အခန်း ၉၅
Vol. 10 Ch. 95
အခန်း ၉၅ - လော်မိသားစု၏ မွေးနေ့ပွဲ
အထိန်းတော်ကြီးစုန့်သည် သခင်မကျန်းထံသို့ သွားရောက်သတင်းပို့ရန် ဘိုးဘွားခန်းမဘက်သို့ လှည့်အဝင်တွင်ပင်၊ လက်ထဲ၌ မုန့်သေတ္တာလေးကို ကိုင်ဆောင်လျက် လျှောက်လှမ်းလာသော ရွှယ်နင်ကို လှမ်းမြင်လိုက်ရသည်။
“ကျွန်မရဲ့ ကိစ္စတွေကတော့ ကိုယ်လုပ်တော်နျဲ့ စိုးရိမ်ပူပန်ပေးဖို့ မလိုပါဘူး”
ကိုယ်လုပ်တော်နျဲ့သည် လှည့်ကြည့်လိုက်တဲ့အခါ ရွှယ််နင်၏ ပြုံးယောင်သန်းနေသော မျက်ဝန်းများနှင့် တည့်တည့်မတ်မတ် ဆုံတွေ့သွားခဲ့သဖြင့် သူမ၏ ရင်ထဲမှ ဒေါသမီးတောက်များက ဝုန်းခနဲ လောင်မြိုက်သွားတော့သည်။
“ဘာပဲဖြစ်ဖြစ် သခင်မလေးရွှယ်က လက်မထပ်ရသေးတဲ့ မိန်းမပျိုလေးတစ်ယောက်ပဲ။ အိမ်တော်က လူကြီးတစ်ယောက်မှ အဖော်အဖြစ် လိုက်မပေးဘဲ လော်မိသားစုဆီ ဒီတိုင်းသွားမယ်ဆိုရင်... ဒီအကြောင်း အပြင်လူတွေသိသွားရင် နာမည်ပျက်ပြီး သိက္ခာကျစရာ ဖြစ်လိမ့်မယ်လို့ ငါက စိုးရိမ်မိလို့ပါ။”
ရွှယ်နင်၏ နှုတ်ခမ်းထောင့်တို့က နူးညံ့သိမ်မွေ့သော အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားသည်။
“အိမ်တော်က လူကြီးမိဘလို့ပဲ ပြောပြော... ဘယ်လိုနည်းနဲ့မှ ကိုယ်လုပ်တော်နျဲ့ရဲ့ အလှည့် ဖြစ်လာမှာ မဟုတ်ပါဘူး။”
ကိုယ်လုပ်တော်နျဲ့၏ မျက်နှာက ချက်ချင်းပင် အေးစက်သွားတော့သည်။
“အခုအချိန်မှာ နယ်စားမင်းအိမ်တော်တစ်ခုလုံးရဲ့ အာဏာကို ငါ ကိုင်တွယ်ထားတာ။ အကယ်၍ ငါက အဖော်အဖြစ် လိုက်မပေးရင်... ဘယ်သူကများ လိုက်ရဲဦးမှာတဲ့လဲ။”
ရွှယ်နင်သည် လက်ထဲမှ မုန့်သေတ္တာလေးကို အထိန်းတော်ကြီးစုန့်ထံသို့ ကမ်းပေးလိုက်ရင်း နူးညံ့စွာ ပြောလိုက်သည်။
“ဒါက အမေ့အတွက်ပါ။ ဒီနေ့ သမီး ငါးစွပ်ပြုတ်လေး ကိုယ်တိုင်လုပ်လာတာ။”
ထိုသို့ ပြောဆိုပြီးမှသာ သူမသည် ကိုယ်လုပ်တော်နျဲ့ဘက်သို့ လှည့်ကြည့်လိုက်ရာ၊ သူမ၏ ကြည်လင်သော မျက်ဝန်းများတွင် ဖြူစင်မှုများနှင့် ဝေဝေဝါးဝါးဖြစ်နေသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေခဲ့သည်။
