အခန်း ၈၈
Vol. 9 Ch. 88
အခန်း ၈၈ - သခင်လေးလီနှင့်အတူ အပြင်ထွက်ခြင်း
ထိုအချိန်တွင် စုရှီးသည် ငိုမနေတော့ပေမယ့် နီရဲနေတဲ့ သူမ၏မျက်ဝန်းများက အသက်ကင်းမဲ့နေသည်။
သူမက လက်ကို မြှောက်လိုက်ပြီး သူမရဲ့ဗိုက်ကို ပြင်းထန်စွာ ထုရိုက်တော့သည်။
သို့သော်လည်း ထိုရင်သွေးက မကောင်းဆိုးဝါး တစ္ဆေတစ်ကောင်လိုမျိုး သူမဆီမှာ တွယ်ကပ်နေကာ ဘယ်လိုမှ ဖယ်ထုတ်၍ မရနိုင်ပေ။
သူမ ကိုယ့်ကိုကိုယ် လှောင်ပြောင်သရော်တဲ့ အပြုံးမျိုး ပြုံးလိုက်ပြီး လျိုရှီ၏ ပုခုံးပေါ်ကနေ မေးစေ့ကို ပင့်တင်ကာ ထောင့်စွန်းတစ်နေရာ၌ မျက်နှာသေနှင့် ထိုင်နေသော လူတစ်ယောက်ကို လှမ်းကြည့်လိုက်သည်။
“ငါ ဒီလိုအခြေအနေမျိုးအထိ ရောက်သွားရတာဆိုတော့ စိတ်ထဲမှာ ဘယ်လိုမှ မကျေနပ်နိုင်ဘူး။ နင်က ငါ့ရဲ့ ညီမအရင်းပဲ... ငါ ထွက်သွားပြီးရင် ငါ့အတွက် ကလဲ့စားချေပေးဖို့ မမေ့နဲ့။”
စုယင်က ပျင်းရိငြီးငွေ့စွာဖြင့် မျက်ခွံကို အသာပင့်ကာ သူမ၏ တုံးအတဲ့အစ်မကို ပြောလိုက်သည်။
“ကောင်းပါပြီ”
စုရှီးသည် ပြုံးလိုက်မိသော်လည်း ထို့နောက်တွင်တော့ မကျေနပ်ချက်များနှင့် ဝမ်းနည်းပူဆွေးမှုများကြောင့် တစ်ဖန်ငိုကြွေးပြန်သည်။
ရွှယ်နင်နှင့် လီချန်ချဲ့တို့ ပျက်စီးကျဆုံးသွားတာကို သူမ မမြင်တွေ့ရသေးခင်မှာပင် သူမကိုယ်တိုင်က ပြန်လမ်းမရှိတဲ့ ချောက်ကမ်းပါးထဲကို အရင်ကျဆင်းသွားရလိမ့်မယ်လို့ သူမ တစ်ခါမှ မတွေးခဲ့ဖူးပေ။
သူမ မုန်းတီးတယ်! သူမ နာကျည်းတယ်!
နောင်တစ်ချိန် သူမ အင်အားပြန်လည် ရရှိလာသည်နှင့် ရွှယ်နင်၏ အသားကို ခွာ၊ အရိုးကို ချိုးဖျက်ပစ်မယ်လို့ ကျိန်ဆိုတယ်။
...
