အခန်း ၉၆
Vol. 10 Ch. 96
အခန်း (၉၆) သူမကို လက်မထပ်ပါနဲ့
ရွှယ်နင် ပန်းဆောင်အတွင်းသို့ ဝင်လာသည်နှင့်တစ်ပြိုင်နက် ထိုနေရာရှိ သခင်မများ၏ မျက်လုံးများ အရောင်လက်သွားကြသည်။
စစ်သူကြီးရွှယ်၏ မိဘမဲ့သမီးလေးက ရွှမ်းယီနယ်စားမင်းအိမ်တော်မှာ နေထိုင်ကြောင်းကိုသာ အရင်က ကြားဖူးခဲ့ကြသော်လည်း သူတို့၏ အဆင့်အတန်းအရ သူမနှင့် တွေ့ဆုံခွင့်ရရန် အကြောင်းမရှိခဲ့ပေ။
မထင်မှတ်ဘဲ ဒီနေ့ သူမကို မြင်လိုက်ရချိန်တွင်တော့ ဤသခင်မလေးရွှယ်က သူမမိခင်၏ ငယ်ရွယ်စဉ်ကာလကအတိုင်း အလွန်လှပကျော့ရှင်းနေသည်။
ယန်ရှီ နှုတ်ခမ်းများ တွန့်ကွေးသွားကာ ပြုံးလိုက်သည်။
"ဒါက ကျွန်မရဲ့ နင်နင်လေ"
လူအုပ်ကြီးက နားမလည်နိုင်ဖြစ်သွားကြ၏။
"ဒီသခင်မက-"
ယန်ရှီက နှိမ့်ချလွန်းခြင်း၊ မောက်မာလွန်းခြင်းမရှိဘဲ ရွှင်လန်းစွာ ပြန်ဖြေလိုက်သည်။
"ကျွန်မက နင်နင်ရဲ့ မိခင်ဘက်က အဒေါ်ပါ"
ဒါကြောင့် သူမရဲ့ အဒေါ်ဖြစ်နေတာကိုး။ တူမဖြစ်သူရဲ့ အနာဂတ်ခင်ပွန်းလောင်းအိမ်ကို လာပြီး လက်ထပ်ကိစ္စ ဆွေးနွေးဖို့ဆိုတာ အဒေါ်တစ်ယောက်အနေနဲ့ သဘာဝကျသည်။
နယ်စားမင်းအိမ်တော်မှ သခင်မကျန်း မလာရောက်ခြင်းကိုသာ လူအုပ်ကြီးက ထူးဆန်းနေခဲ့ကြပေမယ့် စိတ်ထဲမှာသာ တွေးနေကြပြီး အသံထွက်၍ မမေးရဲခဲ့ကြပေ။
သခင်မကြီးလော်က ယန်ရှီကို ထိုင်ခုံမှာထိုင်ရန် ဖိတ်ခေါ်လိုက်ပြီး သူတို့က နွေးထွေးစွာ စတင်စကားစမြည် ပြောဆိုကြတော့သည်။
ရွှယ်နင်သည် ယန်ရှီ၏အနောက်မှ တိတ်တဆိတ် လိုက်ပါသွား၏။
လက်မထပ်ရသေးတဲ့ မိန်းမပျိုလေးတစ်ဦးအနေဖြင့် လူကြီးများ စကားပြောဆိုပြီးစီး၍ သူမကို မေးမြန်းလာသည့်တိုင်အောင် စောင့်ဆိုင်းပြီးမှသာ ပြန်လည်ဖြေကြားခြင်းကသာ သင့်လျော်သည်။
သို့သော် လော်မိသားစု၏ ပန်းဆောင်တွင် ခစားနေသော အစေခံမလေးနှစ်ဦးနှင့် သခင်မများ ရယ်မောနောက်ပြောင်နေကြသည့် ပေါ့ပါးသော အနေအထားကို ကြည့်ခြင်းအားဖြင့် လော်မိသားစု၏ စည်းမျဉ်းများက မတင်းကျပ်ကြောင်း သူမ ခံစားရသည်။ ရွှမ်းယီနယ်စားမင်းအိမ်တော်နှင့် ယှဉ်လျှင် များစွာပို၍ လွတ်လပ်ပေါ့ပါးသဖြင့် သူမ အတော်လေး ကျေနပ်သွားမိသည်။
