အခန်း ၈၉
Vol. 9 Ch. 89
အခန်း ၈၉ - ငါ့ရဲ့ ယောင်းမလုပ်ပါလား
လီချန်ချဲ့သည် စာအုပ်တစ်အုပ်ကို ကောက်ကိုင်ကာ ဖတ်နေပြီး သူမကို အာရုံစိုက်ခြင်း မရှိသော်လည်း ရွှယ်နင်ကတော့ ထိုနေ့က ‘ရမ္မက်နှောင်ကြိုး’ အမွှေးတိုင်ဆေး မိထားစဉ် ရထားလုံးအတွင်း၌ သူနှင့် ပါးချင်းအပ် ပွတ်သပ်မိခဲ့ပုံများကို ပြန်မြင်ယောင်နေမိသည်။ ထို့အပြင် သူမကိုယ်တိုင်က စတင်ခဲ့တာဖြစ်ပြီး သူကလည်း ငြင်းဆန်ခဲ့ခြင်း မရှိပေ။
ဒါက တကယ်ပဲ... ရှက်စရာကောင်းပြီး မျက်နှာပူစရာ ကောင်းလွန်းတယ်။
သူမက ထူထဲရှည်လျားသော မျက်တောင်များကိုပင့်ကာ သူ့အား ခိုးကြည့်လိုက်မိသည်။
သူက နေ့တိုင်း တော်ဝင်ကျောင်းတော်သို့ တက်ရောက်ကာ အလုပ်ရှုပ်နေပြီး နှစ်သစ်ကူးပြီးလျှင် နွေဦးတော်ဝင်စာမေးပွဲကလည်း နီးကပ်နေပြီ ဖြစ်တာကြောင့် စာမေးပွဲအတွက် ပြင်ဆင်စရာ ဝန်ထုပ်ဝန်ပိုးများက ကြီးမားသည်။ သူ အဲ့ဒီကိစ္စကို မေ့သွားလောက်ပြီ မဟုတ်လား။
“ကိုယ့်ကို ပြောစရာ ရှိလို့လား။”
ထိုအမျိုးသား၏ လေသံက တိုးညင်းကာ နားဝင်ချိုသည်။
ရွှယ်နင်က သူမ ခိုးကြည့်နေတာကို လက်ပူးလက်ကျပ် မိသွားသဖြင့် မျက်နှာလေး ရဲခနဲ ဖြစ်သွားသည်။
“ဟို... မရှိ... မရှိပါဘူး။”
လီချန်ချဲ့၏ နှုတ်ခမ်းထောင့်တွင် အပြုံးဖျော့ဖျော့လေးတစ်ခု ပေါ်လာပြီး သူက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“ဒါဆိုရင် သခင်မလေးရွှယ်က ကိုယ့်ကို ကြည့်ကောင်းတယ်လို့ ထင်လို့ ငေးကြည့်နေတာလား။”
ရွှယ်နင် ရင်ထဲ ထိတ်ခနဲ ဖြစ်ကာ ပျာပျာသလဲ ငြင်းမိတော့သည်။
“အဲဒါက မဟုတ်—”
လီချန်ချဲ့က ရွှယ်နင်၏ ပျာယာခတ်နေသော မျက်ဝန်းများကို စိုက်ကြည့်လိုက်သည်။
“ဒါဆို သခင်မလေးရွှယ်ရဲ့ မျက်လုံးထဲမှာ ကိုယ်က ကြည့်ရဆိုးနေတာပေါ့”
“မဟုတ်... မဟုတ်ပါဘူး၊ အဲဒီလို အဓိပ္ပာယ် မဟုတ်ပါဘူး။ သခင်လေးလီက တကယ်ပဲ အရမ်းကို ချောမောပါတယ်”
သူ၏ နက်ရှိုင်းသော စိုက်ကြည့်မှုအောက်တွင် ရွှယ်နင် ရှက်သွေးဖြာကာ အလျင်အမြန်ပင် ဆင်ခြေတစ်ခု ရှာလိုက်ရ၏။
“ကျွန်မ... ကျွန်မက သခင်လေး ဘာစာအုပ် ဖတ်နေလဲဆိုတာ သိချင်လို့ ကြည့်လိုက်တာပါ။”
