အခန်း ၂၈၂၁
Vol. 283 Ch. 2821
အခန်း (၂၈၂၁) - အခု ငါတို့ ဘာဆက်လုပ်ကြမလဲ။
နယ်ပယ်အသီးသီးမှ ဝူရှန်းပေမြိန့် သူတော်စင်များကို အလစ်ဝင်တိုက်ခိုက်နေသည့် လူယုတ်မာအားလုံးမှာ လူ့လောက၏ ထိန်းချုပ်မှုအောက်တွင် ပထမဆုံးအဖြစ် ရောက်ရှိသွားကြသည်။
သူတို့၏ ထူးခြားသောစွမ်းရည်များမှာ ပျောက်ကွယ်သွားပြီး နည်းလမ်းများမှာလည်း အသုံးမဝင်တော့သည့်အတွက် အကြီးကဲငါးပါးတို့၏ လက်ချက်ဖြင့် ပြန်လည်သတ်ဖြတ်ခြင်း ခံလိုက်ရသည်။
ပြန်လည်သတ်ဖြတ်မှု ပြီးဆုံးသွားသည့်အခါ အကြီးကဲငါးပါးတို့မှာ ကြက်သီးထဖွယ် ခံစားလိုက်ရသည်။
မကြာလိုက်သော အချိန်လေးမှာပင် သူတို့သည် ထိုနေရာ၌ အသက်ပျောက်တော့မည့်အခြေအနေ ဖြစ်နေခဲ့သည်။
“တော်သေးတာပေါ့၊ တော်သေးတာပေါ့……”
ဖန်ရွှေမှာ စိတ်သက်သာရာ ရသွားဟန်ဖြင့် ပြောလိုက်သည်။
“ယဲ့ထျန်းဂူ၊ မင်းက လူကြီးဖြစ်ပြီး လူငယ်ကို အနိုင်ကျင့်တယ် ”
ဟေးကျားစခန်းမှ ဆန်းနယဲ့သူတော်စင်တို့၏ မျက်လုံးထဲတွင် မကျေမနပ်ဖြစ်မှုများဖြင့် ပြည့်နှက်နေသည်။
ဖန့်ချန်မှာမူ သူတို့ကို ဂရုစိုက်မနေဘဲ ကိုယ်တိုင် နယ်မြေတစ်ခုကို သတ်မှတ်ပေးလိုက်ပြီး ဟေးကျားစခန်းမှ ဆန်းနယဲ့သူတော်စင်များကို ဝူရှန်းပေမြိန့် သူတော်စင်များအတွက် ဓားသွေးကျောက်အဖြစ် အသုံးပြုစေသည်။
ထိုမြင်ကွင်းကြောင့် ဟေးကျားစခန်းမှ ဆန်းနယဲ့သူတော်စင်တို့မှာ ဝမ်းနည်းပူဆွေးလွန်းသဖြင့် သွေးပင် အန်ထွက်လုနီးပါး ဖြစ်သွားကြသည်။
ဝူရှန်းပေမြိန့်ဘက်မှ ဆန်းနယဲ့သူတော်စင်တို့မှာလည်း အသိဉာဏ်ရှိကြသဖြင့် စစ်မြေပြင်ကို အသာလေး ရွှေ့ပေးလိုက်ကြပြီး သူတို့ကို မနှောင့်ယှက်ကြပေ။
“အစ်မကြီး၊ဝမ်အိုကြီး ၊ ဒါက အခွင့်အရေးကောင်းပဲ။ ရှေးဟောင်းသူတော်စင်ဧကရာဇ်ရဲ့ သွေးတွေကို ပိုပြီးတော့ ရအောင်ယူထားကြ။”
ဖန့်ချန်၏ အသံသည် သူတို့နှစ်ဦး၏ နားထဲတွင် ပေါ်လာသည်။
တစ်ချိန်တည်းမှာပင် အကြီးကဲငါးပါးတို့လည်း ဖန့်ချန်၏ အဓိပ္ပာယ်ကို နားလည်သွားကြပြီး စိတ်ထဲတွင် လျှို့ဝှက်စွာဖြင့် စိတ်လှုပ်ရှားနေကြသည်။
