အခန်း ၉၀
Vol. 9 Ch. 90
အခန်း ၉၀ - ညီမချင်းမှားသွားတယ်။
“သခင်လေး... ဟိုမှာ ကြည့်ပါဦး၊ အဲဒါ ဝေ့အိမ်တော်က ဒုတိယသခင်မလေး မဟုတ်လား။”
မော့လီက ဝမ်းသာအားရဖြင့် ပြောလိုက်သည်။
စုယွီသည် ယနေ့ စုရှီးအား မြို့ပြင်အထိ လိုက်ပို့ရန် မြင်းစီးထွက်လာခဲ့ခြင်း ဖြစ်သည်။ သူက အနက်ရောင် ဝတ်ရုံရှည်ကြီးကို ဝတ်ဆင်ထားပြီး ဆံပင်ထက်တွင် လေနှင့်နှင်းပွင့်များ ကပ်ငြိနေခဲ့သည်။
မြို့ထဲသို့ ပြန်အဝင် လမ်းခုလတ်တွင် ဝေ့ကျန့်ယန်က ရွှမ်းယီနယ်စားမင်းအိမ်တော်၏ ရထားလုံးပေါ်သို့ တက်သွားတာကို သူ အမှတ်မထင် လှမ်းမြင်လိုက်ရခြင်း ဖြစ်၏။
ရထားလုံးလိုက်ကာသည် လေတိုက်သဖြင့် လွင့်ပျံသွားပြီး အတွင်းရှိ ရွှယ်နင်၏ မျက်နှာကို အတိုင်းသား မြင်လိုက်ရသည်။ သူမက ရွံရှာဖွယ်ကောင်းသော်လည်း အလွန်လှပလွန်းနေဆဲပင်။
စုရှီးသည် သူမကိုယ်သူမ အရှက်ခွဲကာ လုအိမ်တော်နှင့် စေ့စပ်မည့် အရေးကို ဖျက်ဆီးပစ်ခဲ့သည်။ သူတို့၏ အဘွားက အလွန်အမင်း ဒေါသထွက်နေပြီး စုကျန်းဆီလည်း စာတစ်စောင် ပေးပို့ထားပြီးပြီ ဖြစ်၏။ စုယွီသည် အစကတည်းက စိတ်အခြေအနေ ဆိုးရွားနေသည့်အပြင်၊ ညီမဖြစ်သူကို တုန်းကျင်းမြို့ပြင်အထိ ကိုယ်တိုင် လိုက်ပို့ခဲ့ရသေးသည်။ စုရှီးက သူ့လက်ကို ကိုင်ကာ နာရီဝက်နီးပါး ငိုယိုခဲ့သဖြင့် မျက်လုံးများက အာလူးပွကြီးများအတိုင်း ဖောင်းအစ်နေခဲ့သည်။အခု သူက ဒေါသတကြီး တောက်ခေါက်မိရင်း ဒီလိုမျိုး ဘေးဒုက္ခပေးတတ်တဲ့ စုန်းမ ရွှယ်နင်ကိုသာ အပိုင်းပိုင်း ဓားနဲ့မွှန်းပစ်ချင်စိတ် ပေါက်နေမိတော့သည်။
သူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး မြင်းဇက်ကြိုးကို ဆွဲကာ မလှမ်းမကမ်းတစ်နေရာတွင် ရပ်တန့်လိုက်သည်။
ရထားလုံးသည် သူ့ဘေးမှ ဖြည်းညင်းစွာ ဖြတ်သန်းသွားပြီး မွှေးပျံ့သော ရနံ့သင်းသင်းလေးနှင့် မိန်းကလေးငယ်များ၏ တိုးတိုးတိတ်တိတ် စကားပြောသံများ ကျန်ရစ်ခဲ့သည်။
လေတိုက်သဖြင့် လိုက်ကာစ လွင့်ခါသွားချိန်တွင် ပြတင်းပေါက်နား၌ ထိုင်နေသော ဝေ့ကျန့်ယန်၏ ဝိုင်းစက်ကာ ပန်းရောင်သန်းနေသော ပါးပြင်လေးများ ပေါ်လာခဲ့သည်။ ဘေးတစ်စောင်း မျက်နှာလေးသာ ဖြစ်သော်လည်း ဆွဲဆောင်မှုရှိပြီး ချစ်စရာ ကောင်းသည်။
