အခန်း ၉၉
Vol. 10 Ch. 99
အခန်း (၉၉) "တကယ့်ကို လိုက်ဖက်တဲ့ စုံတွဲပဲ!"
လီချန်ချဲ့သည် အနည်းငယ်မျှပင် တုံ့ဆိုင်းမနေခဲ့ပေ။ သူ့အကြည့်က တံခါးအနောက်ဘက်ရှိ စုကျန်း၏ ပုံရိပ်ကို ကျော်ဖြတ်ကြည့်လိုက်ပြီးနောက် လက်တစ်ဖက်ဖြင့် ရွှယ်နင်၏ ခါးကို ပွေ့ချီကာ မြင်းကျောပေါ်သို့ တင်ပေးလိုက်သည်။ ထို့နောက် သူကိုယ်တိုင်လည်း မြင်းပေါ်သို့ ဖျတ်ခနဲ လွှဲတက်လိုက်ပြီး သူမ၏ နုနယ်တဲ့ကိုယ်လုံးလေးကို သူ့ရင်ခွင်ထဲမှာ သက်သောင့်သက်သာဖြစ်အောင် ပွေ့ဖက်ထားလိုက်တော့သည်။
စုကျန်း အပြင်သို့ ခြေလှမ်းလှမ်းလိုက်ချိန်တွင် လီချန်ချဲ့၏ နှုတ်ခမ်းများက ခပ်ဖျော့ဖျော့ တွန့်ကွေးသွား၏။ သူက စုကျန်းကို စောင်းငဲ့ကြည့်ကာ မြင်းကို ဇက်ဆွဲလိုက်ပြီး ရွှယ်နင်ကို ခေါ်ဆောင်လျက် စုကျန်း၏ရှေ့ကနေ ဖြတ်ကျော်သွားတော့သည်။
"ရှီဇီ—"
စုကျန်း၏ ထူထဲသော မျက်မှောင်များ ကြုတ်သွားပြီး ကျောက်စိမ်းကဲ့သို့ ချောမောသော မျက်နှာမှာ ရုတ်တရက် အုံ့မှိုင်းသွားသည်။
ယန်ရှီနှင့် အခြားသူများလည်း မကြာမီမှာပင် ရောက်ရှိလာကြသည်။
လီချန်ချဲ့က ရွှယ်နင်ကို ခေါ်ဆောင်သွားတာကို မြင်တဲ့အခါ လုစစ်လင်က ခပ်တိုးတိုး ရယ်မောလိုက်ပြီး နှမြောတသဖြစ်ဟန်ဖြင့် သက်ပြင်းချလိုက်သည်။
"သူ့ရဲ့ အစ်ကိုတစ်ယောက်အနေနဲ့ ငါ့နင်နင်ကို ဘယ်သူမှ မလိုချင်ကြဘူးလို့ တကယ်ထင်နေတာ။ ဒါပေမယ့် အားချဲ့က နင်နင်ကို ပွေ့ချီခေါ်သွားတဲ့ပုံစံက တော်တော်လေးကို ခန့်ညားတာပဲ။ ဒီယောက်ဖလောင်းကိုတော့—ငါ သဘောတူတယ်!"
