အခန်း ၉၃
Vol. 10 Ch. 93
အခန်း ၉၃ - သူမက သရုပ်ဆောင်နေတာ မဟုတ်ဘူး
လေထုက အနည်းငယ် စိတ်ကျဉ်းကျပ်စရာကောင်းနေပြီး ထိုအမျိုးသားဆီက ထွက်ပေါ်လာတဲ့ အေးမြလန်းဆန်းသည့် ထင်းရှူးရနံ့တို့က ဝန်းရံထားဆဲ ဖြစ်သည်။
ရွှယ်နင် ခြေလှမ်းများ ရပ်တန့်သွားခဲ့ပြီးမှ ခြောက်ကပ်ကပ် ရယ်မောသံတစ်ခုကို မရမက ညှစ်ထုတ်လိုက်ရသည်။
“ကျွန်မ... ကျွန်မ အထဲဝင်တော့မယ်။ ဒီနေ့ အဖော်လုပ်ပေးလို့ ကျေးဇူးတင်ပါတယ် သခင်လေးလီ။”
လီချန်ချဲ့က “ကိစ္စမရှိပါဘူး” ဟု ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေရင်း၊ သူ့လက်ထဲမှ ဝါးစိမ်းထီးလေးကို ထိုသခင်မလေး၏ ဦးခေါင်းထက်သို့ နောက်တစ်ကြိမ် ပြန်လည် မိုးပေးလိုက်ပြန်သည်။
သူတို့နှစ်ယောက်သည် အဆောင်အပြင်ဘက်က ကာရံထားသော နံရံအတိုင်း ကွေ့ဝိုက်လာခဲ့ကြပြီး၊ ရှည်လျားသော စင်္ကြံလမ်းအချို့နှင့် လမင်းတံခါးဝတစ်ခုကို ဖြတ်ကျော်ပြီးနောက်တွင်တော့ အပြင်ဘက်ခြံဝင်းနှင့် အတွင်းဆောင်တို့၏ နယ်နိမိတ်မျဉ်းဆီသို့ ရောက်ရှိလာခဲ့ကြသည်။
ချီယွင်အဆောင် နှင့် ဝမ်ရှင်းနေအိမ်တို့က ဘယ်တုန်းကမှ လမ်းကြောင်းတစ်ခုတည်း၌ ရှိမနေခဲ့ကြပေ။
ရွှယ်နင်သည် လီချန်ချဲ့အား စနစ်တကျ ဂါရဝပြု နှုတ်ဆက်လိုက်ပြီးနောက်၊ ပေါင်ချန်ကို ခေါ်ဆောင်ကာ အတွင်းအဆောင်ဘက်ဆီသို့ ဦးတည်လျှောက်လှမ်းခဲ့တော့သည်။
အတန်ငယ် ဝေးကွာသော အကွာအဝေးသို့ ရောက်ရှိသွားချိန်မှသာ သူမ၏ ရင်ထဲမှာ တင်းကျပ်နေခဲ့တဲ့ စိတ်အာရုံတို့က အနည်းငယ် လျော့ပါးသွားသည်။
သူမက နောက်ကွယ်ရှိ တိတ်ဆိတ်ခြောက်ကပ်နေသော လမ်းကျဉ်းလေးဆီ နောက်ပြန်လှည့်ကြည့်မိလိုက်တဲ့အခါ
ပုံထပ်နေသော နှင်းပွင့်များမှလွဲ၍ မည်သူတစ်ဦးတစ်ယောက်မျှ ရှိမနေခဲ့ချေ။
ပေါင်ချန်က ထီးကို ကိုင်ထားရင်း အေးစက်သော လေပြင်းဒဏ်ကြောင့် နီမြန်းနေသည့် သူမသခင်မလေး၏ ပါးပြင်လေးများကို ခေါင်းစောင်း၍ ကြည့်လိုက်သည်။
“သခင်မလေး...?”
