← Chapters

အခန်း ၉၇

Vol. 10 Ch. 97

အခန်း ၉၇

Vol. 10 Ch. 97

အခန်း (၉၇) လက်ထပ်ပွဲကို ဖျက်သိမ်းခြင်း

သူက ရင်ခွင်ထဲရှိ အမျိုးသမီးကို ရုတ်တရက် တွန်းဖယ်လိုက်ပြီး နှင်းပွင့်ကဲ့သို့ ဖြူလွလွ သားမွေးဝတ်ရုံကို ဝတ်ဆင်ထားသော ရွှယ်နင်ကို ပြာယာခတ်ကာ ဘာလုပ်ရမှန်းမသိဖြစ်စွာ ကြည့်လိုက်သည်။

မိန်းမပျိုလေး၏ အသားအရေက ရေခဲကဲ့သို့ ဖြူစင်ပြီး အရိုးအဆစ်များက ကျောက်စိမ်းကဲ့သို့ နူးညံ့ကာ ပန်းနုရောင် သွယ်လျသော နှုတ်ခမ်းလေးများ ရှိသည်။ မြေခွေးသားမွေးဝတ်ရုံကို လွှမ်းခြုံထားပြီး ကြွေသားကဲ့သို့ ချောမွေ့လှပသော သူမ၏ မျက်နှာလေးက ရင်သပ်ရှုမောဖွယ်ရာပင်။

သူ၏ အသက်ရှူသံများ ရပ်တန့်သွားကာ မျက်နှာတစ်ခုလုံး နီမြန်းသွားပြီး စကားထစ်အထစ်အဖြင့် မေးလိုက်သည်။

"သခင်မလေးရွှယ်! မင်း... ဘာလို့ ဒီကိုရောက်နေတာလဲ"

အမျိုးသမီးက တုန်ယင်သွားပြီး အရှက်လွန်ကာ လှည့်မကြည့်ရဲဘဲ လော်ဝမ်ကျွင်း၏ နောက်တွင် ပုန်းကွယ်ကာ သူမ၏ အင်္ကျီလက်စကိုသာ ဆုပ်ကိုင်ထားလေသည်။

လော်ဝမ်ကျွင်းက အလိုအလျောက်ပင် ထိုအမျိုးသမီး၏ ခါးကို ကွယ်ကာ ကာကွယ်ပေးသည့် အနေအထားဖြင့် ရပ်လိုက်သည်။

"မင်း... မင်း ငါ့ကို လာရှာတာ... ဘာလို့ ကြိုမပြောတာလဲ..."

ရွှယ်နင်က သူမကိုယ်သူမ လှောင်ပြောင်သလို ပြုံးလိုက်၏။ ပြန်လည်မွေးဖွားလာပြီးနောက်မှာတောင် အရင်ဘဝက လမ်းကြောင်းအတိုင်း ပြန်လျှောက်ပြီး သူများရဲ့တတိယလူ ဖြစ်လာလိမ့်မယ်လို့ သူမ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။

ကံကောင်းထောက်မစွာဖြင့် သူမ စောစောစီးစီး သိရှိလိုက်ရပြီး ယခုအချိန်တွင် ပြောင်းလဲရန် အခွင့်အရေး ရှိနေသေးသည်။

မြူနှင်းများကြားမှနေ၍ စိုးရိမ်တကြီးဖြစ်နေသော အမျိုးသား၏ မျက်နှာကို ကြည့်ကာ သရော်သည့်ဟန် အနည်းငယ်ဖြင့် သူမက ခပ်ပေါ့ပေါ့ပင် ပြောလိုက်သည်။

"ကျွန်မ ရှင့်ကို လာတွေ့တာပါ၊ ဒါပေမယ့် ဒီလို ဇာတ်လမ်းကောင်းကြီးကို မြင်တွေ့ရလိမ့်မယ်လို့တော့ မထင်ထားမိဘူး"

လော်ဝမ်ကျွင်း၏ ချောမောသော မျက်နှာသည် ရဲရဲနီသွားပြီး ရှင်းပြရန် ပြင်လိုက်စဉ် ဥယျာဉ်အဝင်ဝမှ ရုတ်တရက် ဆူညံသံများ ထွက်ပေါ်လာ၏။

