင့်များ သူ့ရဲ့ အသိအမှတ်ပြုမှုကိုတောင် မရဘဲ အပင်ပန်းခံ ရုန်းကန်ပေးနေရဦးမှာလဲ။

သူမ အိမ်တွင်းရေး စီမံခန့်ခွဲပုံကို သူက အထင်သေးနေမှတော့... အဲ့ဒါကို ကိုယ်လုပ်တော်နျဲ့ဆီပဲ ပေးအပ်လိုက်ပြီး၊ အိမ်တော်ကြီးကို ဘယ်လိုမျိုး စည်းကမ်းစနစ်တွေနဲ့ ထိန်းကျောင်းမလဲဆိုတာကို စောင့်ကြည့်ခွင့် ပေးလိုက်ရုံပဲ ရှိတယ်။

သခင်မကျန်းသည် ဆုံးဖြတ်ချက်တစ်ခုကို ပြတ်ပြတ်သားသား ချလိုက်သည့်အတိုင်း အတော်ကြာအောင် တိတ်ဆိတ်သွားပြီးနောက် ပြောလာသည်။

“ကောင်းပါပြီ... အမေ နင်နင်ပြောတာကို နားထောင်ပါ့မယ်။ နယ်စားမင်းက အမေ့ကို အိမ်တွင်းရေးကိစ္စတွေ ဆက်မစီမံစေချင်မှတော့... အမေလည်း ဆက်မလုပ်တော့ဘူး။ မနက်ဖြန်ကျရင် သော့တွေနဲ့ အိမ်တော်တံဆိပ်တွေ အားလုံးကို ကိုယ်လုပ်တော်နျဲ့ဆီ သွားအပ်လိုက်တော့မယ်”

ရွှယ်နင်က တခစ်ခစ် ရယ်မောလိုက်၏။

“အဲလိုလုပ်တာ အမှန်ဆုံးပဲ အမေ။ အဲဒီအလုပ်တွေကို လက်ကနေ ဆုပ်ကိုင်မထားပါနဲ့တော့”

သခင်မကျန်းက မတတ်သာသလို သက်ပြင်းချလိုက်မိသည်။

“စိတ်မပူပါနဲ့။ အမေ ငယ်ငယ်တုန်းကဆိုရင် ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းတတ်တဲ့သူပါ။ အမေတစ်ယောက် ဖြစ်လာပြီးတဲ့နောက်မှသာ ဒီလောက်အထိ အပင်ပန်းခံပြီး မညည်းမညူ လုပ်ပေးတတ်တဲ့သူ ဖြစ်သွားရတာ”

ရွှယ်နင်က သူမ၏ အရည်လဲ့နေသော မျက်ဝန်းလေးများဖြင့် မိခင်ဖြစ်သူကို အားကိုးတကြီး မော့ကြည့်လိုက်သည်။

“အမေက ဂုဏ်သရေရှိပြီး အထက်တန်းကျတဲ့ မိသားစုကနေ ဆင်းသက်လာပြီးတော့ နယ်စားမင်းအိမ်တော်ကို လက်ထပ်ဝင်လာခဲ့တာပဲဟာ။ စည်းစိမ်ချမ်းသာနဲ့ သက်တောင့်သက်သာ နေထိုင်ရဖို့က အရာအားလုံးထက် အရေးကြီးတာပေါ့။ တကယ်လို့ တစ်ရက်ရက်ကျရင် အမေက ဒီဘဝကြီးကို စိတ်ကုန်သွားခဲ့ရင်တောင်မှ ကွာရှင်းဖို့ ဆိုတာကလည်း မဖြစ်နိုင်တဲ့အရာမှ မဟုတ်တာပဲလေ”

ကွာရှင်းခြင်းဟူသော စကားလုံးကို ကြားလိုက်ရချိန်တွင် သခင်မကျန်း ရုတ်တရက် တိတ်ဆိတ်သွားသည်။

