အခန်း ၁၀၀
Vol. 10 Ch. 100
အခန်း (၁၀၀) - ကိုယ် မင်းကို ကတိပေးတယ်
ပုရှန်းရှန်းအတွင်းသို့ ဝင်လာသည်နှင့်တစ်ပြိုင်နက် အစေခံမလေးအချို့က စိုးရိမ်တကြီးဖြင့် သူတို့အနောက်မှ လိုက်ပါလာကြသည်။
လီချန်ချဲ့၏ ရင်ခွင်ထဲရှိ ရွှယ်နင်ကို မြင်လိုက်ရသောအခါ သူတို့ အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
"သခင်လေးလီ... သခင်မလေးရွှယ်က ဘာလို့ ဒီနေ့ ဒီကို ရောက်လာတာလဲဟင်။ ကျွန်မတို့ သခင်မကြီးနဲ့ သခင်လေးတို့ရော ဘယ်မှာလဲ။ သူတို့ လော်မိသားစုအိမ်ကို သွားကြတယ် မဟုတ်ဘူးလား"
လီချန်ချဲ့သည် ရွှယ်နင်ကို ပွေ့ချီလျက် အဆောင်မကြီးအတွင်းသို့ ဝင်လာခဲ့ပြီး မည်သည့်ခံစားချက်မျှမရှိသော မျက်နှာထားဖြင့် အမိန့်ပေးလိုက်သည်။
"ရေနွေးသွားတည်ချေ၊ ဂျင်းပြုတ်ရည် ပြင်ဆင်ပြီးတော့ မီးသွေးမီးဖိုကို အဆင်သင့်လုပ်ထားလိုက်"
အစေခံမလေးများသည် ကောင်းစွာ လေ့ကျင့်ထားသူများဖြစ်ပြီး လီချန်ချဲ့အပေါ် နာခံမှုရှိကြတဲ့အတွက် သူတို့၏ အလုပ်များကို လုပ်ဆောင်ရန် အသီးသီး လူစုခွဲသွားကြတော့သည်။
လီချန်ချဲ့က သူမကို အောက်သို့ ညင်သာစွာ ချပေးလိုက်ပြီး သူမ၏ ခေါင်းပေါ်ရှိ နှင်းပွင့်များကို အသာလေး ခါထုတ်ပေးရင်း အဝတ်အစားနွေးနွေးထွေးထွေး အရင်လဲလှယ်ရန် ပြောလိုက်သည်။
ရွှယ်နင် နှုတ်ခမ်းလေး ဖွင့်ပြီးတော့တစ်စုံတစ်ခုကို ပြောချင်နေမိသော်လည်း မပြောရဲခဲ့ပေ။ သူမက ခေါင်းလေးငုံ့ကာ အတွင်းဆောင်ထဲသို့ ဝင်လာခဲ့တော့၏။
အတွင်းဆောင်နှင့် အပြင်ဆောင်ကို ကာရံတစ်ခုဖြင့် ပိုင်းခြားထားသည်။ သူမက သေတ္တာကို မွှေနှောက်ကာ ဘဲငန်းဝါရောင် အင်္ကျီတိုတစ်ထည်နှင့် အစိမ်းနုရောင် စကတ်ရှည်တစ်ထည်ကို ထုတ်ယူလိုက်သည်။
ဖြစ်နိုင်တာ စောစောက လော်ဝမ်ကျွင်းနှင့် စုကျန်းတို့ကြောင့် သူမ အရမ်းဒေါသထွက်ခဲ့ရတာကြောင့် အခု သူမ၏ ရင်ဘတ်ပေါ်မှ ဒဏ်ရာက ပြဲထွက်သွားသကဲ့သို့ စူးအောင့်ကာ နာကျင်လာခဲ့သည်။
သူမ ရင်ဘတ်ကို ဖိထားရင်း ဟန်ချက်ပျက်လုနီးပါး ဖြစ်သွားခဲ့ကာ ဖြူဖျော့သော မျက်နှာဖြင့် ဗီရိုကို မှီထားလိုက်ရ၏။