"ရှီဇီ၊ လာမယ်ဆိုတာကို ဘာလို့ ကြိုမပြောတာလဲ။ သခင်မလေးရွှယ်က အခု ဝမ်ကျွင်းနဲ့ အတူရှိနေတာပါ၊ ရှီဇီ—"

ရွှယ်နင်လည်း အံ့အားသင့်သွားပြီး လှည့်ကြည့်လိုက်သည်။

အံ့သြစရာကောင်းစွာဖြင့် ချန်ကျိုးမှာ အဝေးကြီး ရောက်နေသင့်တဲ့ စုကျန်းက အခု လော်မိသားစု၏ အနောက်ဘက်အဆောင်တွင် ခရီးပန်းလာပုံရကာ ပေါ်လာခဲ့သည်။

သူ့အနောက်တွင် သခင်မကြီးလော်နှင့် ယန်ရှီတို့က စိုးရိမ်တကြီး မျက်နှာများဖြင့် ကပ်ပါလာကြသည်။

သူ့အကြည့်များက နက်ရှိုင်းပြီး တစ်ကိုယ်လုံးကနေ ကြမ်းကြုတ်သော အငွေ့အသက်များ ဖြာထွက်နေသည်။

သူ၏ ခေါင်းအစခြေအဆုံး နှင်းများ ဖုံးလွှမ်းနေပြီး အဝတ်အစား အနားသတ်များတွင် နှင်းများနှင့် ရွှံ့များ ပေကျံနေကာ ဆံပင်တွင်ပင် နှင်းများ တင်နေသည်။

သခင်မကြီးလော်က သူ့ကို တားဆီးရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။ သူ၏ မည်းနက်အေးစက်နေသော ဖီးနစ်မျက်လုံးများနှင့် ဆုံလိုက်ရသောအခါ ကြောက်ရွံ့စွာဖြင့် နောက်သို့ တစ်လှမ်းဆုတ်သွားသည်။

သခင်မကြီးလော်သာမက ရွှယ်နင်ပင် သူ၏ မည်းနက်ခြိမ်းခြောက်နေသော အကြည့်အောက်တွင် ရင်ထဲ လှိုက်ခနဲ ဖြစ်သွား၏။

ထူးဆန်းလိုက်တာ၊ သူ ဘာလို့... စောစောပြန်ရောက်လာတာလဲ။

စုကျန်း၏ အငွေ့အသက်က စူးရှပြီး ဖိနှိပ်နေကာ သူ၏ ပါးလွှာသော နှုတ်ခမ်းများကို တင်းတင်းစေ့ထားသည်။ သူက ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာပြီး ရွှယ်နင်၏ လက်ကောက်ဝတ်ကို ဆွဲဖမ်းလိုက်၏။

သူ့ရင်ထဲက ဒေါသတွေ ဘယ်ကရောက်လာမှန်း သူ မသိပေမယ့် ထိုနေ့တုန်းက တုန်းကျင်းမှ စာကို လက်ခံရရှိချိန်မှစတာပင်။စုရှီး၏ လက်ထပ်ပွဲကို သူမ ရဲတင်းစွာ ဖျက်ဆီးခဲ့ပြီး သူ့စကားများကို လုံးဝဂရုမစိုက်ဘဲ အခု လော်ဝမ်ကျွင်းနှင့် လက်ထပ်ရန် စီစဉ်နေကြောင်း သိလိုက်ရတဲ့အခါ—သူ့ရင်ဘတ်ထဲတွင် စူးအောင့်သော နာကျင်မှုတစ်ခုကို ခံစားခဲ့ရသည်။

ယွီရှီနှင့် သူမ၏ သမီးကို နေရာချထားပေးပြီးနောက်၊ မင်းသားရီစံအိမ်တော်သို့ လက်ဖွဲ့ပစ္စည်းများကို ညတွင်းချင်း ပေးပို့ခဲ့သည်။ မင်းသားရီက သူ့ကို ရက်အနည်းငယ် ဆက်နေရန် ဖိတ်ခေါ်တာကိုပင် မစောင့်တော့ဘဲ တုန်းကျင်းသို့ မြင်းဖြင့် အလျင်စလို ပြန်လာခဲ့၏။