လူကြီးများက တစ်စုံတစ်ရာ မေးမြန်းလာသောအခါ သူမက အပြုံးလေးဖြင့်သာ ပြန်လည်ဖြေကြားသည်။
သခင်မများသည် ရွှယ်နင်၏ ယဉ်ကျေးသိမ်မွေ့သော အပြုအမူကို အလွန်သဘောကျနေကြပြီး သခင်မကြီးလော်နှင့် အချင်းချင်း အဓိပ္ပါယ်ပါပါ အကဲခတ်ကြည့်လိုက်ကြသည်။
အနာဂတ်မြေးချွေးမလေးကို ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ သခင်မကြီးလော်က သဘာဝကျကျပင် ဂုဏ်ယူနေမိပြီး သူမ၏ နှုတ်ခမ်းထက်ရှိ အပြုံးများက ပို၍နက်ရှိုင်းလာခဲ့သည်။
လော်ဝမ်ကျွင်း တစ်ယောက်ကိုသာ အရိပ်အယောင်ပင် မတွေ့ရပေ။ ရွှယ်နင် မျက်လုံးလှန်ကာ ခဏမျှ လိုက်လံရှာဖွေခဲ့သော်လည်း မကြာမီပင် လက်လျှော့လိုက်၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် မွန်းလွဲပိုင်းသို့ရောက်ရှိလာပြီး လော်မိသားစုက ခြံဝင်းအတွင်း၌ စားပွဲသောက်ပွဲတစ်ခု ကျင်းပသည်။
စားပွဲသုံးလုံး အပြည့် လူများထိုင်နေကြခြင်းက သခင်မကြီးလော်သည် လူမှုဆက်ဆံရေးတွင် ကျွမ်းကျင်ကြောင်းကို ပြသနေသည်။
ရွှယ်နင်က လူအားလုံးရှေ့တွင် သခင်မကြီးလော်အား မွေးနေ့လက်ဆောင် ပေးအပ်လိုက်တဲ့အချိန်ရောက်မှသာ လော်ဝမ်ကျွင်း ရောက်ရှိလာခဲ့သည်။
သူက လူသားတစ်ဦးနှင့်မတူအောင် လှပတဲ့ ရွှယ်နင်ကို အရင်မြင်လိုက်ရပြီး အဲ့ဒီနောက် သူမလက်ထဲတွင် သေသပ်လှပစွာ ထိုးနှံထားသည့် "သက်ရှည်ကျန်းမာ ပန်းတစ်ရာ" ပန်းထိုးပန်းချီကားချပ်ကို သတိပြုမိသွားသည်။ သူ၏ မျက်နှာအမူအရာ အနည်းငယ် ပျက်ယွင်းသွား၏။
ရွှယ်နင် သူ့ကို ပြုံးပြလိုက်သည်။
"သခင်လေးလော်"
လော်ဝမ်ကျွင်းက ပညာတတ်တစ်ဦး၏ အရိုအသေပေးမှုမျိုးဖြင့် အရိုအသေပေးလိုက်ကာ နှုတ်ခမ်းကိုကွေး၍ ပြုံးလိုက်သည်။
"သခင်မလေးရွှယ်က သေချာ ဂရုတစိုက် လုပ်ပေးထားတာပဲ..."
