← Chapters

အခန်း ၉၄

Vol. 10 Ch. 94

အခန်း ၉၄

Vol. 10 Ch. 94

အခန်း ၉၄ - ဇာတ်ကြိုးကို လွှတ်ချခြင်း

စုအိမ်တော်၏ ဘိုးဘွားခန်းမအထက်တွင် မှောင်မိုက်သော မိုးတိမ်တိုက်များ လိပ်တက်နေပြီး၊ လေပြင်းနှင့်အတူ ဆီးနှင်းများက မိုးဖွဲဖွဲလေးများနှင့်ရော၍ သည်းထန်စွာ ကျဆင်းနေသည်။

သခင်မကျန်းသည် ထိုနေ့နံနက်စောစောကပင် သခင်မကြီးရှဲ့ထံသို့ သွားရောက်ကာ သူမ၏အမှားကို ဝန်ခံခဲ့ကြောင်း ရွှယ်နင် ကြားသိခဲ့ရသည်။ နေ့လည်ပိုင်းတွင်တော့ သူမက ချိုးရွှေဉယျာဉ်သို့ ပြန်လာခဲ့ပြီး၊ အိမ်တော်၏ စာရင်းစာအုပ်များ၊ အမှတ်အသားတံဆိပ်များ၊ သော့များနှင့် အခြားပစ္စည်းမှန်သမျှကို လီယွမ်သို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ ထို့နောက်တွင် ဘိုးဘွားခန်းမဆီသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားခဲ့ရာ ယခုအချိန်အထိ အပြင်သို့ ပြန်လည်ထွက်ခွာလာခြင်း မရှိသေးပေ။

သခင်မကျန်း၏ ရင်ထဲမှာ ပူလောင်သောကရောက်နေမှာကို စိုးရိမ်သဖြင့် ရွှယ်နင်သည် သူမဆီ ကိုယ်တိုင် သွားတွေ့ရန် စိတ်ကူးလိုက်သည်။

အထိန်းတော်ကြီးစုန့်သည် ဘိုးဘွားခန်းမ၏ အပြင်ဘက်တွင် စောင့်ဆိုင်းနေခဲ့ပြီး သူမ၏ မျက်ဝန်းများကလည်း အနည်းငယ် နီမြန်းနေခဲ့သည်။ ရွှယ်နင် လျှောက်လှမ်းလာတာကို မြင်လိုက်ရတဲ့အခါ သူမက ရှိုက်သံကို မနည်းထိန်းရင်း နှုတ်ဆက်လိုက်၏။

“သခင်မလေး... ရောက်လာပြီလား”

ရွှယ်နင်က မေးလိုက်သည်။

“မန်မန်ရော ဘယ်မှာလဲဟင်”

အထိန်းတော်ကြီးစုန့်က ပြန်ဖြေသည်။

“သူ(မ)လည်း တစ်ခေါက် လာပါသေးတယ်... ဒါပေမဲ့ သခင်မက ပြန်ပြီး အနားယူဖို့ ဖျောင်းဖျပြောဆိုလိုက်လို့ ပြန်သွားပါပြီ”

ရွှယ်နင်က နှစ်သိမ့်စကားပြောလိုက်သည်။

“ကျွန်မ အထဲဝင်ပြီး သွားကြည့်လိုက်ပါဦးမယ်”

သူမ ဘိုးဘွားခန်းမအတွင်းသို့ လှမ်းဝင်လိုက်ချိန်တွင်၊ ဖျာကတ္တီပါအုံးငယ်လေးတစ်ခုထက်၌ ဒူးထောက်လျက် စုမိသားစု၏ ဘိုးဘွားကျောက်စာတိုင်များကို ငေးမှိုင်စွာ စိုက်ကြည့်နေတဲ့ သခင်မကျန်းကို မြင်လိုက်ရသည်။

ရွှယ်နင်သည် သူမ၏ဘေးနားသို့ တိတ်တဆိတ် လျှောက်သွားလိုက်ပြီး သခင်မကျန်း၏ အနီးတွင် ဝင်ထိုင်လိုက်သည်။

သခင်မကျန်းသည် ငိုယိုနေခြင်း မရှိသော်လည်း သူမ၏ မျက်ဝန်းများက အရင်ကတည်းက အားရပါးရ ငိုကြွေးထားခဲ့သကဲ့သို့ နီမြန်းအစ်ထွက်နေခဲ့ပြီ ဖြစ်သည်။

သူမ ဘေးကိုလှည့်ကြည့်လိုက်တဲ့အခါ ရွှယ်နင် ဖြစ်နေတာကို မြင်တွေ့ရတဲ့အခါမှသာ နှုတ်ခမ်းထောင့်တွင် နူးညံ့ပျော့ပျောင်းသော အပြုံးဖျော့ဖျော့လေးတစ်ခုကို မရမက ပြုံးလိုက်သည်။