ရွှယ်နင် သတိပြန်ဝင်လာခဲ့ပြီး စကားလုံးများကို သေသေချာချာ ရွေးချယ်ကာ မေးလိုက်သည်။
“ပေါင်ချန်... နင်ရော မထင်ဘူးလား—”
ပေါင်ချန်က သံသယစိတ်ဖြင့် ပြန်မေးသည်။
“ဘာကို ထင်ရမှာလဲ”
ရွှယ်နင်က သူမရဲ့ အတွေးများကို ဘယ်လို ထုတ်ဖော်ပြောရမလဲဆိုတာကို ရုန်းကန်နေရပြီး ဇဝေဇဝါဖြင့် ဆက်ပြောလိုက်သည်။
“နင်ရော သခင်လေးလီကို နည်းနည်း... အန္တရာယ်များတယ်လို့ မခံစားရဘူးလား။”
ပေါင်ချန် ဇဝေဇဝါ ဖြစ်သွား၏။
“အန္တရာယ်များတယ် ဟုတ်လား။”
ရွှယ်နင်ရဲ့ နှလုံးခုန်သံများ မြန်ဆန်လာသည်။
“အင်းလေ... ငါကတော့ သူက လူတစ်ယောက်လုံးကို အရှင်လတ်လတ် ဝါးမြိုပစ်ချင်နေသလိုမျိုး အမြဲ ခံစားနေရတာ။”
ပေါင်ချန် မျက်တောင်ခတ်လိုက်မိသည်။
“ဒီအစေခံကတော့ အဲဒီလိုမျိုး လုံးဝ မခံစားရပါဘူး”
ရွှယ်နင် သက်ပြင်းချလိုက်မိတော့သည်။
“ထားလိုက်ပါတော့... နင့်ကို ရှင်းပြလည်း နားလည်မှာ မဟုတ်ပါဘူး။”
ပေါင်ချန်က ခပ်တိုးတိုး ရယ်မောလိုက်သည်။
“အမှန်အတိုင်းပြောရရင် ဒီအစေခံကတော့ သခင်လေးလီက ရှီဇီထက် အများကြီး ပိုကောင်းတယ်လို့ ထင်တာပဲ”
သူက သခင်မလေးရဲ့ ဒဏ်ရာကို ဆေးထည့်ပေးတာတင်မကဘဲ၊ စိတ်ရှည်လက်ရှည်လည်း အဖော်လုပ်ပေးသေးတယ်။ သမားတော်ကြီးစွန်း လာတဲ့အချိန်တိုင်းမှာလည်း သခင်မလေးရဲ့ ဒဏ်ရာအခြေအနေကို သူကပဲ ဦးဆောင်ပြီး စိုးရိမ်တကြီး မေးမြန်းပေးတတ်သေးတာ။
သခင်မလေးကို ဆေးတိုက်တဲ့အချိန်တိုင်းမှာ အမြဲတမ်း ကြမ်းတမ်းပြီး စိတ်မရှည်သလို ပြုမူတတ်တဲ့ ရှီဇီနဲ့တော့ တခြားစီပဲ။
အတိုချုပ်ပြောရရင်တော့ အကယ်၍ သခင်မလေးက သခင်လေးလီနဲ့ ရှီဇီ နှစ်ယောက်ကြားထဲက တစ်ယောက်ကို ခင်ပွန်းအဖြစ် ရွေးချယ်ရမယ်ဆိုရင်၊ သခင်လေးလီကိုပဲ သေချာပေါက် ရွေးချယ်သင့်တာပေါ့။
ရွှယ်နင်ကိုယ်တိုင်လည်း သူမကိုယ်သူမ အတွေးလွန်နေတာ ဖြစ်နိုင်တယ်လို့ တွေးမိကာ အားကိုးရာမဲ့စွာ ပြုံးလိုက်၏။
“ငါကလည်း သူက လူဆိုးကြီးပါလို့ ပြောနေတာမှ မဟုတ်တာ။”
သူမ ဘေးအန္တရာယ် ကြုံတွေ့ရတဲ့ အကြိမ်တိုင်း သူကပဲ အသက်ဘေးကနေ ကယ်တင်ပေးခဲ့ဖူးသလို၊ သူမရဲ့ ဂုဏ်သိက္ခာအတွက်လည်း လျှို့ဝှက်ချက်များကို သေသေချာချာ ထိန်းသိမ်းပေးခဲ့သည်။
အဲ့လိုလူမျိုးက ဘယ်လောက်တောင် ဆိုးဝါးနိုင်မှာတဲ့လဲ။
သူက... အနာဂတ်မှာ တစ်တိုင်းပြည်လုံးက ရိုသေလေးစားရမယ့် စုံစမ်းစစ်ဆေးရေးမှူးလီဖြစ်လာမယ့်သူပဲလေ။
ရွှယ်နင်သည် ရင်ထဲတွင် ပေါ့ပါးသွားခဲ့ကာ ချီယွင်ဆောင်သို့ ပြန်လာတော့သည်။
သို့သော် နောက်ထပ် နှစ်ပတ်ခန့်အကြာ၊ လော်အိမ်တော် သခင်မကြီး၏ မွေးနေ့အခမ်းအနားမှာ တစ်စုံတစ်ယောက်က သူမအတွက် အလွန်ခမ်းနားတဲ့ ‘လက်ဆောင်ကြီး’ တစ်ခုကို အမှန်တကယ် ပြင်ဆင်ပေးထားလိမ့်မယ်လို့ သူမ လုံးဝ ကြိုမသိခဲ့ပေ။
...