လီချန်ချဲ့သည် အတွင်းဆောင်မှ လှုပ်ရှားသံကို ကြားလိုက်ရသဖြင့် လှမ်းမေးသည်။
"အကူအညီ လိုသလား"
"မ... မလိုပါဘူး"
ရွှယ်နင် နှုတ်ခမ်းကို ကိုက်လိုက်ရင်း အတင်း မတ်တပ်ရပ်လိုက်သည်။ လက်မထပ်ရသေးတဲ့ မိန်းမပျိုလေးတစ်ဦးအနေဖြင့် ယောကျာ်းတစ်ယောက်ကို အဝတ်အစားလဲဖို့အတွက် ဘယ်လိုလုပ် အကူအညီတောင်းနိုင်ပါ့မလဲ။ အစေခံမလေးတစ်ယောက်ကို ခေါ်ရန် စဉ်းစားမိသော်လည်း နောက်ဆုံးတွင် စိတ်ကူးကို ဖျက်လိုက်သည်။
"ကျွန်မဘာသာ အဆင်ပြေပါတယ်"
မကြာမီမှာပင် အိပ်ဆောင်တစ်ခုလုံး နွေးထွေးမှုများဖြင့် ပြည့်နှက်သွားခဲ့သည်။
ရွှယ်နင် အဝတ်အစားလဲပြီးနောက် အတွင်းဆောင်မှ ထွက်လာခဲ့သည်။
လီချန်ချဲ့သည် သူ၏ ဝတ်ရုံကြီးကို ချွတ်ထားခဲ့ပြီဖြစ်ကာ နှင်းဆီသစ်သားကုလားထိုင်ပေါ်တွင် အပြာဖျော့ဖျော့ ဝတ်ရုံကို ဝတ်ဆင်ထားပြီး မတ်မတ်ထိုင်နေသည်။ သူ၏ အရှိန်အဝါက မြင့်မြတ်ပြီး အေးစက်တည်ငြိမ်ကာ လူကို ကြို့ထိုးစေနိုင်တဲ့ ဩဇာအရှိန်အဝါမျိုး ဖြာထွက်နေသည်။
သူက မျက်လုံးများကို ပင့်၍ သူမကို စိုက်ကြည့်လိုက်တဲ့အခါ ရွှယ်နင် ချက်ချင်းပင် စိတ်မသက်မသာ ဖြစ်သွားသည်။
အခုအချိန်မှာ သူက ထင်ရှားကျော်ကြားခြင်းမရှိသေးတဲ့ သခင်လေးလီပဲ ဖြစ်ပေမယ့်-
မကြာမီအချိန်အတွင်းမှာပင် သူလည်း စုကျန်းလိုမျိုး ရာထူးအဆင့်ဆင့် တိုးမြှင့်ခံရပြီး အာဏာများ ထက်မြက်လာလိမ့်မယ်။
နောင်တစ်ချိန်မှာ သူက တိုင်းပြည်ရဲ့ တရားစီရင်ရေးကို ကိုင်တွယ်ရမှာဖြစ်ပြီး ကြီးမားတဲ့ အာဏာကို ဆုပ်ကိုင်ထားပြီး စစ်တပ်ကို ကွပ်ကဲကာ အုပ်ချုပ်မည့်၊ လူအများ ရိုသေခန့်ညားရတဲ့ စစ်ဆေးရေးမှူးချုပ်လီ ဖြစ်လာလိမ့်မယ်။
သူမသည် လိုဟန်ကုတင်ပေါ်တွင် နေရခက်စွာ ထိုင်လိုက်ရင်း လီချန်ချဲ့က အစေခံမလေး၏ လက်ထဲမှ ဂျင်းပြုတ်ရည်ကို လှမ်းယူလိုက်တာကို မြင်တဲ့အခါ အလျင်အမြန် ပြောလိုက်သည်။
"သခင်လေးလီ... ကျွန်မဘာသာ သောက်ပါ့မယ်"
လီချန်ချဲ့က သူမကို ခပ်အေးအေးပင် တစ်ချက်ကြည့်လိုက်ပြီး ဂျင်းပြုတ်ရည်ကို ကမ်းပေးလိုက်၏။