သူမက ဘယ်အချိန်မဆို ဒီလောက်အထိ သိမ်မွေ့နူးညံ့တဲ့ အမျိုးသမီးတစ်ဦး ဖြစ်ခဲ့သည်။

သူမ ဒီအိမ်တော်ကို စတင်လက်ထပ်ဝင်ရောက်လာစဥ်တုန်းက၊ စုယီလီသည် သူမ၏ နူးညံ့သိမ်မွေ့မှု၊ အကျင့်သီလပြည့်စုံမှု၊ နှိမ့်ချတတ်မှုနှင့် ကျော့ရှင်းနုနယ်မှုတို့အပေါ် အမြဲတစေ ချီးမွမ်းခန်းဖွင့်ခဲ့သည်။

သူမအပေါ် သံယောဇဉ်ကြီးစွာဖြင့် ဖက်တွယ်ချွဲနွဲ့သည့် အချိန်တိုင်းတွင်လည်း၊ သူမ ရှက်သွေးဖြာကာ ပါးပြင်လေးများ နီမြန်းလာသည်အထိ စနောက်ကျီစယ်ရတာကို သူ အလွန်အမင်း သဘောကျခဲ့သည်။

ခုတင်ပေါ်မှာ ဖြစ်စေ၊ လူကြီးများ၏ ရှေ့မှာ ဖြစ်စေ၊ သူမအပေါ် ထားရှိတဲ့ သူ့အကြည့်များက အမြဲတစေ အပိုင်သိမ်းလိုသည့် ရမ္မက်ဆန္ဒများနှင့် ပြည့်နှက်နေခဲ့သည်။

နောက်ပိုင်းတွင် သူမက ကျန်းအာကို မွေးဖွားခဲ့ပြီး၊ သူမ၏ ခင်ပွန်းသည်က သူမအပေါ် ပိုပြီးတော့တောင် အလိုလိုက်ယုယခဲ့သေးသည်။

သားကို မွေးဖွားပြီးနောက်တွင်၊ သူမ၏ ကျန်းမာရေးကို ထိခိုက်မှာကို စိုးရိမ်သဖြင့် ခင်ပွန်းဖြစ်သူက မိန်းမနောက်တစ်ယောက်ကို ခြောက်လခွဲခန့်တိုင်အောင် လက်ဖျားနှင့်တောင် မထိခဲ့ပေ။

နှစ်အနည်းငယ် ကြာပြီးနောက်တွင်၊ သူတို့နှစ်ယောက်မှာ မန်မန်ကို ထပ်မံရရှိခဲ့ကြပြန်သည်။

သူမကလည်း အိမ်တွင်းရေး စီမံခန့်ခွဲမှုကိစ္စများဖြင့် တရွေ့ရွေ့ အလုပ်ရှုပ်လာခဲ့သလို၊ သူကလည်း ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် ‘လက်ထောက်ညွှန်ကြားရေးမှူး’ ရာထူးဖြင့် ဝင်ရောက်အမှုထမ်းခဲ့ရသဖြင့် သူ၏ ရာထူးတာဝန်များကလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာခဲ့သည်။

ဖြည်းဖြည်းချင်းပင်... လင်မယားနှစ်ဦးကြားမှ တိုးတိုးတိတ်တိတ် ချစ်စကားဆိုသံများကလည်း တဖြည်းဖြည်း နည်းပါးသထက် နည်းပါးလာခဲ့၏။

သူမ သတိပြုမိလိုက်သည့် အချိန်မှာပင်... သခင်မနျဲ့ ဆိုသည့် အမျိုးသမီးက သူ့ဘေးနား ရောက်ရှိနေခဲ့ပြီ။

မကြာမီမှာပင် သူက သခင်မနျဲ့ကို ကိုယ်လုပ်တော်အဖြစ် သိမ်းပိုက်ရန် ရည်ရွယ်ခဲ့တော့သည်။ သူမက သခင်မနျဲ့အပေါ် ပြဿနာရှာမှာကို စိုးရိမ်သဖြင့်၊ သူက သူမနှင့်အတူ သီးသန့် ကတိတစ်ခုကိုပင် ပြုလုပ်ခဲ့ပြီး စည်းကမ်းချက် သုံးခုကိုပါ သတ်မှတ်ခဲ့သေးသည်။

ဒီနှစ်တွေတစ်လျှောက်လုံး သူမက နယ်စားမင်းအိမ်တော်ကြီးအတွက် သားသမီးအရင်းလို သဘောထားပြီး အားသွန်ခွန်စိုက်၊ အင်တိုက်အားတိုက် လုပ်ကိုင်ပေးခဲ့တာ ဖြစ်သည်။ စုယီလီဆီမှာ သူမအပေါ် ထားရှိတဲ့ လင်မယားသံယောဇဉ်တွေ တစ်စက်ကလေးမှ မကျန်တော့ဘူးဆိုတာကိုတော့ သူမ တစ်ခါမှ ထည့်မတွေးမိခဲ့ဖူးပေ။