နေဝန်းကြီးသည် အနောက်ဘက်သို့ တရွေ့ရွေ့ နစ်မြုပ်သွားခဲ့ပြီး ညနေစောင်းအချိန်သို့ ရောက်သောအခါ ကောင်းကင်ထက်မှ နှင်းပွင့်များလည်း အနည်းငယ် ပါးလျသွားခဲ့ပြီ ဖြစ်သည်။
ရွှမ်းယီနယ်စားမင်းအိမ်တော်၏ ရထားလုံးသည် ဘေးဘက်ဝင်ပေါက်တံခါးဝသို့ ဖြည်းညင်းစွာ ဆိုက်ရောက်လာခဲ့သည်။
အစေခံအိုကြီးတစ်ဦးက ရထားလုံးတံခါးကို ဖွင့်လှစ်ပေးလိုက်ရင်း ဦးညွတ်ကာ ပြောလိုက်၏။
“သခင်ကြီး... အိမ်တော်ကို ရောက်ပါပြီ။”
စုယီလီသည် သူ၏ အရာရှိဝတ်စုံထက်တွင် ဝတ်ရုံကြီးကို ခြုံလွှမ်းလျက် ရထားလုံးပေါ်ကနေ ဆင်းလာသည်။ ဆီးနှင်းများ ဝေဝါးနေတဲ့ ကြားမှနေ၍ သူက နယ်စားမင်းအိမ်တော်တစ်ခုလုံးကို ဝေ့ဝဲကြည့်လိုက်ပြီး ဒီနေ့ တစ်ခုခု ထူးခြားပြောင်းလဲနေတယ်လိူ့ ခံစားလိုက်ရပေမယ့် ၎င်းက ဘယ်အရာ ဖြစ်လဲဆိုတာကိုတော့ သူ အတိအကျ သေချာမသိပေ။
သူ၏ ဆောက်လုပ်ရေးဝန်ကြီးဌာနရှိ တာဝန်များက အလွန်များပြားသည်။ စုကျန်း တာဝန်ယူထားရသည့် တရားရေးဝန်ကြီးဌာနရှိ စုပုံနေသော အမှုအခင်းများလောက် မများပြားသော်လည်း၊ လုပ်ငန်းပမာဏက နည်းပါးတာ မဟုတ်ချေ။ အခုလိုမျိုး ဆီးနှင်းများ သည်းထန်စွာ ကျဆင်းနေချိန်တွင် ဟောင်းနွမ်းဆွေးမြည့်နေပြီဖြစ်သော နန်းဆောင်အများအပြားက ပြုပြင်ထိန်းသိမ်းရန် လိုအပ်သည်။ ထို့အပြင် ဧကရာဇ်မင်းမြတ်က ဒုတိယမင်းသား၏ မယ်တော်အတွက် ယန်ရှီးနန်းဆောင်ကို ပြန်လည်မွမ်းမံပြင်ဆင်ရန် ရုတ်တရက် စိတ်ကူးပေါက်လာခဲ့တာကြောင့်၊ ထိုတာဝန်က သူ့ပုခုံးထက်သို့ တည့်တည့်မတ်မတ် ကျရောက်လာတော့သည်။
ဒုတိယမင်းသား ချင်ကျန့်သည် လက်ရှိတွင် ဧကရာဇ်၏ အချစ်ဆုံး ကြင်ယာတော်ရှောင်၏ တစ်ဦးတည်းသော သားတော် ဖြစ်၏။
ယခု ဧကရာဇ်သည် အိမ်ရှေ့စံမင်းသားရာထူးကို ဒုတိယမင်းသားအား အပ်နှင်းရန် ရည်ရွယ်ထားသဖြင့်၊ တုန်းကျင်းမြို့တော်ရှိ အရာရှိမှန်သမျှက ကိစ္စရပ်တိုင်းတွင် ဒုတိယမင်းသား၏ အလိုသို့သာ လိုက်ပါဆောင်ရွက်နေကြရသည်။