ဂျင်းပြုတ်ရည်က အလွန်အမင်း မပူတော့တာကို မြင်ရသဖြင့် ရွှယ်နင် တစ်ကျိုက်တည်းဖြင့် ကုန်အောင် သောက်လိုက်ပြီး ပန်းကန်လုံးကို အစေခံမလေးထံ ပြန်ပေးလိုက်သည်။
အစေခံမလေးက အခြေအနေကို နားလည်တဲ့အတွက် ပန်းကန်လုံးကို ယူကာ လှည့်ထွက်သွားပြီး တံခါးကို အသာအယာ ပိတ်ပေးခဲ့သည်။
လီချန်ချဲ့က သူမကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
"မင်း ကိုယ့်ကို ပြောစရာ စကားရှိတယ်ဆို"
ရွှယ်နင် စကားလုံးတွေ ဆို့နင့်သွားတယ်။ စောစောက လော်မိသားစုအိမ်တော်မှာ စုကျန်းရဲ့ စကားတွေကြောင့် စိတ်လှုပ်ရှားပြီးတော့ သူမ အမှန်တကယ်ပဲ အဆင်အခြင်မဲ့စွာ ပြောဆိုမိခဲ့တာ။
အခု သေချာပြန်လည်တွေးတောမိသည့်အခါ ဘယ်နေရာကနေ စတင်ပြီးတော့ စကား,စရမှန်း သူမ အမှန်တကယ် မသိတော့ပေ။
သို့သော် လူအများကြီးရှေ့တွင် စကားကြီးစကားကျယ် ပြောခဲ့ပြီးပြီဖြစ်တာကြောင့် အခုမှ ကတိဖျက်ရင် စုကျန်းက သူမအား သူ့အာရုံကိုဆွဲဆောင်ရန် ပြဇာတ်ကပြနေခြင်းသာဖြစ်တယ်လို့ သေချာပေါက် ထပ်မံလှောင်ပြောင်လိမ့်မယ်။
သူမက သူ့ဆီကနေ ဝေးရာ ရုန်းထွက်နိုင်ဖို့အတွက် ကြိုးစားရင်း သိက္ခာနှင့် မျက်နှာပါ အကုန်ပြောင်လုနီးပါး ဖြစ်ခဲ့ရတာကို ကောင်းကင်ကြီးသာ အသိဆုံးပဲ။
အခု သူမက အရှက်တရားကို ဖယ်ခွာပြီး သခင်လေးလီအား သူမကို လက်ထပ်ပေးပါရန် အသနားခံရတော့မယ်။
"ဘာလို့ စကားမပြောတာလဲ"
ရွှယ်နင် နေရခက်စွာဖြင့် အပြုံးဖျော့ဖျော့လေး ပြုံးလိုက်ရင်း ထိုအမျိုးသား၏ ထူးကဲစွာ ချောမောသော မျက်နှာကို မော့ကြည့်လိုက်သည်။
သူက တကယ်ကို လှပလွန်းတယ်၊ အထူးသဖြင့် တစ်စုံတစ်ယောက်ကို စိုက်ကြည့်လာရင် ငြင်းပယ်ရန်ခက်ခဲတဲ့ တောက်ပသော မက်မွန်ပွင့်မျက်ဝန်းများပင်။
သူမက သူ့အကြည့်ကို ဂရုတစိုက်ဖြင့် ထပ်မံရှောင်လွှဲလိုက်ပြီး စိတ်လှုပ်ရှားစွာ တံတွေးမြိုချလိုက်သည်။
"အရင်တုန်းက ကျွန်မအပေါ် တာဝန်ယူမယ်လို့ ရှင်ပြောခဲ့တဲ့စကားက... အခုထိ အတည်ဖြစ်နေတုန်းပဲလား"
လီချန်ချဲ့က မျက်ခုံးတစ်ချက် ပင့်လိုက်သည်။
"ဟင်?"