သူမ၏ ချီးမွမ်းစကားကြောင့် လီချန်ချဲ့သည် စိတ်ကျေနပ်သွားကာ လက်ထဲမှ စာအုပ်ကို သူမထံ ကမ်းပေးလိုက်သည်။
ရွှယ်နင် ကြည့်လိုက်တဲ့အခါ ၎င်းမှာ ‘တုန်းကျင်း၏ ဓလေ့ထုံးတမ်းနှင့် ရှုခင်းများ’ ဟူသော စာအုပ် ဖြစ်နေသည်။ သူမ မျက်တောင်ခတ်လျက် သူ့အား နားမလည်နိုင်စွာ ကြည့်လိုက်မိ၏။
“နွေဦးတော်ဝင်စာမေးပွဲက နီးနေပြီ မဟုတ်ဘူးလားဟင်။ ဘာဖြစ်လို့ ဒီလို အပန်းဖြေ ဖတ်တဲ့စာအုပ်မျိုးကို ဖတ်နေရတာလဲ။”
လီချန်ချဲ့က ပြန်ဖြေသည်။
“ဒီအတိုင်း လှန်လှောကြည့်ရုံတင်ပါ”
ထို့နောက် သူက ထပ်မံ မေးမြန်းပြန်သည်။
“မင်းက ကိုယ့်ကို တကယ်ပဲ ကြည့်ကောင်းတယ်လို့ ထင်တာလား။”
အကြောင်းအရာက ရုပ်ရည်အလှအပဘက်သို့ ဘယ်လိုလုပ် ရောက်သွားရတာလဲဆိုတာကို နားမလည်သော်လည်း ရွှယ်နင်က ရိုးသားစွာပင် ပြန်ဖြေလိုက်သည်။
“သခင်လေးလီက နတ်သားတစ်ပါးလို ရုပ်ရည်မျိုး ရှိတာဆိုတော့... သေချာတာပေါ့ ကြည့်ကောင်းပါတယ်”
လီချန်ချဲ့၏ နှုတ်ခမ်းထက်မှ အပြုံးက ပိုမိုနက်ရှိုင်းသွားသည်။
သူမက သူ့ရုပ်ရည်အပေါ် တော်တော်လေး သဘောကျကျေနပ်ပုံရတယ်။
ရွှယ်နင်က နောက်ထပ် ဘာဆက်ပြောရမှန်း မသိတော့ပေ။
နှစ်ယောက်တည်း ရှိနေသည့် အနေအထားတွင် လေထုက အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းလာ၏။
သူမ စိတ်လှုပ်ရှားစွာဖြင့် ဒီအခြေအနေကို ကျော်လွှားရန် အခြားအကြောင်းအရာတစ်ခု ရှာဖွေတော့မည့်အချိန်တွင် ရထားလုံးအပြင်ဘက်မှ သာယာကြည်လင်သော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
“ဒါ ရွှမ်းယီနယ်စားမင်းအိမ်တော်က သခင်မလေးရွှယ်ရဲ့ ရထားလုံးလား။”
ဝေ့ကျန့်ယန်၏ ရင်းနှီးသောအသံကို ကြားလိုက်ရပြီး ရွှယ်နင်သည် လျင်မြန်စွာပင် ကိုယ်ကိုကိုင်းညွတ်ကာ ရထားလုံးလိုက်ကာကို ပင့်တင်လိုက်သည်။
“ယန်ယန်... နင်လား။”
“ငါက နင့်ရဲ့ ဒဏ်ရာအခြေအနေကို လာကြည့်မလို့ နယ်စားမင်းအိမ်တော်ကို သွားမလို့လေ။ ဒီမှာ လာတိုက်ဆိုင်လိမ့်မယ်လို့ မထင်ထားဘူး... တကယ့်ကို တိုက်ဆိုင်တာပဲ။”
ဝေ့ကျန့်ယန်က သူမ၏ ရထားလုံးကို အမြန်ရပ်တန့်ရန် ညွှန်ကြားလိုက်ပြီး၊ အပြင်သို့ဆင်းကာ နယ်စားမင်းအိမ်တော်၏ ရထားလုံးပေါ်သို့ တက်လာသည်။