ယန်ရှီးနန်းဆောင် ပြုပြင်မွမ်းမံရေး တာဝန်ကို လက်ခံရရှိပြီးနောက် စုယီလီသည် ကြင်ယာတော်ရှောင်၏ ဆင့်ခေါ်မှုကြောင့် အနောက်ဆောင်အတွင်းသို့ ဝင်ရောက်ခဲ့ရသည်။
သူသည် နန်းတွင်းအပျိုတော်ကြီးများ၏ တောင်းဆိုချက်များကို နာရီဝက်ခန့်အကြာ စိတ်ရှည်လက်ရှည် နားထောင်ပြီးမှသာ နန်းတော်အတွင်းမှ ထွက်ခွာလာနိုင်ခဲ့သည်။
အချိန်က ကောင်းကင်ကြီးတစ်ခုလုံး မှောင်မိုက်နေခဲ့ပြီ ဖြစ်သည်။ သူက ဝန်ကြီးဌာနတွင် ညစာကို ကြိုတင်စားသောက်ခဲ့ပြီးဖြစ်၍ ဝမ်ရှိုခန်းမသို့ မသွားတော့ဘဲ လီယွမ်ခြံဝင်းဆီသို့သာ တန်းတန်းမတ်မတ် ဦးတည်ခဲ့တော့သည်။
သို့သော် လီယွမ်ခြံဝင်း၏ တံခါးဝသို့ ရောက်ရှိချိန်တွင် ထုံးစံအတိုင်း တိတ်ဆိတ်နေရမည့် ခြံဝင်းတစ်ခုလုံးက အစေခံမိန်းကလေးများနှင့် အထိန်းတော်ကြီးများ ပျာပျာသလဲ ဝင်ထွက်သွားလာနေကြသဖြင့် ပုံမှန်ထက် ထူးခြားစွာ စည်ကားသက်ဝင်နေတာကို သတိပြုမိလိုက်သည်။
သူက မျက်မှောင်ကြုတ်လိုက်မိပြီး ခြံဝင်းအတွင်းသို့ ဝင်လာသည်။
ထုံးစံအတိုင်းပင် သခင်မနျဲ့က သူ့ကို အပြုံးဖြင့် ဆီးကြိုလိုက်ပြီး၊ သူမ၏ နုနယ်သော ခန္ဓာကိုယ်လေးကို ထိုအမျိုးသား၏ ကျယ်ပြန့်သော ရင်ခွင်ကြီးထဲသို့ တိုးဝင်မှီတွယ်လိုက်သည်
“သခင်ကြီး... ပြန်လာပြီလား။”
သူက ပင်မအခန်းအတွင်းသို့ လှမ်းဝင်လိုက်ရာ သေတ္တာကြီးများနှင့် စာရင်းစာအုပ်များက တောင်ပုံရာပုံ ထပ်နေခဲ့ပြီး၊ အခန်း၏ ထက်ဝက်ခန့်ကိုပင် ပြည့်နှက်နေခဲ့ပြီ ဖြစ်သည်။
အရင်က သခင်မကျန်းကို ခစားရသည့် အထိန်းတော်ကြီးစုန့်သည် အစေခံမိန်းကလေးများကို ကျန်ရှိနေသေးသော သေတ္တာများ အတွင်းသို့ သယ်ဆောင်လာရန် ညွှန်ကြားနေသည်။
စုယီလီသည် မျက်မှောင်ကြုတ်လိုက်မိပြီး အသံကို အေးစက်အောင် ထိန်းလျက် မေးလိုက်၏။