လမ်းခရီးတစ်လျှောက် နေ့ရောညပါ အနားမယူဘဲ ခရီးနှင်ခဲ့ရာ မြင်းနှစ်ကောင်ပင် မောပန်းနွမ်းနယ်သွားခဲ့ပြီး ယခုအချိန်မှသာ လော်မိသားစုအိမ်သို့ ရောက်ရှိလာခြင်းဖြစ်သည်။

ထင်သည့်အတိုင်းပင် သူမကို လော်မိသားစုအိမ်တွင် လော်ဝမ်ကျွင်းနှင့် အတူရှိနေတာကို သူ တွေ့လိုက်ရသည်။

စုကျန်းက မဲ့ပြုံးပြုံးလိုက်ပြီး သူ၏ မျက်လုံးများက ချက်ချင်းပင် ရေခဲတမျှ အေးစက်သွားတော့သည်။

ရွှယ်နင်ကတော့ တကယ်ပဲ၊ သူ့ရဲ့ သည်းခံနိုင်စွမ်း အကန့်အသတ်ကို အမြဲတမ်း စိန်ခေါ်နေတော့တာပဲ။

အနှေးနဲ့အမြန် သူ သူမကို သေချင်စိတ်ပေါက်သွားအောင် လုပ်ရလိမ့်မယ်။

"ငါ မထွက်သွားခင် မင်းကို ပြောခဲ့သားပဲ။ မင်း တစ်လုံးမှ မမှတ်မိဘူးလား"

အမျိုးသားက သူမကို အလျှော့မပေးဘဲ ဆက်တိုက် မေးမြန်းနေပြီး သူ၏ မည်းနက်သော မျက်လုံးများက ဝဲဂယက်များကဲ့သို့ ဖြစ်နေသည်။

သူက သူမ၏ လက်ကောက်ဝတ်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသဖြင့် ရွှယ်နင် နာကျင်စွာဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။

"အစ်ကို ဘာတွေပြောနေတာလဲ၊ အစ်ကိုကြီး? ကျွန်မ နားမလည်ဘူး"

စုကျန်းက မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး သူ၏ လက်ချောင်းများမှာ အားထည့်ထားမှုကြောင့် ဖြူဖျော့နေသည်။

"ငါ မင်းကို အိမ်မှာ လိမ်လိမ်မာမာ စောင့်နေဖို့ ပြောခဲ့တယ် မဟုတ်လား၊ ဒါပေမယ့် မင်း နားမထောင်ဘူးပေါ့?"

သူ့ကို စောင့်ရမယ်ဟုတ်လား။ သူမ ဘယ်တုန်းကမှ သဘောမတူခဲ့ဘူး။

စုကျန်းက တစ်နေ့ထက်တစ်နေ့ ပို၍ အကျိုးအကြောင်းမရှိ ဖြစ်လာတယ်လို့ ခံစားရသဖြင့် ရွှယ်နင် ရုန်းကန်လိုက်သည်။ သူမမှာ လုပ်စရာ အခြားကိစ္စတွေ ရှိသေးတယ်။

"ကျွန်မကို လွှတ်ဦး!"

လုစစ်လင် လျှောက်လာပြီး ရွှယ်နင်၏ ပုခုံးပေါ်သို့ လက်တစ်ဖက် တင်လိုက်ကာ အနည်းငယ်ပြုံး၍ ပြောလိုက်သည်။

"ရှီဇီစု... လူတွေအများကြီးရှေ့မှာ ကျုပ်ညီမကို လွှတ်ပေးပါဦး"

လုစစ်လင်ကို ကြည့်နေသည့်တိုင် စုကျန်း၏ မျက်လုံးများထဲတွင် စိတ်မရှည်မှုများ ပြည့်နှက်နေသည်။

အထူးသဖြင့် ရွှယ်နင်၏ ပုခုံးပေါ်တွင် တင်ထားသော လက်ပေါ်သို့ သူ့အကြည့်များ ကျရောက်သွားသောအခါ ရင်ထဲမှာ ထိန်းချုပ်မရတဲ့ ဒေါသများ ထိုးတက်လာခဲ့သည်။