သူမရဲ့ စိတ်ကူးပြောင်းလဲလွယ်မှုကို သူ လှောင်ပြောင်မှာ စိုးရိမ်သဖြင့် ရွှယ်နင် အရှက်တရားကြောင့် မျက်နှာလေး ရဲခနဲ ဖြစ်သွားသည်။
"ဟိုတစ်ခေါက် ကျွန်မ ဆေးမိတုန်းက ရထားလုံးထဲမှာ ရှင်နဲ့အတူ ရှိနေခဲ့တာလေ... အဲဒီတုန်းက ရှင် ကျွန်မရဲ့ အနမ်းခံလိုက်ရတယ် မဟုတ်လား..."
သူမ ထိုအကြောင်းကို ဆက်ပြောရန် အင်တင်တင် ဖြစ်နေမိပေမယ့် သူ့ဆီကနေ လက်ထပ်ခွင့် တောင်းဆိုရန် အခြားအကြောင်းပြချက်ကို အမှန်တကယ် ရှာမတွေ့တော့ပေ။
ဘာပဲဖြစ်ဖြစ် ထိုရမ္မက်ဆေးမိခဲ့တဲ့ အဖြစ်အပျက်တစ်ခုတည်းသာ သူတို့နှစ်ယောက်ကြား ပြောပလောက်တဲ့ ရင်းနှီးမှုမျိုး ဖြစ်ခဲ့ဖူးတာ မဟုတ်လား။
ထို့အပြင် လူကြီးမိဘများ မပါဝင်ဘဲ အမျိုးသားတစ်ဦးနှင့် သူမ၏ အိမ်ထောင်ရေးကိစ္စကို ပထမဆုံးအကြိမ် ဆွေးနွေးဖူးခြင်းဖြစ်တာကြောင့် သူမ အတော်လေး ရှက်ရွံ့နေမိသည်။
သူမ တိတ်ဆိတ်သွားတာကို မြင်တဲ့အခါ လီချန်ချဲ့က အားပေးသည်။
"ဆက်ပြောလေ"
ရွှယ်နင် "အာ..." ဟု တိုးညှင်းစွာ အာမေဍိတ်သံပြုရင်း ထိုအမျိုးသား၏ နက်ရှိုင်းသော မျက်ဝန်းများကို စိုက်ကြည့်လိုက်သည်။
သူက အလွန်အေးစက်တည်ငြိမ်နေပုံရပြီး သူမက သူ့ကို နမ်းခဲ့တဲ့ အဖြစ်အပျက်ကို ပြောနေသည့်တိုင် သူ၏မျက်နှာထက်တွင် အနည်းငယ်မျှပင် စိတ်လှုပ်ရှားသည့် အရိပ်အယောင် မရှိပေ။ ရွှယ်နင် သူမကိုယ်သူမ ရဲတင်းလွန်းနေတယ်လို့ ခံစားရတာကြောင့် အနည်းငယ် စိတ်ပျက်သွားမိသည်။
"ကျွန်မ ဘာဆက်ပြောရမလဲဟင်"
လီချန်ချဲ့က ပြန်ဖြေသည်။
"မင်း ကိုယ့်ကို တာဝန်ယူချင်တာ မဟုတ်ဘူးလား"
ရွှယ်နင် မှင်သက်သွားပြီး သူမ၏ ပါးပြင်နှစ်ဖက်ပေါ်မှာ ချက်ချင်းပင် နီမြန်းတဲ့ အကွက်များ ဖြစ်ပေါ်လာခဲ့သည်။
"ကျွန်မ—"
အတွင်းဆောင်မှ မထွက်လာမီကပင် သူမက စိတ်ပိုင်းဖြတ်ထားပြီးသား ဖြစ်၏—ဒီနေ့ ဘယ်လိုပဲဖြစ်ပါစေ လီချန်ချဲ့ သူမဘက်ပါအောင် ဆွဲဆောင်ရမယ်။