အော်... ဖြူစင်လှပါတယ်ဆိုတဲ့ သံယောဇဉ်တွေကလည်း မျက်စိတစ်မှိတ်အတွင်းမှာပဲ ပြောင်းလဲသွားနိုင်တာကိုး။ ဒီလောကကြီးထဲမှာ မပြောင်းလဲဘဲ ထာဝရတည်မြဲနေမယ့် အချစ်ဆိုတာ ဘယ်နားမှာ သွားရှာရပါ့မလဲ။

သူမက ခါးသီးစွာ ပြုံးလိုက်ရင်း ပြောလာသည်။

“ဒီနေ့ စာရင်းစာအုပ်တွေနဲ့ တခြားပစ္စည်းတွေကို လီယွမ်ဆီ လွှဲပေးပြီးလို့ ခြောက်ကပ်သွားတဲ့ ချိုးရွှေဉယျာဉ် ကြည့်မိတော့မှ... ငါ့မှာ ရုတ်တရက်ကြီး အားလပ်ချိန်တွေ ရလာမှန်း သတိထားမိတော့တယ်။ နည်းနည်းတော့ စိမ်းနေသလိုပဲ။”

ရွှယ်နင် စိတ်ထဲကတွေးမိတာ... အကယ်၍ သခင်မကျန်းသာ အရင်ဘဝတုန်းက ဘယ်လောက်တောင် သနားစရာကောင်းအောင် သေဆုံးခဲ့ရလဲဆိုတာကို သိရင် အခုလိုမျိုး တွေးပြီး ဝမ်းနည်းနေမှာ မဟုတ်တော့ဘူး။

ကံဆိုးတာက သူမက ပြန်မွေးဖွားခွင့်ရလာတဲ့သူ မဟုတ်တော့ အခုလို ကလဲ့စားချေနိုင်တဲ့ အားရကျေနပ်မှုကို မသိရှိနိုင်ဘူး။

ဒါပေမဲ့ အဲဒါက ဘာအရေးလဲ။ သူမကိုယ်တိုင်ပဲ သခင်မကျန်းကို နယ်စားမင်းအိမ်တော်ရဲ့ ရွှံ့နွံအိုင်ထဲကနေ ဆွဲထုတ်သွားပေးမှာ မဟုတ်လား။

သူမက သခင်မကျန်း၏ လက်ကို ဆုပ်ကိုင်လိုက်သည်။

“အမေ... သခင်မကြီးရှဲ့က ဘာပြောလဲဟင်”

သခင်မကျန်းက သူမရဲ့ နှစ်ပေါင်းများစွာ ပေးဆပ်ခဲ့မှုတွေဟာ တန်ဖိုးမရှိခဲ့မှန်း သိရှိသွားဟန်ဖြင့် သူမကိုယ်သူမ လှောင်ပြောင်သရော်သလို ပြုံးလိုက်သည်။

“သူ(မ)က နယ်စားမင်းရဲ့ အမေအရင်းပဲလေ... ကိစ္စတိုင်းမှာ သားဖြစ်သူရဲ့ စကားကိုပဲ နားထောင်မှာပေါ့။ ငါက အိမ်တွင်းရေး စီမံခန့်ခွဲမှုအာဏာကို သခင်မနျဲ့ဆီ လွှဲပေးလိုက်တဲ့အချိန်တုန်းက သူ)မ)က ကန့်ကွက်စကား တစ်ခွန်းမှ မပြောခဲ့ရုံတင်မကဘူး... ငါ့ကို ‘ဘေးကနေ ကူညီပေးလိုက်ပါ’ လို့တောင် ဖျောင်းဖျသေးတယ်။”

ထို ‘ဘေးကနေ ကူညီပေးလိုက်ပါ’ ဟူသော စကားလုံးက သခင်မကျန်း၏ ရင်ထဲတွင် မခံမရပ်နိုင်ဖြစ်ခြင်းများနှင့် ပြည့်နှက်သွားစေခဲ့သည်။

သို့သော် ဘိုးဘွားခန်းမထဲမှာ နာရီပေါင်းများစွာ ဒူးထောက်နေခဲ့ပြီးတဲ့နောက်မှာတော့ သူမ ရုတ်တရက် အမှန်တရားကို သဘောပေါက်သွားခဲ့ပြီ။

သူမက ဒီအိမ်တော်ကို လက်ထပ်ဝင်ရောက်လာတဲ့သူပဲ။ ဒီအိမ်တော်က ဘယ်တုန်းကမဆို စုမိသားစုပိုင်တာပဲ ဖြစ်ပြီး၊ ကျန်းမိသားစုနဲ့ ဘာမှမဆိုင်ခဲ့ပေ။

အကယ်၍ သူမကိုယ်တိုင်သာ မတ်မတ်မရပ်တည်နိုင်ရင် ဘယ်သူကမှ သူမကို ကူညီဖေးမပေးမှာ မဟုတ်ဘူး။

ရွှယ်နင်က သက်ပြင်းချလိုက်၏။

“သူ(မ)က နယ်စားမင်းရဲ့ အမေအရင်း ဖြစ်နေတာကိုး... သားဘက်ကပဲ ပါမှာပေါ့”