နောက်တစ်နေ့ အရုဏ်တက်ချိန်တွင် ရွှယ်နင်သည် အိပ်ရာမှ ထလာခဲ့သည်။
မနေ့က စုရှီး ဖန်တီးခဲ့သည့် ကြီးမားသော အရှုပ်တော်ပုံကြောင့် သခင်မကြီးရှဲ့က သူမအား စောစောစီးစီး မောင်းထုတ်ရန် အမိန့်ပေးခဲ့သည်။
အစေခံများကလည်း တစ်စက္ကန့်မျှပင် မနှောင့်နှေးရဲကြဘဲ မနေ့ကတည်းက ဒုတိယအိမ်တော်၏ ကိစ္စရပ်များကို အထိန်းတော်ယဲ့ကိုယ်တိုင် လာရောက် ကြီးကြပ်ပေးသည်။
ပေါင်ချန်သည် မှန်တင်ခုံရှေ့တွင် ရပ်ကာ ရွှယ်နင်၏ ဆံပင်များကို သပ်ရပ်ရိုးရှင်းသော ဆံထုံးလေး ဖြစ်အောင် ထုံးဖွဲ့ပေးနေရင်း မျက်နှာထက်မှ အပြုံးက မပျောက်ပျက်ခဲ့ချေ။
“ဒုတိယအိမ်တော်က မီးတွေ တစ်ညလုံး လင်းနေခဲ့တယ်လို့ ပြောကြတယ်။ မိုးမလင်းခင်ကတည်းက သခင်မလျိုက အကြီးဆုံးသခင်မလေးရဲ့ အသုံးအဆောင် ပစ္စည်းတွေအားလုံးကို အကုန်သိမ်းဆည်းပြီးပြီတဲ့။ အကြီးဆုံးသခင်မလေးနဲ့ စတုတ္ထသခင်မလေးတို့က နှစ်ပေါင်းများစွာ သခင်မလေးအပေါ် နည်းမျိုးစုံနဲ့ နှိပ်စက်ခဲ့ကြတာ။ အခုတော့ သူတို့ လုပ်ခဲ့တဲ့အတိုင်း ပြန်ခံစားနေရတာပဲ။”
ရွှယ်နင်က ခရမ်းနုရောင် ကတ္တီပါ ပန်းပွင့်လေးတစ်ပွင့်ကို ဆံပင်ကြားတွင် ညှပ်လိုက်သည်။ မှန်ထဲတွင် ပေါ်လာသော သူမ၏ ကြာပန်းကဲ့သို့ သန့်စင်လှပသည့် မျက်နှာလေးက ရုတ်တရက် ထူးခြားသော ဆွဲဆောင်မှုတစ်မျိုးဖြင့် တောက်ပသွား၏။
“အစ်မကြီးက ထွက်သွားပြီလား။”
ပေါင်ချန်က ပြုံးလျက် ပြောသည်။
“သခင်မလေး အခု အပြင်ထွက်ရင် အကြီးဆုံးသခင်မလေးကို လှမ်းမြင်ရနိုင်သေးတယ်”
ရွှယ်နင်က စုရှီးကို တွေ့ချင်စိတ် သိပ်မရှိပေ။
မျက်နှာသစ် သန့်စင်ပြီးနောက်တွင်မှ သူမသည် ဖြည်းဖြည်းချင်း အပြင်သို့ လျှောက်လာခဲ့၏
လီချန်ချဲ့နှင့် ဖူရှန်းတို့က တံခါးဝမှာ အသင့်စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။
နှင်းပွင့်များကြားတွင် မတ်မတ်ရပ်နေသော သူ၏ အရပ်အမောင်း မြင့်မြင့်နှင့် ကိုယ်ဟန်အနေအထားမှာ ကျောက်စိမ်းလို ခန့်ညားပြီး၊ ပြတ်သားသော မျက်နှာနှင့် ထင်ရှားပေါ်လွင်သော ရုပ်ရည်အင်္ဂါရပ်များ ရှိသည်။
သခင်လေးလီကို အကြာကြီး မစောင့်ခိုင်းရဲတာကြောင့် သူမက ဝါးစိမ်းထီးလေးကို ဆောင်းကာ သူ့ဆီ ခပ်သွက်သွက်လေး ပြေးသွားသည်။