သူမကို ကိုယ်လုပ်တော်အဖြစ် သိမ်းပိုက်မယ့် စုကျန်း၏ အတွေးကို လုံးဝ စွန့်လွှတ်သွားစေရန်အတွက် သခင်လေးလီနှင့် ဟန်ဆောင်လင်မယားအဖြစ် အရင်ဆုံး တွဲဖက်ရန် သူမ လိုလားသည်။
သူမ လီမိသားစုထဲသို့ လက်ထပ်ဝင်ရောက်ပြီးနောက် စုကျန်းနှင့် မင်းသမီးရှို့နင်းတို့ လက်ထပ်ပြီးစီးသွားလျှင် လီချန်ချဲ့နှင့် ပြန်လည်ကွာရှင်းနိုင်သည်။
ဒီလိုတွေးမိတဲ့အခါ ရွှယ်နင်၏ ရင်ထဲတွင် မျှော်လင့်ချက်မီးတောက်များ ပြန်လည်တောက်လောင်လာခဲ့၏။
"ဒါဆို... သခင်လေးလီ၊ ကျွန်မ ရှင့်ကို တာဝန်ယူလို့ ရသေးတာပေါ့နော်"
သူမကို တွယ်ကပ်တတ်သူတစ်ဦးအဖြစ် သူ မြင်သွားပြီး ငြင်းပယ်မှာကို စိုးရိမ်သဖြင့် လိမ်လိမ်မာမာလေးဖြင့် ထပ်ဖြည့်ပြောလိုက်သည်။
"ရှင် ကျွန်မကို တွယ်ကပ်နေမှာ စိတ်ပူစရာမလိုပါဘူး။ ကျွန်မတို့ လက်ထပ်ပြီးရင် လူရှေ့မှာတော့ လင်မယားလို ဟန်ဆောင်ပြီး ကွယ်ရာမှာတော့ မောင်နှမလိုပဲ နေကြမယ်လေ။ စုကျန်းနဲ့ မင်းသမီးရှို့နင်းတို့ လက်ထပ်ပြီးတာနဲ့ ကျွန်မ ရှင့်ကို ကွာရှင်းပေးပါ့မယ်။ အဲဒီအချိန်ကျရင် ကျွန်မ ပြတ်ပြတ်သားသား ထွက်သွားမှာမလို့ ရှင့်ရဲ့ တရားဝင် ခင်ပွန်းနေရာကို ရှင့်ဆီပဲ ပြန်အပ်နှံပေးမှာပါ..."
လီချန်ချဲ့က သူ၏ နက်ရှိုင်းသော မျက်ဝန်းများကို ကျဉ်းမြောင်းလိုက်၏။
"ကွာရှင်းမယ် ဟုတ်လား"
သူမက ဒီလောက်အထိ အဝေးကြီး ကြိုတင်တွေးတောထားလိမ့်မယ်လို့ သူ လုံးဝ မထင်မှတ်ထားခဲ့ဘူး။
ရွှယ်နင်သည် စုကျန်းကဲ့သို့ပင် သူမ၏ ရဲတင်းလွန်းပြီး ဦးဆောင်လှုပ်ရှားမှုများကို သူ ရွံရှာမုန်းတီးသွားမှာကို စိုးရိမ်တာကြောင့် ပျာပျာသလဲဖြင့် ကတိပေးလိုက်သည်။
"စိတ်မပူပါနဲ့၊ ကျွန်မ ရှင့်ကို သေချာပေါက် ပြန်ကွာရှင်းပေးမှာပါ"
လီချန်ချဲ့၏ ရင်ထဲတွင် ခါးသက်မှုတစ်ချက် ဖြတ်သန်းသွားခဲ့ပြီး ခဏတာ တိတ်ဆိတ်သွားသည်။
ရွှယ်နင်လည်း သူမ၏ ယုတ္တိမရှိတဲ့ တောင်းဆိုချက်ကို ဘယ်သူမှ သဘောတူမှာမဟုတ်ဘူးဆိုတာ သိထားသည်။