“ကျွန်မ မှတ်မိတာ မမှားဘူးဆိုရင်... ကျွန်မရဲ့ မျိုးရိုးက ရွှယ် မဟုတ်ဘူးလား။”
ကိုယ်လုပ်တော်နျဲ့ ခဏလောက် ဆွံ့အသွားတယ်။
“နင်... ဘာကို ဆိုလိုတာလဲ။”
ရွှယ်နင်က တခစ်ခစ် ရယ်မောလိုက်ရင်း ခပ်အေးအေးပင် ဆက်ပြောလိုက်သည်။
“ကိုယ်လုပ်တော်နျဲ့က တကယ်ပဲ အ,တာပဲ။ ကျွန်မရဲ့ မျိုးရိုးက ရွှယ် ဖြစ်ပြီး... ကျွန်မ အသိအမှတ်ပြုထားတဲ့ မိခင်က သခင်မကျန်းလေ။ နျဲ့မိသားစု နဲ့ ကျွန်မကြားထဲမှာ ဘယ်လိုမျိုး ပတ်သက်ဆက်နွှယ်မှုမှ ရှိမနေဘူး။ အကယ်၍ ကျွန်မက မင်္ဂလာကိစ္စတွေကို ဆွေးနွေးဖို့ လော်မိသားစုဆီ သွားတဲ့အခါ အဖော်လုပ်ပေးမယ့် လူကြီးမိဘတစ်ယောက် လိုအပ်တယ်ဆိုရင်တောင်... ဘယ်လိုအခြေအနေမျိုးမှာမဆို ကိုယ်လုပ်တော်နျဲ့ရဲ့ အလှည့်ကတော့ ဘယ်တော့မှ ရောက်လာမှာ မဟုတ်ပါဘူး။”
စင်္ကြံလမ်းအောက်တွင် စောင့်ဆိုင်းနေကြသော အစေခံမိန်းကလေးအချို့က ရွှယ်နင်၏ စကားများကို ကြားရတဲ့အခါ တခစ်ခစ်နှင့် မအောင့်နိုင်ဘဲ ခိုး၍ ရယ်မောလိုက်ကြသည်။
အိမ်တော်သန့်ရှင်းရေးလုပ်သည့် မိန်းမကြီးအချို့ဆိုလျှင် လက်ဖြင့် ပါးစပ်ကို ပိတ်ထားကြရင်း ကိုယ်လုပ်တော်နျဲ့ကို လက်ညှိုးထိုးပြကာ အတင်းတုပ်နေကြလေသည်။
ကိုယ်လုပ်တော်နျဲ့သည် ရွှယ်နင်၏ စကားအနည်းငယ်ကြောင့် အလွန်အမင်း ဒေါသထွက်သွားသဖြင့် မျက်နှာတစ်ခုလုံး ဖြူဖျော့သွားလိုက်၊ နီမြန်းသွားလိုက်နှင့် ဖြစ်နေသည်။ သူမအပေါ် တစ်စက်ကလေးမှ ရိုသေလေးစားခြင်းမရှိတဲ့ အစေခံများကို မြင်တွေ့ရသောအခါ သူမ ရင်ထဲမှာ ဒေါသပူလောင်လာပြီး ဘာလုပ်ရမှန်းကို မသိတော့ပေ။
သူမက ရွှယ်နင်နှင့် စကားပြိုင်မပြောနိုင်သလို၊ သခင်မကျန်းဘက်ကလည်း သူမကို လုံးဝ လက်ခံတွေ့ဆုံခြင်း မရှိချေ။
နောက်ဆုံးတော့... သူမက နီမြန်းနေတဲ့ မျက်ဝန်းများဖြင့် မျက်ရည်များ စီးကျလျက် ဘိုးဘွားခန်းမကနေ ဝမ်းနည်းပက်လက်နှင့် ငိုယိုကာ ထွက်ခွာသွားတော့သည်။