သူ့နောက်ကနေ မြင်းစီးပြီး လိုက်ပါလာတဲ့ အစေခံ မော့လီက ပြောလိုက်သည်။
“သခင်မကြီးက ဝေ့အိမ်တော်နဲ့ ခမည်းခမက် ပြုချင်နေတာလေ။ သခင်လေးအတွက် ရည်ရွယ်ထားတဲ့ သခင်မလေးက ဒီ ဝေ့အိမ်တော်က သခင်မလေးပဲ။ ကျွန်တော့်ရဲ့ အမြင်အရတော့... သခင်မလေးဝေ့ရဲ့ ရုပ်ရည်က သခင်မလေးရွှယ်ကို မမီဘူးဆိုပေမဲ့ ယဉ်ကျေးသိမ်မွေ့ပြီး အိန္ဒြေရှိတဲ့ အလှပိုင်ရှင်တစ်ဦးပါပဲ။ ပြီးခဲ့တဲ့ ဂုဏ်ပြုစားပွဲတုန်းကလည်း သခင်မလေးဝေ့က သခင်လေးကို ခိုးခိုးကြည့်နေတာ... သေချာတယ်၊ သူ(မ)လည်း သခင်လေးကို သဘောကျနေတာ ဖြစ်ရမယ်။”
စုယွီသည် လက်ထဲမှ သမင်သားရေဖြင့် ပြုလုပ်ထားသော မြင်းရိုက်တံကို အသာလေး ပွတ်သပ်ရင်း စိတ်မရှည်စွာဖြင့် သရော်လိုက်သည်။
“အဲဒီ နိမိတ်မကောင်းတဲ့ မိန်းမအကြောင်းကို ဘာလို့ လာပြောနေတာလဲ။”
မော့လီသည် စုယွီ၏ မျက်နှာအမူအရာကို သဲသဲကွဲကွဲ မခန့်မှန်းနိုင်သော်လည်း သူနှင့်အတူ ကြီးပြင်းလာခဲ့သူ ဖြစ်တာကြောင့် ယခုအချိန်တွင် စုယွီ စိတ်အခြေအနေ လုံးဝ မကောင်းမှန်း ရိပ်မိသည်။
အမှန်တော့ အကြီးဆုံးသခင်မလေးက သူနဲ့ မောင်နှမအရင်း မဟုတ်လား။ မနေ့က သခင်မလေးရွှယ်၏ နိမိတ်မရှိတဲ့ စကားအချို့ကြောင့် လုအိမ်တော်နှင့် လက်ထပ်ပွဲ ပျက်သွားခဲ့ရပြီး၊ ယုံကျိုးရှိ အိမ်ဟောင်းသို့ ချက်ချင်း အပို့ခံလိုက်ရသည်။ အကယ်၍ သခင်မကြီးနှင့် သခင်မကျန်းတို့သာ အခြေအနေကို အသည်းအသန် ဝိုင်းဝန်း ထိန်းသိမ်းမပေးခဲ့လျှင် ကိုယ်ဝန်ရှိနေသည့် အရှုပ်တော်ပုံက လူသိရှင်ကြား ပေါက်ကြားသွားပြီး ရွှမ်းယီနယ်စားမင်းအိမ်တော်၏ ဂုဏ်သိက္ခာအားလုံး မြေကြီးပေါ်ကျသွားလိမ့်မည်။
ထို့ကြောင့် သူက ရွှယ်နင်၏နာမည်ကို နောက်ထပ် မဟရဲတော့ဘဲ ငြိမ်သက်သွားသည်။
စုယွီသည် ထွက်ခွာသွားသော ရထားလုံးကို အငြိုးအတေးအပြည့်ဖြင့် စိုက်ကြည့်နေ၏။
ဝေ့ကျန့်ယန်နှင့် ရွှယ်နင်တို့၏ ရင်းနှီးသော သံယောဇဉ်ကို တွေးမိတဲအခါ သူ့နှုတ်ခမ်းထောင့်တွင် ရက်စက်ယုတ်မာသော အပြုံးတစ်ခု ပေါ်လာသည်။
“နုနယ်တဲ့ မိန်းကလေးငယ်လေး တစ်ယောက်ပဲလေ...."