လီချန်ချဲ့၏ နက်မှောင်တည်ကြည်သော မျက်ဝန်းများက နှင်းတောထဲတွင် သူ့ဆီကို ပြေးဝင်လာတဲ့ မိန်းကလေးငယ်၏ ပုံရိပ်ပေါ်သို့ စူးစိုက်ကျရောက်နေခဲ့သည်။
သူမ၏ အသားအရေက နှင်းပွင့်ကဲ့သို့ ဖြူစင်ကာ၊ ဆံနွယ်များက မင်ကဲ့သို့ နက်မှောင်နေပြီး ပါးပြင်လေးများက သွယ်လျနေသည်။ ဒဏ်ရာရရှိပြီးနောက် အားနည်းနေသေးသော သူမ၏ ခန္ဓာကိုယ်လေးက အပြည့်အဝ ပြန်လည်ကောင်းမွန်လာခြင်း မရှိသေးပေ။
သို့သော် ယနေ့တွင် သူမက ရိုးရှင်းတဲ့ ကံ့ကော်ညွှန့်ရစ် ဆံထုံးလေးကို ထုံးဖွဲ့ထားပြီး ခရမ်းရောင် ကတ္တီပါပန်းပွင့်လေး နှစ်ခက်ကို ပန်ဆင်ထားသည်။ သူမ၏ သွယ်လျသော လည်တိုင်ထက်တွင် မီးခိုးရောင် ရှဉ့်မွေးလည်ကော်လာလေး ရှိနေပြီး ရင်ဘတ်ထက်တွင်မူ တောက်ပသော အနီရောင် ပန်းပွားလေးတစ်ခု ဆွဲထားရာ သူမ လှုပ်ရှားလိုက်တိုင်း ချစ်စဖွယ် လှုပ်ခါနေတော့သည်။
လီချန်ချဲ့၏ နှုတ်ခမ်းများက မသိမသာ ကွေးညွတ်သွား၏။
သူမ မောဟိုက်လျက် ပြေးဝင်လာစဉ် သူက သဘာဝအတိုင်းပင် သူမကို တွဲထိန်းပေးလိုက်ပြီး လက်ထဲမှ ဝါးစိမ်းထီးလေးကို လှမ်းယူလိုက်သည်။
“ပြေးစရာ မလိုပါဘူး... ကိုယ် မင်းကို စောင့်နေမှာပါ။”
“သခင်လေးကို အကြာကြီး စောင့်ခိုင်းမိမှာ စိုးလို့ပါ။”
ရွှယ်နင်၏ နှာခေါင်းလေးက မြောက်လေကြောင့် နီရဲနေပြီး ရဲရဲနီသော နှုတ်ခမ်းလွှာလေးမှ ငွေ့ရည်ဖွဲ့ နှင်းခိုးဖြူဖြူလေးများ ထွက်ပေါ်နေသည်။
ဒဏ်ရာရပြီးကတည်းက သူမ၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံမှာ သိသိသာသာ အားနည်းသွားသည်။ ယခုအခါ သူမ၏ အသက်ရှူသံက အနည်းငယ် ပြတ်တောင်းနေပြီး မိတ်ကပ်ခြယ်သထားသော ပါးပြင်လေးများက ပိုမို နီမြန်းလာသည်။
လီချန်ချဲ့က ခန္ဓာကိုယ်ကို အနည်းငယ်လှည့်လိုက်ပြီး မိန်းကလေးငယ်၏ နီရဲသော နှုတ်ခမ်းများထက်သို့ အကြည့်တို့ ဝဲပျံနေသော်လည်း လေသံက အေးဆေးတည်ငြိမ်နေဆဲပင်။
“သွားကြစို့။”
သည်းထန်စွာ ကျဆင်းနေသော နှင်းပွင့်များကြားတွင် ရွှယ်နင်သည် လီချန်ချဲ့၏ မျက်နှာအမူအရာကို သဲသဲကွဲကွဲ မမြင်ရပေ။ နှင်းတောထဲတွင် ရပ်နေစဉ် သူ သူမကို စိုက်ကြည့်ခဲ့သည့် မျက်ဝန်းများင နက်ရှိုင်းလွန်းတယ်လို့ပဲ သူမ ခံစားလိုက်ရသည်။
ဘာကြောင့်မှန်းမသိ၊ သူမ၏ ရင်ခုန်သံများက အကြောင်းပြချက်မရှိဘဲ အနည်းငယ် မြန်ဆန်လာသည်။