“ဒါတွေက ဘာဖြစ်နေကြတာလဲ။”
သူ့အသံကို ကြားလိုက်ရသဖြင့် အထိန်းတော်ကြီးစုန့်က ကိုယ်ကိုလှည့်ကာ စုယီလီအား ရိုသေလေးစားစွာ ဂါရဝပြုလိုက်သည်။
“သခင်ကြီး... ဒါတွေအားလုံးက အိမ်တော်သခင်မရဲ့ အမိန့်နဲ့ ပို့ဆောင်လိုက်တာပါ။”
သခင်မနျဲ့၏ မျက်ဝန်းများက မသိမသာ လှုပ်ခတ်သွားခဲ့ပြီး တည်ငြိမ်စွာပင် ဝင်ရောက်ဖြည့်စွက်ပြောလိုက်သည်။
“ဟုတ်ပါတယ် သခင်ကြီး... ဒါတွေက အိမ်တော်သခင်မကိုယ်တိုင် ညွှန်ကြားလိုက်တာ။”
စုယီလီသည် အခန်းတွင်းရှိ ဖရိုဖရဲ ဖြစ်နေသော အရှုပ်အထုပ်များကို ကြည့်ရင်း စိတ်အနှောင့်အယှက်ဖြစ်ကာ စိတ်မရှည်ဟန်ဖြင့် ပြောလိုက်သည်။
“သူ(မ)က အခုတစ်ခါရော ဘာတွေ ထပ်ပြီး သရုပ်ဆောင်နေပြန်တာလဲ။”
အထိန်းတော်ကြီးစုန့်သည် သူမ၏ သခင်မဘက်မှ အလွန်အမင်း မခံမရပ်နိုင်ဖြစ်သွားသဖြင့် သွားကိုတင်းတင်းကြိတ်ကာ အသံကို မြှင့်၍ ပြောလိုက်သည်။
“သခင်ကြီး... အိမ်တော်သခင်မက ဘာမှ သရုပ်ဆောင်နေတာ မဟုတ်ပါဘူး။ သူ(မ)က သခင်ကြီးရဲ့ လမ်းညွှန်ချက်တွေကိုပဲ သေသေချာချာ လိုက်နာဆောင်ရွက်နေတာပါ။ သူ(မ)က အိမ်တော်ရဲ့ သော့တွေ၊ အမှတ်အသားတံဆိပ်တွေ၊ တော်ဝင်တံဆိပ်တုံးတွေ၊ မြေယာပိုင်ဆိုင်မှု စာချုပ်တွေ၊ အိမ်ခြံမြေ စာချုပ်တွေ၊ ဆိုင်ခန်းစာရင်းဇယားတွေနဲ့ နယ်ပယ်အသီးသီးက ကြီးကြပ်ရေးမှူးတွေဆီက ရရှိတဲ့ နှစ်ပတ်လည် စာရင်းဇယားအချက်အလက်အားလုံးကို သေသေချာချာ စစ်ဆေးရေတွက်ပြီးပါပြီ။ နှောင့်နှေးကြန့်ကြာမှုမရှိဘဲ ဒါတွေအားလုံးကို ကိုယ်လုပ်တော်နျဲ့ဆီကို လွှဲပြောင်းပေးအပ်လိုက်တာပါ။ ဒီနေ့ကစပြီး အိမ်တော်ရဲ့ အတွင်းရေးကိစ္စအားလုံးကို ကိုယ်လုပ်တော်နျဲ့ကပဲ တာဝန်ယူ ကိုင်တွယ်ဖြေရှင်းသွားရမှာပါ။”
ကိုယ်လုပ်တော်နျဲ့သည် သူမ၏ လက်ကိုင်ပုဝါကို တင်းတင်းဆုပ်ကိုင်ထားရင်း၊ အလျင်စလို စကားမပြောရဲဘဲ စုယီလီ၏ မျက်နှာအမူအရာကိုသာ အကဲခတ်သည့် သဘောဖြင့် စိုးရိမ်တကြီး စိုက်ကြည့်နေသည်။