စုကျန်း၏ မျက်ခုံးများ ပြင်းထန်စွာ လှုပ်ခါသွားပြီး သူ့ပတ်ဝန်းကျင်ရှိ လေထုက ပို၍ပင် အေးစက်လာခဲ့သည်။
ခေါင်းကိုက်တဲ့ ဝေဒနာက သူ့ဆီ ထပ်ပြီးတော့ အရှိန်အဟုန်ဖြင့် တိုးဝင်လာပြန်သည်။
သူက လက်တစ်ဖက်ကို မြှောက်ကာ နားထင်ကို ဖိထားလိုက်သည်။
မော့ပိုင်က ရှီဇီ ဒီလောက်အထိ ဒေါသထွက်နေတာကို တစ်ခါမှ မမြင်ဖူးတာကြောင့် စိတ်မသက်မသာ ဖြစ်နေသည်။
"ရှီဇီ... ကျွန်တော်တို့ အခု ဘာဆက်လုပ်ကြမလဲ"
စုကျန်းက လော်မိသားစုစံအိမ်၏ ဗလာကျင်းနေသော အဝင်ဝကို မည်သည့်ခံစားချက်မျှမရှိဘဲ ကြည့်လိုက်သည်။
"အိမ်တော်ကို ပြန်မယ်"
ရွှယ်နင်က ဒေါသထွက်ပြီး ခဏလောက် ခံပြင်းနာကျင်မှုကြောင့်ပဲ ဒီလိုမျိုးပြုမူနေတယ်ဆိုတာ သူ သိတယ်။
သူမက လိမ်လိမ်မာမာနဲ့ သူ့အနားကို ပြန်လာလိမ့်မယ်။
ပြီးတော့ သူက လီချန်ချဲ့နှင့် ဘယ်အရာကိုမဆို လုယူယှဉ်ပြိုင်ရတာကို အထင်သေးတယ်။
ဘာကြောင့်လဲဆိုတော့ ရွှယ်နင် အချစ်ဆုံးလူက အမြဲတမ်း သူပဲ ဖြစ်နေမှာ။
...
မြင်းသည် သူတို့နှစ်ဦးကို လော်မိသားစုအိမ်နှင့် ပို၍ဝေးရာသို့ ခေါ်ဆောင်လာခဲ့သည်။
လီချန်ချဲ့က မြင်း၏ အရှိန်ကို တဖြည်းဖြည်း လျှော့ချလိုက်ပြီး လမ်းမကြီးတစ်လျှောက် အေးအေးလူလူ ခြေလှမ်းမှန်မှန်ဖြင့်သာ သွားစေလိုက်သည်။
တုန်းကျင်း၏ ဆယ့်နှစ်လပိုင်းတွင် လေနှင့်နှင်းများက သောင်းကျန်းလျက် ရှိနေ၏။
ကောင်းကင်ကြီးက မှုန်မှိုင်းညို့မှောင်နေပြီး ငှက်မွေးကဲ့သို့ ထူထဲသော နှင်းပွင့်များက သူတို့၏ ခေါင်းပေါ်သို့ ကျဆင်းလာကာ သူတို့နှစ်ဦးလုံးကို ဖြူဖွေးသော နှင်းလွှာများ ဖုံးလွှမ်းသွားစေသည်။ သူတို့နှစ်ဦးလုံးက အလွန်လှပကျော့ရှင်းပြီး သာမန်လူများနှင့်မတူဘဲ ထူးခြားတာကြောင့် ဒီလိုမျိုး အတူတူ မြင်းစီးသွားလာနေတာက လမ်းသွားလမ်းလာများ၏ အကြည့်ကို ရံဖန်ရံခါ ဆွဲဆောင်နေမိသည်။