လီယွမ်ခြံဝင်းသို့ ပြန်ရောက်လာသည်နှင့်တစ်ပြိုင်နက်... ရုံးတော်မှ စောစောစီးစီး ပြန်ရောက်နေပြီး လိုဟန်ကုတင်နိမ့်လေးပေါ်မှာ လှဲကာ စာဖတ်နေသော နယ်စားမင်းစုကို သူမ လှမ်းမြင်လိုက်ရသည်။
သူမက နှုတ်ခမ်းကို တင်းတင်းကိုက်လိုက်ရင်း၊ သခင်မကျန်းကို ဒီအိမ်တော်သခင်မ ရာထူးကနေ လုံးဝ ဖယ်ရှားပစ်ရန် ဆုံးဖြတ်ချက် ချလိုက်သည်။
သူမက စုယီလီရဲ့ တရားဝင် ဇနီး ဖြစ်လာချင်တယ်။
ပြီးတော့ ရွှယ်နင် ဆိုတဲ့ ကောင်မလေးကိုလည်း နယ်စားမင်းအိမ်တော်ထဲမှာ နေစရာမရှိအောင် သေချာပေါက် နှိပ်စက်ပစ်မယ်။
...
နောက်တစ်နေ့သည် သခင်မကြီးလော်၏ မွေးနေ့ ဖြစ်သည်။
ဒီနေ့က ရွှယ်နင်အတွက် တစ်သက်လုံးစာ ကံကြမ္မာနှင့် သက်ဆိုင်နေသဖြင့် အလွန်အရေးကြီးသည်။
နှစ်သစ်ကူးကာလ နီးကပ်လာပြီဖြစ်၍ အခုလို အချိန်မျိုးမှာ သူမက ဘယ်လို မတော်တဆမှုမျိုးကိုမှ အဖြစ်မခံနိုင်ပေ။
ထို့ကြောင့်ပင် သူမက တစ်ညလုံးနီးပါး ရင်တလှပ်လှပ်ဖြင့် ဟိုလှည့်ဒီစောင်းနှင့် အိပ်မပျော်နိုင်ခဲ့ဘဲ၊ မိုးမလင်းမီကတည်းက မျက်လုံးပွင့်နေခဲ့ပြီ ဖြစ်သည်။
အခန်းတွင်းမှ လှုပ်ရှားသံများကို ကြားလိုက်ရသဖြင့် ပေါင်ချန်သည် အပေါ်ဝတ်ရုံကို ကပျာကယာ ကောက်စွပ်ကာ တံခါးကို တွန်းဖွင့်၍ ဝင်လာသည်။ သူမရဲ့သခင်မလေးမှာ နိုးနှင့်နေပြီဖြစ်ကြောင်း မြင်လိုက်ရတဲ့အခါ သူမသည် ရေနွေးပူပူ ယူဆောင်လာရန် အစေခံများကို ခပ်သွက်သွက် ညွှန်ကြားလိုက်သည်။
“ကိုယ်လုပ်တော်နျဲ့က ဒီနေ့ အိမ်တွင်းရေးကိစ္စတွေနဲ့ အလုပ်ရှုပ်နေလို့ သခင်မလေးနဲ့အတူ လော်မိသားစုဆီ လိုက်နိုင်မှာမဟုတ်ဘူးလို့ ပြောနေပါတယ် သခင်မလေး။ ကျွန်မတို့ ဘာဆက်လုပ်ကြမလဲဟင်... သူ(မ)ဆီ သွားပြီး တောင်းပန်ရမလား။”
ရွှယ်နင် ၏ စိတ်ထဲမှာ ကြိုတင်စီမံချက် ရှိနှင့်ပြီးသား ဖြစ်သည်။
“သူ(မ)က ဘာပဲပြောပြော ကိုယ်လုပ်တော်တစ်ယောက်သက်သက်ပဲဟာ။ အကယ်၍ သူ(မ)သာ ငါနဲ့အတူ လော်မိသားစုဆီ လိုက်လာခဲ့ရင်... ငါ့ရဲ့ ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းကို တန်ဖိုးကျအောင် လုပ်သလို ဖြစ်သွားလိမ့်မယ်။”