သို့သော် ရထားလုံးအတွင်း၌ ထူးခြားစွာ ချောမောခန့်ညားလွန်းတဲ့ အမျိုးသားတစ်ဦးကို မြင်လိုက်ရတဲ့အခါ သူမ လန့်ဖျပ်သွား၏။
“ပြီးတော့ ဒါက—”
ရွှယ်နင်က ညင်သာစွာ ပြုံးလိုက်သည်။
“ငါ့အစ်ကိုရဲ့ ရင်းနှီးတဲ့ သူငယ်ချင်း... သခင်လေးလီ၊ လီချန်ချဲ့"
ဝေ့ကျန့်ယန် ရုတ်တရက် မှတ်မိသွားသည်။ ရွှယ်နင်ရဲ့ အသိအမှတ်ပြုပွဲတုန်းက သူမ သူ့ကို တစ်ကြိမ် မြင်ဖူးတယ်။ ထိုအချိန်တုန်းက ဖြတ်ခနဲ လှမ်းကြည့်ရုံမျှနှင့်ပင် ထူးခြားစွာ ချောမောတယ်လို့ ထင်ခဲ့မိပေမယ့် အခုလိုမျိုး အနီးကပ် မြင်တွေ့လိုက်ရတဲ့အခါမှာတော့ သူ့ရုပ်ရည်က အသက်ရှူမှားလောက်အောင်ပင် ခန့်ညားလွန်းတယ်။
သူမက နှုတ်ခမ်းကို စေ့လိုက်ပြီး မျက်လုံးအဝိုင်းသားနှင့် ချက်ချင်းပင် သတိကြီးစွာ ထားလိုက်မိသည်။
သူက နင်နင်နှင့်အတူ ရှိနေမှန်းသာ သိရင် ဒီနေ့ သူမရဲ့ အစ်ကိုဖြစ်သူကိုပါ တစ်ခါတည်း ခေါ်လာခဲ့ရမှာ။
ရွှယ်နင်က သူမကို ဘေးနားတွင် ထိုင်ရန် ဆွဲခေါ်လိုက်ပြီး ပေါင်ချန်အား လှမ်းပြောလိုက်သည်။
“ပေါင်ချန်... နင် သခင်မလေးဝေ့ရဲ့ ရထားလုံးဘက်ကို သွားလိုက်ဦး။ ငါတို့ ခဏနေကျရင် လုအိမ်တော်မှာ ဆုံကြမယ်။”
ပေါင်ချန်က “ဟုတ်ကဲ့” ဟု ပြန်ထူးကာ တစ်ဖက်ရထားလုံးပေါ်သို့ ကူးပြောင်း သွားခဲ့သည်။
ဝေ့ကျန့်ယန် ရောက်ရှိလာခြင်းကြောင့် ရထားလုံးအတွင်းရှိ တင်းမာသော လေထုက သိသိသာသာ လျော့ပါးသွားသည်။ ရွှယ်နင်က ပြုံးလျက် လီချန်ချဲ့အား မိတ်ဆက်ပေးလိုက်သည်။
“သခင်လေးလီ... ဒါက တော်ဝင်ပညာရှိကြီးဝေ့ရဲ့ သမီး... ဝေ့ကျန့်ယန်ပါ။ ကျွန်မရဲ့ အရင်းနှီးဆုံး သူငယ်ချင်းပေါ့"
လီချန်ချဲ့က မျက်မှောင်ကြုတ်လိုက်မိပြီး ဒီ မဖိတ်ခေါ်ဘဲ ရောက်လာတဲ့ ဧည့်သည်အပေါ် သဘောမကျ ဖြစ်သွားသည်။
“တွေ့ရတာ ဝမ်းသာပါတယ်။”
ဝေ့ကျန့်ယန်က ခြောက်ကပ်ကပ်ဖြင့် ရယ်မောလိုက်သည်။
“နင်နင်... ငါတို့ ငါ့ရဲ့ ရထားလုံးဘက် ပြောင်းသွားကြမလား။ သခင်လေးလီကလည်း စာဖတ်ချင်နေတာဆိုတော့... ငါတို့နှစ်ယောက်လည်း နောက်မှ သီးသန့် ပြောစရာ စကားတွေ ရှိသေးတယ်လေ။ သခင်လေးကို အနှောင့်အယှက် မပေးတော့ဘူးပေါ့”