မြောက်လေက တဝူးဝူး တိုက်ခတ်နေပြီး သူတို့၏ အင်္ကျီလက်များနှင့် ဝတ်ရုံများကို လွှင့်ပျံစေကာ စကတ်နှင့် အဝတ်အစားအနားသတ်များမှာ လေထဲတွင် ရှုပ်ထွေးနေသည်။
လီချန်ချဲ့ ငုံ့ကြည့်လိုက်တဲ့အခါ သူ့ရှေ့ရှိ မိန်းမပျိုလေးက ပုံမှန်ထက် ထူးဆန်းစွာ တိတ်ဆိတ်နေတာကို တွေ့လိုက်ရသည်။
သူမက သူ၏ ဝတ်ရုံကြီးထဲမှာ လုံးလုံးလျားလျား ခွေလိပ်ပုန်းကွယ်နေပြီး နှင်းပွင့်ကဲ့သို့ ဖြူလွှကာ နီမြန်းနေသော မျက်နှာငယ်လေး၏ တစ်ဝက်ခန့်နှင့် ဝေဝါးနေသော မျက်ဝန်းကြီးတစ်စုံကိုသာ မြင်တွေ့ရသည်။
သူမ၏ သူငယ်အိမ်များက သဘာဝအတိုင်း ကြီးမားနက်ရှိုင်းလှပြီး ရှည်လျားကာ ကော့ညွတ်နေသော မျက်တောင်လေးများပေါ်တွင် နှင်းပွင့်လေးများ တင်နေ၏။ အနည်းငယ်မျှ လှုပ်ခါလိုက်ရုံဖြင့် အသက်ဝင်လာတဲ့ အဖိုးတန် ကြွေသားအရုပ်လေးတစ်ရုပ်နှင့် တူလှပေသည်—မျက်တောင်ဖျားတွင် တွဲခိုနေသော မျက်ရည်စများကသာ သူမကို ငါးခြောက် အလုယူခံလိုက်ရသည့် ကြောင်ပေါက်လေးတစ်ကောင်လိုမျိုး သနားစဖွယ် ဖြစ်စေ၏။
သူက သူမရဲ့ ကိုယ်လုံးလေးကို ပိုပြီးတင်းကြပ်စွာ ဖက်ထားလိုက်တဲ့အခါ သူမ၏ နူးညံ့သော ခန္ဓာကိုယ်လေးက သူ့ရင်ခွင်ကျယ်နှင့် ပူးကပ်သွားသည်။
ဒီနေ့ လော်မိသားစုအိမ်တော််မှာ သူမ အနည်းငယ်တော့ အရှက်ခွဲခံရလိမ့်မယ်ဆိုတာကို သူ သိထားပြီးသားဖြစ်သည်။
ဒါပေမဲ့ စုကျန်း ပြန်ရောက်လာလိမ့်မယ်လို့တော့ သူ မထင်မှတ်ထားခဲ့ပေ။
သူမရဲ့ ယခုလက်ရှိ ဝမ်းနည်းပူဆွေးမှုနှင့် နှလုံးသားနာကျင်မှုက လော်ဝမ်ကျွင်းအတွက်လား ဒါမှမဟုတ် စုကျန်းအတွက်လားဆိုတာကို လီချန်ချဲ့ အသေအချာ မပြောနိုင်ဘူး။
သူကိုယ်တိုင်ကလည်း သူတော်စင်တစ်ယောက်တော့ မဟုတ်ပေ။
လော်ဝမ်ကျွင်းနှင့် ထိုအမျိုးသမီးတို့၏ "ဖောက်ပြန်မှု" ကို တစ်စုံတစ်ယောက်က စတင်ဖန်တီးခဲ့ခြင်း ဖြစ်သော်လည်း သူကတော့ နောက်ကွယ်မှနေ၍ မီးလောင်ရာလေပင့်ပေးခဲ့တာ ဖြစ်သည်။