ပေါင်ချန်က သခင်မလေး၏ ဆံနွယ်များကို ကျော့ရှင်းသော ဆံထုံးလေးအဖြစ် ပြင်ဆင်ပေးလိုက်ရင်း တခစ်ခစ် ရယ်မောလိုက်သည်။
“ဒီနေ့ သခင်မလေးက တကယ့်ကို လှပလွန်းနေပါတယ်။”
ရွှယ်နင်က ကြေးမုံပြင်ထဲရှိ သူမကိုယ်သူမ ပြန်စစ်ဆေးရင်း သာယာစွာ ပြုံးလိုက်မိသည်။
ကြာပန်းလိုမျိုး ဝင်းပနုနယ်တဲ့ မျက်နှာ၊ မိုးကုတ်စက်ဝိုင်းမှ မိုးမခရွက်အလား သွယ်လျသော မျက်ခုံးနှင့် နွေဦးရေပြင်ထက်တွင် ဖူးပွင့်လာသော မက်မွန်ပန်းလေးအတိုင်း ဆွဲဆောင်မှု ရှိသည်။
သခင်မကြီးလော်က သူမကို သေချာပေါက် သဘောကျနှစ်သက်လိမ့်မယ် မဟုတ်လား။
“ဒါနဲ့... ပေါင်ယွီက မင်ယွဲ့ဆောင်ဘက်ကို သွားပြီး အခြေအနေ သွားကြည့်ပြီးပြီလား”
ရွှယ်နင်က ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် မေးလိုက်သည်။
“သွားကြည့်ပြီးပါပြီ.. ဒါပေမဲ့ မင်ယွဲ့ဆောင်ထဲမှာ အခုထိ လူရိပ်လူယောင် မတွေ့ရသေးပါဘူး”
ပေါင်ချန်က ပြောသည်။
“စိတ်မပူပါနဲ့ သခင်မလေးရယ်... ရှီဇီက လောလောဆယ် ပြန်လာနိုင်ဦးမှာ မဟုတ်ပါဘူး။”
“အဲဒါဆိုရင်တော့ ကောင်းတာပေါ့။”
ရွှယ်နင်သည် မွေးနေ့လက်ဆောင်ပစ္စည်းကို ပန်းထိုးသေတ္တာလေးအတွင်းသို့ သေသေချာချာ ထည့်သွင်းလိုက်ပြီး၊ သူမကိုယ်တိုင် ပွေ့ပိုက်လျက် ပေါင်ချန်နှင့်အတူ နယ်စားမင်းအိမ်တော်၏ ဘေးတံခါးငယ်မှတစ်ဆင့် အပြင်သို့ လှမ်းထွက်ခဲ့သည်။
သို့သော် အိမ်တော်တံခါးဝသို့ ရောက်ရှိသွားချိန်တွင်တော့၊ မီးခိုးရောင်ဝတ်ရုံကြီးကို လွှမ်းခြုံထားသော လီချန်ချဲ့သည် ဖူရှန်း နှင့်အတူ တံခါးဝအပြင်ဘက်ရှိ အမိုးစွန်းအောက်တွင် ကြိုတင်စောင့်ဆိုင်းနေတာကို မမျှော်လင့်ဘဲ မြင်တွေ့လိုက်ရ၏။
ထူးဆန်းတာက... ထိုအမျိုးသားကို မြင်လိုက်ရသည့် ခဏ၌ သူမ၏ ရင်ထဲတွင် ထုတ်ဖော်မပြနိုင်သော ထိတ်လန့်တုန်လှုပ်မှုများနှင့်အတူ အလိုလို နေရင်း နောက်သို့ ခြေလှမ်းတစ်လှမ်း ဆုတ်မိသွားခဲ့ပြီး ရှေ့သို့ ဆက်မတိုးဝံ့တော့ချေ။