“သခင်လေး... မနက်စာ သုံးဆောင်ပြီးပြီလား”
“မစားရသေးဘူး။”
ရွှယ်နင်၏ နှုတ်ခမ်းများက အသာလေး ကွေးညွတ်သွားပြီး လက်ကိုင်ပုဝါဖြင့် ထုပ်ထားသော မုန့်တစ်ခုကို ဂရုတစိုက် ထုတ်ယူလိုက်သည်။
“ဒါက တရုတ်ပင်စိမ်းမုန့်ပါ... သခင်လေး မြည်းကြည့်မလား။”
လီချန်ချဲ့က သူမကို တစ်ချက်လှမ်းကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်များ မြင့်တက်သွားကာ သူ၏ သွယ်လျသော လက်ချောင်းများဖြင့် သူမ လက်ထဲမှ မုန့်ကို လှမ်းယူလိုက်သည်။
“အင်း။”
သူက လက်ကိုင်ပုဝါကို ဖြေနေတာကို မြင်တဲ့အခါ ရွှယ်နင်က အလျင်အမြန် တားလိုက်၏။
“အခု မစားပါနဲ့ဦး။ လေက အရမ်းတိုက်နေတာ... လေအေးတွေ ဝင်ပြီး ဗိုက်အောင့်သွားလိမ့်မယ်။ ရထားလုံးထဲ ရောက်မှ စားပါ။”
လီချန်ချဲ့၏ ချောမောသော မျက်နှာထက်တွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ပေါ်လာပြီး သူ့လေသံက တိုးညင်းကာ နားဝင်ချိုသည်။
“ကောင်းပါပြီ... မင်းစကားကို နားထောင်ပါ့မယ်။”
ရွှယ်နင်သည် ရင်ဖိုစွာဖြင့် တံတွေးကို အသာမျိုချလိုက်မိပြီး မျက်နှာလေးက အနည်းငယ် ပူနွေးလာခဲ့သည်။
သူ့မှာ တည်တင်းသော ရုပ်ရည်မျိုး ရှိသည်—ပါးလွှာသော နှုတ်ခမ်း၊ ဖြောင့်စင်းပြီး ပေါ်လွင်သော နှာတံ၊ ထက်မြက်ပြီး အေးစက်သော မျက်ခုံးနှင့် အထူးတလည် နူးညံ့မှုမရှိဘဲ စွဲမက်ဖွယ် မက်မွန်ပွင့်မျက်ဝန်း။ သူ၏ မျက်ဝန်းထဲမှ အလင်းရောင်က အမြဲတမ်း ပဟေဠိဆန်ကာ နက်ရှိုင်းနေတတ်ပြီး၊ ထောင့်ချိုးကျလွန်းသော မျက်နှာကျကြောင့် သူက ခဏခဏ ပြုံးလေ့ရှိသူတစ်ဦး မဟုတ်မှန်း သိသာသည်။ ထို့ကြောင့် သူ ပြုံးလိုက်သည့် အခါတိုင်းတွင် ထူးခြားသော ဆွဲဆောင်မှုတစ်ခု ရှိ၏။
မြင်သမျှ အရာအားလုံးအပေါ် နက်ရှိုင်းတဲ့ ခံစားချက်များ ရှိနေသလို ထင်မှတ်ရသည့် ထိုမျက်ဝန်းများ၏ စိုက်ကြည့်တာကို ခံရလျှင် ဘယ်သူမဆို မရှက်ရွံ့ဘဲ နေမှာမဟုတ်ဘူး။
ရွှယ်နင်လည်း အလှအပကို ခံစားတတ်သော သာမန်မိန်းကလေးတစ်ဦးသာ ဖြစ်ပေမယ့် လီချန်ချဲ့လို ယောကျာ်းမျိုးက သူမနှင့် မထိုက်တန်မှန်းကိုတော့ အသေအချာ သိထားသည်။ ထို့ကြောင့် သူမက အနည်းငယ် မြန်ဆန်နေသော ရင်ခုန်သံများကို ဖိနှိပ်လိုက်ပြီး သူမကိုယ်သူမ တည်ငြိမ်အောင် ကြိုးစားလိုက်သည်။