ဒီနေ့ ထိုအမျိုးသမီး လော်မိသားစုအိမ်တော်ထဲ ချောမွေ့စွာ ဝင်ရောက်နိုင်ခဲ့တာလည်း သူ၏ နောက်ကွယ်မှ ပံ့ပိုးကူညီမှုကြောင့်ပင်။
သူက ရွှယ်နင်၏ စရိုက်ကို နားလည်တယ်။ သူမက နုနယ်ပုံရပေမယ့် မျက်လုံးထဲမှာ သဲတစ်ပွင့်တောင် အဝင်မခံနိုင်သူ ဖြစ်သည်။ ဒီနေ့ သူမနှင့် လော်ဝမ်ကျွင်းတို့၏ လက်ထပ်ပွဲက လုံးဝ ဆက်လက်ဖြစ်ပေါ်လာတော့မှာ မဟုတ်ပေ။
သူက အရင်တုန်းက သူမကို လက်ထပ်ဖို့အတွက် စိတ်ကူးကို စွန့်လွှတ်ခဲ့ဖူးပေမယ့် နောက်ပိုင်းမှာတော့ သူမ လော်ဝမ်ကျွင်းနှင့် မင်္ဂလာဆောင်မည့်ကိစ္စကို တွေးမိတိုင်း ညပေါင်းများစွာ အိပ်မပျော်နိုင်အောင် ဖြစ်ခဲ့ရသည်။ ဟိုလှည့်ဒီစောင်း တွေးတောပြီးနောက်တွင် လင်မယားအကြား ခံစားချက်ဆိုတာ မွေးမြူလို့ရတယ်လို့ သူ ယုံကြည်ဆဲပင်။
ဖြစ်နိုင်တာ သူမက သူ့မိခင်နှင့် မတူညီဘဲ သူ့ကိုယ်သူ နောက်ထပ် အခွင့်အရေးတစ်ခု ပေးနိုင်လောက်ပါလိမ့်မယ်။
ဒီတစ်ကြိမ်တည်းသာ။
အကယ်၍ အဆင်မပြေခဲ့ရင်လည်း—
အဲ့ဒီအကြောင်းကို နောက်မှပဲ သူ ဖြေရှင်းတော့မယ်။
"ဘယ်ကို သွားချင်လဲ"
မိန်းမပျိုလေးသည် နုနယ်ပြီး အရင်ကလည်း ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့ဖူး၏။ ဒီလိုမျိုး လေတိုက်ခံနေရတာက သူမအတွက် မကောင်းပေ။
လီချန်ချဲ့က နူးညံ့စွာ ပြောလိုက်ပြီး သူ၏ ကြီးမားသော လက်တစ်ဖက်ဖြင့် မြင်းဇက်ကြိုးကို ဆွဲထားကာ အခြားလက်တစ်ဖက်ဖြင့် သူမ၏ ခါးကို ပို၍ တင်းကြပ်စွာ ဖက်ထားလိုက်သည်။
သူမနှင့် ဒီလိုမျိုးနီးကပ်တဲ့ ထိတွေ့မှုမျိုး တစ်ခါမှ မရှိခဲ့ဖူးတာတော့ မဟုတ်ပေ၊ ဒါပေမဲ့ ထိုအချိန်တုန်းက ရထားလုံးထဲမှာ သူမ ရုတ်တရက် သူ့ကို ဖက်တွယ်လာတဲ့အချိန်တုန်းက သူ့ရဲ့ ပုံမှန်အတိုင်း တည်ငြိမ်အေးစက်မှုတွေကြားမှာတောင် ခဏလောက် ခြေမကိုင်မိလက်မကိုင်မိ ဖြစ်ခဲ့ရသည်။ ထိုအချိန်တုန်းက အသေးစိတ်အချက်အလက်များကို သူ အာရုံမစိုက်မိခဲ့သော်လည်း ယခုတော့ တဝူးဝူးတိုက်ခတ်နေသော လေနှင့်နှင်းများသာ ပြည့်နှက်နေသည့် လောကကြီးထဲတွင် သူမ၏ အရာအားလုံးကို ခံစားသိရှိရန် သူ့မှာ အချိန်အလုံအလောက် ရှိနေခဲ့ပြီဖြစ်သည်။