“ဟော... ဟိုမှာ သခင်လေးလီ မဟုတ်လား”
ပေါင်ချန်က အသံကို မြှင့်လိုက်ရင်း ထိုအမျိုးသားအား လှမ်း၍ နှုတ်ဆက်ရန် ပြင်လိုက်သည်။
ရွှယ်နင်က ပေါင်ချန်၏ ပါးစပ်ကို ကပျာကယာ လှမ်းပိတ်လိုက်ရင်း သတိပေးလိုက်၏။
“အသံမထွက်နဲ့ဦး”
ပေါင်ချန်က မျက်လုံးလေး ကလည်ကလည် လုပ်လိုက်ပြီးနောက် အလိုက်တသိပင် ငြိမ်သက်သွားတော့သည်။
ရွှယ်နင်က သူမကို လွှတ်ပေးလိုက်ပြီး တံခါးဘောင်နောက်ကွယ်တွင် ကိုယ်ကိုဝှက်လျက် အပြင်ဘက်သို့ ချောင်းကြည့်လိုက်သည်။
သေချာပေါက်ပင်... မကြာမီမှာတင် အလွန် အဆင့်အတန်းမြင့်သော ရထားလုံးတစ်စီးသည် နယ်စားမင်းအိမ်တော်၏ တံခါးဝရှေ့ ဆိုက်ရပ်လာခဲ့သည်။
ရထားလုံး၏ အရှေ့မျက်နှာစာတွင် ‘မင်းသမီးကြီးအိမ်တော်’၏ တံဆိပ်ပြားက ထင်ရှားစွာ ချိတ်ဆွဲထားလျက်ရှိ၏။
“အစ်ကို အားချဲ့.. အဟွတ်... ပဟွတ်... ရန်ရန်ရောက်တာ နောက်ကျသွားလားဟင်...”
ရထားလုံးအတွင်းမှ မိန်းကလေးတစ်ဦး၏ ချောင်းဆိုးသံနှင့်အတူ ကိုယ့်ကိုကိုယ် အပြစ်တင်နေသည့် လေသံလေးတစ်ခု ထွက်ပေါ်လာသည်။
“မနောက်ကျပါဘူး။”
“အဲဒါဆိုရင်လည်း တော်သေးတာပေါ့။အစ်ကို အားချဲ့။ အပြင်မှာ အရမ်းအေးနေတာ... မြန်မြန် ရထားလုံးပေါ် တက်လာခဲ့ပါ။”
ခဏအကြာတွင် လီချန်ချဲ့သည် ရထားလုံးပေါ်သို့ လှမ်းတက်သွားသည်။
ဖူရှန်းကလည်း မြင်းပေါ်သို့ ခွစီးလိုက်ရင်း ရထားလုံး၏ နောက်ကနေ လိုက်ပါသွားသည်။
မကြာမီမှာပင် လီချန်ချဲ့နှင့် မင်းသမီးယန်ရန်တို့ စီးနင်းတဲ့ ရထားလုံးကြီးသည် ဝေးကွာသော အရပ်ဆီသို့ တရွေ့ရွေ့ ပျောက်ကွယ်သွားသည်။
ရွှယ်နင်သည် ထိုလှပသော ရထားလုံးကြီးကို ငေးကြည့်နေမိရင်း ရင်ထဲတွင် လေးလံထိုင်းမှိုင်းမှုကို ခံစားလိုက်ရသည်။
ပေါင်ချန်က သိချင်စိတ် ပြင်းပြစွာဖြင့် မေးလိုက်သည်။
“ဒါက မင်းသမီးယန်ရန်ရဲ့ ရထားလုံး ဖြစ်ရမယ်နော် သခင်မလေး။ ကျွန်မ ကြားတာတော့... မင်းသမီးက သခင်လေးလီကို အရမ်းသဘောကျလို့ အိမ်တော်ကနေ အကြိုအပို့လုပ်ဖို့ နယ်စားမင်းအိမ်တော်ဆီ ခဏခဏ လာတတ်တယ်ဆိုပဲ။ ဒါပေမဲ့လည်း ဒါက သဘာဝကျပါတယ်လေ... သခင်လေးလီရဲ့ ရုပ်ရည်မျိုးနဲ့ဆိုရင် ဘယ်မိန်းကလေးမဆို ဆွဲဆောင်ခံရမှာပဲ"