ထိုစကားကို ကြားတဲ့အခါ မော့လီက မျက်နှာလိုမျက်နှာရ ဝင်မေးလိုက်သည်။
“သခင်လေးက သခင်မလေးဝေ့ကို သဘောကျလို့လား”
ပြင်းထန်သော ဆောင်းလေသည် လမ်းမကြီးတစ်လျှောက် တိုက်ခတ်လာပြီး သူတို့၏ မျက်နှာများကို ဓားဖြင့် မွှန်းနေသကဲ့သို့ ခံစားရစေသည်။
စုယွီက သွားများကို တင်းတင်းကြိတ်ကာ ပြုံးလိုက်၏။
“သေချာတာပေါ့... သူ(မ)က ကောင်းပါတယ်။ အရမ်းကောင်းလွန်းလို့ ဒါထက်ကောင်းတာ မရှိတော့ဘူး”
သူမက ရွှယ်နင်ရဲ့ အရင်းနှီးဆုံး သူငယ်ချင်း ဖြစ်နေမှတော့... နောက်နောင် ဖြစ်လာမယ့် ကိစ္စ ယတွေအတွက် သူ့ကို အပြစ်တင်လို့ မရဘူး။
သူမသာ အိမ်တော်ကို လက်ထပ်ပြီး ရောက်လာခဲ့ရင် သူမ အရူးတစ်ပိုင်းဖြစ်သွားတဲ့အထိ နှိပ်စက်ညှဉ်းပန်းဖို့ နည်းလမ်းအများကြီး သူ့ဆီမှာ ရှိနေတယ် မဟုတ်လား။
သူက ရွှယ်နင်ကိုလည်း ရင်ကွဲလုမတတ် ခံစားရမယ့် ဝေဒနာဆိုးကို အသေအချာ မြည်းစမ်းစေရမယ်။
...
ဝီလိုလမ်းကြားသို့ ရောက်ရှိလာသောအခါ လမ်းမကြီးတစ်ခုလုံးသည် မနေ့ညက ရွာသွန်းခဲ့တဲ့ ထူထဲသော နှင်းပွင့်များဖြင့် ဖုံးလွှမ်းနေခဲ့သည်။
ဤလမ်းကြားတွင် အဆင့်မြင့်အရာရှိကြီးများနှင့် မှူးမတ်မျိုးနွယ်စုများ နေထိုင်ခြင်း မရှိသလောက် နည်းပါးလှပြီး၊ နေထိုင်သူအများစုက သာမန်အရပ်သားများသာ ဖြစ်ကြသဖြင့် စုပုံနေသော နှင်းများကို ဖယ်ရှားရှင်းလင်းရန် သီးသန့် ကင်းလှည့်အဖွဲ့လည်း မရှိချေ။
ဝေ့ကျန့်ယန်သည် လီချန်ချဲ့နှင့်အတူ ရှိနေရတဲ့ အေးစက်စိမ်းကားတဲ့ လေထုဒဏ်ကို အလူးအလဲ ခံစားခဲ့ရပြီးဖြစ်သဖြင့် ရထားလုံးတံခါး ပွင့်သွားသည်နှင့် ပထမဦးဆုံး အပြင်သို့ ဆင်းလာခဲ့သည်။
သို့သော် စိတ်လှုပ်ရှားနေမိသဖြင့် အောက်သို့ ခုန်အဆင်းတွင် ခြေချော်သွားကာ “ဖတ်” ခနဲ အသံနှင့်အတူ ထူထဲသော နှင်းတောထဲသို့ မှောက်ရက်လဲကျသွားတော့သည်။
“အား—”
ဝေ့ကျန့်ယန်သည် နှင်းပုံထဲတွင် ဖားတစ်ကောင်လို ကားယားလေး လဲကျနေပြီး နှင်းမှုန်များ ပေကျံနေသော သူမ၏ မျက်နှာလေးကို အသာပင့်မော့လိုက်သည်။
သူမ မော့ကြည့်လိုက်တဲ့အခါ ထက်မြက်ပြီး စူးရှသည့် နက်မှောင်သော မျက်ဝန်းတစ်စုံနှင့် ဆုံတွေ့သွားသည်။