……
……
အလွန်နက်ရှိုင်းပြီး တိုင်းတာ၍မရသော နေရာတစ်ခုတွင် ခမ်းနားသည့် နန်းတော်ကြီးတစ်ခု တည်ရှိနေသည်။
နန်းတော်အတွင်း၌ မီးခိုးရောင် မြူမှုန်များ ဖုံးလွှမ်းနေသည့် အရိပ်များ တစ်ခုပြီးတစ်ခု ထိုင်နေကြသည်။
ပတ်ပတ်လည်တွင်မူ အလားတူသော်လည်း ကွဲပြားခြားနားနေသည့် မြင်ကွင်းများ ပေါ်လာသည်။
မြင်ကွင်းထဲတွင် ဆန်းနယဲ့သူတော်စင်များ အသေသတ် တိုက်ခိုက်နေကြသည်။
မြင်ကွင်းတစ်ခုစီသည် နယ်မြေနှစ်ခုအကြား စစ်ပွဲကို ကိုယ်စားပြုနေသည်။
ဤနေရာ၌ ထိုမြင်ကွင်းများမှာ ရေတွက်၍မရအောင်ပင် ကြပ်ညပ်နေသည်။
“ဒီနှစ်ပိုင်းတွေမှာ ဆန်းနယဲ့စစ်မြေပြင်ကနေ ပေါ်ထွက်လာတဲ့သူတွေက တဖြည်းဖြည်း နည်းလာပြီ။”
အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
မီးခိုးရောင်မြူမှုန်များ ဖုံးလွှမ်းထားသော အရိပ်များသည် တစ်ပြိုင်နက်တည်း တစ်နေရာကို လှည့်ကြည့်လိုက်ကြသည်။
ခဏကြာပြီးနောက် သက်ကြီးရွယ်အိုတစ်ဦး၏ အသံက ထွက်ပေါ်လာသည်။
“ဒီနှစ်ပိုင်းတွေမှာ သွေးသစ်လောင်းမှု နည်းပါးသွားလို့ပါ။ ပြီးတော့ ရင့်ကျက်ပြီးသား သူတွေရဲ့ အခြေခံအင်အားတွေကလည်း နှစ်ပေါင်းများစွာအတွင်းမှာ အကုန်နီးပါး ကုန်ဆုံးသွားပြီ။”
“ဒါဆိုလည်း သွေးသစ်ရှာရမှာပေါ့၊ မဟုတ်ရင် အခုလို အခြေအနေမျိုးနဲ့ ငါတို့က ဘယ်လိုလုပ်ပြီး သူတော်စင်ဧကရာဇ် နန်းဆောင် ကို ပြန်တိုက်နိုင်မှာလဲ။”
ထိုအသံတွင် သံသယဝင်သည့် အရိပ်အယောင်များ ပါဝင်နေသည်။
သက်ကြီးရွယ်အို၏ အသံက တစ်ဖန် ပြန်ထွက်လာသည်။
“ဒီလိုကိစ္စမျိုးက အလျင်စလို လုပ်လို့မရဘူး၊ ငါတို့က သူတော်စင်ဧကရာဇ် နန်းဆောင် ကို ပြန်တိုက်ဖို့အတွက် အမြဲတမ်း ပြင်ဆင်မှုတွေ လုပ်နေတာပဲ။”
ခဏရပ်လိုက်ပြီးနောက်
“အရှင်၊ ဒီလောက်များပြားတဲ့ နယ်မြေတွေထဲက ဆန်းနယဲ့သူတော်စင်တွေထဲမှာ ကြေးဝါသူတော်စင်နန်းတော်ရဲ့ အမြင်မှာ အရည်အချင်းရှိတဲ့သူ တစ်ယောက်မှ မရှိဘူးလား။”