ကိုယ်လုပ်တော်နျဲ့သည် အိမ်တွင်းရေးစီမံခန့်ခွဲမှုအာဏာကို အမြန်ဆုံး လက်ဝါးကြီးအုပ်ချင်တာကတော့ အမှန်ပင်။ သို့သော် သူမဘက်က လောလွန်းနေတယ်လို့ အထင်ခံရပြီး စုယီလီ၏ ငြိုငြင်မှုကို ခံရမှာကိုလည်း အလွန်စိုးရိမ်နေမိ၏။
အထိန်းတော်ကြီးစုန့်၏ စကားများကို ကြားလိုက်ရတဲ့အခါ စုယီလီက နှာခေါင်းရှုံ့၍ အေးစက်စွာ ရယ်မောလိုက်သည်။ ဒါက သေချာပေါက် သခင်မကျန်းဘက်က အလျှော့ပေးသလိုလိုနှင့် မာယာများပြီး အကွက်ဆင်နေခြင်းသာ ဖြစ်ရမယ်လို့ သူ အခိုင်အမာ ယုံကြည်နေမိသည်။
မနေ့က သူ သူမအပေါ် စကားပြင်းပြင်းထန်ထန် ပြောလိုက်မိရုံမျှဖြင့်... သူမက ဒီအရွယ်အထိ ရောက်နေပြီဖြစ်တာတောင် မာနတွေ တခွဲသားနှင့် အမူအရာ လုပ်ပြနေသေးတယ်။
စုယီလီက လှောင်ပြောင်သရော်လိုက်သည်။
“သူ(မ)က ဘယ်လောက်တောင် အသက်ကြီးနေပြီလဲ... အခုထိ ကလေးကလားဆန်နေတုန်းပဲလား။”
အထိန်းတော်ကြီးစုန့်က ပြန်ဖြေလိုက်သည်။
“သခင်ကြီး... ဖူးရန်(သခင်မကျန်း)က ကလေးကလား လုပ်နေတာ မဟုတ်ပါဘူး။ သူ(မ)က တကယ့်ကို အတည်ပြောနေတာပါ။”
စုယီလီ၏ ခန့်ညားသော မျက်နှာသည် ချက်ချင်းပင် မှောင်မည်းသွား၏။
“ဒါဆို ကျန်းရှီက အခု ဘယ်မှာလဲ။”
သူမရဲ့ သခင်မအပေါ် မတရားသဖြင့် ခံရတယ်လို့ ခံစားနေရတာကြောင့် အထိန်းတော်ကြီးစုန့်၏ လေသံကလည်း သိပ်ပြီး မချိုသာတော့ချေ။
“သခင်ကြီးရဲ့ အမိန့်အတိုင်းပါပဲ... သူ(မ)က လက်ရှိမှာ ဘိုးဘွားခန်းမထဲမှာ ဒူးထောက်ရင်း အမှားတွေကို ပြန်လည်သုံးသပ် ဆင်ခြင်နေပါတယ်။”
စုယီလီက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
“သူ(မ)က တကယ့်ကို အမိန့်နာခံတတ်လွန်းတာပဲ”