“အစ်ကိုဖြစ်သူကို ဂါရဝပြုဖို့ ဒီလောက်စောစောစီးစီး လာတာလား... တကယ့်ကို သီလရှိတဲ့ ညီမငယ်လေးပဲ။”
ထိုအမျိုးသားက နောက်ပြောင်ကျီစယ်လိုက်ရာ တင်းစေ့ထားသော သူ၏ နှုတ်ခမ်းများသည် ရွှန်းလဲ့သော အပြုံးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ထိုအပြုံးက အမြဲတမ်း အေးစက်ခက်ထန်နေတတ်သော သူ၏ ထက်မြက်ခန့်ညားသည့် မျက်နှာကို အနည်းငယ် နူးညံ့သွားစေသည်။
သူက သူမကို ပွေ့ထူရန် ကိုယ်ကိုကိုင်းလိုက်ပြီး သန်မာသော လက်မောင်းကြီးဖြင့် သူမ၏ သွယ်လျသော ခါးလေးကို သိုင်းဖက်ကာ ကြက်ပေါက်စလေးတစ်ကောင်ကို မ ချလိုက်သကဲ့သို့ အားစိုက်စရာမလိုဘဲ နှင်းတောထဲမှ ပေါ့ပါးစွာ မ တင်လိုက်သည်။
ထိုအမျိုးသား၏ လက်ဖဝါးကြီးက ထူးခြားစွာ ကျယ်ပြန့်ပြီး၊ မီးတောက်တစ်ခုကဲ့သို့ ပူနွေးတောက်ပနေသည်။
ဝေ့ကျန့်ယန် တစ်ကိုယ်လုံး တောင့်တင်းသွားပြီး မျက်နှာလေး ရဲရဲနီသွားတော့၏။
သူမ အနည်းငယ် ရုန်းကန်ကြည့်သော်လည်း ရုန်းမထွက်နိုင်ပေ။
ဒီလောက် အရပ်ရှည်တဲ့ ယောကျာ်းတစ်ယောက်က ဒီလောက်အထိ သန်မာလိမ့်မယ်လို့ သူမ မထင်မှတ်ထားခဲ့မိချေ။
“အစ်ကိုလု... ဘာလုပ်နေတာလဲ။”
ရွှယ်နင်၏ နူးညံ့ချိုသာသော အသံလေးက ရထားလုံးအတွင်းမှ ထွက်ပေါ်လာသည်။
“နေ့ခင်းကြောင်တောင်ကြီး သာမန်မိန်းကလေးတစ်ယောက်ကို ပြန်ပေးဆွဲနေတာလား။”
လုစစ်လင် အံ့အားသင့်သွား၏။ သူက သူ့လက်ထဲမှ မိန်းကလေးငယ်ကို တစ်ချက်ကြည့်၊ ထို့နောက် ရထားလုံးပေါ်တွင် ရပ်နေသော မိန်းကလေးငယ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် လက်ကို အလျင်အမြန်ပင် လွှတ်လိုက်သည်။
“အား—”
ဝေ့ကျန့်ယန်သည် နှင်းတောထဲသို့ ပြန်လဲကျသွားခဲ့ပြီး၊ သူမ၏ မျက်နှာတစ်ခုလုံးက နုနယ်အိစက်သော ယုန်ငယ်လေးတစ်ကောင်လိုမျိုး နှင်းမှုန်များကြားတွင် နစ်မြုပ်သွားသည်။
ဒီမိန်းကလေးငယ်က နုနယ်လွန်းတာကြောင့် ထိခိုက်သွားမှာကို စိုးရိမ်ပြီး လုစစ်လင်က သူမကို နှင်းပုံထဲကနေ အလျင်အမြန် ပြန်ပွေ့ထူလိုက်ပြန်သည်။