ထိုနူးညံ့သော ခါးလေးနှင့် သင်းပျံ့သော ရနံ့က-လူကို အပြစ်ကျူးလွန်မိအောင် မျှားခေါ်နေသည့် အဆိပ်တစ်ခုကဲ့သို့ပင်။ တစ်ကြိမ်လောက် ထိတွေ့မိရုံဖြင့် လက်လွှတ်ရန် ခက်ခဲသွား၏။
ရွှယ်နင် နှာတစ်ချက်ရှုံ့လိုက်မိသည်။ လေကြောင့် သူမ၏ နှာခေါင်းလေး နီမြန်းနေပြီး အတော်ကြာမှ နူးညံ့စွာ ရေရွတ်လိုက်သည်။
"သခင်လေးလီ... ကျွန်မတို့ ပုရှန်းရှန်းကို သွားလို့ရမလားဟင်"
ယခုအချိန်တွင် လေအေးများကြောင့် သူမ၏ စိတ်များ လုံးဝ တည်ငြိမ်သွားခဲ့ပြီဖြစ်သည်။
သို့သော် သူမအနောက်ရှိ အမျိုးသား၏ တည်ရှိမှုက ပြင်းထန်လွန်း၏။
အထူးသဖြင့် သူတို့နှစ်ယောက် မြင်းတစ်ကောင်တည်းပေါ်မှာ အတူတူ ထိုင်နေကြတာကြောင့် ဖြစ်သည်။
ဒီလိုမျိုး ကျဉ်းမြောင်းတဲ့ နေရာလေးမှာ သူ့ရဲ့ ကျယ်ပြန့်တဲ့ ရင်ဘတ်နှင့်—သူမ၏ ကျောပြင်ကို ဖိကပ်ထားသော ထူးဆန်းသည့် အရာတစ်ခုကို သူမ ရှင်းလင်းစွာ ခံစားမိနေသည်။
သူမက ဘာမှမသိနားမလည်တဲ့ မိန်းမပျိုလေးတစ်ဦးတော့ မဟုတ်ပေ။ စုကျန်းနှင့် ရင်းနှီးမှုက နည်းပါးခဲ့ပေမယ့် ဒီလိုအကြောင်းအရာများကို သူမ အနည်းငယ်တော့ ကြားဖူးနားဝ ရှိသည်။
သူမက လော်ဝမ်ကျွင်း ဒါမှမဟုတ် စုကျန်းအကြောင်းကို တွေးတောနေဖို့ ဘယ်လိုလုပ် အာရုံရှိတော့မှာလဲ။
သူမ၏ အတွေးအားလုံးသည် လီချန်ချဲ့ကို ဘယ်လိုစကားပြောရမလဲဆိုသည့်အပေါ်၌သာ အာရုံရောက်နေတော့သည်။
သူမ၏ ရင်ထဲတွင် အနည်းငယ်တော့ ရှုပ်ထွေးနေဆဲပင်။
လီချန်ချဲ့က ပြောလာသည်။
"အင်း... လေနဲ့နှင်းတွေက အရမ်းပြင်းတယ်။ ကိုယ် ဖြည်းဖြည်းပဲ သွားမယ်"
ရွှယ်နင်က တိုးညှင်းစွာ အကြံပြုလိုက်သည်။
"နည်းနည်းလောက် မြန်မြန်သွားရင်ရော"
လီချန်ချဲ့က မျက်ခုံးတစ်ချက် ပင့်လိုက်သည်။
"ဟင်?"