သခင်ကြီးက အိမ်တော်သခင်မကြီးအပေါ် တစ်စက်ကလေးမှ ဂရုမစိုက်၊ စိုးရိမ်ပူပန်ခြင်း မရှိတာကို မြင်တွေ့ရတဲ့အခါ အထိန်းတော်စုန့်၏ ရင်ထဲတွင် ပိုမိုခါးသီးလာသည်။ သို့သော် တစ်ဖက်က ပြန်တွေးကြည့်လျှင် သခင်မကျန်းက ဤအိမ်တွင်းရေး စီမံခန့်ခွဲမှုအာဏာကို သဘောဆန္ဒအလျောက် စွန့်လွှတ်လိုက်ခြင်းကပင် ပိုမိုကောင်းမွန်တဲ့ အရာဖြစ်တယ်လို့ သူမ ယုံကြည်သွားမိသည်။ ထို့ကြောင့် သူမက ပြုံးလိုက်၏။
“ပစ္စည်းတွေအားလုံးလည်း အပ်နှံပြီးပြီဆိုတော့... ဒီအစေခံအိုကြီးလည်း သခင်မဆီကို ပြန်သတင်းပို့ဖို့ ခွင့်ပြုပါဦး"
အထိန်းတော်ကြီးစုန့် ထွက်ခွာသွားသည်နှင့် ကိုယ်လုပ်တော်နျဲ့သည် အခန်းတွင်းရှိ ကျန်ရှိနေသော ဘေးလူများကို အကုန်မောင်းထုတ်လိုက်သည်။
စုယီလီသည် လိုဟန်ကုတင်ပေါ် ဝင်ထိုင်လိုက်ပြီး စားပွဲခုံထက်ရှိ တောင်ပုံရာပုံ ထပ်နေသော စာရင်းစာအုပ်ကြီးများကို တစ်ချက်လှမ်းကြည့်လိုက်သည်။
ကိုယ်လုပ်တော်နျဲ့သည် လူများကို ပြုစုခစားရာတွင် ကျွမ်းကျင်သူ ဖြစ်ပေသည်။ သူမက ထိုအမျိုးသားအတွက် ပူနွေးသော လက်ဖက်ရည်ပူပူတစ်ခွက်ကို အလျင်အမြန် ခပ်သွက်သွက် ယူဆောင်လာခဲ့ပြီး၊ သူမ၏ ပြည့်တင်းသော ရင်သားများကို သူ့လက်မောင်းထက်သို့ မသိမသာ ထိကပ်ပွတ်သပ်လိုက်သည်။ သူမ၏ လေသံကလည်း လူပုံအလယ်တွင် ပြသလေ့ရှိသည့် သိက္ခာရှိသော အမူအရာမျိုး လုံးဝမရှိတော့ဘဲ အလွန်အမင်း ချွဲနွဲ့တဲ့လေသံမျိုးသို့ ပြောင်းလဲသွားတော့သည်။
“သခင်ကြီးရယ်... အစ်မကြီးက ဒီလိုလုပ်တာ ဘာသဘောလဲဟင်။ သူ(မ)က သခင်ကြီးအပေါ် တကယ်ပဲ စိတ်ကောက်သွားတာလား။ ဒါပေမဲ့ သူ(မ)က နယ်စားမင်းအိမ်တော်ရဲ့ အိမ်တော်သခင်မ ဖြစ်နေတာကို... ဒီလိုမျိုး ကိစ္စသေးသေးလေးတစ်ခုအပေါ် အကြီးအကျယ် လျှောက်လုပ်နေတော့ သခင်ကြီးရဲ့ မျက်နှာကို ဘယ်နား သွားထားရမလဲ။ ဒါတွေအပြင်... ဒီပစ္စည်းတွေအားလုံးကို ကျွန်မဆီ ပို့လိုက်တော့လည်း ကျွန်မ ဘာလုပ်ရမှန်းကို မသိတော့ဘူး..."