နောင်တစ်ချိန်မှာ သူတို့အားလုံး မိသားစုဝင်တွေ ဖြစ်လာကြမှာဖြစ်တဲ့အတွက် သခင်မကြီးလော်အပေါ် သူမက ဂရုတစိုက်ရှိတာ သဘာဝကျတယ်လို့ ရွှယ်နင် တွေးလိုက်သည်။ သူမ မျက်လုံးလေးများ ကွေးညွတ်သွားသည်အထိ ပြုံးလိုက်၏။
"သခင်မကြီး သဘောကျရင် ရပါပြီ"
"သဘောကျတာပေါ့။ နင်နင့်ရဲ့ ပန်းထိုးလက်ရာက အရမ်းကောင်းတာပဲ။ ဒီထက်တောင် ပိုပြီး သဘောကျလို့ မရနိုင်တော့ဘူး"
ထို့ပြင် ရွှေချည်မျှင်များကို အသုံးပြုထားခြင်းက လက်ရာကို ပြောင်မြောက်စေရုံသာမက တိတ်တဆိတ် တန်ဖိုးကြီးမားစေသည်။
သခင်မကြီးလော်က တောက်ပစွာ ပြုံးရယ်လိုက်ပြီး ရွှယ်နင်အား အနီရောင်အန်ပေါင်းစာအိတ်တစ်အိတ် ကမ်းပေးလိုက်သည်။
ရွှယ်နင်ကလည်း တုံ့ဆိုင်းမနေဘဲ ယဉ်ကျေးစွာဖြင့် လက်ခံလိုက်ပြီးနောက် သူမ၏ ထိုင်ခုံသို့ ပြန်သွားသည်။
စားပွဲသောက်ပွဲတွင် လူတိုင်းက ရွှယ်နင်၏ အလှအပ၊ ယဉ်ကျေးသိမ်မွေ့မှုနှင့် သခင်မကြီးအတွက် ပေးအပ်သော အဓိပ္ပါယ်ပြည့်ဝသည့် လက်ဆောင်တို့ကို ချီးကျူးခဲ့ကြပြီး သူမက နောင်တစ်ချိန်မှာ ဇနီးကောင်းတစ်ယောက် သေချာပေါက် ဖြစ်လာလိမ့်မည်ဟု ပြောဆိုနေကြသည်။
လော်ဝမ်ကျွင်းက ပိုပြီးတော့တောင် နေရခက်လာပြီး သူ၏ ကြီးမားသော လက်များကို တင်းကြပ်စွာ ဆုပ်ထားကာ ဆူးပေါ်ထိုင်နေရသကဲ့သို့ ဖြစ်နေသည်။
သခင်မကြီးလော်က မျက်မှောင်ကြုတ်လိုက်၏။
"အားကျွင်း၊ ဘာဖြစ်လို့လဲ"
လော်ဝမ်ကျွင်း နှုတ်ခမ်းကို စေ့လိုက်သည်။
"အဘွား၊ ကျွန်တော် ဘာမှမဖြစ်ပါဘူး။ နည်းနည်း စိတ်လှုပ်ရှားနေလို့ပါ"
သခင်မကြီးလော်က ပြန်လည်ပြုံးရွှင်သွားသည်။
"မင်းလည်း အရွယ်ရောက်နေပြီပဲ။ အိမ်ထောင်ပြုရမယ့် အချိန်တန်ပြီ။ နင်နင်က အဖွားကိုယ်တိုင် ရွေးချယ်ထားတဲ့သူပါ။ နောင်ကျရင် သူ(မ)ကို ကောင်းကောင်းမွန်မွန် ဆက်ဆံရမယ်နော်"
လော်ဝမ်ကျွင်း တစ်ကိုယ်လုံး တောင့်တင်းသွားသည်။
"မြေး အဘွားစကားကို နားထောင်ပါ့မယ်"
ရွှယ်နင် လော်ဝမ်ကျွင်းကို နောက်ဆုံးတွေ့ခဲ့ရတာ အချိန်အတော်ကြာခဲ့ပြီ။ လွန်ခဲ့တဲ့ လဝက်ခန့်အတွင်း သူက နယ်စားမင်းအိမ်တော်ဆီ မည်သည့်အရာမှ မပို့ခဲ့ပေ။
သူမက အနာဂတ်ခင်ပွန်းလောင်းဆီကနေ လက်ဆောင်များကို တောင်းဆိုတတ်သည့် အမျိုးသမီးမျိုး မဟုတ်ပေမယ့် လူဆိုတာ ပြောင်းလဲတတ်ကြပြီး သူ့ဆီမှ တစ်ခုခု ဖြစ်နေမှာကို သူမ စိုးရိမ်မိသည်။