သို့သော် သခင်မကျန်းက ပြုံးလိုက်သည်။

“ဒါပေမဲ့ ငါကတော့ ဘေးကနေ ကူညီပေးဖို့ စိတ်ကူး လုံးဝမရှိဘူး”

ရွှယ်နင်က ပျော်ရွှင်စွာ မျက်တောင်ခတ်လိုက်ပြီး သူမ၏ မျက်ဝန်းများက တောက်ပသော အရောင်အဝါများဖြင့် ပြည့်နှက်သွားတော့သည်။

သခင်မကျန်း၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားသည်။

“ဒီလောက် နှစ်တွေအကြာကြီး နယ်စားမင်းအိမ်တော်ကို စီမံခန့်ခွဲခဲ့ရတာ ငါလည်း တကယ်ပဲ ပင်ပန်းနေပါပြီ... ခါးတွေလည်း နာ၊ မျက်စိတွေလည်း မှုန်ကုန်ပြီ။ စာရင်းစာအုပ်တွေကိုတောင် သေသေချာချာ မဖတ်နိုင်တော့သလို၊ အိမ်တော်ရဲ့ စည်းကမ်းတွေကလည်း လျော့ရဲကုန်ပြီ။ ငါက ဘာကို သွားပြီး ကူညီပေးနိုင်မှာတဲ့လဲ။ အိမ်တွင်းရေး စီမံခန့်ခွဲမှုတာဝန်တွေကို ကိုယ်လုပ်တော်နျဲ့ဆီ အကုန်လွှဲပေးပြီး သူ(မ)ကိုယ်တိုင်ပဲ အစစအရာရာ လိုက်လုပ်ခိုင်းတာ ပိုကောင်းပါတယ်။ ဒါမှ နောင်ကျလို့ တစ်ခုခု မှားယွင်းတာရှိရင် ဘယ်သူ့မှာ တာဝန်ရှိလဲဆိုတာ ဝေခွဲမရ ဖြစ်မနေတော့မှာ။”

ရွှယ်နင်၏ရင်ထဲတွင် ထုတ်ဖော်မပြနိုင်သော စိတ်လှုပ်ရှားမှုများ ထကြွလာသည်။

သခင်မကျန်း၏ မျက်ဝန်းထဲမှ အပြုံးများက ဟန်ဆောင်ထားခြင်း မဟုတ်ဘဲ၊ သူမ တကယ်ပဲ ရင်ထဲက အရာရာကို တရွေ့ရွေ့ လွှတ်ချနေပြီ ဖြစ်ကြောင်း သိသာသည်။

သူမက ခပ်တိုးတိုး ညည်းတွားလိုက်ရင်း၊ ထုံးစံအတိုင်း ရှိနေတတ်သည့် အိမ်တော်သခင်မတစ်ယောက်၏ တင်းမာခက်ထန်မှုများကို ဖယ်ရှားလိုက်ကာ သူမ၏ အသက်အရွယ်နှင့် လိုက်ဖက်သော အမျိုးသမီးတစ်ဦး၏ နူးညံ့သိမ်မွေ့မှုကို ပြသလိုက်သည်။

“ဒါတွေအပြင်... ကိုယ်လုပ်တော်နျဲ့က အိမ်တွင်းရေး စီမံခန့်ခွဲရတာကို သက်တောင့်သက်သာရှိတဲ့ အလုပ်တစ်ခုလို့ တကယ်ပဲ ထင်နေတာလား။ သုံးနှစ်လောက် စီမံခန့်ခွဲပြီးသွားရင် အိမ်က ကြောင်တွေ ခွေးတွေတောင် နင့်ကို မြင်ရင် ငြိုငြင်လာကြလိမ့်မယ်။ ဒီနယ်စားမင်းအိမ်တော်တစ်ခုလုံးက ရှုပ်ထွေးတဲ့ ကိစ္စတွေနဲ့ ပြည့်နှက်နေတာ... ပြီးတော့ သခင်မကြီးရှဲ့က ပြုစုရလွယ်တဲ့သူမျိုး မလို့လား။ ငါကတော့ အခုလို ဝန်ထုပ်ဝန်ပိုးကြီးကို လွှတ်ချလိုက်ရလို့ တစ်ကိုယ်လုံး ပေါ့ပါးလွတ်လပ်သွားသလို ခံစားရတယ်။”

သခင်မကျန်း စိတ်ဆင်းရဲမနေတော့တာကို မြင်တွေ့ရတဲ့အခါ ရွှယ်နင်၏ မျက်ဝန်းများက လမင်းကွေးလေးပမာ ကွေးညွတ်သွားတော့သည်။

“မနက်ဖြန်ကျရင် သမီး အမေ့အတွက် အရသာရှိတဲ့ မုန့်တွေ အများကြီး ယူလာပေးမယ်နော်။”