စစ်တပ်အတွင်း၌သာ နေထိုင်ကြီးပြင်းလာခဲ့သူ ဖြစ်သဖြင့် သူက အမျိုးသားနှင့် အမျိုးသမီးကြား ရှိရမည့် စည်းခြားမှုများကို သိပ်ပြီး ဂရုစိုက်လေ့မရှိပေ။
သူက လက်ကို ဆန့်ထုတ်လိုက်ပြီး သူမ၏ မျက်နှာထက်မှ နှင်းများကို တိုက်ရိုက်ပင် သုတ်ဖယ်ပေးလိုက်သည်။
သို့သော် သူ့လက်ဖျားအောက်မှ ထိတွေ့လိုက်ရတဲ့ အသားအရေက စစ်တန်းလျားရှိ သူ၏ ညီအစ်ကိုရဲဘော်များထက် များစွာ ပိုမိုနူးညံ့နေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့မိချေ။ ပြင်းထန်သော လေနှင့်နှင်းဒဏ်များ ကြားတွင်ပင် သူမထံမှ သင်းပျံ့သော ကြာပန်းရနံ့လေးကို သူ ခပ်ဖျော့ဖျော့ ရရှိနေဆဲ ဖြစ်သည်။
ဤတစ်ကြိမ်တွင် ဝေ့ကျန့်ယန်သည် သူမ၏မျက်နှာထက်မှ နှင်းပွင့်များကို သုတ်ဖယ်ရင်း ရှေ့မှ စစ်သူရဲကောင်းလူငယ်လေးအား မှတ်မိသွားတော့သည်။
“စစ်သူကြီးလု... သေချာကြည့်ပါဦးရှင့်။ ကျွန်မက ဝေ့ကျန့်ယန်ပါ... ရှင့်ရဲ့ ညီမ နင်နင် မဟုတ်ပါဘူး။”
လုစစ်လင်သည် သူမ၏ နီမြန်းနေသော မျက်နှာလေးကို စိုက်ကြည့်ရင်း ခပ်တိုးတိုး ရယ်မောလိုက်၏။
“အော်... အခုမှပဲ သေချာမြင်ရတော့တယ်၊ ကြောင်ကျားလေးတစ်ကောင်ကျနေတာပဲ။”
ဝေ့ကျန့်ယန်သည် နှုတ်ခမ်းကို တင်းတင်းကိုက်ကာ ထိုအမျိုးသား၏ ထက်မြက်ပြီး နက်မှောင်သော မျက်ဝန်းများကို ရင်ဆိုင်လိုက်မိသော်လည်း ရင်ထဲတွင် ဖရိုဖရဲဖြစ်သွားရသဖြင့် ဘာပြန်ပြောရမှန်း မသိတော့ချေ။
ဘာပဲဖြစ်ဖြစ်... သူက ခုနကတင် သူမရဲ့ဆံပင်များကို ညင်သာစွာ သုတ်ဖယ်ပေးခဲ့တယ် မဟုတ်လား။
ငယ်ငယ်ကတည်းက သူမ၏မိခင်မှလွဲပြီး သူမရဲ့အစ်ကိုအရင်းကပဲ သူမအပေါ် ဒီလိုမျိုး ရင်းနှီးကျွမ်းဝင်စွာ ပြုမူဖူးတာ ဖြစ်သည်။
ကံကောင်းတာက လုစစ်လင်၏ မျက်ဝန်းထဲတွင် မရိုးမသား သဘောထားမျိုး လုံးဝမရှိဘဲ ဖြောင့်မတ်ပွင့်လင်းမှုသာ ရှိနေသဖြင့် သူမကိုယ်တိုင်ပင် အကြောင်းပြချက်မရှိဘဲ မျက်နှာပူမိသွား၏။
သူမက သူ၏ ဟန်ဆောင်မှုကင်းပြီး ဒဲ့တိုးဆန်သော အကြည့်များကို ရှောင်ရှားလိုက်ရင်း ရွှယ်နင်၏ လက်ကို လှမ်းကိုင်ရန် နောက်သို့ လှည့်လိုက်တော့သည်။