သူက ရွှယ်နင်ကို လွှတ်ပေးရန် လက်ကို မြှောက်လိုက်ပြီး လုစစ်လင်၏ လက်ကို အသာအယာ ပုတ်ထုတ်လိုက်သည်။

"ရွှယ်နင်က မင်းရဲ့ ညီမဆိုရင် ငါ့ရဲ့ ညီမလည်း ဟုတ်တယ်။ ဒီရှီဇီ အခုတစ်ခေါက် အပြေးအလွှား ပြန်လာတာက သူ(မ)ရဲ့ လက်ထပ်ပွဲကို စိတ်ပူလို့ပဲ"

ရွှယ်နင် နယ်စားမင်းအိမ်တော်မှာ ဘယ်လိုဘဝမျိုး ဖြတ်သန်းနေရလဲဆိုတာကို လုစစ်လင် အခုထိ မသိသေးပေ။ အခု စုကျန်းက သူမအား အမိန့်ပေးစေခိုင်းနေတာကို မြင်ရတဲ့အခါ သူလည်း ဒေါသထွက်လာခဲ့သည်။

"ရှီဇီက နင်နင့်ရဲ့ လက်ထပ်ပွဲကို စိတ်ပူတယ်ဆိုရင်လည်း လူသတ်တော့မယ့် ရုပ်မျိုး မလုပ်သင့်ဘူးလေ။ သိတဲ့သူက ဘာမှမပြောပေမယ့် မသိတဲ့သူကတော့ နင်နင်က ရှီဇီရဲ့ ညီမ မဟုတ်ဘဲ ရန်သူလို့ ထင်ကြလိမ့်မယ်"

စုကျန်းက ယခုအချိန်တွင် တည်ငြိမ်သွားပြီဖြစ်ကာ သူ၏ နှုတ်ခမ်းထက်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။

"စစ်သူကြီးလု၊ နောက်နေတာပဲ"

လုစစ်လင်က မရိုးသားသော အေးစက်စက် အပြုံးကို အတင်းလုပ်ယူကာ-

"ဒီစစ်သူကြီးက ရှီဇီနဲ့ နောက်ပြောင်နေဖို့ အချိန်မရှိဘူး"

စုကျန်းက မျက်လုံးများကို အန္တရာယ်ရှိစွာ ကျဉ်းမြောင်းလိုက်ပြီး လုစစ်လင်ကို တိုက်ရိုက် လျစ်လျူရှုလိုက်သည်။

"မော့ပိုင်"

မော့ပိုင် ရှေ့သို့ တက်လာသည်။

"ရှီဇီ"

စုကျန်းက သခင်မကြီးလော်ကို ပြောလိုက်၏။

"နယ်စားမင်းအိမ်တော်မှာ ရှင်းစရာ ကိစ္စတွေ ရှိနေလို့။ ဒီရှီဇီ ရွှယ်နင်ကို အရင် ခေါ်သွားပါရစေ။ သခင်မကြီး စိတ်မရှိဘူးလို့ မျှော်လင့်ပါတယ်"

စုကျန်း၏ ရွှယ်နင်အပေါ် ထားရှိတဲ့ သဘောထားက အနည်းငယ် ထူးဆန်းနေတယ်လို့ ခံစားမိသော်လည်း သခင်မကြီးလော်က သဘာဝကျကျပင် ဘာမှ မပြောရဲပေ။

နယ်စားမင်းအိမ်တော်မှ အသိအမှတ်ပြုပွဲက အလွန်ကြီးကျယ်ခမ်းနားခဲ့ပြီး ရွှယ်နင်သည် ယခု စုကျန်း၏ ကျမ်းသစ္စာကျိန်ဆိုထားသည့် ညီမဖြစ်ကြောင်း လူတိုင်း သိကြသည်။

ဒါပေမဲ့ စောစောက သူ့လူယုံများနှင့်အတူ လော်မိသားစုအိမ်သို့ ရုတ်တရက် အတင်းဝင်ရောက်လာတဲ့အချိန်တုန်းက သူ့မျက်နှာအမူအရာက တစ်စုံတစ်ယောက်ကို လာရောက် ဖမ်းဆီးတော့မည့်အတိုင်း တကယ်ကို ကြောက်စရာကောင်း၏။

သခင်မကြီးလော်၏ ရင်ထဲ အနည်းငယ် တုန်လှုပ်သွားသည်။

"ရှီဇီ အဆင်ပြေသလိုသာ လုပ်ပါ..."