သခင်မကျန်းက ပြောလိုက်သည်။

“အမေကတော့ သိုးနောက်ခြေထောက်ကင်ကိုပဲ စားချင်တယ်။ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက မန်မန်ပြောတာတော့... အနောက်မြောက်ဒေသကနေ အိမ်တော်ကို သယ်ယူလာတဲ့ လတ်ဆတ်တဲ့ သိုးသားတွေ ရှိတယ်ဆိုပဲ။ အိမ်တော်သခင်မ ဖြစ်နေတာတောင် အမေကတော့ အဲဒါကို အခုထိ မြည်းတောင်မကြည့်ရသေးဘူး။”

ရွှယ်နင်က တခစ်ခစ် ရယ်မောလိုက်သည်။

“စိတ်မပူပါနဲ့ အမေ... နင်နင်ကိုယ်တိုင် အမေ့အတွက် အကောင်းဆုံး ပြင်ဆင်ချက်ပြုတ်ပေးပါမယ်”

သခင်မကျန်းက ရွှယ်နင်၏ နူးညံ့သော ဆံနွယ်လေးများကို ကြင်နာစွာဖြင့် ပွတ်သပ်ပေးလိုက်သည်။

“နင်နင်... အမေ စိတ်မကောင်းတာကတော့ သမီးရဲ့ မင်္ဂလာကိစ္စတွေမှာ အမေက ဘာမှဝင်ပြောပေးနိုင်တော့မှာ မဟုတ်ဘူး”

ရွှယ်နင်၏စိတ်ထဲတွင် ကိုယ်ပိုင် စိတ်ကူးများ ရှိနှင့်ပြီးသား ဖြစ်၏။ သူမက သခင်မကျန်း၏ အေးစက်စပြုနေသော လက်ချောင်းထိပ်လေးများကို ညင်သာစွာ ဆုပ်ကိုင်လိုက်ရင်း တိုးညှင်းစွာ ရယ်မော၍ ပြောလိုက်သည်။

“စိတ်မပူပါနဲ့ အမေရဲ့။ နင်နင် ဘာလုပ်ရမလဲဆိုတာကို သေသေချာချာ သိပါတယ်”

...

သခင်မကျန်း အိမ်တွင်းရေး စီမံခန့်ခွဲမှုအာဏာကို လွှဲပြောင်းပေးအပ်ခဲ့သည့်နေ့က ၁၂ လပိုင်း၏ ရှစ်ရက်မြောက်နေ့ ဖြစ်သည်။

ထိုနေ့ပြီးနောက်တွင်တော့ ရွှမ်းယီနယ်စားမင်းအိမ်တော်ကြီးတစ်ခုလုံးသည် အပြင်ပန်းအားဖြင့် အေးချမ်းသာယာနေသယောင် ရှိသော်လည်း၊ နှစ်ပတ်ခန့် အတွင်းမှာတင် တစ်အိမ်တော်လုံး ဖရိုဖရဲဖြစ်ကာ ပရမ်းပတာဖြစ်သွားတော့သည်။

ပထမဦးဆုံး ကိုယ်လုပ်တော်နျဲ့သည် အိမ်တော်အတွင်းရှိ တာဝန်ခံ အစေခံမိန်းကလေးများနှင့် အထိန်းတော်ကြီးများအားလုံးကိုပင် သေသေချာချာ ခွဲခြားမသိတာကြောင့်၊ အိမ်တွင်းရေး လုပ်ငန်းတာဝန်များကို ခွဲဝေရာတွင် နေရာလွဲမှားမှုများစွာ ဖြစ်ပေါ်ခဲ့သည်။

နေ့တိုင်း ဒီနေရာမှာ ပြဿနာတက်လိုက်၊ ထိုနေရာမှာ စကားများရန်ဖြစ်လိုက်နှင့် ပြဿနာများရှိနေခဲ့သည်။

သူမက လုပ်ငန်းများကို လုပ်ဆောင်ရာတွင်လည်း သူမ၏ ‘ဂုဏ်သိက္ခာနှင့် သီလပြည့်စုံမှု’ အမည်ကောင်းကိုသာ အဖတ်ဆယ်ချင်သဖြင့်၊ ကိစ္စရပ်တိုင်းကို ပြတ်ပြတ်သားသား မဆုံးဖြတ်ရဲဘဲ ဝေဝေဝါးဝါးသာ ကိုင်တွယ်ခဲ့ရာ ဘယ်သူ့ကိုမှ စိတ်ကျေနပ်မှု မပေးနိုင်ခဲ့ပေ။

ရက်အနည်းငယ်အတွင်းမှာပင် အိမ်တော်တစ်ခုလုံးရှိ အထိန်းတော်ကြီးများကြား၌ သခင်မနျဲ့သည် အရည်အချင်းမရှိကြောင်းနှင့် လက်အောက်ငယ်သားများကို ထိန်းချုပ်ရန် အရမ်းနူးညံ့လွန်းကြောင်း အတင်းပြောသံများ ဆူညံသွားတော့သည်။

အစေခံအချို့ဆိုလျှင် မောက်မာစွာနှင့် သူမ၏ ဦးခေါင်းထက်သို့ပင် ကျော်လွန်ကာ ဗိုလ်ကျစိုးမိုးရန် ကြိုးစားလာကြသဖြင့်၊ ကိုယ်လုပ်တော်နျဲ့သည် ဘာလုပ်ရမှန်းမသိဘဲ မျက်ရည်ဝဲရသည့်အထိ ဖြစ်ခဲ့ရသည်။