ရွှယ်နင်သည် တစ်ခွန်းမှ ပြန်မပြောဘဲ ခဏလောက် တိတ်ဆိတ်နေသည်။ ထို့နောက် သူမသည် ရင်ထဲမှ အသက်ရှူကျပ်မတတ် မွန်းကြပ်မှုများကို လျော့ပါးသွားစေရန်အတွက် လက်လေးဖြင့် ရင်ဘတ်ကို အသာအယာ ဖိကြည့်လိုက်သည်။
သို့သော်လည်း မတော်တဆပင် အနာဖေးတက်စပြုနေသော ဒဏ်ရာကို ထိမိသွားခဲ့သဖြင့်၊ သူမ ခံစားရခက်စွာဖြင့် အသက်ရှူမှားသွားရပြီး မျက်ဝန်းများတွင်လည်း မျက်ရည်များ ဝဲတက်လာတော့သည်။
ပေါင်ချန်က အလျင်အမြန် စိုးရိမ်သွားသည်။
“သခင်မလေး... သတိထားပါဦး။ သခင်မလေးရဲ့ ဒဏ်ရာက အခုထိ လုံးဝအသားမကျသေးဘူးလေ”
ရွှယ်နင်က သူမ၏လက်ဖဝါးဖြင့် ရင်ဘတ်ပေါ်က ဒဏ်ရာကို ညင်သာစွာ အုပ်ကိုင်လိုက်ရင်း အတန်ကြာမှ စိတ်ကိုပြန်ထိန်းကာ ပြုံးပြလိုက်သည်။
“ငါ ဘာမှမဖြစ်ပါဘူး... သွားကြစို့။”
ရထားလုံးအတွင်းသို့ ရောက်ရှိသွားချိန်တွင်တော့ လေပြင်းနှင့် ဆီးနှင်းများမှာ လိုက်ကာစများ၏ ကြားအက်ကြောင်းများမှတစ်ဆင့် အထဲသို့ တိုးဝင်လာခဲ့ကြသည်။
ရာသီဥတုက အလွန်အေးစက်သဖြင့် လူကို တဆတ်ဆတ်တုန်ရီသွားစေသည်။ တုန်းကျင်းမြို့တော်၏ ဆောင်းနှင်းများကတော့ ဘယ်တော့မှ ကုန်ဆုံးမည့်ပုံမပေါ်ချေ။
သူမသည် နွေးထွေးမှုများ ကုန်ဆုံးနေခဲ့ပြီဖြစ်သော လက်နွေးအိတ်လေးကို လက်ဖဝါးထဲတွင် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမိရင်း၊ သူမ၏ မျက်နှာအမူအရာကလည်း ငေးမှိုင်တွေဝေနေခဲ့သည်။
နောင်တရစရာ မကောင်းဘူးလား...။
သေချာပေါက်... နောင်တရစရာ ကောင်းတယ်။
ဒါပေမဲ့ နောင်တရတာထက်... နောက်တစ်ကြိမ် ထပ်ပြီးတော့ ဒဏ်ရာရမှာကို သူမ ပိုပြီးတော့ ကြောက်ရွံ့တယ်။
ပြီးတော့... လီချန်ချဲ့ သေချာပေါက် ပိုင်ဆိုင်သင့်တဲ့ ပျော်ရွှင်မှုတွေကို သူမကြောင့် ဖျက်ဆီးပစ်မိမှာကိုလည်း အလွန်အမင်း စိုးရိမ်မိတယ်။
...