လီချန်ချဲ့က သူမကို တစ်ချက်လှမ်းကြည့်သည်။
“အနှောင့်အယှက် မဖြစ်ပါဘူး”
ဝေ့ကျန့်ယန်က အတင်းအကျပ် ပြုံးပြီး ပြောလိုက်၏။
“ဒါပေမဲ့ ကျွန်မတို့နှစ်ယောက်က တကယ်ပဲ သီးသန့်ကိစ္စတွေ ပြောစရာ ရှိလို့ပါ”
လီချန်ချဲ့က မျက်လွှာပင့်လိုက်ပြီး ဝေ့ကျန့်ယန်အား အဓိပ္ပာယ်ပါပါ ဖျတ်ခနဲ လှမ်းကြည့်လိုက်သည်။
သူ့မျက်နှာထက်တွင် မည်သည့် အမူအရာမျှ မရှိသော်လည်း အကြောင်းပြချက်မရှိဘဲ လူကို စိတ်ဖိစီးကာ အသက်ရှူကျပ်လာသလို ခံစားရစေသည်။
ဝေ့ကျန့်ယန် သူမကိုယ်သူမ ဘာဖြစ်သွားမှန်း မသိပေမယ့် ထိုအမျိုးသား၏ စိုက်ကြည့်မှုအောက်တွင် တစ်ကိုယ်လုံး တောင့်တင်းသွားတော့သည်။
ရွှယ်နင်သည် ဝေ့ကျန့်ယန်က မသက်ဆိုင်တဲ့ အမျိုးသားတစ်ဦးနှင့် ရှိနေရတာကို စိတ်အနှောင့်အယှက်ဖြစ်မှာ စိုးရိမ်သဖြင့် ပြောလိုက်သည်။
“သခင်လေးလီ... ကျွန်မ ယန်ယန်နဲ့ပဲ အတူသွားလိုက်ရင် ကောင်းမလား။”
လီချန်ချဲ့က တည်ငြိမ်စွာပင် ပြောလိုက်သည်။
“မင်းက ဒဏ်ရာအပြင်းအထန် ရထားပြီး အပြည့်အဝ ပြန်မကောင်းသေးဘူး။ ရထားလုံး အကူးအပြောင်းလုပ်ပြီး လေနဲ့နှင်းဒဏ် ခံရရင် မင်းရဲ့ ကျန်းမာရေးကို ထိခိုက်ဖို့ပဲ ရှိတယ်၊ ဘာမှ အကျိုးမရှိဘူး။ တကယ်လို့ သခင်မလေးဝေ့က ကျွန်တော်နဲ့အတူ ရထားလုံး မစီးချင်ဘူးဆိုရင်တော့ သူ(မ)တစ်ယောက်တည်းပဲ ထွက်သွားလို့ရပါတယ်။”
ရွှယ်နင် ဆွံ့အသွားတယ်။ လီချန်ချဲ့က စိတ်ရှည်တတ်သူတစ်ဦး မဟုတ်မှန်း သူမ သိထားပေမယ့် ယန်ယန်အပေါ် အခုလိုမျိုး ဒဲ့တိုးကြီး ပြောလိမ့်မယ်လို့ မထင်မှတ်ထားခဲ့ပေ။
သို့သော် နှစ်ယောက်လုံးက သူမ တန်ဖိုးထားရသည့် မိတ်ဆွေများ ဖြစ်တဲ့အတွက် ဘယ်သူ့ကိုမှ စိတ်အနှောင့်အယှက် မဖြစ်စေချင်ပါ။
“ကြည့်ရတာ ရှေ့က ဝီလိုလမ်းကြားကို ရောက်တော့မှာပဲ”
သူမက ပြုံးလျက် ဝင်ပြောလိုက်၏။
“ယန်ယန်... ငါတို့တွေ ဟိုဘက်ဒီဘက် ပြောင်းမနေကြတော့ပါဘူး။”
ဝေ့ကျန့်ယန်သည် ရွှယ်နင်၏ ကျန်းမာရေးကို သဘာဝအတိုင်းပင် ပထမဦးစားပေး စဉ်းစားသည်။