“မရှိဘူး၊ ငါ အကြာကြီး ကြည့်လိုက်တာ အားလုံးက အသုံးမကျတဲ့သူတွေပဲ။ သူတို့က ဘယ်လောက်တောင် ထူးချွန်နိုင်မှာမို့လို့လဲ။”
“ရှေးဟောင်းသူတော်စင်ဧကရာဇ်ရဲ့ သွေးကို သူတို့အပေါ်မှာ သုံးတာက တကယ့်ကို အလဟဿ ဖြုန်းတီးမှု့ပဲ”
“……”
“အရှင် စိတ်အေးအေးထားပါဦး၊ နောက်ထပ် စောင့်ကြည့်လိုက်ပါဦးမယ်။ ဖြစ်နိုင်တာက အခု ထူးချွန်တဲ့သူတွေ ရှိနေနိုင်ပေမယ့် ငါတို့ မတွေ့သေးတာလည်း ဖြစ်နိုင်တယ်။”
“ဒီပြိုင်ပွဲရဲ့ ရလဒ် ထွက်လာရင်တော့ ရှင်းသွားမှာပါ။ ဆန်းနယဲ့စစ်မြေပြင်ရဲ့ အခြေခံအင်အားနဲ့ဆိုရင် အရှင် ကြေးဝါသူတော်စင်နန်းတော်အတွက် ကိုယ်စားလှယ် (၁၀) ကျော်လောက်တော့ ရွေးချယ်နိုင်လိမ့်မယ်လို့ ငါယုံကြည်တယ်။”
“ဒါဆိုလည်း တစ်ကြိမ်လောက်တော့ ယုံကြည်ပေးလိုက်မယ်၊ နောက်ထပ် စောင့်ကြည့်လိုက်ဦးမယ်။”
……
……
ဝူရှန်းပေမြိန့်နှင့် ဟေးကျားစခန်းအကြား ပြိုင်ပွဲမှာ အမှန်တကယ်တော့ ပြီးဆုံးလုနီးပါး ဖြစ်နေပြီဖြစ်သည်။
လီတောက်ယဲ့တို့သည် မိမိတို့၏ လှုပ်ရှားမှုများကို ရပ်လိုက်ပြီး စစ်မြေပြင်တစ်ခုကို ဝိုင်းရံထားကြသည်။
စစ်မြေပြင်အတွင်း၌ ဝူရှန်းပေမြိန့် သူတော်စင်များနှင့် ဟေးကျား သူတော်စင်တို့ တိုက်ခိုက်နေကြသည့် မြင်ကွင်းဖြစ်သည်။
ဟေးကျားစခန်းမှ သူတော်စင် အများစုမှာ မသေဆုံးသေးသော်လည်း ယခုအခါတွင် မျက်နှာများမှာ သေလူကဲ့သို့ အရောင်ကင်းမဲ့နေပြီး ဘေးတွင် အကျဉ်းချခံထားရကာ အလှည့်ကို စောင့်နေကြသည်။
“ဒါက ယဲ့ထျန်းဂူက သူ့လက်အောက်က သူတော်စင်တွေကို စစ်သင်တန်းပေးနေတဲ့ ပုံစံပါလား……”
ထုံယိုဧကရာဇ်သည် ယခုအခါတွင် အရေးမပါသော လူငယ်လေးတစ်ယောက်ကဲ့သို့ အဝေးတွင် ရပ်နေရင်း လီတောက်ယဲ့ဘေးတွင် ရပ်နေသည့် ဖန့်ချန်ကို အဝေးကနေ ခိုးကြည့်နေရသည်။
သူနှင့် ကျန်သည့် ဘေးအန္တရာယ်ကြယ်များသည် ယခုအချိန်တွင် အလုပ်ရှုပ်ရာမှ ကင်းလွတ်သွားပြီး ဧကရာဇ် (၁၂) ပါး သတ်ဖြတ်ခံလိုက်ရသည့် မြင်ကွင်းကို အဆက်မပြတ် ပြန်လည်တွေးတောနေမိသည်။