ရွှယ်နင်ကိုယ်တိုင်လည်း သူမလို ကလေးတစ်ယောက်၏ စကားကို သခင်မကျန်းက ချက်ချင်း လက်ခံလိမ့်မှာ မဟုတ်ကြောင်း ကောင်းကောင်းသိထားသည်။

အမှန်တကယ်လည်း ခင်ပွန်းဖြစ်သူ၏ မိသားစုနှင့် ပတ်သက်သမျှ အရာအားလုံးကို လက်လွှတ်လိုက်ဖို့ သင်ယူရခြင်းက ဘယ်လိုမှ လွယ်ကူတဲ့ ကိစ္စမဟုတ်ပေ။

ကိုယ်လုပ်တော်နျဲ့၏ ဝမ်းဗိုက်ထဲတွင် နယ်စားမင်းစု၏ သွေးသား အောင်မြင်နေပြီဖြစ်ကြောင်း သူမ ကိုယ်တိုင်ကိုယ်ကျ သိရှိသွားမည့်နေ့ကျမှသာ... နယ်စားမင်းအိမ်တော်တွင် ဆက်နေမလား သို့မဟုတ် ကွာရှင်းပြီး ဘဝသစ်တစ်ခု စတင်မလားဆိုတာကို ပြတ်ပြတ်သားသား ဆုံးဖြတ်နိုင်လိမ့်မယ်။ ထိုအချိန်ကျမှသာ အရာအားလုံးက သူမ၏ ကိုယ်ပိုင်ရွေးချယ်မှုအပေါ် လုံးဝ မူတည်သွားတော့မှာ ဖြစ်သည်။

မိခင်နှင့် သမီးဖြစ်သူတို့ကြား ဒီလိုမျိုး ရင်ဖွင့်စကား ပြောဖြစ်တာ ရှားပါးတာကြောင့် တစ်ခန်းလုံးတွင် နွေးထွေးမှုအပြည့်ဖြင့် ဖုံးလွှမ်းနေသည်။

ရွှယ်နင်က သခင်မကျန်း၏ စိတ်ကို ကြည်လင်အောင် လုပ်ပေးနိုင်ခဲ့တာကို မြင်သောအခါ အထိန်းတော်စုန့်လည်း အလျင်အမြန်ပင် အစေခံများကို ခေါ်၍ မိန်းကလေးငယ် ကြိုက်တတ်သော မုန့်ပဲသရေစာများကို ယူဆောင်လာ၏။

သခင်မကျန်းလည်း စိတ်အခြေအနေ အနည်းငယ် ပြန်လည်တည်ငြိမ်လာပြီးနောက် ရွှယ်နင်ကို အနားသို့ ဆွဲခေါ် လိုက်သည်။

“နင်နင်... သမီးက စုရှီးမှာ ကိုယ်ဝန်ရှိနေတာကို ဘယ်လိုလုပ် သိတာလဲ။ စောစောကတော့ သခင်မကြီးက ဒေါသထွက်လွန်းလို့ သမီးကို သေချာမမေးမိတာ၊ ဒါပေမဲ့ သူ(မ) စိတ်အေးသွားတာနဲ့ သမီးကို ခေါ်ပြီး သေချာပေါက် အကျိုးအကြောင်း မေးမြန်းလိမ့်မယ်”

ရွှယ်နင်က ခပ်ဖွဖွလေး ရယ်မောလိုက်သည်။

“သခင်မကြီးက သမီးကို လာမေးရင်တောင်မှ ဘာမှ ဖြစ်မသွားပါဘူးအမေ။ တကယ်တော့ သမီးရဲ့ အဒေါ် က လုအစ်ကိုလုနဲ့ အစ်မကြီးတို့ကို ဘယ်တုန်းကမှ သဘောမတူခဲ့ဘူးလေ။ သူ(မ)က အသိအမှတ်ပြု ဧည့်ခံပွဲနေ့က ဖြစ်ပျက်ခဲ့သမျှကို အစောကြီးကတည်းက စုံစမ်းထားပြီးသားပါ။ ဒါကြောင့်လည်း နယ်က စိုက်ပျိုးရေးခြံမှာ ရှိနေတဲ့ ကုယွမ်ရှန်းကို နယ်စားမင်းအိမ်တော်ထဲအထိ ခိုးသွင်းဖို့ လူတစ်ယောက်ကို လျှို့ဝှက် ငှားရမ်းခဲ့တာပေါ့”