နာရီဝက်ခန့် ကြာလွန်ပြီးနောက်တွင်တော့ ရွှမ်းယီနယ်စားမင်းအိမ်တော်၏ ရထားလုံးသည် နောက်ဆုံး၌ လော်မိသားစု၏ အိမ်တော်သို့ ဆိုက်ရောက်လာခဲ့တော့သည်။
လော်မိသားစု၏ ဘိုးဘွားများ ချန်ထားရစ်ခဲ့သော ဤအိမ်တော်လေးသည် ခြံဝင်းနှစ်ခုသာ ပါရှိပြီး သိပ်ပြီးတော့ အထင်ကြီးလောက်စရာ မရှိပေ။ သို့သော် ယနေ့သည် သခင်မကြီး၏ မွေးနေ့ကို ဆင်နွှဲရန်အတွက် ဆွေမျိုးမိတ်ဆွေ အများအပြားကို ဖိတ်ကြားထားခဲ့၏။ ၎င်းတို့သည်လည်း လော်ဝမ်ကျွင်းက မင်္ဂလာကိစ္စရပ်များကို ဆွေးနွေးနေပြီဖြစ်ကြောင်း ကြားသိထားကြသဖြင့်၊ အခြေအနေကို စူးစမ်းလေ့လာရန်အတွက် အထူးတလည် ရောက်ရှိလာကြခြင်း ဖြစ်သည်။
ရွှယ်နင် ရောက်ရှိလာပြီး မကြာမီမှာတင် လုမိသားစု၏ ရထားလုံးလည်း ဆိုက်ရောက်လာခဲ့သည်။
လုစစ်လင်က ရထားလုံးပေါ်မှ ပေါ့ပါးစွာ ခုန်ဆင်းလိုက်ပြီး ယန်ရှီကို အသာလေး တွဲထူပေးလိုက်သည်။
“နင်နင်...”
ရွှယ်နင် လှည့်ကြည့်လိုက်တဲ့အခါ ယန်ရှီ၏ စိုးရိမ်နေသော မျက်ဝန်းများနှင့် ဆုံတွေ့သွားပြီး ဝမ်းသာအားရဖြင့် ပြောလိုက်သည်။
“အဒေါ်... အစ်ကိုလု။”
ကိုယ်လုပ်တော်နျဲ့က သူမ အိမ်တွင်းရေးအာဏာကို လက်ဝါးကြီးအုပ်ပြီး ရက်အနည်းငယ်လောက် ပညာပြလိုက်ရင် ရွှယ်နင်က သူမဆီကို မရမက လာရောက်တောင်းပန်လိမ့်မယ်လို့ ထင်မှတ်နေခဲ့တာ ဖြစ်သည်။
သို့သော် ကံဆိုးချင်တော့... ရွှယ်နင်သည် ယန်ရှီနှင့် ကြိုတင်သဘောတူထားပြီးသား ဖြစ်သည်။ ဒီနေ့မွေးနေ့ပွဲအတွက် ကိုယ်လုပ်တော်နျဲ့ လိုက်ပါလာဖို့ဆိုတာ လုံးဝ မလိုအပ်ဘူး။
ယန်ရှီသည် စစ်သူကြီးတစ်ဦး၏ သမီးပီပီ သဘောထားပွင့်လင်းပြီး သတ္တိနှင့် ပြည့်စုံသူ ဖြစ်၏။ မိသားစုဝင် မိန်းကလေးတစ်ယောက်အတွက် မင်္ဂလာကိစ္စ စီစဉ်ပေးရတာ ယခုအကြိမ်က ပထမဆုံး ဖြစ်သော်လည်း၊ သူမက တရားဝင် အောင်သွယ်တော်နှင့်အတူ ကြိုတင်ပြင်ဆင်မှုများကို အသေအချာ ပြုလုပ်ခဲ့ပြီးသား ဖြစ်သည်။ ဒီနေ့ လော်မိသားစုကို ရင်ဆိုင်ရန်အတွက်လည်း သူမက အပြည့်အဝ ယုံကြည်ချက် ရှိနေသည်။