ယနေ့တွင် သခင်မကြီးလော်က သူမအပေါ် ကျေနပ်အားရနေသော်လည်း သူကတော့ မည်သည့်စကားမျှ မဆိုခဲ့ပေ။
စားပွဲသောက်ပွဲအပြီးတွင် သူ့ကိုသွားရှာပြီး မေးမြန်းမည်ဟု သူမ တွေးထားလိုက်သည်။
မွေးနေ့ပွဲအပြီးတွင် သခင်မကြီးလော်က ရွှယ်နင်နှင့် ယန်ရှီကို လော်မိသားစုစံအိမ်တွင် ခဏနေထိုင်သွားရန် ဖိတ်ခေါ်ခဲ့သည်။
သခင်မကြီးလော်နှင့် ယဉ်ကျေးဖွယ်ရာ စကားအချို့ ပြောဆိုပြီးနောက် လော်ဝမ်ကျွင်း ထပ်မံပျောက်ကွယ်သွားတာကို ရွှယ်နင် သတိပြုမိလိုက်၏။
ဒီနေ့ သူမ လော်မိသားစုဆီ လာတာကို သူ မပျော်မရွှင် ဖြစ်နေတာလား။
သူမရဲ့ အရင်ဘဝတုန်းက စုကျန်း၏ အမြဲတမ်း လျစ်လျူရှုမှုများနှင့် အသားကျခဲ့ပြီး အခြားသူများ၏ အတွေးများကို ခန့်မှန်းတွေးတောတတ်ရန် အချိန်ကြာမြင့်စွာ သင်ယူခဲ့ပြီးဖြစ်သည်။
ဒီနေ့ လော်ဝမ်ကျွင်း သူမအပေါ် ပြသခဲ့တဲ့ အေးစက်စက် အပြုအမူကို သူမ ကောင်းစွာ ခံစားသိရှိနိုင်တယ်။
စိတ်ထဲတွင် မေးခွန်းများ လေးလံစွာ ရှိနေလျက်ဖြင့် သူမက ယန်ရှီထံမှ ခွင့်တောင်းကာ ပေါင်ချန်နှင့်အတူ ပန်းဆောင်မှ ထွက်လာခဲ့သည်။ သူမက လော်မိသားစုမှ အစေခံမလေးတစ်ဦးကို တွေ့၍ မေးလိုက်သည်။
"မင်းတို့ရဲ့ သခင်လေး အခု ဘယ်မှာလဲ"
အစေခံမလေးက ပြန်ဖြေသည်။
"စာကြည့်ဆောင်ထဲမှာ ထင်ပါတယ်"
ရွှယ်နင်က ပြောလိုက်၏။
"စာကြည့်ဆောင်က ဘယ်ဘက်မှာလဲဆိုတာ ကျေးဇူးပြုပြီး ပြောပြပေးလို့ရမလား"
အစေခံမလေးက လက်ညှိုးထိုးပြကာ ရှင်းလင်းပြတ်သားစွာဖြင့် ပြောသည်။
"သခင်မလေးရွှယ် ဒီကနေ ထွက်သွားပြီး စင်္ကြံလမ်းကို ဖြတ်လျှောက်သွားပါ။ ပြီးရင် လမင်းပုံစံ တံခါးပေါက်ကနေ ဝင်သွားလိုက်ရင် တွေ့ပါလိမ့်မယ်"
လော်မိသားစု၏ ခြံဝင်းသည် မကျယ်ဝန်းဘဲ ဖွဲ့စည်းပုံကလည်း ရိုးရှင်းသည်။
ရွှယ်နင်နှင့် ပေါင်ချန်တို့ ထီးတစ်လက်တည်းဆောင်းကာ ဘေးပေါက်မှတစ်ဆင့် ထွက်လာခဲ့ကြသည်။
လမ်းတစ်လျှောက်တွင် ပေါင်ချန်က ပျော်ရွှင်စွာ တတွတ်တွတ်ပြောလာသည်။
"လော်မိသားစုခြံဝင်းက ရိုးရှင်းပေမယ့် အပြင်အဆင်က အတော်လေး ကောင်းတယ်။ ဒီက နှင်းကျနေတဲ့ ရှုခင်းက နယ်စားမင်းအိမ်တော်နဲ့မတူဘဲ တကယ်ကို မျက်စိပသာဒဖြစ်စရာပဲ။ သခင်မလေး၊ ဒီမိသားစုကို လက်ထပ်လိုက်တာ သခင်မလေးအတွက် ကောင်းလိမ့်မယ်။ သခင်မကြီးလော်က သခင်မလေးကို အရမ်းသဘောကျနေတာ သတိထားမိတယ်။ ပြီးတော့ သခင်လေးလော်ကလည်း သခင်မလေးကို မြင်တော့ ရှက်နေသလိုပဲ။ ဘာပဲဖြစ်ဖြစ် ရှီဇီရဲ့ အေးစက်စက် လျစ်လျူရှုတာထက်တော့ ပိုကောင်းပါတယ်"