သခင်မကျန်းက စိုးရိမ်တကြီးဖြင့် ဆက်မေးသည်။

“အဲဒီလူက လုမိသားစုက လူလား”

ရွှယ်နင်က ပြုံးလိုက်၏။

“စိတ်ချပါအမေ။ အဲဒီလူက အပြင်ကနေ သီးသန့်ငှားထားတဲ့လူပါ။ အခု အလုပ်ပြီးသွားပြီဆိုတော့ သူက ငွေတွေယူပြီး တုန်းကျင်းမြို့တော်နဲ့ ဝေးရာကို ထွက်သွားပြီလေ။ သခင်မကြီးက အတွင်းဆောင်ထဲမှာပဲ နေတာဆိုတော့ အဲဒီလူကို ဘယ်လိုမှ ရှာတွေ့နိုင်မှာ မဟုတ်ပါဘူး။ ဒါ့အပြင်... သမီးက အစ်မကြီးကို သမားတော်နဲ့ ပြပြီး သွေးခုန်နှုန်း စမ်းသပ်ကြည့်ဖို့ အစောကြီးကတည်းက သတိပေးခဲ့သားပဲ။ ဘယ်သူက ထင်မှာလဲ... သူ(မ)က သမီးကိုပဲ အကွက်ဆင်ပြီး ဒုက္ခပေးတယ်လို့ ထင်နေတာကိုး။ တကယ့်ကို ‘လူကောင်းကို ခွေးဟောင်’ တဲ့အတိုင်းပဲ... သူများရဲ့ စေတနာကို နည်းနည်းလေးမှ နားမလည်ဘူး”

သခင်မကျန်းက တွန့်ဆုတ်နေသည်။

“ဒါပေမဲ့ သမီးက လက်မထပ်ရသေးတဲ့ မိန်းကလေးတစ်ယောက်လေ”

“သမီးက ဝက်သားမစားဖူးပေမဲ့ ဝက်တွေပြေးတာတော့ မြင်ဖူးတာပဲ။ ကိုယ်ဝန်ဆောင် မိန်းမတွေရဲ့ လမ်းလျှောက်ပုံ အမူအရာက သာမန်လူတွေနဲ့ မတူဘူးလေ။ လွန်ခဲ့တဲ့ရက်ပိုင်းတင်ပဲ သမီးတို့ရဲ့ နောက်ဘက်နောက်ဆက်တွဲဆောင်က ကိုယ်ဝန်ခြောက်လရှိနေတဲ့ အစ်မကျူး အော့အန်နေတာကို သမီး ခဏခဏ မြင်နေရတာပဲဟာ”

ရွှယ်နင်က အချက်အလက်များကို အပိုင်တွက်ကာ ပြောဆိုနေသဖြင့် သခင်မကျန်းလည်း သူမ၏ သံသယများကို ချက်ချင်းပင် ဖျောက်ဖျက်လိုက်နိုင်ပြီး သက်ပြင်းတစ်ချက်ချရင်း နောက်ဆုံးတွင်မှ ထမင်းစားချင်စိတ် အနည်းငယ် ရှိလာသည်။

ရွှယ်နင် ဒီနေရာမှာ ရှိနေတာကြောင့် သူမက ရွှယ်နင် အကြိုက်ဆုံး ဟင်းလျာများကို အထူးချက်ပြုတ်ပြင်ဆင်စေခဲ့သည်။

မိခင်နှင့် သမီးနှစ်ဦးသည် စားပွဲနိမ့်လေး၏ တစ်ဖက်တစ်ချက်တွင် မျက်နှာချင်းဆိုင် ထိုင်လိုက်ကြပြီးနောက် ညစာကို အတူတူ သုံးဆောင်ခဲ့ကြသည်။