ထို့အပြင် သခင်မကြီးရှဲ့ နေ့စဉ်သောက်သုံးရသည့် အားဆေးရည်တွင်လည်း ပြဿနာတစ်ခု ထပ်မံပေါ်ပေါက်ခဲ့ပြန်သည်။

ဒီကိစ္စက သခင်မကြီးရှဲ့ကို ထပ်ပြီးတော့ ဒေါသတကြီး ဖြစ်သွားစေခဲ့ပြီး၊ သူမက သခင်မနျဲ့ကို ချက်ချင်းဆင့်ခေါ်ကာ ပြင်းပြင်းထန်ထန် ဆူပူကြိမ်းမောင်းတော့သည်။

ညနေစောင်းအချိန် စုယီလီ အိမ်တော်သို့ ပြန်ရောက်လာသောအခါ၊ သူက သခင်မကြီးဆီ သွားရောက်ကာ ကိုယ်တိုင် တောင်းပန်စကားဆိုခဲ့ပြီး ကိုယ်လုပ်တော်နျဲ့အတွက် မရမက အသနားခံပေးမှသာ သူမကို လီယွမ်သို့ ပြန်လည်ခေါ်ဆောင်ခွင့် ရခဲ့သည်။

သို့သော် မမျှော်လင့်ဘဲ သခင်မကြီးရှဲ့သည် ယခင်က သခင်မကျန်းအပေါ် ပြုမူခဲ့သည့် နှိပ်စက်ညှဉ်းပန်းမှုမျိုးကို ကိုယ်လုပ်တော်နျဲ့အပေါ်တွင်လည်း ထပ်မံကျင့်သုံးခဲ့တော့သည်။ သူမအား နေ့စဉ် ‘မောင်းနာရီ’ (နံနက် ၅ နာရီမှ ၇ နာရီအတွင်း) တွင် မိမိရှေ့မှောက်သို့ လာရောက်ခစားရန်နှင့် ပြုစုလုပ်ကျွေးရန် အမိန့်ချမှတ်လိုက်တော့သည်။

သူမက သခင်မကြီး၏ မျက်နှာသစ်ခြင်း၊ အဝတ်လဲခြင်းနှင့် ဆေးတိုက်ခြင်းကိစ္စရပ်များကို ကူညီပေးရုံတင်မကဘဲ၊ သခင်မကြီး အစားအသောက် သုံးဆောင်သည့် အချိန်တိုင်းတွင်လည်း ဘေးနားမှ မတ်တတ်ရပ်လျက် စည်းကမ်းများအတိုင်း စောင့်ကြပ်ကြည့်ရှုပေးရသေး၏။

ပထမဆုံး ရက်အနည်းငယ်အတွင်းမှာတင် ကိုယ်လုပ်တော်နျဲ့သည် ဝမ်ရှိုခန်းမတွင် နာရီပေါင်းများစွာ ပိတ်မိနေခဲ့ပြီး သူမကိုယ်သူမ လွတ်မြောက်အောင်ပင် မစွမ်းဆောင်နိုင်ခဲ့ချေ။

သခင်မကြီးကို ပြုစုပြီးနောက်တွင်တော့၊ သူမသည် လီယွမ်သို့ ပြန်လာကာ တောင်ပုံရာပုံ ဖြစ်နေသော အရှုပ်အထုပ်များကို ရင်ဆိုင်ရပြန်သည်။

နှစ်ကုန်ခါနီးဖြစ်၍ နယ်ပယ်အသီးသီးက ပို့ဆောင်လာသော အိမ်ခြံမြေစာရင်းဇယားများကြောင့် သူမက ညဉ့်နက်သန်းခေါင်တိုင်အောင် မအိပ်မနေ စစ်ဆေးရသော်လည်း အဆုံးမသတ်နိုင်ခဲ့ပေ။

တုန်းကျင်းမြို့တော်အတွင်းရှိ ဆိုင်ခန်းပေါင်း ဒါဇင်ပေါင်းများစွာထံမှ လာရောက်အပ်နှံသော စာရင်းဇယားများကို စစ်ဆေးရန် ကျန်ရှိနေသေးတာကိုတော့ ဆိုဖွယ်ရာမရှိတော့ပြီ။

အိမ်တော်၏ စာရင်းကိုင်အချို့ကလည်း နေ့စဉ်နှင့်အမျှ သူမဆီ လာရောက်ကာ စာရင်းရှင်းလင်းကြသဖြင့် သူမ ခေါင်းကိုက်ကာ ရူးမတတ် ခံစားရသည်။

ဒါတွေအပြင် အိမ်ထောင်စုအသီးသီးအတွက် ပြင်ဆင်ရမည့် ‘နှစ်သစ်ကူးလက်ဆောင်’ ကိစ္စကလည်း ရှိသေး၏။