အထူးသဖြင့် ဟယ်ကျန့်၏ ဂုဏ်သရေရှိ လီမိသားစုဆိုလျှင် ပို၍ပင်—ထိုမိသားစုက မြင့်မြတ်လွန်းသဖြင့် သူမ မီးအိမ်ထွန်းရှာလျှင်တောင် လက်ထပ်ခွင့်ရရန် မလွယ်ကူသည့် အသိုင်းအဝိုင်းမျိုး ဖြစ်သည်။
သူမက ဂုဏ်အဆင့်အတန်းချင်း မိုးနဲ့မြေလို ကွာခြားတဲ့ အသိုင်းအဝိုင်းထဲ တက်လှမ်းရန် ဘယ်တုန်းကမှ စိတ်မကူးခဲ့ဖူးချေ။ စုကျန်း၏ လက်ထဲကနေ အမြန်ဆုံး လွတ်မြောက်ချင်ရုံသာ ဖြစ်၏။ လီချန်ချဲ့နှင့် ကွာရှင်းပြီးနောက် နောက်အိမ်ထောင်ပြုဖြစ်တာ၊ မပြုဖြစ်တာက သူမအတွက် အရေးမကြီးတော့ပေ။
အာဏာများ မသက်ရောက်နိုင်တဲ့ ဝေးလံခေါင်ဖျားသည့် အရပ်တစ်ခုခုသို့ သွားရောက်ပြီး စီးပွားရေးအသေးစားလေးတစ်ခု လုပ်ကိုင်ရင်း ဘဝရဲ့ ကျန်ရှိတဲ့ အချိန်များကို အေးအေးချမ်းချမ်း ဖြတ်သန်းသွားချင်ရုံပဲ။
သူမသည် ခါးသက်စွာ တစ်ချက်ရယ်မောလိုက်ပြီး သက်ပြင်းခပ်ဖွဖွချကာ ဘာမှမဖြစ်ခဲ့သလိုမျိုး ဂရုမစိုက်ဟန်ဖြင့် ပြုံးပြလိုက်သည်။
"ကျွန်မ ဒီအတိုင်း အလွတ်သဘော ပြောကြည့်တာပါ... အကယ်၍ သခင်လေးလီ သဘောမတူဘူးဆိုရင်လည်း ထားလိုက်ပါတော့နော်... ကျွန်မ... ကျွန်မ တခြားနည်းလမ်း ရှာကြည့်ပါ့မယ်"
လီချန်ချဲ့၏ ပါးလွှာသော နှုတ်ခမ်းများ အနည်းငယ် ပွင့်ဟလာခဲ့သည်။
"မင်း စုကျန်းဆီက လွတ်မြောက်ဖို့အတွက်ပဲ ကိုယ့်ကို လက်ထပ်ချင်တာလား"
ရွှယ်နင် နှုတ်ခမ်းကို ကိုက်လိုက်မိသည်။
"ဟုတ်ပါတယ်"
အကြောင်းရင်းကို သူမ ကိုယ်တိုင်လည်း သေချာမသိပေမယ့် စုကျန်း ရှေ့မှာ ရှိနေချိန်ထက်စာလျှင် သခင်လေးလီ ရှေ့မှာ ရှိ နေရတာက သူမ ပိုစိတ်သက်သာရာရပြီး အပန်းပြေတယ်လို့ အမြဲ ခံစားရတယ်။
"ကျွန်မ သူ့ရဲ့ ကိုယ်လုပ်တော် မဖြစ်ချင်ဘူး"
လီချန်ချဲ့က ထပ်မံ မေးမြန်းလိုက်သည်။
"မင်း သူ့ကို မချစ်တော့ဘူးလား"
ရွှယ်နင် မှင်သက်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"မချစ်တော့ပါဘူး... လုံးဝ မချစ်တော့ဘူး"
လီချန်ချဲ့က ပြောသည်။