“နင်နင်... နင့်ဒဏ်ရာက အခုထိ အပြည့်အဝ မပျောက်သေးဘူးလား။ ကြည့်ရတာ မျက်နှာလေးက အခုထိ သွေးမရှိသေးသလိုပဲ။ ခဏနေကျရင် အစ်ကိုလုကို တော်ဝင်သမားတော်တစ်ယောက် ခေါ်ခိုင်းပြီး နင့်ကို စမ်းသပ်ခိုင်းရမလား။ ငါ့အစ်ကို သိတဲ့ နတ်ဆေးသမားတော်ကြီးက ဆေးစွမ်း တော်တော်ထက်တာ။ အရင်တုန်းက ငါချောင်းဆိုးတာကို အပ်စိုက်ကုပေးပြီး ပျောက်အောင် လုပ်ပေးခဲ့တာလေ။”
ဝေ့ကျန့်လန်အကြောင်း ပြောလာသဖြင့် ရွှယ်နင်က မေးလိုက်သည်။
“အစ်ကိုဝေ့က ဒီနေ့ ဘာလို့ ပါမလာတာလဲ။”
ဝေ့ကျန့်ယန်က ပြုံးသည်။
“ငါ့အစ်ကိုက အခုတလော ရုံးတော်ရဲ့ ကိစ္စတွေနဲ့ အလုပ်ရှုပ်နေလို့လေ။ မဟုတ်ရင်တော့ နင့်ကို လာတွေ့ဖို့ ငါ အတင်းခေါ်လာမှာ သေချာတယ်”
ရွှယ်နင်က သက်ပြင်းချလိုက်သည်။
“နှမြောစရာပဲ။ ပြီးခဲ့တဲ့အပတ်က ပျန့်မြစ်မှာ လူတွေ ရေခဲခွဲပြီး ငါးဖမ်းတာကို သွားကြည့်ဖို့ ပြောထားကြသေးတာ။ ငါသာ ဒဏ်ရာမရခဲ့ရင် အခုလောက်ဆို သွားကြည့်ဖြစ်လောက်ပြီ။”
အမှန်တော့ ဝေ့ကျန့်ယန်ကိုယ်တိုင်က သွားကြည့်ချင်လွန်းသဖြင့် ရွှယ်နင်ကို အတင်းဆွဲခေါ်ခဲ့ခြင်း ဖြစ်သည်။ သူမက တိုးညင်းစွာဖြင့်-
“ရပါတယ်... နင် နေကောင်းသွားမှ သွားကြည့်လည်း ရတာပဲ။ နင့်ရဲ့ ကျန်းမာရေးက အရာအားလုံးထက် ပိုအရေးကြီးတယ်”
လီချန်ချဲ့သည် ရွှယ်နင်က “အစ်ကိုဝေ့” ဟု ထပ်တလဲလဲ ခေါ်ဆိုနေတာကို ကြားရသဖြင့် စိတ်ထဲမှာ အလိုမကျ ဖြစ်လာကာ မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်မိသည်။
ထို့နောက် ဝေ့ကျန့်ယန်က ရွှယ်နင့်နားသို့ တိုးကပ်ကာ လေသံတိုးတိုးဖြင့် တိုးတိုးတိတ်တိတ် ပြောနေတာကို သူ ကြားလိုက်ရပြန်သည်။
“နင်နင်... နင်က လော်အိမ်တော်ကို သခင််မကြီးလော်ရဲ့ မွေးနေ့ပွဲ တက်ဖို့ သွားမှာလား။ ငါ့အစ်ကိုက သခင်လေးလော်ထက် အစစအရာရာ သာလွန်တဲ့အပြင် ပိုပြီးတော့လည်း ကျန်းမာသန်စွမ်းတယ်။ နင် ငါ့အစ်ကို့ကို အခွင့်အရေးလေး တစ်ခုလောက် ပေးဖို့ စဉ်းစားပေးလို့ မရဘူးလားဟင်။ နောက်ကျရင် ငါ့အမေက နယ်စားမင်းအိမ်တော်ကို လူလွှတ်ပြီး စေ့စပ်ကြောင်းလမ်းဖို့ ကမ်းလှမ်းခိုင်းလိုက်မယ်လေ။ နင်က ဘာလို့ ဒီလောက် အလျင်စလို ဖြစ်နေရတာလဲ။ နင့်ရဲ့ ရှီဇီအစ်ကိုကြီးလည်း ပြန်မလာသေးဘူးကို...”