သို့သော် ညစာ စားသောက်ပြီးစီးရုံသာ ရှိသေးသော်လည်း ယဲ့ယွီဆောင်ဘက်မှ သတင်းတစ်ခု ရုတ်တရက် ရောက်ရှိလာသည်။ စုရှီးက ဖြစ်ပျက်ခဲ့တဲ့ အရှက်ရဖွယ်ကိစ္စများကို မခံမရပ်နိုင်ဖြစ်သဖြင့် နံရံကို ဦးခေါင်းဖြင့် စောင့်ကာ ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ကြိုးစားခဲ့တယ်ဆိုသည့် သတင်းပင်။

ဤအခြေအနေကြောင့် လျိုရှီသည် အလွန်အမင်း ထိတ်လန့်သွားပြီး ယခုတစ်ကြိမ်တွင် သခင်မကျန်းကိုပင် ကျော်လွန်ကာ သခင်မကြီးရှဲ့၏ ဝမ်ရှိုဆောင်သို့ တိုက်ရိုက်သွားရောက်၍ သမားတော် ခေါ်ပေးရန် တောင်းဆိုခဲ့သည်။

အထိန်းတော်စုန့်သည် စုံစမ်းထောက်လှမ်းပြီးနောက် လိုဟန်ကုတင်အနားတွင် လာရပ်ကာ ပြောပြသည်။

“သမားတော်စွန်းက ညတွင်းချင်းပဲ အိမ်တော်ထဲကို လာပြီး အကြီးဆုံးသခင်မလေးကို စမ်းသပ်ပေးခဲ့ပါတယ်။ အရှိန်နဲ့ ဆောင့်လိုက်လို့ ဦးခေါင်းမှာ ဒဏ်ရာရသွားပေမဲ့ စိုးရိမ်စရာမရှိဘူးလို့ ပြောပါတယ်”

သခင်မကျန်းက မေးလိုက်သည်။

“ကလေးရော ဘာဖြစ်သွားလဲ”

အထိန်းတော်စုန့်က ပြန်ဖြေသည်။

“ကလေးကတော့ ဘာမှမဖြစ်ပါဘူး..... အကောင်းအတိုင်းပါပဲ”

ထို့နောက် သူမက အနည်းငယ် တွန့်ဆုတ်သွားပြီးမှ ပြောလာသည်။

“အကြီးဆုံးသခင်မလေးက ကလေးကို ဖျက်ချပစ်ပြီးမှ သခင်မကြီးဆီမှာ ကရုဏာသက်အောင် တောင်းပန်ဖို့ ရည်ရွယ်ပုံရပါတယ်။ ဒါပေမဲ့ ဝမ်ရှိုဆောင်ဘက်က သဘောထားအရဆိုရင်တော့... ဒါက ဘယ်လိုမှ မဖြစ်နိုင်တဲ့အခြေအနေပဲလို့ ထင်တယ်"

“အခုတော့ လျိုရှီ ဘာလုပ်မလဲဆိုတာပေါ်မှာပဲ မူတည်တော့တာပေါ့”

သခင်မကျန်းကိုယ်တိုင်လည်း စိတ်ထဲတွင် ဒွန်တွဲနေမိသည်။ တကယ်၍သာ သူမ၏သမီးအရင်းသာ ဒီလို ဒုက္ခဆိုးနှင့် ရင်ဆိုင်နေရပါက သူမလည်း စိတ်အခြေအနေ ထိန်းနိုင်မည်မဟုတ်ပေ။ သို့သော် လက်မထပ်ရသေးဘဲ ကိုယ်ဝန်ရလာတာက ဘယ်လိုပဲဖြစ်ဖြစ် သိက္ခာမဲ့၏။ ကလေးဖျက်ဆေးတစ်ခွက် တိုက်လိုက်ခြင်းကသာ နောက်ဆက်တွဲ ပြဿနာအမြောက်အမြားကို သက်သာစေလိမ့်မည်။