အရင်တုန်းက သခင်မကျန်းကို လှည့်စားရန်အတွက် သူမသည် လက်ဆောင်စာရင်းတစ်ခုကို အလျင်စလို ပြင်ဆင်ခဲ့ဖူးသည်။

အခု သူမကိုယ်တိုင် အာဏာရလာတဲ့အချိန်မှာတော့၊ တစ်စုံတစ်ရာ မှားယွင်းသွားမှာကို စိုးရိမ်သဖြင့် စာလုံးတစ်လုံးချင်းစီကို သေသေချာချာ အသေးစိတ် စစ်ဆေးနေခဲ့ရသည်။

ထိုသို့ စစ်ဆေးနေသည့်တိုင်အောင်... သူမမှာ အတွေ့အကြုံ မရှိသဖြင့် ဤလက်ဆောင်စာရင်းသည် နန်းတွင်းစည်းကမ်းများနှင့် ညီညွတ်မှု ရှိမရှိ သို့မဟုတ် မြို့တော်ရှိ အထက်တန်းလွှာ သခင်မကြီးများကို စိတ်အနှောင့်အယှက် ဖြစ်စေမလားဆိုတာကို သူမ လုံးဝ ခွဲခြားမသိနိုင်ပေ။

သူမက စုယီလီဆီကနေ အကူအညီ တောင်းခံချင်ပေမယ့် သူ့လိုမျိုး ယောက်ျားကြီးတစ်ယောက်က အိမ်တွင်းရေးကိစ္စရပ်များရဲ့ သေးနုပ်တဲ့ အသေးစိတ်အချက်အလက်တွေကို ဘယ်လိုလုပ် နားလည်နိုင်ပါ့မလဲ။

သူမကို ကူညီပြီး စာရင်းစာအုပ်များကို နှစ်ညမျှသာ စစ်ဆေးပေးခဲ့ရသေးသော်လည်း၊ ထိုအမျိုးသားက ရုံးတော်မှာ အစိုးရကိစ္စတွေ အလွန်များပြားတယ်ဆိုတဲ့ အကြောင်းပြချက်ကို အသုံးချကာ လီယွမ်ခြံဝင်းမှာ လာမအိပ်တာ ရက်အတော်ကြာနေခဲ့ပြီ ဖြစ်သည်။

နှစ်ပတ်ခန့်သာ ရှိသေးသော်လည်း၊ စုယီလီသည် သူမအား ကြည့်သည့်အချိန်တွင် အရင်ကလိုမျိုး နူးညံ့ပျော့ပျောင်းသော အကြင်နာမျက်ဝန်းများ လုံးဝမရှိတော့ချေ။ ငတုံးတစ်ယောက်ကို ကြည့်နေသည့်အတိုင်း အေးစက်စပြုလာသဖြင့်၊ သူမက ထိုအမျိုးသားဆီကနေ အကူအညီတောင်းဖို့ ကြောက်ရွံ့နေမိသည်။

အကယ်၍ ဒီ‌လောက်အထိ ခက်ခဲလိမ့်မယ်ဆိုတာ ကြိုသိခဲ့ပါက၊ ယောက်ျားတစ်ယောက်ကိုပဲ အလိုလိုက်ပြုစုတတ်ပြီး စည်းစိမ်ချမ်းသာကို အေးအေးလူလူ ခံစားရမယ့် ကိုယ်လုပ်တော်ဘဝမှာပဲ နေခဲ့တာက ပိုကောင်းလိမ့်မယ်။ ဘာဖြစ်လို့ သူမဘာသာ ဒီလိုမျိုးခက်ခဲတဲ့ ဝန်ထုပ်ဝန်ပိုးကြီးကို ပုခုံးပေါ် တင်ခဲ့မိတာပါလိမ့်။

နောက်ဆုံးတွင်တော့ အစွမ်းကုန်ပိတ်မိကာ အသည်းအသန် ဖြစ်လာခဲ့ပြီး သူမသည် ဘိုးဘွားခန်းမဆီသို့ ကိုယ်တိုင် သွားရောက်ကာ သခင်မကျန်းအား အဆောင်ကနေ ပြန်ထွက်လာပြီး ကူညီပေးပါရန် သွားရောက်တောင်းပန်တော့သည်။

ဒါပေမဲ့လည်း ဘယ်သူက ထင်ထားပါ့မလဲ... သခင်မကျန်းသည် သူမကို တွေ့ဆုံရန် နေနေသာသာ မျက်နှာချင်းပင် မဆိုင်ခဲ့ချေ။ တင်းမာခက်ထန်သော မျက်နှာထားရှိသည့် အထိန်းတော်စုန့်ကိုသာ အပြင်ဘက်သို့ လွှတ်၍ လမ်းပိတ်စေခဲ့ပြီး၊ အထိန်းတော်စုန့်က အမူအရာမဲ့စွာဖြင့် ပြောလာခဲ့သည်။