တွေးလေ ပိုကြောက်လေပင်။ ထိုသူကို ကြောက်ရုံသာမက သူ၏ နောက်ကွယ်မှ အင်အားစုကိုပါ ကြောက်ရွံ့လာသည်။
ထိုသို့သော သူတော်စင်မျိုးကို မွေးထုတ်ပေးနိုင်သည့် အင်အားစု၏ အခြေခံအင်အားမှာ မည်မျှတောင် ကြောက်မက်ဖွယ်ကောင်းလိုက်မည်နည်း။
သို့သော်လည်း အဘယ်ကြောင့် ယခုမှ ဆန်းနယဲ့စစ်မြေပြင်သို့ ရောက်လာရသနည်း။
တစ်ဖက်လူမှာ ဘာများ စီစဉ်ထားသနည်း။
ဆန်းနယဲ့စစ်မြေပြင်ထဲတွင် အမဲလိုက်စရာ ရှာနေတာလား။
ပြင်ပကမ္ဘာတွင် အင်အားပြိုင်ဆိုင်ရန်အတွက်လား။
သို့မဟုတ် အခြားတစ်ခုခုလား။
သူတို့ မသိကြပေ။
သူတို့ သိသည်မှာကား ဝူရှန်းပေမြိန့်၏ နှစ်ပေါင်းများစွာရန်သူဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း အသာစီးရခဲ့သည့် ဟေးကျားစခန်းမှာ ဝက်မွေးမြူရေးခြံတစ်ခုအဖြစ် လုံးလုံးလျားလျား ကျရောက်သွားခြင်းပင် ဖြစ်သည်။
“အခု နှစ်ဖက်စလုံးရဲ့ ကိုယ်စားလှယ်တွေက ဒီထဲက အခြေအနေကို မမြင်ရဘူး။ ဒါပေမဲ့ ပြိုင်ပွဲပြီးသွားရင် ဒီထဲက မြင်ကွင်းတွေကို ကောင်းကင်မျက်နှာပြင်မှာ ပြန်ပြမှာပဲ……”
ထုံယိုဧကရာဇ်က ကျန်သည့် ဘေးအန္တရာယ်ကြယ်များကို စကားပြောလိုက်သည်။
“အဲဒီအခါကျရင် ဝူရှန်းပေမြိန့်ရဲ့ နံပါတ် (၁) သူတော်စင်က ပြောင်းလဲသွားတော့မှာ။
ငါတို့တွေ ကြိုတင်ပြီးတော့ ဘယ်လိုတုံ့ပြန်ရမလဲဆိုတာကို စဉ်းစားထားမှဖြစ်မယ်။
အရင်တုန်းက လီဖန်က ငါတို့ကို သိပ်ဂရုမစိုက်သလို သူ့ရဲ့စွမ်းအားကလည်း ငါ့ထက် နည်းနည်းပဲ သာတာမို့လို့ တစ်ယောက်နဲ့တစ်ယောက် မနှောင့်ယှက်ရင် ပဋိပက္ခ သိပ်မဖြစ်ခဲ့ဘူး။
ဒါပေမဲ့ အခု ငါတို့ ဘာဆက်လုပ်ကြမလဲ။”
ဘေးအန္တရာယ်ကြယ်တစ်ဦးက ထူးဆန်းသော အမူအရာဖြင့် ပြန်ပြောသည်။
“အရင်က အောက်မှာ ပြောတာ ကြားလိုက်တယ်။ ပေတို နတ်ဘုရားအင်ပါယာရဲ့ ယွမ်သခင်လေးက သူနဲ့ မိတ်ဆွေဖြစ်သွားပြီတဲ့။ အပြင်ထွက်ရင် သူ့ကို သွားမေးကြည့်လို့ ရမယ်ထင်တယ်။”
ခဏရပ်လိုက်ပြီး