“နင်နင်... မြန်မြန် ဆင်းလာခဲ့ဦး။”
လုစစ်လင်က မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ပြီး သူ၏အကြည့်များက ဝေ့ကျန့်ယန်ဆီမှာပဲ ရှိနေသည်။
ဒီမြင်ကွင်းကို ဘေးမှကြည့်နေသော ရွှယ်နင်သည် သူတို့နှစ်ယောက်ကြားမှာ တစ်စုံတစ်ရာ ဖြတ်ပြေးနေတာကို ရိပ်မိလိုက်၏။သူမက နူးညံ့စွာ ပြုံးလိုက်ပြီး ရထားလုံးပေါ်မှ ဆင်းလာခဲ့ရာ သူမ၏နောက်တွင်တော့ တည်ငြိမ်အေးဆေးသော လီချန်ချဲ့က လိုက်ပါလာခဲ့သည်။
လုစစ်လင်သည် လီချန်ချဲ့အား နှုတ်ဆက်လိုက်ပြီး ညီအစ်ကိုနှစ်ဦးပမာ ဘေးချင်းယှဉ် လျှောက်လှမ်းရင်း ရွှယ်နင် နားမလည်နိုင်သော စကားအချို့ကို တိုးတိုးတိတ်တိတ် ပြောဆိုနေကြသည်။
လီချန်ချဲ့သည် ဘယ်သူ့ကိုမဆို အေးစက်စိမ်းကားပြီး အလှမ်းကွာဝေးသော အမူအရာမျိုးဖြင့် ဆက်ဆံတတ်သော်လည်း လုစစ်လင်က သူ့အပေါ် ထူးထူးခြားခြား ရိုသေလေးစားစွာ ဆက်ဆံနေတာက သိသာလွန်းသည်။
‘ဟယ်ကျန့်လီမျိုးနွယ်စု’ ၏ အဖွဲ့ဝင်တစ်ဦး ဖြစ်သည်နှင့်အညီ သူ့အဆင့်အတန်းက မနိမ့်တာကတော့ သေချာ၏။
ရွှယ်နင်က ကိုယ်ကိုလှည့်ကာ ဝေ့ကျန့်ယန်၏ လက်မောင်းကို ချိတ်လိုက်ပြီး လုစစ်လင်အား လှမ်းပြောလိုက်သည်။
“ယန်ယန်က ဒီနေ့ ညီမရဲ့ ဒဏ်ရာကို လာကြည့်တာလေ... ဒါနဲ့ပဲ လုအိမ်တော်ကို တစ်ခါတည်း ခေါ်လာခဲ့တာ။ အစ်ကိုလု... အဒေါ့်ကို ယန်ယန်အတွက်ပါ မနက်စာ သီးသန့် ပြင်ခိုင်းပေးလို့ ရမလားဟင်။”
လုစစ်လင်က ဇဝေဇဝါ ဖြစ်သွားသည်။
“ဝေ့အိမ်တော်လား... ဘယ် ဝေ့အိမ်တော်လဲ”
လီချန်ချဲ့က တည်ငြိမ်စွာပင် ဝင်ဖြေပေးလိုက်သည်။
“တော်ဝင်ပညာရှိကြီး ဝေ့ ရဲ့ အိမ်တော်။”
လုစစ်လင်က မြို့တော် ရောက်ရှိနေတာ မကြာသေးပေမယ့် ဝေ့အိမ်တော်မှ သခင်မလင်နှင့် သူ့အဒေါ်ဖြစ်သူ လုရုန်တို့က ငယ်သူငယ်ချင်းအရင်းကြီးများ ဖြစ်ကြမှန်း သိထားသည်။ သူက ဝေ့ကျန့်ယန်အား နောက်တစ်ကြိမ် လှမ်းကြည့်လိုက်သည်။
“အော်... အဲဒီအိမ်တော်ကိုး”
ဘာကြောင့်မှန်းမသိ ဝေ့ကျန့်ယန်၏ ပါးပြင်လေးများ ပူနွေးလာသည်။
“ကျွန်မတို့ မိသားစုတွေက အရင်ကတည်းက မိတ်ဆွေဟောင်းတွေမို့လို့ပါ...”