ရွှယ်နင် ပြုံးလိုက်သည်။ သူမ၏ ရွေးချယ်မှုအပေါ် သဘာဝကျကျပင် ကျေနပ်၏။
"ငါ လက်ထပ်ပြီးမှပဲ အဲဒီအကြောင်း ဆက်ပြောကြတာပေါ့"
သို့သော် လော်ဝမ်ကျွင်း၏ စာကြည့်ဆောင်သို့ မရောက်မီ ဥယျာဉ်ထဲရှိ ကျောက်တောင်တုအနီးမှ မိန်းမတစ်ယောက်၏ အောင့်အီးငိုကြွေးနေသော အသံကို သူမ ကြားလိုက်ရသည်။
"ရှင် တကယ်ပဲ သူ(မ)ကို လက်ထပ်တော့မှာလား... ဒါဆို ကျွန်မက ရှင့်အတွက် ဘာလဲ..."
"ဒီနေ့ ရှင့်ကိုလာတွေ့ဖို့ ကျွန်မ အရာအားလုံးကို စွန့်စားခဲ့ရတာ..."
"ရှင့်ရဲ့ ဇနီး မဖြစ်ရဘူးဆိုရင်... ကျွန်မ သေလိုက်တာကမှ ပိုကောင်းမယ်..."
ဝေ့ဝဲကျဆင်းနေသော နှင်းပွင့်များကြားတွင် ရွှယ်နင် ခြေလှမ်းများ ရပ်တန့်သွားပြီး ပေါင်ချန်၏ မျက်နှာအမူအရာလည်း ပြောင်းလဲသွားသည်။
ပေါင်ချန်က ထိုနေရာမှာ ဘယ်သူတွေ တိတ်တဆိတ် တွေ့ဆုံနေကြလဲဆိုတာကို ကြည့်ရန် ရှေ့သို့ ပြေးထွက်သွားမည် ပြုသော်လည်း ရွှယ်နင်က သူမ၏ လက်ကောက်ဝတ်ကို ဆွဲဖမ်းကာ တားဆီးလိုက်သည်။
ပေါင်ချန်က စိုးရိမ်တကြီးဖြင့် ပြောသည်။
"သခင်မလေး—"
ရွှယ်နင်၏ မျက်နှာလေး အနည်းငယ် ဖြူရော်သွားသော်လည်း တည်ငြိမ်စွာပင် ဆက်ရှိနေသည်။
လော်မိသားစုမှာ ယောက်ျားသားဆို၍ လော်ဝမ်ကျွင်း တစ်ယောက်တည်း ရှိတာမဟုတ်ပေ။ အစေခံယောက်ျားနှင့် အစေခံမလေးတို့ တိတ်တဆိတ် ချိန်းတွေ့နေတာ ဖြစ်နေလျှင်ရော။ သူမလိုမျိုး အပြင်လူတစ်ယောက်က ဒီလိုမြင်ကွင်းမျိုးကို ဝင်ရောက်နှောင့်ယှက်ရန် မသင့်လျော်ပေ။ မည်သို့ပင်ဖြစ်စေ သခင်မကြီးလော်အတွက် မျက်နှာပန်းလှအောင် သူမ ထိန်းသိမ်းပေးရန် လိုအပ်သေး၏။
သို့သော်လည်း အမျိုးသမီး၏ ငိုရှိုက်သံအပြီးတွင် အမျိုးသားတစ်ဦး၏ နှစ်သိမ့်ပေးနေသော အသံ ထွက်ပေါ်လာသည်။
"မင်း... မငိုပါနဲ့... ကိုယ် အဲဒီရွှယ်နင်ကို သဘောမကျပါဘူး။ သူ(မ)ကို လက်ထပ်ရတာက အဘွားရဲ့ ဆန္ဒသက်သက်ပါပဲ"
ထိုစကားကို ကြားလိုက်ရချိန်တွင် ရွှယ်နင် လုံးဝ အေးခဲတောင့်တင်းသွားတော့သည်။
သူမ တုံ့ပြန်မှု မလုပ်နိုင်မီမှာပင် ကျောက်တောင်တုအနောက်မှ အလျင်စလိုနှင့် မသင့်လျော်သော အသက်ရှူသံပြင်းပြင်းများ ထွက်ပေါ်လာခဲ့သည်။
"လော်ဝမ်ကျွင်း... ကျွန်မ ရှင့်ကို တောင်းပန်ပါတယ်... သူ(မ)ကို လက်မထပ်ပါနဲ့..."