ရွှယ်နင်က သခင်မကျန်း၏ ဘေးတွင် အေးဆေးတည်ငြိမ်စွာ ထိုင်နေရင်း လက်တစ်ဖက်ဖြင့် မေးစေ့ကို ထောက်ထားလိုက်သည်။

စုရှီးကတော့ အတင်းအဓမ္မ ရုန်းကန်နေဆဲပေါ့။

ဒါပေမဲ့လည်း သူမက စုရှီးကို ရုန်းထွက်နိုင်မယ့် အခွင့်အရေးမျိုး ဘယ်တော့မှ ပေးမှာမဟုတ်ဘူး။

သူမ ဒီအကွက်ကို စတင်ချကတည်းက သမားတော်စွန်းကို ကြိုပြီး ငွေပေးထားတယ်။

စုရှီးသာ ဒီကိုယ်ဝန်ကို ဖျက်ချလိုက်ပါက နောင်တစ်ချိန်တွင် သူမ ဘယ်တော့မှ ကလေးပြန်ရနိုင်တော့မည် မဟုတ်ပေ။

လျိုရှီသည် သဘာဝအတိုင်း စိတ်နုပြီး သမီးကို အလွန်အမင်း ပူပန်တတ်သူပီပီ... သမီးဖြစ်သူကို ကလေးဖျက်ဆေး သောက်ခွင့်ပြုမှာ မဟုတ်တာ သေချာသလောက်ရှိ၏။

ထို့ကြောင့် စုရှီး မွေးချင်သည်ဖြစ်စေ၊ မမွေးချင်သည်ဖြစ်စေ... ဒီကလေးကိုတော့ သေချာပေါက် မွေးရတော့မယ်။

...

ထိုအချိန်တွင် ယဲ့ယွီဆောင်၌

လေအေးများက တဝုန်းဝုန်း တိုက်ခတ်နေပြီး နှင်းပွင့်နုနုလေးများကလည်း တဖွဲဖွဲ လွင့်ပျံကျနေခဲ့သည်။

စုရှီးက လုံးဝ မျှော်လင့်ချက်မဲ့နေသည့် လေသံဖြင့် မေးလိုက်သည်။

“သမားတော်စွန်း... ရှင် ဘာပြောလိုက်တာလဲ”

သမားတော်စွန်းက ပြောသည်။

“အကြီးဆုံးသခင်မလေး..... သခင်မလေးရဲ့ ခန္ဓာကိုယ်က အရမ်းအားနည်းတဲ့အပြင် သားအိမ်အအေးပတ်တဲ့ ရောဂါလည်း အခံရှိနေတယ်။ တကယ်လို့သာ ဒီကလေးကို ဖျက်ချလိုက်မယ်ဆိုရင်... နောင်တစ်ချိန်မှာ သခင်မလေး ဘယ်တော့မှ ကလေးပြန်ရနိုင်တော့မှာ မဟုတ်ဘူး”

စုရှီးသည် သွားများကို တင်းကြပ်စွာ ကြိတ်ထားရင်း၊ ဖြူဖျော့ပြီး သွေးမရှိသလို ဖြစ်နေတဲ့ မျက်နှာဖြင့် ခုတင်ပေါ်သို့ ခွေခနဲ လဲကျသွားတော့သည်။

လျိုရှီက သမီးဖြစ်သူထက်ပင် ပို၍ ပူပန်နေပြီး လက်ကိုင်ပဝါကို အလိပ်လိပ် လိမ်ကျစ်ရင်း ပြောလိုက်သည်။

“သမားတော်စွန်းရယ်... တစ်ခုခု အဆင်ပြေအောင် ကြံစည်ပေးပါဦး။ အားရှီးက ဒီကလေးကို ဘယ်လိုမှ မွေးလို့မဖြစ်ဘူး"