စုယီလီ၏ နှုတ်ခမ်းထက်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာခဲ့ပြီး လက်ကို ဆန့်ထုတ်ကာ သခင်မနျဲ့၏ ပုခုံးကို ဆွဲဖက်လိုက်သည်။
“သူ(မ)က ဒီလိုလုပ်ပြရင် ငါက သူ(မ)ဆီ သွားပြီး တောင်းပန်လိမ့်မယ်လို့ ထင်နေတာလေ။ ကံဆိုးတာကတော့ ရွှမ်းယီနယ်စားမင်းအိမ်တော်ဆိုတာ သူ(မ) တည်ဆောက်ခဲ့တာ မဟုတ်ဘူး။ သူ(မ).မရှိရင် ဒီအိမ်တော်က လူပေါင်း ရာဂဏန်းလောက်က အသက်မရှင်နိုင်တော့ဘူးလို့ ထင်နေတာလား။ ငါကတော့ ခြိမ်းခြောက်တာကို အမုန်းဆုံးပဲ။ ကျန်းရှီက ဘာမို့လို့လဲ။”
ကိုယ်လုပ်တော်နျဲ့၏ မျက်ဝန်းများထဲတွင် အောင်နိုင်သူတစ်ယောက်ကဲ့သို့ အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သော်လည်း၊ သူမ၏ မျက်နှာအမူအရာကတော့ ရေပြင်အတိုင်း နူးညံ့ပျော့ပျောင်းနေဆဲ ဖြစ်သည်။
“ဟုတ်ပါ့ သခင်ကြီးရယ်... နယ်စားမင်းအိမ်တော်ကြီးတစ်ခုလုံးက သခင်ကြီး တစ်ယောက်တည်းရဲ့ အရှိန်အဝါနဲ့ပဲ မတ်မတ်ရပ်တည်နေနိုင်တာပါ။”
စုယီလီသည် သခင်မကျန်း၏ သေးသိမ်သော အကွက်ရွှေ့မှုများကို အာရုံထဲပင် မထည့်ဘဲ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပြုံးလိုက်သည်။
“တော်ပြီ... ငါ နယ်စားမင်းက ပြောရင်ပြောတဲ့အတိုင်းပဲ။ သူ(မ)ဆီက အိမ်တွင်းရေး စီမံခန့်ခွဲမှုအာဏာကို ရုပ်သိမ်းဖို့ ဆုံးဖြတ်ပြီးပြီဆိုမှတော့ သူ(မ)ကို သင်ခန်းစာတစ်ခု ပေးရမယ်။ မင်းပဲ ဒီအာဏာကို လောလောဆယ် တာဝန်ယူထားလိုက်။ သူ(မ) ကိုယ့်အမှားကိုယ်သိပြီး ပြန်သုံးသပ်လို့ ငါ့ဆီကို ငိုယိုပြီး လာတောင်းပန်တဲ့အချိန်ကျမှ မင်း သူ(မ)ဆီ ပြန်လွှဲပေးလိုက်တာပေါ့။”
ကိုယ်လုပ်တော်နျဲ့က ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်ရင်း ထိုအမျိုးသား၏ ကြီးမားသော လက်ကို ဆွဲယူကာ သူမ၏ ရင်ဘတ်ပေါ် ဖိကပ်လိုက်သည်။ ဆွဲဆောင်မှုအပြည့်ရှိပြီး ရမ္မက်ဆန်သော အကြည့်များဖြင့် သူမက ပြောလိုက်၏။
“ကောင်းပါပြီ... ဒါပေမဲ့ ကျွန်မက အိမ်တွင်းရေးကိစ္စတွေကို ဘာမှနားမလည်ဘူးလေ နယ်စားမင်းရဲ့။ သခင်ကြီးကပဲ ကျွန်မကို တစ်ဆင့်ချင်းစီ စိတ်ရှည်လက်ရှည် သင်ကြားပေးရမှာနော်။”
စုယီလီသည် ချက်ချင်းပင် ရမ္မက်စိတ်များ ဖုံးလွှမ်းသွားသည်။ ပုံမှန်အားဖြင့် အလုပ်များလွန်းတာကြောင့် သူ့ကိုယ်သူ ထိန်းသိမ်းထားရတာ နှစ်ပတ်ခန့် ရှိနေပြီ ဖြစ်တဲ့အတွက် ဒီနေ့တော့ သူ့ရဲ့ ပြင်းထန်တဲ့ ရမ္မက်ဆန္ဒများက ရုတ်တရက် စိတ်အားထက်သန်လာခဲ့သည်။
သူက မျက်ဝန်းကို မှေးစိုက်လိုက်ရင်း သခင်မနျဲ့ကို သူ့ရင်ခွင်ထဲ ပွေ့ချီလိုက်ကာ အတွင်းခန်းဆောင်ဆီသို့ တန်းတန်းမတ်မတ် ခေါ်ဆောင်သွားတော့သည်။
မကြာမီအချိန်အတွင်းမှာပင် အတွင်းခန်းဆောင်တစ်ခုလုံး၌ သခင်မနျဲ့၏ ဆွဲဆောင်မှုရှိသော ညည်းသံများဖြင့် ဖုံးလွှမ်းသွားတော့သည်။