ရွှယ်နင် - “...”
လီချန်ချဲ့- “...”
ဝေ့ကျန့်ယန်က မျှော်လင့်ချက်အပြည့်ဖြင့် ဆက်ပြောနေပြန်သည်။
“နောင်ကျရင် နင်သာ ငါ့ရဲ့ယောင်းမ ဖြစ်လာရင်... ဒါထက်ကောင်းတာ ဘာမှမရှိတော့ဘူး။”
“ငါတို့ကလည်း သူငယ်ချင်းကောင်းတွေ၊ငါ့အမေကလည်း နင့်ကို သိပ်ချစ်တာ။ နင်သာ ငါတို့အိမ်ကို လက်ထပ်ပြီး ရောက်လာရင် ငါ့အစ်ကိုက နင့်အပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံမှာ သေချာတယ်။”
လီချန်ချဲ့၏ ချောမောသော မျက်နှာက ပိုမို မှောင်မည်းလာခဲ့ပြီး ရင်ထဲတွင်လည်း တားမနိုင်ဆီးမရအောင် ဂယောက်ဂယက် ဖြစ်လာတော့သည်။
သူမအပေါ် ထားရှိတဲ့ သူ့အကြည့်များကလည်း ပိုပြီးတော့ ရန်လိုစိမ်းကားလာသည်။
သူ လူသတ်ချင်စိတ် ပေါက်လာပြီ။
ရထားလုံးအတွင်း အကျဉ်းအကျပ်လေးမှာ အစကတည်းက ကျဉ်းမြောင်း၏။ ဝေ့ကျန့်ယန်သည် ထိုအမျိုးသား၏ အုံ့မှိုင်းသော စိုက်ကြည့်မှုကို မခံနိုင်သဖြင့် လည်ပင်းကို ကျုံ့လိုက်ပြီး ရှောင်ရှားကာ တိုးတိုးလေး မေးလိုက်သည်။
“နင်နင်... နင် မခံစားရဘူးလား... ဒီရထားလုံးထဲမှာ တစ်မျိုးကြီး အေးစက်နေသလိုပဲနော်။”
ရွှယ်နင်က နားမလည်နိုင်စွာ မျက်တောင်ခတ်လိုက်သည်။
“ဟင့်အင်း... မအေးပါဘူး”
ဝေ့ကျန့်ယန်ကတော့ ထိုအမျိုးသား၏ ဖိနှိပ်လွန်းသော အကြည့်ကြောင့် ကြောက်လန့်တကြားဖြင့် ငိုချင်စိတ်ပေါက်လာ၏။
သူမသည် လီချန်ချဲ့က သူမအား ဆူညံတယ်လို့ ထင်ပြီး စိတ်အနှောင့်အယှက် ဖြစ်သွားမှာကို စိုးရိမ်သဖြင့် သူမ၏ အစ်ကိုအကြောင်းကို နောက်ထပ် မဟရဲတော့ဘဲ နှုတ်ခမ်းကိုသာ စေ့စေ့ပိတ်ထားလိုက်သည်။
…