သို့သော် ရွှယ်နှင့် လုမိသားစုသည် စစ်သည်တော်မျိုးနွယ်စုများ ဖြစ်ကြပြီး အမျိုးသားအများစုက နယ်စပ်ဒေသများတွင်သာ တာဝန်ကျလေ့ရှိသည်။ လုရုန်ကဲ့သို့သော အမျိုးသမီးမျိုးသာ ခင်ပွန်းဖြစ်သူနှင့်အတူ စစ်မြေပြင်အထိ လိုက်ပါရဲသည့် သတ္တိရှိခြင်း ဖြစ်၏။ မြို့တော်ရှိ သာမန် နုနယ်သော အထက်တန်းလွှာ သခင်မလေးများတွင် လုရုန်ကဲ့သို့သော သတ္တိမျိုး မရှိကြသဖြင့် ဝေ့ကျန့်ယန်သည် ငယ်ငယ်ကတည်းက လုစစ်လင်နှင့် ဆုံတွေ့ခွင့် မရရှိခဲ့တာဖြစ်သည်။
ရွှယ်နင်သည် လုစစ်လင်အား တစ်ချက်ကြည့်၊ ထို့နောက် ဘေးနားတွင် ရှက်သွေးဖြာကာ စိတ်လွင့်နေသော ဝေ့ကျန့်ယန်အား တစ်ချက်ကြည့်လိုက်သည်။
သူမက လုစစ်လင်၏ ဘေးနားသို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်ပြီး နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဆင်မြန်းကာ-
“အစ်ကိုလု... ဘာတွေ ငေးကြည့်နေတာလဲ”
လုစစ်လင်သည် ဖြောင့်မတ်ပွင့်လင်းသော အမျိုးသားတစ်ဦး ဖြစ်၏။
“ဘာလဲ... ငါ့ရှေ့တည့်တည့်မှာ အလှအပ ရှိနေတာကို တောင် ငေးကြည့်လို့ မရဘူးလား။ မင်းရဲ့အစ်ကိုက စစ်တန်းလျားထဲမှာ မိန်းမတွေကို မမြင်ဖူးတာ ကြာပြီလေ။ ဒီနေ့မှ ထူးထူးခြားခြား ချောမောလှပလွန်းတဲ့ မိန်းကလေးနှစ်ယောက်ကို တွေ့လိုက်ရတော့ စိတ်က အလိုလို ပါသွားပြီး အိန္ဒြေပျက်သွားတာပေါ့။”
ယခုအခါတွင် ချပ်ဝတ်တန်ဆာများကို ချွတ်ထားသော စစ်သူရဲကောင်းလူငယ်လေးသည် တုန်းကျင်းမြို့ရှိ ချမ်းသာကြွယ်ဝသော အသိုင်းအဝိုင်းမှ အလိုလိုက်ခံထားရသည့် သခင်လေးများနှင့် လုံးဝ ခြားနားသည်။
သူက နက်မှောင်တဲ့ စိမ်းဖန့်ဖန့် စစ်ဝတ်စုံကို ဝတ်ဆင်ထားပြီး အရပ်အမောင်း မြင့်မားထည်ဝါစွာ မတ်မတ်ရပ်နေကာ၊ သူ၏ နှုတ်ခမ်းထောင့်မှ အပြုံးက မော့ပေ၏ ဆောင်းလေကဲ့သို့ပင် အကန့်အသတ်မဲ့ကာ အရိုင်းဆန်လွန်းသည်။
ရွှယ်နင်က ကျီစယ်လိုက်၏။
“မနေ့က စေ့စပ်ပွဲတုန်းက အစ်ကိုလု ဒီထက်မကတဲ့ မိန်းကလေးတွေကို မမြင်ခဲ့ရဘူးလား”
လုစစ်လင်က ပြန်ပြောသည်။
“အဲဒီ သာမန်ပြင်ဆင်ခြယ်သထားတဲ့ မိန်းမတွေက မင်းတို့နှစ်ယောက်နဲ့ ဘယ်လိုလုပ် ယှဉ်လို့ရမှာလဲ”
ရွှယ်နင်၏ နှုတ်ခမ်းများ အသာအယာ ကွေးညွတ်သွားသည်။
“စကားတွေ တတ်လှချည်လား... ဒါပေမဲ့ ယန်ယန်က သာမန် သခင်မလေးတွေလို မဟုတ်ဘူးနော်။”
လုစစ်လင်က မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ပြီး နှုတ်ခမ်းထောင့်တွင် အပြုံးဖျော့ဖျော့လေးတစ်ခု ပေါ်လာခဲ့သည်။
“ငါ နားလည်ပါတယ်။ သူ(မ)က ဖြတ်ခနဲ လှမ်းကြည့်မိရုံနဲ့တင်... တသက်လုံး တာဝန်ယူရမယ့် အမျိုးသမီးမျိုး မဟုတ်လား။”