သမားတော်စွန်းသည် ရွှယ်နင် ပေးထားသော ငွေစများကို တွေးမိလိုက်ပြီးနောက်... ရွှယ်နင် ဒဏ်ရာရတုန်းက လီချန်ချဲ့ ပေးခဲ့ဖူးသော တန်ဖိုးမဖြတ်နိုင်သည့် ညဉ့်အလင်းရောင်ပုလဲကြီးကိုပါ ပြန်လည်အမှတ်ရသွားသည်။ သူက မျက်နှာကို ချက်ချင်း တည်ပြီး ပြောလိုက်၏။

“ကျွန်တော် အကြီးဆုံးသခင်မ‌‌လေးအတွက် ကိုယ်ဝန်မြဲစေမယ့် ဆေးညွှန်းကို ရေးပေးထားပြီးပါပြီ။ ဒီကလေးကို ဘေးကင်းကင်းနဲ့ မွေးဖွားနိုင်မှာပါ”

လျိုရှီက ဒေါသတကြီးဖြင့် အော်လေသည်။

“ကျွန်မက သူ(မ)ကို မမွေးစေချင်ဘူးလို့ ပြောနေတာကို ရှင် မကြားဘူးလား!”

သမားတော်စွန်းကလည်း ခပ်အေးအေးပင် ပြန်ပြောလိုက်သည်။

“ကျွန်တော်လည်း ပြောပြီးပြီလေ... ဒီကလေးကို ဖျက်ချလိုက်ရင် သခင်မလေး နောင်တစ်ချိန် ကလေးမရနိုင်တော့ဘူးလို့။ ဒုတိယသခင်မ သေချာမကြားလိုက်ဘူးလား။ တကယ်လို့ ဒုတိယသခင်မက သခင်မ‌လေးရဲ့ ကျန်းမာရေးကို ဂရုမစိုက်ဘူးဆိုရင်လည်း ကလေးဖျက်ဆေးသာ အတင်းတိုက်လိုက်ပေါ့။ အသက်နှစ်ချောင်းလုံး ဆုံးရှုံးသွားတဲ့အခါကျမှတော့ ကျွန်တော့်ကို လာမအပြစ်တင်နဲ့။ ဒါမှမဟုတ်လည်း တခြားသမားတော်ကိုပဲ သွားရှာလိုက်ပါ... ဒီရောဂါကတော့ ကျွန်တော့်ရဲ့ ကုသနိုင်စွမ်းထက် ကျော်လွန်နေပြီ”

ထိုစကားကြောင့် လျိုရှီ၏ မျက်နှာတစ်ခုလုံး ဖြူဖတ်သွားရပြီး မျက်ဝန်းများလည်း ချက်ချင်း နီမြန်းလာသည်။

သမားတော်စွန်းသည် ကိုယ်ဝန်ထိန်းဆေးညွှန်းကို စားပွဲပေါ်သို့ တင်ပေးလိုက်ပြီးနောက်၊ သူ၏ ဆေးသေတ္တာကို ကောက်ယူကာ လှည့်ထွက်သွား၏။

ယနေ့ စုရှီးဖြစ်ပျက်ခဲ့တဲ့ ကိစ္စကို လူသိနည်းလေ ကောင်းလေ ဖြစ်သည်။

သမားတော်စွန်းကလွဲလျှင် လျိုရှီက အကူအညီတောင်းစရာ အခြားဘယ်သူ့ကိုမှ မသိတော့ပေ။

ထို့အပြင် သူမက စုရှီး၏ အသက်ကို အလောင်းအစားလုပ်ပြီး ကလေးဖျက်ဆေးကို အတင်းအဓမ္မ တိုက်ကျွေးရန်လည်း မလုပ်ရဲပေ။

“ငါ့သမီးလေးရယ်...”

လျိုရှီသည် ရှိုက်ကြီးတငင် ငိုကြွေးရင်း မျက်ရည်များ တရစပ် စီးကျကာ စုရှီးကို ရင်ခွင်ထဲသို့ ဆွဲသွင်းကာ ဖက်ထားလိုက်သည်။

All Chapters