သခင်မကြီးလော်နှင့် ကိစ္စရပ်များကို အခြေအတင် ပြောဆိုပြီးနောက် စုကျန်းသည် သူ၏ ပုံမှန်အတိုင်း မောက်မာပြီး အေးစက်စက် အမူအရာသို့ ပြန်လည်ပြောင်းလဲသွားသည်။

"ရွှယ်နင်၊ ငါနဲ့အတူ အိမ်ပြန်မယ်"

သူ၏ အပြောအဆိုက အလွန်ပင် သဘာဝကျပြီး ရွှယ်နင်သည် သူအလိုရှိပါက ခေါ်ယူနိုင်ပြီး အလိုမရှိပါက မောင်းထုတ်နိုင်သည့် ခွေးတစ်ကောင်လိုမျိုး သဘောထားနေသည့်အတိုင်းပင်။

ရွှယ်နင်သည် သူ၏ ဆုပ်ကိုင်မှုကြောင့် နီရဲနေသော သူမ၏ လက်ကောက်ဝတ်ကို ပွတ်သပ်ရင်း သူ့ကို ဘာခံစားချက်မှမရှိတဲ့ မျက်နှာထားဖြင့် တစ်ချက်ကြည့်လိုက်သည်။

သူ့အပြုအမူက သူမရဲ့ လက်ထပ်ပွဲကို စိတ်ပူပေးနေတဲ့ သူတစ်ယောက်နှင့် လုံးဝမတူပေ။

သို့သော် အခြေအနေများက ဒီလိုမျိုး ဖြစ်ပျက်နေပြီဖြစ်တာကြောင့် သူမ အခုအတိုင်း ထွက်သွားလို့ မဖြစ်သေးဘူး။

ဘာပဲဖြစ်ဖြစ် လော်ဝမ်ကျွင်းနှင့် သူမရဲ့ လက်ထပ်ပွဲကို ဆက်လက်လုပ်ဆောင်၍ မရတော့ပေ။

"ခဏစောင့်ပါဦး—"

ရွှယ်နင်က နူးညံ့စွာ ပြောလိုက်သည်။

စုကျန်းက မကျေမနပ်ဖြင့် မျက်မှောင်ကြုတ်ရန် ပြင်လိုက်၏။

ထို့နောက် ရွှယ်နင် ဆက်ပြောလိုက်သည့် စကားကို သူ ကြားလိုက်ရသည်။

"သခင်မကြီးလော်... ကျွန်မနဲ့ သခင်လေးလော်တို့ရဲ့ မင်္ဂလာပွဲကတိကို ဒီနေ့ကစပြီး ဖျက်သိမ်းလိုက်ပါပြီ"

ဤစကားလုံးများသည် ရေပြင်ကျယ်ထဲသို့ ကျောက်ခဲတစ်လုံး ပစ်ချလိုက်သကဲ့သို့ ဂယက်ထတုန်လှုပ်သွားစေသည်။

သခင်မကြီးလော်နှင့် ယန်ရှီတို့ အံ့အားသင့်သွားကြပြီး လုစစ်လင်လည်း နားမလည်နိုင်ဖြစ်သွားသည်။

လော်ဝမ်ကျွင်းနှင့် လက်ထပ်မည့်ကိစ္စမှာ ရွှယ်နင်ကိုယ်တိုင် တက်ကြွစွာ ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း လူတိုင်းသိကြ၏။

နေရာမှာ သူရှိနေတာကို လူမသိစေရန် အစွမ်းကုန် ငြိမ်သက်နေခဲ့သော လော်ဝမ်ကျွင်းသာလျှင် ခန္ဓာကိုယ် တုန်ယင်သွားပြီး မျက်နှာတစ်ခုလုံး သွေးဆုတ်ဖြူလျော်သွားခဲ့သည်။