“ထုံယို၊ မင်းကလွဲလို့ ငါတို့က သူ့ကို ဘာမှ မလုပ်မိပါဘူး၊ မင်းကိုယ်တိုင်ပဲ ဂရုစိုက်တော့။”
“မင်းတို့ ဘာပြောတာလဲ။”
ထုံယိုဧကရာဇ်သည် သူနှင့် ခွဲထွက်ရန် စီစဉ်နေကြသည့် ထိုဘေးအန္တရာယ်ကြယ်များကို ကြည့်ပြီး မယုံနိုင်စွာဖြင့် -
“ငါတို့အကြားက ခိုင်မြဲတဲ့ မိတ်ဆွေဖွဲ့မှုကြီးက ဒီလိုပဲ ပျက်စီးသွားတော့မှာလား။ မင်းတို့တွေက ”
“ယဲ့ထျန်းဂူ၊ မင်း သေချာပေါက် ကောင်းကောင်းသေရမှာ မဟုတ်ဘူး စွမ်းအားရှိရင် ငါတို့ကို တိုက်ရိုက်သတ်လိုက်စမ်း ဘာလို့ ဒီလောက်ထိတောင် အရှက်ခွဲနေတာလဲ ”
စီကုကျိ ကို သတ်ရန် ကြိုးစားရင်း ဖန့်ချန်၏ တားဆီးခြင်း ခံလိုက်ရသည့် ဟေးကျားစခန်းမှ ဆန်းနယဲ့သူတော်စင်တစ်ဦးက ဝမ်းနည်းစွာ အော်ဟစ်လိုက်သည်။
ထို့နောက် စီကုကျိ၏ တိုက်ခိုက်မှုတစ်ချက်ဖြင့် သတ်ဖြတ်ခံလိုက်ရသည်။
စီကုကျိက စိတ်ပျက်လက်ပျက်ဖြင့်
“ခုနက ငါပေါ့သွားလို့ပါ။ ထပ်တိုက်မယ်”
ဟေးကျားစခန်းမှ သူတော်စင်တို့သည် ထိုမြင်ကွင်းကို ကြည့်ပြီး မျက်လုံးထဲတွင် အားငယ်မှုများဖြင့် ပြည့်နှက်နေသည်။
ထုံယိုဧကရာဇ်လည်း ထို 'သူငယ်ချင်းကောင်း' များကို အပြစ်တင်ရန် စိတ်မပါတော့ဘဲ သွားကို တင်းတင်းစိပြီး ဖန့်ချန်ရှိရာသို့ တန်းမတ်စွာ လျှောက်သွားလိုက်သည်။
“ထုံယို၊ မင်း ဘာလုပ်မလို့လဲ။”
ကျန်သည့် ဘေးအန္တရာယ်ကြယ်များမှာ အနည်းငယ် ထိတ်လန့်သွားသည်။
“ငါ အဲဒီနားသွားပြီး အမှားဝန်ခံလိုက်တော့မယ်၊ မင်းတို့ကတော့ ကြိုက်တာလုပ်ကြတော့။”
ထုံယိုဧကရာဇ်သည် နောက်ကို ပြန်မလှည့်ဘဲ ဖန့်ချန်ဆီသို့ လျှောက်သွားလိုက်သည်။ သူ၏ ကျောပြင်မှာ အလွန်ပင် ခိုင်မာနေသည်။
သူ နီးကပ်လာသောအခါ ဖန့်ချန်နှင့် လီတောက်ယဲ့တို့မှာ စစ်ပွဲကို စကားပြောဆိုရင်း အကဲခတ်နေကြသည်။
ထုံယိုဧကရာဇ်သည် အကြိမ်ကြိမ် စကားစရန် ကြိုးစားသော်လည်း အခွင့်အရေး မရခဲ့ပေ။
ရုတ်တရက် ဖန့်ချန်သည် ထုံယိုဧကရာဇ်ကို လှည့်ကြည့်လိုက်သည်။
လီတောက်ယဲ့လည်း စကားရပ်သွားသည်။