ရွှယ်နင် စကားလုံးများကို သေချာချင့်ချိန်လိုက်၏။
"ကျွန်မ... ကျွန်မ ရှင့်ကို ပြောစရာ စကားရှိလို့ပါ"
လီချန်ချဲ့၏ နှုတ်ခမ်းထောင့်တွင် မထင်မှတ်နိုင်လောက်တဲ့ အပြုံးဖျော့ဖျော့လေး တစ်ခု ပေါ်လာသည်။
"အခုပဲ ပြောလို့ရတာပဲ"
ဤလမ်းမကြီးပေါ်တွင် လမ်းသွားလမ်းလာ သိပ်မရှိသော်လည်း ရှက်စရာတော့ ကောင်း၏။
ရွှယ်နင် နှုတ်ခမ်းကို ကိုက်လိုက်မိပြီး နားရွက်လေးများ ပူနွေးလာခဲ့သည်။
သူမက သူနှင့် အရမ်းနီးကပ်နေတယ်လို့ ခံစားရတာကြောင့် သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေမိမှာ သို့မဟုတ် မပျော်မရွှင်ဖြစ်သွားစေမှာကို စိုးရိမ်မိနေသည်။
သူမက သူမရဲ့ခန္ဓာကိုယ်ကို သေသေချာချာ ရွှေ့လိုက်ပြီး ခေါင်းလေးကို အပြင်သို့ အနည်းငယ် ပြူထွက်ကာ စိတ်မသက်မသာဖြင့် ရှေ့သို့ တိုးလိုက်သည်။
သို့သော် လီချန်ချဲ့က သူမ၏ ခါးပေါ်ရှိ သူ့ရဲ့ဆုပ်ကိုင်ထားမှုကို ရုတ်တရက် တင်းကြပ်လိုက်ပြီး သူ၏ အသံက ခပ်အက်အက် ဖြစ်သွားခဲ့သည်။
"နင်နင်... မလှုပ်နဲ့"
အမျိုးသား၏ အသံက တိုးညှင်းပြီး ဝတ်မှုန်ကူးသံကဲ့သို့ အက်ရှရှ ဖြစ်နေသဖြင့် ရွှယ်နင် စိတ်လှုပ်ရှားသွားသည်။ သူမက ထိုခေါ်သံကို အလိုလိုပင် လျစ်လျူရှုလိုက်ပြီး တစ်စုံတစ်ခုကို ရိပ်မိသွားကာ အလွန်အမင်း နေရခက်သွားတော့သည်။ သူမက လှည့်၍ သူ့ကို ကြည့်ချင်သည်။
"သခင်လေးလီ... ဘာဖြစ်လို့လဲဟင်"
လီချန်ချဲ့က ကူကယ်ရာမဲ့စွာ ပြုံးလိုက်ပြီး မိန်းမပျိုလေး၏ နူးညံ့သော ပါးပြင်လေးကို စိုက်ကြည့်ကာ တိုးညှင်းအက်ရှသော အသံဖြင့် ပြောသည်။
"ဘာမှမဖြစ်ပါဘူး"
နှစ်ပေါင်းများစွာ ကာမဂုဏ်ကို ချိုးနှိမ်ထားခဲ့ပြီး စိတ်အားထက်သန်ပြင်းပြတဲ့ အရွယ်ရောက်ရှိနေတဲ့ ယောကျာ်းတစ်ယောက်ဖြစ်တာကြောင့် သူ့ကိုယ်သူ မထိန်းချုပ်နိုင်ဖြစ်ရုံပင်။
ဒီအတိုင်း ဆက်သွားနေလျှင် ၎င်းက သူ့အတွက်လည်း ညှဉ်းပန်းနှိပ်စက်မှုတစ်ခု ဖြစ်လာလိမ့်မည်။
သူက မြင်းဇက်ကြိုးကို ဆွဲလိုက်ပြီး ဝီလိုလမ်းကြားဆီသို့ မြင်းကို အရှိန်မြှင့် မောင်းနှင်လိုက်တော့သည်။
ရွှယ်နင် ဘာဖြစ်နေမှန်း သတိပြုမိသွားချိန်တွင် သူတို့က လုမိသားစုအိမ်တော် အဝင်ဝသို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။
အမျိုးသားက မြင်းကို ဇက်ဆွဲရပ်လိုက်ပြီး သူမကို မြင်းကုန်းနှီးပေါ်မှ ပွေ့ချီကာ အောက်သို့ ချပေးသည်။