သခင်မကြီးလော်က ပျာပျာသလဲဖြင့် ပြောလိုက်သည်။

"သခင်မလေးရွှယ်၊ ဒါက ဘာသဘောလဲ။ မင်းရဲ့ အဒေါ်နဲ့ ငါလည်း သဘောတူညီမှု ရပြီးပြီလေ—မင်္ဂလာရက်မြတ် ရွေးချယ်ပြီးတာနဲ့ လက်ဖွဲ့ပစ္စည်းတွေနဲ့ အိမ်ထောင်ရေးစာချုပ်တွေ လဲလှယ်ပြီး မင်းကို ငါတို့မိသားစုထဲ ကြိုဆိုတော့မှာပါ"

ယန်ရှီကလည်း ‌ပြောသည်။

"ဟုတ်တယ် နင်နင်၊ သဘောတူထားပြီးသား လက်ထပ်ပွဲက ဘာလို့ ရုတ်တရက်ကြီး ပြောင်းလဲသွားရတာလဲ"

ရွှယ်နင်က သူမ၏ ခန္ဓာကိုယ်ကို အနည်းငယ်ရွှေ့လိုက်တဲ့အခါ လော်ဝမ်ကျွင်း၏ ပုံရိပ် ပေါ်လာခဲ့ပြီး သခင်မကြီးလော်ကို ခပ်ဖျော့ဖျော့ ပြုံးပြလိုက်သည်။

"ဒါပေမယ့် ရွှယ်နင်က ကြားဖြတ်ဝင်ရောက်ပြီး သခင်လေးလော် အမှန်တကယ် ချစ်မြတ်နိုးရတဲ့သူနဲ့ အိမ်ထောင်ရေးကို မဖျက်ဆီးချင်ပါဘူး"

"ဘာချစ်ရတဲ့သူလဲ"

သခင်မကြီးလော် အံ့အားသင့်သွားပြီး လော်ဝမ်ကျွင်းကို ချက်ချင်း လှည့်ကြည့်လိုက်သည်။

ရွှယ်နင်၏ စကားကို ကြားရပြီးနောက် အခြားသူများအားလုံး၏ အကြည့်များကလည်း လော်ဝမ်ကျွင်းထံသို့ ကျရောက်သွားတော့သည်။

ထိုအချိန်ကျမှသာ လော်ဝမ်ကျွင်းသည် တစ်ယောက်တည်း ရှိနေတာမဟုတ်ကြောင်း လူတိုင်း သတိပြုမိသွားကြ၏။

သူ့အနောက်တွင် စိမ်းပြာရောင် အင်္ကျီနှင့် စကတ်ကို ဝတ်ဆင်ထားသော မိန်းမပျိုလေးတစ်ဦး ရပ်နေသည်။

သူတို့နှစ်ဦး၏ အနေအထားမှာ မပြတ်မသား ဖြစ်နေပြီး ကျောက်တောင်တုအနောက်တွင် ပုန်းကွယ်နေခဲ့ကြခြင်း ဖြစ်ရာ—တိတ်တဆိတ် ချိန်းတွေ့နေကြခြင်း ဖြစ်ပုံရသည်။

သခင်မကြီးလော်၏ မျက်နှာသည် ဒေါသနှင့် အရှက်ရမှုကြောင့် တစ်လှည့်စီ ပြောင်းလဲနေ၏။

"အားကျွင်း၊ ဒါက ဘာဖြစ်နေတာလဲ။ အဘွားကို ရှင်းရှင်းလင်းလင်း ပြောစမ်း!"

လော်ဝမ်ကျွင်းက မျက်နှာတစ်ခုလုံး ရဲရဲနီကာ စကားလုံးများ ပျောက်ရှနေခဲ့သည်။

"အဘွား.. မြေးက..."

သခင်မကြီးလော်က ဒေါသတကြီးဖြင့် အော်ဟစ် အမိန့်ပေးလိုက်သည်။

"မြန်မြန်ပြောစမ်း! မင်းအနောက်က မိန်းမက ဘယ်သူလဲ!”

All Chapters