ထိုအမျိုးသားသည် သူမထက် များစွာ အရပ်ရှည်ပြီးမြင့်မားသော်လည်း ထီးကိုတော့ သူမတစ်ကိုယ်လုံး လုံစေရန် ငဲ့ညှာစွာ မိုးပေးထားသည်။ လေနှင့်နှင်းများ ဘယ်လောက်ပဲ တိုက်ခတ်နေပါစေ၊ နှင်းအများစုမှာက သူ့ဦးခေါင်းပေါ်ပဲ ကျရောက်နေခဲ့သည်။
ယနေ့တွင်လည်း သူက ခရမ်းနုရောင် ဝတ်ရုံနှင့် အနက်ရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားဆဲ ဖြစ်၏။
သူ၏ ကိုယ်ဟန်တစ်ခုလုံးမှာ အေးစက်ခြင်း၊ တည်ကြည်ခြင်းနှင့် မြင့်မြတ်ခြင်းတို့ဖြင့် ပြည့်နှက်နေသည်။
အခုမှပဲ သူမ သတိပြုမိတော့တယ်။သူမ ဆံပင်ကြားမှာ ပန်ဆင်ထားတဲ့ ခရမ်းရောင် ကတ္တီပါပန်းပွင့်က သူ့ဝတ်စုံနှင့် ကွက်တိကျနေပြီး စုံတွဲဝတ်စုံ ဝတ်ဆင်ထားသလို ဖြစ်နေတာ မဟုတ်လား။
ရွှယ်နင်၏ မျက်နှာလေးက ချက်ချင်း ရှက်သွေးဖြာကာ နီမြန်းသွားပြီး ခန္ဓာကိုယ်လည်း အနည်းငယ် တောင့်တင်းသွားရသည်။ သူမက ဒီလိုဖြစ်လာစေဖို့ တကယ်ပဲ ရည်ရွယ်ခဲ့တာ မဟုတ်ပါ။
မနေ့က သူ ခရမ်းရောင်ဝတ်စုံနှင့် ဘယ်လောက်ခန့်ညားလဲဆိုတာကို သူမ မြင်တွေ့ခဲ့ရတာကြောင့် ဒီနေ့ သေတ္တာထဲမှာ ခရမ်းရောင် ကတ္တီပါပန်းပွင့်လေးကို တွေ့လိုက်ရတဲ့အခါ စိတ်လှုပ်ရှားပြီး ပန်ဆင်မိရုံမျှသာ ဖြစ်သည်။ လီချန်ချဲ့က ဒီနေ့လည်း ခရမ်းရောင်ကို ထပ်ဝတ်လာလိမ့်မယ်လို့ သူမ မထင်ထားခဲ့မိဘူး။ဒါကြောင့်ပဲ ဒီလိုတိုက်ဆိုင်မှုမျိုး ဖြစ်သွားရတာ။
လီချန်ချဲ့သည် သူ့ဘေးမှ မိန်းကလေးငယ် လမ်းလျှောက်နေရာမှ ရပ်တန့်သွားတာကို သတိပြုမိသွားသည်။
“ဘာဖြစ်လို့လဲ။”
ရွှယ်နင်က ပူနွေးနေသော သူမ၏ ပါးပြင်လေးများကို အသာပွတ်သပ်လိုက်၏။
“ဘာ... ဘာမှမဟုတ်ပါဘူး... လေတိုက်လို့ နည်းနည်းအေးသွားလို့ပါ...”
သူမက စကားပြောရင်း သူ၏အကြည့်ကို မရင်ဆိုင်ရဲသဖြင့် ဘေးဘက်ရှိ တံခါးငယ်ဆီသို့ ခပ်သွက်သွက်လေး လျှောက်သွားသည်။
အိမ်တော်အဝင်ဝတွင် မြင်းရထားလုံး အချို့ ပိတ်ဆို့ ပြည့်နှက်နေပြီး လျိုရှီက အစေခံအချို့အား ရထားလုံးတစ်စီးပေါ်သို့ ပစ္စည်းများ တင်ဆောင်ရန် ညွှန်ကြားနေသည်။
ရွှယ်နင်နှင့် လီချန်ချဲ့တို့ ထွက်လာတာကို မြင်တဲ့အခါ လေနှင့်နှင်းဒဏ်ကြောင့် လျိုရှီ၏ မျက်နှာက အေးစက်ခက်ထန်နေသည်။ သူမက ရွှယ်နင်ကို မနှုတ်ဆက်ဘဲ ရထားလုံးဆီသို့ လျှောက်သွားကာ လိုက်ကာကို ပင့်တင်ပြီး အတွင်းရှိ လူတစ်ဦးအား တိုးညင်းစွာ စကားပြောလိုက်သည်။