ရွှယ်နင်သည် အမျိုးသား၏ သန်မာသော လက်မောင်းများကို အံ့သြမိပြီး သူ့ရင်ခွင်ထဲကနေ ပြုတ်ကျသွားမှာကို စိုးရိမ်တာကြောင့် သူ၏ သွယ်လျသော လည်ပင်းကို အလျင်အမြန် ဖက်တွယ်ထားမိသည်။
အမျိုးသား၏ ဘေးတစ်စောင်း မျက်နှာသွင်ပြင်က အေးစက်ပြီး ကျော့ရှင်းနေကာ သူ၏ ရှည်လျားသော မျက်ဝန်းထောင့်များက လေနှင့်နှင်းများကြောင့် အနည်းငယ် နီမြန်းနေပြီး သူ၏ ချောမောသော မျက်နှာထက်တွင် ဆွဲဆောင်မှုရှိသော အငွေ့အသက်ကို ပို၍ တိုးပွားစေသည်။ တစ်ချက်မျှ ကြည့်လိုက်ရုံဖြင့် သူမ၏ နှလုံးခုန်သံများ စည်းချက်ပျက်သွား၏။ သူမ၏ တင်းကြပ်နေသော နှုတ်ခမ်းနီလေးများကြားမှ ဖြူလွလွ အသက်ရှူငွေ့လေးများ ဂရုတစိုက် ထွက်ပေါ်လာပြီး လူမြင်မှာကို စိုးရိမ်သဖြင့် သူမရဲ့ မျက်နှာကို သူ့ရင်ဘတ်ထဲ ဝှက်ထားလိုက်မိတော့သည်။
လီချန်ချဲ့က သူ့အကြည့်ကို နှိမ့်ချလိုက်တဲ့အခါ မိန်းမပျိုလေး၏ နီမြန်းနေသော လည်တိုင်လေးကို မြင်လိုက်ရသဖြင့် သူ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် မြင့်တက်သွားခဲ့သည်။
"သခင်လေးလီ ဘာလို့ ဒီကို ရုတ်တရက်ကြီး ရောက်လာတာလဲ"
တံခါးစောင့်က လီချန်ချဲ့နှင့် ရင်းနှီးနေတာ ကြာပြီဖြစ်၏။ သူ့လက်များကို အင်္ကျီလက်စထဲသို့ ထည့်လျက် မြင်းကို လာရောက်ယူရန် ရှေ့သို့ တက်လာသော်လည်း သူ၏ စူးစမ်းလိုသော အကြည့်များက ရွှယ်နင်နှင့် လီချန်ချဲ့ကြားတွင် အပြန်အလှန် ရွှေ့လျားနေခဲ့သည်။ ဘာပဲဖြစ်ဖြစ် နှစ်ယောက်လုံးက ဂုဏ်သရေရှိ သခင်များ ဖြစ်ကြတဲ့အတွက် ဘယ်လိုလုပ် လူမြင်ကွင်းမှာ မြင်းတစ်စီးတည်း အတူတူ စီးလာနိုင်ကြတာလဲ။ အိမ်နီးနားချင်းတွေ ဒါကို မြင်သွားရင် ဘယ်လိုလုပ်မလဲ။ သခင်မလေးရွှယ်က သူမရဲ့ သိက္ခာကို ဂရုစိုက်သေးရဲ့လား။
သို့သော် သူတို့နှစ်ယောက်လုံးက ထိုကဲ့သို့သော အရာများကို အလေးထားပုံမရပေ။
သခင်လေးလီက ရွှယ်နင်ကို သူ့ရင်ခွင်ထဲမှာ ပွေ့ချီထားပြီး လုမိသားစု၏ တံခါးမကြီးကို ဖြတ်၍ တန်းတန်းမတ်မတ် ဝင်ရောက်သွားခဲ့သည်။
တံခါးစောင့်က အရာအားလုံးကို နားလည်သဘောပေါက်သည့် ဝမ်းမြောက်ဝမ်းသာ အပြုံးကြီးဖြင့် ငေးကြည့်ကျန်ရစ်ခဲ့တော့သည်။
"တကယ့်ကို ကောင်းကင်က ဖန်ဆင်းပေးထားတဲ့အတိုင်း လိုက်ဖက်တဲ့ စုံတွဲပါပဲလား။”