"ကျွန်မကိုယ်ကျွန်မ ရှင့်အတွက် ပေးဆပ်ဖို့ ဆန္ဒရှိပါတယ်..."
"ကျွန်မ ရှင့်အတွက် ကလေးမွေးပေးပါရစေ၊ နော်"
ရွှယ်နင်၏ ရင်ထဲ တင်းကျပ်သွားပြီး ခဏလောက် သူမ၏ စိတ်အာရုံများ ဗလာကျင်းသွားသည်။
အလွန်အေးခဲလွန်းသော်လည်း ထိုအမျိုးသားနှင့် အမျိုးသမီးက အေးစက်သော လေနှင့် နှင်းများကို သတိမပြုမိကြပုံရကာ သူတို့၏ ရမ္မက်ထန်သော အသံများက ပို၍ကျယ်လောင်လာခဲ့သည်။
သူမ နားမလည်နိုင်အောင် ဖြစ်ရတယ်... စောစောက အရာအားလုံး အဆင်ပြေနေပုံရသော်လည်း မင်္ဂလာမဆောင်ခင်မှာပင် သူမ ဘဝကို ပုံအပ်ဖို့ ရည်ရွယ်ထားခဲ့တဲ့ အမျိုးသားက သူမ မရင်းနှီးတော့တဲ့ သူစိမ်းတစ်ယောက် ဖြစ်နေခဲ့ပြီ။
"သခင်မလေး၊ အဲဒါ သခင်လေးလော်ပဲ!"
ပေါင်ချန်၏ မျက်နှာထား အေးစက်သွားပြီး သူမ၏ မျက်လုံးများက ဒေါသကြောင့် အနည်းငယ် နီရဲလာခဲ့သည်။
ရွှယ်နင် နောက်ဆုံးတွင် လက်တွေ့ဘဝသို့ ပြန်လည်သတိဝင်လာ၏။ ရင်ထဲမှ စိတ်ပျက်အားငယ်မှုကို ဖိနှိပ်ထားပြီး လေးလံနေသော ခြေလှမ်းများကို ရွှေ့ကာ ကျောက်တောင်တုကို ပတ်၍ ထိုအမျိုးသားနှင့် အမျိုးသမီးရှေ့တွင် သွားရပ်လိုက်သည်။
"သခင်လေးလော်က ကျွန်မကို လက်မထပ်ချင်ဘူးဆိုရင် ဘာလို့ စောစောကတည်းက မပြောခဲ့ရတာလဲ"
အနည်းငယ်မျှ တုန်ယင်နေသော မိန်းမပျိုလေး၏ ကြည်လင်ပြတ်သားသော အသံသည် နှင်းများကျဆင်းနေသော ခြံဝင်းအတွင်း ရုတ်တရက် ထွက်ပေါ်လာသည်။
လော်ဝမ်ကျွင်းသည် အမျိုးသမီး၏ ခါးကို ဖက်ထားကာ သူချစ်ရသူကို ပြင်းပြစွာ နမ်းရှိုက်နေစဉ် ထိုစကားသံကို ရုတ်တရက် ကြားလိုက်ရ၏။ ကြောက်ရွံ့မှုတစ်ခုက သူ့ကိုယ်တွင်း ဖြတ်ပြေးသွားပြီး ရမ္မက်ဆန္ဒများကြားမှ လန့်ဖျပ်သတိဝင်လာတော့သည်။