"ကောင်းပြီ၊ ကိုယ် သဘောတူတယ်"
ရွှယ်နင် စိတ်ပျက်လက်ပျက်ဖြင့် "အော်..." ဟု ညည်းတွားလိုက်မိသော်လည်း၊ ထို့နောက်မှ ထိုအမျိုးသား ပြောလိုက်သည့် စကားကို ရိပ်မိသွားကာ သူမ၏ မျက်ဝန်းများ ချက်ချင်း တောက်ပလာခဲ့သည်။
"ကျွန်မတို့ ဘယ်တော့ လက်ထပ်ကြမလဲဟင်"
သူမက နယ်စားမင်းအိမ်တော်နှင့် စုကျန်းဆီကနေ ရုန်းထွက်ဖို့အတွက် အလွန်အမင်း စိတ်လောနေမိသည်။
စုကျန်းက သူမကို အထင်သေးအမြင်သေးဖြင့် ငုံ့ကြည့်နေမယ့် အကြည့်များကို နောက်ထပ် တစ်စက္ကန့်တောင် သူမ ဆက်ပြီး သည်းမခံနိုင်တော့ဘူး။
သူမ သူမရဲ့ ခင်ပွန်းကို ပွေ့ဖက်ထားပြီး သူမ ရွှယ်နင်က ပြောလျှင်ပြောသည့်အတိုင်း လုပ်တတ်ကြောင်း—သူ့ကို ဘယ်တော့မှ လက်ထပ်မှာမဟုတ်ဘူးလို့ သစ္စာဆိုခဲ့လျှင် တကယ်ကို လက်ထပ်မှာမဟုတ်ဘူးဆိုတာ စုကျန်းကို သိစေချင်လှပြီ။
မိန်းမပျိုလေး၏ မျက်ဝန်းထဲမှ ကြည်လင်ပြတ်သားမှုများကို မြင်တွေ့ရသောအခါ လီချန်ချယ် ခပ်ဖျော့ဖျော့ ပြုံးလိုက်မိသည်။ သူ့ရင်ထဲမှာ ခါးသက်မှုများဖြင့် နာကျင်နေရပေမယ် သူ အသေအချာ နားလည်ထားတယ်—သူမက သူ့ကို မချစ်ဘူးလို့ ပြောခဲ့လျှင် တကယ်ပင် မချစ်တာ ဖြစ်သည်။
သူမရဲ့ နှလုံးသားထဲမှာ စုကျန်းရှိနေသေးရင်တောင် အရေးမကြီးတော့ဘူး။ သူမကို လက်ထပ်ခွင့်ရတာကပဲ ကောင်းကင်ဘုံက သူ့ကို ပေးသနားတဲ့ အကြီးမားဆုံး ကောင်းချီးမင်္ဂလာ ဖြစ်နေခဲ့ပြီ။ ကွာရှင်းမယ့် ကိစ္စကိုတော့ နောက်မှပဲ ဖြည်းဖြည်းချင်း ဆွေးနွေးကြသေးတာပေါ့။
သူမအပေါ် သူ ကောင်းကောင်းမွန်မွန် ဆက်ဆံနေသရွေ့ လင်မယားအကြား ခံစားချက်ဆိုတာ မွေးမြူ၍ မရနိုင်စရာ အကြောင်းမရှိပေ။
ဒီအိမ်ထောင်ရေးက သူကိုယ်တိုင် အောက်တန်းကျတဲ့ နည်းလမ်းတွေနဲ့ ကြိုးကိုင်ဖန်တီးပြီး လုယူခဲ့ရတာ ဖြစ်ပါစေဦးတော့—
သူမရဲ့ နှလုံးသားထဲကနေ စုကျန်းကို မောင်းထုတ်နိုင်ဖို့အတွက် သူ လုပ်နိုင်သမျှ အရာအားလုံးကို သုံးပြီးတော့ ကြိုးစားသွားမယ်။