ဖန့်ချန် - “မင်းမှာ ဘာကိစ္စရှိလို့လဲ။”
ထိုမြင်ကွင်းကြောင့် အကဲခတ်နေသည့် ဘေးအန္တရာယ်ကြယ်များမှာလည်း တင်းမာသွားပြီး အသက်ရှူမှားလောက်အောင် ကြည့်နေကြသည်။
“ယဲ့အစ်ကို၊ ကျွန်တော် ခုနက စကားအနည်းငယ် မှားယွင်းသွားလို့ပါ၊ ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်……”
ထုံယိုဧကရာဇ်က လက်ကိုပွတ်ရင်း ရယ်ကျဲကျဲဖြင့် ပြောလိုက်သည်။
“ခွင့်မလွှတ်ဘူး။”
ဖန့်ချန်က ပြောသည်။
“ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်”
ထုံယိုဧကရာဇ်မှာ အနည်းငယ် ဝမ်းသာသွားသည်။ တစ်ဖက်လူက ဒီလောက်နဲ့ပဲ ခွင့်လွှတ်ပေးလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သို့သော် သူသည် ချက်ချင်းပင် သဘောပေါက်သွားပြီး မျက်နှာမှာ တောင့်တင်းသွားသည်။
“ထုံယို၊ မင်းက တကယ့်ကို အခြေအနေမသိတဲ့သူပဲ။”
လီတောက်ယဲ့မှာ မျက်မှောင်ကြုတ်လျက် -
“အရင်က ကိစ္စတွေကို သေချာ မသိဘဲနဲ့ ဟိုဟိုဒီဒီ လျှောက်ပြောနေတာ၊ အခုမှ လာပြီး အမှားဝန်ခံနေတာလား။”
“အစ်ကိုလီ၊ ကျွန်တော့်အတွက် နည်းနည်းလောက် ပြောပေးပါဦး၊ ပြောပေးပါဦး။”
ထုံယိုဧကရာဇ်က တောင်းပန်စကား ဆိုသည်။
“တော်တော့။”
လီတောက်ယဲ့က အေးစက်စက်ဖြင့်
“အစ်ကိုကြီးလို့ တစ်ချက်လောက် ခေါ်လိုက်၊ သဘောထားကို မှန်မှန်ထားပြီး အမှားဝန်ခံလိုက်ရင် သခင်လေးက မင်းကို ခွင့်လွှတ်ကောင်း ခွင့်လွှတ်လိမ့်မယ်။
သူသာ ခွင့်မလွှတ်ဘူးဆိုရင်တော့ ငါပြောထားမယ်၊ မင်း အခုလို ဟိုဟိုဒီဒီ လျှောက်သွားနေနိုင်ပေမယ့်၊ ငါ့အမြင်မှာတော့ မင်းက သေပြီးသား လူတစ်ယောက်ပဲ။”
“.......”
ထုံယိုဧကရာဇ်မှာ တစ်ကိုယ်လုံး ရေခဲရေလောင်းချလိုက်သကဲ့သို့ ချမ်းတုန်သွားပြီး ဖန့်ချန်ကို လက်အုပ်ချီကာ အမြန် ဦးညွှတ်လိုက်သည်။
“အစ်ကိုကြီး ကျွန်တော် ခုနက အစ်ကိုကြီးကို မလေးမစား ပြောမိတဲ့အတွက် ခွင့်လွှတ်ပေးပါ၊ အစ်ကိုကြီး လက်ဖက်ရည်သောက်ဖို့အတွက် ကြယ်တာရာမျက်ရည် (၃) စက်ကို ပေးအပ်ပါရစေ ”