“ကျွန်မတို့ သခင်မက နယ်စားမင်းရဲ့ အမိန့်အတိုင်း ဘိုးဘွားခန်းမထဲမှာ တိတ်တဆိတ် အမှားတွေကို ပြန်သုံးသပ်နေတာ။ ဒါကြောင့် ကိုယ်လုပ်တော်နျဲ့အနေနဲ့ နောက်နောင် သခင်မကို လာမနှောင့်ယှက်ပါနဲ့။”

ထိုစကားကို ကြားလိုက်ရတဲ့အခါ ကိုယ်လုပ်တော်နျဲ့သည် ဒေါသတကြီး စိတ်မရှည်ဖြစ်လာကာ အော်ဟစ်လိုက်တော့သည်။

“အိမ်တော်သခင်မ တစ်ယောက်ဖြစ်ပြီးတော့... အိမ်တွင်းရေးကိစ္စတွေကို ဘယ်လိုလုပ်ပြီး ပစ်ထားလို့ ရမှာလဲ။ ဒီအကြောင်းသာ အပြင်ကို ပေါက်ကြားသွားရင် တုန်းကျင်းမြို့တော်တစ်ခုလုံးက အမျိုးသမီးတွေရဲ့ လှောင်ပြောင်တာကို ခံရလိမ့်မယ်။”

အထိန်းတော်ကြီးစုန့်က နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်သည်။

“နယ်စားမင်းကိုယ်တိုင်က ဇနီးသည်ကို ပစ်ပယ်ပြီး ကိုယ်လုပ်တော်ကို အလိုလိုက်နေတာလေ... အကယ်၍ အပြင်လူတွေ လှောင်ပြောင်ကြမယ်ဆိုရင်လည်း ကျွန်မတို့ သခင်မရဲ့ အလှည့် ဖြစ်လာမှာ မဟုတ်ပါဘူး။”

ကိုယ်လုပ်တော်နျဲ့ စိတ်ထဲမှာ အလွန်အမင်း ခါးသီးဝမ်းနည်းသွားသည်။ သူမက အာဏာနှင့် စည်းစိမ်ချမ်းသာကိုပဲ လိုချင်ခဲ့တာ ဖြစ်ပေမယ့် အိမ်တော်သခင်မတစ်ယောက် ဖြစ်ရတာ ဒီလောက်အထိ ခက်ခဲပင်ပန်းလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ချေ။ အိမ်တော်ရှိ လူကြီးတွေကိုတောင် ခြေတော်တင် ပြုစုရလိမ့်မယ်လို့ မည်သူက တွေးမိပါ့မလဲ။

သခင်မကြီးရှဲ့၏ စိတ်နေသဘောထားကလည်း မှန်းဆရခက်သည်။ နှစ်ပတ်ကျော်တိုင်အောင် မိုးလင်းမှ မိုးချုပ်အထိ သူမအား စိတ်အလိုကျအောင် ပြုစုလုပ်ကျွေးခဲ့ရသဖြင့်၊ ကိုယ်လုပ်တော်နျဲ့သည် တစ်ကိုယ်လုံး ကိုက်ခဲနာကျင်နေရပြီး သူမ၏ အသားအရေကို ထိန်းသိမ်းစောင့်ရှောက်ရန်ပင် အင်အားမရှိတော့ပေ။အကယ်၍ ကိစ္စရပ်များက ဒီအတိုင်းသာ ဆက်လက်ဖြစ်ပွားနေမယ်ဆိုပါက၊ သူမက နယ်စားမင်းရဲ့ အချစ်တော်အဖြစ် ဘယ်လိုမျိုး ဆက်ပြီး ဆွဲဆောင်ထားနိုင်တော့မှာတဲ့လဲ။

စိတ်ပျက်လက်ပျက်ဖြစ်လာသော အခြေအနေတွင် ကိုယ်လုပ်တော်နျဲ့သည် ဒေါသပေါက်ကွဲကာ ခြိမ်းခြောက်စကား ပြောလိုက်သည်။

“ဘာပဲဖြစ်ဖြစ်... သခင်မက နယ်စားမင်းအိမ်တော်ရဲ့ အိမ်တော်သခင်မ ရာထူးကို ယူထားတာပဲ။ ကိုယ့်ရဲ့ တာဝန်ဝတ္တရားတွေကို ဒီလိုမျိုး စိတ်အလိုကျ စွန့်ပစ်ထားလို့ မရဘူး။ အကယ်၍ သခင်မက ဒီနေ့အထိ ကျွန်မကို တွေ့ဖို့ ငြင်းဆန်နေဦးမယ်ဆိုရင်တော့... မနက်ဖြန်ကျရင် ရွှယ်နင် လော်မိသားစုဆီ သွားလည်ပတ်မယ့် ကိစ္စနဲ့ပတ်သက်ပြီး ကျွန်မဘက်ကလည်း ဘာတာဝန်မှ ယူပေးမှာ မဟုတ်ဘူး။”

ရွှယ်နင် ဆိုတဲ့ နာမည်ကို ကြားလိုက်ရတဲ့အခါ အထိန်းတော်စုန့်၏ မျက်နှာအမူအရာက ခဏမျှ တုံ့ဆိုင်းသွားသည်။

All Chapters