“စိတ်မပူပါနဲ့ ... အဒေါ် ဒီမှာရှိနေသရွေ့ ဘယ်သူကမှ သမီးကို အနိုင်ကျင့်ခွင့်ရမှာ မဟုတ်ဘူး။”
လုစစ်လင်က လက်ပိုက်လိုက်ရင်း၊ သူ၏ ခန့်ညားတည်ကြည်သော နှုတ်ခမ်းထောင့်တွင် နူးညံ့သောအပြုံးတစ်ခု ပေါ်လွင်လာသည်။
“ကဲ... ဒီမှာက လေပြင်းတွေရော၊ ဆီးနှင်းတွေရော အရမ်းထူထပ်နေတာ။ နင်နင်ရဲ့ ခန္ဓာကိုယ်ကလည်း အားနည်းတတ်တော့ အထဲကို စောစောဝင်ကြရအောင်။”
သခင်မကြီးလော်သည် နယ်စားမင်းအိမ်တော်၏ ရထားလုံး ဆိုက်ရောက်လာကြောင်း ကြားသိရတဲ့အခါ၊ သူမကိုယ်တိုင် အစေခံမိန်းကလေးနှစ်ဦးကို ခေါ်ဆောင်၍ အိမ်တော်ဘေးတံခါးဝအထိ လာရောက်ကြိုဆိုသည်။
“သခင်မလေးရွှယ်...”
ရွှယ်နင်က သခင်မကြီးကို စည်းကမ်းတကျ ရိုသေစွာဖြင့် အရိုအသေပေးလိုက်သည်။
“သခင်မကြီးကို ဂါရဝပြုပါတယ်”
“လိမ္မာလိုက်တဲ့ ကလေးမလေး... ဒီလို အခမ်းအနားတွေ လုပ်မနေပါနဲ့ကွယ်။ မြန်မြန်ထပါ။”
သခင်မကြီးလော်သည် ယနေ့ ရွှယ်နင်ဝတ်ဆင်လာသော အဝတ်အစားများနှင့် ကြည်လင်သော ရေပြင်ထက်မှ ပေါ်ထွက်လာသည့် ကြာပန်းကဲ့သို့ လှပလွန်းနေတဲ့ ရုပ်ရည်ကို သေသေချာချာ စစ်ဆေးကြည့်ရှုရင်း ရင်ထဲတွင် ပိုပြီးတော့တောင် သဘောကျနှစ်သက်သွားတော့သည်။
သူမက ရွှယ်နင်တို့အဖွဲ့ကို အိမ်တော်အတွင်းဆောင်အထိ ကိုယ်တိုင်ဦးဆောင် ခေါ်သွားခဲ့ပြီး... ရွှယ်နင် မော့ကြည့်လိုက်တဲ့အခါ သေးငယ်သော ပန်းခြံခန်းမဆောင်လေးအတွင်း၌ ရိုးရိုးယဉ်ယဉ် ဝတ်ဆင်ထားကြသည့် အသက်အရွယ်ရ အမျိုးသမီးကြီး လေးငါးဦးခန့် ရောက်ရှိနေကြပြီဖြစ်ကြောင်း မြင်တွေ့လိုက်ရသည်။ သူတို့အားလုံးက လော်မိသားစုနှင့် အရင်ကတည်းက ရင်းနှီးကျွမ်းဝင်မှုရှိသော မိသားစုများမှ ဖြစ်ဟန်တူသည်။
“ဒါက... ရွှမ်းယီနယ်စားအိမ်တော်ရဲ့ မွေးစားသမီး၊ စစ်သူကြီးရွှယ်ရဲ့ သမီးအရင်း သခင်မလေး ရွှယ်နင်မဟုတ်လား”