ရွှယ်နင်က မော့ကြည့်လိုက်တဲ့အခါ လေနှင့်နှင်းပွင့်များကြားမှတစ်ဆင့် ရထားလုံးအတွင်းရှိ စုရှီးကို လှမ်းမြင်လိုက်ရသည်။
တစ်ညတာမျှသာ ကုန်လွန်သွားခဲ့သော်လည်း ရထားလုံးထဲမှ လူက တစ်ညတည်းနှင့် ဆယ်နှစ်ခန့် အိုမင်းရင့်ရော်သွားသယောင် ရှိသည်။
သူမက ရိုးရှင်း အေးစက်သော အရောင်ရှိသည့် အင်္ကျီနှင့် စကတ်ကို ဝတ်ဆင်ထားပြီး သူမ၏ မျက်ဝန်းများက ရေခဲကဲ့သို့ အေးစက်နေသည်။ ရွှယ်နင်ကို မြင်လိုက်ရတဲ့အခါ သူမ၏ အကြည့်ထဲတွင် အဆိပ်ပြင်းသော နာကျည်းမုန်းတီးမှုများ ဖြတ်ပြေးသွား၏။
ရွှယ်နင်ကတော့ တုန်လှုပ်ခြင်းမရှိဘဲ သူမ၏အကြည့်ကို တိုက်ရိုက် ရင်ဆိုင်လိုက်ပြီး ခဏလောက် သွေးအေးစွာ စိုက်ကြည့်နေပြီးနောက်မှ လီချန်ချဲ့ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
“သခင်လေးလီ... ရထားလုံးပေါ် တက်ကြစို့”
လီချန်ချဲ့က ရွှယ်နင်အား ကာကွယ် စောင့်ရှောက်သည့် အမူအရာဖြင့် ရထားလုံးပေါ်သို့ တွဲကူတင်ပေးနေတာကို မြင်တဲ့အခါ စုရှီး၏ နှုတ်ခမ်းများက ဖြည်းဖြည်းချင်း ပြုံးယောင်သန်းလာသည်။
“မငြိမ်မသက်နဲ့ မြှူဆွယ်တတ်တဲ့ ကောင်မစုတ်!”
လျိုရှီက ရွှယ်နင် ရှိရာဘက်သို့ ရွံရှာစွာဖြင့် ဒေါသတကြီး တံတွေးထွေးလိုက်ပြီးနောက် စုရှီးဘက်သို့ ပြန်လှည့်ကာ လေသံကို အသာအယာ လျှော့ချလျက် ငိုကြွေးရင်း ပြောသည်။
“သမီးလေး... လောလောဆယ်တော့ နယ်က အိမ်ဟောင်းမှာပဲ သွားပြီး အခြေအနေ စောင့်ကြည့်နေလိုက်ပါဦး။ ကလေးမွေးပြီးတာနဲ့ အမေ သမီးကို ပြန်ခေါ်ဖို့ နည်းလမ်းရှာပါ့မယ်။”
စုရှီးသည် လျိုရှီက သူမအတွက် အစီအစဉ်များ ချမှတ်ပေးလိမ့်မည်ဟု သဘာဝအတိုင်း ယုံကြည်ထား၏။
“အမေ... သမီး ပြောခဲ့တာတွေကို မမေ့နဲ့ဦးနော်။”
“စိတ်ချပါ သမီးရယ်... ရွှယ်နင်က သမီးကို ဒီလိုအခြေအနေမျိုးအထိ ဖြစ်အောင် လုပ်ခဲ့တာ... အမေ သူ(မ)ကို လွယ်လွယ်နဲ့ လွှတ်ထားမှာ မဟုတ်ဘူး”
စုရှီးက တိုးညင်းစွာ “အင်း” ဟု ဆိုကာ မျက်ဝန်းများကို ဖြည်းညင်းစွာ မှိတ်ချလိုက်ပြီး ဝဲတက်လာသော မျက်ရည်များကို အတင်းအကျပ် အောင့်အီးမျိုသိပ်လိုက်သည်။
...
ရထားလုံးအတွင်း၌မူ...
ရွှယ်နင်သည် တစ်ကိုယ်လုံး အလွန်အမင်း စိတ်မသက်မသာ ဖြစ်နေ၏။